ဆလိုင်းဇုန် ● တောပန်းလေးရဲ့ မိုးကောင်းကင်

March 20, 2018

● တောပန်းလေးရဲ့ မိုးကောင်းကင်
(မိုးမခ) မတ်လ ၂၀၊ ၂၀၁၈

တောပန်းလေးအကြောင်းပြောတော့မယ်ဆိုရင် တောတောင်တွေနဲ့တောင်တန်းကြီးကို အရင်ပြောပြမှရမယ်။ တောင်တန်း ကြီးဆိုတာ တောင်ဆွယ် အသွယ်သွယ် တန်းနေတဲ့ မြေပြင် အနေအထားပါပဲ။ ပင်လယ်ရေမျက်နှာပြင်အမြင့် တဖြည်းဖြည်း များလာလေလေ တောင်တန်းကြီးက ပိုမြင့်လေလေလို့ သတ်မှတ်တာပါပဲ။ တကယ်တော့ ဒီတောင်တန်းဟာ ပင်လယ်ရေ မျက်နှာပြင် ပေ ၆၀၀၀ လောက်မြင့်နေတဲ့ တောင်တန်းဒေသပေါ့။ မြန်မာနိုင်ငံရဲ့ အနောက်ဘက်ခြမ်း အိန္ဒိယနိုင်ငံနဲ့ ထိစပ် နေတဲ့ဒေသပေါ့။ အများသိတဲ့ ချင်းပြည်။ တကယ်တော့ ဒီနေရာလေးက လူပေါင်းများစွာ ချစ်ခင်စွာနဲ့ပဲ ခွဲခွာခံလိုက်ရတဲ့ ဒေသလေးပါပဲ။ သမုဒ္ဒရာ ၀မ်းတထွာအတွက် ဇာတိမြေကိုခွာ ရေကြည်မယ် မြက်နုမယ်ထင်ရာကို ပြောင်းရွေ့သွားကြရတာပါ။ တကယ်တော့ တောင်တန်းကြီးမှာ အပြစ်မရှိပါဘူး။ တောင်တန်းကြီးက သူ့အချိန်နဲ့သူ ညိုလိုက် မှိုင်းလိုက် ဝေလိုက်နဲ့။ သို့ သော် တောင်ပြာတန်းကြီးက သစ်တောတွေ ပြုန်းတီးနေခဲ့ပြီ။ တောင်ပြာတန်းကြီးက ပုံမှန်မဟုတ်တော့ဘူး။ အရင်က ပွင့်အာနေကြ ချယ်ရီပင်တွေကလည်း ရှားပါးလာ။ တောင်ဇလပ်ပင်တွေ နည်းပါးလာ။ ကျနော်သိပ်ကြည့်ချင်တဲ့ ပင်မြင့်စံ သစ်ခွပန်းတွေက ရှာမှရှားဖြစ်လာခဲပြီ။ ကျနော် မော့ကြည့်နေတတ်တဲ့ သစ်တောကြီးထဲက သစ်ပင်များစွာက တစစ ပြယ် လွင့်ကုန်ပြီ။ တောပန်းလေးရဲ့ ဇာတ်လမ်းက ဒီမှာစတာလေ။

တောကြီးမျက်မဲကြီးမို့ ဒီလိုနေရာမျိုးကို တော်ရုံတန်ရုံသတ္တိနဲ့မ၀င်ရဲတာအမှန်ပါ။ သို့သော်လည်းပဲ သစ်တောကြီးထဲမှာ ဘာတွေရှိနေလဲ သိချင်တဲ့စိတ်ကြောင့် အဲ့ဒီကြောက်စိတ်တွေကိုဖယ် တောကြီးထဲကို ၀င်ခဲ့ကြတယ်။ သူငယ်ချင်းများပါလို့လဲ သတ္တိကောင်းတာပေါ့လေ။ လေးခွလေးတလက်၊ လောက်စာလုံး အိတ်လေးလွယ်။ ဓားတချောင်းတော့ ခါးကြားထဲမှာ ထိုးထားလိုက်တယ်။ မကြာခင်ဘဲ သစ်တောတွေ ခပ်အုံအုံထဲဝင်လာရင်ပဲ နေ့ခင်းကြောင်တောင် မှောင်သွားသလိုလေ။ နေထိုးမပေါက်အောင် တောကြီးက အုံ့မှိုင်းနေတယ်။ အဲ့ဒီတုန်းကသာ မဲဇာတောင်ခြေ ကဗျာသင်ခဲ့ပြီးပြီဆိုရင်ပေါ့။ လက်ဝဲ သုန္ဒရအမတ်ကြီးကို တမ်းတမိမှာပါပဲ။ မကြာပါဘူး တွယ်လိုက်တဲ့ မျော့တွေ ခြေထောက်က အေးနေတော့ သူတို့တက်လာတာ မသိလိုက်။ သူများခြေထောက်ပေါ်တက်တာမြင်မှ ကိုယ့်ခြေထောက်ကိုကြည့်မိတယ်။ လန့်တောင်အော်ရတယ်။ ကျနော် တို့ထဲမှာအကြီးဆုံးဖြစ်တဲ့ အားလျန်ကပြောတယ်။ တောထဲမှာ မအော်ရဘူး ဘာဖြစ်တတ်တယ် ပေါ့။ ပြောလိုက်ပြန်တော့ ကြောက်နေမိပြန်တယ်။ သူက သိနေတယ်။ ဆားတွေအိမ်ကယူလာတာ။ ဆားကိုခြေထောက်ပွတ် ပြီးတော့ မျော့တွေ ခွာ ရတယ်။ လမ်းက တဖြည်းဖြည်းနဲ့ ကျဉ်းလာပြီးတော့ လမ်းမရှိတော့ သလိုဖြစ်တယ်။ ဒါေဲ့ပါလာတဲ့ ဓားနဲ့ရှင်းတယ်။ တောထဲမှာ ငှက်အော်သံ၊ ရေကျသံ၊ ရေစီးသံ၊ အသံတွေစုံနေတော့ သိပ်ကို နားထောင်ကောင်းတယ်။ တချို့နေရာဆို မျောက် တွေတွေ့တယ်။ ဒါပေမယ့် လူသိပ်ကြောက်ကြတယ်။ အထူးသဖြင့် ယောကျာင်္းလေးမို့ကြောက်တာတဲ့။ ဒါလည်းဖြစ်နိုင်တာပဲ။ တောလိုက်မုဆိုးတွေက သူတို့ကိုလည်း အလွတ်ပေးတာမဟုတ်ပါဘူး။ တောလိုက်ရင်း ဘာမှမရတဲ့အဆုံး မျောက်ကို ဟင်းစားအဖြစ်နဲ့ ပစ်ခတ်တတ်တာကိုး။ တကယ်တော့ သမင်၊ ချေ၊ ဒရယ်၊ တောဝက်၊ စတာတွေကိုပဲ တောလိုက်မုဆိုးတွေက ပစ်ဖမ်းတတ်ကြတာ။ တစ်ခါတစ်ခါ ကျနော်တို့ အိမ်ကနေ ညလယ်လောက်ကျရင် တူမီးသေနတ်သံကို ကြားရတတ်တယ်။  နောက်ရက်ကျရင်တော့သေချာပြီ ဘယ်သူက ဘာကောင်ရလာတယ်။ ဘာညာပေါ့။ မုဆိုးကလည်း အကောင်ကြီးကြီးရလာတယ်ဆို ပြောလို့မဆုံး၊ သူက ဘယ်နေရာကနေ စောင့်နေတာ၊ ဘယ်ချိန်လောက်ကျ ဟောက်သံကြားရတယ်၊ ခြေသံကြားရတယ်။ အဲ့ဒါကို ဘယ်လောက် လောက် အဝေးကနေ ပစ်ထည့်လိုက်တာ စတာတွေ စတာတွေကို လာသမျှလူကို သွားတဖြဲဖြဲနဲ့ ရှင်းပြ ပြောပြနေလေတတ်ရဲ့။ လာတဲ့လူတွေ ၀ိုင်းတဲ့လူတွေ ကျနော်တို့လို လူငယ်ပေါက်စလေးတွေ အတွက်တော့ သူက သူရဲကောင်းပေါ့။ အားကျတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ရတာ။ သူ့ကိုယ်သူလည်း သိပ်ကို ဂုဏ်ယူတယ်ထင်ပါတယ်။

ခပ်ဝေးဝေးရောက်သွားတော့ စမ်းချောင်းလေးနဲ့ မြေခပ်ပြန့်ပြန့်ပြူးပြူးလေးတွေ့တယ်။ သစ်ပင်ကြီးတွေ သိပ်မရှိဘဲ စမ်းရိုးလေးလိုဖြစ်နေတာ။ အဲ့ဒီမှာ မြက်ပင်လေးတွေက အ၀ါရောင်အပွင့်လေးတွေ ပွင့်လို့။ ဟေးးး လို့အော်ပြီး ပြေးချင်စိတ်ပေါက်တယ်။ မအော်ရဲပါဘူး။ လမ်းချော်လဲမသွားအောင် သတိထားနေရတယ်။ တကယ်တော့ ဒါက ပထမဆုံး တောထဲလိုက်ဖူးတဲ့ အတွေ့အကြုံလေ။ သိပ်မကြာပါဘူး။ သွားနေရင်းနဲ့ အပုပ်နံ့ရတော့ လန့်တယ်။ ကျောချမ်းလာတယ်။ စမ်းချောင်းလေးရှိနေလို့သာ ကြောက်စိတ်နည်းနည်း လျော့သွားတာ။ တကယ်တော့ ကြောက်တယ်။ မကြာပါဘူးတွေ့ရပါပြီ။  အကြောင်းရင်းကတော့ နွားပေါက်စ တကောင်ရဲ့ အရိုးစုရယ် အရေခွံ တချို့ရယ် ဦးခေါင်းရယ် တွေ့ရတယ်။ သေချာတာတော့ ဒီတောရဲ့ ချုပ်စပ်က ရွာသားတွေ ပိုင်တဲ့ နွားဖြစ်နိုင်တယ်။ မျက်စိလည်လို့များ ရွာမပြန်နိုင်ဘဲ တောထဲမှာ ရန်သူနဲ့များတွေ့တာ လား စဉ်းစားမိရင်ဘဲ လန့်သွားပါရော။ ကျားတစ်ကောင်များ ဒီတော ထဲရှိနေသလား။ အသားစားတာ ကျားတကောင်ပဲ ကိုယ်က သိထားတာ။ အဲ့ခါမှ အသက်တောင်ပြင်းပြင်းမရှုရဲ။ တောလိုက်မုဆိုးတွေရဲ့ ဂုဏ်ယူစွာ ပြောနေတာတွေကို နားလည်မိသလိုရှိသားလေ။

နောက်ဆက်တိုက် ကွမ်းတညက်ခန့်အကြာ၊ မြန်မာ နာရီအတိုင်းအတာအရပေါ့လေ။ ၁၅ မိနစ်လောက်လို့ ယူဆတာပါပဲ။ ကျနော်တို့တွေ့ရပါပြီ။ Curcuma Roscoeana, Jewel of Burma လို့တင်စားခံရတဲ့ မာလာနီပေါ့။ သို့သော် ကျနော်တို့တော့ စားဖို့အတွက်လာခူးကြတာ။ အပွင့်ကို စားတာပေါ့။ ထိုင်းဘက်မှာတော့ cut flower အနေနဲ့ ရောင်းတယ်လို့ကြားတယ်။ ဈေးသိပ်ကြီးတယ်။ တစ်ပွင့်မှာ ၂၄ဒေါ်လာ တောင်ပေးရသတဲ့။ ဒီလိုမျိုးရင်းတွေပေါ့လေ။ ကျနော်တို့အဖွဲ့တော့ လိုချင်တာတွေ့တာနဲ့ပျော်လို့။ ခူးပြီးတော့ တနိုင် လွယ်အိတ်နဲ့သယ်သွားမယ်ပေါ့။ ပြီးမှ ခဏနား။ ချောင်းလေးထဲ ရေဆင်းချိုးသူကချိုးပေါ့။ ကျနော်တော့ မချိုးရဲခဲ့ပါဘူး။ သစ်ပင်ကြီးတွေကို မော့ကြည့်နေရင်း ကျနော်တွေးနေမိတယ်။ ကျနော် ကြီးလာရင် မုဆိုးကြီးလုပ်မယ်။ ပြီးတော့ ကျနော် ပန်းပင်တွေ အများကြီး တွေ့အောင်ရှာမယ်။ ပြီးတော့ အိမ်မှာ ပြန်စိုက်ပြီး အလှဆင်မယ်။ ဒီအထိဘဲ ကျနော်တွေးတယ်။ အဲဟ့မှာ အမှတ်မထင် လင့်စင်တခုတွေ့လိုက်တယ်။ သစ်ပင်ကြီးတပင်ရဲ့ ခွကြားမှာ လူတယောက်ကောင်းကောင်းထိုင်နိုင်တဲ့အနေအထားရှိတယ်။ ထပ်ပြီး စိတ်ကူးယဉ်လိုက်တယ်။ အဲ့ဒီလို လင့်စင်ပေါ်ကနေ စောင့်ပြီး သားကောင်ကို ပစ်ခတ်မယ်ပေါ့။ အတွေးထဲမှာ ကျနော်ဟာ မုဆိုးကြီးဖြစ်သွားတယ်။ မြိုင်ရာဇာ တွတ်ပီကို အဲ့ဒီတုန်းက ဖတ်ဖူးခဲ့ပြီဆိုရင် ကျနော်က နှစ်လုံးပြူးသေနတ်ကြီးလွယ်လို့၊ တောထဲမှာ သိပ်ကို စိတ်ကူးယဉ်ကောင်းခဲ့မယ်ထင်တယ်။ ကျနော်ဖတ်တဲ့ ရွှေသွေးထဲက ဘိုဘိုလို ဘောလုံးကန်ဖို့လည်း စိတ်ကူးထဲရှိတာပါပဲ။ ငယ်ဘ၀လောက် ဖြစ်ချင်စိတ်တွေ လုပ်ချင်စိတ်တွေသိပ်များရင် ကောင်းမယ်လို့တခါတခါတော့လည်း တွေးမိပါတယ်။

အိပ်မက်များစွာကိုမက်တတ်တဲ့ငယ်စဉ်ဘ၀စိတ်ကူးယဉ်တဲ့အခါ ကျနော်မလုပ်နိုင်တာမရှိ၊ ကျနော် က ဟီးရိုးကြီးပဲ။ ကျနော်က အမြဲတမ်းအနိုင်ရတာတွေကြီးပဲ။ ကျနော်ကြည့်ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားထဲကလိုမျိုး ဇာတ်သိမ်းပိုင်း အခန်းတွေကို သိပ်သဘောကျတဲ့ အရွယ်ပေါ့။ ကျနော်က ဒီတောကြီးထဲမှာ အသန်မာဆုံး လက်အဖြောင့်ဆုံး အမဲကောင်ရေ အများဆုံးပစ်နိုင်တဲ့သူ၊ ကျနော်က သစ်ပင်တွေကို လွယ်လင့်တကူ တက်နိုင်တဲ့သူ၊ ကျနော်က အလျင်မြန်ဆုံးသောသူ စသည် စသည်ဖြင့် စိတ်ကူးယဉ်နေခဲ့မိတယ်။ မကြာခင်မှာပဲ တဖြည်းဖြည်းနဲ့ နေလုံးကြီးက အားနည်းလာတဲ့အခါ ကျနော် အတွေးများက ပြောင်းသွားပြန်တယ်။ ကျနော်ဟာ မျက်စိထဲမြင်နေရတဲ့ ရှုခင်းတွေကို မှတ်တမ်းတင်နေမိတယ်။ ကျနော့်ရှေ့မှာ ကားချပ်ဖြူတစ်ချပ်ကို သေချာဒေါက်နဲ့ထောင်ထားလိုက်တယ်။ ပြီးတော့ အရောင်တွေကို ရွေးတယ်၊ စပ်တယ်၊ စုတ်ချက် ခပ်ကြမ်းကြမ်းရမ်းပစ်လိုက်တယ်၊ စိမ်းညို့ညို့ တောတောင်က တကယ်တော့ ခပ်ကြမ်းကြမ်းပဲလေ။ နောက်ထပ် နောက်ထပ် စုတ်ချက်တွေများပြီးတဲ့ အခါ ပီပြင်တဲ့ ပန်းချီကားတချက်ထွက်ပေါ်လာပါပြီ။ သစ်ပင် ကြီးတွေကြားမှ ထိုးထွက်လာတဲ့ ငှက်ပျောရွက်တွေ နောက် တေးသီနေတဲ့ငှက်ကလေး၊ စမ်းချောင်းငယ်၊ စမ်းချောင်းလေးထဲက ငါးသေးသေးလေးတွေ၊ ကျောက်သား ချော ချော လုံးလေးတွေ၊ နောက် တောရဲ့အတွင်းပိုင်းထဲက မာလာနီတွေ၊ သစ်ခွတွေ၊ ၀ဥတွေ နောက်ထပ် ပန်းသီးခြံ၊ မက်မွန်ခြံ ကျနော့် အတွေးထဲကနေ စီးဆင်းနေတာတွေကို ကျနော်ဆေးစက်ချလိုက်တယ်။ တကယ်တော့ ဘ၀ဆိုတာလည်း အစက်အပျောက်လေးဘဲလေ။

ကျနော် တေးသွားတပုဒ်ကို လေချွန်ပြီး နေလိုက်ချင်မိတယ်၊ လေချွန်ရင်း အေးအေးဆေးဆေး ချမ်းချမ်းသာသာ ဖြစ်ချင်တာ ပေါ့၊ ကဗျာလေးတပုဒ်လိုပြီးပြည့်စုံချင်လိုက်တာ၊ တွေးသလို  စိတ်ကူးယဉ်သလို အကုန်ဖြစ်ခဲ့လိမ့်မယ်လို့ထင်နေတဲ့ အရွယ် မှာ ကျနော် အတောင့်တဆုံးက တောင်တန်းတွေ တခုပြီးတခု လှည့်သွားချင်တယ်၊ ကျားတွေ ဆင်တွေကို ရှာဖွေကြည့်ချင် တယ်၊ သစ်တောထဲက ဂူတွေထဲမှာ မီးတုတ်လုပ်ပြီး စူးစမ်းရှာဖွေချင်မိတယ်။ အလိုမပြည့်တဲ့လမ်းမှာ အမြဲတမ်းလိုနေဦးမှာကို နားလည်လိုက်တယ်။ ဘဝက အိပ်မက်များစွာကို ထွန်ယက်စိုက်ပျိုးဖို့ မြေသြဇာပြည့်တင်းနေတဲ့ မြေလွတ်မြေရိုင်းပါ။

ကျနော်ရပ်နေတဲ့နေရာကနေ အထက်ကြည့်တော့ မှုန်ပျပျ တောင်တန်းကြီးက ကျနော့် အပေါ်ကနေ အုံ့မိုးထားသလိုမျိုး၊ ကျနော့်ရဲ့ အောက်ဘက်ကို မျှော်ကြည့်ပြန်တော့ သစ်တောထဲ စီးဝင်သွားတဲ့ စမ်းချောင်းလေး။ ကျနော်ဟာ အပေါ်ကို ပြန်တက်ရမလား။ ကျနော်ဟာ စီးဆင်းသွားမလား။ မဝေခွဲတတ်။ ကျနော်ဘေးနားမှာ ရောင်စုံခြယ်တဲ့ ပန်းလေးတွေ တောပန်းလေးတွေက လန်းဖြာနေကြတုန်းလေ။

ဆလိုင်းဇုန်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်