မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၆၅)

April 4, 2018

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၆၅)
(မိုးမခ) ဧပြီ ၄၊ ၀၁၈

● ၈၁၅ စစ်ဒေသနှင့် ပထမဆုံး မိုင်းယန်းတိုက်ပွဲ
ကျိုင်းတုံမြောက်ဖက် ၆၈ ခန့်အကွာတွင်ရှိသော မိုင်းယန်းမြို့လေးသည် တရုတ်နယ်စပ်နှင့်မိုင် ၃ဝ ခန့်အကွာတွင်ရှိသော်လည်း အစိုးရအုပ်ချုပ်မှု နယ်မြေ၏ ရှေ့တန်း ခံစစ်စခန်းမြို့လေးဖြစ်သည်။ ကျိုင်းတုံနှင့်မိုင်းယန်းကြားတွင် မိုင်းခတ်၊ မိုင်းလွေစသည့် မြို့ငယ်ကလေးများရှိသည်။ မိုင်းယန်းမြို့ ပတ်ပတ်လည်ကို စဝ်ခွန်မြင့်၊ စိုင်းနော်ပန်းတို့၏ ရှမ်းတပ်က ထိမ်းချုပ်ထားသည်။ မိုင်းယန်း၏ အနောက် မြောက်ဖက် မိုင်၂ဝ ခန့်အကွာတွင်ရှိသည့် မုန်းဖျင်၊ ဟိုတောင်း၊ မိုင်းပေါက် စသည့်ဒေသတွင်လည်း CPB အရှေ့မြောက် စစ်ဒေသတပ်များက ထိမ်းချုပ်ထားပြီး အရှေ့တောင်ဘက် မိုင် ၄ဝ ခန့်အကွာရှိ မိုင်းလားတွင်လည်း ၈၁၅တပ်ဖွဲ့များ စတင်အခြေချ ဝင်ရောက်နေပြီဖြစ်သည်။

ထိုဒေသတဝိုက်တွင် စုဖွဲ့မိသော ၈၁၅ စစ်ဒေသအင်အားစုများသည် ၁၉၇၃ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် မိုင်းယန်းမြို့အား စတင်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲအား ၈၁၅ စစ်ဒေသ စစ်ဦးစီးမှူးရဲဘော်စိုင်းလင်းက ဦးစီးပြီး၈၁၅ စစ်ဒေသမှ တပ်ခွဲ ၅၊ အထူးတပ်စု ၁ စု၊ စဝ်ခွန်မြင့်ဦးစီး ရှမ်းတပ်မှ တပ်ဖွဲ့များ စုစုပေါင်း အင်အား ၃ဝဝ ခန့်ဖြင့် မိုင်းယန်းရှိ ချင်းသနက ၄ တပ် စခန်းနှင့် ရဲစခန်းတို့အား တိုက်ခိုက်ခဲ့သည်။ မိုင်းယန်းမြို့တဝက်ခန့် သိမ်းပိုက်ရမိသော်လည်း မိုင်းခတ်၊ မိုင်းလွေတို့မှ စစ်ကူ များရောက်လာသဖြင့် ပြန်လည်ဆုတ်ပေးခဲ့သည်။ အဆိုပါတိုက်ပွဲတွင် လက်နက်ငယ်မျိုးစုံ ၁၆ လက်၊ ၄ဝ မမ ခေါက်မော်တာ ၁ လက်၊ ၂ လက္မ စိန်ပြောင်း ၁ လက်သိမ်းဆီးရခဲ့ပြီး တပ်နှင့်ရဲမှ သုံ့ပမ်း ၅ ဦးခန့် ဖမ်းဆီးရမိခဲ့သည်။ ၈၁၅ တပ်ဖွဲ့မှ ရဲဘော် ၃ ဦးကျဆုံးပြီး စဝ်ခွန်မြင့်တပ်က ၁ ဦးကျဆုံးသည်။

မိုင်းယန်းမှ ပြန်ဆုတ်လာပြီးနောက် ၈၁၅ တပ်ဖွဲ့များသည် ၁၉၇၃ ခုနှစ် ဧပြီလ ၁၄ ရက်နေ့တွင် မိုင်းမကွင်း ဝမ်ဆာရွာ အပေါ်ကုန်းတွင်ရှိသည့် သနက ၄ စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၅ ဦး၊ ကာကွယ်ရေး ၂ ဦးကျဆုံးပြီး သေနတ် ၁ဝ လက်ရရှိခဲ့သည်။ ထိုမှစ၍ ၈၁၅ တပ်ဖွဲ့များသည် ၁၉၇၃ ခုနှစ် နှစ်ကုန်အထိ မိုင်းယန်းနှင့်တာပင်ကြား၊ မိုင်း မကွင်းနှင့် ဝမ်ကျင်းစမ်တောက်တို့တွင် တနှစ်လုံးပြောက်ပျားလှုပ်ရှားတိုက်ခိုက်ခဲ့သည်။

၁၉၇၃ ခုနှစ် ဒီဇင်ဘာလတွင် CPB ဗဟိုက စစ်ဆင်ရေးတာဝန်တရပ် ညွှန်ကြားလာသည်။ အဆိုပါစစ်ဆင်ရေးတွင် အရှေ့ မြောက်စစ်ဒေသ တပ်မဟာ ၈ က မိုင်းယန်းမြို့အား တိုက်ခိုက်မည်ဖြစ်ပြီး ၈၁၅ တပ်ဖွဲ့များက မိုင်းမကွင်းနှင့် ဝမ်ကျင်း စမ်တောက်ဒေသရှိ အစိုးရစစ်စခန်းများအား တိုက်ခိုက်ရန်ဖြစ်သည်။ သို့နှင့် ၈၁၅ စစ်ဒေသမှ တပ်ခွဲ ၁ နှင့် အထူးတပ်ဖွဲ့အား မိုင်းမကွင်းတွင် တိုက်ခိုက်ရန်၎င်း၊ တပ်ခွဲ ၃ နှင့် ၅ အား ဝမ်ကျင် စမ်တောက်ဒေသတွင်တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့သည်။ သို့သော် တပ်မဟာ ၈ တပ်များက မိုင်းယန်းကို စတင်တိုက်ခိုက်သည်နှင့် မိုင်းမကွင်းနှင့်ဝမ်ကျင်း စမ်တောက်တွင် တပ်စွဲထား သည့် အစိုးရတပ်များ ဆုတ်ခွာသွားခဲ့ရာ ထိုနယ်မြေနှစ်ခုအား မတိုက်ရဘဲ ၈၁၅ တပ်ဖွဲ့ကထိမ်းချုပ်နိုင်ခဲ့သည်။

တပ်မဟာ ၈ တပ်ဖွဲ့များက မိုင်းယန်းမြို့အားသိမ်းပိုက်ပြီး ၁၅ ရက်ခန့် ထိမ်းချုပ်ထားနိုင်ခဲ့သည်။ ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းလွေ မှ အစိုးရစစ်ကူများ တောက်လျောက်စေလွှတ်တိုက်ခိုက်ရာ ရက် ၂ဝ ခန့်တိုက်ပွဲဖြစ်ပွားပြီး၁၉၇၄ ခုနှစ် ဇန္နဝါရီလလယ်ပိုင်း ခန့်တွင်မှ တပ်မဟာ ၈ တပ်များ ဆုတ်ခွာပေးခဲ့သည်။

ဝမ်ကျင်း စမ်တောက်နှင့် မိုင်းမကွင်းအား တိုက်စရာမလိုဘဲ ထိမ်းချုပ်နိုင်ပြီးနောက် ၈၁၅ တပ်ဖွဲ့အချို့သည် တာပင်းမြောက် ဖက် ဝမ်ညင်း၊ ဝမ်ရှဲရှိကူမင်တန်စခန်းအား ၁၉၇၃ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ကူမင်တန် ၁ဝ ယောက်သေ၊ ၅ ယောက် ဖမ်းမိပြီး ၈၁၅ တပ်ဖွဲ့မှ ၁ ယောက်ကျ ပြီး ၁ဝ ဦးဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ၈၁၅ တပ်ဖွဲ့များသည် မိုင်းမကွင်းအား သိမ်းပိုက်ပြီး လွယ်ကြူဆိုင်း၊ လွယ်ဆမ်ဆုံတောင်ကုန်းများအား ထိမ်းချုပ်နိုင်ခဲ့သည်။ သို့နှင့် မိုင်းစော့၊ မိုင်း ဟဲဒေသ၊ ဝမ်စော့၊ ဝမ်ဖိုင်နှင့်မိုင်းဝ၊ ကျိန်းခန်းဒေသတို့နှင့် ဝမ်းကျင်း စမ်တောက်ဒေသ၊ မိုင်းလား၊ မိုင်းမဒေသတို့သည် တဆက်စပ်တည်းသော ၈၁၅ စစ်ဒေသနယ်မြေအဖြစ်သို့ ၁၉၇၄ ခုနှစ် နှစ်ဆန်းတွင် ရောက်ရှိသွားခဲ့တော့သည်။

မိုင်းယန်းတိုက်ပွဲပြီးနောက် CPB ဗဟိုမှ ညွှန်ကြားသည့် စစ်ဆင်ရေးညွှန်ကြားသည့် နောက်ထပ်စစ်ဆင်ရေးတခုအား ၁၉၇၄ ခုနှစ်နှစ်ဆန်းတွင်ဆက်လက်ဆင်နွှဲရသည်။ နောက်ထပ် စစ်ဆင်ရေးကား မိုင်းယုတိုက်ပွဲဖြစ်သည်။ မိုင်းယုသည် ကျိုင်းတုံ၏ အရှေ့ဖက်၊ မိုင်းယောင်းမြို့၏မြောက်ဖက်တွင်ရှိသည်။ စစ်ဆင်ရေးသည်ကျိုင်းတုံမြောက်ဖက်မှ အရှေ့ဖက်သို့ ရွှေ့ပြောင်းခဲ့ သည်။

မိုင်းယုသည် ကျိုင်းတုံ၏အရှေ့ဖက်တွင်ရှိသည်ဆိုသော်လည်း မြင့်မားမတ်စောက်သော တောင်တန်းများ အထပ်ထပ်သွယ် တန်း နေ၍ ကျို င်းတုံမှမိုင်းယုသို့ ကွေ့ပတ်၍သွားရသည်။ ကျိုင်းတုံမှ အရှေ့တောင်ဖက်  (တာချီလိတ်ကားလမ်းအတိုင်း) ၅၂ ခန့်သွားလျှင် မိုင်းဖြတ်သို့ရောက်သည်။ မိုင်းဖြတ်မှအရှေ့မြောက်ဖက်သို့ မိုင် ၇ဝ ခန့်သွားလျင် မိုင်းယောင်းသို့ရောက်ပြီး မိုင်းယောင်းမှ မြောက်ဖက်သို့ ၁၇ မိုင်ခန့်သွားလျင် မိုင်းယုသို့ ရောက်ရှိသည်။ မိုင်းယုသည် နမ့်လွေချောင်းတောင်ဖက်ခြမ်းတွင်ရှိပြီး နမ့်လွေချောင်း မြောက်ဖက်ခြမ်းရှိ မိုင်းဝ၊ ကျိန်းခန်းဒေသအား ၈၁၅ စစ်ဒေသတပ်ဖွဲများက ထိမ်းချုပ်ထားသည်။

ကျိုင်းတုံမြောက်ဖက်ရှိ မိုင်းယန်း၏ အနောက်မြောက်ဖက် ဝ နယ် မိုင်းပေါက်ကို အခြေပြု သည့် CPB အရှေ့မြောက်စစ်ဒေသ တပ်မဟာ ၈ သည် ၁၉၇၄ ခုနှစ်ဆန်းတွင် CPB နှင့်မဟာမိတ်တပ်များ ချုပ်ကိုင်ထားသည့်ဒေသများအတိုင်း မိုင်းယုသို့ချီတက် နိုင်သည်။ ဝနယ်မိုင်းပေါက်မှ စဝ်ခွန်မြင့်ဦးစီးရှမ်းတပ်ဖွဲ့ ထိမ်းချုပ်သည့် မိုင်းယန်း ဆီလူးဒေသသို့လည်းကောင်း၊ ဆီလူးဒေသ မှ မိုင်းလားဒေသသို့လည်းကောင်း၊ မိုင်းလားဒေသမှ ဝမ်ကျင်း – စမ်တောက်တောင်ကြောအားဖြတ်၍ မိုင်းဝ၊ ကျိန်းခန်းဒေသ သို့လည်းကောင်း ချီတက်နိုင်ခဲ့သည်။

CPB ပါတီဗဟို၏ စစ်ဆင်ရေးစီမံကိန်းမှာ တပ်မဟာ ၈ က မိုင်းယုအားတိုက်ခိုက်ပြီး ၈၁၅ တပ်ဖွဲ့များက နမ့်လွေချောင်း မြောက်ဖက်တွင် တပ်စွဲနေသေးသော အစိုးရတပ် တပ်စွဲနေသေးသော ဝမ်ဖြဲ၊ ပါလျံ စခန်းများအားတိုက်ခိုက်ရန်ဖြစ်သည်။ သို့နှင့် ၁၉၇၄ ခုနှစ် ဖေဖဝါရီလ ၁၂ ရက်နေ့တွင် ချင်းသနက ၃ တပ်စွဲထားသော ဝမ်ဖြဲ၊ ပါလျံ၊ ဟိုပေါ-ဟွေနောင် စခန်း ၃ ခုအား ၈၁၅ တပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည်။ ၁၂ ယောက်ဖမ်းမိပြီး လက်နက် ၉ လက် သိမ်းဆည်းရမိသည်။ မိုင်းယုအား အရှေ့မြောက်စစ်ဒေသ တပ်မဟာ ၈ က တိုက်ခိုက်သိမ်းပိုက်သည်။ ၈၁၅ တပ်ဖွဲ့များလည်း စခန်းငယ် ၃ ခုအား တိုက်ခိုက် သိမ်းပိုက်ပြီးနောက် မိုင်းယုအား တိုက်ခိုက်နေသော တပ်မဟာ ၈ အားစစ်ကူပေးခဲ့သည်။ မိုင်းယုတိုက်ပွဲတွင် ချင်းသနက ၃ မှ စစ်ကြောင်းမှူးမှူးစိုးသိန်းနှင့် အခါကာကွယ်ရေးခေါင်းဆောင်တဦးအပြင် တပ်/ရဲ/ ကာကွယ်ရေး စုစုပေါင်း သုံ့ပမ်း ၇ဝ ခန့် ဖမ်းဆီးရမိသည်။

မိုင်းယုတိုက်ပွဲအပြီးတွင် တပ်မဟာ ၈ သည် အရှေ့မြောက်စစ်ဒေသမိုင်းပေါက်သို့ပြန်လည်ထွက်ခွာသွားသည်။ ထိုစဉ်က တပ်မဟာ ၈ ခေါင်းဆောင်များမှာ နိုင်ငံရေးမှူး ရဲဘော်အုန်းကြည် (စစ်ချွမ်းရဲဘော်ဟောင်း)၊ တပ်မဟာမှူးဖုန်ကြားဖူး (ကိုး ကန့်)၊ ဒုနိုင်ငံရေးမှူးရဲဘော်ဇော်လီ (ကွေ့ကျိုးရဲဘော်ဟောင်း)၊ ဒုတပ်မဟာမှူး ရဲဘော်နော်လွန် (ကွေ့ကျိုးရဲဘော်ဟောင်း)တို့ဖြစ်ပြီး အင်အား ၂၅ဝဝ ခန့်ရှိသည်။ တပ်သားများမှာ ဝ ရဲဘော်အများစုဖြစ်သည်။

မိုင်းယုတိုက်ပွဲသည် ၈၁၅ စစ်ဒေသအတွက် ကြီးမားသောအလှည့်အပြောင်းဖြစ်ခဲ့သည်။ နမ့်လွေချောင်းမြောက်ဖက်ရှိ အစိုး ရတပ်စခန်းများအား ဖယ်ရှားနိုင်ခဲ့သည်။ နမ့်လွေချောင်းနှင့် အရှေ့ဖက်မဲခေါင်မြစ်ကြောင်းအား ထိမ်းချုပ်နိုင်ခဲ့သည်။ မိုင်းယု တိုက်ပွဲ၏အောင်မြင်မှုအရှိန်အဝါကြောင့် ထိုဒေသမှ တပ်သားသစ် ၁ဝဝဝ ကျော်ခန့်ရရှိသည်။ တပ်သားသစ် ၈ဝ ရာခိုင်နှုန်း ခန့်မှ အခါရဲဘော်များဖြစ်ပြီး ၂ဝ ရာခိုင်နှုန်းခန့်မှာ နှင့်လွယ်တို့ဖြစ်ကြသည်။

တပ်သားသစ်များအားလေ့ကျင့်ပြီး တပ်ဖွဲ့အားပြန်လည်ဖွဲ့စည်းသကဲ့သို့ ဒေသဖွဲ့စည်းမှုအား ပြန်လည်ပြုလုပ်သည်။ ၈၁၅ စစ်ဒေသဌာနချုပ်သည်ပါ့စာ၊ ဖာလုံမှသည် မိုင်ဟဲအခါရွာသို့ ၁၉၇၃ ခုနှစ်ကထဲက ရွှေ့ပြောင်းလာခဲ့ပြီဖြစ်သည်။ ၈၁၅ စစ်ဒေ သအား အုပ်ချုပ်ရေးအတွက် မြို့နယ် ၆ ခုဖွဲ့စည်းသည်။ မိုင်းမမြို့နယ်၊ စမ်တောက်မြို့နယ်၊ မိုင်းဝ၊ ကျိန်းခန်းမြို့နယ်၊ မိုင်းဟဲ မြို့နယ်၊ မိုင်းခမ်းမြို့နယ် (လာအိုနယ်စပ်) နှင့် ဟွေပေါ၊ ဟွေနောမြို့နယ်တို့ဖွဲ့စည်းသည်။

တပ်ဖွဲ့အားလည်း ခြေလျင်တပ်ရင်း ၄ ရင်း၊ အမြောက်တပ်ရင်း ၁ ရင်း တိုးချဲ့ဖွဲ့စည်းခဲ့သည်။
– နိုင်ငံရေးမှူး ခဲ့ကွမ်းရီ၊ တပ်ရင်းမှူးပေါက်ယူဟွာ (ဝ ရဲဘော်)၊ ဒုရင်းမှူး စမ်ပေ့  (ယခု ဒုဥက္ကဌ) တို့ဦးစီးသည့် ရင်း ၁၂။
– နိုင်ငံရေးမှူး လီဝေ့မင်  (ဝ ရဲဘော်)၊ ရင်းမှူးစဗျော်လောက်ဆီ (အခါရဲဘော်) ဦးစီးသည့် ရင်း ၁၄။
– နိုင်ငံရေးမှူး ရှောက်ဝေ့မင်  (ဝ ရဲဘော်)၊ ရင်းမှူး ဝေါ်စေး (အခါရဲဘော်) ဦးစီးသည့် ရင်း ၁၆။
– နိုင်ငံရေးမှူး လင်ထင်ချာ၊ ရင်းမှူးလော်ဟဲ (အခါရဲဘော်) ဦးစီး ရင်း ၁၈။
– တပ်ရင်းမှူးဇယ်ဖျော်  (အခါရဲဘော်) ဦးစီး အမြောက်တပ်ရင်းတို့ဖြစ်သည်။

ထို့ပြင် စစ်ဒေသလုံခြုံရေးတပ်ခွဲအပြင် ခရိုင်များတွင် ဒေသတပ်ခွဲများဖွဲ့စည်းခဲ့သည်။ စစ်ဒေသရုံးဌာနချုပ်တွင်လည်း အလားအလာရှိသော အခါလူငယ်ရဲဘော်များအား ခေါ်ယူပြီး ဗမာစာ၊ ဗမာစကား သင်ကြားလေ့ကျင့်မှု ပြုလုပ်သည်။ ထို့ပြင် ဆက်သွယ်ရေး၊ ဆေးသင်တန်းတို့တွင် ထည့်သွင်းလေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး ၈၁၅ စစ်ဒေသဖွဲ့စည်းမှုသည် ၁၉၇၄ ခုနှစ် မိုင်းယုတိုက်ပွဲအပြီးတွင် ပို၍ ပုံပေါ်လာခဲ့ပေတော့သည်။ အင်အား ၁၆ဝဝ ခန့်ရှိသည့်စစ်ဒေသတခုဖြစ်လာခဲ့သည်။ စစ်ဒေသ ခေါင်းဆောင်ပိုင်းကတော့ အပြောင်းအလဲမရှိခဲ့ပေ။

အရှေ့မြောက်မှ တပ်မဟာ ၈ ပြန်လည်ထွက်ခွာပြီးနောက် ၈၁၅ စစ်ဒေသတပ်ဖွဲ့များသည် မိုင်းယန်း၊ ဆီလူးဒေသရှိ စဝ်ခွန် မြင့်၏ရှမ်းတပ်ဖွဲ့နှင့် တွဲ၍၁၉၇၄ ခုနှစ်တနှစ်လုံး တွဲ၍ လှုပ်ရှားခဲ့သည်။ တပ်မဟာ ၈ ကတော့ အရှေ့မြောက်စစ်ဒေသ မုန်း ဖျင်၊ ဟိုတောင်း၊ မိုင်းပေါက်ဘက်တွင် ပြန်လည်အခြေပြုသည်။

● ၈၁၅ စစ်ဒေသနှင် ၇၅၁ဝ စီမံကိန်း
၁၉၇၅ ခုနှစ် အောက်တိုဘာလတွင် CPB ပါတီဗဟို ၇၅၁ဝ စစ်ရေးစီမံကိန်းအရ နယ်စပ်တလျောက်ရှိ အခြေဒေသအားလုံးမှ တပ်ဖွဲ့များလှုပ်ရှားမှုတွင် ၈၁၅ စစ်ဒေသတပ်ဖွဲ့များလည်း ပါဝင်ခဲ့ရသည်။ ယခင်အကြိမ်ကဲ့သို့ပင် ၈၁၅ စစ်ဒေသတပ်ဖွဲ့များ သည် အရှေ့မြောက်စစ်ဒေသမှ တပ်မဟာ ၈၊မိုင်းယန်း၊ ဆီလူးဒေသမှ စဝ်ခွန်မြင့်ဦးစီးသည့် ရှမ်းတပ်ဖွဲ့များနှင့် ပူးတွဲ၍စစ်ဆင် ရေးတရပ် ဖော်ဆောင်ခဲ့ရသည်။ ဤအကြိမ် ၇၅၁ဝ စစ်ဆင်ရေး စီမံကိန်း၏ရည်မှန်းချက်မှာ စခန်းတခုကိုတိုက်ခိုက်ရန် မဟုတ်တော့ဘဲ နယ်မြေသစ်တခုကို တိုးချဲ့ချုပ်ကိုင်ရန် ရည်ရွယ်သည့်စစ်ဆင်ရေးဖြစ်သည်။

စစ်ဆင်ရေးပြု လုပ်သည့်နယ်မြေမှာ မိုင်းဖြတ်အရှေ့ဖက်၊ မိုင်းယောင်း၏ အနောက်ဖက်၊ နမ့်လွေ တာပင်း၏တောင်ဖက်ခြမ်းရှိ မိုင်းကိုင်ဒေသဖြစ်သည်။ အရှေ့ဖက် မဲခေါင်မြစ်အထိ ဖြန့်ကျက်လှုပ်ရှားသည်။ ရှေ့တန်းစစ်ဦးစီးအဖွဲ့အား ရဲဘော်ဇော်မိုင်း (အရှေ့မြောက်စစ်ဒေသ) ရဲဘော်ဖေသောင်း (၈၁၅ စစ်ဒေသ)၊ ရဲဘော် ဇော်ဆိုင်း (၈၁၅)၊ ရဲဘော်စိုင်းလင်း (၈၁၅)၊ စဝ်ခွန်မြင့် (ရှမ်းတပ်ဖွဲ့) တို့က ခေါင်းဆောင်သည်။

စစ်ဆင်ရေးအတွင်း မိုင်းကိုင်ဒေသတွင်သာမက တာချီလိတ်မြောက်ဖက် မဲခေါင်မြစ်ကြောင်းတလျောက်ပါ လှုပ်ရှားခဲ့ပြီး မုန်ပါလျော်၊ ကျင်းလစခန်းများကိုပါ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ဤစစ်ဆင်ရေးသည် အသေအပျောက်များသော စစ်ဆင် ရေးတခုဖြစ်ခဲ့သည်။ အစိုးရဖက်က ရာဂဏန်းမျှ သေကြေဒဏ်ရာရခဲ့သကဲ့သို့ CPB တပ်ဖွဲ့များဘက်ကလည်း ရာဂဏန်းမျှကျ ဆုံးဒဏ်ရာရခဲ့သည်။ အခြေခံဒေသမှ အတန်ငယ်ဝေးကွာပြီး အစိုးရတပ်များ ထိမ်းချုပ်ထားသည့်ဒေသတွင်း ဝင်ရောက်တိုက် ခိုက်ရသည်ဖြစ်ရာ ဒဏ်ရာရစစ်သည်များ နောက်တန်းသို့ သယ်ယူပို့ဆောင်ရန် မဲခေါင်မြစ်တဖက်ကမ်းကူး၍ လာအိုနယ်ထဲမှဖြတ်သန်းသယ်ဆောင်ခဲ့ရသည်။ ထိုအချိန်က လာအိုသည်လည်း တည်ငြိမ်မှုမရှိသေးသည့်တိုင်းပြည်ဖြစ်ရာ နယ်စပ်များကို ထိမ်းချုပ်နိုင်စွမ်းမရှိပေ။ တိုက်ပွဲသိမ်းရသေနတ်များနှင့် ဒဏ်ရာရရဲဘော်များ၏ သေနတ်များကို မဲခေါင်တဖက်ကမ်း လာအို နယ်ထဲတွင်လည်း သွားရောက်သိုဝှက်ထားခဲ့ရသည်။ သို့သော် ထိုဒေသမှ CPB တပ်ဖွဲ့များထွက်ခွါပြီးနောက် အစိုးရတပ်များ က လာအိုနယ်တွင်းကူး၍ ထိုလက်နက်များကို ဖေါ်ထုတ်သိမ်းဆည်းယူဆောင်သွားနိုင်ခဲ့သည်။

ထိုစစ်ဆင်ရေးအပြီးတွင် ၈၁၅ တပ်ဖွဲ့များ မိမိအခြေခံဒေသတွင်း ပြန်လည်ဝင်ရောက်သကဲ့သို့ တပ်မဟာ ၈ ကလည်း မိုင်း လားတွင် ရှေ့တန်းရုံးစိုက်၍ အခြေပြုသည်။

၁၉၇၆ ခုနှစ်အတွင်းတွင် ပြန်လည်စုဖွဲ့များပြုလုပ်သည်။ ၈၁၅ စစ်ဒေသတွင်း အုပ်ချုပ်ရေးခရိုင် ၂ ခုဖွဲ့စည်းသည်။ မိုင်းမ ခရိုင်နှင့် မိုင်းဟဲခရိုင်ဟူ၍ ဖြစ်သည်။ မိုင်းမခရိုင်အတွင်း မိုင်းမမြို့နယ်နှင့် စမ်တောက်မြို့နယ် ၂ ခုပါဝင်ပြီး ခရိုင်မှူးအဖြစ် ဦးစံဝင်းကဆောင်ရွက်သည်။ မိုင်းဟဲခရိုင်တွင်ကျန် ၄ မြို့နယ်ပါဝင်ပြီး ဦးသန်းတင်က ခရိုင်မှူးအဖြစ်ဆောင်ရွက်သည်။ ထို့ပြင် ၇၅၁ဝ စီမံကိန်းကာလက လှုပ်ရှားခဲ့သည့် မိုင်းယောင်းဒေသသို့လည်းအလုပ်အဖွဲ့ ၁ ခု စေလွှတ်ခဲ့သည်။

သို့ဖြစ်ရာ ၁၉၇၇ ခုနှစ်တွင် ၈၁၅ စစ်ဒေသသည် ဝမ်စော့၊ ဝမ်ဖိုင်တွင် အခြေပြု၍ ခြေလျင်တပ်ရင်း ၄ ရင်း၊ လက်နက်ကြီး ၁ ရင်းဖွဲ့စည်းထားနိုင်ပြီး မိုင်းမ – မိုင်းလားကွင်း၊ ဝမ်ကျင်း- စမ်တောက်၊ မိုင်းဝ – ကျိန်းခန်း၊ မိုင်းစော့ – မိုင်းဟဲဒေသများတွင် အခြေခံဒေသတည်ဆောက်ထားပြီး မိုင်းယောင်းဒေသအားထိုးဖောက်နိုင်ရန် ကြိုးပမ်းနေသည့်ကာလဟု ဆိုရပါမည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

ဓာတ်ပုံ –  ၈၁၅ စစ်ဒေသဧရိယာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်