fbpx

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅-၁၉၈ဝ) – အပိုင်း (၆၈)

April 17, 2018

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅-၁၉၈ဝ) –  အပိုင်း (၆၈)
(မိုးမခ) ဧပြီ ၁၇၊ ၂၀၁၈

● ၁ဝ၈ စစ်ဒေသ
သခင်တင်ထွန်းကျဆုံးပြီးနောက် အစိုးရထိုးစစ်များ အတန်ငယ်လျော့ပါးသွားသည်။ တကွဲတပြားဖြစ်နေသော CPB တပ်ဖွဲ့ များသည်လည်း ပြန်၍စုစည်းနိုင်ခဲ့ကြသည်။ အဓိကခေါင်းဆောင်ကျဆုံးပြီးနောက် တပ်ကိုပြန်လည်စုဖွဲ့ရန် ဗိုလ်ခင်ညို ဦးစီး သည့် အင်အား ၄ဝ ခန့်နှင့် အရှေ့မြောက်သို့တက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုအဖွဲ့နှင့် ပျဉ်းမနားဘက်မှ တိုင်းကော်မတီ ဝင်တဦးဖြစ်သူ ဦးမောင်မောင်စိန် (နောင် ၁၉၇၅ ခုနှစ် အရံဗဟိုကော်မတီဝင်) လည်း လိုက်ပါလာခဲ့သည်။ ဗိုလ်ခင်ညိုဦးစီး အလယ်ပိုင်းအဖွဲ့သည် သခင်တင်တင်ထွန်းကျပြီး မကြာမီ ၁၉၇ဝ ခုနှစ်အကုန်ပိုင်းတွင် အရှေ့မြောက်သို့ ချီတက်ခဲ့ကြသည်။

ဗိုလ်ခင်ညိုဦးစီးတပ်ဖွဲ့သည် ရှမ်းတပ်ဧရိယာမှတဆင့် KIA ထိမ်းချုပ်ဒေသကိုဖြတ်ပြီး မုန်းကိုးဒေသ မန်ကန်သို့ရောက်ရှိ သည်။ အဆိုပါတပ်ဖွဲ့အား အဝေးရောက်ဗဟိုမှ တရုတ်ပြည်တွင်းသို့ ခေါ်ယူလေ့ကျင့်ပေးခဲ့သည်။ ထိုအချိန်ကာလက အ ဝေးရောက်ဗဟိုသည် ၈၁၅ စစ်ဒေသဖွဲ့စည်းရန်ပြင်ဆင်နေသည့်အချိန်ဖြစ်ရာ ၁ဝ၈ စစ်ဒေသတပ်ဖွဲ့စည်းမည့်တပ်များရော၈၁၅ စစ်ဒေသဖွဲ့စည်းမည့်တပ်များပါ တပြိုင်တည်းလေ့ကျင့်ပေးခဲ့သည်။ တရုတ်ပြည်တွင်း၌ လေ့ကျင့်၍ လက်နက်တပ် ဆင်ပေးပြီးနောက် ၁ဝ၈ စစ်ဒေသဟူ၍ ပြန်လည်ဖွဲ့စည်းပေးခဲ့သည်။ နိုင်ငံရေးမှူး ဦးမြမင်း၊ ဒုနိုင်ငံရေးမှူး ရဲဘော်ရဲထွန်း၊ တပ်မှူးဗိုလ်ခင်ညို၊ ဒုတပ်မှူး ကိုလှထွေးတို့ဖြင့် ပြန်လည်ဖွဲ့စည်းပေးခဲ့သည်။ ထိုသို့ဖွဲ့စည်းပေးပြီးနောက် ၁ဝ၈ တပ်ဖွဲ့ အင် အား ၄ဝ ခန့်သည် ၁၉၇၁ ခုနှစ် အောက်တိုဘာလခန့်တွင် ဝ နယ် မြောက်ပိုင်း ရှင်းတိဖန်း (မိုင်းမော) မှတဆင့် လွယ်မော် ဒေသအားဖြတ်၍ ပြည်အလယ်ပိုင်းသို့ ပြန်လည်ထွက်ခွာခဲ့သည်။ ဦးမောင်မောင်စိန်နှင့် ဦးဝင်းဆွေ (စစ်ချွမ်းရဲဘော် ဟောင်း) တို့ကတော့ နယ်စပ်တွင်ကျန်နေရစ်ခဲ့သည်။ ၁ဝ၈ တပ်ဖွဲ့ ပြန်လည်ထွက်ခွာသည်နှင့် တပြိုင်တည်းမှာပင် ၈၁၅ စစ်ဒေသကို ဖွင့်လှစ်ခဲ့သည်။

ပြန်ဆင်းလာသော ၁ဝ၈ တပ်ဖွဲ့သည် နောင်ဝိုး၊ နောင်လုံ၊ ကျောက်ဂူဒေသကို ပြန်လည်အခြေခံသည်။ ကျောက်ဂူဒေသအား ဦးစိုးဝင်း၊ နောင်ဝိုးနောင်လုံဒေသအား ဦးသောင်းတင်နှင့် ကိုလှထွေး၊ နောင်ချိုဘက်အား ဦးသိန်းဖေတို့က တာဝန်ယူလှုပ် ရှားကြသည်။ တိုးချဲ့ဒေသအဖြစ် မိုင်းကိုင်အနောက်ဖက်နှင့် ဗထူးအနီး မိုင်းပြင်းဒေသတို့အား သတ်မှတ်ထားခဲ့သည်။

၁ဝ၈ စစ်ဒေသဖွဲ့ပြီး အဓိကတပ်အား တပ်စု ၂ စု အင်အား ၆ဝ ခန့်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုတပ်ဖွဲ့သည် ရလလဖ (ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့) နှင့်ပူးပေါင်း၍ ဆီဆိုင်မြို့နယ်တွင်းရှိ မဲနယ်တောင်ကြော၌ပါ လှုပ်ရှားခဲ့သည်။ သို့နှင့် သခင်တင်ထွန်းကျဆုံးပြီးနောက် ရှမ်းပြည်အလယ်ပိုင်းတွင် ၁ဝ၈ စစ်ဒေသအဖြစ် ပြန်လည်ရှင်သန်ခဲ့သည်။

၁ဝ၈ စစ်ဒေသအနေနှင့် ပြန်လည်ဖွဲ့စည်းရပ်တည်နိုင်ခဲ့ပြီးနောက် ပဲခူးရိုးမဆင်းသွားသော ဗိုလ်တိုက်အောင်နှင့်အဖွဲ့သည် ပဲခူးရိုးမမှ ၁ဝ၈ စစ်ဒေသသို့ပြန်လည်ရောက်ရှိလာသည်။ ဗိုလ်တိုက်အောင်နှင့်အတူ ရဲဘော်ကျော်လွင် (ဘေကျင်းပြန်)၊ ရဲ ဘော်သိန်းအောင် (ရခိုင်ရဲဘော်)၊ ရဲဘော်ဖယ်တန် စသည့်ရဲဘော်များအပြင် ပဲခူးရိုးမ၌ ပါတီတွင်းပြန်လည်ဆန်းစစ်မှုခံယူ နေရသော ဗဟိုကော်မတီဝင် ရဲဘော်အောင်ခေါ် ဗိုလ်မျိုးမြင့်လည်း လိုက်ပါလာသည်။ ဗိုလ်တိုက်အောင်တို့ပြန်ရောက်လာ ပြီးနောက် ပဲခူးရိုးမပါတီဗဟိုနှင့်လည်း ကြေးနန်းအဆက်အသွယ်ပြန်ရခဲ့သည်။ သို့နှင့် ၁ဝ၈ စစ်ဒေသသည် တဖြေးဖြေး အင်အားပြန်လည်တိုးပွားလာတော့သည်။ ထို့အတူ မြို့ပေါ်နှင့် အဆက်အသွယ်များပြန်လည်ရရှိလာခဲ့သည်။

၁၉၇၂ ခုနှစ် ဇွန်လတွင် မြို့ပေါ်မှ ကျောင်းသားတသုတ် ၁ဝ၈ စစ်ဒေသသို့ ရောက်ရှိလာပြန်သည်။ ထိုသူတို့မှာ ကိုညိုဟိန်း(ကဗျာဆရာငြိမ်းချမ်းသူ)၊မအေးမိ( မြစ်ဝကျွန်းပေါ်မှ ရဲဘော်သက်တင်- ကျဆုံး၏သမီး) ၊ မစိမ်းပင်ခေါ် မမြညို ခေါ် မအေးစန်း၊ ကိုနိုင် ခေါ် သိန်းထီ၊ ကိုမိုးကောင်း ခေါ် ကိုသင်းအောင်၊ အောင်ကွန့် ခေါ် ထွန်းဦးတို့ဖြစ်ကြသည်။ တောထဲရောက်လာစဉ် မစိမ်းပင်က ကိုယ်ဝန်လွယ်ထားသဖြင့် လှုပ်ရှားသွားလာရသည်မှာအဆင်မပြေသဖြင့် ၃ လခန့်အကြာတွင် သူမအား မြို့ပေါ်သို့ပြန်ပို့ခဲ့သည်။မစိမ်းပင်တယောက် မြို့ပေါ်ပြန်ရောက်သော်လည်း အစိုးရထောက်လှမ်းရေးက မသိသဖြင့် အေးဆေးစွာနေနိုင်ခဲ့သည်။ သို့သော် ၆ နှစ်အကြာ ၁၉၇၈ ခုနှစ်တွင် အတူတောခိုခဲ့သည် အောင်ကွန့် ခေါ် ထွန်းဦး၏ အစစ်ခံချက်အရ
အဖမ်းခံရပေတော့သည်။ ထို့ကြောင့်လည်း အမျိုးအရင်းခေါက်ခေါက်များကို ပိုကြောက်ရသည်ဟု ဆိုကြခြင်း ဖြစ်ပုံရသည်။ ထိုရဲဘော်များထဲမှ ကိုနိုင် ခေါ် သိန်းထီမှာ လူရည်ချွန် သုံးထပ်ကွမ်းရထားသူတဦးဖြစ်သည်။ မိသားစုကချို့တဲ့သဖြင့် မန္တလေး မစိုးရိမ်ကျောင်းတိုက်တွင်နေပြီး ရုန်းကန်ကြိုးစား ပညာသင်ခဲ့သူတဦးဖြစ်သည်။

သူတို့နှင့် မရှေးမနှေင်းပင် တောင်ကြီးမှ ကိုသက်လွင်၊ ကိုအောင်စိုးငြိမ်း၊ ကိုစိန်ဝင်း၊ ကိုလှအောင်၊ ကိုဇော်ထွန်း (အီကိုဘွဲ့ရ) စသည့်လူငယ်များလည်း ထပ်မံရောက်ရှိလာခဲ့သည်။ နိုင်ငံရေးယုံကြည်ချက်ဖြင့် တက်ကြွစွာ ရောက်ရှိလာသူများဖြင့် ၁ဝ၈ စစ်ဒေသသည် တစ တစ ပြန်လည်သက်ဝင်လာပေတော့သည်။

၁၉၇၃ ခုနှစ်ထဲတွင် ပဲခူးရိုးမတွင်လှုပ်ရှားနေသော KNUP မှ စကောလယ်တောခေါင်းဆောင်သောအဖွဲ့သည် အရှေ့မြောက် နှင့်ဆက်သွယ်ရန် ၁ဝ၈ စစ်ဒေသို့ရောက်ရှိလာခဲ့သည်။ စကောလယ်တောအဖွဲ့တွင် ဖဒိုမန်းရှာ၊ ဦးစိုးအောင်၊ စောဗမိုး၊ စောသမိန်ထွန်း၊ စောဟင်နရီ၊ စောဝီဖရက်၊ စောထို၊ စောဖါးဒဲစသည့် ကရင်ရဲဘော်များ ပါလာကြသည်။ ပဲခူးရိုးမတွင် လှုပ် ရှားခဲ့သည့် စောကျော်မြသန်း၊ စောမြမောင်တို့ဦးစီးသည့် KNUP သည် KNU အတွင်း၌ လက်ဝဲယိမ်းသည့်အစုဟု ယေဘုယျ ဆို၍ရသည်။ ထိုအဖွဲ့တွင်ပါလာသော စောဟင်နရီနှင့် စောဝီဖရက်တို့ညီအကိုသည် ၁၉၆၉ ခုနှစ်က အင်းစိန်ထောင်တွင်း၌ အဖမ်းခံခဲ့ဘူးပြီး ထိုစဉ် ကျွန်းဆွယ်အရေးအခင်းနှင့်နွယ်၍ ထောင်ထဲရောက်နေသည့် သဲကုန်းဦးအောင်သန်း (ယခု NLD အမတ်) နှင့်ကိုသန်းစိုးနိုင် (စာရေးဆရာ) တို့ကို ပဲခူးရိုးမသို့တောခိုရန် လမ်းညွှန်ပေးခဲ့သူများဖြစ်သည်။ သူတို့ညီအကိုလည်း ထောင်ကလွတ်ပြီးနောက် KNU သို့ပြန်ရောက်လာကြပြီး အရှေ့မြောက်တက်သည့်အဖွဲ့တွင်ပါလာကြသည်။

KNU အဖွဲ့ ၁ဝ၈ စစ်ဒေသသို့ရောက်ပြီး မကြာမီမှာပင် အစိုးရစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားရာ စောဟင်နရီနှင့် စောဝီဖရက် တို့ ညီအကိုနှစ်ဦးလုံး တိုက်ပွဲတွင်ကျဆုံးသွားခဲ့သည်။ ကျန်သည့် KNU အဖွဲ့များကတော့ လွတ်မြောက်ပြီး အရှေ့မြောက်စစ် ဒေသသို့ ထွက်ခွာနိုင်ခဲ့သည်။ ၎င်းတို့သည် တရုတ်ပြည်တွင်းသို့ဝင်၍ သခင်ဗသိန်းတင်တို့နှင့်တွေ့ဆုံပြီးနောက် စကော လယ်တော၊ ဖဒိုမန်းရှာ၊ စောသမိန်ထွန်းတို့အဖွဲ့က KNU သို့ ပြန်လည်ထွက်ခွာခဲ့သော်လည်း စောဗမိုးနှင့် ၉ ဦးခန့်ကတော့ CPB သို့ကူးပြောင်း၍ ကျန်နေရစ်ခဲ့တော့သည်။

၁၉၇၄ ခုနှစ်အတွင်းတွင် လီစစ်ရို (နောင် UWSA-ကွယ်လွန်) ဦးစီးရင်း ၄ဝ၄၅ မှ အင်အားအချို့၁ဝ၈ စစ်ဒေသသို့ရောက်ရှိ လာသည်။ ၁ဝ၈ စစ်ဒေသမှ ပဲခူးရိုးမနှင့်ချိတ်ဆက်ပြီး ဥက္ကဌသခင်ဇင်တို့အား ခေါ်ယူရန်အတွက်ရည်ရွယ်ပြီးရောက်ရှိလာ ခြင်းဖြစ်သည်။ သို့သော် ရည်မှန်းချက်မအောင်မြင်ဘဲ ၁၉၇၅ ခုနှစ် မတ်လ ၁၅ ရက် ဥက္ကဌ သခင်ဇင်တို့ကျဆုံးပြီး ၎င်းတို့ အဖွဲ့အရှေ့မြောက်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

၁၉၇၅ ခုနှစ်နှောင်းပိုင်းတွင် ၁ဝ၈ စစ်ဒေသသည် အင်အား ၂ဝဝ ကျော်အထိ ပြန်လည်တိုးတက်လာခဲ့သည်။ အရှေ့မြောက် အခြေခံစခန်းနှင့်လည်း ဆက်သွယ်ရေးလမ်းပွင့်နေပြီး လိုအပ်သည့်လက်နက်ခဲယမ်းမီးကျောက်များ သယ်ယူဖြည့်ဆည်းနိုင်ခဲ့ သည်။

၁၉၇၅ ခုနှစ်နောက်ပိုင်းကစ၍ ၁ဝ၈ စစ်ဒေသသည် ရှမ်းပြည်နယ်အ လယ်ပိုင်းတွင် CPB နှင့်တပ်ပေါင်းစုဖွဲ့ထားသည့် SSPP နှင့်၎င်း ရလလဖနှင့်၎င်း ပူးတွဲ၍ စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့သည်။ ထိုစဉ်က SSPP အားခေါင်းဆောင်နေသူများမှာ ခွန် အုန်းဘောင် (ကျဆုံး)၊ စဝ်စံမိန်း (ကျဆုံး)၊ စဝ်ထောက်၊ စဝ်ဆေထင် (လက်ရှိ SSPP နာယက)၊ နော်မိန်းလုံ၊ နော်မိန်းအွန်၊ စဝ်ဆေလင်း (လက်နက်ချ) တို့ဖြစ်သည်။ ၎င်းတို့အခြေပြုရာ လွယ်ခေး၊ တုံလော၊ ဝမ်ဟိုင်း၊ ကျေးသီးနယ်အတွင်းတွင် ၁ဝ၈ တပ်ဖွဲ့များက SSPP နှင့် ပူးတွဲလှုပ်ရှားခဲ့သည်။ ၁ဝ၈ စစ်ဒေသနယ်မြေ နောင်ဝိုး၊ နောင်လုံနှင့် SSPP ဧရိယာမှာ နမ့်လန် ချောင်းသာခြား၍ ဆက်စပ်ရသည်မှာ လွယ်ကူသည်။ ၁၉၇၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် လွယ်ခေး၌ တိုက်ပွဲဖြစ်ပြီး SSPP ဒုဥက္ကဌ ခွန်အုန်းဘောင် ကျဆုံးခဲ့သည်။

၁ဝ၈ စစ်ဒေသတပ်ဖွဲ့များ နောက်ထပ်ပူးတွဲလှုပ်ရှားသည့် တပ်ပေါင်းစုတပ်ဖွဲ့တခုမှာ ရလလဖ (ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့) ဖြစ်သည်။ ၁၉၅ဝ ခုနှစ်ပိုင်းကစတင်ခဲ့သော ပအိုဝ်လက်နက်ကိုင်ပုန်ကန်မှုများမှသည် ၁၉၇ဝ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ရလလဖဟု ပြန်လည်စုစည်းဖွဲ့စည်းခဲ့သည်ဟု ဆိုပါသည်။ ရလလဖ ဥက္ကဌမှာ စောတာကလယ်၊ အတွင်းရေးမှူးဦးစိန်ရွှေ၊ တပ်မှူးမှာ စောဖားမူတို့ ဖြစ်သည်။ ရလလဖ၏ နာယကဆရာတော်မှာ မဲနယ်တောင်မှဖြစ်သည်ဟု ဆိုပါသည်။ သို့သော် ဥက္ကဌ တာကလယ်၏ CPB နှင့်ပူးပေါင်းသည့်လမ်းစဉ်ကို ပအို့ဝ် ဦးလှဖေ၊ ဦးကျော်စိန်တို့ ရလလဖသို့ပြန် လည်ရောက်ရှိလာပြီးနောက် လက်မခံသဖြင့် ပအို့ဝ်အဖွဲ့လည်း ၂ ဖွဲ့ကွဲသည်။ ဒေသခံတွေကတော့ ပအိုဝ်နီ၊ ပအိုဝ်ဖြူဟု ဆိုကြ၏။ အဖွဲ့ကွဲအချင်းချင်းလည်းတိုက် အစိုးရတပ်ဖွဲ့များနှင့်လည်းတိုက်ဖြင့် ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သည်။

၁၉၇၆ ခုနှစ် / ၁၉၇၇ ခုနှစ်များအတွင်း ၇၅၁ဝ စစ်ရေးစီမံကိန်းနှင့်အတူ တပ်မဟာ ၆၈၃ သည် သံလွင်အနောက်ခြမ်းသို့ဝင်ရောက်လာခဲ့သည်။ တပ်မဟာ ၆၈၃ အား နိုင်ငံရေးမှူး လီကျုံးချမ်း (ယခင် ရန်ကုန် ဟွာကျုံး တရုတ်ကျောင်းမှ ကျောင်းဆရာ)၊ တပ်မဟာမှူး ယန်ကျုံးဝေ။ ဒုနိုင်ငံရေးမှူး လီစစ်ရို (ယခင် ရင်း ၄ဝ၄၅ မှ)၊ ဒုတပ်မဟာမှူး ပေါက်ယူချမ်း (ယခင် ရင်း ၅ဝ၂၊ ယခု UWSP/UWSA ခေါင်းဆောင်) တို့က ခေါင်းဆောင်ကြသည်။ ရင်း ၄ဝ၄၅/ ရင်း ၄ဝ၄၇ / ရင်း ၅ဝ၂ စသည့်တပ်ရင်း ၃ ရင်းဖြင့် လှုပ်ရှားခဲ့ကြသည်။ CPB ဗဟို၏အစီအမံဖြင့်ဝင်ရောက်လာခဲ့သော တပ်မဟာ ၆၈၃ ၏ စစ်ရေးလှုပ်ရှားမှုသည် ၁ဝ၈ စစ်ဒေသအား ပို၍လှုပ်သာလှည့်သာရှိသော အခြေအနေကို ရရှိစေခဲ့သည်။

သို့နှင့် ၁၉၇ဝ ခုနှစ် အထက်ဗမာပြည်ဗဟိုခွဲတာဝန်ခံ သခင်တင်ထွန်းကျဆုံးပြီးနောက် ၁၉၇၁ ခုနှစ်အကုန်မှစ၍ အရှေ့ မြောက်၏ လမ်းညွှန်ချက်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သော ၁ဝ၈ စစ်ဒေသသည် ၁၉၇၇ ခုနှစ်ဝန်းကျင်တွင် အားသစ်များဖြည့်တင်း၍ ဒေသလူထုအားလည်းပြန်လည်စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပြီး အင်အား ၂ဝဝ ကျော်ခန့်ဖြင့် ရပ်တည်လှုပ်ရှားနိုင်ခဲ့သည်။ ၁ဝ၈ စစ်ဒေသသည် ပဲခူးရိုးမဗဟိုနှင့် အဆက်အသွယ်ရှိပြီး ညွှန်ကြားချက်များရရှိခဲ့သော်လည်း ဖြုတ်ထုတ်သတ်ဟုဆိုကြသည့် ပါတီတွင်းသန့်ရှင်းအား၎င်း၊ စစ်ရေးအရ ဂွင်ထဲကမထွက်ရေးဆိုသည်ကို၎င်း လိုက်နာဖေါ်ဆောင်ခြင်းတော့မပြုလုပ်ခဲ့ပေ။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Related posts

Tags: , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)