မောင်မောင်စိုး ● နှင်းဆီနီအိပ်မက်များ (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၆၄)

April 2, 2018

မောင်မောင်စိုး ● နှင်းဆီနီအိပ်မက်များ (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၆၄)
(မိုးမခ) ဧပြီ ၂၊ ၂၀၁၈

● ၈၁၅ စစ်ဒေသ ဖွဲ့စည်းခြင်း
ဆွေးနွေးသဘောတူညီချက်များရပြီးနောက် တရုတ်ပြည်နယ်စပ်တွင်လေ့ကျင့် သင်တန်းပေးထားသောအခါ ပြောက်ကျား ၃ဝဝ ကျော်နှင့် CPB ကေဒါ အင်အား ၄၂ ယောက်အားပူးပေါင်းပြီး ၈၁၅ စစ်ဒေသအား ဖွဲ့စည်းခဲ့သည်။ သြဂုတ်လ ၁၅ ရက်နေ့တွင် ထူထောင်ခဲ့သည့် CPB ပါတနေ့အထိမ်းအမှတ်အဖြစ် စစ်ဒေသအမည်ကို ပေးအပ်ခဲ့သည်။

CPB မှလာသူများကို ရဲဘော်ဖေသောင်း ခေါ် ဦးဘသန်းက ဦးဆောင်သည်။ ရဲဘော်ဖေသောင်းသည် ဘေကျင်းပြန် တ ယောက်ဖြစ်သည်။ ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလက မြန်မာပြည်သို့ ပြန်ရောက်ပြီး မြစ်ဖျားတိုင်းတွင် တာဝန်ပေး ခံရသူဖြစ်သည်။ မြစ်ဖျားတိုင်းပျက်သောအခါအရှေ့မြောက်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ၈၁၅ စစ်ဒေသအား ဦးဆောင်ရန် တာဝန်ပေးအပ်ခံရပြီး ၁၉၇၅ ခုနှစ်တွင် ပါတီဗဟိုကော်မတီဝင်တဦးဖြစ်လာသည်။

၈၁၅ စစ်ဒေသ နိုင်ငံရေးမှူး ရဲဘော်ဖေသောင်း ခေါ် ဦးဘသန်း၊ တပ်မှူး ရဲဘော်ဇော်ဆိုင်း  (ကွေ့ကျိုးရဲဘော်ဟောင်း)၊ ဒုနိုင်ငံရေးမှူး ရဲဘော်သန်းမောင်  (စစ်ချွမ်းရဲဘော်ဟောင်း)၊ စစ်ဦးစီးဌာနမှူး ရဲဘော်စိုင်းလင်း၊ နိုင်ငံရေးဌာန ဌာနမှူး ဦး ကျော်သန်း ခေါ် အောင်ဖေလေး (စစ်ချွမ်းရဲဘော်ဟောင်း)၊ နိုင်ငံရေးဌာနဒုဌာနမှူး ဦးအောင်ဖေကြီး (စစ်ချွမ်းရဲဘော် ဟောင်း) စသည့် CPB မှ လာသည့်ကေဒါများဖြင့်ဦးဆောင်ဖွဲ့စည်းပြီး အခါပြောက်ကျား ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးလော်ရီဖြိုး၊ ဦးဟယ်ရွင်၊ ဦးချစ်ဖြောင်တို့အား ၈၁၅ စစ်ဒေသပါတီကော်မတီဝင်များအဖြစ် တာဝန်ပေးခဲ့သည်။

CPB မှလာသည့် တပ်ဖွဲ့ဝင် ၄၂ ယောက်တွင် တရုတ်၊ ဗမာ၊ ၊ ဝ လူမျိုးစုံပါလာပြီး ထောက်ပံ့ရေး၊ ဆေးရုံ၊ ဆက် သွယ်ရေးစသည့် ထောက်ကူပြုတပ်ဖွဲ့များတွင် တာဝန်ပေးထားခဲ့သည်။ ထောက်ပံ့ရေးမှူးအဖြစ် စစ်ချွမ်းရဲဘော်ဟောင်း ဝမ်ပူကျန်း (ဗမာနံမည်မေ့နေ)၊ ဒုဌာနမှူးဦးလှမောင်  (စစ်ချွမ်းရဲဘော်ဟောင်း)၊ ဆေးရုံအုပ်အဖြစ် ဦးကျော်လွင်  (စစ်ချွမ်းရဲ ဘော်ဟောင်း)၊ ဒုဆေးရုံအုပ်အဖြစ် လော်မေရင်း (ရဲဘော်သန်းမောင်၏ဇနီး) တို့က တာဝန်ယူသည်။ ကြေးနန်း ဆက်သွယ် ရေးအား ရဲဘော်ဖေသောင်းနှင့်အတူ မြစ်ဖျားတိုင်းမှပါလာသူများဖြစ်သည့် ကိုကျော်ဆန်း ခေါ် ကိုအောင်နိုင်၊ စိုင်းငင်းခေါ် ထွန်းချို၊ တုန်စစ်ဖန် (အောင်ဖေကြီး၏ဇနီး) တို့က တာဝန်ယူသည်။ စစ်ဒေသရုံးအုပ်အဖြစ် မသန်းသန်းဝင်း  (ဟွာချောင် ရဲဘော်) ကတာဝန်ယူသည်။

ထို့အတူ CPB တပ်ဖွဲ့ဝင် ၄၂ ဦးနှင့်အတူ ပါလာသည့် လီဝေ့မင်၊ လီလောက်ချီ၊ လင်ဟူဝှေ့၊ လီကျင့်မင်၊ လီတဲ့စင်း၊ ယန်ဟုန် ရှင်း၊ ပေါက်ယိုဝှါ၊ စသည့် ဝ လူမျိုး ရဲဘော်များ၊ လီလောက်ဆစ်၊ လီဆုဟွာစသည့် ယီလူမျိုး ရဲဘော်များသည်လည်း တိုက် ခိုက်ရေးတပ်ဖွဲ့များတွင် တာဝန်ယူကြသည်။

တိုက်ခိုက်ရေးတပ်ဖွဲ့အား မူလအခါပြောက်ကျား အင်အား ၃ဝဝ ခန့်အား အခြေပြု၍ တပ်ခွဲ ၁၊ တပ်ခွဲ ၃၊ တပ်ခွဲ ၅ ဟူ၍ ခြေလျင်တပ်ခွဲ ၃ ခွဲနှင့်ဌာနချုပ်အထူးတပ်ဖွဲ့၊ အမြောက်တပ်ဖွဲ့တို့ကို ဖွဲ့စည်းသည်။ အမြောက်တပ်ဖွဲ့တွင် ၆ဝ မမ မော်တာ၊ ၅၇ မမ နောက်ပွင့်၊ ၈၂ မမမော်တာနှင့် ပွိုင့် ၅ စက်သေနတ်တို့ပါဝင်ကြသည်။ သို့နှင့် မူလက မီးကျိုးမောင်းပျက် သေနတ် များ၊ တူမီးများ၊ ဒါးများဖြင့် ဖွဲ့စည်းထားသော အခါပြောက်ကျားတပ်ဖွဲ့သည် ခေတ်မီလက်နက်နှင့် တစုံတရာစနစ်ကျ သည့် လက်ရုံးတပ်ဖွဲ့များ၊ သစ်လွင်သည့်ဖွဲ့စည်းမှုများနှင့်အတူ CPB တပ်ဖွဲ့အဖြစ်ပေါ်ထွက်လာခဲ့သည်။ နောင် ရှမ်းပြည်အရှေ့ပိုင်း တွင် တိုက်ရည်ခိုက်ရည်ရှိသည် CPB “ကော်တပ်” ဟူသော အမည်ဖြင့်ထင်ရှားလာခဲ့တော့သည်။  (ထိုဒေသရှိ အခါ ခေါ် အာခါ လူမျိုးများကို ယခင်က အီကောဟုခေါ်ကြသည်။ အီကောအမည်မှ အဖျားဆွတ်၍ ကောတပ်၊ ကော်တပ်ဟုခေါ်ကြခြင်း ဖြစ်သည်။ ယခုအခါ အဆိုပါ အီကောဟူသောအမည်ကို တိုင်းရင်းသားတို့ကိုယ်တိုင် လက်ခံခြင်းမရှိ၍ အခါ ဝါ အာခါဟူ၍ ပြောင်းလဲသုံးစွဲခဲ့ပြီဖြစ်ပါသည်။)

● ၈၁၅ စစ်ဒေသထူထောင်ခြင်း
သို့နှင့် ၁၉၇၁ ခုနှစ် အောင်တိုဘာလ ၅ ရက်နေ့တွင် မိုင်းစော့၊ မိုင်းဟဲဒေသ အရှေ့ဖက်အစွန်ဆုံး တရုတ်နယ်စပ်ရှိ ပါ့စာရွာ၊ ဖာလုံရွာများသို့ စတင်ဝင်ရောက်ခဲ့ပြီး ပါ့စာရွာတွင် ၈၁၅ စစ်ဒေသဌာနချုပ်အား အခြေပြုခဲ့သည်။ CPB ၈၁၅ စစ်ဒေသတပ်ဖွဲ့၏ ပထမဆုံးတိုက်ပွဲမှာ ၁၉၇၁ ခုနှစ်နိုဝင်ဘာ ၁၄ ရက်နေ့တွင်ဖြစ်ပွါးခဲ့သည်။ လာအိုနယ်စပ်ရှိ ကူမင်တန်နှင့်ပေါင်းနေသော အခါအဖွဲ့အားဦးဆုံးစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လာအိုရှိ CIA နှင့်ပေါင်းသော အခါအဖွဲ့များကတော့ လာအိုနယ်တွင်း ဝင်သွားခဲ့ပြီဖြစ်သည်။ ထိုတိုက်ပွဲမှအစပြု၍ ၁၉၇၁ ခုနှစ်အကုန်တွင် ယခု နန်းပန်းဒေသဟုခေါ်တွင်သော မိုင်းစော့၊ မိုင်းဟဲ ဒေသအား ၈၁၅ တပ်ဖွဲ့က ထိမ်းချုပ်ထားနိုင်ခဲ့သည်။

ကူမင်တန်တပ်ကြွင်းတပ်ကျန်များအား မောင်းထုတ်ပြီးနောက် ၁၉၇၁ ခုနှစ် ဒီဇင်ဘာလတွင် အစိုးရစစ်ကြောင်းတကြောင်း သည် မိုင်းယောင်း၊ မိုင်းယုမှတဆင့် မိုင်းဟဲအထိ ဝင်ရောက်လာခဲ့ပြီး စခန်းထိုင်ခဲ့သည်။ သို့နှင့် ၁၉၇၂ ခုနှစ်မှစ၍ အစိုးရတပ်နှင့် တိုက်ပွဲများစတင်ဖြစ်ပွါးခဲ့တော့သည်။ မိုင်းယုအနီး ဝမ်ဖြဲ၊ ပန်လယ်တို့တို့တွင် တိုက်ပွဲဖြစ်ပွါးပြီး သုံ့ပမ်း ၂ ဦးစတင်ဖမ်းမိခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ၈၁၅ တပ်ဖွဲ့များ ဝမ်စော့၊ ဝမ်ဖိုင်တောင်ကြော (မိုင်းစော့၊ မိုင်းဟဲဒေသ အနောက်ဖက်၊ မိုင်းယု မြောက်ဖက်) သို့ စတင်ဝင်ရောက်ခဲ့ပြီး နယ်မြေသစ်များ စတင်ထိမ်းချုပ်သည်။ ဝမ်စော့၊ ဝမ်ဖိုင်ရွာများသည် အခါရွာ များမဟုတ်ဘဲ လွယ်ရွာများဖြစ်ကြသည်။ အိမ်ခြေ ၂ဝဝ ကျော်ရှိသည့် ရွာကြီးများဖြစ်သည်။ မိုင်းစော့၊ မိုင်းဟဲဒေသ တွင်အခါ ရွာ အများစုဖြစ်သော်လည်း မိုင်းစော့၊ မိုင်းဟဲအနောက်ဖက်တကြောတွင် ဝမ်စော့၊ ဝမ်ဖိုင်အပါ လွယ်ရွာ ၁၄ ရွာခန့်ရှိသည်။

ဝမ်စော့၊ ဝမ်ဖိုင်တောင်ကြော၏ တောင်ခြေ  (ဝမ်စော့၊ ဝမ်ဖိုင်၏တောင်ဖက်ခြမ်း) နမ့်လွေချောင်းတဝိုက်တွင် မိုင်းဝ၊ ကျိန်း ခမ်း၊ ကျိန်းရဲစသည့် ရှမ်းရွာများရှိသည်။ ကျိန်းရဲကား နမ့်လွေချောင်း မြောက်ဖက်တွင်ရှိပြီးချောင်းတဖက်ကမ်းတွင် အစိုးရ တပ်များထိမ်းချုပ်ထားသည့် မိုင်းယုရှိသည်။ထိုစဉ်က မိုင်းဝ၊ ကျိန်းခမ်းကွင်းအတွင်း မိုင်းဝစော်ဘွားအနွယ် စဝ်ပူပန်ဦးစီးသည့် ရှမ်းလက်နက်ကိုင်များရှိသည်။ ထိုဒေသသို့ CPB ၈၁၅ တပ်ဖွဲ့များဝင်ရောက်လာသည့်အခါ ရှမ်းလက်နက်ကိုင်အများပိုင်းထွက် ပြေးကြသော်လည်း စဝ်ပူပန်နှင့် အင်အားအနဲငယ်မှာ ထွက်ပြေးခြင်းမရှိပေ။ သို့နှင့် CPB ၈၁၅ တပ်ဖွဲ့သည် ဝမ်စော့၊ ဝမ်ဖိုင် ရွာများမှ ပလောင်များ၊ မိုင်းဝ၊ ကျိန်းခမ်းမှ ရှမ်းလက်နက်ကိုင်များအား စည်းရုံးပြီး တပ်ခွဲ ၇ ဟူ၍ တပ်ဖွဲ့သစ်တခု တိုးချဲ့ဖွဲ့ စည်းနိုင်ခဲ့သည်။

တချိန်တည်းတွင် မိုင်းဝ၊ ကျိန်းခမ်းကွင်း၏ အနောက်တောင်ဖက်တွင်ဝမ်ကျင်း စမ်တောက်ဟူသည့် လွယ်ရွာ ၃၆ ရွာခန့်ရှိ သည့် ပေ ၄ဝဝဝ နှင့် ၅ဝဝဝ ကျော်မြင်မားသည့် တောင်ကြောရှိသည်။  (မှတ်ချက်။ ၈၁၅ စစ်ဒေသအတွင်းရှိ လွယ်များအား အချို့ပလန်ဟုခေါ်ဆိုကြပြီး ပလောင်မျိုးနွယ်ဟူ၍ဆိုသူများလည်းရှိသည်။ အချို့ကလည်း လွယ်လ ခေါ် ဝ မျိုးနွယ်ဟုလည်း ဆိုကြသည်။ ၎င်းတို့၏ဘာသာစကားမှာလည်း ဝ နှင့်တူသည်လည်းရှိသည်။ တအာင်းပလောင်နှင့်တူသည်လည်း ရှိသည်။ ဤအချက်နှင့်ပတ်သက်၍ တိုင်းရင်းသားမျိုးနွယ်စု ဆင်းသက်ပုံနှင့် ဘာသာစကားသုတေသီများ စနစ်တကျသုတေသနပြု ရမည့် အချက်ဖြစ်ပေတော့သည်။)

ဝမ်ကျင်စမ်တောက် တောင်ကြောတွင် ကူမင်တန်များနှင့်၎င်း၊ ၁၉၅၈ ခုနှစ် ခုန်ပျံကျော်လွှားရေးကာလက ထွက်ပြေးလာသော တရုတ်ပြည်မှမြေရှင်မိသားစုနှင့်၎င်း ပူးပေါင်း လွယ်လက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့ရှိသည်။ အိုက်စူး  (လွယ်)၊ အိုက်စမ်စူး (လွယ်)၊ အာလဖီရှီ (အခါ) စသည့် ၃ ဦးက အသီးသီး ခေါင်းဆောင်ကြသည်။ ဝမ်ကျင် စမ်တောက်တောင်ကြောတွင် လွယ် ရွာ ၃၆ ရွာရှိပြီး အခါရွာ ၅ ရွာခန့်သာရှိသည်။ အခါပြောက်ကျားများကို အခြေခံထားသည့် ၈၁၅ စစ်ဒေသအဖို့ ထိုဒေသကို စည်းရုံးရန်အတန်ငယ်ကြိုးပမ်း အားထုတ်ရန်လိုနေသည်။ဝမ်စော့ ဝမ်ဖိုင်ရှိ လွယ်ရွာများမှာ တရုတ်နယ်စပ်တွင်ရှိ၍ စည်းရုံး သိမ်းသွင်းရန် မခက်ခဲခဲ့သော်လည်း ဝမ်ကျင် စမ်တောက်ရှိ လွယ်ရွာများမှာ ကူမင်တန်နှင့် ပူးပေါင်းနေသည်သာမက အစိုးရ စစ်ကြောင်းများနှင့်လည်း နီးကပ်နေသည်။ သာမန်စည်းရုံးသိမ်းသွင်းရုံနှင့် မရနိုင်ပေ။ တိုက်ခိုက်ရန်လိုအပ်နေခဲ့သည်။

သို့နှင့် ၈၁၅ တပ်ဖွဲ့များသည် ၁၉၇၂ ခုနှစ် အောက်တိုဘာလတွင် ဝမ်ကျင်းရှိ လွယ်ကာကွယ်ရေးများကို စတင်တိုက်ခိုက်ခဲ့ သည်။ အဆိုပါတိုက်ခိုက်မှု များဖြစ်ပွါးပြီး အစိုးရတပ် စစ်ကြောင်းတကြောင်းသည် မိုင်းမ ကွင်းမှဝမ်ကျင်း စမ်တောက်တောင် ကြောသို့ ဝင်ရောက်နေရာယူလာခဲ့သည်။ ၈၁၅တပ်ဖွဲ့များက ဝမ်ကျင်းအရှေ့ဘက် ထပ်ပုံရွာတဝိုက်တွင် တပ်စွဲပြီး ပြန်လည် ရင်ဆိုင်ထားခဲ့ရတော့သည်။

၈၁၅ တပ်ဖွဲ့များသည့် မိုင်းစော့၊ မိုင်းဟဲဒေသကို သိမ်းပိုက်ပြီးနောက်ထိုဒေသ အနောက်ဖက်ရှိ ဝမ်စော့၊ ဝမ်ဖိုင်နှင့် မိုင်းဝ၊ ကျိန်းခန်း ဒေသကိုဆက်လက်ချုပ်ကိုင်ခဲ့သည်။ မိုင်းဝတောင်ဖက်သို့ထိုးဆင်းပါက အစိုးရတပ်များထိမ်းချုပ်ထားသော မိုင်း ယု၊ မိုင်းယောင်းဒေသဖြစ်သည်။ မိုင်းဝ၊ ကျိန်းခန်း အနောက်တောင်ဖက်တွင် အထက်တွင်ဖေါ်ပြခဲ့သည့် လွယ်ကာကွယ် ရေးများချုပ်ကိုင်ထားသော ဝမ်ကျင်းစမ်တောက်ရှိသည်။ မိုင်းဝ၊ ကျိန်းခန်း၏အနောက်ဖက်တောင်ကြောများကို ဖြတ်ဆင်း သွားပါက မိုင်းလားကွင်းနှင့်မိုင်းမကွင်းရှိသည်။ အဆိုပါမိုင်းလားနှင့် မိုင်းမကွင်းသည် ဝမ်ကျင်း၊ စမ်တောက် တောင်ကြောမှ ဆိုလျင် အနောက်မြောက်ဖက်တွင်ရှိသည်။

မိုင်းလားကွင်းအတွင်း၌ ဝမ်လုံ၊ ဝမ်တုံ၊ ဝမ်ကျင်ဖ၊ ဝမ်မိုင်တောက်စသည့် ရှမ်းရွာများရှိသည်။ မိုင်းမကွင်းအတွင်း၌ ဝမ်ပေါင်၊ ဝမ်ကော့၊ ဝမ်ဆာ၊ ဝမ်ရှို၊ ဝမ်လျံ၊ ဝမ်ကတ်၊ ဝမ်ပုံ၊ ဝမ်တောက်၊ ဝမ်လောင်စသည့် ရှမ်းရွာများရှိသည်။ မိုင်းမနှင့်မိုင်းလားသည် တောင်များအလယ်မှ မြေပြန်လွင်ပြင်ဖြစ်ပြီး နမ့်မချောင်း ဝဲယာတွင် ရွာများတည်ထားသည်။ နမ့်မချောင်း ဝဲယာတွင်လယ် ကွင်းများပေါများပြီး ဆန်ရေစပါးပေါများသည်။ မိုင်းလားကွင်းသည်တရုတ်နယ်စပ်၌ရှိပြီး မိုင်းလား အနောက်တောင်ဘက် ဆက်ရက်တွင် မိုင်းမကွင်းရှိသည်။ မိုင်းမကွင်းဆုံးလျင် လွယ်ကြူ ဆိုင်း၊ လွယ်ဆမ်ဆုံ တောင်ကြောများအစီအရီရှိသည်။ ထိုတောင်ကြောများ၏ အခြေတွင် နမ့်လွေချောင်းကဝိုင်းပတ်စီးဆင်နေပြီး တဖက်ကမ်းကတော့ ကျို င်းတုံ အရှေ့ဖက်က တောင်ကြောများဖြစ်သည်။  (ယခုတော့ အဆိုပါတောင်ကြောများကြား နမ့်လွေချောင်းပေါ်တွင် တာပင်းတံတားတည်ဆောက် ထားသည်) ။ မိုင်းလားကွင်း၏အနောက်မြောက်ဖက်တွင် မိုင်းယန်းမြို့နယ်ရှိသည်။

၁၉၇၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် မိုင်းလာကွင်းအတွင်း၌ ကျောက်ငါးခမ်း၏ရှမ်းတပ် တပ်မဟာ ၁ ရင်း ၁ မှ စဝ်အူကျန်းဦးစီး ရှမ်းလက်နက်ကိုင်များရှိသည်။ မိုင်းယန်း ဆီလူးဒေသတွင် စဝ်ခွန်မြင့်ဦးစီး ရှမ်းတပ် တပ်မဟာ ၃ မှရင်း ၃ ရင်းရှိသည်။ မိုင်းမကွင်း၏ အပေါ်ကုန်းတွင် အစိုးရတပ်စခန်းရှိပြီးမိုင်းမကွင်းအတွင်းရှိ ဝမ်ဆာရွာတွင် အစိုးရအုပ်ချုပ်ရေးရုံးနှင့် ရဲစခန်း တို့ရှိသည်။

ဤသို့သောအခြေအနေတွင် အစိုးရတပ်နှင့်တဖက်ကရင်ဆိုင်၊ တဖက်ကလည်း ကူမင်တန်နှင့်ပေါင်းသောအဖွဲ့များကို တိုက်ခိုက်၊ တဖက်ကလည်းတိုင်းရင်းသားအဖွဲ့များကို စည်းရုံးသိမ်းသွင်းခြင်းဖြင့် ၈၁၅ စစ်ဒေသသည် ရှုပ်ထွေးသောနယ်မြေ အခြေအနေကို ဖြတ်သန်းနေရပေတော့သည်။ မိုင်းလားကွင်း ၈၁၅ တပ်ဖွဲ့များဝင်ရောက်လာသောအခါ ရှမ်းတပ်မှ တပ်မ ဟာမှူး စဝ်အူကျန်းဦးစီးအများစုသည် ကူမင်တန်နှင့်ပူးပေါင်းပြီး တာပင်းမြောက်ဖက် ဝမ်ရှင်း၊ ဝမ်ညဲဘက်တွင် သွားရောက် အခြေပြုသည်။

၁၉၇၃ ခုနှစ်ဆန်းတွင် ၈၁၅ စစ်ဒေသ စစ်ဦးစီးမှူးစိုင်းလင်း၊ နိုင်ငံရေးဌာနဒုဌာနမှူးရဲဘော်အောင်ဖေကြီးနှင့် တပ်စုမှူးစမ်ပေ့ (ယခု ဒုဥက္ကဌ) ဦးစီးတပ်စုတစုသည် မိုင်းလားကွင်းအတွင်းဝင်ရောက်ခဲ့ပြီး မိုင်းယန်းအရှေ့ဖက် ဆီလူးဒေသတွင် အခြေပြုနေသည့်စဝ်ခွန်မြင့်ဦးစီးသည့် ရှမ်းတပ်နှင့် အဆက်အသွယ်ပြုလုပ်ခဲ့သည်။ စဝ်ခွန်မြင့်၊ စိုင်းနော်ပန်းတို့နှင့် စိုင်းလင်းတို့အဖွဲ့ဦးစွာတွေ့ဆုံပြီးနောက် ၈၁၅ စစ်ဒေသနိုင်ငံရေးမှူးရဲဘော်ဖေသန်းပါထပ်မံလိုက်လာပြီး စဝ်ခွန်မြင့်တို့နှင့် မိုင်းလားတွင်တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုများကို ၁၉၇၃ ဇန္နဝါရီလအတွင်းပြုလုပ်ခဲ့ပြီး တပ်ပေါင်းစုဖွဲ့စည်းရန် သဘော တူညီမှုများရရှိပြီးနောက် ဖေဖဝါရီနှင့်မတ်လများတွင် စဝ်ခွန်မြင့်အဖွဲ့မှ အင်အား ၁ဝဝ အား စတင်၍စစ်လေ့ကျင့်ပေးပြီး လက်နက်တပ်ဆင်ပေးခဲ့သည်။

တဆက်တည်းတွင် မိုင်းယန်းနယ်ရှိ ကာကွယ်ရေးခေါင်းဆောင် အိုက်အူလအား ၈၁၅ စစ်ဒေသမှ စိုင်းလင်းနှင့် စဝ်ခွန်မြင့် အဖွဲ့မှ ခွန်ဆာတို့ သွားရောက်ဆွေးနွေးရာ တဖွဲ့နှင့်တဖွဲ့တိုက်ခိုက်ခြင်းမပြုရန် သဘောတူညီချက်ရရှိခဲ့သည်။

၁၉၇၁ ခုနှစ် နှစ်ကုန်မှ စတင်လှုပ်ရှားခဲ့သော ၈၁၅ စစ်ဒေသသည်အခါ၊ လွယ်၊ ရှမ်းစသည့် မတူသော လူမျိုးများနေထိုင်သည့် ဒေသတွင်းလှုပ်ရှားရင်း မတူသောတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား အစိုးရတပ်၊ ကူမင်တန်တို့နှင့်အပြို င်စည်းရုံး သိမ်းသွင်းရင်း တနှစ်ကျော်ခန့်အချိန်ယူခဲ့ရသည်။ မူလ တပ်ခွဲ ၃ ခွဲအပြင် တပ်ခွဲ ၇ အားထပ်မံဖွဲ့စည်းနိုင်ခဲ့သည်။ ထို့ပြင်တပ်စု ၂  စုပါ  အထူးတပ်ဖွဲ့နှင့် အမြောက်တပ်ခွဲအားလည်းဖွဲ့စည်းထားနိုင်ခဲ့သည်။ ထို့ပြင် ထိမ်းချုပ်ထားသော ဒေသစိုးမိုးရေး အတွက် ဒေသတပ်ကိုလည်း သီးခြားထပ်မံဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်သည်။ သို့နှင့် ၁၉၇၁ ခုနှစ် နှစ်ကုန်ပိုင်းက ၈၁၅ စတင်ဖွဲ့စည်း စဉ်က ၃ဝဝ ကျော်ရှိသည်မှ ၁၉၇၃ ခုနှစ် နှစ်ဆန်းတွင် အင်အား ၅ဝဝ ကျော် ၆ဝဝ နီးပါးရှိလာပြီး မိုင်းယန်း၊ ဆီလူး ဒေသရှိ စဝ်ခွန်မြင့်၊ စဝ်နော်ပန်းတို့ ဦးစီးသည့် ရှမ်းတပ်အားလည်း စည်းရုံးပြီး တပ်ပေါင်းစုဖွဲ့စည်းထားနိုင်ပြီဖြစ်သည်။

ထိုသို့ စည်းရုံးဖွဲ့စည်းထားသည့်အခြေခံပေါ်မှ ၁၉၇၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပထမဆုံး မိုင်းယန်းတိုက်ပွဲနှင့်အတူ ၈၁၅ စစ်ဒေသ၏ တိုက်ပွဲများတောက်လျောက်ဆိုသလို ဖြစ်ပွားခဲ့ပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်
မောင်မောင်စိုး

ဓာတ်ပုံ – ရဲဘော်ဖေသောင်း ခေါ် ဦးဘသန်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်