လင်းငယ် ● ယိုင်ကျေးမှု သင်္ကြန်

April 11, 2018

● ယိုင်ကျေးမှု သင်္ကြန်
(မိုးမခ) ဧပြီ ၁၁၊ ၂၀၁၈

ကျနော်က ကွန်ပြူတာကိုသုံးပြီး စာရေးနေတယ်။ စာရေးဖို့ကြိုးစားနေတာက မြန်မာ့ယဉ်ကျေးမှုဆိုတဲ့အကြောင်း။ အခုခေတ် လူတွေအကြား အပြောများနေတာကို ရပ်ကွက်ထိပ်က လက်ဖက်ရည်ဆိုင်မှာ သွားနားထောင်မယ့်အစား ဖွဘုတ်ဆိုတဲ့ လူမှု ကွန်ယက်ပေါ်မှာ စနည်းနာတယ်။ ပြီးရင် ကျနော်ရေးထားပြီးတဲ့ စာမူကို အင်တာနက်သုံးပြီး အီးမေးကတဆင့် အယ်ဒီတာ စားပွဲပေါ်က ကွန်ပြူတာ၊ ဒါမှမဟုတ် အယ်ဒီတာ အိပ်ကပ်ထဲက မိုဘိုင်းဖုန်းဆီက အီးမေးထဲကို လှမ်းပို့လိုက်မယ်။ ထိုင်ရာက မထဘဲ မြန်မာ့ယဉ်ကျေးမှုအကြောင်း စာတစ်ပုဒ်ကို ထုတ်လုပ်လိုက်တယ်။ အဲ့ဒါကိုက မြန်မာမဆန်တာများ ဖြစ်နေမလား နော်။ ယိုင်နဲ့လာနေပြီလို့ လူတွေအပြောများနေတဲ့ ယဉ်ကျေးမှုအကြောင်းဆိုတော့ ယိုင်ကျေးမှုလို့ပဲ လွယ်လွယ်ခေါင်းစဉ် တပ်လိုက်မိတယ်။

ပြောရင်းဆိုရင်းနဲ့ ဖွဘုတ်ပေါ်မှာ သင်္ကြန်နဲ့ပတ်သတ်တဲ့ အကြောင်းအရာအမျိုးမျိုး တက်လာတယ်။ ခေတ်စားနေတဲ့ လမ်း လျှောက်သင်္ကြန်ကို ဝေဖန်ကြတယ်။ လေကန်ကြတယ်။ အနယ်နယ်အရပ်ရပ်က လူတွေအကြားမှာ မန်းလေးရဲ့ တော သင်္ကြန်ဟာ ဟော့နေတယ်လို့ ပြောရအောင် ဦးဆောင်နေတယ်။ ရေစိုခံ ကာတွန်းပြပွဲဆိုတာပါ ထည့်လိုက်တော့ လူတွေရဲ့ စိတ်ဝင်စားမှုက ပိုပြီး မြင့်တက်သွားတယ်။

မန်းလေးဟာ (မန်းလေးသားတွေက မန္တလေးကို မန်းလေးလို့ခေါ်မှ အားရကြတယ်) ခေတ်အဆက်ဆက် သင်္ကြန်နဲ့ ပတ် သက်လာရင် ဦးဆောင်သူပဲ။ မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်လာရင် လမ်းပြသူပဲ။ မြန်မာ့နောက်ဆုံး မင်းနေပြည် မြို့ပီပီ မာန်ကိုတင်းရင် ထိပ်ဆုံးကနေတယ်။ သင်္ကြန်ဟာ ခေတ်အဆက်ဆက် အာဏာရသူတွေက ပစ်ထားခဲ့လည်း ကိုယ့်ထူး ကိုယ်ချွန်ရပ်တည်ပြီး အစဉ်အလာမပျက်စေခဲ့ဘူး။ အစဉ်အလာဆိုတာမှာလည်း ခေတ်အလိုက် ဆန်းသစ်မှုတွေကို ဖြည့် စွက်တယ်။ ဒီနှစ်သင်္ကြန်ဟာလည်း ထို့အတူပဲ။ အစဉ်အလာလိုပဲ မန်းလေးသင်္ကြန်နဲ့ ရန်ကုန် သင်္ကြန်၊  ဘယ်သင်္ကြန်က ပိုစည်သလဲ နှိုင်းယှဉ်ပြောကြတယ်။ ဒါပေမယ့် ဒီဘက်နှစ်တွေမှာ မန်းလေးဟာ ခြေသွက်လက်သွက်ရှိတယ်။ ဒီလိုပြောရင် အရင်နှစ်က သင်္ကြန်ဆိုတာ ဘာမှန်းမသိခဲ့တဲ့ ရန်ကုန်သားတွေက ခံချင်မှာမဟုတ်ဘူး။ ပိုဆိုးတာက ဒီနှစ် နောက်တမျိုး ပြောင်းသွားပြန်တော့ ဘာဖြစ်မယ်ဆိုတာ မရေရာပြန်ဘူး။ ဒါပေမယ့် လက်တွေ့ပြောရရင်တော့ ခေတ်အဆက်ဆက် သင်္ကြန်တေးသီတွေဟာ မန်းလေးကို အခြေပြု ဗဟိုထားကြတာချည့် ဖြစ်နေတာတော့ သေချာတယ်။

မနှစ်က လမ်းလျှောက်သင်္ကြန်ကို စလုပ်တယ်။ အခုနှစ်လည်း တောသင်္ကြန်ကို ထွင်လိုက်တော့ သင်္ကြန်ယဉ်ကျေးမှုဆိုတာပဲ ဆန်းသစ်သွားသလိုလို၊ မြန်မာ့ ယဉ်ကျေးမှု ဆိုတာကြီးကပဲ တဆင့်မြင့်သွားသလိုလို။ တခြားမြို့တွေကပါ လိုက်အတုယူပြီး လိုက်လုပ်ကြတယ်။ အဲဒီတော့ မန်းလေးက လုပ်တာတွေဟာ မြန်မာ့ယဉ်ကျေးမှု စစ်စစ်လားလို့ မေးစရာရှိတယ်။ အများစု ကတော့ မြန်မာ့သင်္ကြန်ဆိုလိုက်တာနဲ့ ပိုစတာတွေထဲက ပုံတွေသာ ဖြစ်တဲ့ သပြေခက်နဲ့ ငြင်သာစွာ ရေပက်တဲ့ ဟန်တွေကို ပြေးမြင်မိကြမှာပဲ။

တကယ်တော့ သင်္ကြန်ဆိုတာ အနီးနားက ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားတို့မှာ အတူတူ ကျင်းပနေကြတာပါပဲ။ သပြေခက်နဲ့ ရေပက်တယ်ဆိုတာ လာအိုတွေလည်း လုပ်နေကြတယ်။ လမ်းလျှောက်သင်္ကြန်ဆိုရင် ထိုင်းမှာ ရိုးဟိုးဟိုးနေပြီလို့ ပြောရ မယ်။ နိုင်ငံခြားသား ဧည့်သည်တွေဆို ကြိုက်မှကြိုက်။ လမ်းလျှောက်သင်္ကြန်လည်း သူရို့ဆီက တုထားတာမဟုတ်ဘူးလား။ အဲ့တော့ သင်္ကြန်မှာတောင် မြန်မာပြည်ဖြစ်က ဘာတုန်း။ ဇော်ဝမ်းကြီးလို့ ပြောမလား။ မြို့မလို့ ပြောမလား။

ခေတ်က မြန်လာတော့၊ ကျယ်လာတော့ အဟောင်းတွေနဲ့ အသစ်ဆိုတာတွေကို နှိုင်းယှဉ် စဉ်းစားခွင့်ရလာတယ်။ နှစ်ပေါင်းများစွာ မြန်မာပြည်ဖြစ် မြန်မာ သင်္ကြန်သီချင်းလေး တစ်ပုဒ်လို့ လက်ခံထားတဲ့ သီချင်းတစ်ပုဒ်ရဲ့ မူရင်း နိုင်ငံခြားတေးသီချင်းလေးတစ်ပုဒ်ကို တစ်ယောက်ယောက်က ပြန်လည်ဝေမျှထားတာကို တွေ့ရပြန်တော့ ဟယ် မြန်မာမှုကလည်း ကော်ပီပါလားလို့ တွေးဖြစ်ပြန်ရော။

တချိန်တည်းမှာပဲ မြန်မာသီချင်း အယောင်ဆောင်ထားတဲ့ အတုတွေ၊ ကော်ပီတွေ မနည်းမနော ရှိနေပါပဲလို့ အထင်ဖြစ် စေပြန်တယ်။
သူများဆီက ကူးချထားမှန်း မသိခင်အထိတော့ ဒါဟာ မြန်မာ့လက်ရာစစ်စစ် မြန်မာသီချင်း၊ မြန်မာ့ယဉ်ကျေးမှုပေါ့။ ကူးချထားမှန်းလည်း သိရော တမျိုးပြောင်းပြောရတယ်။ သူတို့ဆီက သီချင်းသံစဉ်ကိုသာ ယူထားတာပါ၊ မြန်မာဆန်ဆန် မြန်မာဟန်တွေ အပြည့်ဖြစ်အောင် ပြန်ပြောင်းနိုင်တယ်။ အင်း မြန်မာပြည်မှာ ပြန်ဆိုတာကို မြန်မာလို မပြောင်းနိုင်ရင် လူကြိုက်များလာစရာ အကြောင်းကိုမရှိ။ မပြောတော့ပါလေ။ မြန်မာယဉ်ကျေးမှုဆိုတာကြီးထဲက ဘာတွေ ဘယ်လောက်ကများ သူများဆီက ကူးယူထားပါလိမ့်လို့ပဲ တွေးမိတယ်။
******

သမိုင်းပညာရှင် မဟုတ်တော့ ယဉ်ကျေးမှုဆိုတာကို ဖွင့်ဆိုကြည့်လို့လည်း အလကားပဲ။ ယဉ်ကျေးမှုဆိုတာ ကူးလူးတဲ့သဘော၊ ယဉ်ကျေးမှုဆိုတာ ပြောင်းလဲ ရွေ့လားလာတဲ့သဘောတော့ ရိပ်စားမိပါရဲ့။ သင်္ကြန်ဆိုတာကိုက အကူးအပြောင်း၊ အပြောင်းအလဲရဲ့ သရုပ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ထွက်တယ်မို့လား။ တကယ်တော့ သင်္ကြန်ဆိုတာကိုက ဗုဒ္ဓဘာသာဝင် ဗမာလူမျိုး အများစု ယုံကြည်နေသလို ဗုဒ္ဓဘာသာက ဆင်းသက်လာတဲ့ အယူအဆတော့ မဟုတ်ပြန်ပါဘူး။ ဗြဟ္မဏ အယူကနေ အခြေခံလာပါတယ်။ ဗြဟ္မာကြီး ဦးခေါင်းတို့၊ သိကြားမင်းက ဘာကောင်စီးပြီး ဘယ်အရပ်ကို ဆင်းတယ်ဆိုတာတို့က ဗုဒ္ဓဘာသာရဲ့ အပြင်ဘက်ကပါ။ ဒီလိုပြောလို့ သင်္ကြန်မလုပ်ရဘူးလို့ မဆိုလိုရေးချ မဆိုလို။ ခေတ်စကားနဲ့ ပြောရရင်တော့ သူများ ဂျင်းထည့်တာ မခံရအောင်လောက်တော့ သိထားပေါ့။
******

ထိုင်းမှာ သင်္ကြန်ကို အမှီပြုပြီး နိုင်ငံခြားခရီးသွားလုပ်ငန်းတစ်ခုက ကြော်ငြာထည့်တယ်။ ကြော်ငြာမှာ ထိုင်းအမျိုးသမီးများ ရိုးရာပုံအဖြစ် ရင်သားပေါ်နေသော အသွင်နဲ့ ဖော်ပြတယ်။ အဲ့ဒီ ကြော်ငြာကို ထိုင်းအာဏာသိမ်းထားသည့် စစ်ဗိုလ်ချုပ်ကြီးက ထိုင်းယဉ်ကျေးမှုကို မလေးစားလုပ်သည်ဟု ဆိုကာ လူသိရှင်ကြား ကန့်ကွက်ပါတယ်။ ထိုအခါ သတင်းစာ တစ်ခုက လှောင်ပြောင်ပြောတယ်။

ထိုင်းဝန်ကြီးချုပ်က ထိုင်းယဉ်ကျေးမှု ခေတ်အဆက်ဆက်ကို မသိလို့ပြောတာ။ ထိုင်းအမျိုးသမီးတွေဟာ အရင်ကို ဘယ်လို နေထိုင်ခဲ့တယ်ဆိုတာကို မှတ်တမ်းဓါတ်ပုံတွေကို ကြည့်ပါ။ (ပုံတွေတောင် ထည့်ပေးလိုက်သေး) အရင်ခေတ်က (ဘယ်ခေတ်ကလည်းတော့ ကိုယ်လည်း တိတိကျကျ မပြောတတ်) ရင်သားဗလာထားတာဟာ ရိုင်းစိုင်းတဲ့၊ နှိမ်ချတဲ့ အပြုအမှု မဟုတ်ပါဘူးတဲ့။ ထိုင်းယဉ်ကျေးမှု စစ်စစ်ကို မြှင့်တင်ချင်ရင် အမျိုးသမီးတွေကို ရင်သားဗလာ ထားစေဖို့သာ အမိန့်ထုတ်ပါတဲ့။ ပြီးတော့ ဆက်ပြောပါသေးတယ်။ ဝန်ကြီးချုပ်က ဒီလောက်ဂရုစိုက်ချင်ရင် ဘယ်နေ့ ရွေးကောက်ပွဲ လုပ်မယ်လို့ ခဏခဏပြောထားတဲ့ ဂတိကိုသာ တည်အောင်လုပ်ပေးတဲ့ လူကြီးလူကောင်း ယဉ်ကျေးမှုကို တည်ဆောက်ပါလို့ ကလော်ပါတယ်။ အင်း အပေါ်အယံ ပကာသန ယဉ်ကျေးမှုကို အကြောင်းပြပြီး ယဉ်ကျေးမှုကို တည်ဆောက်သူတွေ၊ ကာကွယ်သူတွေလို့ တချို့သူတွေက ပုံဖမ်းတတ်ပေမယ့် အနှစ်အသား လူကြီးလူကောင်း စိတ်ဓါတ်တွေကိုတော့ မသိကျိုးကျွံ ပြုတတ်ပါကလားလို့ လည်း အဖြေထုတ်မိပါတယ်။ အခုဆို တစ်ခုခု လုပ်လိုက်တာနဲ့ အမျိုးသားရေးဆိုတဲ့ တံဆိပ်က လွယ်လင့်တကူ။ အမျိုးသားရေးလို့ ပြောလိုက်တာနဲ့ပဲ ဗုဒ္ဓရဲ့ သစ္စာတရားလို အောက်မေ့ပြီး လက်ခံရမယ်လို့ မြင်တဲ့လူတွေကလည်း ထုနဲ့ဒေး။

အပေါ်ယံ အဝတ်အစားတွေ၊ ဟန်ပန်တွေဆိုတာ ခေတ်နဲ့ အလိုက် ပြောင်းလဲနေတာပါပဲ။ ဖက်ရှင်တွေဆိုတာ ခေတ်အဆက်ဆက် သံသရာ လည်နေတာပါပဲ။ ဆံပင်ကို တိုလိုက် ရှည်လိုက်၊ လုံခြည်နဲ့ ပုဆိုးကို အတိုဝတ်လိုက်၊ အရှည်ဝတ်လိုက်နဲ့ အသွင်တွေပြောင်းနေတာပါပဲ။ ဘယ်နားက အပိုင်းကို မြန်မာ့ယဉ်ကျေးမှုလို့ ပြောပြီး ထိန်းသိမ်းမလဲဆိုတာ တွေးမရ။

အခုဆို မြန်မာ့သင်္ကြန်ဟာ သရုပ်ပျက်လာပြီ၊ ယဉ်ကျေးမှု မရှိတော့ဘူးလို့လည်း မကြာခဏ သမုတ်ကြပြန်ပါရဲ့။ သူတို့က ဘယ်ခေတ်က ယဉ်ကျေးမှုနဲ့ တိုင်းတာသလဲတော့ ကိုယ်လည်း နားမလည်။ လွတ်လပ်ရေးရပြီးတဲ့ ကာလနောက်ပိုင်း သင်္ကြန်တွေကို ကြည့်လိုက်ရုံနဲ့တင် ဘာမှ မတူတော့ဘူး။ တစစ ပြောင်းလဲလာတာက သိသာထင်ရှားစွာပါပဲ။ ၂၀၁၈ ခုနှစ်ကလူတွေကို ၁၉၄၈ ခုနှစ်က ပုံစံထဲ ပြန်ထည့်ချင်တာဟာ လက်တွေ့ကျပါ့မလား။ ၁၉၄၈ လောက်မှာ လူဖြစ်နေတဲ့ လူတွေဟာလည်း သက်ရှိထင်းရှား နည်းနည်းပါးပါးသာ ကျန်တော့မယ်။ ကိုယ့်စိတ်ထဲ ကာလတစ်ခုက စွဲလန်းဖူးတာလေးနဲ့ အရာရာကို လိုက်တိုင်းနေရင်တော့ အစွဲကြီးသူဟာ ကိုယ်ပဲ ဖြစ်နေမှာလို့ ပြောရင် လွန်မလားမသိ။
******

ဒီလိုပြောလို့ ခေတ်အလိုက် သင်္ကြန်တွေကို အားပေးထောက်ခံ၊ အဆိုးမရှိ အကောင်းချည့်လို့တော့လည်း မပြောရဲပါ။ ခေတ်တိုင်းမှာ အကောင်းအဆိုးက ဒွန်တွဲနေမယ်လို့ပဲ မှတ်ယူမိပါရဲ့။ ဒါနဲ့ ဖွဘုတ်ကြီးကို ပြန်ပြီးကောက်ရရင် တချို့ အမျိုးသမီးလေးတွေ သင်္ကြန်မှာ လွတ်လပ်စွာ ပျော်ပါးကခုန်တာတွေကို (တချို့ကတော့ ပိုပြီး လွတ်လပ်တာပေါ့ဗျာ) ပစ်တင်ရှုံချတာတွေလည်း မနည်းပါဘူး။ အမျိုးဖျက်မ၊ မြန်မာ့ ယဉ်ကျေးမှုကို ဖျက်စီးသူ စသဖြင့် စုံလို့ပါပဲ။ ဒါပေမယ့် လူတစ်ယောက် သူ့စိတ်သဘောအတိုင်း လွတ်လပ်စွာ ပျော်ပါးတာ၊ ဥပဒေအရလည်း ဘာမှ ဘောင်ကျော်တာ မရှိဘဲ၊ ကိုယ့်ဘာသာ အမျိုးကောင်းသား၊ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းလိုသူတွေလို့ ယူဆသူပြီး ကွယ်ရာမှာ အားမနာပ အတင်းပြောတာ၊ မောင်နဲ့နှမ ကြားလို့ မသင့်တဲ့ စကားတွေနဲ့ ပြောဆိုတာကျတော့ရော ဘယ်လို မြင်ရမလဲ။ သူတပါးရဲ့ အပျော်ပုံတွေကို ခွင့်ပြုချက် မရှိဘဲ ရိုက်ယူ၊ လူအများကို ဝေမျှတာကရော ယဉ်ကျေးတဲ့လူတွေရဲ့ အပြုအမှုလား။ မြန်မာ့ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းမှာ အဲ့လို စိတ်ထားတွေပါလားလို့ မေးရင် ဒေါသကြီးပြီး ဆွဲထိုးမယ့်လူတွေ တစ်ပုံကြီး။ အဲသလို တုံ့ပြန်မှာကို ကြောက်ရတာလဲ လက်ရှိ မြန်မာ့ယဉ်ကျေးမှုပဲ ဖြစ်မယ်။ မကြိုက်ချင်ရင် မကြိုက်ခွင့်ရှိပါတယ်။ အဲ ဝေဖန်ခွင့်လည်းရှိပါတယ်။ ဒါပေမယ့် ဘယ်ဘောင်ထဲက ဝေဖန်မလဲလို့တော့ မေးစရာ ရှိပါတယ်။ ထူးခြားတာက ယဉ်ကျေးမှုဆိုတာကြီးမှာ အမျိုးသမီးတွေကိုပဲ ဇောင်းပေးပြောကြပြီး ခေတ်အဆက်ဆက် အမျိုးသားတွေ မူးရူးသောက်စား တာကိုတော့ ဘာသိဘာသာပဲ နေကြတယ်။ အမျိုးသမီးတွေကိုပဲ ယဉ်ကျေးမှု ထိန်းသင့်တယ်၊ အမျိုးသားတွေကတော့ ပြစ်တင်ပြောဆိုတဲ့ နေရာမှာ နေမယ်လို့ ယူဆတာလည်း မြန်မာ့ယဉ်ကျေးမှုပဲလားလို့ ထပ်တွေးမိပြန်တယ်။

အဲ့တော့ ယဉ်ကျေးမှုဆိုတာ ဘာတုန်းလို့ လာမေးရင်တော့ တစ်ခွန်းထဲနဲ့ မသိဘူးလို့ ဖြေရမှာပဲ။ ဒါပေသိ အဲ့ယဉ်ကျေးမှုကြီးထဲမှာ လူတစ်ယောက်ကို ကိုယ်နဲ့ အပြုအမှု၊ အမြင်မတူတာမျှနဲ့ ပစ်တင်ဆဲဆိုတတ်တာ မပါစေချင်၊ အဲ့ယဉ်ကျေးမှုကြီးထဲမှာ ပုံသေကားချပ် ကိုယ့်ကြုံခဲ့ဖူးတာလောက်နဲ့ ဒီခေတ်ကြီးက ပျက်နေပါပြီကွာ၊ မြန်မာ့ယဉ်ကျေးမှု ပျက်နေပါပြီကွာလို့ တရားသေ အယူအဆတွေ မပါစေချင်။ အဲ့ယဉ်ကျေးမှုကြီးထဲမှာ ခိုးချတတ်တာတွေ မပါစေချင်၊ အဲ့ယဉ်ကျေးမှုကြီးထဲမှာ တံဆိပ်ကပ်တာတွေ မပါစေချင်၊ အဲ့ယဉ်ကျေးမှုကြီးထဲမှာ ဘီယာအရက်နဲ့ မူးယစ်ဆေးဝါးတွေ မပါစေချင်သလို၊ ဘီယာအရက်နဲ့ မူးယစ်ဆေးဝါးတွေထက် ဆိုးဝါးတဲ့ အဆိပ်သင့် ဘောင်ခတ်ထားတဲ့ အတွေးအခေါ်တွေ မပါစေချင်။ အဲ့ယဉ်ကျေးမှုကြီးထဲမှာ လူလူချင်း နားလည်ချစ်ခင်မှုတို့ ပါစေချင်၊ အဲ့ယဉ်ကျေးမှုကြီးထဲမှာ မတူကွဲပြားခြင်းကို နာလည်လက်ခံခြင်းတို့ ပါစေချင်၊ အဲ့ယဉ်ကျေးမှုကြီးထဲမှာ လူကြီးလူကောင်း ဂတိစကားတွေလောက်တော့ မဖြစ်မနေ ပါဝင်စေချင်ကြောင်းပါ ခင်ဗျာ။

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

လင်းငယ်
စာပြီး။     ။ 8th April 2018, 10 pm, TG


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်