ကျော်ဆွေဝင်း (ရွှေအင်း) ● ငစီ မရှုံးဘူး (ဝတ္ထုတို)

April 16, 2018
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

● ငစီ မရှုံးဘူး (ဝတ္ထုတို)
(မိုးမခ) ဧပြီ ၁၆၊ ၂၀၁၈

သံဃာ့ဒါန ဆွမ်းလောင်းဓမ္မာရုံ။
ရန်ကုန်- မန္တလေး မော်တော်ကားလမ်းမကြီးဘေးတွင်ရှိပြီး မြို့ကလေး၏ အချက်အချာကျသော စည်ပင်သာယာဈေးနှင့် လည်းနီးသဖြင့် မြို့လယ်ခေါင်ဟု ဆိုနိုင်သည့်နေရာဖြစ်သည်။ ဤဆွမ်းလောင်းဓမ္မာရုံတွင် သံဃာ့ဒါနဆွမ်းလောင်းအသင်းမှ နေ့စဉ်မြို့ပေါ်ဘုန်းကြီးကျောင်း (၂၆) ကျောင်းရှိ သံဃာအပါး (၆၀၀) ကျော်တို့အား အရုဏ်ဆွမ်းလောင်းလှူပေးနေသဖြင့်ကုသိုလ်ရေးနှင့်ပတ်သက်၍ မုဒိတာပွားကြရလေရာ မြို့ဂုဏ်ကျက်သရေကိုဆောင်သည့်နေရာလေးဟုဆိုလျှင်လည်း မှား မည်မဟုတ်ပေ။ အပတ်စဉ် တနင်္ဂနွေနေ့မှလွဲ၍ နေ့စဉ်နံနက်တိုင်း ဤဓမ္မာရုံလေးတွင် လူစည်ကားလေ့ရှိသည်။ သို့ရာတွင်ဆွမ်းလောင်းခြင်းကိစ္စကြောင့် လူစည်ကားနေခြင်းက မဟုတ်ပေ။ ဆွမ်းလောင်းလှူခြင်းကိစ္စမှာ နေ့စဉ်အရုဏ်တက်ချိန် မနက် လေးနာရီခွဲမှစတင်ပြီး နံနက် ၅ နာရီခွဲ ခြောက်နာရီခန့်အတွင်း ပြီးပြတ်သည်။ ဆွမ်းလောင်းပြီးချိန်တွင် အသင်းမှ ဝေယျာဝစ္စပြုလုပ်သူများ အလှူ့ရှင်များနှင့် အကျိုးဆောင်များမှာ အိမ်ပြန်အနားယူကြသောကြောင့် ဓမ္မာရုံအတွင်း လူရှင်း သွားလေ့ရှိပြီး နံနက်ရှစ်နာရီကျော်သည်နှင့် လူများတဖွဲဖွဲပြန်လည်ရောက်ရှိလာကားတည့်ချိန်အထိ စည်ကားလေ့ရှိ သည်။ ထိုသူများတွင် ဆွမ်းလောင်းအသင်းမှတာဝန်ရှိသူအချို့နှင့် ကျန်လူအများစုမှာ လုပ်သက်ပင်စင် သက်ပြည့်ပင်စင် စသည်ဖြင့် တာဝန်မှအနားယူထားပြီးဖြစ်သော အသက်အရွယ်ကြီးသူ အငြိမ်းစားဝန်ထမ်းဟောင်းများဖြစ်ကြသည်။

အငြိမ်းစားယူပြီးသူတို့ကြုံတွေ့ရတတ်သောထုံးစံအတိုင်း သွားနေကျ မိမိတို့ရုံးဌာနများသို့လည်း သွားရန်မရှိတော့သလို အိမ် တွင်လည်း လုပ်စရာထူးထူးထွေထွေမရှိသောအခါ ယောင်ချာချာနှင့် ပျင်းရိပြီး အထီးကျန်ဆန်လာကြသည်။ တစ်ချို့ စိတ် ဓာတ်ပျော့သူများဆိုလျှင် မိမိတို့ကိုယ်ကို မိမိတို့ အသုံးမဝင်တော့သော၊ ဘာမျှအရာမဝင်တော့သောသူများအဖြစ် အား ငယ်စိတ်ဝင်ကာ အိမ်ထဲမှ အိမ့်အပြင်မထွက်တော့ဘဲ စိတ်ကျရောဂါကဲ့သို့ပင် ဖြစ်လာတတ်ကြသည်။ ထိုသို့ ပင်စင်နာ မကျလို သူတို့က မိမိတို့ကဲ့သို့ သက်တူရွယ်တူ ဘဝတူများ အားစကားပြောဖေါ်ရှာပြီး ဘဝကိုငြီးငွေ့ဖွယ်မဖြစ်အောင် ဖန် တီးနေထိုင်တတ်ကြသည်။ ဤမြို့ကလေးမှ ပင်စင်စားအများစုကမူ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ တွင် တတ်နိုင်သည့်ဘက်မှ ပါဝင်အားဖြည့်ဆောင်ရွက်ရင်း ဤဓမ္မာရုံတွင် စုရပ်သဖွယ်ပြုကာ အစောင့်တာဝန်ယူထားသောဦးကျော်တင့်တည်ပေးသည့် ရေနွေးကြမ်းအိုးနှင့် စကားဝိုင်းဖွဲ့လေ့ရှိကြသည်။ နံနက်စာအဖြစ် လ္ဘက်ရည် မုန့် စသည် သုံး ဆောင်လိုသူများအတွက်လည်း ဓမ္မာရုံ၏တောင်ဘက်ကပ်လျှက်နေရာတွင် လ္ဘက်ရည်ဆိုင်ရှိနေသောကြောင့် အဆင်ပြေ လှသည်။ ဤပုဂ္ဂိုလ်ကြီးများ စပ်မိစပ်ရာ အများဆုံးပြောဖြစ်ကြသည့်စကားများက နေ့စဉ်ဖတ်နေကြရသော သတင်းစာနှင့် ဂျာနယ်များပါသတင်းထူးများအကြောင်း မိမိတို့ကြုံတွေ့ခဲ့ရသည့် ဋ္ဌာနဆိုင်ရာလုပ်ငန်းများအကြောင်း  ယခင် ယခု ကွာခြားမှု စနစ်များအကြောင်း ငွေကြေးတန်ဖိုးနှင့် ကုန်ဈေးနှုန်းများအကြောင်း၊ ဝန်ထမ်းလစာ ပင်စင်လစာ တိုးသင့်သည့်အကြောင်း နှင့် တစ်ခါတစ်ရံ သူတို့နှင့် အနည်းငယ်စိမ်းနေသည့် ဖေ့စ်ဘုတ်၊ အင်တာနက်စသည့်အကြောင်းများသာဖြစ်သည်။ အမှန် ဆိုရလျှင် ဘာသာရေးအကြောင်း တရားဓမ္မအကြောင်း ဆွေးနွေးကြသည်က အလွန်နည်းပါးသည်။ တစ်ခါတစ်ရံ အကြောင်း အရာတစ်ခုကို အခြေအတင်ပြောဆိုဆွေးနွေးကြရင်း အချင်းငြင်းခုံကြသည်များလည်း ရှိသည်။

သူတို့အကြောင်းသိနေကြသော  လူငယ်အချို့ကလည်း သူတို့စကားဝိုင်းကို အပျင်းလည်းပြေ ဗဟုသုတလည်းရရန် လာ ရောက်နားထောင်ကြသည်များရှိသည်။ မည်သို့ပင်ဆိုစေ ဤဓမ္မာရုံစကားဝိုင်းလေးမှာ မြို့ကလေး၏ ချစ်စရာပုံရိပ်များထဲမှအလှတရားတစ်ခုဖြစ်နေသည်ကတော့ အမှန်ပင်။ စာရေးသူကတော့ ထိုနေရာလေးကိုကိုယ့်သဘောနှင့်ကိုယ် “ပင်စင် လေထန်ကုန်း” ဟု အမည်ပေးထားလိုက်သည်။

ယနေ့လည်း နံနက် (၈) နာရီခန့်လောက်မှစ၍ နေ့စဉ်လာနေကျလူများ တဖွဲဖွဲရောက်လာကြပြီး ထုံးစံအတိုင်း စောစောလာ တတ်လေ့ရှိသော ဆွမ်းလောင်းအသင်းဒုဥက္ကဋ္ဌ ဦးဖေသန်း၊ အငြိမ်းစားပညာရေးမှူးကြီး ဦးထွန်းကြည်၊ အငြိမ်းစားအထက်တန်းကျောင်းအုပ်ကြီးဦးချစ်မြိုင်၊ အငြိမ်းစားလက်ထောက်စက်ရုံမှူး ဦးညို၊ တရားသူကြီးဟောင်း ဦးကံဦး၊ အငြိမ်းစားပြန် ဆက်မှူး ဦးမိုးမြင့်၊ အငြိမ်းစား ဒိုင်မှူး ဦးမြင့်အောင်နှင့်အငြိမ်းစား ဒုဦးစီးဦးပုတို့ စကားဝိုင်းဖွဲ့နေကြပြီဖြစ်သည်။ စကားလည်း နည်းပြီး အမြဲတမ်းလိုလို သူတို့စကားဝိုင်းကို ဘေးမှနားထောင်လေ့ရှိသော အစောင့်ကြီးဦးကျော်တင့်လည်းရှိနေသည်။ အ မှန်စင်စစ် သူသည်လည်း လျှပ်စစ်ဌာနမှပင်စင်ယူထားသော အငြိမ်းစားတစ်ဦးသာဖြစ်သည်။ ပင်စင်ယူပြီးချိန်တွင် အ လကားအချိန်ဖြုန်းမနေလိုသဖြင့် လစာအနည်းအများကိုအဓိကမထားဘဲ အပျင်းလည်းပြေ ကုသိုလ်လည်းရသဘောဖြင့် ဓမ္မာရုံတွင် အစောင့်တာဝန်ယူထားခြင်းဖြစ်သည်။ သူကတော့ သူ့ထုံးစံအတိုင်း အခြားသူများပြောသည့်စကားများကို နား ထောင်သည်။ ကြိုက်လျှင် မှတ်သားပြီး သဘောကျလျှင် ရယ်သည်။ ရေနွေးကြမ်းကုန်လျှင် အတွင်ထပ်ဖြည့်ပေးသည်။ သူက စကားများများပြောလ့ရှိသူ မဟုတ်ပေ။

“ကိုကံဦး အခု မနက် မနက် လမ်းလျှောက်ဖြစ်သေးလားဗျ”

“လျှောက်ဖြစ်တယ် ကိုချစ်မြိုင်ရေ သိပ်အစောကြီးတော့မဟုတ်ဘူး။ မနက်ခြောက်နာရီလောက်မှ လျှောက်တယ်’

“နောက်မကျဘူးလား ဘာဖြစ်လို့ အစောမလျှောက်တာလဲဗျ။ အဲဒီထက်စောပြီးလျှောက်ရင် ပိုမကောင်းဘူးလား”

ဦးကံဦး၏အဖြေကို ဦးညိုက ဝင်၍ထောက်မေးသည်။

“စောစောလေးလျှောက်တာတော့ ပိုကောင်းတာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်လျှောက်ရတာက ဒီရန်ကုန် – မန္တလေးလမ်းမ ကြီးပေါ်လျှောက်ရတာဗျ။ ကိုယ်က လမ်းဘေးကလျှောက်နေပေမယ့် တစ်ညလုံးမောင်းလာတဲ့ ဟိုက်ဝေးကားတွေ ကိုစိတ်မ ချရဘူး။ အဲဒီအချိန်က ကားသမားတွေ အိပ်ငိုက်တတ်တဲ့အချိန်”

“ဟုတ်တယ်အဲဒါ သတိထားရမယ် လွန်ခဲ့တဲ့သုံးရက်လောက်ကပဲ မနက်ငါးနာရီလောက် လမ်းဘေးမှာ အပြေးလေ့ကျင့်နေတဲ့ရဲမေလေးတစ်ယောက်ကို နောက်ကမောင်းလာတဲ့ လိုက်ထရပ်ကားတစ်စီးကဝင်တိုက်လို့ ပေါင်တွေ လက်တွေ ကျိုးသွား တယ်။ အသက်မသေတာ ကံကောင်းသေးတာပေါ့”

ဦးကံဦး၏အကြောင်းပြချက်ကို ဦးမိုးမြင့်က ဝင်၍ထောက်ခံသည်။

“ဟုတ်တယ်ဗျ။ ကျုပ်တို့က အသက်အရွယ်လည်းကြီးပြီ။ သတိထားမှရမယ်။ အကောင်းဆုံးကတော့ ဘေးကနေ လမ်း ပြောင်းပြန်လျှောက်တာ ပိုကောင်းတယ်ဗျ။ ရှေ့ကလာတဲ့ကားကို ကိုယ်ကမြင်ရတော့ ရှောင်တတ်တိမ်းတတ်တာပေါ့”

ဦးဖေသန်းက သူ့အယူအဆကို ဝင်ပြောသည်။

“ထားပါတော့ဗျာ။ ဘယ်လိုပဲလျှောက်လျှောက် သတိတော့အမြဲထားနေရမှာပဲ။ ဒါနဲ့ မနေ့က ကျွန်တော် လမ်းလျှောက်ပြန် လာရင်း မိတ်ဆွေတစ်ယောက်နဲ့ဆုံလို့ ဟိုမြောက်ဘက်က လ္ဘက်ရည်ဆိုင်မှာစကားပြောရင်း လ္ဘက်ရည်ဝင်သောက်ကြတာ ဈေးတက်သွားတာပဲဗျ။ ရိုးရိုးတစ်ခွက်ကို သုံးရာ၊ ရှယ်ဆိုရင် လေးရာတဲ့ဗျ”

“ခင်ဗျားက အခုမှသိတာလား။ ဈေးတက်တာ တစ်လလောက်ရှိပြီဗျ”

လ္ဘက်ရည်ဈေးတက်ခြင်းကို တအံ့တသြပြောနေသောဦးချစ်မြိုင်အား ကိုမြင့်အောင်က ဝင်ပြောသည်။

“အေးဗျာ ကျုပ်ကလည်း လ္ဘက်ရည်မသောက်တာကြာပြီကိုးဗျ”

“ဟုတ်တယ်လေ ကိုချစ်မြိုင်ရဲ့ ကျွန်တော်တို့အမြဲသောက်နေတဲ့ ဈေးချိုပါတယ်ဆိုတဲ့ တောင်ဘက်ကပ်လျှက်က ဆိုင်တောင် အရင်က ရိုးရိုးတစ်ခွက်နှစ်ရာ၊ ရှယ်တစ်ခွက် နှစ်ရာ့ငါးဆယ်ကနေ အခု ရိုးရိုး နှစ်ရာ့ငါးဆယ်၊ ရှယ် သုံးရာဖြစ်သွားပြီ”

ဦးဖေသန်းက တောင်ဘက်ကပ်လျှက်တွင်ရှိနေသောဆိုင်ကိုမေးငေါ့ပြရင်း ဝင်ပြောသည်။

“အေးဗျာ ဈေးတွေကလည်း ဘာကြောင့်တက်မှန်းကို မသိဘူး”

ဦးချစ်လှိုင်က ဤသို့ပြောလိုက်ချိန်တွင် သူကိုယ်တိုင်က စားသောက်ဆိုင်ဖွင့်ထားသော ဦးကံဦးက

“အခွန်ဗျ အခွန် အခွန် ငါးရာခိုင်နှုန်းဆောင်နေရတော့ ဆိုင်တွေလည်း ဈေးတက်ရတာပေါ့ဗျာ။ ဈေးမတက်ရင်လည်း လုပ် အားခပေးရတာနဲ့ အခွန်ဆောင်ရတာနဲ့တင် ဘာမှကျန်မှာမဟုတ်တော့ဘူး” ဟု ဝင်ပြောသည်။ ဤတွင် ဦးမြင့်အောင်က ရယ်မောရင်း  ….

“အစားအသောက်ဈေးတက်တာတွေကို အပြစ်ပြောရင်တော့ ဦးကံဦးက ကြိုက်မှာမဟုတ်ဘူးဗျို့။ ဘာကြောင့်လဲဆိုတော့ သူ့ဆိုင်မှာလည်း အရင်ကခေါက်ဆွဲကျော်တစ်ပွဲ နှစ်ထောင့်ငါးရာကနေ အခုတစ်ပွဲသုံးထောင်ဖြစ်နေပြီလေဗျာ” ဟု ဝင်ပြော လိုက်သည်။

“ဒါကတော့ ရောင်းတဲ့သူတွေကလည်း မတက်လို့မရဘူးလေကွာ။ အခွန်ကလည်း ဘယ်ဘက်ကမှ လွတ်တာမှမဟုတ်တာ။ ရေခွန် မီတာခွန် စည်ပင်ခွန်  လမ်းခွန် ကုန်သွယ်ခွန် ဝင်ငွေခွန်  နောက်ဆုံး ကျုပ်တို့ဖုန်းပြောနေတဲ့ လေခွန် ဘာများလွတ် တာရှိသေးလို့လဲ”

ဦးကံဦး အလိုမကျသည့်လေသံနှင့်ပြောလိုက်ခ်ျိန်တွင် အငြိမ်းစားပညာရေးမှူး ဦးထွန်းကြည်က “မောင်ရင်တို့ ပြောနေကြ တာက အခွန်ကောက်တာကို အပြစ်တင်ချင်တဲ့သဘောပဲ။ ဒါက အပြစ်တင်လို့မရဘူးလေ။ အဲဒီအခွန်တွေကို တာဝန်သိသိ ဆောင်ကြမှလည်း တိုင်းပြည်ဘဏ္ဍာက တိုးလာမှာ။ အဲဒီဆောင်လိုက်တဲ့အခွန်တွေက နိုင်ငံတော်ဘဏ္ဍာငွေဖြစ်သွားမှာ  ဒီ အတိုင်း တစ်ခြားနေရာတွေမှာလည်း ဘာသာရေးကိစ္စ၊ လူမှုရေးကိစ္စတွေနဲ့ လှူနေကြတာပဲကို။ အခွန်ဆောင်တာက ကိုယ့် တိုင်းပြည်အတွက် လှူတယ်လို့စိတ်ထားတတ်ရင် စေတနာကုသိုလ်တောင်ဖြစ်သေးတယ်” ဟု သူ့သဘောထားအမြင်ကို သုံးသပ်ပြလေသည်။ ဤတွင်တခ်ျိန်လုံး ငြိမ်၍နားထောင်လာခဲ့သော ဦးပုက “ကျွန်တော် သကြားစက်မှာတာဝန်ထမ်း ဆောင်စဉ်က အတွေ့အကြုံလေးတစ်ခုပြောပြဦးမယ်” ဟုအစချီကာ ဖြစ်စဉ်တစ်ခုကို ပြောပြလေသည်။
****

၁၉၈၅ ခုနှစ်ပတ်ဝန်းကျင်က နိုင်ငံတော်အစိုးရ၏ ကြံစီမံကိန်းများအကောင်အထည်ဖေါ်ဆောင်ရွက်နေချိန်ဖြစ်ပြီး သကြား စက်ကြီးများလည်း အရှိန်ကောင်းကောင်းနှင့် တွင်ကျယ်စွာလည်ပတ်နေချိန်ဖြစ်သည်။ ဦးပုတို့တာဝန်ထမ်းဆောင်နေသည့် ဇေယျဝတီသကြားစက်တွင်လည်း ကြံရာသီတွင် ကုန်ကြမ်းများ အလုံးအရင်းရောက်ရှိလာတတ်သည်ကြောင့် စက်များကို နေ့ညမပြတ် လည်ပတ်နေရရာ စက်ရုံဝန်ထမ်းများကိုလည်း အမြဲတမ်းဝန်ထမ်းများအပြင် ရာသီချိန်ဝန်ထမ်းများပါ တိုးချဲ့ခန့် ထားပြီး ဆောင်ရွက်နေရချိန်ဖြစ်သည်။ ဝန်ထမ်းများမှာလည်း ပညာအရည်အချင်းအရ သူ့ဌာနနှင့်သူ တာဝန်ယူထားရပြီး နေ့ဆိုင်း ညဆိုင်းများ ခွဲခြားထားသည်။

အချို့ဝန်ထမ်းများက မိသားစုလိုက် စက်ဝန်းအတွင်းနေထိုင်ကြပြီး အချို့က စက်ရုံပြင်ပရှိ မိမိတို့အိမ်များတွင် နေထိုင်၍ အလုပ်ဆင်းကြသည်။ ထိုဝန်ထမ်းများထဲတွင် စက်ရုံအတွင်း ညစောင့်တာဝန်ယူထားသော ကိုဖိုးစီဆိုသူလည်းပါရှိလေသည်။

ကိုဖိုးစီမှာ စက်ရုံရှိရာမြို့ကလေးနှင့် သုံးလေးမိုင်ခန့်ဝေးကွာသော ကျေးရွာမှဖြစ်ပြီး စက်ရုံ၏အမြဲတမ်းဝန်ထမ်းဖြစ်၍ မိသားစု နှင့်အတူ အလုပ်သမားတန်းလျားတွင် နေထိုင်သည်။ ညဘက်တွင် အစောင့်တာဝန်ယူ၍ နေ့ဘက်တွင်မူ သူ၏ဇနီးသည်နှင့်အတူစက်ရုံအပြင်ဘက် ဂိတ်ပေါက်အနီးတွင် မုန့်ဟင်းခါးရောင်းသည်။ ကိုဖိုးစည်မှာ ရိုးသားပြီး စိတ်သဘောကောင်းသူဖြစ်ခြင်း ကြောင့် ဝန်ထမ်းအများစုက ခင်မင်ကြကာ မနက်တိုင်း သူတို့လင်မယား၏ မုန့်ဆိုင်၌သာ အားပေးစားသောက်ကြသည် ကြောင့် သူတို့၏မုန့်ဟင်းခါးဆိုင်လေးမှာ ရောင်းကောင်းလှကာ ငွေကြေးကလေးများလည်း စုဆောင်းမိကြသည်။ ကိုဖိုးစီမှာစိတ်သဘောကောင်းသူဖြစ်သော်လည်း ကပ်စေးနှဲသူအဖြစ် နာမည်ရသူဖြစ်သည်။

ညဘက်တာဝန်ပြီးဆုံး၍ အနားရသူဝန်ထမ်းတစ်ချို့က ဂိတ်ဝအနီးရှိတဲကလေးထဲတွင် စုထိုင်၍ စပ်မိစပ်ရာ စကားပြောကြ ရင်း ပျင်းလာသောအခါ ဖဲထုပ်လေးတစ်ထုပ်နှင့် အချင်းချင်း အပျော်တမ်းဖဲရိုက်ကြသည်။ ထိုသို့ဖဲရိုက်ကြချိန်တွင်လည်း စက်ရုံတာဝန်ရှိလူကြီးများလာ၍မြင်တွေ့သွားလျှင် ဆူခံထိမည်စိုးသောကြောင့် ကိုဖိုးစီကစောင့်ပေးရသည်။ ကိုဖိုးစီက ကိုယ်တိုင်ဖဲဝင်မရိုက်သော်လည်း တစ်ခါတစ်ရံ ဖဲကောင်းသောအိမ်မှ ကြားဝင်ထိုးတတ်သည်။ ထိုသို့ကြားဝင်ထိုးပြီး နိုင် လျှင် ဆက်မထိုးတော့ပဲ ရသည့်ပိုက်ဆံကိုကျစ်၍စုထားတတ်သည်။

အခြားသူများက နိုင်လျှင် အချင်းချင်း မုန့်ပြန်ဝယ်ကျွေးခြင်း လ္ဘက်ရည်တိုက်ခြင်းများပြုလုပ်တတ်သော်လည်း ကိုဖိုးစီက တော့သူရသွားသည့်ပိုက်ဆံကို ဘယ်ခါမှပြန်မထုတ်တတ်ပေ။  ထို့ကြောင့် ကျန်လူအများစုကလည်း အခွင့်ကြုံလျှင် ကိုဖိုးစီအားပညာပေးရန်စောင့်နေကြသည်။

တစ်ညတွင် ကျန်လူများဖဲကစားနေကြသည်ကို ကိုဖိုးစီကဘေးမှ ရပ်ကြည့်နေသည်။ အခြေအနေစောင်ကြည့်ပြီး သာသည့် အိမ်ဘက်မှကြားဝင်ထိုးမည်ပြုစဉ် ကျန်လူများက သူ့အား “ဟိတ်ကောင်ဖိုးစီ  မင်းအဲဒီလိုသူများ နောက်ကနေကြား ဝင်ဝင် ထိုးနေတာ ဇယားရှုတ်တယ်ကွာ မထိုးနဲ့။ မင်းသတ္တိရှိရင် တစ်အိမ်ဝင်ရိုက် ငါတို့ဖယ်ပေးမယ်” ဟုပြောလေရာ ကိုဖိုးစီစိတ်ထဲအောင့်သက်သက်ဖြင့် မခံချင်ဖြစ်သွားသည်။ ထို့ကြောင့် “ရိုက်မယ်ကွာ မင်းဖယ်ပေး” ဟုပြောကာ ဖဲစီးနေသောအိမ်မှ လူကို ဖယ်ခိုင်းလိုက်သည်။ ထိုလူကလည်း သူအသင့်အတင့်နိုင်ထားပြီမို့ ကျေကျေနပ်နပ်ထွက်ပေးသည်။ ကိုဖိုးစီဝင်ထိုင် ရိုက်သည့်အချိန်မှစ၍ ထိုအိမ်ကဖဲမကောင်းတော့ဘဲ အလှည့်တိုင်း ဒိုင်အောက်လျှိုပြီး အစားခံနေရသည်။ တစ်ခါမှ ဤကဲ့သို့ ကိုယ်တိုင်ထိုက်မရိုက်ဖူးပါဘဲ ဘေးမှထိုင်၍ကြားထိုးကာ နိုင်လျှင် ကုတ်ကျစ်ပြန်တတ်သော ကိုဖိုးစီတစ်ယောက် ယခုကဲ့သို့ အရှုံးများလာသောအခါ ရှုံးတင်းတင်းလာပြီး ရိုက်သူနေရာ၌မနေတော့ဘဲ ဒိုင်ကိုင်လေသည်။ ကံကနိမ့်လာပြီမို့ ဒိုင်လုပ် သောအခါတွင်လည်း ဆက်တိုက်လျော်နေရတော့ရာ ဝိုင်းသိမ်းသောအခါ စုစုပေါင်းလက်ငင်းငွေသား ကျပ်နှစ်ထောင်ကျော်ရှုံးသွားသည့်အပြင် အကြွေးသုံးရာခန့်တင်သွားသည်။ ထိုခေတ် သူ၏လစာနှင့်တွက်လျှင် တစ်နှစ်စာမကသည့် ငွေကြေး ပမာဏ ဖြစ်သည်။ ထို့ကြောင့် သူ့အတွက် တော်တော်အထိနာလေသည်။ နောက်နေ့တွင် သူ၏သတင်းမှာ စက်ရုံတွင်းတွင်တဖြည်းဖြည်းပျံ့နှံ့သွားပြီး တချို့သူများက စိတ်မကောင်းဖြစ်ကြသည်။  တချို့ကလည်း ကပ်စေးနှဲသောကိုဖိုးစီကို စိတ် ကသိကအောင့်ဖြစ်အောင် နောက်ချင်ပြောင်ချင်ကြသဖြင့် တွေ့သူတိုင်းက သူ့အား “ကိုဖိုးစီ ခင်ဗျားညက တော်တော်ရှုံးသွား တယ်ဆို” ဟု မေးကြလေသည်။

ခဏ ခဏ မေးလာသောအခါ ကိုဖိုးစီက စိတ်ပေါက်ပေါက်နှင့်ပြန်ပြောချလိုက်သောစကားကြောင့် ကြားရသူများက ငိုရမလို ရယ်ရမလိုဖြစ်သွားကြလေသည်။ သူပြောလိုက်သည့်စကားမှာ “အေး… ဟုတ်တယ်ဟေ့ ညက ငါဖဲရှုံးတာတော့ဟုတ်တယ် ဒါပေမယ့် မင်းတို့မှတ်ထားဖို့ရာ ငစီ မရှုံးဘူးကွ။ အဲဒီငွေလောက်တော့  ငါတို့က နောက်နေ့ကစပြီး မုန့်ဟင်းခါးကို  ဟင်းရည် ကျဲပြီး မုန့်ဖတ်နည်းနည်းလျှော့လိုက်ရုံပဲကွ။ တကယ်ရှုံးမှာက မင်းတို့ရှုံးမှာ” ဟူ၍ဖြစ်လေသည်။

ဦးပု၏စကားဆုံးသွားသောအခါ တော်ရုံတန်ရုံနှင့် စကားပြောရန်ခဲယဉ်းလှသော ဓမ္မာရုံစောင့်ကြီးဦးကျော်တင့်က “ဟုတ် တယ်ဗျို့ အခုလည်း အခွန်တွေဘယ်လိုလာလာ ဆိုင်ရှင်တွေ ညည်းညူမနေနဲ့။ ငစီ မရှုံးဘူး။ စားသုံးသူတွေပဲ ရှုံးတာဗျ” ဟု ပြောလိုက်သည်ကြောင့် တဝိုင်းလုံးက ရယ်မောလိုက်ကြတော့သည်။

ကျော်ဆွေဝင်း (ရွှေအင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်