မောင်စွမ်းရည် ● မန်းတက္ကသိုလ် ကလောင်ရှင်များအသင်း

March 20, 2018

 
 မောင်စွမ်းရည် ● မန်းတက္ကသိုလ် ကလောင်ရှင်များအသင်း
(မိုးမခ) မတ်လ ၂၀၊ ၂၀၁၈

မန်းတက္ကသိုလ်ကို ကျွန်တော် ၁၉၅၆ ခုနှစ်မှာရောက်တယ်။ ကျွန်တော်နဲ့အတူ တစ်နှစ်တည်း တက္ကသိုလ်ရောက်သူများက တော့ မောင်မိုးသူ (အမည်ရင်း စိန်မြင့်)၊ ကြည်အောင် (အမည်ရင်း ကြည်လင်း)၊ ကသာဝင်းကြွယ် (အမည်ရင်း ခင်မောင်ဝင်း)၊ ဘင်လူခင် (အမည်ရင်းကိုသိန်းဟန်း)၊ ညွန့်အေးခ (အင်းဝ) – (အမည်ရင်း ကံညွန့်)၊ လေးမောင်(မြင်းခြံ)၊ မုံရွာစောလွင်၊ မန္တလေး- ပင်းယမွှေး (တင်မွှေးလှ)၊ အရိုင်း (ရွှေမန်းညာမြေ) – (အမည်ရင်း ခင်စုလှိုင်)၊ ရွှေဘိုတူးမာစတဲ့ စာပေသမားတွေဖြစ်ပါ တယ်။ စာပေသမားတွေချည်း ရွေးပြီးဖော်ပြလိုက်တာဖြစ်တဲ့အတွက် ကလောင်နာမည်နဲ့ အမည်ရင်းနှစ်ခုစီ ဖော်ပြရတာဖြစ်ပါ တယ်။ အားလုံး ၁၉၃၇ ခုနှစ် မွေးကြတာချည်းဖြစ်ပါတယ်။ ရှေ့နောက်ပဲကွာတာ ကျောင်းသားတွေက ၁၉၃၇ ခုမွေးကြတာ သေချာတယ်။ ကျောင်းသူတွေက မသေချာ။ သူတို့မွေးနှစ်ကိုမေးရင် မကြိုက်တတ်လို့ မမေးမိပါ။ အားလုံးဟာ စာပေကိစ္စနဲ့ ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်ကြသူတွေချည်းဖြစ်ပါတယ်။

အဲဒီကာလမှာ ကျွန်တော်တို့အရင်ရောက်နှင့်နေသူ ကျောင်းသားခေါင်းဆောင်၊ စာပေသမားတွေကတော့ မောင်သာနိုး၊ တက္ကသိုလ်ဝင်း စတဲ့ ကျောင်းသားကြီးများဖြစ်ကြပါတယ်။ သေချာတာက ၁၉၅၆ ခုနှစ်မှာ ”မန်းတက္ကသိုလ် ကလောင်ရှင် အသင်း” ဆို တာရှိနှင့်နေပါပြီ။ ကျွန်တော်တို့ရောက်တော့ မန်းတက္ကသိုလ်မှာ ကျော်ကြားတဲ့ တချို့ကလောင်ရှင်တွေက လည်း ထွက်သွားကြပါပြီ။ တက္ကသိုလ်နွယ်ထွဏ်း (ကိုထွန်းအံ့)၊ တက္ကသိုလ်မောင်ထွန်းဝေ (နောင်အခါရှေ့နေကြီးဦးထွန်းဝေ)၊ မောင်အောင်သျှန် (ကျူရှင်ဆရာ ဦးအောင်သျှန်)၊ မောင်ခေါက်စည် (မန်းတက္ကသိုလ်) (နောင်အခါ ခရစ်ယာန်သာသနာ ပိုင်ချုပ်ဖြစ်လာသူ-အင်ဒရူးမြဟန်)။ မောင်သာနိုးတို့က ကျောင်းထုတ်ခံရပြီးမှ ပြန်တက်ခွင့်ရကာပြန်လာကြသူတွေ။

မန်းတက္ကသိုလ်မဖြစ်ခင် ရန်ကုန်တက္ကသိုလ်ရဲ့လက်အောက် မန္တလေးကောလိပ်ဘဝမှာကတည်းက ကျောင်းသားဟောင်းကြီး တွေ ဇေယျာမောင် (ဆရာကြီးဦးကိုလေး)၊ အမျိုးသားစာပေ (ဝတ္ထု) ဆုရ ဒေါက်တာထွန်းရွှေ၊ တတ်ဘုန်းကြီးသိန်းဖေ၊ —-စတဲ့ ထိပ်တန်းစာရေးဆရာကြီးတွေ ထွန်းပေါက်ကျော်ကြား၊ ပေါ်ထွန်းခဲ့ပြီး သားပါ။

မန်းတက္ကသိုလ်ကလောင်ရှင်အသင်းဆိုတာကတော့ ကျွန်တော်တို့မရောက်ခင်ကတည်းက ရှိခဲ့ပြီးသားတဲ့။ စတင်တည် ထောင်သူတွေထဲကတည်းကတော့ အသေအချာကြားသိဖူးရဲ့။ တက္ကသိုလ်နွယ်ထွဏ်းတဲ့။ ကျွန်တော်တက္ကသိုလ်ရောက်စက တက္ကသိုလ်အဝင်ဝ၊ ဗောဓိကုန်းရပ်ထဲမှာ ခဏနေဖူးတယ်။ တက္ကသိုလ်နွယ်ထွဏ်းဆိုတာ အမည်ရင်းကိုထွန်းအံ့ဆိုထင်ပ။ သူက မြန်မာပညာရှိ ဆရာလင်းကြီးရဲ့မြေးတဲ့။ ဗောဓိကုန်းဇာတိ။ သူနေတဲ့အိမ်က ဆရာလင်းကြီးနေခဲ့တဲ့အိမ်ပဲ။ ကျွန်တော်တို့ မရောက်ခင် ရန်ကုန်တက္ကသိုလ်ပုံစံအတိုင်း တက္ကသိုလ်ကလောင်အသင်း (ကလောင်ရှင်—) နဲ့ မြန်မာ အသင်းကြီးဝန်တာရှိသတဲ့။ မြန်မာအသင်းဆိုတာ ”မြန်မာစာ” အသင်းမဟုတ်ဘူး။ မြန်မာလူမျိုးတွေရဲ့ အသင်းလို့ဆိုလိုတာနဲ့ တူပါတယ်။ ကျွန်တော်တက္ကသိုလ်ရောက်တဲ့ ပထမနှစ် (၁၉၅၆) ခုနှစ်မှာ တနှစ်မီလိုက်ပါတယ်။ မြန်မာစာ ပါမောက္ခဥက္ကဋ္ဌ၊ မြန်မာစာကျောင်းသားက အတွင်းရေးမှူး။ အဲဒီနှစ်က အတွင်းရေးမှူးက မုံရွာက ကိုဇော်မြင့်တဲ့။ သလ္လာမောင်သင်းရီဆိုလား ကလောင်အမည်နဲ့ ကဗျာတွေရေးနေသတဲ့။ သူက ဒေါင်း နွယ်ဆွေရဲ့’တပည့်’ လို့လဲပြောရဲ့။ သူနဲ့တွဲတဲ့ မုံရွာစောလွင်ကလည်း ရန်ကုန်မှာနေဖူးပြီး တိုင်းရင်းစာပေမှာ ကဗျာရေးဖူးတဲ့။ သူလည်း ဒေါင်းနွယ်ဆွေရဲ့တပည့်ပေါ့။ တိုင်းရင်းမေနဲ့ ရှုမဂိုဏ်းတဲ့။ ဒီလိုဂိုဏ်းတွေအကြောင်း ကျွန်တော်က သေချာမသိဘူး။ နောက်နှစ် ၁၉၅၇ – ၅၈ မှာ မြန်မာစာဂုဏ်ထူးနဲ့ရောက်လာတဲ့ ကျောင်းသားသစ်နှစ်ဦး၊ မုံရွာက မောင်သိန်းနိုင် (ဂုဏ်ထူးသိန်းနိုင်) နဲ့ ရေစကြိုက မောင်ဘဂျမ်း (တင်မိုး) တို့ပြောပြမှ သိရ တော့တာ။ တင်မိုးက အဲဒါတွေသိတယ်။

ရေစကြိုက မောင်ဘဂျမ်းရဲ့ကလောင်အမည်က ကန်မြဲ နန်းမြင့်နွယ်တဲ့။ လူထုဂျာနယ်မှာ ကဗျာတွေရေးနေသူတဲ့။ သူက ရေစ ကြိုက ၁ဝ တန်းအောင်ပေမဲ့ မြင်းခြံကဆိုကိုး။ ဒါ့ကြောင့် မြင်းခြံကလာတယ်ဆိုတဲ့ ကျွန်တော့်ကို မြင်းခြံခရိုင် အသင်း ဖွဲ့တော့ ဆုံမိကြတာ။ သူက ကန်မြဲဇဂျမ်းရာဇာတိတဲ့။ တောင်သာမြို့နယ်ကပေါ့။ တောင်သာက မြင်းခြံခရိုင်ထဲက မြို့နယ်ပါ။ သူရောက်တဲ့နှစ်မှာ အရင်နှစ် (၁၉၅၆) ခုနှစ် မန်းတက္ကသိုလ်နှစ်လည်မဂ္ဂဇင်းက ထွက်လာပြီ။ အဲဒီမဂ္ဂဇင်းမှာ ကျွန်တော်က မောင်ဝင်းဖေ (မြင်းခြံ) အမည်နဲ့ ကဗျာတစ်ပုဒ်ပါလို့ သူက ကျွန်တော့်ကို စိတ်ဝင်စားကာ သူက ကျွန်တော်နဲ့ မိတ်ဆက်ပြီးစမှာပဲ မေးခွန်းနှစ်ခုမေးတယ်။ ဇော်ဂျီနဲ့ မင်းသုဝဏ် ဘယ်သူ့ကြိုက်သလဲ။ ဒဂုန်တာရာနဲ့ ဒေါင်းနွယ် ဆွေ ဘယ်သူ့ကြိုက်သလဲတဲ့။ ကျွန်တော်က မင်းသုဝဏ်ကြိုက် တယ်။ ဒဂုန်တာရာကကြိုက်တယ်လို့ ဖြေတယ်။ တခြားစာပေသမားတွေကိုလည်း သူက ဒီမေးခွန်းတွေကိုပဲ မေးတယ်။ တစ်နေ့တော့ ကိုဇော်မြင့် (နောင်-ဇော်ဇော်အောင်ဖြစ်လာသူ) နဲ့ မုံရွာစောလွင်တို့ဟာ ‘အလံနီ’ တွေလို့ သူကပဲ အမှတ်မထင်ပြောလိုက်တယ်။ ကိုဇော်မြင့်က ကျွန်တော့်ကို မြင်းခြံအလံနီကျောင်းသားတွေ နာမည် မေးတာကို သတိရမိလိုက်တယ်။ ကျွန်တော်ရောက်စနှစ်က တကသဥက္ကဋ္ဌက မြင်းခြံ ကိုမျိုးညွန့်နောင်၊ ဒုဥက္ကဋ္ဌက မိတ္ထီလာ ကိုကျော်စိုး။ သူတို့ကို ရင်းနှီးသလားလို့ မေးခဲ့တာကို သတိရတယ်။ သူတို့ဟာ ခင်ဗျားကို မြင်းခြံကအလံနီတွေလို့ ပြောတာ လည်း အမှတ်မထင် မှတ်သားလိုက်ရဖူးတယ်။ ကန်မြဲဇဂျမ်းက ‘တောသားကြီး’ ဆိုသူက သူ့အရင်ရောက်နှင့်သူတွေထက် သိတာတွေများတယ်။ တက္ကသိုလ်နဲ့ ပြင်ပနိုင်ငံရေးက တစပ်တည်းပါလား။ ဒီလိုနဲ့တက္ကသိုလ်မှာ ပြင်ပနိုင်ငံရေးပါတီတွေရဲ့ အကွဲအပြဲဂယက်တွေ ရိုက်ခက်နေတယ်ဆိုတာသိလာရပြီး တင်မိုးရယ်၊ မောင်သိန်းနိုင်၊ မောင်စွမ်းရည်ရယ်သုံးဦးဟာ ဘယ် နိုင်ငံရေးအဖွဲ့အစည်းနဲ့မှမပတ်သက်ဘဲ နေလာခဲ့တယ်။ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ်လာသည်အထိပေါ့)။

ကျွန်တော်တို့သုံးယောက်တွဲမိတော့ ကလောင်ရှင်အသင်း အလုပ်တွေပိုပြီးလုပ်ဖြစ်လာတယ်။ ကျောင်းသားသမဂ္ဂ ရွေး ကောက်ပွဲလုပ်ရင်တော့ ကျောင်းသားညီညွတ်ရေးတပ်ဦး  (Student United Front) ကို ကူညီတယ်။ ‘တပ်ဦး’ လို့ အတို ကောက်ခေါ်တယ်။ S.U.F ဆပ်ဖ်လို့လည်း အတိုကောက်ခေါ်တယ်။ ကျန်အဖွဲ့က D.S.O တဲ့။  Democratis Student Organization ကို အတိုကောက်ခေါ်တာ။ အဲဒါကို ဖဆပလအစိုးရဆိုရှယ်လစ်ပါတီက တိုက်ရိုက်ကူညီအားပေးတယ်။ မန္တလေးကိုတော့ မန္တလေးသား ဝန်ကြီး ဗိုလ်ခင်မောင်လေးက လာရောက်ပြီး D.S.O တွေကို စီမံခန့်ခွဲတတ်သတဲ့။ တကသနဲ့ ကလောင်ရှင်အသင်းသာမက ခရိုင်အသင်း၊ မြို့နယ်အသင်း၊ ကျောင်းသားဟောင်းအသင်းလိုဟာမျိုးတွေမှာပဲ ”တပ်ဦး” ကျောင်းသားတွေကပဲ အုပ်စီးထားနိုင်တာ များပါတယ်။ အများအားဖြင့် ခရစ်ယာန်သာသနာပြု ကျောင်းသား၊ ကျောင်းသူ ဟောင်းတွေဟာ ဒီအက်စ်ဆိုတွေများတယ်လို့ ယူဆကြပါတယ်။ ဒါပေမဲ့ အင်ဒရူးမြဲဟန် (မောင်ပေါက်စည်) မောင်ဖိုးသူ၊ တက္ကသိုလ်မောင်စောလွင်စတဲ့ တကသ တပ်ဦးခေါင်းဆောင်တွေဟာ ခရစ်ယာန်သာသနာပြုကျောင်းထွက်တွေချည်းပါပဲ။ သူတို့ဟာ ကလောင်ရှင်အသင်းမှာပဲ ဥက္ကဋ္ဌအတွင်းရေးမှူး စသည် တာဝန်ယူကြသူတွေဖြစ်လာပါတယ်။ ဒါလည်း ထူးခြား ချက်တစ်မျိုးပါပဲ။

ကျွန်တော်သိမီလိုက်တာက ကလောင်ရှင်အသင်းဥက္ကဋ္ဌ တက္ကသိုလ်ဝင်း (အမည်ရင်း ကိုဝင်းမောင်၊ လူထုသတင်းစာ-စာ ရေးဆရာ)။ ဒုတိယဥက္ကဋ္ဌက ကိုဘဂျမ်း တင်မိုးခေါ် လူထုဂျာနယ် ကဗျာဆရာ ကန်မြဲ နန်းမြင့်နွယ်) အတွင်းရေးမှူးက မောင် သိန်းနိုင်၊ အမှုဆောင်ထဲမှာတော့ မောင်လူခင် (ကိုသိန်းဟန်) မောင်သီဟ၊ ရွှေဘိုတူးမာ၊ စစ်ကိုင်းက ကျော်ရွှေမောင်မောင် တို့လည်း ပါတယ်ထင်ပါတယ်။ နံရံကပ်စာစောင်တစ်ခုကိုဦးစီးတဲ့ ဥသျှာ (အမည်ရင်း ကိုခင်မောင်) ဆိုတာ မန္တလေးသား စစ်စစ်ပါ။ သူက ဇော်မြင့် (ဇော်ဇော်အောင်) တို့အဖွဲ့ကဆိုတော့ တက္ကသိုလ်ဝင်း ကိုမောင်သာနိုး၊ မောင်မိုးသူတို့အဖွဲ့က လူတွေဦးစီးတဲ့ ကလောင်ရှင်အသင်းကို မပူးပေါင်းဘဲ သီးခြားနေပါတယ်။ ရန်ကုန်ပြောင်းသွားတဲ့ ဇော်ဇော်အောင်တို့ ‘ရဲ ဘော်’ တဲ့။

ကလောင်ရှင်အသင်းဟာ မောင်သိန်းနိုင်နဲ့တင်မိုးတို့ပါလာတဲ့ ၁၉၅၇ – ၅၈ မှာ ပိုပြီးလှုပ်ရှားလာပါတယ်။ အဲဒီနှစ်မှာပဲ တက္က သိုလ်ထဲရှိ ပင်မကျောင်းတိုက်ကြီးနဲ့ ရာဇဝင်ခန်းမကြား မြေကွက်လပ်မှာ သဲဖြူခင်း၊ ရာဇမတ်ကာ၊ ငှက်ပျောပင်တွေစိုက်ပြီး မြို့တွင်းက သက်ကြီးစာဆိုများ ကန်တော့ပွဲကို စတင်ကျင်းပတယ်။ အမာစိန်အငြိမ့်နဲ့လည်း ဧည့်ခံပါတယ်။ အရင်က တက္ကသိုလ်မှာ တွင်ကျယ်ခဲ့တာ ‘ရွှေမန်းရီ’ ပါ။ ခုပွဲကစပြီး အမာစိန်၊ နွဲ့နွဲ့စန်းတို့ကိုပဲ တလှည့် စီငှားခဲ့ကြပါတယ်။ ရွှေမန်းရီ လည်း ဗိုလ်မှူးတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး ဆက်မကတော့ဘူး။

နောက်တစ်နှစ်မှာ မောင်ဘဂျမ်းနဲ့ မောင်သိန်းနိုင်တို့ ဘယ်သူဥက္ကဋ္ဌ၊ ဘယ်သူအတွင်းရေးမှူးပဲ မမှတ်မိတော့ဘူး။ သူတို့ တာဝန်ယူတဲ့နှစ်မှာ တက္ကသိုလ်ကလောင်ရှင်အသင်းက စာစောင်စာအုပ်တွေထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဘာစာမူမှ အသင့်မရှိလို့ ကိုဘဂျမ်းရဲ့ကဗျာတွေစုပြီး စာအုပ်ထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူရေးခဲ့တဲ့ လူထုဂျာနယ်ထဲက ကဗျာတွေစု လိုက်ရင် စာအုပ်ဖြစ်နိုင်တယ်ဆိုပြီး သူနဲ့ကြည်အောင်နဲ့ လူထုဂျာနယ်အဟောင်းတွေကို လိုက်ရှာခဲ့ကြတယ်။ စာအုပ်တစ်အုပ် စာရတယ်။ ကလောင်နာမည်ဟောင်း ကန်မြဲနန်းမြင့်နွယ်ဆိုတာ ဘုန်းကြီးလိုလို၊ အမျိုးသမီးလိုလို ထင်ရတယ်လို့ သူများပြော တာကြောင့် နာမည်ပြောင်းချင်သတဲ့။ ကျုပ်ကကြောက်တတ်လို့ အောင်သတ္တိလို့ နာမည်ပြောင်းချင်တယ်” လို့ ကိုဘဂျမ်းက ဆိုတယ်။ ကိုသိန်းနိုင်က ”သတ္တိ” ဆိုတာ ပါဠိစကားကြီး။ ဗမာလို ‘စွမ်းရည်’ လို့ ပြောင်းဖို့ အကြံပေးတာကို ကြိုက်သွားတယ်။ ဒါပေမဲ့ ဘေးနားက ငွေတာရီမဂ္ဂဇင်းများထင်ပါရဲ့။ ”ထိပ်မယ်တင်မိုး၊ ငါရှိခိုးသည်။ မိုးသို့ကိုဉာဏ်ကျယ်ဝယ်သောဆိုတဲ့ စာ တို စစကလေးကို တွေ့လိုက်တော့” ဟေ့ကောင်ကြီး ‘တင်မိုး’ တို့ယူလိုက်ပြီ။ ”စွမ်းရည်” ဆိုတာ မင့်ယူ ရော့လို့ကိုသိန်းနိုင်ကို ပြန်ပေးလိုက်တယ်။ ဆရာနိုင်က ‘တက္ကသိုလ်မောင်သိန်းနိုင်’၊ ‘အရက်ဖိုမောင်ယိမ်းယိုင်’ နာမည်တွေနဲ့ငါက ‘အက်စ်တာ့ ဘလစ်’ ဖြစ်နေပြီ သူ့ပေးလိုက်’ ဆိုပြီး မောင်ဝင်းဖေ (မြင်းခြံ) ကို ပေးလိုက်တာနဲ့ မောင်ဝင်းဖေက ‘မောင်စွမ်းရည်’ ဖြစ်သွားပြီး အစွမ်းတွေ ပြပါလေရော။

ကိုဘဂျမ်းက တင်မိုးကလောင်နာမည်နဲ့ ‘ဖလ်မီးအိမ်’ ကဗျာစာအုပ်ကို ရိုက်တယ်။ အဖုံးကို မောင်စွမ်းရည်နဲ့ သူငယ်၊ မန္တလေး အထက (၁) ကျောင်းသားဟောင်း မတ္တရာစိန်မောင်ရဲ့ ပန်းချီလက်ရာနဲ့ ဖုံးတယ်။ မောင်သိန်းနိုင်မလိုက်ရဲလို့ မောင် ဘဂျမ်းက သူကြီးသားဝင်းဖေကိုခေါ်ပြီး မြန်မာစာပါမောက္ခ (ဆရာကြီးဦးချမ်းမြ) ဆီကို အမှာစာသွားတောင်းတယ်။ ကျောင်းသားတွေရဲ့စာအုပ်ကို ပါမောက္ခက အမှာရေးပေးလို့ မသင့်ဘူး။ မင့်စာအုပ်က စပ်နည်းလည်း မစုံဘူး။ တကျပ်ခွဲ ဆိုတဲ့ရောင်းဈေးက များတယ်။ ငါးမူးနဲ့ရောင်း။ စပ်နည်းစုံအောင်ထပ်ရေးလို့ ပြောလိုက်တယ်။ ဒါနဲ့ အမှာစာကို မောင်ဝင်းဖေပဲ ရန်ကုန်ဆင်းပြီး ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာဒဂုန်တာရာတို့ဆီသွားတောင်းချေလို့ တာဝန်ပေးလိုက်ကြပြန်တယ်။ ဆရာဇော်၊ ဆရာမင်းသုဝဏ်တို့က ကဗျာတွေကို ချီးကျူးအားပေးလိုက်တယ်။ သူတို့က စာပေဗိမာန်ကဗျာဆုရွေးတဲ့အဖွဲ့မှာ ပါနေလို့တဲ့။ အမှာစာမပေးလိုက်ပဲ ချီးကျူးစာပေးလိုက်တာကိုး။ အားတက်ဝမ်းသာကြတယ်။ တင်မိုးက ‘စပ်နည်း’ စုံအောင် ထပ်ဖြည့်သည်။ ဈေးနှုန်းကို တကျပ်ခွဲကနေ နှစ်ကျပ်လိုပြင်လိုက်တယ်။ သူ့ကဗျာတွေပြင်စပ်ထားတာကို သူ့သူပင်ချင်းတစ် ယောက်က ဝင်ပြင်တယ်။ ‘ဖေဖေရဲ့လက်ဆောင်၊ ဓားရောင်နဲ့ဖွေး’ စသဖြင့် ရေးထားစတာကို ”ဖေဖေရဲ့လက်ဆောင်၊ ပေါင်ခြံကဝှေး” လို့ ဝင်ပြင်သတဲ့။ ဒါနဲ့တင်မိုးက သူကဗျာဖျက်တဲ့ကောင်ကို ‘ကဗျာကိုထိ၊ ဓားကြည့်’ ဆိုပြီး ဓားနဲ့လိုက်သတဲ့။ ကံကောင်းလို့မသေ၊ ကြံချောင်းတို့အဖေ။ သူ့ကဗျာဖျက်တဲ့ကောင် ဘယ်သူလဲဆိုတာသိချင်ရင် မောင်သိန်းနိုင်ကို မောင်ဝင်း ဖေတို့သာ မေးကြည့်ပေတော့။ အတိုချုပ်ကတော့ ‘ဖလပ်မီးအိမ်’ ဆိုတဲ့ ကဗျာစာအုပ်ကလေးက မန်းတက္ကသိုလ်ကလောင်ရှင် အသင်းစာစဉ် (၁) ဟာ ပထမဆုံးစာပေဗိမာန်ကဗျာဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။

တင်မိုးပြီးတော့ ကြည်အောင်၊ မောင်စွမ်းရည်၊ ကိုလေး (အင်းဝဂုဏ်ရည်)၊ ဆုတင်ပြင်ချစ်လေး၊ မောင်သန်းဌေးတို့ဆက် ပြီး ကဗျာဆုတွေရကြလေသတည်း။ မောင်သန်းဌေးက ကလေးကဗျာပထမဆု။ သူညီက ဒုတိယဆုထင်ပါရဲ့။ တင်မိုးလည်း ကလေး ကဗျာဆု နှစ်ခါတောင်ထင်ပါရဲ့ ရလိုက်တယ်။ အဲဒါကို အားကျတဲ့ သိန်းသန်းထွန်းက ”မင့်လိုကလေးကဗျာတော့ ငါလည်းစပ်တတ်တာပေါ့” ဆိုပြီး ထစပ်တယ်။ စာအုပ်ထုတ်ပေးပါလို့ တင်မိုးရဲ့ဖန်မီး အိမ်စာအုပ်တိုက်ကို အပ်တယ်။ တင်မိုး ကလည်း ထုတ်ပေးလိုက်တယ်။ အဲဒီတုန်းက သိန်းသန်းထွန်းဟာ အိမ်ထောင်လည်းမရှိ၊ ကလေးလည်းမရှိသေးတော့ တင်မိုးလို ‘ဖခင်ခံစားမှု’ ရှိသေးဟန်မတူဘူး။ တင်မိုးရဲ့ဖခင်စိတ်ကူး၊ ဖခင်ခံစားမှုနဲ့ တင်မိုးရဲ့မြန်မာ ဘာသာစကားကြွယ်ဝနိုင် နင်းမှုကို ခံစားရင် တခြားလူဝင်လို့ ဘယ်ရမှာလဲ သိန်းသန်းထွန်းရဲ့။

တင်မိုးရဲ့’ဖလ်မီးအိမ်’ (မူလစာလုံးပေါင်းက’ဖလ်’ ဖြစ်ပါတယ်) ဆုရတော့ ရန်ကုန်က ကဗျာဆရာတချို့က မကျေနပ်ချင်ဘူး။ တင်မိုးဆိုတာ စာပေလောကမှ တစ်ခါမှမကြားဖူးဘူး။ ပြီးတော့ သူက ”ကျောင်းသား” တဲ့။ ရန်ကုန်ကဗျာဆရာ တင်ဦးတို့လို ဆုပေးရေးအဖွဲ့မှာပါတဲ့ ဆရာဇော်ဂျီက ထမင်းဖိတ်ကျွေးပြီး ရှင်းပြသတဲ့။ ”မြန်မာစာပေဆိုတာ အညာကဖြစ်ပေါ်လာတာ။ အညာက ကျောင်းသားတွေက မြန်မာစာပေကိုလေ့လာရင် ခက်ဆစ်ထုတ်စရာမလိုဘဲ နားလည်ကြတယ်။ အောက်မြေ အောက်ရွာ၊ မြစ်ကျွန်းပေါ်မှာ အင်္ဂလိပ်ခေတ်ရောက်သည်အထိ ဗမာတွေသိပ်မရှိသေးဘူး။ ကုလားတွေကို အင်္ဂလိပ်ကခေါ် လာပြီး စပါးစိုက်ခိုင်းတာ။ ၊ ကရင်ရှိတာလည်း သူတို့စာနဲ့ သူတို့နေကြတာ။ ကဗျာစပ်တယ်ဆိုတာ စိတ်ကူးကောင်းရုံနဲ့ မပြီးဘူး။ ဘာသာစကားကြွယ်ဝနိုင်နင်းရတယ်။ မြန်မာစိတ်ကူးကောင်းပုံချင်းတူရင် ဘာသာစကား ကြွယ်ဝနိုင်နင်းသူက အ သာစီးရမယ်။ တင်မိုးက မြန်မာစကား ကြွယ်ဝနိုင်နင်းတယ်လို့ ရှင်းပြတဲ့အပြင် နောက်ထပ်လည်း မန္တလေးတက္ကသိုလ်၊ ကျောင်းသားလေးတွေက သူတို့ကဗျာစာအုပ်ကလေး တွေ ဆက်ထုတ်မယ်လို့ ကြော်ငြာထားတယ်။ သူတို့ဆက်ထုတ်ရင် သူတို့ပဲဆက်ပြီး ဆုရကြတုန်းမှာလို့ ရှင်းပြလိုက်သတဲ့။ ပြောတဲ့ အတိုင်းပါပဲ တင်မိုးအပါအဝင်  ခြောက်ယောက် ဆက်တိုက် ဆု တွေရခဲ့ကြပါတယ်။ စကားပြေဘက်ကလည်း ဂျူး၊ မဝင့်မြစ်ငယ်၊ နုနုရည် (အင်းဝ)၊ မကို၊ ဝင်းဝင်းမြင့် (နန်းတော်ရှေ့)၊ မေမောင်၊ မြို့သာမရာထိ စတဲ့ အမျိုးသမီးကလောင်ရှင်တွေ လက်စွမ်းထက်ကြသူတွေချည်းပါပဲ။ အစုလိုက်အပြုံလိုက် ထွက်ပေါ်လာကြတာ မန်းတက္ကသိုလ်ကချည်းပဲမဟုတ်လား။ ကျောင်းသားတွေချည်း ထွက်ပေါ်လာကြတုန်းကလည်း ဒါဇင် ဝက်လောက်ပဲ။ ကျောင်းသူတွေချည်းထွက်ပေါ်လာပြန်တော့လည်း ဒါဇင်ဝက်လောက်ပဲ။

‘ခေတ်စမ်းအလံ’ ဆိုပြီး ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားကလောင်ရှင်တွေ ထွက်ပေါ်လာကြတုန်းကလည်း အစုလိုက် အပြုံလိုက်ပဲ။ ဇော်ဂျီ၊ မင်းသုဝဏ်၊ သိပ္ပံမောင်ဝ၊ တက္ကသိုလ်မောင်သန့် စင်၊ မြကေရေ၊ ကုသ။ ထူးခြားတာက သူတို့အားလုံးဟာ စာမျိုးစုံ ရေးကြတယ်။ ဝတ္ထု၊ ကဗျာ၊ ပြဇာတ်။ သူတို့ဆရာ ဦးဖေမောင်တင်က ဝတ္ထုတို (ခေတ်စမ်းပုံပြင်များ) နှစ်အုပ်နဲ့ ခေတ် စမ်းကဗျာတစ်အုပ်ထုတ်ပေးခဲ့တယ်။ သူတို့အားလုံး ဝတ္ထုတိုလည်း ရေးတယ်။ ကဗျာလည်း ရေးကြတယ်။ ပြဇာတ်လည်း ရေးကြတယ်။ အစုံရေးကြတာ။ အမျိုးသမီးတစ်ဦးပဲပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးရှာတယ်။ စာလည်း များများရေး မသွားခဲ့ရရှာပါဘူး။ ခင်စောမူတဲ့။ တကယ်ပါရမီရှင် မို့နမျောစရာ။

မန္တလေးတက္ကသိုလ်က ကျောင်းသားတွေချည်းအစုလိုက်ရေးကြတော့လည်း ကဗျာချည်းပဲ။ နောက်တစ်ခုပေါ်ကပြန်တော့ ကျောင်းသူတွေချည်းအရလိုက်ရေးကြတာက ဝတ္ထုတွေချည်း၊ ဝတ္ထုတောင် အရှည်တွေချည်း၊ အနောက်မှ အတိုလေးတွေရေး ကြတာထင်တယ်။ သေချာတာက ဝတ္ထုတိုရှည်နှစ်မျိုးလုံး ရေးကြတာပဲ။ အမျိုးသမီးတွေချည်း၊ အစုလိုက်၊ အပြုံလိုက်။ ထူးခြားတာက မန္တလေးတက္ကသိုလ်မှာ ဦးဖေမောင်တင်လို တပည့်တွေကို စုစည်းပြီးပွဲထုတ်ပေးတဲ့ ဆရာမျိုးမရှိဘူး။ အချင်း ချင်းစုစည်းအားထုတ်ကြတာ။ ဒါလည်း တစ်မျိုးတော့ ကောင်းတာပါပဲ။ မန်းတက္ကသိုလ်က ကဗျာဆရာတွေချည်း အစုလိုက် ထွက်ပေါ်လာတုန်းကတော့ မန်းတက္ကသိုလ်ကလောင်ရှင်အသင်းနောက်ခံတော့ရှိတယ်။ ဝတ္ထုရေးဆရာမလေးတွေမှာ အဲ သလို အသင်းနောက်ခံမရှိပေမဲ့ သူတို့ကို လူထုဒေါ်အမာက အနည်းဆုံး အမှာစာတစ်ခုစီတော့ အားပေးဂုဏ်ပြုခဲ့တယ် ထင်တယ်။

နိဂုံးချုပ်ပြီး ကောက်ချက်ဆွဲလို့ရပါပြီ။
(၁) မန္တလေးလူငယ်တွေ ဟာ မွေးရာပါအခွင့်အရေးအဖြစ် မြန်မာစာ၊ မြန်မာစကားကြွယ်ဝမှုရှိတယ်။ (ဒါကို ဆရာဇော်ဂျီအပြင် ဦးတင်ထွတ် (လန်ဒန်)၊ ဦးညိုမြ၊ ဆရာကြီးရွှေဥဒေါင်းတို့ တသံတည်းထွက်ခဲ့ကြတယ်)၊
(၂) မန်းတက္ကသိုလ်စာကဗျာ ရေးသူတွေချည်း အစုလိုက်တစ်ကြိမ်၊ ဝတ္ထုရေးသူတွေချည်း အစုလိုက်တစ်ကြိမ်။ ထူးခြားချက် တစ်ခုက ကဗျာရေးသူတွေဟာ အမျိုးသားတွေချည်း။ ဝတ္ထုရေးသူတွေက အမျိုးသမီးတွေချည်း။ (ညီပုလေးကတော့ သီးခြား ပေါ့နော်။ တစ်ကောင်တည်း၊ ဒါပေမဲ့ ခြင်္သေ့လိုဆိုရင် ရမယ်ထင်ရဲ့။) (ဥပမာ) လူနည်းကိုစည်းလုံးတယ်လို့လည်း ထင်ရပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးရှိကြတာကတော့ အမှန်ပါပဲ။

ဒီဇင်ဘာ ၂၇ ရက်နေ့က ဒေါက်တာခင်မောင်ညွှန်၊ မောင်သာနိုး၊ ညီပုလေးစတဲ့ ဆုရသူများကို ဂုဏ်ပြုပွဲမှာ ကျွန်တော်စကား ပြောခွင့်ရတော့ ဒီအကြောင်းကိုပဲပြောခဲ့ပါတယ်။ ဆရာဇော်ဂျီပြောတာကိုလည်း အသေးစိတ်ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဘယ်လို မြင်ကြမလဲမသိရသေးပါ။ ပြန်ပြီးကြားစချင်ပါတယ်။ မန္တလေးနဲ့ အထက်အညာက ကျောင်းသားတွေဟာ မြန် မာစာကိုလေ့လာရင် ခက်ဆစ်ထုတ်စရာမလိုဘဲ ဖတ်ရှုနားလည်ကြပြီး စာရေးရင် ဘာသာစကားကျွမ်းဝင်မှု အခွင့်အရေး ပိုရှိကြတယ်ဆိုတာ ဟုတ်သလားပေါ့။

မောင်စွမ်းရည်
၂ဝ၁၈၊ ဇန်နဝါရီ၊ ၆
ရန်ကုန်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်