မောင်စိန်သော် ● ပန်ယန်းဒေသတိုက်ပွဲ

April 1, 2018

● ပန်ယန်းဒေသတိုက်ပွဲ
(မိုးမခ) ဧပြီ ၁၊ ၂၀၁၈

ပန်ယန်း ဆိုတာ သံလွင်မြစ် အရှေ့ဘက် ၀ နယ်တောင်ပိုင်းမှာ ရှိပါတယ်၊ သံလွင်မြစ်အနောက်ဘက်ရှိ မိုင်းရှူး မြို့ရဲ့ အရှေ့မြောက်ဘက်လောက် ရှိလိမ့်မယ်လို့ မှန်းဆရပါတယ်။ ပန်ယန်းဟာ မြို့ငယ်ပုံ-အလယ်က လမ်းမ ကြီး၊ အိမ်တွေ တဖက်တတန်း စီဆောက်ထားတဲ့ ဈေးရွာကြီးပါ။ ရှမ်းလူမျိုး၊ ၀ လူမျိုးနဲ့ တရုတ်လူမျိုးတွေ နေထိုင်ကြတယ်။ ပူမုန်းတို့၊ စော်ဘွားတို့နေခဲ့ဖူးတဲ့ အိမ်ဟောင်းတွေလည်းရှိတယ်။ ဒါ့ပြင် ကာကွယ်ရေးဗိုလ် ဟောင်း လားဟူလူမျိုး ကြဆောဗိုလ် ခေါ် ဗိုလ်မီရ အဖွဲ့လည်းနေခဲ့တယ်လို့ သိရတယ်။ ကျွန်တော်တို့ရောက်စ ဗိုလ်မီရအိမ် ရှိသေးတယ်။ တောင်ကုန်းပေါ်မှာ ပျဉ်ခင်း ပျဉ်ကာ အိမ်တော်တော်ကြီးတယ်။ အစိုးရတပ် စခန်း ဟောင်းနေရာတွေလည်း ရှိတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီခေတ်မှာတော့ ပန်ယန်းဟာ ၀ တောင်ခရိုင်အောက် က ပန်ယန်းမြို့နယ်ဖြစ်သွားတယ်၊ ရန်သူခြေကုတ်စခန်းတွေရှိတဲ့ မော်ဖ၊ ယုန်အောဒေသနဲ့ နယ်မြေချင်း ထိစပ် နေလို့ တိုက်ပွဲများနဲ့ ရင်ဆိုင်နေရတဲ့ ရှေ့တန်းနယ်မြေလို့လည်း ဆိုနိုင်တယ်။ ပန်လျန်းကူးတို့ဆိပ် (သံလွင်မြစ် ကွေ့ကောက်စီးသွားတဲ့ နေရာလေး။ တချို့က ထိုနေရာကို ကြက်တူရွေးနုတ်သီးဒေသလို့ သင်္ကေတပြုတယ်)၊ ညပ်လဲကူးတို့ဆိပ်၊ တာမန်ဆုံကူးတို့ဆိပ်စတဲ့ သံလွင်မြစ်ကူး ကူးတို့ဆိပ်တွေဆိုတာ ပန်ယန်းမြို့နယ်ထဲမှာ ရှိပါ တယ်။

၁၉၇၄-၇၅ လောက်ကဖြစ်မယ်။ ခုနှစ် တိတိကျကျမပြောနိုင်ဘူး၊ မိုင်းရှူးကို ပြည်သူ့တပ်မတော် ၀င်တိုက်စဉ် ရန်သူလေတပ်က ပန်ယန်းကို ဗကပ နယ်ဆိုပြီး ဗုံးကြဲဖျက်ဆီးလိုက်တာ ပန်ယန်းဘုန်ကြီးကျောင်း မီးလောင်ပြာ ကျသွားတယ်တဲ့။ နောက်ပိုင်းကာလ ကျွန်တော်တို့ရောက်သွားချိန် မီးကျွမ်းထားတဲ့ တိုင်ဟောင်းတွေ ဘုရားပုံ တော်အပိုင်းအစ မီးသွေးခဲတွေနဲ့ ကျောင်းဝင်းနေရာဘဲ တွေ့ရတော့တယ်။

၁၉၈၅ ခုနှစ် တတိယအကြိမ်ပါတီကွန်ဂရက်အပြီး ပြည်သူ့တပ်မတော် တပ်ပြန်လည်ဖွဲ့စည်းရေးတွေ လုပ်တယ်။ တပ်မ တပ်တွေက တပ်မဟာတွေ ဖြစ်ကုန်တယ်။ ပန်ယန်းမြို့နယ်နဲ့ မန်မန့်ဆိုင်မြို့နယ် ကာကွယ်ရေးအတွက် အရှေ့မြောက်စစ်ဒေသက တပ်မဟာ (၇) ကိုဖွဲ့စည်းတယ်။ ၉၀၉၅၊ ၉၀၉၆၊ ၉၀၉၇၊ ၉၀၉၈၊ ၉၀၉၉ စတဲ့ တပ်ရင်း နံပါတ်တွေနဲ့ တပ်ရင်း (၅) ရင်း တပ်ဟောင်းတွေ အခြေခံပြင်ဆင် ဖွဲ့စည်းလိုက်တယ်။ နောက်တော့ ၉၀၉၆ တပ်ရင်းကို တပ်မဟာ (၅) ပေးလိုက်ရလို့ (၄) ရင်းဘဲကျန်တယ်။ ၁၉၈၆ ခု တညနေတွင် ကျွန်တော်တို့ မန်မန့်ဆိုင် တပ်မဟာရုံးမှာ တပ်မဟာမှူး ရဲဘော်ကြီး အိုက်လွန်း ဦးစီးပြီး အရေးပေါ် တပ်မဟာတိုးချဲ့ကော်မတီ အစည်းအဝေးလုပ်တယ်။ မြောက်ပိုင်းဗျူရိုဘက် မိမိတပ်သိမ်းယူထားတဲ့ ရွှေကျင်ဝမ်းတောင်ကုန်းတွေကို ရန်သူ က အကြီးအကျယ်ထိုးနေတယ်။ အဲဒါကို ဗဟိုနဲ့ အရှေ့မြောက်စစ်ဒေသက အကူအညီပေးဖို့ စစ်ဒေသတပ်မှူး (ပါတီဗဟိုကော်မတီဝင်) ရဲဘော်ဇော်မိုင် ညွှန်ကြားချက်အရ တပ်မဟာ (၇) က အင်အားဖြည့်တပ်ရင်းတရင်း ဒုတပ်မဟာမှူး ရဲဘော်အိုက်ကျုံ ဦးစီးနဲ့၊ ဗဟို ကင်းတပ်မဟာမှ ထုတ်နုတ်တပ်ရင်းတရင်း ဒုတပ်မဟာမှူး ရဲဘော်ဆန်ဗလူး ဦးစီးတို့ သံလွင်အနောက်ဘက်ကူးပြီး၊ တန့်ယန်းတ၀ိုက် အမြန်ထိုးဖောက်လှုပ်ရှားရန် ချက် ပြင်ဆင် ထွက်ဖို့ တပ်မဟာမှာဆွေးနွေးစီစဉ်ကြခြင်းဖြစ်တယ်။ အစည်းအဝေးပြီးတာနဲ့ ဗဟိုတပ်နဲ့ ချိန်းချက် လုပ် ကျွန်တော်တို့ဆီက ဒုတပ်မဟာမှူး ရဲဘော်အိုက်ကျုံတို့ တပ်မဟာရုံးကထွက်သွားကြတယ်။ နောက်ရက် တွင် သူတို့တပ်နှစ်တပ် ပူးပေါင်းအဖွဲ့ သံလွင်မြစ်ကူးသွားပြီ ဖြစ်ကြောင်း အကြောင်းကြားလာတယ်။

ဒီရက်ပိုင်းမှာဘဲ စစ်ဒေသက အရေးကြီးသတင်းတခု ရောက်လာပြန်တယ်၊ သတင်းက ပန်ယန်းကို ရန်သူ တပ်မ ၇၇ က ထိုးစစ်ဆင်ဖို့လာနေပြီ။ တပ်မဟာ ၇ အနေနဲ့ ရှိတဲ့တပ်စုစည်းပြီး ပန်ယန်းကာကွယ်ရေး အမြန်ချီတက် ရန် ညွှန်ကြားချက် ရောက်လာတယ်။ တဆက်ထည်း သံလွင်မြစ်ကူးသွားတဲ့ တပ်ဖွဲ့နှစ်ဖွဲ့လည်း ပန်ယန်းဘက် အမြန်ပြန်ကူးလာရန် ညွှန်ကြားထားပြီဖြစ်ကြောင်းလည်း အကြောင်းကြားလာတယ်။ တပ်မဟာမှူးက ဆွေးနွေး ပြီး ကျွန်တော့်ကို ပန်ယန်း အမြန်ချီတက်ရန် တာဝန်ပေးတယ်။ ကျွန်တော်တို့တပ်မဟာ ၇ က ၉၀၉၉ တပ်ရင်း က ပန်ယန်းမှာ ရှိရင်းစွဲတပ်ဖြစ်တယ်။ ၉၀၉၆ တပ်ရင်းက ဒုတပ်မဟာမှူး ရဲဘော်အိုက်ကျုံနဲ့ သံလွင်မြစ်ကူး လှုပ်ရှားရေး ပါသွားပြီ။ ဒါပေမဲ့ ပန်ယန်းမှာ ပြန်ဝင်လာလိမ့်မယ်။ လောလောဆယ် ကျွန်တော်တို့နဲ့အတူ ထုတ်သုံးနိုင်တာ ၉၀၉၅ တရင်းရှိတယ်။ သူက အရင် ၀ တောင်ခရိုင်တပ်ဟောင်း ဖြစ်တယ်။ တပ်ရင်း ဒုနိုင်ငံ ရေးမှူး ရဲဘော်အိုက်ရှင်နဲ့တပ်တွေပါ။ ကျွန်တော်တို့တပ်မဟာမှ ညနေပိုင်း ခန့်မှန်း ၁၆၀၀ ချိန်ခန့် ထွက်လာကြ တယ်။ အရေးကြီးနေချိန်ဖြစ်လို့ ပန်ယန်းကို ညခရီးချီတက်ကြရတယ်။ လမ်းမှာ ညစာချက်စားရင်း နားတာ လောက်ဘဲ ရှိတယ်။ တညလုံးချီတက်ကြတာ နောက်နေ့ နေ့ခင်းလောက်မှ ပန်ယန်းရောက်သွားတယ်။ ကျွန်တော်တို့ ပန်ယန်းရောက်ချိန် စစ်ဒေသစစ်ဦးစီးဌာနက စစ်ဦးစီးမှူး ရဲဘော်လီထင်တို့ အဖွဲ့လည်းရောက်နေ ပြီ။ ရဲဘော်မြမောင်တို့ရုံးအဖွဲ့တွေလည်း ပါတယ်။ ဗဟိုက ရဲဘော်အောင်ငွေတို့လက်နက်ကြီးအဖွဲ့တွေလည်း ယုန်အန်းဘက်ရောက်နေတယ် ကြားရတယ်။ နောက် ရဲဘော်လေးမောင်၊ ရဲဘော်စိုးမြတ်၊ ရဲဘော်ထွန်းမြတ်တို့ ကန အဖွဲ့တွေလည်းရောက်နေကြတယ်။ ကျွန်တော်တို့တပ်မဟာက ၉၀၉၉ တပ်ရင်း ပန်ယန်း အနောက်တောင် ဘက် ငှက်ကန်မှာ နေရာယူထားတယ်။ ပန်ယန်းတ၀ိုက်ကို မူလမြို့နယ်တပ်တချို့နဲ့ ပြည်သူ့စစ်တချို့ နေရာယူ ထားတာရှိတယ်။ ရောက်ရောက်ချင်း စခန်းဟောင်းတွေစစ်ဆေး၊ နောက်ထပ် ရန်သူဝင်နိုင်တဲ့လမ်းကြောင်း တွေ နေရာထပ်ယူ၊ ခံစစ်ကောင်းကောင်းနဲ့ ရန်သူကိုတုံ့ပြန်နိုင်ရန် ပြင်ဆင်ကြတယ်။ ပန်ယန်းကြော ဆင်းလိုက် ရင် ဘယ်ဘက်မှာ ၀ ရွာတရွာရှိတယ်။ ရွာအရှေ့ဘက်က တပ်စခန်းဟောင်းမှာ မြို့နယ်ကလား မသိဘူး၊ ဒီ စခန်း ရှေ့ဆုံးဆိုပြီး အလေးထားနေရာယူခဲ့တယ်။ တကယ်က သူ့နောက် ပန်ယန်းကြောအဆက် ဘယ်ဘက်က တောင်ကြောက ပန်ယန်းလုံခြုံရေး အရေးပါတဲ့ကြောဖြစ်နေတယ်။ ဒီတောင်ကြော နေရာယူထားဖို့ အမြန်ပြင် ဆင်ကြရတယ်။  ရန်သူ တကယ်ထိုးမှာလား၊ သတင်းက တိကျရဲ့လား၊ အစပိုင်း တရက်နှစ်ရက် သံသယ ဖြစ်နေကြသေးတယ်။ သံလွင်မြစ်ကူးသွားတဲ့တပ်တွေလည်း ပန်ယန်း ၀င်လာကြပြီ။ ပွဲကြီးပွဲကောင်းတော့ တွေ့ရတော့မယ်။ အရင် ပြည်သူ့တပ်မတော် တပ်မ ၆၈ က တပ်ရင်းတရင်းနဲ့ အမြောက်တပ်ကရဲဘော်တွေ လည်း ရောက်လာတယ်။ တညနေမှာ ရန်သူက ခေါက်မူတောင်ကြောနောက်က ကုန်းတွေပေါ်ကနေ ပန်ယန်း ဈေးရွာတည့်တည့်ကို အမြောက်နဲ့လှမ်းထုတယ်။ တော်တော်ဝေးတဲ့နေရာက လှမ်းပစ်နေတာ၊ တောင်ပေါ်ပစ် ၇၆ မမ ထင်တယ်။ ပစ်တဲ့နေရာက အနည်းဆုံး မီတာ ၇၀၀၀, ၈၀၀၀ လောက်ရှိလိမ့်မယ်။ ပန်ယန်းရှိ အရပ်သား ပြည်သူတွေတော့ လှုပ်လှုပ်ရွရွနဲ့ စိုးရိမ်နေကြတယ်။ အဲဒီနေ့ မိုးချုပ်ခါနီးလောက် ပေါ်တာ (အထမ်းသမား) တယောက်နှစ်ယောက် ထွက်ပြေးလာတာရှိတယ်။ ပေါ်တာတွေ ကျွန်တော်တို့ သေချာခေါ်မေးတော့ သံလွင်မြစ် ကူးလာတဲ့ရန်သူ သိပ်များတယ်။ လဲချား၊ မိုင်းကိုင် ဘက်မှာလည်း ပေါ်တာအရမ်းဆွဲတယ်။ ပြည်အလယ် ပိုင်းလူထုလည်း ပေါ်တာဆွဲမှာစိုးလို့ ရှောင်တိမ်းနေရတာ များတယ်။ ခင်ဗျားတို့အထင် ရန်သူ သံလွင်မြစ်ကူး တာ ဘယ်လောက်ရှိလဲ မေးတော့ သုံးလေးထောင်ရှိမယ်လို့ ပေါ်တာတွေကပြောတယ်။ ပေါ်တာချည်းဘဲ နှစ်ထောင်သုံးထောင် လောက်ရှိမယ်လို့ပြောနေတယ်။ ဟုတ်ရဲ့လား မေးတော့ ဟုတ်ပါတယ်။ အထမ်းသမား တွေထမ်းရတာ လက်တောက်ခုံတွေလည်း ထမ်းခိုင်းတယ်လို့ သူတို့ကပြောတယ်။ ကျွန်တော်တို့ထဲမှာ ရန်သူ ထိုးမထိုး သံသယစိတ်တွေ ကြေပျက်သွားပြီ။

စစ်ဦးစီးဌာနအတွက် သဲမြေပုံလုပ်မယ် ပြောနေတာ မောင်လူမင်း ဆိုတဲ့သူ။ လက်တွေ့က လုပ်ဖူးပုံမရဘူး။ သဲမြေပုံက မပီပြင် မရှင်းမလင်း ဖြစ်နေတယ်။ နံနက်ပိုင်းဆွေးနွေးပွဲအပြီး ကေဒါတွေ သဲမြေပုံကြည့်၊ ရန်သူ အခြေအနေ ရှင်းလင်းဖို့ခေါ်စဉ် ၉၀၉၆ ရင်းမှူး ရဲဘော်ဆိုက်တောင်း နဲနဲသောက်ထားတယ်နဲ့တူတယ်။ မင်းတို့ သဲမြေပုံတွေ ဘာတွေ လုပ်မနေနဲ့၊ ငါတို့နားမလည်ဘူး။ ပန်ယန်းမြေအနေအထား ငါတို့သိတယ်-ဘာတယ်နဲ့ စကားများနေတယ်။ သူက သံလွင်မြစ် ဟိုဘက်ကမ်းက ပြန်ကူးလာတဲ့သူ။ တိုက်ခိုက်ရေးလည်း တစုံတရာ အတွေ့အကြုံရှိတယ်။ ပန်ယန်းနယ် ကျွမ်းတယ်ဆိုတာလည်း အမှန်ဘဲ၊ သူတို့ပန်ယန်းနယ် လှုပ်ရှားဖူးသူတွေ ဖြစ်တယ်။ နောက် အိမ်တအိမ်ဝင်ထိုင်ကြစဉ် တပ်မ ၆၈ အမြောက်တပ်က ရင်းမှူး၊ မျက်နှာမကြည်မလင်နဲ့ မင်းတို့ စကားသိပ်များတယ်၊ မင်းတို့ ဘာအတွေ့အကြုံရှိလဲ ဘာညာနဲ့ဖြစ်နေတယ်။ ကျွန်တော် အံအားသင့်သွား တယ်၊ ဘာများမကျေနပ်နေကြလဲလို့ စဉ်းစားစရာဖြစ်နေတယ်။ နောက် လူမင်းတို့ထသွားမှ ခင်ဗျားကိုပြောတာ မဟုတ်ဘူး၊ မျက်လုံးကို လက်နှစ်ဘက်ကွင်းပြပြီး အဲဒီမျက်မှန်နဲ့လူ စကားသိပ်များတယ်။ တို့လက်နက်ကြီးတွေ ကို ဘယ်လိုထား၊ ဘယ်လိုကောင်းတယ်ဆိုပြီး လာလုပ်နေတယ်လို့ပြောမှ သူတို့မကြိုက်တာ မကျေလည်တာ သဘောပေါက်သွားတော့တယ်။

၁၉၈၆ ခုနှစ်ဘဲ။ ရက်လ အတိအကျမမှတ်မိဘူး။ ကျွန်တော်တို့ နံနက်စာစားပြီး ပန်ယန်းကြောဘေးက လျှိုထိပ် မှာ ဒုတပ်မဟာမှူး အိုက်ကျုံအဖွဲ့နဲ့အတူ ရန်သူလာလမ်းကို သစ်ပင်တွေ အကာအကွယ်ယူ စောင့်ကြည့်နေ တယ်။ ဘေးကရော ရှေ့ကရော စက်လတ်အပါ ရဲဘော်တချို့နေရာယူထားပြီ။ သျှိုအထက် တောင်ကြောပေါ် က ဆန်ဗလူးတို့အဖွဲ့ လက်နက်ကြီးတွေ ၅၇ မမတွေနဲ့ အသင့်နေရာယူထားတယ်။ ကျွန်တော်တို့နဲ့ ဘေးတိုက် အထက်အောက် ဖြစ်နေတယ်။ ကျွန်တော်တို့ရှေ့ ခပ်လှမ်းလှမ်းဆီမှ ရန်သူက ပစ်ရှင်းဝင်လာတယ်။ တဒိန်းဒိန်း နဲ့ အသံပေးဝင်လာတာမျိုးဖြစ်နေတယ်။ အံသြစရာဘဲ။ မသင်္ကာဖွယ် တောတွေ ခြုံတွေပစ်ရှင်းနေတဲ့ သဘော ဘဲ။ သေနတ်သံတွေ ရပ်သွားလိုက် ပစ်ရှင်းလိုက်ဖြစ်နေတယ်။ ကျွန်တော်တို့ဆီမှာလည်း မှန်ပြောင်းတွေပါကြ တယ်၊ ဘာထူးခြားမှုမှ ရှာမရဘူးဖြစ်နေတယ်။ ဒီအချိန် ကျွန်တော်တို့ခေါင်းပေါ်က ၅၇ မမ နဲ့ ၇၅ ပါ နှစ်လုံး ပစ်ထည့်လိုက်တယ်။ ဆက်တိုက် စက်လတ်တွေ စက်သေနတ်ကြီးတွေရော တချီတည်း ဒုံးဒုံးဒိုင်းဒိုင်းနဲ့ တရစပ် မွှေ့ရမ်းပစ်လိုက်ကြတယ်။ ရန်သူက အတော်ကြာမှ ၈၁ မမတို့ ဘာတို့နဲ့ ပြန်ပစ်တယ်။ ဝေါကီတော့ကီနဲ့ ဆက် မေးတော့ အပေါ်က ရဲဘော်ဆန်မလူးအဖွဲ့က မင်းတို့ရှေ့တည့်တည့် ခပ်ဝေးဝေးမှာ မြင်းတွေ့လို့ ပစ်ထည့်လိုက် တာလို့ ပြန်ပြောတယ်-တဲ့။ နောက်မှသိရတာ ရန်သူ ခမရ ၁၀၄ ဒုရင်းမှူး တင်မောင်လေး တက်လာတာ ထိသွားတယ်ကြားတယ်။ ရန်သူက အသံသိပ်လုံတယ်။ တက်လာတာ ကျွန်တော်တို့အောက်လမ်းဘက်ကနေ ပတ်ဝင်ဖို့ ကြိုးစားတာ။ အတွင်းတောင် တော်တော်ရောက်နေပြီလို့ သိရတယ်။ ကျွန်တော်တို့ ပထမတချီ မွှေ့ရမ်းပစ်ထည့်လိုက်တာ ရန်သူ ဒုရင်းမှူးအပါ တော်တော်ထိလို့ ဆုတ်သွားတယ်လို့သိရတယ်။ အိုက်ကျုံက ရန်သူက ခြေလုံလက်လုံလေ့ကျင့်ထားတာ သိပ်ကောင်းတယ်၊ အထင်မသေးနဲ့လို့ပြောနေတယ်။ အဲဒီနေ့က တကယ်ကတက်ရှင်းရမှာ ရှေ့ကတိုက်တဲ့အဖွဲ့က ရန်သူထွက်ပြေးတာ ရှေ့ပြေးကင်းလောက်ထင်နေတာ။ တကယ်က စစ်ကြောင်းတခု ၀င်လာတာတဲ့။ တက်ရှင်းချေမှုန်းရင် ရန်သူ ဦးကျိုးသွားနိုင်တယ်။ ပြဿနာ ရှေ့က တိုက်တဲ့အဖွဲ့က ရန်သူအခြေအနေ မဆုပ်ကိုင်မိ၊ နောက်က စစ်ဒေသစစ်ဦးစီးဌာနက ရန်သူထိနေတာ သိနေ တယ်။ သို့ပေမဲ့ ရှေ့နောက်အဆက်အသွယ် မကောင်းဖြစ်သွားတယ်။ နောက်မှ ဗဟိုစစ်ဦးဌာန ရဲဘော်တင်ရီ (ဗဟိုစစ်ကော်မရှင်အတွင်းရေးမှူး)၊ ရဲဘော်စိုးချစ်၊ ရဲဘော်ဝင်းသိန်းတို့အဖွဲ့လည်း ရောက်လာတယ်။ ရန်သူက ဆက်ထိုးလိမ့်မယ် မိမိတို့ဘက်ကလည်း ၈၁၅ စစ်ဒေသတပ်တွေ လာလိမ့်ဦးမယ်လို့သိရတယ်။

အဲဒီနေ့ညနေ အတော်မှောင်နေပြီ။ ရဲဘော်အိုက်ကျုံနဲ့ ကျွန်တော်တို့ဆွေးနွေးတယ်။ ငှက်ကန်ဘက် ရန်သူထိုး လိမ့်မယ်။ ပန်လျန်း ငါတို့တပ်ကဆုတ်လိုက်ပြီ။ အဲဒါ ၉၀၉၅ တပ်ခေါ်၊ မင်းတို့ အဲဒီဘက်သွား၊ ၉၀၉၉ နဲ့ ပေါင်းခံ ထား။ ငှက်ကန် ကျလို့မဖြစ်ဘူး။ ဆုံးဖြတ်ကြပြီး ညတွင်းချင်း ၉၀၉၅ ဒုနိုင်ငံရေးမှူး ရဲဘော်အိုက်ရှင်နဲ့ ကျွန်တော် တို့တပ်ရင်းတရင်း ငှက်ကန်ဘက် အားဖြည့်လိုက်တယ်။ ညမှာ ဒုနိုင်ငံရေးမှူး အိုက်ရှင်က မြင်းပါယူလာလို့ ပစ္စည်းတချို့တင်ခဲ့သေးတယ်။ ကျွန်တော်တို့အဖွဲ့ ထွက်လာစဉ် ငှက်ကန်ဘက်ကုန်း ရန်သူကလှမ်းပစ်နေတာ တွေ့နေရတယ်။ မခေဆုန် ဆိုတဲ့ရွာ အရင်ဝင်၊ ငှက်ကန်ရွာနဲ့ မခေဆုန်က မဝေးဘူး၊ နောက်မှ ငှက်ကန်ရွာထဲ မှာ ၉၀၉၉ ရင်းရုံးရှိရာ သွားတယ်။ ရင်းနိုင်ငံရေးမှူး ရှိတယ်။ သူနဲ့ အရင်တွေ့၊ အခြေအနေ နားလည်ယူတယ်။ ငှက်ကန်ထိပ်ကတောင်ကုန်းကို ရန်သူက ကျွန်တော်တို့မရောက်မီလေးမှာ တကြိမ်တက်ထိုးသေးတယ်။ ကုန်း ပေါ်မှာ ၉၀၉၉ ဒုနိုင်ငံရေးမှူး ရဲဘော်လိုတစမ်း ဆိုတာရှိတယ်။ တပ်ခွဲတခွဲနီးပါး ကော်နီလော့ ခေါ် စက်လတ်ပါ တပ်ဆင်ထားတယ်။ စစ်ဒေသအမြောက်တပ်ခွဲကလည်း ရဲဘော်သန်းမောင်တို့ ၈၂ မမ နဲ့ ထောက်ကူပေးထား တယ်။ တပ်ကရဲဘော်တွေ စဉ်းစားချက်မဆိုးဘူး။ တောင်ကုန်းဘယ်ဘက် လျှိုထိပ်အတက်မှာ သစ်ပင်ထူထူ တွေကြား စခန်းတခုနေရာယူထားတယ်။ ရန်သူ ထင်မထားတဲ့နေရာဖြစ်မယ်။ တောင်ကုန်းထိုးဖို့ တက်လာတဲ့ ရန်သူ အဲဒီအောက်စခန်းကဆီးချတာ ရန်သူထိသွားတဲ့သဘောရှိတယ်။ ညနေပိုင်း ရန်သူလာထိုးတာ ဒီကပြန် ချတော့ ရှေ့မတက်နိုင်၊ ကမန်းကတန်းပြန်ဆုတ်တာ ဒဏ်ရာရ ကျန်နေရစ်တယ်ထင်တယ်။ တညလုံး အော်သံ ညည်းညူသံတွေ အဲဒီဘက်ကကြားနေရတယ်လို့ စခန်းတာဝန်ယူထားတဲ့ ဒုခွဲမှူးကပြောတယ်၊ ဒါနဲ့ ၉၀၉၉ ရင်း နိုင်ငံရေးမှူးနဲ့တိုင်ပင်ပြီး ရန်သူထိုးလာတဲ့လမ်းကြောင်းကို လက်ရွေးစင်တပ်ဖွဲ့ငယ်တဖွဲ့ ဆင်းရှင်းခိုင်းလိုက် တယ်။ ကျွန်တော်တို့လည်း ပွိုင့်စခန်းမှာ ထိုင်စောင့်ကြည့်နေတယ်။ လာထိုးတဲ့ရန်သူ ဆုတ်ပြေးတဲ့လမ်းက သေနတ်နှစ်လက်ရလိုက်တယ်။ ကာဘိုင်တလက်နဲ့ ဂျီတူးတလက် ရန်သူမကောက်နိုင်ဘဲ ထွက်ပြေးသွားခြင်း ဖြစ်တယ်။ သွေးတွေ ဒဏ်ရာရတဲ့လူ ဆွဲသွားတဲ့အရာတွေ တွေ့တယ်လို့လည်း ဆင်းရှင်းတဲ့ရဲဘော်တွေက ပြော တယ်။ ရန်သူတပ်မ ၇၇ က ခလရ ၆ ထင်တယ်၊ ဒုဗိုလ်မှူးကြီးသိန်းကြိုင်လား သန်းကြိုင်ဆိုလား တာဝန်ယူတဲ့ တပ်ရင်းတရင်းလုံး ငှက်ကန်နဲ့ပန်လျန်းကြားရှိ လမ်းကြောတခုလုံး တန်းစီနေရာယူထားတယ်။ ပန်လျန်းစခန်း ကိုလည်း ရန်သူသိမ်းထားတယ်။ မကြာခဏ မိမိဘက်ကို ရန်သူက လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ ကျွန်တော် တို့မြင်းတွေ ကျောပိုးအိတ်တွေ ပစ္စည်းတွေစောင့်ဖို့ လွတ်ကင်းရာ ရဲဘော်ငယ်လေးတွေရွေးပြီး စောင့်ခိုင်းထား တယ်။ ဖြစ်ချင်တော့ ရန်သူလက်နက်ကြီး ကျော်ကျတာနဲ့ဝင်တိုးလို့ ရဲဘော်ငယ်လေးတယောက် လက်နက်ကြီး ကျည်ထိ ကျသွားတယ်။ ကျွန်တော့်မြေပုံတွေအပါ ကျောပိုးအိတ်တွေလည်း လက်နက်ကြီးကျည်ထိလို့ ပေါက်ပြဲ ကုန်တယ်။ ကျသွားတဲ့ရဲဘော်လေးက သိပ်မကျန်းမာသူလေးပါ။ နေ့ခင်းပိုင်း ရှိတဲ့ရဲဘော်တွေစု သင်္ဂြိုလ်လိုက် တယ်လို့သိရတယ်။ နောက်ရက်တွေမှာ နောက်ပိုင်းက ပြည်သူ့စစ်တယောက် လက်နက်ကြီး ကျည်ထိသေး တယ်လို့ သိရတယ်။ နေ့ခင်းဆိုရင်လည်း လေကြောင်းရန်လွတ်ရာ နေ့စဉ်လိုလိုရှောင်နေကြရတယ်။

ငှက်ကန်နဲ့ လျှိုတခုခြားနေတဲ့ တဖက်တောင်ကြောက ကောင်းကန်တောင်ကြော ဖြစ်တယ်။ တောင်ကြောပေါ် မှာ ကောင်းကန်ရွာရှိတယ်။ အဲဒီမှာ ၉၀၉၅ တပ်ရင်းက အားဖြည့်တပ်စုတစု နေရာယူပြီး ကောင်းကန်တဖက် သံလွင်မြစ်နဲ့ကြားက တောင်ကြောပေါ်ကိုလည်း ၉၀၉၅ မှ တပ်ခွဲတခွဲ နေရာယူခိုင်းထားတယ်။ အဲဒီမှာ ၉၀၉၅ ရင်းဒုနိုင်ငံရေးမှူး ရဲဘော်အိုက်ရှင် တာဝန်ယူဖို့ ဆုံးဖြတ်တယ်။ အဲဒီစခန်းက တောထူ၊ အောက်ခြေခြုံတောတွေ ရှုပ်တယ်။ ပန်လျန်းကရန်သူ မခေဆုန်ကုန်းတို့ဘက် မတိုးနိုင်အောင် ရှေ့ကပိတ် နေရာယူခိုင်းခြင်းဖြစ်တယ်။ သူတို့ဆီမှာ ကော်နီလော့စက်လတ်တလက်နဲ့ ၆၀ မမ ရှိတယ်။ တပ်မ ၆၈ က လက်နက်ကြီး ပစ်ကူကလား မသိဘူး၊ လန်ကင်ခတ်လို့ ခေါ်တဲ့ ချင်းလူမျိုးရဲဘော်တယောက်လည်း မခေဆုန်မှာတွေ့တယ်။ သူနဲ့ ရန်သူ့အခြေ အနေ နားလည်ယူရတာ အတော်လေးအဆင်ပြေတယ်။ ကျွန်တော်တို့ကိုလည်း ခင်ခင်မင်မင်ရှိတယ်။ တရက် မှာ ပန်ယန်းဘက်ရှိ ဒုတပ်မဟာမှူး ရဲဘော်အိုက်ကျုံက အစည်းအဝေးခေါ်လို့ ကျွန်တော် ပန်ယန်းပြန်သွားရ သေးတယ်။ ပန်ယန်းမှာ (ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်) ရဲဘော်တင်ရီတို့ ရှေ့တန်းစစ်ဦးစီးရုံး လည်းရှိနေတယ်။ ရန်သူ ပန်ယန်းဘက်ထိုးမယ်ဆိုတဲ့သတင်းရနေတယ်။ အဲဒါ ရန်သူကို ဘယ်လိုခံတိုက်ရင် ကောင်းမလဲ ဆွေးနွေးကြခြင်းဖြစ်တယ်။ ရန်သူက ခေါက်မူ ဆိုတဲ့ ရွာဟောင်းလားမသိဘူး၊ အဲဒီတောင်ကြော ဘက်မှာ နေရာယူထားတာ မဆုတ်ဘူး။ ရန်သူ ရှေ့တန်းတပ်မ ၇၇ ရုံးတောင် အဲဒီဘက်ရောက်နေတယ် သတင်းရနေတယ်။ ပန်ယန်းကိုထိုးစစ်ဆင်ဖို့ လမ်းကြောင်းတွေကများတယ်။ ဒါကြောင့် ခံစစ်ယူထားရတဲ့ လမ်းကြောင်းတွေလည်း များနေတယ်။ ယုန်အန်းဘက်က တနေရာ၊ ပန်ယန်း တနေရာ၊ ငှက်ကန်ဘက် တနေရာ မိမိဘက်က ၃ နေရာလောက် ခံစစ်ယူ အသင့်စောင့်နေကြတယ်။ ဆွေးနွေးပွဲအပြီး ကျွန်တော်တို့ ပန်ယန်း ရှိနေစဉ် တရက်မှာ ပန်ယန်းကို ရန်သူထိုးလိမ့်မယ် ဆိုတဲ့သတင်းရပြန်တယ်၊ ပန်ယန်းကြောအဆက် ဘယ်ဘက်က တောင်ကြောဘက် ရန်သူလာနိုင်တယ်ဆိုပြီး ကျွန်တော်တို့တပ်တွေ ကတုတ်တွေတူး ခံစစ်ပြင် စောင့်နေတယ်။ ထင်တဲ့အတိုင်း ရန်သူတက်လာထိုးတယ်။ ကျွန်တော်တို့ ရဲဘော်မြမောင်တို့ ရန်သူထိုးတဲ့ တောင်ကြောပေါ်မှာ ရှိတယ်။ မိမိရှေ့ဆုံးပွိုင့်စခန်းကို အကြိမ်ကြိမ် ရန်သူက လက်နက်ကြီးပစ်လိုက် တက်လာ ထိုးလိုက် လုပ်နေတယ်။ မိမိဘက်တပ်ကလည်း အကြိမ်ကြိမ်လှန်ချပစ်နိုင်တယ်။ ရဲဘော်မြမောင် ရှေ့ပွိုင့်ဘက် ထိ လိုက်ကြည့်နေတယ်။ သူ့နောက်ကလိုက်သွားတဲ့ ဒုခွဲမှူးတယောက် မိုင်းထိတယ်။ သေတော့မသေဘူး၊ ခြေထောက်ဖြတ်လိုက်ရတယ်။ ရန်သူလည်းထိတယ်။ အစောပိုင်းတက်လာတဲ့ ရန်သူအလောင်းတွေ ကျန်နေ တာ မကောက်နိုင်ဖြစ်နေတယ်။ ဒီအလောင်းတွေက မိုင်ကွင်းထဲမှာ၊ ဘယ်ဘက်ကမှမကောက်နိုင်လို့ အနံ့တွေ က နောက်ပိုင်းထိ အဲဒီတ၀ိုက်မှာ မခံနိုင်လောက်အောင်ဆိုးတယ်။ ဒီတိုက်ပွဲမှာ မိမိဘက် ခွဲအဆင့်ကေဒါ တယောက်လည်း ကျဆုံးတယ်။ ပေါ်တာတွေလည်း မကြာခဏ အသုတ်လိုက်ထွက်ပြေးလာတယ်။ အဲဒီအထဲ မှာ ဒေသသားသူလျှိုတယောက် ရန်သူလမ်းပြအဖြစ်သုံးလာတာ ပြန်ဖမ်းမိလို့ အရေးယူလိုက်ရတယ်လို့လည်း ကျွန်တော် ငှက်ကန်ရောက်နေစဉ် ကြားရသေးတယ်။ ယုန်အန်းဘက်မှာတော့ ရဲဘော်အောင်ငွေတို့ လက်နက် ကြီးအဖွဲ့က ရဲဘော်ချစ်အောင်၊ ရဲဘော်ကျော်လေး၊ ရဲဘော်မောင်မောင်တို့လည်း ရှိနေတယ်။ ရဲဘော်ချစ်အောင် ပန်ယန်းဘက် ရောက်လာတာ တွေ့သေးတယ်။

တရက် နံနက်ပိုင်းမှာ ကျွန်တော်တို့ငှက်ကန်ဘက်ကို ရဲဘော်အိုက်ကျုံနဲ့ ရဲဘော်ဆန်ဗလူးတို့ တပ်မဟာကေဒါ တွေ ခေါင်းဆောင်ပြီး လက်နက်ကြီးတွေအပါ တပ်တွေနဲ့ရောက်လာကြတယ်။ သူတို့ပြောတာက မင်းတို့ ငှက်ကန်ဘက် ရန်သူထိုးလိမ့်မယ်။ မြေအနေအထား ကြည့်ရအောင် ပြောလို့ ငှက်ကန်တ၀ိုက် မြေနေရာတွေနဲ့ ကောင်းကန်ကြောကို ငှက်ကန်ဘက်ကလိုက်ကြည့်ကြတယ်။ နေရာတော်တော်များများ ကျွန်တော်တို့ ခံစစ်ယူ ထားတဲ့ တပ်တွေနဲ့ ပြည့်နေပြီ။ ကောင်းကန်ကြောဘဲ တပ်ပါးပါးချထားတာကျန်တယ်- ပြောလိုက်လို့ အဲဒီဘက် အရေးကြီးတယ်ဆိုပြီး လက်နက်ကြီးတွေပြင် နေရာယူလိုက်ကြတယ်။ အဲဒီအချိန်အတွင်းမှာဘဲ ကောင်းကန် ကြောပေါ်က ရန်သူသေနတ်သံတွေ ထွက်လာတယ်။ ကျွန်တော် ၉၀၉၅ က ရဲဘော်အိုက်ရှင်တို့ ခံနိုင်မလား စိုးရိမ်သွားတယ်။ ဒီအချိန် ရဲဘော်အိုက်ကျုံက ဒီဘက်က စက်သေနတ်နဲ့ လက်နက်ကြီးတွေ ကောင်းကန်ဘက် ရန်သူသေနတ်သံ ထွက်တဲ့ဆီပစ်လို့ အမိန့်ပေးလိုက်တယ်။ ဒုံးဒုံး ဒိုင်းဒိုင်းနဲ့ ပစ်ခတ်သံတွေ မိနစ်အနည်းငယ် လောက် ဆူညံသွားတယ်။ ကျွန်တော့်ကို ကောင်းကန်ကြောထိပ်ကနေ ၉၀၉၆ တပ်တွေနဲ့ ထိပ်တိုက်ဖိချဖို့ စက်သေနတ်ကြီးပါ ယူသွားခိုင်းတယ်။ လျှိုကိုပတ်ပြီး တောင်ကြောထိပ်ပြေး ပြီးမှ ကြောပေါ်ကပြေးဆင်းရတာ မလွယ်ဘူး။ စက်သေနတ်ကြီးကိုတော့ တောင်ကြောထိပ် နေရာယူခိုင်းလိုက်တယ်။ အဲဒီမှာ ကျွန်တော် ပြော လိုက်တာက ရှေ့ကကိုယ့်ရဲဘော် ထိုးနေရင် နောက်က မင်းစက်သေနတ် အရမ်းမပစ်နဲ့လို့ သေချာပြောထား ခဲ့တယ်။ စက်သေနတ်သမားလည်း မပစ်ဘူး။ (အဲဒီကိစ္စ တိုက်ပွဲပြီးတဲ့အချိန် ရဲဘော်ဆန်ဗလူးက အဲဒီဘက်က စက်သေနတ်သံ မကြားရဘူး လုပ်နေသေးတယ်။ တိုက်ပွဲအတွေ့အကြုံများသူဆိုတော့ အကွက်စေ့အောင် ကြည့်တတ်သူပါလားလို့ အံ့သြရတယ်) ကျွန်တော်က ရှေ့မှာတိုက်နေတဲ့ ၉၀၉၆ ရဲဘော်တွေနဲ့ ကောင်းကန်ထဲ ရောက်နေတယ်။ ဒီကောင်းကန်တိုက်ပွဲဟာ ပန်ယန်းတိုက်ပွဲစဉ်ထဲမှာ ချေမှုန်းရေးပွဲလို့ ဆိုရမယ်၊ ရန်သူ ၁၀ ယောက်ကျော် ၂၀ နီးပါး ချေမှုန်းလိုက်တယ်။ လက်နက်ငယ် ၁၀ လက်ကျော်၊ ကျည်မျိုးစုံ ၂ သောင်းကျော် ၃ သောင်းလောက်သိမ်းဆီးရလိုက်တယ်၊ နောက် ရန်သူ ၇၅ မမ နောက်ပွင့်အမြောက် တလက်ပါရလိုက်တယ်။ မိမိဘက်က တယောက်ကျဆုံးတယ်။ သုံ့ပန်းတော့ တယောက်မှမမိလိုက်ဘူး။ မိမိတပ်က နောက်က ဖြတ်ပိတ် မရ ဖြစ်နေတယ်။ ရန်သူရည်ရွယ်ချက်က ပန်ယန်းကနေ သံလွင်မြစ်ဘက်သွားတဲ့ မခေဆုန်ကုန်းတွေ မရောက် မီ လွယ်ဟိုမော် ဆိုတဲ့ကုန်း တက်ယူပြီး၊ ပန်ယန်းနောက်ကနေ ကျွန်တော်တို့ကို ၇၅ နဲ့ ခြိမ်းခြောက်ထားဖို့ အလစ်အငိုက်ရမယ်ထင်ပြီး တက်လာတာနဲ့တူပါတယ်။

ဒီကာလအတွင်း မြောက်ပိုင်းဗျူရိုဘက် ရွှေကျင်ဝမ် တာပန်တောင်ကုန်းတွေ ရန်သူရသွားတယ်ဆိုတဲ့ သတင်းနဲ့ ကျူကုတ်၊ ပန်ဆိုင်းကိုလည်း မိမိဘက်တပ်များ ဆုတ်ပေးလိုက်လို့ ထိုစဉ်က ကာချုပ်ဗိုလ်စောမောင် ပန်ဆိုင်းဝင် အောင်ပွဲလာခံသွားကြောင်း မြန်မာ့အသံက လွှင့်သွားတယ်ဆိုတဲ့သတင်းလည်း ကြားရကြောင်း ရဲဘော်တချို့ ပြောလို့သိရတယ်။ ပန်ယန်းကိုလည်း တပ်မ ၇၇ ကသိမ်းယူဖို့ ကြံထားပုံရတယ်။ တော်တော်နဲ့ ပြန်မဆုတ်ဘူး။ ဗဟိုစစ်ကော်မရှင် အနေနဲ့လည်း ပန်ယန်းကို တတ်နိုင်သလောက် ခုခံကာကွယ်သွားဖို့ ဆုံးဖြတ်ထားပုံရတယ်။ တရက်မှာ မိမိ ပြည်သူ့တပ်မတော် ညီနောင်တပ်ဖြစ်တဲ့ ၈၁၅ စစ်ဒေသမှ တပ်ကေဒါ ရဲဘော်တချို့ ကျွန်တော် တို့ငှက်ကန်ဘက် ရောက်လာတယ်။ သူတို့နဲ့ တပ်ရင်းနှစ်ရင်းလောက် ပါလာပုံရတယ်။ တပ်တွေက တနေရာမှာ ထားတယ်။ မြေအနေအထားကြည့်ဖို့ ငှက်ကန်ကခံစစ်ကုန်းတွေ ကျွန်တော်တို့လိုက်ပြလိုက်တယ်။ အခါ ရဲဘော် တပ်မှူးတချို့ တွေ့ရတယ်။ ပန်ယန်းတိုက်ပွဲစဉ်မှာ ရန်သူတပ်မ ၇၇ အနေနဲ့ ပန်ယန်းဘက်က တကြောင်း ထိုးလိုက်၊ ငှက်ကန်ဘက်က တကြောင်းထိုးလိုက်နဲ့လုပ်နေတာ ရက်တချို့ကြာသွားပြီ။ သူ့အတွက် တွက်ခြေ မကိုက်၊ ထိုးလိုက်တိုင်း သေကြေဒဏ်ရာရ များနေတယ်။ ကျွန်တော်တို့ရဲ့ ရှေ့ဆုံးရှိ ပန်လျန်းစခန်းကိုတော့ ရန်သူက အလစ်ရ သိမ်းပိုက်နိုင်လိုက်တယ်။ နောက်ပိုင်း ဒီပန်လျန်းစခန်း ရန်သူရှေ့ကျွံ ထိန်းထားနေရတာကို ကျွန်တော်တို့ဘက်က အခွင့်ကောင်းယူ တိုက်နည်းပရိယာယ်တခု ကျင့်သုံးနိုင်လိုက်တယ်။

အရင်ဆုံး ပန်လျန်းရှိရန်သူ့စခန်းကို အင်အားတချို့သုံး ထွက်ပေါက်မပေးဘဲ ၀ိုင်းထားလိုက်တယ်။ ပန်လျန်းရှိ ရန်သူအရာရှိ မခံနိုင်ဘူး၊ သူတို့ကိုကယ်ဖို့ အကူအညီတောင်းတော့တယ်။ မိမိဘက်က တွက်ထားတဲ့အတိုင်း ရန်သူတပ်ကူတွေ လာမယ်ဆိုတာသိလို့ ၈၁၅ ကတပ်တွေက လမ်းကဖြတ်စောင့်ထားတာနဲ့ ၀င်တိုးတော့တယ်။ တိုက်ပွဲက ညနေပိုင်းမှာဖြစ်တယ်။ ကျွန်တော်တို့ကောင်းကန်ရွာထဲက ကြည့်နေတာ မြင်နေရတယ်။ ၈၁၅ တပ် တွေကို လီမင်းရှင် ခေါ် ဦးစိုင်းလင်းကိုယ်တိုင် ကောင်းကန်ရွာထဲကနေ တိုက်ရိုက်ညွှန်ကြားတယ်။ တိုက်ပွဲက ၂ ချီ ၃ ချီ ဖြစ်တယ်၊ ပန်ယန်းတိုက်ပွဲစဉ်မှာ ဒီလမ်းဖြတ်တိုက်ပွဲကျမှဘဲ သုံ့ပန်းမိတော့တယ်။ သုံ့ပန်း ၂ ယောက် ၃ ယောက်လား မိတယ်၊ တယောက်က စစ်မြေပြင်မှာသေတယ်တဲ့။ သုံ့ပန်း ၂ ယောက် ငှက်ကန်ဘက်ရှိ ကျွန်တော်တို့ဆီ လာအပ်တယ်။ ကျွန်တော်တို့လည်း မခေနုတ် ဆိုတဲ့ရွာမှာ ကျေးရွာခေါင်းဆောင်တွေနဲ့ အတူရှိ နေတယ်။ ပေါ်တာတချို့ထပ်ပြေးလာသူတွေလည်း အတူရှိနေစဉ် ရွာလူကြီးတွေထဲက ရှမ်းဘာသာနဲ့ ဒီရန်သူ သုံ့ပန်းတွေ သင်းချိုင်းပို့လို့ပြောနေတယ်။ ဒါတကယ့်အဖြစ်အပျက်ပါ။ ကျွန်တော်က မရဘူး။ ပါတီပေါ်လစီအရ ပြန်လွှတ်ရမှာဖြစ်ကြောင်း ရှင်းပြရတယ်။ သူတို့က အဓိကတရားခံ မဟုတ်ဘူး။ သူတို့ကိုခိုင်းနေတဲ့ နောက်က အာဏာရ ဗိုလ်ချုပ်ကြီးတွေက အဓိကတရားခံဖြစ်ကြောင်း သေချာပြောပြရတယ်။ သုံ့ပန်းတွေက စကား နား မလည်ဘူး။ သူတို့ခမျာ အဖမ်းခံထားရတာ ဘာစိုးရိမ်စိတ်မှ ရှိပုံမရ၊ ဗမာစကားပေါက်သူတွေနဲ့ စကားပြောနေ ကြတာ မိတ်ဟောင်းဆွေဟောင်းတွေ ပြန်တွေ့နေသလို ပြောနေကြတယ်။ ကျွန်တော်တို့ကတော့ ပါတီရဲ့ သုံ့ပန်း ပေါ်လစီအတိုင်း ကျင့်သုံးတာဖြစ်တယ်။

တရက်မှာ တိုက်ပွဲက မဂ္ဂဇင်းလေးတအုပ်ရလို့ ထိုင်ဖတ်ကြည့်နေစဉ်၊ လူနာတယောက် ထမ်းလာတာမြင်လို့ ဘယ်မှာ ဘယ်လိုဖြစ်လာတာလဲ ကြည့်လိုက်တော့ အရပ်သား ရှမ်းလူမျိုးတယောက် ပေါ်တာအဖြစ်ကနေ ကျွန်တော်တို့ဘက် ပြေးဝင်လာတာ မိုင်းနင်းမိ ဒဏ်ရာရလို့ ထမ်းလာတာဖြစ်နေတယ်။ ဒဏ်ရာကြည့်တော့ အသက်ကယ် ရနိုင်ဖွယ်မရှိ၊ ခြေထောက် ဒူးအောက်က ရစရာမရှိ မကြည့်ရက်လောက်အောင်ဖြစ်နေတယ်။ ရဲဘော်တွေလည်း ဒါကို ပတ်တီး ပတ်ပေးထားတယ်။ လူနာကတအားနာပြီး လူးလှိမ့်နေတာ ထမ်းစဉ်ပေါ်က လျှောကျတဲ့အထိဖြစ်နေတယ်။ ဒီလူနာ နောက်ဆုံးအချိန်ဖြစ်နေပြီ။ ဘာကူညီနိုင်မလဲ ကျွန်တော်စဉ်းစားတယ်။ အနာသက်သာအောင် ဆေးထိုးခိုင်းတော့ ဆေးမှူးလေးက ထိုးထားတယ်တဲ့။ ကျွန်တော် လူနာအနားကပ်ပြီး နာမည်ပြောပြပါ ဆိုတော့ နန်ဒေါတဲ့။ နေရပ် မုန်းကောင်၊ ဇနီး အိယင်တဲ့။ ကျွန်တော် သူ့ရှေ့မှာ ရေးမှတ်တာ လုပ်တယ်။ နာရီပိုင်းအတွင်းမှာဘဲ ဆုံးသွားတော့တယ်။ ပန်လျန်းနဲ့ ငှက်ကန်ကြားမှာလည်း သံလွင်မြစ် အနောက်ဘက်က ပလောင်တယောက် ပေါ်တာဘ၀နဲ့ မိုင်းထိဆုံးလို့ သင်္ဂြိဟ်ပေးလိုက်ရတာ ရှိသေးတယ်။ ဒါတွေက ပြည်သူတွေ လက်တွေ့ခံစားနေရတဲ့ ပြည်တွင်းစစ်အနိဋ္ဌာရုံတွေ ဖြစ်တယ်။
နောက် ပန်လျန်းဆိုတာ ရှမ်းရွာဖြစ်တယ်၊ (ကြက်တူရွေးနုတ်သီးဒေသ) ကူးတို့ဆိပ်ရွာဖြစ်တယ်။ ဘုန်းကြီး ကျောင်းနဲ့။ ကျွန်တော်တို့အရင်ရောက်စဉ် ကျောင်းပေါ်မှာ ရွာကလူကြီးတွေက ဘုန်းကြီးနားမှာ၊ ရှမ်းစကား၊ ရှမ်း သီချင်းတွေနဲ့ ကက်ဆက်တွေ ဘာတွေဖွင့်လို့ နေပျော်တဲ့ရွာပါဘဲ။ မော်ဖဘက် ရန်သူရောက်ပြီး နောက်ပိုင်း ပန်လျန်းက စစ်မြေပြင်ဖြစ်သွားပြီ။ တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်၊ လေယာဉ်နဲ့ဗုံးကြဲ ဆိုတော့၊ ရွာရော ကျောင်း ရော မီးလောင်ပြာကျ၊ ဘာမှမရှိတော့ဘူး။ တပ်စခန်းက တပ်ကရဲဘော်တွေဘဲရှိတော့တယ်။ လယ်တွေ ယာ တွေလည်း မိုင်းထိဘာထိနဲ့ ဘယ်သူမှ မလုပ်ရဲကြဘူး ဖြစ်နေတယ်။ တနေ့ လေကြောင်းရန် ရှောင်ရင်းတိမ်းရင်း ၉၀၉၆ ဒုရင်းမှူး ရဲဘော်အိုက်ပုန်းနဲ့အတူ ရွာတွေနဲ့လွတ်ရာ တောတွေထဲသွားကြရင်း တောင်ယာတဲပုံစံ တဲငယ် လေးနှစ်လုံးလောက်တွေ့တယ်။ တဲနားဖြတ်သွားစဉ် မမျှော်လင့်ဘဲ တွေ့နေကျ အပျိုရွယ်ရှမ်းအမျိုးသမီးလေး တယောက် တွေ့တယ်၊ ရုပ်ရေ မဆိုးဘူး။ အမြဲပြုံးနေလေ့ရှိတယ်။ ကျွန်တော်က သူ့ကိုသိတယ်။ သူလည်း သိပုံ ရတယ်။ ဟာ မင်းတို့ ဒီမှာနေကြလားလို့ ရှမ်းလိုမေးတော့ ဟုတ်တယ်တဲ့။ သူ့အနားမှာ အမေအိုဖြစ်ပုံရတယ်၊ အဲဒီအဖွားကြီးဘဲရှိတယ်။ မင်းတို့ အရင်ပန်လျန်းကလား မေးတော့ ဟုတ်တယ်တဲ့။ ဒုရင်းမှူးရဲဘော်အိုက်ပုန်း က ခင်ဗျား အိမ်ထောင်နဲ့ခလေး မေ့နေပြီထင်တယ် လှမ်းနောက်နေသေးတယ်။ ကျွန်တော် စိတ်တွင်းဖြစ်နေတာ ရဲဘော်အိုက်ပုန်းမသိ၊ ဒီရှမ်းမလေး ရောက်နေတဲ့နေရာက ပန်လျန်းနဲ့ တော်တော်လှမ်းတယ်။ ပြည်သူတွေ တော်တော် ဒုက္ခရောက်ပါလား၊ ကြည့်စမ်း၊ မိန်ခလေး အပျိုရွယ် တောထဲတောင်ထဲ အမေအိုနဲ့ နေနေရတာ။ တခါတရံ ပန်ယန်းဈေးမှာတွေ့တယ်။ အဖေတို့ မောင်တို့ အစ်ကိုတို့ကော ရှိပါသေးလား ကျွန်တော် ဆက်မမေး တော့။ ဒါမျိုး လူစိတ်မရှိသူတွေ တွေ့ရင် ဘယ်လိုဖြစ်မလဲ စဉ်းစားရင်း ကျွန်တော် စိတ်မကောင်းဖြစ်ခဲ့မိတယ်။ ဒါတွေကြောင့် ဒေသသားတွေက သုံ့ပန်းကို သင်းချိုင်းခေါ်သွားခိုင်းတာ ဖြစ်မယ်လို့တွေးမိတယ်။ ဒါက စစ်မြေ ပြင်က တကယ့်ခံစားချက်တချို့ တင်ပြတာပါ။

ပန်ယန်းဒေသတိုက်ပွဲ ချုပ်လိုက်ရင် တိုက်ပွဲဖြစ်တဲ့အကြိမ်ပေါင်းမနည်းဘူး၊ ရန်သူ့ထိုးစစ်ကို မိမိတို့ ခံစစ်ဆင် တိုက်ရတာဖြစ်လို့ ထိခိုက်ဒဏ်ရာ မများဘူး။ တလနီးပါးအကြာ ရန်သူတပ်မ ၇၇ ရဲ့ထိုးစစ်တပ်တွေ ပန်လျန်း စခန်းကပါ အားလုံးဆုတ်သွားတယ်။ တိုက်ပွဲစဉ်အတွင်း မိမိ ၅ ဦးကျ၊ ဒဏ်ရာလည်း မိုင်းထိအပါ ၅ ဦး ၆ ဦးခန့် ဘဲ ရှိပါတယ်။ ရန်သူ သေကြေ အလောင်းတွေ့ရတာ ၂၀ ကျော်၊ ဒဏ်ရာလည်းများမယ်။ လက်နက် ၁၂ လက် လား ၁၅ လက်လား မမှတ်မိ၊ ၇၅ မမ အမြောက်တလက်ပါသိမ်းရတယ်၊ ကျည်မျိုးစုံ သောင်းချီရတယ်။ ပန်ယန်း ကို ရန်သူမ၀င်နိုင်အောင် ကာကွယ်နိုင်ခြင်းက မိမိရည်ရွယ်ချက် အောင်မြင်တယ်ဟု ပြောရမယ်ဖြစ်ကြောင်း နိဂုံးချုပ်တင်ပြပါတယ်။

မောင်စိန်သော်
(၀၇-၉.-၂၀၁၅)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်