မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၆၃)

March 27, 2018

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ  (၁၉၇၅ – ၁၉၈ဝ) – အပိုင်း  (၆၃)

(မိုးမခ) မတ်လ ၂၇၊ ၂ဝ၁၈

● ၈၁၅ စစ်ဒေသနှင့် အခါပြောက်ကျားများ
CPB အနေနှင့် နယ်စပ်အခြေခံစခန်းများဖွင့်လှစ်ရာတွင် အရှေ့မြောက်စစ်ဒေသပြီးလျင် ဒုတိယအောင်မြင်မှုရသည့်ဒေသမှာ ၈၁၅ စစ်ဒေသဖြစ်ပါသည်။ ၈၁၅ စစ်ဒေသတည်နေရာမှာ ရှမ်းပြည်၏ အရှေ့စူးစူး တရုတ်၊ မြန်မာ၊ လာအိုနယ်စပ်တွင်ဖြစ်သည်။ မဲခေါင်မြစ်ရစ်ခွေစီးဆင်းနေသည့် သုံးနိုင်ငံနယ်စပ်ဒေသဖြစ်သည်။ မြန်မာပြည်မြေပုံတွင်ကြည့်ပါက အရှေ့ဖက်ဆုံးတွင် ထွက်နေသော အတက်ကလေးနေရာဖြစ်သည်။ ထိုဒေသတွင် အခါလူမျိုးများအခြေချနေထိုင်ကြပြီး ဖာလုံ – ဖာလျံ ဒေသ၊ မိုင်းစော့၊ မိုင်းဟဲဒေသဟု ဒေသခံများကခေါ်ဆိုကြသည်။

မုန်းစော၊ မုန်းဟဲဒေသသည် ပေ ၂ဝဝဝ ကျော်နှင့် အထက်မြင့်သော တောင်တန်းဒေသဖြစ်သည်။ မြောက်ဖက်တွင် တရုတ် ပြည်၊ အရှေ့ဖက်နှင့်တောင်ဖက်တွင် မဲခေါင်မြစ် စီးဆင်းနေပြီး မဲခေါင်မြစ်၏ တဖက်ကမ်းကားလာအိုနိုင်ငံဖြစ်သည်။ ထိုဒေ သတွင် မူလက အခါကျေးရွာ ၁ဝဝ ကျော်ခန့်ရှိသည်။ လွတ်လပ်ရေးမရခင်ရော လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်ရော အစိုးရအာဏာသက်ရောက်မှု အားနည်းသည်။ CPB ၏ ၈၁၅ စစ်ဒေသသည်မိုင်းစော့၊ မိုင်းဟဲဒေသရှိ အခါပြောက်ကျား လှုပ်ရှားမှုများပေါ်တွင် အခြေခံ၍ပေါ်ထွက်လာခြင်းဖြစ်သည်။

မုလက အခါတို့အား မြန်မာတို့က အီကောလူမျိုးဟု ခေါ်ဆိုကြသည်။ သို့သော် အခါလူမျိုးများကိုယ်တိုင်က ထိုအမည်အား နှစ်သက်လက်ခံခြင်းမရှိ၍ ယခုအခါ အခါဟုသာခေါ်ကြသည်။ အခါလူမျိုးများသည် တရုတ်၊ မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံ တို့တွင် ပျံ့နှံ့နေထိုင်ကြသည်။ ၎င်းတို့အနေနှင့်ထိုအရပ်ဒေသများတွင် အခြေချနေထိုင်ကြသည်မှာ နှစ် ၆ဝဝ ခန့်ရှိပြီဟု ဆိုကြသည်။ မြန်မာပြည်တွင်းနေထိုင်ကြသည့် အခါမိသားစုများ၏ မျိုးရိုးစဉ်ဆက်မှတ်တမ်းများအရ မျိုးဆက် ၅ဝ ကျော် နေထိုင်ခဲ့ကြပြီးဖြစ်သည်ကိုတွေ့ရှိရသည်။

မိုင်းစော့၊ မိုင်းဟဲဒေသရှိ အခါကျေးရွာများသည် ရှမ်းပြည်နယ် ကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယုနယ်အတွင်းရှိသည်ဆိုသော် လည်း ယခင်အခါက လမ်းပမ်းဆက်သွယ်ရေးခက်ခဲသဖြင့် ထိုမြို့များနှင့် အဆက်အသွယ် သွားလာမှုနည်းပါးကြသည်။ မိုင်း စော့၊ မိုင်းဟဲဒေသ၌ ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ် စကထဲက တိုက်ပွဲများ စတင်ဖြစ်ပွါးခဲ့သည်။ ရှမ်းစော်ဘွား၏ ကာကွယ်ရေး တပ်များ၊ ထိုင်းအစိုးရတပ်များနှင့် ကူမင်တန်တပ်များ သုံးပွင့်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ဘူးသည်။ ထို့ပြင် ထိုဒေသ အရှေ့ဖက် ဆုံးရှိ ဖာလုံ၊ ပါ့စာရွာများမှ ပြန်လည်ပုန်ကန်တိုက်ခိုက်မှု ကြောင့် သေကြေကျ ဆုံးမှုများပြားပြီး အခါရွာများ ထွက်ပြေးကြသဖြင့် ထိုဒေသ၌ လူဦးရေလျော့ကျခဲ့သည်။

၁၉၄၉ ခုနှစ်နောက်ပိုင်း ကူမင်တန်တို့ ဝင်ရောက်ကျူးကျော်မှုကိုကြုံခဲ့ရပြီး ၁၉၆ဝ ခုနှစ်ပိုင်းများတွင် တရုတ်လွတ်မြောက် ရေးတပ်မတော်က အဆိုပါကူမင်တန်တပ်များကို ဝင်ရောက်တိုက်ခိုက်သည့် တိုက်ပွဲများကိုလည်းကြုံခဲ့ရသည်။ သို့သော် ကူမင်တန်များကုန်စင်မသွားဘဲ အဆိုပါဒေသ၌ ကျန်နေဆဲဖြစ်သည်။ သို့ဖြစ်ရာ ၁၉၆၂ ခုနှစ်ထိ ထိုဒေသတွင် ကူမင်တန်တပ် ဖွဲ့များ၊ ရှမ်းလက်နက်ကိုင်အဖွဲ့နှင့် လာအိုအခြေစိုက်သည့် CIA သြဇာခံများ လှုပ်ရှားနေသည့်ဒေသဖြစ်ခဲ့သည်။ အစိုးရစစ် ကြောင်းကတော့ တခါတရံမှ ရောက်လာလေ့ရှိပြီး ဒေသအားထိမ်းချုပ်စိုးမိုးနိုင်ခြင်းမရှိခဲ့ပေ။ ထိုဒေသ၌ရှိသော လက်နက် ကိုင်အဖွဲ့များ၏ အခွန်ကောက်သောဒဏ်ကို ဒေသခံရွာသားများ ရင်စီးခံနေရသောကာလဖြစ်သည်။

သို့နှင့် အဆိုပါ အခွန်ကောက်နေသော ကူမင်တန်၊ CIA ၊ ရှမ်းလက်နက်ကိုင်များကို ဒေသခံအခါများ၏ ပုန်ကန်မှု ပေါ်ပေါက် လာသည်။ ဦးဘာဆောင်း (ဖာလုံရွာ)၊ ဦးလော်ရီဖြိုး (ပါ့စာရွာ)၊ ဟယ်ယွင် (ဖာလုံ)၊ ချွဲဖြောင်း (ဖာလျံ)၊ ဆာပေါလော်စစ် (ဖာလျံ) စသူတို့ ခေါင်းဆောင်သည့် အင်အား ၂ဝဝ ခန့်ရှိသည့် အခါလယ်သမားသူပုန်အဖွဲ့ပေါ်ထွက်ခဲ့သည်။ ၁၉၆၄/၆၅ ခန့်တွင်အင်အား ၅ဝဝ ခန့်ထိတိုးပွါးလာသည်။ အခါလယ်သမားသူပုန်အများစုမှာဒါးနှင့်တူမီးကိုင်ဆောင်ပြီး ရိုင်ဖယ် ၄/၅ လက်ခန့်သာရှိကြသည်။ အခါ ပြောက်ကျားသူပုန်များအနေနှင့် မိမိဖာသာ တောင်ယာခုတ်စားပြီး အဓိကအခွန်အတုတ်များသော ကူမင်တန်တို့အား ပုန်ကန်တိုက်ခိုက်ကြခြင်းဖြစ်သည်။ ၁၉၆၅ ခုနှစ်အထိ ကူမင်တန် တပ်မ ဟာမှူး လီကော့ဟွေဦးစီးသည့် ကူမင်တန်တပ်မဟာမှ အင်အား ၂ဝဝ ခန့်သည် ဒေသခံအခါအချို့အား စည်းရုံးရ၍ ထိုဒေ သ၌ ရပ်တည်နေကြသည်။ ကူမင်တန်တို့သည် အမေရိကန် CIA  နှင့်ဆက်သွယ်နိုင်ရန် မိုင်းစော့အနီး လေယဉ်ကွင်းငယ် တခုပင် ဆောက်လုပ်ထားခဲ့သည်ဟု ဆိုသည်။

၁၉၆၅ ခုနှစ် အောက်တိုဘာ/နိုဝင်ဘာခန့်တွင် ဦးဘာဆောင်းဦးစီး အခါပြောက်ကျားသူပုန်အဖွဲ့သည် ကူမင်တန်တို့အား စတင်တိုက်ခိုက်ရာ ကူမင်တန်တပ်စိတ်တစိတ်ချေမှုန်းနိုင်ပြီး ကူမင်တန်အများစုထွက်ပြေးသွားခဲ့သည်။ ထိုတိုက်ပွဲတွင် က နေဒါပစ္စတို ၁ လက်၊ ပစ္စတိုအသေး ၁ လက်၊ ကာဘိုင် ၂ လက်၊ စတင်းဂန်း ၂ လက်၊ ရိုင်ဖယ် ၂ လက်အပြင် လက်ပစ်ဗုံး၊ နင်းမိုင်း၊ ဆွဲမိုင်း၊ ဘိန်းနှင့် ရွှေငွေများသိမ်းဆည်းရပြီး အခါပြောက်ကျားတို့ အောင်ပွဲခံခဲ့သည်။

သို့သော် ထိုတိုက်ပွဲပြီးနောက် ကူမင်တန်များသည် မိုင်းစော့၊ မိုင်းဟဲဒေသအောက်ပိုင်းရှိ အခါရွာများကို ကူမင်တန်တပ်က ပြန်လည်စည်းရုံးခဲ့သည်။ သို့နှင့် ယီပေါ်လော်အဲနှင့်အိုက်ယီတို့ဦးဆောင်သည့် အင်အား ၂ဝဝ ကျော်ခန့်သည် ၁၉၆၆ ခုနှစ် တွင် ကူမင်တန်နှင့် ပူးပေါင်းသွားခဲ့သည်။ ထိုခွဲထွက်သွားသောအဖွဲ့နှင့် ဆွေးနွေးရန်သွားသည့် ဦးဘာဆောင်းဦးစီး အင်အား ၁ဝ ယောက်ခန့်မှာခြုံ ခိုတိုက်ခိုက်ခံရ၍ ၁၉၆၆ ခုနှစ် ဇူလိုင်လခန့်တွင် ဦးဘာဆောင်းကျဆုံးပြီး ကာဘိုင် ၁ လက်၊ စတင်း ၁ လက် ပြန်လည်ဆုံးရှုံးသွားခဲ့သည်။ သို့နှင့် မူလဖွဲ့စည်းထားသည့် အခါပြောက်ကျားအဖွဲ့မှာ အတန်ငယ်ဖရိုဖရဲပြန်ဖြစ်သွားခဲ့တော့သည်။

မိုင်းစော့၊ မိုင်းဟဲဒေသတွင် ရှမ်းရွာ ၃ ရွာ၊ လွယ်ရွာ ၁ ရွာ၊ တရုတ်ရွာ ၁ ရွာသာရှိပြီး အခါရွာ ၁ဝ၆ ရွာရှိခဲ့သည်။ ပြောက်ကျား လှုပ်ရှားမှုတွင် အခါရွာများက အဓိကဖြစ်ခဲ့သည်။ သို့ဖြစ်ရာ လက်နက်ကိုင်တပ်များသည် အခါရွာများကို အခြေပြု စည်းရုံးကြ သည်။ သို့နှင့် ၁၉၆၇ ခုနှစ်တွင်အဆိုပါဒေသ၌ အခါ လက်နက်ကိုင် ၃ ဖွဲ့ပေါ်ထွက်လာသည်။ ထိုဒေသ၏အရှေ့ဖက်ဆုံး ပါ့စာ၊ ဖာလုံ၊ ဖာလျံ ရွာများကို အခြေခံပြီးနောက် ဦးဘာဆောင်းကျပြီး လော်ရီဖြိုးက ဆက်လက်ခေါင်းဆောင်သည့် အင်အား ၂ဝဝ ခန့်ရှိသည့်အခါပြောက်ကျားအဖွဲ့ပြန်လည် ထွက်ပေါ်လာသည်။ ထို့ပြင် မိုင်းစော့၊ မိုင်းဟဲနှင့် ထိုဒေသ အနောက်ပိုင်း အခါရွာ အများစုအား ကူမင်တန်အင်အား ၅ဝ ခန့်နှင့်ပူးပေါင်းထားသည့် ယီပေါလော်အဲနှင့် အိုက်ယီတို့ခေါင်းဆောင်သည့်အင်အား ၃ဝဝ ခန့်က ချုပ်ကိုင်ထားသည်။ ထို့ပြင် လာအိုနယ်စပ်တွင် CIA ကစည်းရုံးထားသည့် ရွန်းနနှင့်ဆိုဂေး ခေါင်းဆောင် သည့် အင်အား ၁ဝဝ ခန့်ရှိသည်။ အခါအချင်းချင်း အုပ်စုများကွဲ၍ တိုက်ခိုက်သည့်ကာလဖြစ်ပေတော့သည်။

လော်ရီဖြိုးခေါင်းဆောင်သောအဖွဲ့မှာ အခါလူထုအား အခွန်အတုတ်ကြီးစွာကောက်သည့် ကူမင်တန်အားပုန်ကန်တိုက်ခိုက်ကြခြင်းဖြစ်သော်လည်း ကူမင်တန်အား တရုတ်နယ်စပ်မှမောင်းထုတ်လိုသည့် တရုတ်ပြည်မ၏ အကူအညီများပေးသည်ကို ခံစားရသည်။ ၁၉၆၇ ခုနှစ်တွင် တရုတ်တို့မှ လော်ရီဖြိုးခေါင်းဆောင်သော အခါအဖွဲ့အား ရိုင်ဖယ်ကိုယ်စီ၊ ကျည်ဆံ ၁ဝဝ စီနှင့် လူတကိုယ် လက်ပစ်ဗုံး ၄ လုံးစီအပြင် ဝတ်စုံများကူညီထောက်ပံ့ပေးခဲ့သည်။ ၁၉၆၇ ခုနှစ်မှ ၁၉၇၁ ခုနှစ် အဆိုပါ အခါ ၃ ဖွဲ့ အချင်းချင်း တိုက်ပွဲများဖြစ်နေသော်လည်း အစိုးရတပ်များနှင့် တိုက်ပွဲများ မဖြစ်သေးပေ။ သို့ပေမင့် ထိုကာလတိုက်ပွဲ များတွင်လည်း အသေအပျောက်မနည်းလှပေ။ ဦးလော်ရီဖြိုးခေါင်းဆောင်သည့်အဖွဲ့မှ ထိုကာလအတွင် ၄ဝ မှ ၅ဝ ကြား ကျဆုံးခဲ့ပြီး အနည်းဆုံး ၅ ဦးမှ ၁ဝ ဦးကြား ဖမ်းဆီးခံခဲ့ရသည်ဟုဆိုသည်။

ထိုစဉ် အစိုးရတပ်များသည် မိုင်းယောင်း၊ မိုင်းယုတွင် အဓိကခြေကုပ်ယူထားပြီး မိုင်းစော့အထိ တပ်အချို့ချထားသော်လည်း အင်အား မများလှပေ။ ဒေသကိုလည်း စိုးမိုးနိုင်ခြင်းမရှိပေ။ သို့သော် အစိုးရစစ်တပ်သည်မိုင်းယောင်း၊ မိုင်းယုတွင် လော်ဖာ ဦးစီး အခါကာကွယ်ရေး အင်အား ၂ဝဝ ခန့်၊ ကျို င်းတုံ၊ မိုင်းကိုင်တွင် အဆောင်ဦးစီး အခါကာကွယ်ရေး ၂ဝဝ ခန့်အားဖွဲ့စည်းပြီး ၎င်းတို့ စခန်းချ ရာဒေသများတွင်မူ ခြေကုပ်ယူထားနိုင်ပြီဖြစ်သည်။

၁၉၇၁ ခုနှစ်တွင် တရုတ်တို့သည် လော်ရီဖြိုးခေါင်းဆောင်သော အခါပြောက်ကျား ခေါင်းဆောင်များအား ခေါ်ယူတွေ့ဆုံပြီး CPB နှင့် မိတ်ဆက်ပေးပြီး CPBအားလက်ခံရန် တိုက်တွန်းခဲ့သည်။ ကနဦးတွင် အခါခေါင်းဆောင်အချို့ လက်မခံနိုင်သဖြင့် အခါအဖွဲ့အတွင်း ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သည်။ နောက်ဆုံးတွင်တော့ CPB ဆိုတာတော့ ၎င်းတို့မသိ၊ သို့သော် တရုတ်က အကြံပေးရင်တော့ လက်ခံမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

အတော်လက်တွေ့ကျ သည့်ဆုံးဖြတ်ချက်ဟုဆိုရပါမည်။ လော်ရီဖြိုးခေါင်းဆောင်သည့် အခါအဖွဲ့အနေနှင့် ကူမင်တန်/ CIA တို့နှင့်ပေါင်းနေသည့်အဖွဲ့များနှင့် တိုက်နေရသည့်အပြင် လမ်းပမ်းဆက်သွယ်ရေးအခက်ခဲကြောင့်အစိုးရထိမ်းချုပ်နယ်မြေများသို့ သွားလာခြင်းမပြု နိုင်ခဲ့ပေ။ ဒေသလူထုအတွက် ဆားနှင့် အဝတ်အထည်ရရှိရန် တရုတ်သို့ သွားရောက် ပစ္စည်း ဖလှယ်ဝယ်ယူနေရသည်။ တဖန် မြန်မာအစိုးရက ကူမင်တန်တို့အား မောင်းထုတ်ခဲ့ပြီဆိုခဲ့သော်လည်း ၎င်းတို့မှာ ကူမင်တန်အကြွင်းအကျန်များနှင့် ရင်ဆိုင်နေရပြီး ကူမင်တန်အားတိုက်ခိုက်ရန် တရုတ်တို့၏ပံ့ပိုးမှုကိုယူနေရသည်။ ၎င်းတို့ ဖြတ်သန်းနေရသည့် အခြေအနေများအရ ကွန်မြူနစ်ဝါဒအား ၎င်း CPB အား၎င်း မသိနိုင်ခဲ့ကြပေ။ ၎င်းတို့အတွက် လက် တွေ့ကျကျ လိုအပ်သည်မှာ ၎င်းတို့အားကူညီမည့်သူများသာဖြစ်သည်။ ၎င်းတို့ဒေသအား အကျိုးရှိအောင်လုပ်ပေးမည့်သူများသာဖြစ်သည်။

ရှမ်းပြည်နယ် အရှေ့ဖျားရှိ တောင်တန်းများပေါ်တွင် မိမိဝမ်းရေးအတွက် တောင်ယာစိုက်ပျိုးပြီး မိမိရှင်သန်ရေးအတွက် လက်နက်ကိုင်၍ ကူမင်တန်နှင့်တိုက်ခိုက်နေသော အခါပြောက်ကျားများအဖို့ ကမ္ဘာကြီးမဆိုထားနှင့် ရှမ်းပြည်နယ်နှင့် အ ဆက်ပြတ်နေပေရာ ကွန်မြူ နစ်ဝါဒနှင့် CPB ဗမာပြည်ကွန်မြူ နစ်ပါတီ ဆိုသည်မှာ အလွန်မနီးစပ်သော အကြောင်းအရာများ ဖြစ်၍နေပေတော့သည်။

သို့ဖြစ်ရာ ၁၉၇၁ ခုနှစ် တွင်းမှာပင် တရုတ်တို့က အခါပြောက်ကျား ခေါင်းဆောင်များကို တရုတ်ပြည်တွင်းလှည့်လည်ကြည့်ရှု ရေးစီစဉ်ပေးသည်။

ထိုစဉ် တရုတ်ပြည်တွင် လှည့်လည်ကြည့်ရှု ရေးအစီအစဉ်ဆိုသည်မှာ တရုတ်တော်လှန်ရေးကာ အခြေခံစခန်းတည်ဆောက် ခဲ့ပုံများ၊ တရုတ်တော်လှန်ရေးကာလ ဆင်းရဲပင်ပမ်းခက်ခဲစွာရုန်းကန်တိုက်ပွဲဝင်ခဲ့ပုံများကို အဓိကဇောင်းပေး၍ ပြသလေ့ရှိ သည်။ တရုတ်ယဉ်ကျေးမှု တော်လှန်ရေးအရှိန်အဟုန်တိုက်ခတ်နေဆဲကာလဖြစ်ပေရာ ယင်အန်းအခြေခံဒေသတွင် တရုတ်တော်လှန်ရေးခေါင်းဆောင်များကိုယ်တိုင် အပင်ပမ်းခံ၍ ရဲဘော်များနှင့်အတူ ရုန်းကန်ခဲ့ပုံများကို ဦးစားပေးပြလေ့ရှိသည်။ တရုတ်တော်လှန်ရေးပြတိုက်တွင်မော်စီတုန်း ထမ်းခဲ့သည် တံပိုး၊ ကြူးတက် (ချူတေး) ထမ်းခဲ့သည့် တံပိုးတို့အား အသား ပေးပြသထားသည့်ကာလဖြစ်သည်။

တရုတ်ပြည်တွင်း၌ ၃ လကြာလေ့လာခွင့်ရခဲ့သည့် အခါပြောက်ကျားခေါင်းဆောင်များဖြစ်သည့် ဦးလော်ရီဖြိုး၊ ချစ်ဖြောင်၊ ဆာပေါ်လော်ဆစ်၊ဖျော်ဆဲ တို့သည် ကွန်မြူ နစ်ဆိုသည်ကို တီးမိခေါက်မိရှိသွားခဲ့သည်ဟု ဆိုရပါမည်။ ထို့နောက် ၁၉၇၁ ခုနှစ် အောက်တိုဘာလတွင် CPB မှ ကိုယ်စားလည်အဖွဲ့တခုသည် အခါပြောက်ကျားများနှင့် လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။ထို CPB ကိုယ်စားလည်အဖွဲ့ကို ခေါင်းဆောင်သူကား ရဲဘော်စိုင်းလင်းဖြစ်ပြီးလင်ထင်ကျာ (ဟွာချောင်ရဲဘော်) နှင့် ဝ ရဲဘော်နှစ်ဦးလည်း အတူပါလာခဲ့ပါသည်။

● ရဲဘော်စိုင်းလင်း
၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် မွေးဖွါးသော ဦးစိုင်းလင်းသည်ထိုစဉ်က ၂၃ နှစ်ခန့်သာရှိသေးသည့် အသားဖြူဖြူ မျက်ခုံးထူထူနှင့် ထောင်ထောင်မောင်းမောင်းနှင့် အရပ်အမောင်းကောင်းသည့် ရှမ်းလူငယ်တဦးဖြစ်သည်။ သူသည် ကြူ ကုတ်-ပန်ဆိုင်းဇာတိ မောရှမ်းလူမျိုးတဦးဖြစ်သည်။ မိမိတို့ကြူ ကုတ်ပန်ဆိုင်းရောက်သည့် ၁၉၇၆/၇၇ ကာလများတွင် သူ၏မိဘညီအကိုမောင်နှမများသည် ပန်ဆိုင်းမြို့မဈေးပတ်လည်တွင် နေထိုင်သည်ကို တွေ့ရသည်။ သူသည်ငယ်စဉ်က ထဲက လားရှိုးတွင်ကျောင်းနေခဲ့ပြီး လားရှိုးအလယ်တန်းကျောင်းတွင် အဌမတန်းထိပညာသင်ကြားခဲ့သည်။ ကျောင်းသား ဘဝက ရှမ်းပြည်နယ် ကျောင်းသား ဘတ်စကက်ဘောလက်ရွေးစင်တယောက်ဖြစ်ခဲ့ပြီး မန္တလေးကျောင်းသားပွဲတော်တွင် သူတို့အသင်းက ဗိုလ်စွဲခဲ့သေးသည်။ သူသည် မြန်မာပြည်ကျောင်းသားဘဝကို ဖြတ်သန်းပျော်ရွှင်ခဲ့ဘူးသူဖြစ်သည်ဟု ဆိုရ မည်။

သူသည် အရှေ့မြောက် CPB တပ်ဖွဲ့တွင်းသို့ ၁၉၆၈ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင်ဝင်ရောက်ခဲ့ပြီး ၃ဝ၃ စစ်ဒေသ ထောက်လှမ်း ရေးတပ်စိတ်တွင် တာဝန်ယူခဲ့သည်။ တပ်ထဲရောက်ခါစ အသက် ၂ဝ အရွယ် သွက်လက်ဖြတ်လတ်ရဲရင့်သည့် ဒေသခံရှမ်းလူငယ်တယောက်ဖြစ်ပြီး ဗမာစကား၊ ရှမ်းစကား၊ တရုတ်စကားတို့ကို ကျွမ်းကျင်စွာပြောဆိုနိုင်သူတဦးဖြစ်ပေရာ စစ်ဒေသခေါင်းဆောင်များ၏ မျက်စေ့ကျမှုကို ခံရသူဖြစ်သည်။ သူ၏ထောက်လှမ်းရေးတပ်စိတ်မှာလည်း တစတစ အင်အား ကြီးထွားလာခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် အင်အား ၁၂ဝ ခန့်ရှိသည့် ထောက်လှမ်းရေးတပ်ခွဲဖြစ်လာခဲ့ပြီး ဦးစိုင်းလင်းလည်း တပ်ခွဲ မှူးအဖြစ် တိုးမြှင့်တာဝန်ပေးခံခဲ့ရသည်။

၁၉၇၁ ခုနှစ်တွင် ၃ဝ၃ နှင့် ၄ဝ၄ စစ်ဒေသများ ပူးပေါင်း၍ အရှေ့မြောက်စစ်ဒေသဖွဲ့စည်းခြင်း၊ တပ်မဟာ ၂ ဖွဲ့စည်းခြင်းတို့ နှင့်အတူ ၈၁၅ စစ်ဒေသဖွင့်လှစ်ရန် စီစဉ်သည့်အချိန်တွင် ဦးစိုင်းလင်းအား ၈၁၅ စစ်ဒေသ ဖွင့်လှစ်ရာတွင် အမြုတေကေ ဒါများထဲ၌ ထည့်သွင်းရွေးချယ်ခဲ့သည်။ သို့နှင့် သူသည် သံလွင်မြစ်အနောက်ခြမ်းမှ ရှမ်းအရှေ့ မဲခေါင်မြစ်နဘေးသို့ ရောက်ရှိ လာခဲ့ပြီး အခါပြောက်ကျားများနှင့် ရှေ့ပြေးတွေ့ဆုံခဲ့သူဖြစ်လာတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။

မောင်မောင်စိုး

 

ဖိုးတို – ရဲဘော်စိုင်းလင်း

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags