ခိုင်ကြည်သစ် ● ဖက်ဆစ်ကို ဘယ်သူတွေ ဘယ်လိုတော်လှန်ခဲ့ကြသလဲ

April 3, 2018

● ဖက်ဆစ်ကို ဘယ်သူတွေ ဘယ်လိုတော်လှန်ခဲ့ကြသလဲ
(မိုးမခ) ဧပြီ ၃၊ ၂၀၁၈

(၁)
မြန်မာတမျိုးသားလုံးရဲ့ဖက်ဆစ်တော်လှန်ရေးဟာ မကြာမီရက်ပိုင်းအတွင်းမှာ သက်တမ်း (၇၃) နှစ် ပြည့်မြောက်ခဲ့ပါတယ်။ အဲဒီတော်လှန်ရေးကြီးရဲ့အထိမ်းအမှတ်ပွဲတွေကို နှစ်စဉ် မတ်လ (၂၇) ရက်ရောက်တိုင်း တော်လှန်ရေးနေ့အဖြစ် သတ်မှတ် ပြီး ကျင်းပခဲ့ပေမယ့် တပ်မတော်နေ့အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့တာ နှစ်ပေါင်းအတော်ကြာပြီလို့ ဆိုရမှာပါ။ နှစ်စဉ်ကျင်းပတဲ့ တော်လှန်ရေးအထိမ်းအမှတ်အခမ်းအနားတွေရဲ့ ဦးတည်ချက်တွေနဲ့ အခမ်းအနားကျင်းပခဲ့ပုံတွေက ဖက်ဆစ်တော်လှန် ရေးကို ပြန်ပြောင်းအောက်မေ့မှုမပါတော့တာကြာပြီဖြစ်တာမို့ နောက်ပိုင်းမျိုးဆက်သစ်တွေဟာ ဖက်ဆစ်တော်လှန်ရေးကို မှန်မှန်ကန်ကန် ရှုမြင်မှု အားနည်းလာတော့မှာကို စိုးရိမ်မိပါတယ်။ သမိုင်းဖြစ်စဉ် အချိတ်အဆက်တွေပြတ်နေတဲ့ သင်ရိုးညွှန်း တမ်းတွေကလည်း ဖက်ဆစ်တော်လှန်ရေးသမိုင်းကို လူငယ်တွေ ပုံပျက်ပန်းပျက်နားလည်စေတဲ့ အချက်တစ်ချက်ပဲလို့ ယူ ဆမိပါတယ်။ ဒါကြောင့် ဖက်ဆစ်တော်လှန်ရေးကို ဘယ်လိုဆောင်ရွက်ခဲ့ကြသလဲ၊ ဘယ်သူတွေဆောင်ရွက်ခဲ့ကြသလဲ ဆိုတဲ့အချက်ကို လေ့လာစေ့ငုမိသမျှ မျှဝေလိုက်ရပါတယ်။

(၂)
ဗြိတိသျှကိုတော်လှန်နိုင်ဖို့ တရုတ်ကွန်မြူနစ်ပါတီကို ဆက်သွယ်အကူအညီရယူမယ်ဆိုတဲ့စိတ်ကူးနဲ့ ၁၉၃၉ ခုနှစ် အောက် တိုဘာလ ကျောင်းပိတ်ရက်အတွင်းမှာ သခင်ဗဟိန်းနဲ့သူငယ်ဖြစ်သူ ကိုဌေးမြိုင်တို့ရဲ့ တရုတ်ပြည်ခရီးစဉ်က ပြည် နယ် သိန်းနီမြို့မှာတင် လမ်းဆုံးပြီး ပြန်လာခဲ့ရပါတယ်။ သခင်ဗဟိန်းက ရန်ကုန်တက္ကသိုလ်ကျောင်းသားလည်းဖြစ်၊ ဖွဲ့စည်း ပြီးခါစ ဗမာပြည်ကွန်မြူနစ်ပါတီ ကျောင်းသားလူငယ်စည်းရုံးရေးတာ ဝန်ခံလည်း ဖြစ်ပါတယ်။ ဒုတိယအကြိမ်ကြိုးပမ်းမှုအဖြစ် ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်းနဲ့ သံလျင်ရေနံမြေက သခင်လှမြိုင်တို့ တရုတ်ကွန်မြူ နစ်ပါတီ ဌာနချုပ်ရှိရာ ယင်အန်းမြို့ကို သွားရောက်ဖို့ ကြိုးစားကြပြန်ပါတယ်။ ၁၉၄၀ ခုနှစ် သြဂုတ်လ (၈) ရက်မှာ ရန်ကုန် ဆိပ်ကမ်းကနေ ဟိုင်လီသင်္ဘောနဲ့ စတင်ထွက်ခွာခဲ့ပြီး အမွိုင်ကို သြဂုတ်လ (၂၄) ရက်မှာ ရောက်ရှိပါတယ်။ မြန်မာပြည်ရဲ့ ကံကြမ္မာကဆိုးလေတော့ သခင်အောင်ဆန်းတို့ အမွိုင်ကိုရောက်ချိန်မှာ ဂျပန်တွေက သိမ်းပိုက်ထားပြီးပြီမို့ တရုတ်ကွန်မြူ နစ်ပါတီနဲ့ အဆက်အသွယ်မရခဲ့ပါဘူး။ ဗြိတိသျှကို တော်လှန်နေချင်တဲ့လူငယ်လေးတွေ အမွိုင်ကိုရောက်နေကြောင်း ဂျပန် တွေသိသွားရာကစလို့ ဂျပန်ပြည်ကို စစ်ပညာသင် ရဲဘော်သုံးကျိပ်ဆိုတာ ပေါ်ပေါက်လာသလို ၁၉၄၀ ခုနှစ် ဒီဇင်ဘာမှာ ဗမာ့လွပ်လပ်ရေးတပ်မတော် (BIA) ဆိုတာလည်း ပေါ်ပေါက်လာပါတယ်။ ၁၉၄၂ ဇန်နဝါရီလ (၂) ရက်ကစပြီး ဗမာ့လွပ် လပ်ရေးတပ်မတော် မြန်မာပြည်ထဲဝင်ရောက်ပြီး ဗြိတိသျှတို့ကို တိုက်ထုတ်ခဲ့ကြပါတယ်။ ၁၉၄၂ ခုနှစ် မတ်လ (၁၅) ရက်မှာ ဂျပန်ရဲ့ စစ်အုပ်ချုပ်ရေး စတင်ပါတော့တယ်။ ၁၉၄၂ ခုနှစ် ဇူလိုင်လ အရောက်မှာ ဂျပန်က ဗမာ့လွတ်လပ်ရေးတပ်မတော်ကို လက်နက်၊ လူသူလျော့ချစေပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) အဖြစ် ပြောင်းလဲဖွဲ့စည်းစေခဲ့ပါတယ်။ ဂျပန်တွေက သူတို့ကို ပြန်လည်တော်လှန်နိုင်စွမ်းမရှိတဲ့ တပ်မတော်မျိုးကိုပဲ အလိုရှိခဲ့ဟန်တူပါတယ်။ ဂျပန်ပေးတဲ့ ရွှေရည်စိမ်လွတ်လပ် ရေးေ အာက်မှာ ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ဟာလည်း ရုပ်သေးအစိုးရသာ ဖြစ်ပါတယ်။ အစိုးရက ရုပ်သေးအစိုးရ၊ တပ်မတော် ဆိုတာကလည်း လက်နက်ဖြုတ်သိမ်းခံထားရတာမို့ ဂျပန်တွေကိုတော်လှန်ဖို့ဆိုတာ တော်တန်ရုံနဲ့ မဖြစ်နိုင်ဘူးဆိုတာ လွယ်လွယ်လေး တွက်ဆနိုင်ပါတယ်။ ဂျပန်ဆီ လက်နက်တွေအကုန်ပြန်မအပ်ပဲ လျှို့ဝှက်သိမ်းဆည်းထားခဲ့တာတွေ ရှိ တယ်လို့လည်း မှတ်သားဖူးပါတယ်။

ရဲဘော်သုံးကျိပ် ဂျပန်ပြည်မှာ စစ်ပညာသွားသင်နေတဲ့အချိန် မြန်မာပြည်ထဲမှာတော့ သခင်လူငယ်တွေ၊ မျိုးချစ်သူရဲကောင်း တွေကို ဗြိတိသျှအစိုးရက ပြင်းပြင်းထန်ထန်နှိပ်ကွပ်နေခဲ့ပါတယ်။ သခင်တွေအားလုံး ထောင်ထဲရောက်နေခဲ့ကြပါတယ်။ ထောင်ထဲကို လက်ဝဲစာပေတွေခိုးသွင်းပြီး နိုင်ငံရေးလေ့လာမှုတွေလုပ်ကြသလို၊ သင်တန်းတွေပေးခဲ့ကြပါတယ်။ အဲဒီအချိန် မှာ အင်းစိန်ထောင်ထဲမှာရှိနေခဲ့တဲ့ သခင်နုရဲ့ “ငါးနှစ်ရာသီ ဗမာပြည်” စာအုပ်က အထောက်အထားတစ်ခုပါပဲ။ အဲဒီလို နိုင်ငံ ရေးလေ့လာမှုတွေရဲ့အကျိုးဆက်က ဖက်ဆစ်ဂျပန်ဆိုတာလည်း ပြန်လည်တိုက်ထုတ်ရမှာပဲဆိုတဲ့ အယူအဆကို မွေးဖွား ပေးခဲ့တာလို့ ဆိုနိုင်ပါတယ်။ သခင်နုကိုယ်တိုင် ဖက်ဆစ်ဂျပန်ကို မူလက အထင်ကြီးခဲ့ပြီး သခင်စိုးရဲ့သင်တန်းပို့ချမှုတွေ ကြောင့် ဖက်ဆစ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေ ကိန်းအောင်းလာတယ်ဆိုတာ သူ့ရဲ့စာအုပ်ထဲမှာ မှတ်သားရပါတယ်။ ရဲဘော် သုံးကျိပ်က ဂျပန်လက်အောက်မှာ ပညာသင်ကြားနေရပေမယ့် ဂျာမဏီ၊ အီတလီ၊ ဂျပန်တို့ရဲ့ ဖက်ဆစ်စနစ်အကြောင်းကို ပြည်တွင်းက လူငယ်ခေါင်းဆောင်တွေက နောကျေအောင်သိထားပြီးဖြစ်နေတာကပဲ မြန်မာ့သမိုင်းအတွက် ကံ ကောင်း ကွက်တစ်ခုလို့ ဆိုရလေမလားပါပဲ။

၁၉၄၂ ခုနှစ် မေလမှာ ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဖြစ်တဲ့ သခင်သိန်းဖေ၊ သခင်မြသွင်တို့ရယ်၊ သခင်ကျော်စိန်ရယ် သုံးဦး၊ ဂျပန်ကိုတော်လှန်နိုင်ဖို့ ပြည်ပထွက်ပြီး မဟာမိတ်တွေနဲ့ ဆက်သွယ်ဖို့ကြိုးစားခဲ့ကြပါတယ်။ မအောင်မြင်ခဲ့ပါဘူး။ ၁၉၄၂ ဇူလိုင် (၁၂) ရက်မှာ သခင်သိန်းဖေနဲ့ အခြားဗမာပြည်ကွန်မြူနစ်ပါတီဝင်ဖြစ်တဲ့ သခင်တင်ရွှေတို့ မင်းပြားကနေတဆင့် အိန္ဒိ ယကို သွားရောက်ခဲ့ပါတယ်။ နိုဝင်ဘာ (၂၁) မှာ မဟာမိတ်တပ်တွေနဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ ပြည်တွင်းမှာ ဂျပန်ဖွဲ့ ပေးထားတဲ့ ရုပ်သေးအစိုးရအဖွဲ့မှာ ပါဝင်နေတဲ့ စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အတော်များများဟာလည်း ရုပ်ပြသဘောသာ အစိုးရအဖွဲ့မှာပါဝင်နေပြီး ဂျပန်ကို ပြန်လည်တော်လှန်ဖို့ အခွင့်အခါကောင်းစောင့်နေကြသူတွေ ဖြစ်ပါ တယ်။ အဲဒီထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီက သခင်သန်းထွန်းလည်း အပါအဝင်ပါ။ သခင်သိန်းဖေက ဝန်ကြီးသခင်သန်းထွန်း ဆီဆက်သွယ်ပြီး အိန္ဒိယကို မျိုးချစ်လူငယ်တွေ စေလွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ၁၉၄၄ စက်တင်ဘာလကနေ ဒီဇင်ဘာလ အတွင်း မဟာမိတ်တို့ထံမှာ စစ်ပညာသင်ယူဖို့ အိန္ဒိယကို အသုတ်လိုက်ခွဲလွှတ်ခဲ့တာ လူပေါင်း ၃၀ ကျော်လောက်ရှိတယ်လို့ မှတ်သားရပါတယ်။ နောင်အခါမှာ “လေထီးဆင်း” တွေအဖြစ် ထင်ရှားလာကြမယ့်သူတွေဖြစ်သလို သမိုင်းမှာ မေ့ပျောက်ခံ ထားရသူတွေလည်း ဖြစ်ပါတယ်။ ဒါက ပြည်ပကိုထွက်ပြီး အကူအညီရှာကြသူတွေပါ။

ပြည်တွင်းမှာတော့ သခင်စိုးဟာ အင်းစိန်ထောင်မှာရေးခဲ့တဲ့ အင်းစိန်စစ်တမ်း၊ မြင်းခြံထောင်မှာရေးခဲ့ တဲ့ မြင်းခြံစစ်တမ်းတွေကို အခြေခံပြီး “ဗမာပြည်လွတ်လပ်ရေးကြေညာစာတမ်း အမှတ် (၁)” ကို ၁၉၄၂ သြဂုတ်မှာထုတ်ပြန်ခဲ့သလို၊ ၁၉၄၄ ဧပြီမှာ လည်း “ဗမာပြည်လွတ်လပ်ရေးကြေညာစာတမ်း အမှတ် (၂)” ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ ဗမာပြည်ကွန်မြူနစ်ပါတီကို ကိုယ်စားပြုပြီး ဖက်ဆစ်တော်လှန်ရေးကို ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။ “အလုပ်သမားလူတန်းစား၏ ဖက်ဆစ်ဝါဒဆန့်ကျင် ရေး” ဆိုတဲ့ ဒီမီထရော့ရဲ့စာတမ်းကို သခင်စိုးက ၁၉၄၂ မှာ ဘာသာပြန်ပြီး မြေအောက်လှုပ်ရှားမှုတွေလည်း လုပ်ဆောင်ခဲ့ တယ်လို့ မှတ်သားရပါတယ်။ တချိန်တည်းမှာ သခင်ဗဟိန်းတို့ ဇနီးမောင်နှံဟာလည်း တောင်ငူခရိုင်ထဲမှာ ဖက်ဆစ်တော်လှန် ရေးအတွက် ပြင်ဆင်မှုတွေကို ၁၉၄၄ သြဂုတ်လဆန်းမှာ စတင်ခဲ့ပါတယ်။ နိုင်ငံရေးသင်တန်းတွေပို့ချရာမှာ သခင်စိုးရေးခဲ့တဲ့ လွတ်လပ်ရေးကြေညာစာတမ်းတွေလည်း ထည့်သွင်းပို့ချခဲ့ပါတယ်။ ဒါက ပြည်တွင်းက ကွန်မြူနစ်ပါတီဝင်တွေရဲ့မြေ အောက်လှုပ်ရှားမှုတွေကို တင်ပြတာဖြစ်ပါတယ်။

ဖက်ဆစ်တော်လှန်ရေးအတွက် ပထမဆုံး အသက်စွန့်သွားခဲ့ရသူကတော့ စစ်ကိုင်းမြို့က ကွန်မြူနစ်ပါတီ မြေအောက်လှုပ် ရှားမှုအဖွဲ့ဝင်တစ်ဦးဖြစ်သူ ရဲဘော်သိန်းတန် (ခေါ်) ရဲဘော်ချစ်တီးဖြစ်တယ်လို့ မှတ်တမ်းအချို့မှာ မှတ်သားခဲ့ရပါတယ်။ ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုစာရွက်စာတမ်းတွေနဲ့ ပတ်သက်ပြီး ဂျပန်တွေက ဖမ်းဆီးနှိပ်စက် စစ်မေးပေမယ့် ဘာတစ်မှမဖော်ပဲ အသက်ကို ပေးလှူသွားခဲ့သူပါ။ ၁၉၄၂ မေလ ၂၃ မှာ စစ်ကိုင်းတံတားပေါ်မှာ လည်ပင်းကို ဓားနဲ့ခုတ်ပြီး ဧရာဝတီမြစ်ထဲ ကန်ချခံခဲ့ရတယ်လို့ မှတ်သားရပါတယ်။

အဲဒီအချိန်က စစ်သေနာပတိချုပ်ဖြစ်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်လည်း မြေအောက်လှုပ်ရှားမှုတွေနဲ့ပဲ ဆောင်ရွက် ခဲ့ရတာပါပဲ။ ၁၉၄၄ သြဂုတ်လဆန်းမှာ ဗိုလ်ချုပ်အောင်ဆန်း ပဲခူးကိုရောက်ရှိလာပါတယ်။ ပဲခူးစံပြတပ်ရင်းထဲက ဗိုလ်မှူး ကျော်ဇောရဲ့အိမ်မှာ သခင်စိုးနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့ပါတယ်။ (တချို့က အဲဒီအစည်းအဝေးမှာ သခင်သန်းထွန်းပါ ပါတယ်လို့ ဆိုကြပါတယ်။ ဗိုလ်မှူးကျော်ဇောရဲ့သမီး ဒေါက်တာလှကျော်ဇောကတော့ အဲဒီတုန်းက သခင်သန်းထွန်းက ဂျပန်တွေရိပ်မိ မှာစိုးလို့ ရန်ကုန်မှာကျန်နေခဲ့တာမို့ သခင်သန်းထွန်းမပါလာခဲ့ကြောင်း သူမဖခင်ထံက ပြန်သိရတာကို ဆောင်းပါးရေးဖူးပါ တယ်။ အဲဒီတုန်းက ဗိုလ်ချုပ်အောင်ဆန်း ပဲခူးကိုလာရာမှာ ဂျပန်တွေကို တပတ်ရိုက်ဖို့ ဇနီးသည် ဒေါ်ခင်ကြည်ကိုပါ ခေါ် ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။ အိမ်မှာ နွားနို့သောက်ဖို့ ပဲခူးမှာ နွားအဝယ်ထွက်တယ်လို့ အကြောင်းပြတယ်လို့ မှတ် သားရပါတယ်။ ဗိုလ်မှူးကျော်ဇောအိမ်မှာ ဗိုလ်ချုပ်အောင်ဆန်း ဘာတွေလုပ်သလဲ၊ ဘာတွေပြောသလဲ သိရအောင် ဂျပန် ကင်ပေတိုင်က ဗိုလ်မှူးကျော်ဇောရဲ့ကိုယ်ရံတော်တပ်သားလေးကိုပါကို ဖမ်းဆီးနှိပ်စက်ခဲ့ပေမယ့် အနာခံပြီး မဖော်ထုတ်လို့ ဂျပန်တော်လှန်ရေးသမိုင်း တစ်ဆစ်မချိုးသွားတာကလည်း မြန်မာပြည်အတွက် ကံကြီးပေလို့သာပဲလို့ ဆိုရမှာပါ။) ဗိုလ်ချုပ် အောင်ဆန်းနဲ့သခင်စိုးတို့တိုင်ပင်ကြတဲ့အကြောင်းအရင်းကတော့ ဖက်ဆစ်ဆန့်ကျင်ရေးအတွက် တပ်မတော်၊ ဗမာပြည်ကွန် မြူနစ်ပါတီနဲ့ ပြည်သူ့အရေးတော်ပုံပါတီဆိုတဲ့ နိုင်ငံရေးအင်အားစုကြီး (၃) ရပ်ကို စုစည်းအခြေခံတဲ့ တပ်ပေါင်းစုကြီး ပေါ်ထွန်းလာရေးဖြစ်ပါတယ်။ အဲဒီ လျှို့ဝှက်တွေ့ဆုံမှုရဲ့ရလဒ်ကတော့ ၁၉၄၄ ခုနှစ် သြဂုတ်လ ၂၃ မှာ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် (ဖတပ) ကို ဖွဲ့စည်းဖြစ်ခဲ့တာပါ။ ဖတပရဲ့ဗဟိုဦးစီးအဖွဲ့မှာ အဖွဲ့ဝင် (၉) ဦးပါဝင်ပြီး တပ်မတော်၊ ဗမာပြည်ကွန် မြူ နစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ အစုအဖွဲ့ တစ်ခုချင်းစီကနေ (၃) ဦးစီ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ၁၉၄၅ မှာ ဖတပကို ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ) အဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးအတွက် စစ်တိုင်း (၇) တိုင်း၊ အထူးဒေသတိုင်းကြီး (၃) တိုင်းကို သတ်မှတ်ခဲ့ကြပါတယ်။ တိုင်းတစ် တိုင်းဆီမှာ နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင်တွေကို သတ်မှတ်ပေးခဲ့ကြပါတယ်။ ဂျပန်က လက်နက်ဖြုတ်သိမ်း ထားလို့ အင်အားချို့တဲ့နေတဲ့ တပ်မတော်ကို ပြည်သူလူထုအင်အားက လာရောက်ပူးပေါင်းမှသာလျှင် ဖက်ဆစ်ဂျပန်ကို တော်လှန်နိုင်မှာ ဖြစ်ပါတယ်။ ဖက်ဆစ်တွေက သူတို့ကို ပြန်ပြီးမတော်လှန်နိုင်လောက်တဲ့ အင်အားကိုချိန်ပြီး BDA ကို ဖွဲ့ပေးထားတာပါ။ ဒါကြောင့် တော်လှန်ရေးမှာ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်လာဖို့အတွက် နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အရည်အချင်းနဲ့ အင်အားက အတော်အရေးပါခဲ့မယ်ဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ စစ်ရေးခေါင်းဆောင်တွေက တပ်မ တော်ကချည်းဖြစ်ပြီး၊ နိုင်ငံရေးခေါင်းဆောင်အများစုကတော့ ဗမာပြည်ကွန်မြူနစ်က ဖြစ်ပါတယ်။ တိုင်း (၁) နိုင်ငံရေးခေါင်း ဆောင် ဦးသီဟန်ကလွဲရင် ကျန်တဲ့သူတွေက ဗမာပြည်ကွန်မြူနစ်ပါတီက ဖြစ်ပါတယ်။ ဖတပလတစ်ဖွဲ့လုံးရဲ့စစ်ရေးခေါင်း ဆောင်က ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပြီး၊ သခင်စိုးက နိုင်ငံရေးခေါင်းဆောင်ဖြစ်ပါတယ်။ သခင်သန်းထွန်းကတော့ ပြောက်ကျား နှင့် နိုင်ငံခြားဆက်သွယ်ရေးခေါင်းဆောင် ဖြစ်ပါတယ်။

တကယ်တော့ ဖက်ဆစ်တော်လှန်ရေးကို ၁၉၄၅ ခုနှစ် ဧပြီလ ၂ ရက်မှာ စတင်ဖို့ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါပေမယ့် မဟာမိတ် တပ်တွေက မုံရွာ၊ ရွှေဘိုဘက်ကနေ စစ်ကြောင်းတွေနဲ့ ချီတက်လာနေပြီ ဖြစ်တာရယ်၊ စစ်ကိုင်းဘက်မှာ တော်လှန်ရေးမြေ အောက်အဖွဲ့ဝင်အချို့ အဖမ်းခံလိုက်ရတာရယ်ကြောင့် အထက်ဗမာပြည် စစ်ရေးတာဝန်ခံ ဗိုလ်မှူးဗထူးဟာ တော်လှန်ရေးကို မတ်လ (၈) ရက်ကတည်းက စတင်လိုက်ရပါတယ်။ မန္တလေး မျက်ပါးအရပ်မှာရှိတဲ့ အမြောက်တပ်ကနေ အမြောက်သုံးချက် ပစ်ဖောက်ပြီး တော်လှန်ရေးစတင်ဖို့ အချက်ပေးခဲ့တာမို့ ဖက်ဆစ်တော်လှန်ရေးရဲ့ ခရာသံပဲလို့ ဆိုရမှာပါ။

၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက်မှာ ရွှေတိဂုံဘုရားခြေရင်းက တော်လှန်ရေးပန်းခြံနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းက တပ်ထွက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ “အနီးကပ်ဆုံးရန်သူကို ချေမှုန်းကြ” ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိန့်ခွန်းက ဖက်ဆစ်တော်လှန် ရေးရဲ့ အသက်ဝိညာဉ်ဖြစ်ခဲ့ရပါတယ်။ တော်လှန်ရေးကို ဧပြီလ ၂ ရက်လို့ သတ်မှတ်ထားခဲ့ပေမယ့် အရပ်ရပ်အခြေအနေတွေ အရ မတ်လ ၂၇ ရက်ကို ပြောင်းလဲခဲ့ရပါတယ်။ သိပ်ပြီး အံ့သြဖို့ကောင်းတာက အဲဒီလိုဆုံးဖြတ်ခဲ့တာ မတ်လ (၂၆) ရက်မှာ ဖြစ်ပါတယ်။ အာလံ (ယခု အောင်လံ) မြို့နားက ပြလို့စခန်းကိုရောက်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ နောက်တစ်နေ့ မတ် လ (၂၇) မှာ တော်လှန်ရေးစတင် ဆင်နွှဲတော့မယ့်အကြောင်းကို သခင်စိုး၊ သခင်သန်းထွန်းတို့ထံ ဆတ်သားလွှတ်ပြီး သတင်းပို့ရတာပါ။ သတင်းရရချင်း တော်လှန်ရေးကြီးကို အချိန်ကိုက် ပြောင်းလဲလှုပ်ရှားနိုင်ကြတာကတော့ အံ့မခန်းပါပဲ။ တော်လှန်ရေး စတင် တဲ့အခါ သခင်သန်းထွန်းက ပဲခူးရိုးမပေါ်က ကျီးမနိုးစခန်းမှာ အခြေပြုလှုပ်ရှားသလို၊ သခင်သန်းထွန်းနဲ့ သခင် သိန်းဖေတို့ အစီအစဉ်နဲ့ အိန္ဒိယမှာ စစ်ပညာသင်ယူနေတဲ့ မျိုးချစ်လူငယ်တွေလည်း ဖြူးဘက်ကို လေထီးနဲ့ ဆင်းပြီး တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ စိတ်မကောင်းစရာ၊ ကြေကွဲဝမ်းနည်းစရာတစ်ခုကတော့ လေထီးဆင်းအဖွဲ့ တွေထဲမှာ သခင်ဗိုလ်နဲ့အဖွဲ့ဟာ ဧပြီ ၂ ရက်မှာ မြန်မာနိုင်ငံအတွင်းကို လေထီးနဲ့ဆင်းလာဖို့အတွက် အိန္ဒိယနိုင်ငံ ဂျက်ဆို လေယာဉ်ကွင်းကနေအတက် လေယာဉ်ပျက်ကျပြီး အသက်ပေးလှူသွားခဲ့ရပါတယ်။

အဲဒီလို တပ်မတော်၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံ ပါတီတို့စုဖွဲ့ထားတဲ့ ဖတပလအဖွဲ့ကြီးရဲ့ကြိုးပမ်းအား ထုတ်မှု၊ တိုင်းရင်းသားပြညသူလူထုရဲ့ ပူးပေါင်းပါဝင်မှုတွေနဲ့ ဖက်ဆစ်ဂျပန်တွေနဲ့ ဖက်ဆစ်စနစ်ဆိုးကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင် တိုက်ထုတ်ပစ်နိုင်ခဲ့ပါတယ်။ အဲဒီလို ဂုဏ်ဒြပ်ကြီးမားလှတဲ့ တော်လှန်ရေးကြီး စတင်ခဲ့ရာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်ကိုလည်း ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

(၃)
ဒီဆောင်းပါးလေးကိုရေးသားရာမှာ ဖက်ဆစ်တွေကို ဘယ်သူတွေ ဘယ်လိုတော်လှန်ခဲ့ကြသလဲဆိုတဲ့ သမိုင်းအချက်အလက် တချို့ကို ယနေ့ခေတ် လူငယ်များ ပြန်လည်လေ့လာလိုစိတ် ဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်နဲ့ ရေးသားတင်ပြခဲ့ခြင်း ဖြစ်ပါတယ်။ စာရေးသူအနေနဲ့ သမိုင်းပညာရှင်တစ်ယောက်မဟုတ်တာမို့ သမိုင်းဆောင်းပါးတစ်ပုဒ်အဖြစ်နဲ့ ရေးသားခဲ့တာမဟုတ်ပဲ လူငယ်စာဖတ်ပရိတ်သတ်အနေနဲ့ ဖက်ဆစ်တော်လှန်ရေးလှုပ်ရှားမှုအပေါ် တန်ဖိုးထားလေ့လာလိုစိတ်တွေ ဖြစ်ပေါ်လာ အောင် စေ့ဆော်ပေးဖို့ အဓိကရည်ရွယ်ပြီး ဖတ်ဖူးခဲ့၊ မှတ်သားဖူးခဲ့တာတွေကို ပြန်လည်ဝေမျှခြင်းသာ ဖြစ်ပါတယ်။ မတ်လ ၂၇ ရက်တိုင်းမှာ နှစ်ပတ်လည်ကျရောက်လာမြဲဖြစ်တဲ့ ဖက်ဆစ်တော်လှန်ရေးကို ယနေ့တရားဝင်ခေါ်ဝေါ်သုံးစွဲနေကြတဲ့ အမည်နာမကြောင့် ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြမှာ စိုးရိမ်မိတာကလည်း တကြောင်းအပါအဝင် ဖြစ်ပါတယ်။ ချုပ်ပြီးပြော ရရင်တော့ မတ်လ ၂၇ ရက်ဟာ ဖက်ဆစ်တွေကိုတော်လှန်ခဲ့တဲ့ တန်ဖိုးထားအပ်သော နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပြီး ဖက် ဆစ်တွေကို တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းနဲ့ တော်လှန်ခဲ့တာမဟုတ်ကြောင်း၊ ဖက်ဆစ်တော်လှန်ရေးအတွက် နိုင်ငံရေးအင် အားစုတွေရဲ့အခန်းကဏ္ဍဟာလည်း အလွန်အရေးပါခဲ့ပါကြောင်း၊ အဲဒီအခန်းကဏ္ဍကို မှေးမှိန်မထားသင့်ပါကြောင်း တင်ပြ လိုက်ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်