မောင်တမ်းတ ● ဖိနပ်တစ်ရံနဲ့ နိဗ္ဗာန်

April 17, 2018

● ဖိနပ်တစ်ရံနဲ့ နိဗ္ဗာန်
(မိုးမခ) ဧပြီ ၁၇၊ ၂၀၁၈

မနက်တုန်းက အမေ့သူငယ်ချင်းရဲ့အလှူရှိလို့ ကျွန်တော်တို့မိသားစု ဗဟန်း ကြားတောရလမ်းက ပါဠိတက္ကသိုလ် ညောင် တုန်းကျောင်းတိုက်ကို ထွက်လာခဲ့ကြတယ်။ ရွှေတိဂုံဘုရားကြီးရဲ့ အရှေ့ဘက်မုဒ်ရှိရာလမ်းကဝင်မိတော့ ရန်ကုန်ကိုပြန် ရောက်ပြီးကတည်းက အခုထက်ထိ ရွှေတိဂုံဘုရားကြီးပေါ် ကျွန်တော်မရောက်နိုင်သေးတာ ပြန်သတိရတယ်။ ထုံးစံအတိုင်း စိတ်နဲ့ပဲ ကြည်ညိုပြီး ကျွန်တော်တို့ ညောင်တုန်းကျောင်းတိုက်ကြီးဆီ ရောက်ခဲ့ကြတယ်။

ကျောင်းတိုက်ကြီးရဲ့မုဒ်ဦးကဝင်လာခဲ့ပြီး အထဲကိုရောက်မှ ကျောင်းတိုက်ကြီးက အတော်ကြီးတာ သတိပြုမိတယ်။ ပြီးတော့ တရုတ်စံကားပန်းတွေကို မြေပေါ်မှာ ဖွေးနေအောင်ခြွေချထားတဲ့ တရုတ်စံကားပင်ကြီးအောက်မှာ ကားရပ်ပြီး ဆွမ်းစား ကျောင်းဆောင်ကြီးပေါ် လှေကားအတိုင်း တက်ခဲ့ကြပါတယ်။ အပြင်မှာတော့ မိုးတွေညို့နေတယ်။

ဆွမ်းစားကျောင်းဆောင် အဝကနေကြည့်လိုက်တော့ အလှူရှင် အမေ့သူငယ်ချင်းအပျိုကြီးနဲ့ သူ့အစ်မ အထဲမှာ တရားနာနေ ကြတယ်။ ကျွန်တော်တို့က အစောဆုံးရောက်နေကြတာမို့ ကျွန်တော်တို့သားအမိသားအဖသုံးယောက် အထဲမဝင်သေးဘဲ အပြင်ဝရံတာမှာပဲ ရပ်နေမိကြတယ်။ အပြင်မှာတော့ မိုးတွေညို့နေတယ်။

ဟိုးအဝေးကိုကြည့်လိုက်တော့ ညောင်တုန်းကျောင်းတိုက်ကြီးရဲ့ ကျောင်းဆောင်တွေရဲ့နောက်မှာ ရွှေတိဂုံစေတီတော်ကြီး ကို တဝက်တပျက် ဖူးမြင်နေရတယ်။ အဲဒီမှာပဲ မိုးတွေ သည်းကြီး မည်းကြီး ရွာချလာတယ်။

ဒါနဲ့ပဲ ကျွန်တော်တို့သားအမိသားအဖသုံးယောက် ဝရံတာကနေ ကျောင်းဆောင်အဝင်ဝထဲကို ဝင်လာခဲ့ကြတယ်။ အဲဒီမှာပဲ အဝင်ဝရဲ့ ဘယ်ဘက်ထောင့်မှာ ကျွန်တော်တို့ဖိနပ်တွေကို သွားချွတ်လိုက်ကြတယ်။ အဲဒီမှာပဲ သည်းသည်းမည်းမည်း ဆကရွာနေတဲ့မိုးက တိတ်သွားပြီး ခပ်ဖွဲဖွဲပဲရွာတော့တယ်။ အဲဒီမှာပဲ အလှူကို ဖိတ်ထားတဲ့လူတွေ တဖွဲဖွဲ ရောက်လာကြတယ်။

အဲဒီတော့မှ လှေကားရဲ့ ပထမဆင့်မှာ လူတွေ ဖိနပ်တွေချွတ်ထားခဲ့ကြကြောင်း ကျွန်တော်တွေ့လိုက်ရတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ အပေါ်မှာ ချွတ်ပြီးနေပြီမို့ ပြန်မရွှေ့တော့ဘဲ ဒီတိုင်းထားလိုက်တယ်။ ခဏနေတော့ ဆွမ်းစားဖို့ သံဃာတော်တွေ ရှေ့မှာမြင်နေရတဲ့ လေးဘက်လေးတန်ကျောင်းဆောင်တွေကထွက်လာပြီး ကျွန်တော်တို့ ရပ်နေတဲ့ ဆွမ်းစားကျောင်းဆောင် ကြီးပေါ် တက်လာကြတယ်။ သံဃာတော်တွေလက်ထဲမှာတော့ ဒန်ဇလုံလေးတွေကိုယ်စီနဲ့ ဇွန်းတစ်ချောင်းစီ ပါလာကြတယ်။ ကျွန်တော့်ထက် အနည်းလေး ဆယ်နှစ်ကနေ ဆယ့်လေးငါးနှစ် ငယ်ဟန်ရှိတဲ့ စာသင်သားဦးပဉ္စင်းတွေကိုကြည့်ရင်း ကျွန် တော် ကြည်ညိုနေမိတယ်။ တဆက်တည်း သခင်ကိုယ်တော်မှိုင်းပြောခဲ့တဲ့ ‘မိန်းမမယူတာတစ်ခုတည်းနဲ့ကို ကြည်ညိုဖို့ ကောင်းနေပြီကွ’ ဆိုတဲ့စကားကိုလည်း သတိရမိတယ်။ တဆက်တည်း ‘ပါရမီ’ ဆိုတဲ့စကားလုံးလေးကိုလည်း စဉ်းစားနေမိ တယ်။ ခဏနေတော့ ဆွမ်းစားကျောင်းဆောင်ကြီး ပ်ါမှာ သံဃာတော်တွေ ဆွမ်းစစားကြတယ်။

အဲဒီမှာပဲ ကျွန်တော်တို့အလှူကိုလာတဲ့ဧည့်သည်တွေလည်း ထမင်းစားဖို့ ကျောင်းဆောင်ကြီးထဲဝင်လာခဲ့ကြပါတယ်။ ကျွန် တော်တို့ကျောင်းဆောင်ကြီးထဲဝင်ပြီးတော့ သံဃာတော်တွေစားနေတဲ့ဝိုင်းတွေနောက်ပိုင်းက လူတွေစားဖို့ပြင်ထားတဲ့ ဝိုင်း တွေထဲက သားအမိနှစ်ယောက်တည်းထိုင်နေတဲ့ဝိုင်းမှာ ဝင်ပေါင်းထိုင်လိုက်ကြတယ်။ ဟင်းတွေကိုကြည့်လိုက်တော့ ကြက် သားဟင်း၊ ငါးဖယ်သုတ်၊ ငါးကြင်းပေါင်း၊ ပဲဟင်းချိုနဲ့ ငါးပိရည် ဖြစ်နေတယ်။

ကျွန်တော်တို့သုံးယောက်စလုံးကို ထမင်းစစားနေပြီဖြစ်တဲ့ သားအမိနှစ်ယောက်တည်းက သားဖြစ်သူကပဲ ထမင်းခူးခပ် ပေး တယ်။ ထမင်းစားရင်း စကားပြောမိကြတော့ သားအမိနှစ်ယောက်က အလှူ့ရှင် အမေ့သူငယ်ချင်းရဲ့ဆွေမျိုးတွေ ဖြစ်နေ တယ်။ မေးကြည့်တော့ မော်လမြိုင်ဆက်တွေတဲ့။ မော်လမြိုင်မှာပဲ မွေးဖွားကြီးပြင်း ကြတာတဲ့။ ဒါနဲ့ မော်လမြိုင် ပန်းဘဲတန်း ရပ်က အမေ့အဖိုး ကျွန်တော့်ဘိုးကြီး ဆေးဆရာကြီးဦးဘသင်ရဲ့အနွယ်အဆက်တွေပါလို့ မိတ်ဆက်လိုက်တော့ ကျွန်တော့် ဘိုးကြီးကို သူတို့ ကောင်းကောင်းသိနေတယ်။ အမေလုပ်သူနဲ့ ကျွန်တော့်အမေအသက်ကလည်း တစ်လလေးပဲ ကွာတယ်။
သားလုပ်သူကလည်း ကျွန်တော့်ထက် တစ်နှစ်လေးပဲ ကြီးတယ်။
ဒါနဲ့ပဲ ကျွန်တော်တို့ စကားတပြောပြောနဲ့ ထမင်းဝိုင်းကို အဆုံးသတ်လိုက်တယ်။

အဲဒီမှာပဲ ဖျတ်ခနဲမီးပျက်သွားပေမယ့် မီးစက်မောင်းပေးလို့ ချက်ချင်းမီးတွေ ပြန်လင်းလာတယ်။ ကျွန်တော်တို့လည်း ရေခဲ မုန့်ဆက်စားပြီး ကျွန်တော်တို့ကိုလာနှုတ်ဆက်တဲ့ အမေ့သူငယ်ချင်းနဲ့ ခဏစကားပြောပြီး ပြန်ဖို့ ထလိုက်ကြတယ်။ အဲဒီမှာပဲ ဧည့်သည်အားလုံး ပြန်တဲ့သူတွေပြန်ပြီး နည်းနည်းပဲကျန်တော့တာမို့ မီးစက်ပိတ်လိုက်တယ်။ အမေ့သူငယ်ချင်းကို ကျွန် တော်တို့ ထပ်နှုတ်ဆက်ပြီး အပြင်ကိုထွက်လာခဲ့ကြတယ်။ အပြင်ရောက်ရောက်ချင်းပဲ ပြဿနာပေါ်တယ်။

ကျွန်တော်တို့ သားအမိသားအဖ သုံးယောက်တည်း သီးသန့်လေး ဖိနပ်ချွတ်ထားခဲ့တဲ့ ကျောင်းဆောင်ကြီးရဲ့ အဝင်ထောင့် နားကနေရာမှာ အဖေနဲ့ အမေရဲ့ ဖိနပ်နှစ်ရံပဲတွေ့ပြီး ကျွန်တော့်ဖိနပ် ပျောက်နေတယ်။ ကျွန်တော် ဟိုဟိုသည်သည် လိုက် ရှာကြည့်ပေမယ့် ဘယ်မှာမှမတွေ့ဘဲ ဖြစ်နေတယ်။

ကျွန်တော်တို့ ဖိနပ်ချွတ်ထားတဲ့နေရာနားက ဘုန်းကြီးဖိနပ်တွေထားထားတဲ့ ဖိနပ်စင်ကြီးဘက်သွားကြည့်တော့လည်း ကျွန် တော့်ဖိနပ်ကလေးကို မတွေ့ရဘဲ ဖြစ်နေတယ်။ ဖိနပ်ကလေးက မြန်မာငွေ ၇၀၀၀ ပဲတန်ပေမယ့် ကျွန်တော် ပြီးခဲ့တဲ့လကမှ ဇွဲကပင်တောင်မတက်ခင် ဖားအံမြို့ထဲမှာဝယ်ခဲ့တဲ့ ဖိနပ်လေးမို့ ကျွန်တော်နှမြောမိသွားတယ်။

ဖိနပ်ကလေးက အနက်မှာ အစိမ်းနဲ့အဖြူကိုဖောက်ထားလို့ အရောင်လေးကို ကျွန်တော်အရမ်းကြိုက်တယ်။ ဖိနပ်လေးက ပေါ့ပေါ့လေးမို့ စီးလို့လည်း သိပ်ကောင်းတယ်။

အဲဒီမှာပဲ ကျွန်တော် ဝရံတာကိုထွက်လာပြီး တစ်ယောက်ယောက်များ ခဏယူစီးပြီး လှေကား ပထမအဆင့်က ဧည့်သည်တွေ ဖိနပ်ချွတ်တဲ့နေရာမှာများ ပြန်ထားခဲ့လားဆိုတဲ့အတွေးနဲ့ လှေကားပထမအဆင့်ကို လှမ်းကြည့်တယ်။ ဧည့်သည် အတော် များများ ပြန်သွားပြီဖြစ်လို့ ပထမဆင့်မှာလည်း ဖိနပ်သုံးလေးရံပဲ ကျန်တော့တယ်။ အပြင်ဘက်ကိုကြည့်လိုက်တော့ မိုးတွေ တဖွဲဖွဲ ရွာနေတယ်။

အဲဒီမှာပဲ အဖေနဲ့အမေက ဖိနပ်ကို တစ်ယောက်ယောက် ယူစီးသွားတာသေချာနေပြီမို့ ရှာမနေတော့ဘဲ ပြန်ကြဖို့ပြောတယ်။
အဲဒီမှာပဲ တကယ်လို့ အလှူရှင်သာသိသွားရင် ဘာမဟုတ်တဲ့ ဖိနပ်ကလေးတစ်ရံအတွက် အလကား စိတ်မကောင်း ဖြစ်နေ ဦးမယ်ဆိုတဲ့အတွေး ဝင်လာတယ်။

သြော်… ကိုယ်စီးနေတဲ့ဖိနပ်ကလေး ပျောက်သွားရုံနဲ့ စောစောက သံဃာတော်တွေကိုကြည်ညိုနေတဲ့ ပီတိသောမနဿ စိတ်ကလေးပျောက်ပြီး ဒေါမနဿစိတ်တွေနဲ့ ရင်ထဲပူလောင်သွားတယ်။ ကျွန်တော်စွဲနေတာတွေကလည်း အများသားပဲ။ ဖိနပ်ကလေးအပြင် တခြား ကျွန်တော်ပိုင်ဆိုင်တဲ့ ငွေကြေးဥစ္စာတွေကို စွဲနေတယ်။ နာမည်ဂုဏ်ဒြပ်တွေကို စွဲနေတယ်။ တိုက်တာအိမ်မြေတွေကို စွဲနေတယ်။ ကောင်မလေး ချောချောလှလှလေးတွေကို စွဲနေတယ်။ ရူပက္ခ ခန္ဓာ အပါအဝင် ခန္ဓာငါး ပါးစလုံးကို အစွဲကြီး စွဲနေတယ်။

ခန်းမကြီးထဲကိုလှမ်းကြည့်လိုက်တော့ မီးစက်ပိတ်လိုက်ပြီမို့ မှောင်နေတဲ့ခန်းမကြီးထဲမှာ အမေ့သူငယ်ချင်း အလှူရှင် အန် တီနဲ့ လူလေးငါးယောက်ရပ်ပြီး စကားပြောနေကြတယ်။

ခုနက စွဲနေတာတွေအကြောင်း ပြန်တွေးလိုက်တော့ အခု နောက်ဆုံးပေါ် စွဲလမ်းမှုအနေနဲ့ Facebook Messenger ကို စွဲ နေတယ်။

ဒါလောက်တောင် အစွဲအလမ်းတွေ များနေပုံနဲ့ နိဗ္ဗာနနဲ့ ကျွန်တော်နဲ့တော့ မိုင်တစ်သန်းလောက် ဝေးဦးမယ်ထင်တယ်။ အဲဒီမှာပဲ လှေကားအတိုင်း ဆင်းသွားပြီဖြစ်တဲ့ အဖေနဲ့ အမေ့ရဲ့နောက် ကျွန်တော် ခြေဗလာနဲ့ လိုက်ဖို့ ပြင်လိုက်တယ်။ လှေကားပေါ်ကမဆင်းခင် စောစောက ဖိနပ်ချွတ်ထားခဲ့တဲ့နေရာလေးကို တစ်ချက်ပြန်ကြည့်မိသေးတယ်။ ဖိနပ်ကလေးက ပျောက်မြဲပျောက်နေတယ်။


မောင်တမ်းတ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်