fbpx

မောင်စွမ်းရည် ● တောင်သူလယ်သမားကြီး

April 8, 2018

မောင်စွမ်းရည် ● တောင်သူလယ်သမားကြီး
(မိုးမခ) ဧပြီ ၈၊ ၂၀၁၈

တောင်သူလယ်သမားပါမောက္ခဆိုတာ ချင်းလူမျိုးစိုက်ပျိုးရေးပါမောက္ခ ဒေါက်တာဆလိုင်းထွန်းသန်းကို ဆိုလိုပါတယ်။ ဆရာဟာ လယ်သမားပါမောက္ခဖြစ်ရုံမက ပါမောက္ခ လယ်သမားလည်း ဖြစ်ပါတယ်။ တကယ်တောင်သူလယ်သမားဘဝ ကလာပြီး စိုက်ပျိုးရေးပညာနဲ့ပါမောက္ခဖြစ်လာ ပါတယ်။ ပါမောက္ခဖြစ်တော့လည်း တကယ်လည်းစိုက်ပျိုးသူဖြစ်ပါတယ်။

ဆလိုင်းထွန်းသန်း ပျိုရွယ်စဉ်အခါမှာသာ ဗမာပြည်ခေတ်ကောင်းနဲ့ကြုံခဲ့ရလို့ စက်မှုလယ်ယာ နိုင်ငံထူထောင်မယ်ဆိုပါစို့။ ဆရာဟာ ဦးဆောင်အကောင်အထည်ဖော်နိုင်မယ့် ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဝါသနာ၊ စေတနာ၊ ပညာနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။
စိုက်ပျိုးရေးပညာဆိုတာ ဝိဇ္ဇာပညာ၊ စာပေပညာမဟုတ်။ လက်တွေ့လုပ်ဆောင်ရတဲ့ သိပ္ပံပညာဖြစ်ပါတယ်။ ဆရာဟာ သူဇာတိရပ်ရွာမှာရော၊ သူ့ကျောင်းမှာရော စိုက်ပျိုးမွေးမြူရေးပညာကို တပည့်တွေနဲ့ လက်တွေ့အသုံးချ အကောင် အထည် ဖော်ရာမှာ အောင်မြင်တာချည်းပဲဖြစ်ပါတယ်။ ဆရာ့ရဲ့စိုက်ပျိုးရေးလုပ်ငန်းမှာသမဝါယမသဘော၊ စုပေါင်းလုပ်ဆောင်မှုလည်း ပါဝင်တယ်လို့ သိရပါတယ်။

ကျွန်တော်တို့ မန်းတက္ကသိုလ် ပင်မအဆောက်အဦကြီးဟာ မူလကစိုက်ပျိုရေးတက္ကသိုလ် ဖြစ်ပါတယ်။ မန္တလေးဥပစာ ကောလိပ်ဖွင့်တော့မှာ စိုက်ပျိုးရေးတက္ကသိုလ်ဟာ အဖွဲ့ကတောင်ဘက်ကို ရွှေ့ပေးရပါတယ်။ ဒါပေမယ့် မန်းတက္ကသိုလ်နဲ့ စိုက်ပျိုးရေးတက္ကသိုလ်ဟာ တစပ်တည်းဖြစ်နေလို့ စိုက်ပျိုးရေးဘက်က ဆရာထွန်းသန်းဟာ မန်းတက္ကသိုလ်ဆရာအဖွဲ့ အစည်း၊ ဝန်ထမ်းအဖွဲ့အစည်း နိုင်ငံရေးအဖွဲ့အစည်း မဆလတွေမှာ ပူးတွဲပါဝင်နေရချည်းဖြစ်ပါတယ်။

ဆရာသန်းထွန်း၊ ဆရာဆန်းထွန်း၊ ဆရာ ထွန်းသန်း နာမည်တွေက ထပ်နေတော့ တချို့လည်း ဘယ်သူက ဆရာသန်းထွန်း ဘယ်သူက ဆရာထွန်းသန်း မသိလိုက်တော့ပါဘူး။ဆရာဆလိုင်းထွန် သန်ုးကိုတော့ ဆရာ ဆလိုင်းလို့ အဖျားဆွတ်ခေါ်ကြလို့ လူသိများလှပါတယ်။ ကျွန်တော်က ယူတီဆီ တက္ကသိုလ် လေ့ကျင့်ရေးတပ်မှာပါခဲ့တော့ ဆရာဆလိုင်းကိုလည်း ဗိုလ်မှူးဆရာ အဖြစ်နဲ့ မြင်ဖူး သိဖူးခွင့် ရနေပါတယ်။ နောက်တော့ ဆရာဆလိုင်းတို့ ပျဉ်းမနားရေဆင်းကိုပြောင်းသွားတော့မှ မန်းတက္က သိုလ်နဲ့ဆရာဆလိုင်းတို့နဲ့ ကွဲကွာသွားကြရပါတယ်။

ဆလိုင်းထွန်းသန်းဆိုတာ ဆရာ၊ ကျွန်တော်တို့က ကျောင်းသား။ ဆရာက စိုက်ပျိုရေးဘာသာ၊ ကျွန်တော်က ဘူမိဗေဒဘာ သာ။ ဒါ့ကြောင့် ပညာရေးအသိုင်းအဝိုင်း၊ လူမှုရေးအသိုင်းအဝိုင်း မတူကြလို့ ဆရာနဲ့တပည့်အလှမ်းကွာခဲ့ပါတယ်။ အပေါင်း အသင်းလည်း မဖြစ်ခဲ့၊ ဆရာရင်း တပည့်ရင်းလည်း မဖြစ်ခဲ့ရပါ။ ဒါပေမယ့် နောင်နှစ်ပေါင်း ၃-၄-၅ ဆယ်ကြာတော့ အမေရိ ကန်ပြည်ထောင်စုမှာ စစ်ဘေးဒုက္ခသည်ချင်းအဖြစ် ပြန်ဆုံရပါတယ်။ ဆရာအောင်ဗလ (ကြေးမုံဦးသောင်း)၊ ကဗျာဆရာ တင်မိုး၊ ဝတ္ထုရေးဆရာမောင်သာရ၊ ကဗျာဆရာမောင်စွမ်းရည်၊ ပန်းချီဆရာ ဝင်းဖေ (ဒါရိုက်တာ၊ ဝတ္ထုရေးဆရာ)။ ဆရာ အောင်ဗလကလွဲလို့ အားလုံးဟာ မန်းတက္ကသိုလ်ကျောင်းထွက် တွေချည်းပါပဲ။  ဆရာဆလိုင်းကို အဝေးကတော့ တွေ့ဖူး မြင်းဖူးသူတွေချည်းပါပဲ။

ဆရာဆလိုင်းမှာ သမီးတယောက်က ဆန်ဖရဆစ္စကိုမှာနေတယ်လို့သိရပါတယ်။ ကျွန်တော်တို့က စာရေးဆရာတွေချည်း ဆိုတော့ ဆန်ဖရန်ဆစ္စကိုစာပေဟောပြောပွဲတွေကို နှစ်စဉ်ဆင်နွှဲကြရပါတယ်။ ဒါ့ကြောင့် ဆရာနဲ့ဆုံမိကြပါတယ်။ အဲဒိကာ လမှာ ပြည်တွင်းကစာရေးဆရာတွေကို ဖိတ်ခေါ်လို့ မရတော့ ကျွန်တော်တို့အဖိုးကြီးတွေပဲ နှစ်စဉ်ဟောပြောနေကြရပါတယ်။ ကျွန်တော်တို့လည်း လူသာထပ်စေ ဟောစာ မထပ်စေနဲ့သဘောနဲ့ အားထုတ်ပြီး ဟောကြ ပြောကြရပါတယ်။ ဆရာ ဆလိုင်းထွန်း သန်းလည်း ကျွန်တော်တို့နဲ့အတူ ဟောပြောရပါတယ်။ ဆရာအောင်ဗလက သူ့ဇနီးပါလာလို့ ကျွန် တော်တို့နဲ့ အတူအိပ်မရပါဘူး။ အတူအိပ်လို့ရတယ်ထားဦး၊  သူက နားအလွန်လေးလို့ တယောက် နားချင်းအပ် ပါးချင်းအပ်ပြောမှ ရတဲ့ဘဝ။ (ခု ကျွန်တော်လည်း အဲဒိ ဘဝရောက်နေပြီ)။ အဲဒီတုန်းက ဟောပြောပွဲစီစဉ်သူတွေထဲမှာ မိုးမခ မောင်ရစ်က ဦးဆောင်သူတစ်ဦးအဖြစ်ပါဝင်နေပါတယ်။  သူက တက္ကသိုလ်ဘက်မှာအလုပ်လုပ်သူဆိုတော့ ကျွန်တော်တို့ အတူအိပ်၊ အတူစကားပြောလို့ရအောင် တက္ကသိုလ်က အခန်းတခုကို ငှားပေးပါတယ်။ ကံကောင်းတာက အညာဒေသမိသားစုခုတင်ကြီးလို ခုတင်ကြီးတလုံးပါတဲ့အခန်းတခန်းရပါတယ်။ ခုတင်တလုံးတည်းမှာ လူလေးယောက်  တင်မိုး၊ ဆရာ ဆလိုင်းထွန်းသန်းနဲ့ မောင်စွမ်ရည်တို့အပြင် အထူးဧည့်သည် သားဂျာနယ်ကျော်မိုးဟိန်းပါ အားလုံး လေးဦး ပြားအိပ်ကြပါတယ်။

ခုအခါမှာ ဆရာဆလိုင်းထွန်းသန်းနဲ့ ကျွန်တော်တို့ဟာ ရွယ်တူမဟုတ်ပေမယ့် ရည်တူ သူငယ် ချင်းတွေ ဖြစ်သွားကြပြီမို့ ရင်းရင်းနှီးနှီးစကားတွေပြောဖြစ်ကြပါတယ်။ ဆလိုင်းထွန်းသန်းက တင်မိုး မောင်စွမ်းရည်တို့ဟာ အရင်းစစ်တော့ အားလုံးတော သားတွေချည်းပါပဲ။ ဒါ့ကြောင့် မောင်ရစ်က ကျွန်တော်တို့ကို တောသားကြီးသုံးယောက်လို့ ခေါ်ပါတယ်။ တောသားကြီး သုံးယောက်ဟာ နေ့ရော ညပါ တတွဲတွဲနဲ့ စကားပြောကြပါတယ်။ ပြဿနာက ဆရာတင်မိုးက အိပ်ယာထဲမှာဆေးလိပ်သောက် တာပါပဲ။ ဆောင်းတွင်းဆိုတော့ တခါးလည်းဖွင့်မရဘူး မီးခိုးတွေက အခန်းတဲမှာပိတ်မိနေပြီး မိုးနေတာမျိုးဖြစ်နေလို့ မနေနိုင်ဘဲ ထွက်ပြောရသူက သားဂျာနယ်ကျော်ပါပဲ။ သူ့ခမျာ အဝကို ပြေးရရှာတာ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူ လိုက် နောက်ဆုံးတော့ ကြမ်းပြင်အဝေးဆုံးနေရာ စောင်လေးခင်းပြီး အိပ်ရှာတော့တယ်။

ဆရာဆလိုင်းက စကားပြောကောင်းလှပါတယ်။ အတွေ့အကြုံလည်း စုံတယ်။ သူက အမေရိကားမှာ ပါရဂူဘွဲ့ယူခဲ့တာဆို တော့ အမေရိကန်အကြောင်းလည်း ကောင်းကောင်းသိသူ ဖြစ်ပါတယ်။ စိုက်ပျိုရေးပညာဆိုတာအတွေးအခေါ်ဘာသာရပ်မဟုတ်၊ လက်တွေ့လုပ်ရတာဆိုတော့ စာသင်ရင်လည်း စိုက်ပျိုးမွေးမြူတာတွေ လုပ်ခဲ့ရတာကို ရေဆင်းတက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ စိုက်ပျိုးရေးလုပ်ခဲ့ပုံဟာ စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ သူရဲ့ဇာတိရပ်ရွာမှာ သူ့တပည့် အပေါင်းအသင်း တွေနဲ့ စိုက်ပျိုးရေးလုပ်ခဲ့ပုံကလည်း စိတ်ဝင်စားစရာပါ။ စိုက်ပျိုးရေးရရှိအောင် ဝါးပိုက်နဲ့ရေသွယ်ရေးလုပ်ခဲ့ရပုံကို လည်း စိတ်ဝင်စားဖွယ်ပြောပြပါတယ်။ ဝါးဆစ်ကိုဖောက်ပြီး ရေပိုက်လုပ်ရတာပါ။ နောက်တော့ ပလပ်စတစ်ပိုက်တွေပေါ်လာလို့ ပိုပြီးလွယ်သွားတယ်။ တောသားကြီးသုံးယောက်ဟာ အနာဂတ်စိုက်ပျိုးရေးအတွက် စိတ်ကူးယဉ်ကြပါတယ်။ ဆရာ ဆလိုင်း ရဲ့ စိုက်ပျိုးခင်းတွေကို လိုက်ကြည့်ဖို့က ပထမဆုံးစီမံချက်ပါ။ ဒီမိုက ရေစီရရင်ဆိုတာလည်းပါတာပေါ့။

စပ်ထိလို့ ပြောရရင် စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေးကို အထူးစိတ်ဝင်စားသူက တင်မိုးပါ။ ဒါပေမဲ့ စိုက်ပျိုးရေးဗဟုသုတ အနည်းဆုံးပါ။ ကျွန်တော်က ကျောင်းပိတ်ရင်ရွာပြန်ပြီး ထွန်ယက်စိုက်ပျိုးတာတွေ လက်တွေ့လုပ်လာခဲ့ရဖူးပါတယ်။ အဖေ က သူရင်းငှားနဲ့အတူတွဲပြီး ကျွန်တော့်ကိုခိုင်းခဲ့တာပါ။ တစ်ခါတော့ သူငယ်ချင်းတင်မိုးကို “ခင်ဗျားက စိုက်ပျိုးရေးဗဟုသု တသိပ်နည်းတယ်။ ခင်ဗျားရဲ့အိမ်မှာလည်း ဘာပင်လေးမှ မစိုက်ဘူး၊ လူပျင်းပဲ” လို့ ကျွန်တော်က သူ့ကို အပြစ်ဆိုပါတယ်။ သူက မျက်ရည်ကျမတတ် ဝမ်းနည်းသွားခဲ့ဖူးရှာတယ်။ “မင်းအရမ်းမပြောနဲ့။ ငါက မင်းလို မြေပိုင်ရှင်သူကြီးသားမဟုတ်ဘူး။ စိုက်စရာမြေမရှိဘူး။ အိမ်မှာ ခြံစည်းရိုးတလျှောက် စိုက်ချင်တာတောင် ရေမရှိလို့ မစိုက်နိုင်ဘူး”  လို့ ပြောခဲ့ရှာပါတယ်။ ကျွန်တော်ကပဲ ပြောမိတာမှားပါတယ်လို့ ပြန်တောင်းပန်ရပါတယ်။

ဆရာဆလိုင်းက စိုက်ပျိုးရေးအကြောင်းသာမက ချင်းရိုးရာ ပုံပြင်တွေအကြောင်းလည်း ပြောတတ်ပါတယ်။ ဟာသပုံပြင်တွေ လည်း အလွန်အပြောကောင်းပါတယ်။

တစ်ခါက ချင်းလူမျိုးတစ်ယောက် ရန်ကုန်မှာဘတ်စ်ကားစီးသတဲ့။ လူတစ်ယောက်ကြက်ခြင်းတောင်းအလွတ်တစ်ခုကို ကားပေါ်တွန်းတင်လိုက်တော့ ကားဆရာက “ကားပေါ်မတင်ဘူး။ ခြင်းမတင်ရဘူး” လို့ ဆီးအော်သတဲ့။ ဒီတော့ ကားပေါ်က ချင်းလူမျိုးက “ချင်းလည်းလူပဲကွ။ လူမျိုးမခွဲပါနဲ့” လို့ ဝင်ပြီးအော်သတဲ့။ ခြင်းတောင်းတင်မယ့်လူက မလိုက်လာတော့လို့ ကားပေါ်မှာ ပြဿနာတစ်ခုပြီးသွားတယ်။ ဒါပေမဲ့ နောက်တစ်ခုက အမျိုးသမီး တွေဟာ ကားပေါ်မှာ လက်ဆွဲခြင်းတွေပါလာတဲ့ ကိစ်္စတစ်ခုပေါ် လာပြန်တယ်။ ဒီတော့ ကားစပယ်ယာက “အမျိုးသမီးများခင်ဗျား၊ နေရာအခက်အခဲရှိလို့ ခြင်းများကို ပေါင် ပေါ်တင်စီးကြပါ” လို့ အော်လိုက်ပြန်သတဲ့။ ဒီတော့ ချင်းလူမျိုးခရီးသည်က “ဒီလိုတော့ လည်း ဗမာတွေသဘောကောင်းသားပဲ” လို့ မှတ်ချက်ချသတဲ့။ အဲဒါ ဆရာဆလိုင်းထွန်းသန်းရဲ့ ချင်းပုံပြင်ပါ။ တခြားပုံပြင်တွေလည်း အများကြီးပါ။

ဆရာဆလိုင်းက တစ်နေ့တော့ သူ့ရဲ့အတ်္ထုပ်္ပတိ္တစာအုပ်လက် နှိပ်စက်မူတစ်ခုကိုယူလာပြီး ကျွန်တော်တို့ကိုပြပါတယ်။ ဆရာ့ ကို “ဖတ်ကြည့်ပါ။ ထုတ်ဝေရေးအတွက်လည်း အကြံပေးပါဦး” လို့ ပြောလာပါတယ်။ ဆရာကအင်္ဂလိပ်လိုရေးထားတာမို့ တင်မိုးက ဗမာလိုရေးပါ။ ဘာသာပြန်ပါလို့ တိုက်တွန်းပါတယ်။ ဗမာလို ဘာဖြစ်လို့မရေးသလဲဆိုတော့ ဆရာဆလိုင်းက သူရဲ့တစ်ကိုယ်တော် ဆန္ဒပြပွဲနဲ့ ထောင်တွင်းအတွေ့အကြုံပါမောက္ခအကျဉ်းသားအကြောင်းကို ကမ္ဘာသိအောင်လုပ်ချင်တာ ပါလို့ ဖြေပါတယ်။ ကျွန်တော်ကတော့ “ဖတ်ကြည့်မယ်” ဆိုပြီး ယူထားတာ ၁ဝ နှစ် လောက်များ ကြာသွားသလားမသိပါ။ ဆရာနဲ့ကလည်း တပြည်တည်းနေပေမဲ့ တမြေစီခြားနေလို့ မတွေ့ဖြစ်တော့ပါ။ ဒါပေမဲ့ ကျွန်တော်က နယူးယောက်မှာနေတာ ဆိုတော့ နယူးယောက် မြန်မာသံရုံးမှာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်အဖြစ်ရောက်လာတဲ့ ချင်းလူမျိုးတစ်ယောက်နဲ့ ဆုံကြပါတယ်။ သူက သံရုံးမှာကျင်းပတဲ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲကျင်းပလို့ ကျွန်တော်တို့ကိုဖိတ်တော့ ကျွန်တော် တို့ကလည်း သူ့ကို စာပေဟောပြောပွဲ တွေပြန်ဖိတ်တာနဲ့ ရင်းနှီးသွားကြပါတယ်။

ကုလသမဂ်္ဂအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးရဲ့နာမည်က ဦးဟောက်ဒိုဆွမ်းတဲ့။ သူက မန္တလေးကျောင်းထွက်ပါ။ (သမိုင်း ပါမောက္ခဒေါက်တာသန်းထွန်း၊ မြန်မာစာဆရာကြီးအရှင်ဉာဏိသရ – လူထွက်၊ ဆရာဦးသန်းထွန်းကိုရဲ့တပည်ဖြစ်လို့ ကျွန်တော်နဲ့လည်း ပညာရေးညီအစ်ကိုတော်စပ်ပါတယ်။) ဆရာဆလိုင်းထွန်းသန်းနဲ့လည်း ဆွေမျိုးမကင်းပါဘူး။ ဒါ့ ကြောင့် ဆရာဆလိုင်းရဲ့ စာမူကြီးအကြောင်းကို စကားစပ်မိကြာပြီး ဖြစ်တဲ့နည်းနဲ့ထုတ်ဖို့ စီစဉ်ကြပါတယ်။ ဒါ့ကြောင့် ကျွန်တော် ဗမာပြည်ပြန်တော့ စာမူကြီးကိုယူသွားပါတယ်။ တနည်းနည်းနဲ့ ထုတ်ဖြစ်အောင်ထုတ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ယူသွားတာပါ။ ဆရာထွန်းသန်း သို့မဟုတ် တစ်ယောက်ယောက်က ဗမာလိုဘာသာပြန်ဖြစ်ရင် ဗမာလိုပါ စာအုပ်ထုတ်ဖြစ်ဖို့ ကြိုးစားမှာပါ။ ခုတော့ အင်္ဂလိပ်လိုထုတ်မှာပါ။

ဒီစာအုပ်မှာ အဓိက အပိုင်းသုံးပိုင်းပါတယ်။ (၁) အတ္ထုပ္ပတိ္တ အကျဉ်း၊ (၂) တစ်ကိုယ်တော်ဆန္ဒပြပွဲ။ ပါမောက္ခတစ်ယောက်ဟာ ဘွဲ့ဝတ်စုံဝတ်ပြီး မြို့တော်ခန်းမရှေ့မှာ အစာငတ်ခံဆန္ဒပြတာပါ။ တိုင်းပြည်ဟာ ကမ္ဘာ့အမွဲဆုံးနိုင်ငံဖြစ်ပြီး ပညာရေး၊ ကျန်း မာရေး၊ စီးပွားရေးတို့မှာ နောက်တန်းကျ၊ အောက်တန်းကျနေပြီ။ စစ်အစိုးရ ဖတ်ပေးပါလို့ တောင်းဆိုတာပါ။ (၃) ထောင်ထဲမှာ ကျန်းမာရေး နဲ့မညီဘဲ နေရ၊ ထိုင်ရ၊ စားရသောက်ရပုံတွေကို ရေးသားတင်ပြတာပါ။

ဆရာဆလိုင်းဟာ ခုအခါမှာ အသက် ၉ဝ တန်းရောက်နေပါ ပြီ။ ကျန်းကျန်းမာမာပါပဲ။ ကျွန်တော့်မှာလည်း ဆရာဆလိုင်းပေး တဲ့ ပက်လက်လှန်စက်ဘီးစီး ခြေထောက်လေ့ကျင့်ခန်းကို မှန်မှန်လုပ်လို့ ကျန်းမာရေးကောင်းနေပါတယ်။ နယူးယောက် ဆောင်း တွင်းမှာ အပြင်ထွက်လမ်းမလျှောက်နိုင်ရင် ဆရာဆလိုင်းနည်းအတိုင်း အိပ်ရာထဲမှာပဲ လေ့ကျင့်ခန်းလုပ်ရတာပေါ့။ ဆရာစာအုပ်ဖွင့်ပွဲလေး နယူးယောက်မှာလုပ်ဖြစ်ရင် ကျွန်တော်တို့ အဘိုးကြီးညီအစ်ကိုပြန်ဆုံဖြစ်ကြဦးမှာပါ။ အဲဒီပွဲမှာတော့ ဆရာဆလိုင်းရဲ့ ချင်းပုံပြင်လေးတစ်ပုဒ်၊ နှစ်ပုဒ်တော့ နားသောတဆင်ချင်ပါသေး။ ဆရာဆလိုင်းအသက်ရာကျော်ရှည်ပြီး ချင်းပုံပြင်တွေကို အများကြီးလက်ဆင့်ကမ်းနိုင်ပါစေသတည်း။

မောင်စွမ်းရည်
၂ဝ၁၈၊ ဖေဖော်ဝါရီ ၂၂
နယူးယောက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)