ဌေးဝင်း (ဂျာမဏီ) ● ထိုနေ့ သုံးနေ့

April 11, 2018

● ထိုနေ့ သုံးနေ့
(မိုးမခ) ဧပြီ ၁၁၊ ၂၀၁၈

“ရှင်လိင် ပြန်တဲ့နေ့၊ ထောင်ကထွက်တဲ့နေ့၊ မင်္ဂလာဆောင်တဲ့နေ့” အစရှိတဲ့ နေ့သုံးနေ့ဟာ ဝမ်းအသာရဆုံးနေ့တွေလို့ ဆိုရိုး စကားရှိတယ်။ ဒီဝမ်းအသာရဆုံးလို့ဆိုတဲ့ နေ့သုံးနေ့လုံးမှာ ကျနော့်ရဲ့ အတွေ့အကြုံလေးတွေ ရှိခဲ့ပါတယ်။ ဒီအတွေ့အကြုံ လေးတွေကို စာဖတ်သူများကို မျှဝေပါရစေ။

ကျနော့်ရဲ့ ရှင်လိင် ပြန်တဲ့နေ့ကတော့ ၁၉၇၁ ခုနှစ် ကျနော် ၉ တန်းနှစ် နွေရာသီကျောင်းပိတ်ရက်မှာပေါ့။ ဘာဖြစ်လို့များ ကျနော် ကောင်းကောင်း မှတ်မိနေတာလဲ။ မှတ်မိစရာအကြောင်းလေး ရှိလို့ပါ။ ကျနော့် အသက် ၁၆ နှစ် ကျနော် ၉ တန်း ရောက်သည်အထိ မိဘတွေက ကျနော့်ကို ရှင်ပြုမပေးရသေးဘူး။ ဒါကြောင့်မို့ မိဘတွေက ကျနော့်ကို အလွန်အမင်း ရှင်ပြု ပေးချင်ကြတယ်။ ရှင်ပြုနားသမင်္ဂလာပွဲဆိုတာတွေကလဲ နွေရာသီကျောင်းပိတ်ရက် အချိန်အခါမျိုးက အသင့်မြတ်ဆုံးဘဲ မဟုတ်လား။ ဒါကြောင့်မို့လို့ မိဘတွေက ဒီနှစ် နွေရာသီ ကျောင်းပိတ်ရက်မှာ ကျနော့်ကို ရှင်ပြုပေး၊ သမီးများကို နားသပေးတဲ့ မင်္ဂလာပွဲကို ကျင်းပချင်ကြတယ်။ ဒါပေမဲ့ ကျနော်ကလဲ ဒီနှစ်မှာ ဖျာပုံခရိုင်အတွက် ၉ တန်း လူရည်ချွန်ဆုကို ရရှိခဲ့တယ်။ ဒါကြောင့် လူရည်ချွန်စခန်းကို ၁၉၇၁ ခုနှစ် ဧပြီလ သင်္ကြန်မတိုင်ခင်ဝင်ရမယ်။ ဒီတော့ မတ်လအကုန်လောက်မှာ ကျနော့် မိဘတွေက ရှင်ပြုနားသမင်္ဂလာပွဲကို ပြုလုပ်မယ်လို့ စီစဉ်ခဲ့တယ်။ ဒီတော့ ကျနော်က မတ်လအကုန် ဧပြီလဆန်းလောက်မှာ ကိုရင်ဝတ်ရမယ်။

ကျနော် အဲဒီအသက်အရွယ်က မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တယောက်ပီသစွာ ဘာသာတရား ကိုင်းရှိုင်းခဲ့ပါတယ်။ ဝါတွင်း သုံးလ ဥပုဒ်နေ့တိုင်းမှာ မိဘ၊ မိသားစုနဲ့အတူ ဘုန်းကြီးကျောင်းသွား၊ ရှစ်ပါးသီလ ခံယူပီး ဥပုဒ်ဆောက်တည် ခဲ့ပါတယ်။ ကျနော်တို့ ကိုးကွယ်ခဲ့တဲ့ ဘုန်းကြီးကျောင်းကလဲ ရွှေကျင်ဂိုဏ်းဘုန်းကြီးကျောင်းပါ။ အလွန် စည်းကမ်းကြီးပါတယ်။ ကျနော့် အနေနဲ့လဲ ကိုရင်ဝတ်ချင်ပါတယ်။ မိဘတွေရဲ့ ရှင်ပြု နားသ မင်္ဂလာပွဲ ပြုလုပ်ဘို့ လိုအင်ဆန္ဒကိုလဲ ဖြည့်ဆည်းပေးချင်ပါတယ်။ ကျနော် ကိုရင်ဝတ်ရင် ပီပီပြင်ပြင် သိသလောက် ဝိနည်းသိက္ခာများကိုလဲ စောင့်ထိန်းချင်ပါတယ်။ ကုသိုလ်တရား ပွားများ အားထုတ်ချင်ပါတယ်။ စိတ်အနှောင့်အယှက်၊ ဂယောက် ဂယက် မဖြစ်ချင်ပါဘူး။

၁၉၇၀ ခုနှစ် ကျနော် ၈ တန်းနှစ်တုန်းကလဲ လူရည်ချွန်ဆုကိုရရှိခဲ့ဘူးတော့ လူရည်ချွန်စခန်းရဲ့ အတွေ့အကြုံကို နဲနဲ တီးခေါက် မိပီးပီ။ လူရည်ချွန်စခန်းမှာ ဗမာပြည် တပြည်လုံးက တခြား သက်တူ ရွယ်တူ အတန်းတူ လူရည်ချွန် ကျောင်းသား ကျောင်းသူ တွေနဲ့ တွေ့ဆုံကြရတယ်။ ကျောင်းသူ ချောချောလှလှလေးတွေ အပါအဝင်ပေါ့။ (ကျောင်းသူ ချောချောလှလှလေးတွေဟာ ခုချိန်ထိ ချောတုန်း လှတုန်း) ကျနော်တို့ကလဲ ၁၅ နှစ် ၁၆ နှစ် အရွယ်၊ စိတ်ကစားတတ်တဲ့အရွယ်။ လူရည်ချွန်ကျောင်းသူ ချောချောလှလှလေးတွေအပေါ် စိတ်ကစားတတ်တဲ့အရွယ်၊ စိတ်ကစားမိတာပေါ့။ ဒီတော့ လူရည်ချွန်စခန်းဝင်တဲ့အခါ ကျနော်က လှပချင်တာပေါ့၊ သားနားချင်တာပေါ့။ ဒါပေမဲ့ စခန်းမဝင်ခင် ကျနော်က ကိုရင်ဝတ်ရမယ်။ ဒါဆို စခန်းဝင်တဲ့အခါ ကတုံးကြီးနဲ့ပေါ့။ အဲဒီမှာ ကျနော်နဲ့ ကျနော့်မိဘနဲ့ ပြဿနာတက်တော့တာဘဲ။ ဒါပေမဲ့ မိဘစကားကို မလွန်ဆန်နိုင်တဲ့ မိရိုး ဖလာ မြန်မာမိသားစုဆိုတော့ နွေရာသီကျောင်းပိတ်ပိတ်ချင်း ရှင်ပြုနားသမင်္ဂလာပွဲကျင်းပဘို့ သဘောတူညီခဲ့ရတယ်။ ဒါနဲ့ ရက်သတ္တတပတ် ရှင်သာမဏေအဖြစ် ကိုရင်ဝတ်ပီး ရှင်လိင်ပြန်တဲ့နေ့ကို ရောက်ခဲ့ရပါတယ်။ ကျနော့် အတွေ့အကြုံကို ပြော ရမယ်ဆိုရင်တော့ ဒီ ရှင်လိင်ပြန်တဲ့နေ့က ရှင်ထွက်ရတဲ့နေ့ဆိုတော့ ဝမ်းသာခဲ့ပါတယ်။ ဒါပေမဲ့ လှပသားနားချင်တဲ့ စိတ်က လေးကလဲတဘက်ဆိုတော့ ကတုံးကြီးဘဝနဲ့ ဝမ်းသာဝမ်းနည်းလေး ဖြစ်ခဲ့ရပါတယ်။

ယနေ့ ၂၀၁၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ဟာ ကျနော် ထောင်ကထွက်တဲ့နေ့၊ နှစ် ၄၀ တင်းတင်းပြည့်တဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဒီစာစုလေးကို အမှတ်တရရေးဖြစ်တာပါ။ ၁၉၇၆ ခု ဧပြီလ ၁၂ ရက်နေ့ (သင်္ကြန်အကြိုနေ့) မှာ မှိုင်းရာပြည့် (၁၉၇၆ ခု မတ်လ ၂၃ ရက်) ကျောင်းသား အရေးတော်ပုံပါဝင်လှုပ်ရှားမှုကြောင့် ဖမ်းဆီးထောင်သွင်း အကျဉ်းချ ခံခဲ့ရပီး ၂ နှစ် ပြည့်ဘို့ ၂ ရက်အလို ၁၉၇၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ နိုင်ငံတော်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန် လည်လွတ်မြောက်ခဲ့ပါတယ်။ နှစ်ပေါင်း ၄၀ တိုင်ခဲ့ပါပီ။ ဒါပေမဲ့ ဒီ ၁၉၇၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့၊ ထောင်ကထွက် တဲ့နေ့ကို ဒီတသက် ဘယ်တော့မှမမေ့နိုင်ပါဘူး။

အဲဒီတုန်းက ကျနော်တို့ နိုင်ငံရေးအကျဉ်းသား ကျောင်းသားတွေအတွက် နိုင်ငံရေးအကျဉ်းသားအဆောင်ရယ်လို့ မရှိတော့ ပါဘူး၊ အားလုံး ပုံစံဆောင်တွေ ဖြစ်နေပါပီ။ ပုံစံဆောင်ဆိုတာက အခြားအကျဉ်းသားတွေနဲ့ အတူတကွ ရောနေရတာပါ။ အလုပ်တော့ မလုပ်ရပါဘူး။ ကျနော်က အဲဒီတုန်းက အဆောင် ၃ အပေါ်ထပ် အခန်း ၁ မှာ နေ နေရတာပါ။ အဲဒီနေ့က ညနေ ရောက်ခါနီး၊ တန်းပိတ် လူစစ်ခါနီးမှာ အခန်းလူကြီးက အပေါ်ထပ်ကို ပြေးတက်လာပီး ကျနော့်နာမည်ကို စတင် ခေါ်ပါတယ်။ နောက် ကျောင်းသားတွေနာမည်တွေလဲ ဆက်တိုက်ခေါ်ပီး အသင့် ပြင်ဆင်ထားဘို့ ပြောပါတယ်။ ဘာအတွက် အသင့် ပြင်ဆင်ထားရမှာလဲ၊ အဆောင် ပြောင်းမှာလား၊ ထောင်ပြောင်းမှာလား၊ ဘာလုပ်မှာလဲ၊ ကျနော်ကတော့ ဝေခွဲလို့ မရခဲ့ပါဘူး။ ဒါပေမဲ့ အခြား အကျဉ်းသားတွေက ကျနော်တို့ကိုပြောတာကတော့ ကျနော်တို့ လွတ်တော့မယ်တဲ့၊ ဒါ လွတ်လူ လာခေါ်တာတဲ့။ ဒါကြောင့် ကျနော်တို့ရဲ့ အိပ်ယာ၊ စောင် စတဲ့ ပစ္စည်းလေးတွေ တခါထဲထားခဲ့ဘို့ ပြောကြတယ်။ ကျနော် တို့ကတော့ မယုံနိုင်သေးဘူး။ ဒါပေမဲ့ ကျနော်တို့ပစ္စည်းလေးတွေ အကုန်ထားခဲ့ပါ ယ်။ နာမည်ခေါ်တဲ့ စာရင်းထဲမှာ မပါတဲ့ ရဲဘော် ကျောင်းသားတွေ အများကြီးကိုလဲ ကျနော်တို့ ထားခဲ့ရပါတယ်။ နောက် နာမည်ခေါ်ခံရတဲ့ ကျနော်တို့ကို တိုက်သစ် ၀င်းထဲကို ခေါ်သွားပါတယ်။ ဒိပြင် အဆောင်တွေ၊ တိုက်တွေက အခြား ကျောင်းသား ရဲဘော်တွေလဲ ရောက်လာကြပါတယ်။

အဲဒီ တိုက်သစ်ဝင်းထဲမှာဘဲ ကျနော်တို့ ထောင်ထဲ ဝင်လာစဉ်က သိမ်းထားတဲ့ ပစ္စည်းလေးတွေ ပြန်ပေးပါ တယ်။ အဲဒီတော့မှ ကျနော်တို့ လွတ်မယ်ဆိုတာ သေချာသွားပါတယ်။ နောက် ရန်ကုန်မြို့ထဲက ဘယ်မြို့နယ်ကိုပြန်မယ်ဆိုတာ စာရင်းကောက် ပါတယ်။ အဲဒီတုန်းက ကျနော့်မိသားစုအိမ်က ပဲခူးမှာ၊ ပဲခူးကို ညတွင်းချင်းပြန်ဘို့လဲ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကျနော်တို့ ရဲဘော် ကြီး ကိုအေးဝင်းက သူ့စာအုပ်ဆိုင် (လမင်းတရာ) တည်ရှိရာ ရွှေဘုံသာလမ်းက သူ့ယောက်ဖအိမ်ကို လိုက်ခဲ့ကြဘို့ ခေါ်ပါ တယ်။ ဒါနဲ့ ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းဆိုပြီး စာရင်းပေးလိုက်ကြပါတယ်။ ဒီလိုနဲ့ ဘယ်မြို့နယ်၊ ဘယ်မြို့နယ် ဆိုပီး တသုတ်ပီး တသုတ် လာခေါ်သွားပါတယ်။ ကျနော်တို့ အသုတ်က နောက်ဆုံးကျန်နေခဲ့ပြီး လာခေါ်မဲ့ ပန်းဘဲတန်းမြို့နယ် ထောက်လှမ်းရေးက မရောက်လာသေးလို့ လို့သိရတယ်။ ဒါနဲ့ ကျနော်တို့ အသုတ်ကို ထောင်ဗူးဝဆီခေါ်သွားပီး ထောင်ဗူးဝ အတွင်းတံခါး ရှေ့နားလေးမှာ သူတို့လာခေါ်တဲ့အထိ စောင့်နေရတယ်။

အဲဒီမှာ မှတ်မှတ်ရရ လုပ်နိုင်ခဲ့တာက ထောင်တွင်းမှာကျန်ခဲ့တဲ့ မလွတ်သေးတဲ့ ရဲဘော်တွေကို အလေးပြုခဲ့ကြတာဘဲ။ အင်းစိန်ထောင်မှာ ဆိုစကား တခုရှိတယ်။ ထောင်ကလွတ်တော့မယ်ဆိုရင် ထောင်ဗူးဝကနေ နောက်ပြန် လှည့်မကြည့်နဲ့။ အထူးသဖြင့် မိန်းဂျေး၊ မျှော်စင်ကြီးပေါ်မှာ တည်ထားတဲ့ ဘုရားဆင်းတုတော်ကို နောက်ပြန် လှည့်မဖူးနဲ့။ ဒီလို နောက်ပြန် လှည့်ဖူးရင် ထောင်ထဲကို နောက်တခါ ပြန်ဝင်ရတတ်တယ်ဆိုတဲ့ အစွဲ ဆိုစကား ရှိတယ်။ ကျနော်တို့ကတော့ ထောင်ဗူးဝမှာ နောက်ပြန်လှည့်၊ ဒီ မျှော်စင်ကြီးကို သေသေ ချာချာ ကြည့်ပီး ထောင်တွင်းမှာ ကျန်ခဲ့တဲ့ ရဲဘော်တွေကို ဝမ်းနည်းတသစွာနဲ့ အလေးပြုခဲ့ကြပါတယ်။ ကျနော်တို့ လွတ်လာခဲ့တဲ့အတွက် ကျနော်တို့အတွက် ဝမ်းသာရပါတယ်။ ဒါပေမဲ့ ထောင်တွင်းမှာ ကျနော်တို့ ရဲဘော်တွေ အများကြီးကျန်ခဲ့တဲ့အတွက် ဝမ်းနည်းရပါတယ်။ ဒီတော့ ထောင်ကထွက်တဲ့နေ့မှာ ကျနော့်ရဲ့ ခံစား ချက်ကတော့ ဝမ်းသာဝမ်းနည်းပါဘဲ။

ကျနော်က ၁၉၉၃ ခုနှစ် ဒီ ဂျာမဏီမှာ မင်္ဂလာဆောင်တာဆိုတော့ ဒီနှစ်က တိုက်တိုက်ဆိုင်ဆိုင် ကျနော်တို့ရဲ့ ငွေရတု မင်္ဂလာ နှစ် ဖြစ်ပါတယ်။ ကျနော့်အမျိုးသမီးက ကျောင်းဆရာမဆိုတော့ မင်္ဂလာဆောင်ဘို့ရာမှာလဲ နွေရာသီကျောင်းပိတ်ရက် ဖြစ် ပြန်ရော။ ဒီမှာ နွေရာသီ ကျောင်းပိတ်ရက်က ဇူလိုင်လကုန်လောက်ကနေ စက်တင်ဘာလလယ်လောက်အထိပေါ့။ ဒါ ကြောင့် ကျနော်တို့ ၁၉၉၃ ခုနှစ် ဩဂုတ်လမှာ မင်္ဂလာဆောင်ခဲ့ပါတယ်။

ကျနော်တို့ရဲ့ မင်္ဂလာပွဲလေးကတော့ လုံးဝ ရိုးရိုးတန်းတန်း အေးချမ်းလှတဲ့ မင်္ဂလာပွဲလေးပါဘဲ။ ဘယ်နိုင်ငံတော် အတိုင်ပင်ခံ ကမှ လာရောက် ချီးမြှင့်တဲ့ပွဲ မဟုတ်ပါဘူး။ ဂျာမန် သမတတို့ ဝန်ကြီးချုပ်တို့ဆို ကျနော်တို့ မင်္ဂလာပွဲလေးလုပ်တာကို သိ တောင် မသိလိုက်ပါဘူး။ ဘယ်အဘကမှလဲလာရောက်ပြီး မင်္ဂလာပန်းကုံး စွပ်ပေးတာမျိုး မရှိခဲ့ပါဘူး။ ဒီဂျာမဏီမှာ အဘ ဆိုတာလဲ မရှိပါဘူး။ ကျနော်တို့ လက်ထပ်ထိမ်းမြားတဲ့ဌာနမှာ လက်မှတ်ထိုး လက်ထပ်ကြတယ်။ လက်ထပ်လက်စွပ် အလဲအလှယ် စွပ်ပေးကြတယ်။ မင်္ဂလာပွဲလေးကျင်းပရာမှာ မင်္ဂလာကိတ်မုန့်လေးကို အတူတကွလှီးခဲ့ကြပါတယ်။ ကျနော် တို့ရဲ့ မင်္ဂလာပွဲလေးက ရေခြားမြေခြားမှာဆိုတော့၊ မွေးရပ်မြေမှာမဟုတ်တော့ ဗမာ့ ရိုးရာဓလေ့ထုံးစံ နံ့လေးလဲ မသင်းခဲ့ပါဘူး။
ဝမ်းနည်းစရာ ကောင်းတာတခုက ကျနော်က ရေခြားမြေခြားမှာ လက်ထပ်ရတာဆိုတော့ ကျနော့် မိဘ၊ ညီအကို မောင်နှမ၊ ဆွေမျိုး အသိုင်းအဝိုင်း၊ ဘယ်သူမှ မင်္ဂလာပွဲကို ပါဝင်ဆင်နွှဲနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ကျနော် မင်္ဂလာဆောင်တဲ့နေ့က ကျနော့် ဘဝ အဖေါ်မွန်ကို ထာဝရ လက်တွဲခွင့် ရတဲ့ အတွက် ဝမ်းသာခဲ့ရပေမဲ့၊ ကျနော့် မိဘ၊ ညီအကို မောင်နှမ ဘယ်သူမှ အနားမှာ မရှိခဲ့တဲ့ အတွက် ဝမ်းနည်းခဲ့ရပါတယ်။ ကျနော် မင်္ဂလာဆောင်တဲ့နေ့က ကျနော့်ရဲ့ ခံစားချက်ကလဲ ဝမ်းသာဝမ်းနည်း ပါဘဲ။ ။

ဌေဝင်း (ဂျာမဏီ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်