မောင်တမ်းတ ● တိတ်တခိုး

April 9, 2018

● တိတ်တခိုး
(မိုးမခ) ဧပြီ ၉၊ ၂၀၁၈

အဲဒီနေ့ မနက်ရှစ်နာရီလောက်မှာမှ ကျွန်တော်တို့သူငယ်တွေ ကားနှစ်စင်းနဲ့ ရန်ကုန်ကထွက်ဖြစ်တယ်။  မင်္ဂလာဒုံ အထွက်က it လက်ဖက်ရည်ဆိုင်မှာ မနက်စာဝင်စားပြီး ထပ်ထွက်လာတာ ဘီးလင်းကို ၁၁ နာရီခွဲလောက်မှ ရောက်တယ်။
နေ့လယ် နှစ်ချက်ထိုးခါနီးမှ ကျွန်တော်တို့ ဘားအံကိုဝင်တယ်။

မိုးတဖွဲဖွဲကြားထဲမှာပဲ ဘားအံရဲ့အထင်ကရ ဗိုလ်ချုပ်လမ်းပေါ်က ‘စံမတူ’ မှာ ကျွန်တော်တို့ နေ့လယ်စာ ဝင်စားတယ်။  ပြီး တော့ ဘားအံမြို့သစ်နဲ့ စက်မှုဇုန်ဘက်က သူငယ်ချင်းဝယ်ထားတဲ့ မြေကွက်ကလေးနှစ်ကွက်ကို သွားကြည့်ပြီး ညနေ သုံး နာရီခွဲလောက်မှာ ကျွန်တော်တို့ မြဝတီကိုထွက်ခဲ့တယ်။
+++++

ဖြတ်လာတဲ့ လမ်းတလျှောက်လုံးမှာ မိုးတွေညို့နေတယ်။ ညို့နေရာက မိုးပေါက်လေးတွေပါကျလာတယ်။ နောင်လုံတောင် ကြားကို ကျော်လာတယ်။ နောင်လုံနဲ့ ဝဲကနုံရွာတွေကို ဖြတ်လာတယ်။ နောက်တစ်နာရီကျော်ကျော်လောက်နေမှ ကျွန်တော် တို့ အိန္ဒုကိုရောက်တယ်။ အိန္ဒု စံပြကျေးရွာတဲ့။ ပြီးတော့ တံတားဦးတဲ့။ ပြီးတော့ ကော့ကဒါတဲ့။ ညို့နေတဲ့ မိုးတွေအောက်မှာ ကျွန်တော်တို့ ပြည်နယ်ရဲ့ သင်္ကေတလို့ပြောလို့ရတဲ့ မနိမ့်မမြင့် တောင်ကုန်းတွေ တောင်ကမူတွေကို တစ်ခုပြီးတစ်ခု ဖြတ်လာတယ်။ ပြီးတော့ ကျုံဒိုးကိုရောက်တယ်။ တဖျောက်ဖျောက်နဲ့ မိုးစက်မိုးပေါက်ကလေးတွေအောက်မှာ ကျွန်တော့် မျက်လုံးထဲမှာ ရွာကြီးတစ်ရွာ လို့ပဲ မြင်နေတဲ့ ကျုံဒိုးမြို့ကလေးက တိတ်တိတ်ကလေး အိပ်နေတဲ့ပုံပဲ။ ပြီးတော့ ကျွန်တော်တို့ ကော့ကရိတ်ကို ဆက်ထွက်ခဲ့ကြတယ်။
+++++

ကျုံဒိုး ကနေ ကော့ကရိတ်ကိုသွားတဲ့ လမ်းကတော့ ပြီးခဲ့တဲ့ တစ်လ မိုးဦးကျစ လောက်က ကျွန်တော် ဖြတ်တုန်းကထက်တောင် ပိုဆိုးနေတယ်။

တစ်ချို့နေရာတွေမှာ ကွက်တိကွက်ကြား ကတ္တရာ ခင်းထားပေမယ့် နေရာအတော်များများ ကတော့ ကျောက်ကြမ်းခင်းထားတဲ့ လမ်း လို အချိုင့်အဝှမ်း တွေနဲ့ ဖြစ်နေတယ်။ လမ်းကကျဉ်းလို့ မျက်နှာချင်းဆိုင်ကလာနေတဲ့ ဆိုင်ကယ်တွေ ကားတွေနဲ့လည်း သတိထားပြီး ရှောင်နေရတယ်။ လမ်းမှာ တွေ့သမျှကားတွေ အားလုံးလိုလိုကတော့ without လို့ ခ်ါတဲ့ ကိုယ့်ဖာသာ နံပါတ်အမျိုးမျိုးတပ်ပြီးစီးနေကြတဲ့ ထိုင်းကဝင်လာတဲ့ကားတွေချည်းပဲ။

တချို့ကားတွေမှာတော့ ကေအင်ယူလို့ခေါ်တဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ တက်နေဝန်းတံဆိပ်ကို ကပ်ထားတာ တွေ့ တယ်။ တစ်ခါတစ်ခါ ဖြတ်သွားတဲ့ ဘားအံရောက်ကတည်းက မြင်ခဲ့ရတဲ့ ဆိုင်ကယ်စီးဦးထုပ်ဆောင်းမထားတဲ့ ကရင်မလေး တွေရဲ့ဆံနွယ်တွေက ဟူးဟူးရားရားတိုက်နေတဲ့လေထဲမှာ လွင့်နေတယ်။ ကျုံဒိုးနဲ့ကော့ကရိတ်က ၃၂ မိုင်ပဲဝေးပေမယ့် လမ်းက ကြမ်းလို့ ကျွန်တော်တို့ တစ်နာရီနီးပါး မောင်းလိုက်ရတယ်။

ကော့ကရိတ်မြို့ကိုဝင်လာပြီး မြို့အထွက်ကို ရောက်တော့ ကျွန်တော်တို့ ခဏရပ်တယ်။

ဟိုးရှေ့အဝေးကိုမျှော်ကြည့်လိုက်တော့ မှိုင်းပြာနေတဲ့ဒေါနတောင်တန်းကြီးကို တွေ့နေရတယ်။ ဟိုးရှေ့ ခပ်လှမ်းလှမ်းမှာ တော့ ဖဲပြားတစ်ချောင်း ကို ဆွဲဆန့်ထားသလို ချောညက်နေတဲ့ ထိုင်းမြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ထိုင်းက ဖောက်ပေးခဲ့တဲ့ အာရှအဝေးပြေးလမ်းမကြီးကို ကျွန်တော်တွေ့နေရတယ်။
+++++

အရင်ဒီလမ်းမကြီးမရှိခင်တုန်းကတော့ ဒေါနတောင်တန်းကိုပတ်ဖောက်ထားတဲ့လမ်းဟောင်းကိုပဲ အတက်တစ်ရက် အဆင်း တစ်ရက် သတ်မှတ်ပြီး မျှသုံးရတယ်။
အခုတော့လည်း ဒါတွေ အိပ်မက်လို ကျန်ရစ်ခဲ့ပြီပဲ။ ဒီလမ်းမကြီးကို ထိုင်းကဖောက်ပေးခဲ့တာတဲ့ လမ်းမကြီးမှ ချောညက်နေ တာပဲ။ ကျယ်ကလည်း အကျယ်ကြီးပဲ။ ကျွန်တော်ရောက်ခဲ့ဖူးတဲ့ နေပြည်တော်က လမ်းမကြီးတွေထက်ကို ဒီလမ်းမကြီးက ပိုကောင်းတယ်။ စဉ်းစားနေရင်းနဲ့ပဲ ကျွန်တော်တို့ ကားနှစ်စင်းက ကီလိုကိုးဆယ် တစ်ရာနှုန်းလောက်နဲ့ လမ်းဘေး တဖက်တ ချက် အစိမ်းရောင်လယ်ကွင်းဟောင်းတွေကြားကနေ အာရှလမ်းမကြီးပေါ် မောင်းလာတယ်။

ဇူလိုင်လ ကုန်ခါနီး နေ့တာရှည်နေုတုန်းပေမယ့် မိုးတွေမှောင်နေလို့ထင်တယ်။ ခုမှ ငါးနာရီကျော်ကျော်လောက်ပဲ ရှိသေး တယ်။ မိုးချုပ်ခါနီးလိုကို ဖြစ်နေတယ်။ အဲဒီမှာပဲ ကျွန်တော်တို့ ရှေ့ကသွားနေတဲ့ အောင်မျိုးက လမ်းဘေးကိုဖဲ့ဆင်းပြီး လမ်း မကြီးနဲ့ ခပ်လှမ်းလှမ်းလေးမှာဆောက်ထားတဲ့ တဲအိမ်လေးတစ်အိမ်ရှေ့မှာ ကားကို ရပ်လိုက်တယ်။

အိမ်ကလေးရဲ့ရှေ့မှာတော့ ‘ကားရေဆေး၍ ရသည်’ ဆိုတဲ့ ဆိုင်းဘုတ်လေးထောင်ထားတယ်။ အောင်မျိုးကားရဲ့နောက်မှာ ကျွန်တော်တို့ကားရပ်လိုက်ပြီး ကျွန်တော်တို့အားလုံး ကားပေါ်ကဆင်းလိုက်ကြတယ်။
+++++

ကားပေါ်မှာ နှစ်နာရီလောက် ထိုင်ခဲ့ရလို့ ညောင်းနေတာနဲ့ ကျွန်တော် လမ်းလျှောက်လာရင်း အိမ်ဆိုင်လေးထဲ မဝင်သေးဘဲ အပြင်က ကြည့်နေမိတယ်။ တဲအိမ်လေးရဲ့ အဝင်ဝ တံစက်မြိတ် အောက်တည့်တည့်မှာတော့ အချဉ်ထုပ်တွေ နေကြာစေ့ထုပ် တွေနဲ့ အသင့်စားတဲ့မုန့်ထုပ်တွေကချိတ်ထားတဲ့ သစ်သားတန်းကလေးကနေ တိုးလို့တွဲလောင်းကျနေတယ်။ ရူဘီ ဆေးလိပ် ဗူးလေးတစ်ဗူး ထည့်ထားတဲ့ ဖန်ပုလင်းလေးကိုလည်း ရှေ့မှာတွေ့တယ်။ အထဲကိုလှမ်းကြည့်လိုက်တော့ စားပွဲရှည်ကြီး တစ် လုံးနဲ့ ပလတ်စတစ်ခုံရှည် လေးငါးလုံးချထားတာ တွေ့တယ်။ ကျွန်တော်ကြည့်နေတုန်းပဲ မှောင်နေတဲ့အိမ်ထဲက အင်္ကျီဗလာ နဲ့ ခပ်ပိန်ပိန်လူတစ်ယောက် အောင်မျိုးနဲ့ ပြန်ထွက်လာတယ်။ အောင်မျိုးက ကားကို ရေဆေးပေးဖို့ အဲဒီလူကို ပြောနေတုန်းပဲ ကျွန်တော်တို့ ဆိုင်ထဲဝင်ခဲ့တယ်။
+++++

အထဲရောက်မှ အိမ်နောက်ပိုင်းက ကွပ်ပျစ်ပေါ်မှာ တစ်နှစ်ခွဲ နှစ်နှစ်လောက်ပဲရှိဦးမယ့် ကလေးလေးတစ်ယောက်နဲ့ မိန်းမ တစ်ယောက် ထိုင်နေတာတွေ့တယ်။ အဲဒီမှာပဲ သုံးလေးနှစ်လောက်ရှိမယ့် နောက်ထပ်ကလေးတစ်ယောက် တဲထဲက ထပ် ထွက်လာပြီး ကလေးကို ခါးထစ်ခွင်ရင်း ကျွန်တော်တို့ဆီထလာတဲ့ သူ့အမေ ထမီစကိုဆွဲပြီး နောက်ကလိုက်လာတယ်။ စားပွဲရှည်ကြီး ရှေ့က ပလတ်စတစ်ထိုင်ခုံတွေပေါ် ကျွန်တော်တို့ဝင်ထိုင်လိုက်ရင်း စားစရာ သောက်စရာ ဘာရလဲလို့ အနား ကိုရောက်လာတဲ့ အစ်မကြီးကိုမေးလိုက်တော့ ကော်ဖီမစ်စ်ပဲ ရှိတယ်တဲ့။ စားစရာကလည်း ရှေ့မှာချိတ်ထားတဲ့ မုန့်ထုပ်တွေပဲ ရှိတယ်တဲ့။ အဲဒါနဲ့ပဲ ကျွန်တော်နဲ့ ဉာဏ်သစ် ကော်ဖီမစ်စ်နှစ်ခွက် မှာလိုက်တယ်။ ကျွန်တော်တို့ ရှေ့ကို ရေနွေးနှစ်ခွက် နဲ့ ကော်ဖီမစ်စ်နှစ်ထုပ် အစ်မကြီးကလာချပေးတော့ ထုံးစံအတိုင်း ကျွန်တော် အင်တာဗျူးကြည့်တယ်။ ထင်ထားတဲ့အတိုင်း ကားတွေကို ရေဆေးပေးနေတာက အစ်မကြီးရဲ့ အမျိုးသားတဲ့။ အခု ချီထားတဲ့ အငယ်ကောင်လေး ကိုယ်ဝန်နဲ့ကတည်းက ဒီဆိုင်လေးကို ဖွင့်ခဲ့တာတဲ့။ စားဖို့သောက်ဖို့လောက်တော့ ရပါတယ်တဲ့။ ဖြေရင်းနဲ့ပဲ ရှေ့ကိုထွက်သွားတဲ့ သားအကြီးကောင် ကိုလိုက်ဆွဲရင်း အစ်မကြီး ကျွန်တော်တို့နားကပျောက်သွားတယ်။

အဲဒီမှာပဲ ကျွန်တော့်ရှေ့ မျက်စောင်းထိုးမှာထိုင်ပြီး ရေနွေးကြမ်းသောက်နေတဲ့ အောင်မျိုးက ကျွန်တော့်ကို ကျော်ပြီး နောက် ဘက်ကိုကြည့်နေတာကိုသတိထားမိလိုက်လို့ ကျွန်တော် ဗီဇစိတ်နဲ့ နောက်ကိုလှည့်ကြည့်လိုက်မိတယ်။ မှောင်နေတဲ့ တဲက လေးရဲ့ နောက်ဖေး မီးဖိုခန်းအဆုံး လင်းနေတဲ့ အပြင်ဘက်က ရေကပြင်ရဲ့ဘေးမှာ ထမီရင်ရှားနဲ့ ကောင်မလေးတစ်ယောက် ရေချိုးနေတယ်။
+++++

အဲဒီမှာပဲ အသားဖြူဖြူဝင်းဝင်းကလေးနဲ့ ကောင်မလေးက ပလတ်စတစ် စည်ပိုင်းကြီးထဲက ရေခပ်ချိုးနေတာကို ရပ်ပြီး ရေ ကပြင်ပေါ်တင်ထားတဲ့ ပလတ်စတစ်ခွက်ကြီးတစ်ခွက်ထဲက အဝတ်တွေကို လာယူတယ်။ ပြီးတော့ ခုနက သူ ရေခပ်ချိုးနေတဲ့ စည်ပိုင်းကြီးနားကကျောက်ပြားပေါ်မှာ အဝတ်လျှော်နေတယ်။ အဲဒီမှာပဲ ကျွန်တော်လည်း ထိုင်နေရတာပျင်းလာတာနဲ့ ထပြီးလမ်းလျှောက်မိတယ်။ အောင်မျိုးဘေးမှာထိုင်နေတဲ့ ဇော်ဦးကို လှမ်းကြည့်လိုက်တော့ အဝတ်လျှော်နေတဲ့ ကောင်မ လေးကို ငေးနေတယ်။ တဲထဲကနေ ကျွန်တော် ဉာဏ်သစ်နဲ့ အပြင်ပြန်ထွက် ကြည့်တော့ သိန်းဇော်တစ်ယောက် သူ့ကားကို ခုနက ရေပိုက်ကိုင်ထားတဲ့လူနဲ့အတူ ကူပြီးဆေးနေတယ်။ ဉာဏ်သစ်နဲ့ကျွန်တော် ကားတွေဘေးမှာ ခဏရပ်ပြီး စကားပြော ရင်း တဲထဲပြန်ဝင်လာကြတယ်။  ကောင်မလေးကို ကျွန်တော် လှမ်းကြည့် လိုက်တော့ ဆံပင်ရှည်ကိုစည်းပြီး ကျောမှာချထားတဲ့ ကောင်မလေးက အဝတ်တွေလျှော်နေတယ်။  ကောင်မလေးဝတ်ထားတဲ့ ရေတွေစိုနေတဲ့ ထမီအပြာရောင်ကလေးက ကောင်မလေးရဲ့ကိုယ်မှာ ချပ်ချပ်ရပ်ရပ် ကပ်နေတယ်။ အဲဒီမှာပဲ ဘယ်အချိန်က ကျွန်တော့်နားကိုရောက်လာမှန်းမသိတဲ့ အစ်မကြီးက ကောင်မလေးကို ‘ရေချိုးတာ ကြာလှချည်လား၊ မြန်မြန်လုပ် လေ’ ဆိုပြီး လှမ်းအော်တယ်။

အစ်မကြီးကိုကြည့်ရတာ ကောင်မလေးကို ကျွန်တော်တို့ ကြည့်ကြည့်နေကြတာ သိသွားတယ်နဲ့တူတယ်။ အဲဒီမှာပဲ ကောင် မလေးက ‘ဟုတ်ကဲ့ ဟုတ်ကဲ့ ပြီးတော့မယ်အစ်မ’ လို့ လှမ်းအော်တယ်။ ကြည့်ရတာ ကောင်မလေးက အစ်မကြီးရဲ့ ညီမ ဖြစ် ပုံရတယ်။ အဲဒီမှာပဲ ကျွန်တော့်ဘေးကအစ်မကြီး ကျွန်တော့်ကိုကျောခိုင်းပြီး အိမ်ထဲဝင်သွားတာနဲ့ ဘောင်းဘီအိတ်ထဲက ဖုန်းကို ကျွန်တော်ထုတ်လိုက်မိတယ်။ ပြီးတော့ ဖုန်းကိုဖွင့်ပြီး ဖန်သားပြင်ပေါ်က ကင်မရာပုံကလေးကို လက်နဲ့ ထိလိုက် တယ်။ ပြီးတော့ အောက်ဘက်ကိုစိုက်နေတဲ့ ဖုန်းကိုထောင်လိုက်ပြီး အထဲဝင်သွားတဲ့ အစ်မကြီးရဲ့ အရိပ်အခြည်ကို ကြည့် တယ်။

အစ်မကြီး က ကွပ်ပျစ်ပေါ်မှာ ကျွန်တော့်ကို ကျောတစောင်းခိုင်းပြီး သူ့သား အငယ်ကောင်ကလေးကို အင်္ကျီလဲပေးနေတယ်။
အဲဒီမှာပဲ ကျွန်တော် ဖုန်းကို ကောင်မလေးရှိရာဘက်ကို လှည့်လိုက်ပြီး ကင်မရာခလုပ်ကလေးကို လက်နဲ့ထိလိုက်တယ်။
+++++

တကယ်က ကျွန်တော့်အသက်ပဲ လေးဆယ်ထဲရောက်ခဲ့ရပြီပဲ။ ထမီရင်ရှားနဲ့ မိန်းကလေးတစ်ယောက်ရေချိုးနေတာကို တွေ့တာ ဘာဆန်းလဲ။ ဒါပေမဲ့ အစ်မကြီးက ကောင်မလေးကို ရေချိုးတာကို မြန်မြန်လက်စသတ်ဖို့ ပြောလိုက်တာ ကြား လိုက်ရတဲ့ အချိန်မှာပဲ ကျွန်တော့်ရှေ့ကို အနုပညာနတ်သမီးကလေး ရောက်လာခဲ့တယ်။ ပြီးတော့ ကျွန်တော့်ကို နတ်သမီး ကလေးက ကောင်မလေးကို ဓာတ်ပုံရိုက်ဖြစ်အောင် ရိုက်လိုက်ဖို့ ပြောတယ်။ အဲဒီမှာပဲ ကျွန်တော် ရိုက်လိုက်မိတယ်။ တကယ်တော့ ကမ္ဘာဦးမှာ လူရယ်လို့စဖြစ်လာကတည်းက ဖိုမသဘာဝအရ ယောက်ျားတွေဟာ မိန်းမတွေကို တပ်မက်မိကြ တာပါပဲ။ မိန်းမတို့၏ အဆင်းကဲ့သို့ ယောက်ျားတို့၏ စိတ်နှလုံးကို ဆွဲဆောင်နိုင်သောအရာသည် မရှိတဲ့။

ဘုရားဟောပါ ရှိခဲ့တယ်။ အဲဒီလိုရှိခဲ့တဲ့အတိုင်း အရွယ်ရှိတဲ့ မိန်းကလေးတစ်ယောက် ထမီရင်ရှားနဲ့ ရေချိုးနေတာကို တွေ့ရင် ဘယ်ယောက်ျားမဆို ဖျတ်ခနဲတော့ ကြည့်မိကြမှာပါပဲ။ တကယ်လို့ အဲဒီမိန်းကလေးက လှတပတကောင်မလေးဆိုရင် အနည်းဆုံး နောက်တစ်ခါဖြစ်ဖြစ်လောက်တော့ ခိုးကြည့်မိကြလိမ့်မယ်။ ခိုးကြည့်တယ်ဆိုတာလည်း မျက်လုံးနဲ့ ဓာတ်ပုံ ခိုးရိုက်တာပါပဲ။ ဒီလောက်ဆိုရင် ညီမလေး ကျွန်တော့်ကို ခွင့်လွှတ်နိုင်လိမ့်မယ်လို့ ထင်တယ်။

ဖြစ်တတ်တဲ့ လူသားတွေရဲ့သဘာဝကို တခြားလူသားတွေကို တင်ပြချင်ဇောနဲ့ ဓာတ်ပုံခိုးရိုက်ခဲ့မိတဲ့ ကျွန်တော့်အဖြစ်ကို ညီမလေး ခွင့်လွှတ်နိုင်လိမ့်မယ်လို့ ထင်တယ်။ တွေးနေရင်းနဲ့ ခုနက ခိုးကြောင်ခိုးဝှက် ရိုက်ခဲ့မိတဲ့ ဖုန်းထဲကပုံကလေးကို ကားရှေ့ခန်းမှာ ထိုင်နေရင်းနဲ့ ကျွန်တော်ပြန်ကြည့်မိတယ်။ ဓာတ်ပုံထဲမှာ ထမီအပြာရောင် ရင်ရှားနဲ့ စည်းထားတဲ့ ဆံပင် တွေကို ကျောမှာချထားတဲ့ ကောင်မလေးတစ်ယောက် မှောင်နေတဲ့အိမ်ကလေးရဲ့ လင်းနေတဲ့လေဟာပြင် ဟိုးနောက်ဘက် က ရေကပြင်အကျော်မှာထိုင်ပြီး အဝတ်လျှော်နေတယ်။ ရေကပြင်ရဲ့အနားသတ် ဘေးဘက်တလျှောက်လုံးမှာ အဝတ်ထည့် ထားတဲ့ ပလတ်စတစ်ခွက်တွေကော အခြားပလတ်စတစ်ပုံးကြီးတွေကောတင်ထားလို့ ကောင်မလေးကို ကွယ်နေသလို ဖြစ်ပြီး ဓာတ်ပုံကလေးမှ တကယ့်ဝိုးတိုးဝါးတားပဲ။ ပုံအရည်အသွေး အနေနဲ့လည်း ဓာတ်ပုံကလေးက ခပ်ဝါးဝါးပါပဲ။ ဝါးဆို ဖုန်းကင်မရာနဲ့ ဖြစ်သလို ဖျတ်ခနဲ မရိုက်ရမယ့် အနေအထားကနေ ဖြစ်အောင်ရိုက်ခဲ့ရတာပဲ။ ဘယ်လောက်များ ဖြစ် သလိုရိုက်ခဲ့ရသလဲဆို ကင်မရာထဲ ကောင်မလေးပုံ ဝင်မဝင်တောင် ကျွန်တော်မကြည့်နိုင်ဘဲ ကောင်မလေးရှိရာ ဘက်ကို ချိန်ပြီး ဖျတ်ခနဲရိုက်ခဲ့ရတာပဲ။ သေသေချာချာ ဖုန်းကို လက်နှစ်ဖက်နဲ့မြှောက်ကိုင်ပြီး ရိုက်ခဲ့ရတာမှ မဟုတ်ဘဲ။ ဒါပေမဲ့ အဲဒါကိုက ဒီဓာတ်ပုံကလေးရဲ့ဝိညာဉ်ဖြစ်နေတယ်။ ဒီဓာတ်ပုံကလေးရဲ့အသက် ဖြစ်နေတယ်။ အဝတ် လျှော်နေတဲ့ ထမီရင် ရှားနဲ့ မိန်းကလေးတစ်ယောက်ကို ဟိုးအဝေးက ယောက်ျားလေးတစ်ယောက်က ဖျတ်ခနဲ ခိုးကြည့်လိုက်တဲ့ အကြည့်ဆိုတာ လည်း ဒီဓာတ်ပုံလေးလိုပါပဲ။ ဒီလောက်ဆိုရင် ညီမလေး ကျွန်တော့်ကိုနားလည်နိုင်လိမ့်မယ်လို့ ထင်တယ်။

တဆက်တည်း ဒီဓာတ်ပုံကလေးနဲ့ အလိုက်ဖက်ဆုံး အမည်ကလေးတစ်ခုက ခေါင်းထဲ ချက်ချင်းပေါ်လာတယ်။ အဲဒီ အမည် ကလေးကို ကျွန်တော်နဲ့တူတူ ဖုန်းထဲက ဓာတ်ပုံကလေးကို ကလေးလေးတစ်ယောက်လို တအံ့တသြ ဝမ်းမြောက်ဝမ်းသာ ငေးကြည့်နေတဲ့ အနုပညာ နတ်သမီးကလေး ကို ပြောပြလိုက်တော့ နတ်သမီးကလေးက ချက်ချင်းခေါင်းလေးညိတ်ပြတယ်။

အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ တစတစ မှောင်ပြာရီဝေ လာနေတဲ့ ဟိုးအဝေးက ဒေါနတောင်တန်းကြီးကို ကျွန်တော် လှမ်းတွေ့နေရတယ်။

မောင်တမ်းတ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments