ဗိုလ်ထက်မင်း – ဒုဗိုလ်ချုပ်ကြီးတင်ဦးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြုံခဲ့ရစဉ်က – (၁)

April 3, 2018

 
ဗိုလ်ထက်မင်း – ဒုဗိုလ်ချုပ်ကြီးတင်ဦးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြုံခဲ့ရစဉ်က – (၁)
(မိုးမခ) ဧပြီ ၃၊ ၂၀၁၈


ဒုဗိုလ်ချုပ်ကြီးတင်ဦး ၊ အတွင်းရေးမှူး (၂)နဲ့ အမှတ်မထင် ကြုံခဲ့ရ (ပထမပိုင်း)မေတ္တာရပ်ခံချက်
ယခုရေးတော့မည့် ကိုယ်တွေ့ဖြစ်စဉ်တွေမှာလည်း တပ်မတော်အတွင်း သဘောထားတင်းမာသူ အစွန်းရောက်အမြင်ရှိသူများကြောင့် စာရေးသူနဲ့ပတ်သက်ခဲ့တဲ့ တပ်နဲ့ လူပုဂ္ဂိုလ်အရာရှိ၊ အဖွဲ့အစည်း၊ ရပ်ရွာ၊ အရပ်သားရဲ့ ဂုဏ်သိက္ခာနဲ့ လုံခြုံရေး ထိခိုက်နိင်တာမို့တချို့အမည်၊ နေရာနဲ့အချိန်တွေမှာ ချန်လှပ်ထားမည်ဖြစ်ရာ စာဖတ်သူတို့ နားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ တချို့ဖြစ်စဉ် စိန်ခေါ်မှုတွေဟာ ကျောင်းတော်ကြီးက ပို့ချပေးလိုက်တဲ့ နည်းဗျူဟာ၊ သင်ခန်းစာအတိုင်း မဟုတ်ဘဲ အခြေအနေပေးလာတဲ့ အပေါ်မူတည်ပြီး မီးစင်ကြည့်ကရတာမို့ သည်းထိတ်ရင်ဖို ကြုံသလို ဖြေရှင်းကျော်ဖြတ်ရတာလည်းရှိပါတယ်။ စာရေးသူ တပ်မတော်သားဘ၀ တာဝန်ထမ်းဆောင်ခဲ့စဉ်က အမှတ်တရ ကြုံတွေ့ခဲ့ရတဲ့ စစ်ဖက် နယ်ဘက် အကြီးအကဲများ၊ စစ်အာဏာရှင်များ၊ တိုင်းရင်းသားများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ထိတွေ့ဆက်ဆံမှုဖြစ်စဉ်များ၊ တိုက်ပွဲများ၊ ကန့်လန့်ကာ ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်းများ၊ မထင်မှတ်တဲ့ စိန်ခေါ်မှုများကို အလျဉ်းသင့်သလို တင်ပြပေးသွားပါ့မယ်။ ဒီလိုရေးသားတင်ပြရမှာ ထိပ်သီးစစ်အာဏာရှင်များနဲ့ထိတွေ့ဆက်ဆံရတဲ့ စစ်ဦးစီးပိုင်း Staff ဖြစ်စဉ်နဲ့Field Ground စစ်မြေပြင်မှာ ကြုံတွေ့ရတဲ့ Commander ဖြစ်စဉ်တွေကို မငြီးငွေ့ရလေအောင် တလှည့်စီ တင်ပြပေးနေပါတယ်။

ပထမဆုံး စစ်မြေပြင်ရောက် အတွေ့အကြုံ (စစ်ရေးစွမ်းရည်ထက် စည်းရုံးရေးစွမ်းရည်က ပိုထက်)

၂၀။ စာရေးသူဟာ ကျောင်းဆင်းပြီး တပ်မ(၅၅)က ခမရ (-) တပ်ရင်းကို သတင်းပို့ရကာ စစ်ဆင်ရေး ရှေ့တန်းအနေနဲ့ ရှမ်းပြည်နယ် မိုင်းကိုင်၊ လဲချားဂွင်၊ ဆင်တောင်ကို ကျော်ခိုင်းလိုက်နဲ့ တနေ့ခရီး မိုင် (၂၀) ပျမ်းမျှ ချီတက်ရလို့ ပင်ပန်းလှပါတယ်။ သင်္ကြန်ကာလရောက်ခါနီး ရုတ်တရက် စာရေးသူဦးစီး တပ်စု တစုကို ဗျုဟာမှူး ဗိုလ်မှူးကြီးတင်ဦး( နောင် အတွင်းရေးမှူး -၂) လုံခြုံရေးဆိုကာ လွိုင်လင်မြို့ကို စေလွှတ်ခြင်းခံရပါတယ်။ တောထဲနေတာကြာပြီမို့ စိတ်ထဲကတော့ မြို့တက်ပြီး အပြတ်ကဲလိုက်မယ်လို့ ကြုံးဝါးထားပါတယ်။ ဟိုရောက်တော့ စစ်ဦးစီးမှူး (တတိယတန်း) G-3  ဗိုလ်ကြီးထွန်းသန်းက လုံခြုံရေးတာဝန် ရှင်းပြပါတယ်။ နံနက်စာတိုင်း နည်းဗျူဟာမှူးက ခေါ်ခိုင်းလို့ စာရေးသူ (သူက ဇာတိနဲ့မိဘ ဘယ်ကလဲမေး) သွားရပေမဲ့ ပြင်ပလ္ဘက်ရည်ဆိုင်ထိုင်တာကိုဘဲ တမ်းတမိပါတယ်။ ပင်လုံကို မကြာခဏသွားပြီး အနီးကပ် လုံခြုံရေးယူရထားတာမို့ မြေပုံကြီးချကာ ဘာလုပ်နေပါလိမ့်ဆိုတာ မတွေးတတ်အောင် ဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ ပင်လုံမြို့ဟာ အညိုရောင်နယ်မြေသတ်မှတ်ထားပြီး တိုက်ပွဲကြီးကြီးမာမား ဖြစ်တာမရှိလို့ စဉ်းစားရခက်ပါတယ်။ တခါတရံ ဗျူဟာမှူးဟာ ပင်လုံဈေးလိုမျိုး လူစည်ကားတ၀ိုက် ခဏရပ်ခိုင်းပြီးသူ့ အသိတွေနဲ့ စကားပြောရာမှာ ဘာထူးသေးလဲ၊ နေကောင်းကြလား စတဲ့ ဆက်ဆံရေးကြောင့် လူထုချစ်ခင်တာတွေ့ရပါတယ်။ ကြာလာတော့ မျောက်ပွဲကြည့်သလို ၀ိုင်းလာတဲ့ ကလေးလေးတွေကို လုံခြုံရေးအရ စာရေးသူက မကပ်ခိုင်းတာကို သူက ကြိုက်ဟန်မတူဘဲ သကြားလုံးဝေလိုက်ကွာဆိုလို့ သွားဝယ်ပြီး ဝေပေးရပါတယ်။

ရန်သူအခြေအနေ

၂၁။ တပ်မတော်က ဦးတည်ရန်သူအဖြစ် ထိုစဉ်က ဗကပ ၄၀၄၇ အဓိကထားပြီး SURA ကတော့ ဘိန်းလုပ် စီးပွါးရေးလုပ်တာမို့ တပ်မတော်ကို ရှောင်ပြီး စစ်မြေပြင်မှာ တရားမ၀င် နားလည်မှုယူထားရာ တကြိမ်မှာတော့ တပ်မတော်စစ်ကြောင်းတခုကို ခြုံခိုချလို့ ထိုးစစ်ဆင်ရမည့် ကိန်းဆိုက်လာပါတယ်။ ဒါကြောင့် နည်းဗျူဟာမှူးကြီးဟာ ပင်လုံကနေ SURA ဌာနချုပ်ရှိရာ ဆနင်းသို့ သွားနိုင်တဲ့ ချဉ်းကပ်ရာလမ်းကြောင်းတွေကို လေ့လာနေဟန် တူတယ်လို့နောက်မှ သဘောပေါက်လာပါတယ်။

SURA ဟာ တိုက်ပွဲရှောင်တာမို့ အင်အားတောင့်တင်းနေကာ (နောင် ခွန်ဆာဦးစီး MTA ဖြစ်လာမည်) မိုးဟိန်းက ဦးစီးပြီး ဆနင်းခံစစ်ကုန်းမှာ နောက်ပွင့်လက်နက်ကြီးများနဲ့အခိုင်အမာရှိနေပါတယ်။

မိမိအခြေအနေ

၂၂။ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးတင်ဦးက တပ်မ (၅၅) မှ တပ်ရင်း (၂) ရင်းနဲ့ ရပခတိုင်းမှ တပ်ရင်း တရင်း ပေါင်း (၃) ရင်းနဲ့ ဆနင်းကို အပြင်းချီတက်ပါတယ်။ တပ်မ (၅၅) မှ ဗိုလ်မှူးဝင်းမြင့် (နောင် အတွင်းရေးမှူး – ၃) ဦးစီး တပ်ရင်းတရင်းက ချေမှူန်းရေးတာဝန်ကျပြီး တိုင်းတပ်မှ တပ်ရင်းက ပိတ်ဆို့ရေးလုပ်ကာ မိမိတပ်ရင်းက တပ်ရင်းတွေရဲ့လက်နက်ကြီး အားလုံးစုပြုံပြီး ကာပစ် တာဝန်ကျပါတယ်။

တိုက်ပွဲအခြေအနေ မရှုမလှ လေယာဉ်ကူရ

၂၃။ ဗိုလ်မှူးဝင်းမြင့်နဲ့သူ့တပ်ဟာ မတ်စောက်တဲ့ ဆနင်းတောင်ကြောကြီးကို တက်ရှင်းရသဖြင့် အားကုန်နေကာ ရန်သူက အပေါ်စီးမှ ပစ်ခတ်လိုက်လို့ အကျအဆုံး များလာပါတယ်။ သူရဲ့တက်ကြပါလားဆိုတဲ့ အသံဟာ ကျယ်ရာမှ တဖြေးဖြေးတိမ်ဝင်သွားတာ စက်ထဲမှာ ကြားနေရပါတယ်။ SURA လက်နက်ကြီးအဖွဲ့ဟာ ချေမှုန်းရေးတပ်ရင်းကို ပစ်တာ အားမရဘဲ ကာပစ်ပစ်ကူပေးနေတဲ့ မိမိတပ်ရင်းရှိရာ လက်နက်ကြီးအဖွဲ့နေရာသို့ 57 MM နောက်ပွင့်လက်နက်ကြီးများနဲ့ လှည့်ပစ်ရာ မီးပွင့်မြင်တာနဲ့ ဂွမ်းကနဲ ဆက်တိုက်ဖြစ်လို့ ကျဉ်ထွက်နှုန်း မြန်ပါတယ်။ မိမိတပ်ရင်းမှူးလည်း ပျားတုပ်၊ ပြာကိုင်ပြီ ( စစ်တပ်ဆိုရိုးစကား၊ သောက်ကျိုးနည်းပြီ) ဆိုကာ အောက်ကို လှိမ့်ချပါတော့တယ်။ သူ့နေရာမှာ လာကွဲလို့ အရှောင်မြန်သွားလို့တော်ပါသေးတယ်။ မိမိတို့လက်နက်ကြီးတွေဟာ ပစ်ကွင်းနဲ့ကျည်လမ်းကြောင်းကောင်းတဲ့ နေရာ အလျဉ်းသင့်သလို ရွေးရတာမို့ Counter အတွက် ဘာမှ စီစဉ်ချိန်မရတာမို့ ရန်သူ့က အပေါ်စီးက စိတ်ကြိုက်ပစ်သွားပါတယ်။ သူတို့ကတော့ ခေါင်ကတုတ်များရှိသလို စိတ်ပူစရာမလိုသလို မိမိတို့ကျတော့ လက်နက်ကြီးကို ပစ်လိုက် အမြန်ဖြုတ်လိုက်၊ နေရာပြောင်းလိုက်နဲ့ လုပ်နေရပါတယ်။ ဗိုလ်မှူးဝင်းမြင့်ရဲ့အသံဟာ နတ်သံရောလာတာမို့ ဗျူဟာမှူးက စိတ်ပူလာပြီး လေယာဉ်ပစ်ကူတောင်းရာ လေယာဉ်အရှိန်အ၀ါကြီးမားပြီး ဗုံးကြဲလို့မှ ရန်သူဆုတ်သွားရပါတယ်။

ကက(ကြည်း)မှ ထုထောင်းလို့ မြေလှန်ရှာနေရ

၂၄။ ကက(ကြည်း)က ဆနင်းဒေသ ရန်သူ့ဌာနချုပ်တိုက်ပွဲကြီးတွေဖြစ်ပြီး လေယာဉ်တောင် ဗုံးကြဲယူရတဲ့ အခြေအနေမှာ ရန်သူ့ဆီက လက်နက်တလက်တောင် မရဘဲ မိမိဆီက ထိခိုက်ကျဆုံးရတဲ့ဖြစ်စဉ်အပေါ် ထုထောင်းပါတော့တယ်။ ဒါကြောင့် ခမရ(-)တပ်ရင်းက အပြင်စည်းလမ်းကြောင်းတလျှောက်နဲ့ မိမိတပ်ရင်းက ဆနင်းရွာကြီး နေရာ အနှံ့အပြား လက်နက်များကျန်ရစ်မှု ရှိ မရှိ ပိုက်စိပ်တိုက် မြေလှန်ရှာဖွေသော်လည်း ရန်သူ့ကိုင်တဲ့ သေနတ်မပြောနဲ့ ဓါး၊အပ် တချောင်းကိုမှ သိမ်းဆီးရမိတာ မရှိသေးလို့ အကျပ်ရိုက်နေကြပါတယ်။

စည်းရုံးရေးစွမ်းရည် စမ်းသပ်

၂၅။ ရွာသားတွေဟာ ရှမ်းစကားသာပြောကြပြီး မြန်မာစကား မပြောတတ်မို့ သတင်းရယူရေး ခက်တဲ့ အပြင် စစ်သည်များ ရှမ်းစကား မတတ်တခေါက် ပြောတတ်သော်လည်း “မဟု” ဆိုကာ မသိဖူးလို့ ဗူး တလုံး ဆောင်နေကြပါတယ်။ တကြိမ်တော့ ဈေးတန်းတနေရာမှာ ကျောင်းဆရာလေးတစ်ဦးတွေ့တာမို့ စကား နဲနဲပြောကြည့်ပါတယ်။

စာရေးသူ – “ ဆရာရေ … ရန်သူ့သတင်းက ကြက်ပျောက်၊ ငှက်ပျောက်ပါဘဲ။ ဘာမှ သတင်းမရဖူး”
ကျောင်းဆရာ – “ ဘယ်ရမလဲ၊ လူမျိုးရေးအရ သိလည်း ဘယ်ပြောမလဲ၊ အထာသိနေမှ ရတာ”

မိမိလည်း ဆက်ပြောရင် မကောင်းတတ်တာမို့ သူ့အခြေအနေစပ်စုကြည့်ပါတယ်။

ကျောင်းဆရာ – “ ကျနော်က ဒီရွာရှိ ကျောင်းကို ရောက်တာ ကြာနေပြီ၊ ၅နှစ်တောင်ရှိပြီ၊ ပြောင်းခွင့် လွိုင်လင်က ပညာရေးမှူးဆီ တင်ထားတာ ကြာပြီး၊ သူနဲ့ဆက်ဆံရေး သိပ်အဆင်ပြေတာ မဟုတ်တော့ ကပ်ထား။ ဘေးဖယ်ထားခံရတာပေါ့၊”

၂၆။ မိမိက သူ့လိုအင်ကို မှန်းဆလိုက်ကာ သူတည်းတဲ့အိမ်လိပ်စာမေးပြီး လည်ခွင့်တောင်းလိုက်ပါတယ်။ သူ့အိမ်ကို ညချည်း ဘေးပတ်ဝန်းကျင် မရိပ်မိစေဖို့ အရပ်ဝတ်နဲ့သွားကာ စည်းရုံးရေးစပါတော့တယ်။

စာရေးသူ – “ ဆရာရေ လက်နက်တွေ ဖွက်ထားတဲ့နေရာသိရင် ကူညီပါလားဆရာ။”
ကျောင်းဆရာ – “ ရွာထဲမှာ ဘယ်ရှိတော့မလဲ၊ သူတို့က စစ်ကြောင်းတွေ တက်လာတာ ကြိုသိနေတော့ စခန်းကုန်းပေါ် ဆွဲတင်ပြီပေါ့။ ရဲဘော်တွေ ပင်ပန်းပါတယ်။ ရုပ်ပျက်ပါတယ်၊ မတွေ့စေရဖူး။”
စာရေးသူ“ ဒါဆိုရင် အနီးနားတ၀ိုက်ကော ဆရာ၊ လယ်တဲတို့ နီးတဲ့ကျေးရွာတွေကောဆရာ”
ကျောင်းဆရာ“ မဖြစ်နိုင်ဖူးဗျ။ ရွာသားတွေက သူကြီးကို ရှိန်ပြီး ကူညီကြတာ ဘယ်သူ့မှ ပြောမှာ မဟုတ်ဖူး၊ သိတဲ့သူ ပြောလည်း သတ်ခံရမှာလေ။”
စာရေးသူ“ လုပ်ပါကူညီပါဦးဆရာ၊ လက်နက်ဖွက်ထားတဲ့ နေရာ ဘယ်လိုလုပ်သိနိုင်မလဲ နည်းလမ်းရှာဖွေစမ်းပါဦး၊”
ကျောင်းဆရာ“ ခက်တယ်ဗျ။ မိုးဟိန်းတို့နဲ့သူကြီးက မိသားစုလိုဖြစ်နေကြတယ်။ မလွယ်ဖူး”

စာရေးသူ လက်လျှော့ရမည့်အနေအထားရှိနေရာမှ နေ့လည်က သူရဲ့လိုအင်ဆန္ဒကို ရိပ်မိလို့ စမ်းလိုက်ပါတယ်။

စာရေးသူ – “ ဒါနဲ့ ဆရာနေ့လည်က ကျောင်းပြောင်းဖို့ပညာရေးမှူးက ညစ်ထားတယ်လို့သိရတယ်။ သူ့ထံ ကျနော့်လူကြီးနဲ့ ၀င်ပြောကြည့်မယ်။ မရရင် တောင်ကြီးပြည်နယ် ပညာရေးမှူးထံ ၀င်ပြောပေးဖို့ တင်ပြပေးမယ်။”

ကျောင်းဆရာ – “ဟာ … ဒါဆို လုပ်ပေးပါလား၊ ကျနော်က တောင်ကြီးဇာတိ၊ ဒီနေရာမဟုတ်တောင် ပင်လုံ၊ လွိုင်လင်မြို့တမြိုမြို့ ရရင်လည်း ဖြစ်တယ်။”

စာရေးသူ – “ ကျနော့်လူကြီးတွေက ပေါက်တယ်။ ဗျူဟာမှူးဆို အသိတွေတပုံကြီးဗျ၊ မပူနဲ့”

မိမိလည်း အပေးအယူ ပေါ်တင်ကြီးဖြစ်ရာ ကျမှာစိုးလို့ မနက်ဖန်စောစောဘုန်ကြီးကျောင်းတ၀ိုက် လက်နက်ရှာဖွေဖို့တာဝန်ကျလို့ ညီးညူလိုက်ကာ ထပြန်တော့မယ့် အသွင်ဆောင်လိုက်ပါတယ်။

ကျောင်းဆရာ – “အင်း၊ ဗိုလ်လေးစိတ်ကို သိရလို့ သဘောကျကာ ကျနော် ကူညီမယ်။ လက်နက်တွေ ရှိတဲ့နေရာကို သိတဲ့ သူကို ဖေါ်ထုတ်ပေးမယ်။”

စာရေးသူ – “ ဟာ ကျေးဇူးတင်လိုက်တာဗျာ၊ ဘယ်သူလဲ”

ကျောင်းဆရာ – “ ခင်ဗျားတို့ဆရာဗျူဟာမှူးဘေးနားမှာ ရစ်သီရစ်သီလုပ်နေတဲ့ အင်္ဂလိပ်လို မှုတ်တတ်တဲ့ ရွာသူကြီးဘဲ။”

စာရေးသူ – “ ဟ ဖြစ်ပါ့မလား။ သူက စုန်ကန်ငြင်းရင် ကျနော်ကွဲမယ်နော်၊”

ကျောင်းဆရာ – “ သူကိုယ်တိုင်လိုက်ပို့လိုက်တာ ကျနော် မြင်လိုက်တယ်။ ဒဏ်ရာရ စစ်သည်တွေကို ရွာသားတွေဆင့်ခေါ်ခိုင်းရာမှာ ကျနော့်တပည့်တွေရဲ့မိဘတွေတောင်ပါတယ်။”

စာရေးသူ“ ကြိုက်ပြီ၊ ကျေးဇူးဆပ်တဲ့အနေနဲ့ ကျောင်းပြောင်းခွင့်ကို မနက်ဖန်တပ်ရင်းမှူးထံ သွားတင်ပြပြီး အဖြေရအောင်ဆရာစိတ်ချမ်းသာအောင် လုပ်ပေးမယ်။”

ကျောင်းဆရာ – “ ကျနော် ဒီမှာနေရင် သတ်ခံရမယ်။ သူက မူးယစ်ဆေးဝါးလုပ်လို့ကလေးတွေထိခိုက်ကုန်မယ် ဆိုပြီး စကားများဖူးတယ်။ သူရိပ်မိမှာ သေချာတယ်။”

စာရေးသူ – “ကဲဗျာ။ ကျနော်တို့ ပြန်သွားရင် တပ်ရင်းနဲ့ တခါတည်းလိုက်နိုင်အောင် တင်ပြပေးမယ်။ လုံခြုံရေး အာမခံတယ်။ မနက်ဖန်လည်း ကျောင်းပြောင်းခွင့်ရမည့် သတင်း လာပြောမယ်။”

ကျောင်းဆရာ – “ ဟာ သိပ်ကောင်းတာပေါ့။ ရွာလူထုကလည်း သူပုန်အားကိုးနဲ့ဖိနိပ်နေတဲ့ သူကြီးကို သိပ်ကြည်တာတော့ မဟုတ်ပါဖူး။ သူဖင်ပိတ် ငြင်းရင် သက်သေ အတွက် မပူနဲ့ တာဝန်ယူတယ်။” ဆိုလိုက်လို့စာရေးသူက သူနဲ့လက်သီးခြင်း တေ့လိုက်ကာ အိုကေ၊ အားလုံးအောင်ရမည် ဆိုပြီးပြန်လာပါတယ်။

စိန်ဗေဒါလက်သံပြောင် ဘီလူးဆိုင်းတီးတဲ့ တပ်ရင်းမှူး

၂၇။ စာရေးသူဟာ မိမိတပ်ခွဲမှူးထံကို ဆက်လက်သတင်းပို့ရာမှာ သူက ဆုံးဖြတ်ပေးနိုင်ခွင့် မပေးနိုင်တာမို့ တပ်ရင်းမှူးအိမ်ထံ သတင်းပို့ပါတယ်။ တပ်ရင်းမှူးက ဒါမျိုး စိမ်လို့မရဘဲ ချက်ခြင်းဆိုသလို ဗျူဟာမှူးတည်းခိုတဲ့ နေရာကို ချီတက်သွားကြပါတယ်။ ဗိုလ်မှူးကြီးတင်ဦးက အရေးကြီးတာ သဘောပေါက်ဟန်တူပြီး ကျောင်းဆရာကို ခေါ်ခိုင်းလိုက်ပြီး ထပ်မံအတည်ပြုပါတယ်။ ဗျူဟာမှူးက ကျောင်းပြောင်းဖို့ သူ့အတွက်အသေးအဖွဲဖြစ်ပြီး ပြည်နယ်ပညာရေးမှူးက သူ့မိတ်ဆွေဖြစ်လို့ ပြောင်းမိန့်ထုတ်ပေးနိုင်လို့ ဒီသတင်းသေချာဖို့ ပိုင်ဖို့လိုတယ် ဆိုတာပြောရင်း မနက်ကျ သူက မျက်နှာပူလို့ တပ်စစ် ဆိုပြီး ရှောင်ထွက်သွားချိန်မှာ ရွာလူကြီးဖြစ်နေလို့ တပ်ရင်းမှူးကိုယ်တိုင်သေသေချာချာကိုင်ဖို့ မှာပါတယ်။ ဆိုလိုတာက အမြီးတက်နင်းလိုက်သလို ထွက်ပြေးသွားရင် သူပုန်လမ်းပြဖြစ်ပြီး မိမိတို့အားလုံး ဒုက္ခရောက်သွားနိုင်တယ်၊ လက်လည်း မလွန်စေနဲ့ဦးလို့ပြောပါတယ်။

၂၈။ နံနက်ကျတော့ ဗျူဟာမှူးရုံးနေရာမှာ တပ်ရင်းမှူးက တပ်ခွဲမှူးနဲ့ စာရေးသူတို့ ရံပြီး သူကြီးလာတဲ့အချိန် စောင့်နေပါတယ်။ သူကြီးက ရူးဘိနပ်နဲ့ဘောင်းဘီရှည် စမတ်ကျကျ အင်္ဂလိပ်စကားညှပ် ပြောလေ့ရှိကာ Gentleman စတိုင် ဟန်ပါပါနဲ့ဝင်လာပါတော့တယ်။

သူကြီး“ Morning CO( တပ်ရင်းမှူး) ကြီး၊ ဗျူဟာမှူးကြီးကော ဘယ်မှာလဲ၊”

တပ်ရင်းမှူး – “ တပ်စစ်ထွက်သွားတယ်၊ ဒါနဲ့ခင်ဗျားကို မေးစရာရှိတယ်” ဆိုကာ ဗျူဟာမှူးရုံးထဲဝင်ခွင့် မပေးတော့ဘဲ လက်ဆွဲပြီး လူရှင်းတဲ့ နေရာကိုခေါ်သွားပြီး ပွဲကြမ်းပါတော့တယ်။

တပ်ရင်းမှူး – “ တိုက်ပွဲဖြစ်တဲ့နေ့က ဘာလုပ်နေလဲ”

သူကြီး – “ ဟာ … မပြောပါနဲ့CO ရယ်၊ တပ်ကထုလိုက်တာ အသံတွေက မိုးခြိမ်းသလို ပစ်တော့ အိမ်က ခေါင်ကတုတ်ထဲ ၀ပ်နေရတာပေါ့”

တပ်ရင်းမှူး – “ နောက်ပြီး ဘာလုပ်သေးလဲ”

သူကြီး – “ စစ်ကြောင်းဝင်လာတော့ ရွာသားတွေ ထွက်မပြေးဖို့လိုက်ပြောရတယ်လေ။”

တပ်ရင်းမှူး – “ကျန်သေးတယ်။ ကြာပါတယ်။ တည့်မေးတော့မယ်။ ရန်သူကို ဘာကူညီခဲ့လဲ”

သူကြီး – “ ဟာ ကူညီရင် တပ်မတော်က ပစ်မှာပေါ့။ မကူညီရဲပေါင်ဗျာ”

တပ်ရင်းမှူး – “ ခင်ဗျားလိမ်နေတာဘဲ၊ ရန်သူဒဏ်ရာရသူတွေကို ရွာသားတွေ ထမ်းခိုင်းပြီး ခင်ဗျားကိုယ်တိုင် လိုက်ပို့နေရတာဘဲ မဟုတ်လား။”

သူကြီး – “ မဟုတ်ဖူး။ မလုပ်ပါဖူး”

တပ်ရင်းမှူးဟာ တရုတ်စပ်ပြီး လူပုစိတ်တို မဟုတ်ဘဲ ဘီလူးကြီးလို ထွားကြိုင်းတာမို့ စိတ်တိုလွယ်ကာ မပြောမဆို သူလက်နဲ့မှီကိုင်ထားတဲ့ ခြံစည်းရိုး ၀ါးတိုင်ကို အားနဲ့ ဆောင့်ဆွဲလိုက်ရာ ပြုတ်ထွက်လာပါတယ်။ ပြီးတာနဲ့ စိန်ဗေဒါကြီး ဆိုင်းလက်သံပြောင်သလို ၀ါးလုံးနဲ့ တအားလွှဲပြီး သူကြီးတင်ပါးကို ဖုန်းကနဲ အသံထွက်သည်အထိ ရိုက်ချပါတော့တယ်။ ပထမတချက်တော့ မဖြုံသလို ရှိပေမဲ့ နောက်အချက်တွေကျတော့ ကော့သွားပြီး ထိုင်ကျသွားပါတယ်။

တပ်ရင်းမှူး – “ အမှန်တိုင်းပြောမလား။ မပြောဖူးလား သေသွားမယ်။ ဘာမှတ်လဲ” ၀ါးလုံးကျေနေကာ နောက်တလုံးရိုက်ဖို့ အနားမှာ မရှိတော့တာမို့ ခပ်လှမ်းလှမ်းက ၀ါးစိမ်းတလုံးကို သွားဖြုတ်နေပါတယ်။ ၀ါးစိမ်းဆိုရင် ပွဲကြမ်းသထက်ကြမ်းတော့မှာမို့ စာရေးသူက ၀င်ဖြည်ရတော့တယ်။

စာရေးသူက တပ်ခွဲမှူးထံချဉ်းကပ်ပြီး

“ အကိုကြီး ဗျူဟာမှူးက ထိန်းသိမ်းဖို့ မှာသွားတယ်နော်။ ကြာရင် မကောင်းဖူး။ ဒီလိုလုပ် ကျနော် သူကြီးကို စိတ်ဓါတ်စစ်ဆင်ရေး ဆိုက်ကို သုံးကြည့်မယ်။ အကိုကြီးက ဆရာ့တပ်ရင်းမှူးကို ခဏထိန်းပေးထားဦး”

ခွဲမှူးက ရိပ်မိပြီး တပ်ရင်းမှူး နောက်တလုံး သွားဆွဲနေတဲ့နေရာကို ချဉ်းကပ်ကာ ထိန်းနေပါတယ်။ စာရေးသူကို သူကြီးလုံးပြီး ထွက်ပြေးနိုင်လို့ ကာဘိုင်ကျဉ်ထိုး သူ့မျက်နှာစေ့စေ့ ကြည့်လိုက်ပါတယ်။

စာရေးသူ – “ ဒီမှာ သူကြီး။ ဘာမှ ဖုံးကွယ်မနေနဲ့တော့။ အသားနာပြီး ကြာရင် အသက်ထွက်ယုံ ရှိမယ်။ ခင်ဗျားကို ပိုင်လို့ ခိုင်မာနေလို့ စွပ်စွဲနေတာ သက်သေတွေရှိပြီးသားလေ။ အဲဒီနေ့က SURA ဒဏ်ရာရ စစ်သည်တွေပါတဲ့ တပ်စုတစုကို ခင်ဗျားကိုယ်တိုင် ရွာတောင်ဘက် လျှိုထဲကတဆင့် ခေါ်ထုတ် လမ်းပြပေးခဲ့တာရှိတယ်။ ဘာငြင်းဦးမလဲ။”

သူကြီးက ခေါင်းငိုက်စိုက်ကျလာပါတယ်။ စာရေးသူ အချိန်မဆွဲတော့ဘဲ ပစ္စတိုထုတ် မောင်းထပ်တင်ကာ သူ့ပါးကို ကပ်ကာ လေသံကို အတတ်နိုင်ဆုံးပျော့ကာ၊ သူ့ကျောပြင်လေးသပ်ပြီး …

စာရေးသူ “ ကျနော့်တပ်ရင်းမှူးက စိတ်ကြီးတယ်နော်၊ စစ်ဆင်ရေးနယ်မြေ ပစ်သတ်ပိုင်ခွင့် ပေးထားတယ်၊ ခင်ဗျား နီးရာဓါးကြောက်တယ်ဆိုပြီး လိုက်ပို့ရတာ နားလည်ပေမဲ့ အဲဒီလိုပို့တာကို အစိုးရကို သတင်းပို့ ပျက်ကွက်ရင် သူပုန်ဖြစ်သွားပြီ၊ အသာတကြည်လိုက်ပြရင် အသက်ရှင်ခွင့် ပေးလို့ရတယ်။ ကျနော့်က ခင်ဗျားကို ကယ်တင်နိုင်မည့် နောက်ဆုံးလူဘဲ ၊ မြန်မြန်စဉ်းစားပါ။”

အဲဒီလိုပြောမှ သူကြီးလည်း ၀န်ခံလိုက်လို့ သူ့ကို ကြိုးတုတ်ကာ ရန်သူရှိတဲ့ နေရာ လိုက်ပြခိုင်းပါတော့တယ်။

သေနတ်သံတချက်မှ မဖေါက်ရဘဲ လက်နက်တွေရတဲ့ ရလဒ်

၂၉။ စာရေးသူတို့ တပ်ခွဲတခွဲလိုက်ရှင်းရာမှာ သူကြီးပြောတဲ့ရွာဟာ မြေပုံမှာ မရှိတာမို့ စမ်းတ၀ါးဝါး သွားနေရပါတယ်။ ရန်သူဟာ အထိနာထားတာမို့ ရွာမဟုတ်ဘဲ ယာယီခံစစ်ဖြစ်နေတတ်ပါတယ်။ ဟိုရောက်တော့ ရွာဟုသာ ဆိုပြီး တောင်ယာတဲ ကျိုးတို့ကျဲတဲ ဟိုတလုံးဒီတလုံးသာ တွေ့ရပါတယ်။

သူကြီးပို့လိုက်တဲ့ အိမ်ဟာ တောင်ခါးဇောင်းမှာ မှေးတင်နေပြီး လူသံ မကြားရဘဲ ငြိမ်သက်နေပါတယ်။ တဲတံခါးပေါက်မှ တည့်ဝင်ရင် ပစ်လမ်းကြောင်းရှိနိုင်တာမို့ တပ်ခွဲမှူးက စက်လတ်နဲ့ထောက်ကာ မိမိက တပ်၂စိတ်နဲ ပတ်ပြီး နောက်ဖေးပေါက်က ခုန်ဝင်ရပါတယ်။ အိမ်ထဲမှာတော့ ဒဏ်ရာရသူတွေ သွေးထွက်လွန်ပြီး သေဆုံးနေတာတွေ့ကာ M21, M22, M23 လက်နက် (၅) လက် သိမ်းဆည်းရမိပါတယ်။

၃၀။ ဆနင်းပြန်ရောက်တော့ သူကြီးကို ဗျူဟာရုံးလွှဲလိုက်တာမို့ သူ့အား ဗျူဟာမှူးက လိမ္မာပါးနပ်ပြီး ဘယ်လိုစည်းရုံးလိုက်တယ် မသိပါ။ နောက်ပိုင်း ရန်သူမသယ်နိုင်လို့ ဆုတ်ချိန်မှာ ဖွက်ထားခိုင်းတဲ့  57mm နောက်ပွင့်လက်နက်ကြီး အပါအ၀င် လက်နက်များဆက်တိုက်ဖေါ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

ပထမဦးဆုံး လက်နက်များရရှိလို့ ဗျူဟာမှူးက ဆုတော်ငွေ ဆုချပြီး တိုက်ပွဲတပွဲရလဒ် မှာ လက်နက်ရရင် ဂုဏ်သိက္ခာမြင့်တင်ရတာမို့ကက(ကြည်း)က မူလက မရလို့ ထုနေရာမှ စည်းရုံးရေးကြောင့် အောင်မြင်မှုရလဒ် ထွက်တာဖြစ်တယ်လို့ ဗိုလ်မှူးကြီးတင်ဦးက တပ်ရင်းကို ချီးကျူးခဲ့ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဗိုလ်ထက်မင်း, မှတ်စုမှတ်တမ်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်