သိဒ္ဓတ္ထမူခါဂျီ ရေးတဲ့ ကိုယ်ခန္ဓာတွေ နားစက်နေတာနဲ့ လှုပ်ရှားနေတာ (၃) – နိဂုံး

April 18, 2018

သိဒ္ဓတ္ထမူခါဂျီ ရေးတဲ့ ကိုယ်ခန္ဓာတွေ နားစက်နေတာနဲ့ လှုပ်ရှားနေတာ (၃) – နိဂုံး
ဘာသာပြန် မောင်ရစ် (နယူးယောက္ကာ မဂ္ဂဇင်း၊ ဇန် ၈၊ ၂၀၁၈) မိုးမခ၊ ဧပြီ ၁၈၊ ၂၀၁၈

(၆)

ကျနော့်အဖေ လဲပြီး ၁၂ ရက် အကြာမှာ အဖေ့သွေးခုန်နှုန်းက အတော်ပြန်ကောင်းလာပါတယ်။ ဆရာဝန်တွေက အဖေ့အသက်ရှုပိုက်ကို ဖြုတ်လိုက်ကြတယ်။ အဖေ့မျက်နှာပေါ်မှာတော့ အောက်စီဂျင်ပေးတဲ့ မျက်နှာကာကို တပ်လိုက်တယ်။ ဆေးရုံက ကျနော်ကို လှမ်းခေါ်ပြီးတော့ အဖေ့ကို လာကြည့်ဖို့ ပြောပါတယ်။

အဖေဟာ သတိလစ်မြောနေတာကနေတော့ လွတ်မြောက်လာပါပြီ။ သို့သော် တည်းတည်းလေးပါ။ သူ့မျက်လုံးတွေက ပိတ်နေတုန်းပဲ။ ဆရာဝန်ဟာ သူ့နောက်က သူနာပြုတအုပ်ကြီးနဲ့ ရောက်လာတယ်။ အခု အရေးပေါ်အတွင်းလူနာခန်းကနေ လူအိုသူနာဆောင်ကို ပြောင်းဖို့ လိုတယ်လို့ ပြောပါတယ်။ “ဒီမှာ သည်ထက်ပိုပြီး ဘာမှ လုပ်ပေးလို့ မရတော့ဘူး” တဲ့။

ကျနော်က ဆရာဝန်ကို သူများရူးနေပြီလားဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတယ်။ သူပြောတဲ့ လူအိုသူနာဆောင်ဆိုတာက အခြားဆေးရုံတခုမှာပါ။ ၂ မိုင်လောက် ဝေးတယ်။ ဘယ်လိုများ ဆေးပိုက်တွေ တန်းလန်းတဲ့ သတိတောင်ကောင်းကောင်းမလည်သေးတဲ့ လူနာကို အခြားဆေးရုံကို ပို့မလဲ။

ဆရာဝန်ကတော့ မလျော့ထဲကပါပဲ။ အခု အရေးပေါ် အတွင်းလူနာခန်းက ကုတင်တွေအတွက် စောင့်ဆိုင်းနေကြတဲ့ အလားတူသူနာတွေ တဒါဇင်လောက် ရှိနေပါတယ်။ “ခင်ဗျားအဖေရဲ့ ဆိုဒီယမ်က တည်ငြိမ်သွားပြီ” သူက သေသေချာချာရှိနေတဲ့ပုံစံနဲ့ ပြောပါတယ်။  တည်ငြိမ်သွားပြီဆိုကတည်းက သည်အတွင်းလူနာခန်းနဲ့ မသက်ဆိုင်တော့ဘူးဆိုတဲ့ သဘော။ မျက်နှာကျက်ပေါ်က စပီကာကနေ အသံတွေ ထွက်လာတယ်။ ဘေးချင်းကပ်အခန်းက အရေးပေါ်ဖြစ်နေပြီတဲ့။

နောက်တနာရီအကြာမှာတော့ဖြင့် မူလက တန်းတွေမှာ ချိတ်ဆွဲထားတဲ့ ဆေးအိတ်တွေ  ဆေးပိုက်တွေကို ဖြုတ်ချလိုက်ကြပြီး အဖေ့အနားမှာ စုပုံထားလိုက်ကြပါပြီ။ ပိန်ကပ်ကပ်နဲ့ အဖြူရောင် ၀တ်စုံဝတ် အမျိုးသားတဦးက လူနာတွန်းလှည်းနဲ့ ရောက်လာတယ်။ “အောက်မှာ လူနာတင်ယာဉ် စောင့်နေပါပြီ”။ သူက ပြောပါတယ်။ ‘ ကားမောင်းတဲ့သူက ဆယ်မိနစ်ပဲ စောင့်မယ်တဲ့’။ သူက လူနာကုတင်က လက်ကိုင်ကိုလှည့်ပြီးတော့ နှိမ့်ချလိုက်တယ်။ တွန်းလှည်းက ဘီးတလုံး ပါမလာဘူး။ အဲသည်ဘီးနေရာမှာ အ၀တ်ပိုင်းကို ရေစွတ်ပြီး ပတ်ထားတယ်။ လှည်းကို တွန်းတဲ့အခါ လျောလျောရှုရှုဖြစ်အောင်ပေါ့လေ။

သူနာပြု ရောက်လာပြန်တယ်။ “လူနာဝတ်ရုံ” လို့ သူမက ပြောလိုက်တယ်။ ‘လူနာဝတ်ရုံကို သယ်သွားလို့ မရဘူး။ ဒါက ဒီဆေးရုံရဲ့ ပစ္စည်း”။ ကျနော်က အကြီးအကျယ်ကို စိတ်ထိခိုက်မိတော့တာပဲ။ အဖေ့တကိုယ်လုံးမှာ ဆေးပိုက်တွေ တန်းလန်းနဲ့။ အဲသည်ကြားထဲကနေ ချေးတွေ သေးတွေပေကျံနေတဲ့ လူနာဝတ်ရုံကို ဘယ်လိုလုပ်ပြီး ချွတ်ကြမှာလဲ။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ။

ကျနော်က ‘ကျနော် ၀ယ်ပါ့မယ်’။
‘၀ယ်လို့မရဘူး။ ဒါက ဆေးရုံပေါ်လစီပဲ’ သူမက ပြတ်ပြတ်ပဲ ပြောတယ်။ ပြီးတော့ ထွက်သွားပြန်ရော။

ကျနော့်မှာ ဒေါသတွေ စိတ်ပျက်တာတွေ ငယ်ထိပ်တက်နေတဲ့ကြားက ဆေးရုံက ကပ်ကြေးကို ယူပြီး အဖေ့ကိုဝတ်ပေးထားတဲ့ ဆေးရုံအ၀တ်တွေကို ညှပ်ပစ်လိုက်ပါတယ်။ ပြီးတော့ လူနာဝတ်ရုံကို အခန်းထဲက စက်တွေပေါ် လွှားထားခဲ့လိုက်တယ်။ အကျီတွေကို ဖြဲပစ် ညှပ်ပစ်ရတာက ကျနော်တို့မိသားစုအတွက် ရိုးရာလိုဖြစ်နေပြီ တူပါရဲ့။ အဖေ့ကို ကျနော်က အမေအိမ်ကပို့ပေးထားတဲ့ စောင်ပါးကလေးနဲ့ ထွေးလိုက်တယ်။ ခုနင်က အစောင့်နဲ့ ကျနော်နဲ့ လျောက်လမ်းအတိုင်း အပြေးတပိုင်း သွားကြတယ်။ လှည်းက တခြမ်းစောင်းလို့ ဘီးမပါတဲ့ဘက်လှည်းခြေထောက်ဟာ ကြမ်းပြင်ပေါ်မှာ တရွတ်ဆွဲသံတွေ မြည်ပြီး ခြစ်ရာတွေ ထင်ကျန်ရစ်ခဲ့တယ်။

သူတို့ပြောတဲ့ လူနာတင်ယာဉ်ဆိုတာက ကုန်တင်တဲ့ယာဉ်သာသာမှာ နောက်ခန်းမှာ သစ်သားပြားကို ကုတင်အဖြစ် တင်ထားတာပါ။ ကျနော်တို့လည်း ထရပ်ကားနောက်ခမ်းမှာ လူနာလှည်းကို ဆိုက်။ နောက်ခန်းတခါးနဲ့ လူနာလှည်း ရေပြင်ညီအောင်လို့ လှည်းက လက်ကိုင်ကို လှည့်ပြီး မြှင့်ကြရပြန်ပါတယ်။ ဒါမှ ယာဉ်ရဲ့ ကြမ်းပြင်နဲ့ အဖေနဲ့ တန်းနေမှာလေ။ လက်ကိုင်ကို နဲနဲပဲ လှည့်ရပါသေးတယ်၊ လက်ကိုင်က တဂျစ်ဂျစ်မြည်ပြီး ကြပ်သွားတယ်။ ကျနော်တို့က လှည်းကို ပြန်နှိမ့် ပြီးတော့ ပြင်မြှင့်ကြည့်ကြတယ်။ ဒါပေမယ့် တိုးလိုးတန်းလန်း မမှီမကန်းမှာပဲ လှည်းက ဆက်မမြှင့်နိုင်တော့ပဲ ရပ်သွားတယ်။ လှည်းနဲ့ ကားကြမ်းပြင်နဲ့က ၂ ပေလောက် လိုနေပါသေးတယ်။

‘ကဲ ဘယ်လိုလုပ်ကြမလဲ’ ကျနော်က အစောင့်ကို မေးတယ်။

‘ကျနော်တို့ သူ့ကို မပြီး တင်ကြတာပေါ့။ ကွာနေတဲ့ အမြင့်ထိ ရောက်အောင်လို့’

‘ ၂ပေတောင် ဆွဲမရမယ်၊ ဟုတ်လား’ ကျနော်က မေးတယ်။

သူက ကျနော့်ကို သူမသာ ကိုယ်မသာတိုက်နေရတဲ့ ရန်ဘက်လိုမျိုး ပြန်ကြည့်နေပါတယ်။ ကျနော်က အဖေ့တကိုယ်လုံးကို စောင်နဲ့ ပတ်လိုက်တယ်။ ထရပ်ကားအစွန်ပေါ်ကို ဖင်ထိုင်ချလိုက်တယ်။ ‘ကျနော်က အဖေ့ကို ဆွဲတင်မယ်။ ခင်ဗျားက ခြေထောက်တွေ မတင်ပေး’ လို့ ကျနော်က ပြောတယ်။ ပတ်ဝန်းကျင်မှာ လူ ၅၀ လောက်နဲ့ ခွေးလေခွေးလွင့်တွေက ၀ိုင်းကြည့်နေကြတယ်။ သူနာပြုဝတ်စုံနဲ့ အမျိုးသမီးတဦး ဖြတ်သွားတယ်။ သူမကြည့်ရတာ သူ့တာဝန်ကုန်ချိန်နဲ့ တူရဲ့။ ကျနော် ငွေ ၂၀၀ ရူပီး ပြပြီးတော့ အကူတောင်းရပြန်တယ်။ သူမက ဆေးပိုက်တွေ ဆေးအိတ်တွေကို ကိုင်ထား မထားပေးချိန်မှာ ကျနော်တို့က အဖေ့ကို ထရပ်ကားနောက်ခန်းထဲကို ဆွဲတင်နိုင်ဖို့ပေါ့။

သူမက ပိုက်ဆံကို ယူပြီးတော့ အဖေ့ ဆေးပိုက်တွေ ဆေးအိတ်တွေကို မြှောက်မပေးထားတယ်။ ကျနော်က အဖေ့ကို ဆွဲလိုက်တော့ အဖေက ညည်းသံ ထွက်လာတယ်။ ကျနော့်အဖေဟာ လူနာတင်ယာဉ်နဲ့ လူနာလှည်း ၂ ခု ကြားထဲမှာ တွဲလောင်း ဖြစ်နေတယ်။ သူ့ ကျောကုန်းက ကော့နေတယ်။ သူ့ကိုယ်အပေါ်ပိုင်းဟာ ပြန်လျောကျတော့မလိုပဲ။ သူကို ချိတ်ထားတဲ့ ဆေးပိုက်တွေ ဆေးအိတ်တွေကလည်း တွဲလောင်းတွေ တန်းလန်းတွေနဲ့။ ကျနော့်မှာ စိတ်တွေ လေးလံလို့။ အမျိုးသမီးက သူလက်နဲ့ ဆေးပိုက်တွေ ဆုပ်ကိုင်ပေးထားချိန်မှာ ကျနော်အင်အားရှိသလောက် ဆွဲတင်လိုက်တယ်။ ၅ မိနစ်လောက် ရှေ့တိုး နောက်ငင် ဆွဲတင်အပြီးမှာတော့ လူနာတင်ယာဉ်ပေါ်ကို အဖေရောက်ရှိသွားပါတော့တယ်။ အဖေခေါင်းက ဘေးကို လည်ဆင်းသွားတော့ ကျနော်တို့တော့ အဖေ့ကို သတ်လိုက်မိပြီလို့တော့ အထင်ရောက်မိပါတယ်။ သို့သော်လည်း အဖေ အသက်ပုံမှန် ပြန်ရှုလာပါတယ်။

ထရပ်ကားဟာ ယာဉ်ကျောကြပ်ကြပ်ထဲကို မောင်းထွက်သွားပါတယ်။ မီးပွိုင့်တွေကနေ ကားတွေ ၀ူးဝဲနဲ့ မောင်းထွက်သွားတာများ တိရစ္ဆာန်ကို ဇက်လွှတ်ပေးလိုက်သလိုပါ။ ကျနော်တို့က တလိမ့်လိမ့်နဲ့ သွားရတာပေါ့။ သည်အဖြစ်ကို မယုံနိုင်လို့ ကိုယ့်ဖာသာကိုယ် ခေါင်းခါမိတယ်။ လွန်ခဲ့တဲ့ ၁နာရီက ၂ပေ လောက် ကွာခြားနေတဲ့ စောင့်ရှောက်မှုစနစ် ၂ ခုကြားမှာ ကျနော့်အဖေကို သဲအိတ်ရွေ့သလို ရွှေ့ခဲ့ရတယ်။

(၇)

“ပစ္စည်းတခုကို သင်က သူ့အတိုင်း ထားရစ်ခဲ့မယ်ဆိုရင် အဲသည်ပစ္စည်းဟာ အတော်မသတ်တဲ့ ပြောင်းလဲမှုတွေထဲ သင်ထားခဲ့တာပါပဲ ”  လို့ GK Chesterton က ၁၉၀၈ ခုနှစ်တုန်းက ရေးခဲ့ပါတယ်။

“အကယ်၍ သင်က အဖြူရောင်တိုင်ကလေးကို သူ့အတိုင်း ထားရစ်ခဲ့မယ်ဆိုရင် သိပ်မကြာခင် အမည်းရောင်ကို ပြောင်းသွားလိမ့်မယ်။ သင်က သူ့ကို ဖြူနေစေချင်ရင် အမြဲတန်း အဖြူရောင်ဆေး သုတ်ပေးနေရမယ်။ ခနခန သုတ်ပေးနေရမယ်။ ဒါက သင်ဟာ အမြဲတန်း တော်လှန်နေဖို့ လိုအပ်တယ်လို့ ပြတာ။ လူနေမှုစနစ်ကြီး (သို့) လူဘောင်စနစ်ကြီးဟာ အမြဲတန်း အမြန်အဆန် ထိတ်လန့်ဖွယ် အိုမင်းလာနေတဲ့အတွက် နိုင်ငံသားတွေအနေနဲ့ ပုံမှန်ထက် လွန်ကဲပြီး မပေါ့မလျော့တဲ့ သတိရှိရှိ စောင့်ကြပ်နေဖို့ လိုအပ်တယ်။” တဲ့ …

ကျနော့်အဖေဟာ အချိန်မလပ်အိုမင်းခြင်းဆိုတာနဲ့ ပတ်သက်ပြီး သိတော့ သိထားမှာပါ။ သူဟာ မြို့တော်ကြီး တခုတောင်မဟုတ် ၂ခု မျက်စိရှေ့မှာ ကျဆင်းသွားခဲ့တာကို ကြုံခဲ့ရတယ်လေ။ သူဟာ ၁၉၆၀ခုနှစ်များမှာ အနောက်ဘင်ဂေါလ်နယ် မြို့တော်ဖြစ်တဲ့ အရှေ့ကလကတားကနေ မောင်းထုတ်ခံရတယ်။ အဲသည်မြို့ကြီး ပျက်စီးခြင်းထဲ စိုက်ဆင်းသွားတာ မြင်ခဲ့ရတယ်။ မြို့တော်ရဲ့ ချစ်စရာတွေ၊ စုဆောင်းထားတာတွေ ခမ်းခြောက်သွားခဲ့တယ်။ နှစ်နိုင်ငံခွဲခြမ်းပြီးတဲ့နောက်မှာ ရွှေ့ပြောင်းအခြေစိုက်လာကြတဲ့သူတွေ တရှိန်ထိုးမြင့်မားလာတဲ့ လှိုင်းအောက်ကို လအနည်းအတွင်း ရောက်ရှိသွားပါတယ်။

သူပြောတာကတော့ …” နိုင်ငံကို ခွဲခြမ်းလိုက်တာဟာ ဘင်ဂလားကို အသည်းကွဲစေတယ်။ ပြီးတော့ ကလကတားရဲ့ ကျောရိုးကိုပါ ချိုးပစ်လိုက်ကြတယ်” တဲ့။ စနစ်တိုင်းဟာ အားနည်းလာတယ် ပြီးတာနဲ့ ကျိုးပဲ့တော့တာပါပဲ။ အိုးအိမ်တွေ၊ လမ်းပမ်းတွေ၊ အုပ်ချုပ်မှုတွေ ဆိုတာ အားနည်းပြီးတာနဲ့ ပျက်တော့တာပါ။

ဒါပေမယ့် ဒုတိယအကြိမ် အက်ကြောင်းကတော့ ဒေလီမြို့တော် ဖြစ်ပါတယ်။ ကျနော့်အဖေ ပြောင်းရွေှ့လာခဲ့တဲ့ မြို့။ ဒီမြို့က သူ့ကို အသည်းလဲ ကွဲစေတယ်။ ခါးရိုးလည်း ချိုးပစ်တယ်။ ၁၉၇၀ ခုနှစ်တွေအတွင်းကတော့ သက်တောင့်သက်သာပါပဲ။ မြို့တော်ဟာ ပုံမှန်လည်ပတ်နေခဲ့တယ်။ ကမ္ဘာမြို့ပြစနစ်ဟောင်းအတွက် အသစ်တိုးတဲ့ မြို့ပေါ့။ လေကောင်းလေသန့်တွေ ရှိတယ်။ မိလ္လာစနစ်ကလည်း အလုပ်လုပ်တယ်။ စိန်ပန်းပင်တန်းတွေတန်းစီနေတဲ့ လမ်းမများပေါ်မှာ လူတွေကို အ၀ါအစိမ်းဘတ်စကားတွေ သယ်ဆောင်ပြေးဆွဲတယ်။ ကြီးပွားမယ့် အလားအလာတွေက ဆွဲဆောင်ပြီး အတိဒုက္ခရောက်နေတာတွေက တွန်းလွှတ်လိုက်တာတွေကြောင့် လူတွေ သန်းနဲ့ချီပြီး လှိုင်းတွေလို လှိမ့်ဝင်လာခဲ့ကြတယ်။ အစဦးပိုင်းမှာတော့ဖြင့် မြို့တော်ဟာ အဲသည် လျံတက်လာတဲ့သူတွေကို မြိုချသိမ်းဆည်းနိုင်နေသလိုပါပဲ။ ဒါပေမယ့် လှိုင်းတွေ တခုပြီးတခု ရိုက်ခတ်လာတဲ့နောက်ပိုင်းမှာတော့ဖြင့် ရင်ခေါင်းအကျယ်ကြီးနဲ့ မတန်တဆယ်ကျယ်ပြောတဲ့ မဟာမြို့တော်အဖြစ် ယောင်ကိုင်းလာတော့တယ်။ ဘာမှ မဖြစ်သလိုပုံစံကနေ ချက်ခြင်းဆိုလို အားလုံးဟာ ပြောစရာဖြစ်လာတော့တာပဲ။ လူတွေ ဘေးဘီလည်း ပြန်ကြည့်လိုက်ရော မီးခိုးမှိုင်းတွေနဲ့ အသက်ရှုကြပ်နေပြီ။ မိလ္လာ ရေဆိုးစနစ်လည်း ပျက်စီးနေပြီ။ မုဒိန်းမှုတွေ ရပ်ကွက်ရိုက်ပွဲတွေဟာ ဘတ်စကားတွေမှာ စိန်ပန်းပင်တန်းနဲ့လမ်းတွေဆီမှာ ပြိုကျကူးစက်နေပြီ။ ဘယ်လိုကနေ သည်လို ပျက်ကုန်ရတာပါလိမ့်လို့ အဖြေထုတ် ခေါင်းကုတ်နေရပြီ။ လူ့ဘောင်စနစ်ဟာ အိုလာတာနဲ့အမျှ ဆိုးဝါးလှတဲ့ဖြစ်ရပ်တွေ အတောမသပ် ဖြစ်လာရတာပဲ။

ကျနော့်အဖေကို မြို့ထဲက လူအိုသူနာဆောင်ကို ပို့ဆောင်ပေးပြီး သိပ်မကြာခင်မှာ Walter Canon ရေးတဲ့ မှတ်တမ်း – The Wisdom of the Body” ခန္တာကိုယ်၏ အသိဥာဏ် ဆိုတာကို ဖတ်ဖြစ်ပါတယ်။ ကင်နွန်က သည်စာအုပ်ကို ၁၉၃၂ မှာ ထုတ်ခဲ့တယ်။ ဘွန်စတွန်ဓာတ်ခွဲခန်းမှာ ‘အလိုအလျောက် ထိန်းညှိတဲ့ ယန္တယားစနစ်’ ဆိုတာကို လေ့လာပြီးတဲ့နောက်မှာပါ။ သူ ဘာကို ဆွေးနွေးနေတာလဲဆိုတာကို ကမ္ဘာကြီးက ရိပ်မိနားလည်နိုင်ဖို့ အတော်ကြီးကို ကြာခဲ့တယ်။ Homeostatic  ဆိုတဲ့ မိမိဖာသာမိမိ ဟန်ချက်ညီအောင် ထိန်းညှိခြင်းဆိုတာ သက်ရှိသတ္တ၀ါလောကရဲ့ အဓိကကျတဲ့ တရားတခု ဖြစ်ပြီး ဒါဟာ အသက်ရှိခြင်း အသက်ရှင်ခြင်းရဲ့ အရင်းခံ ပြဌာန်းမှုလို့ သဘောထားကြလေ့ ရှိပါတယ်။ အကယ်၍များ ကျနော့်တို့နဲ့ အနီးဆုံး ကြယ်စုအဝေးတခုဖြစ်တဲ့ Alpha Centauri နားမှာ ကန့်ဓာတ်ကို အခြေခံပြီး ဖြစ်တည်တဲ့ ဂြိုလ်သားသက်ရှိတစုံတရာ ရှိတယ် ဆိုကြပါစို့။ သူ့မှာလည်း သူနည်းသူ့ဟန်နဲ့ ဟန်ချက်ညီအောင် ငြိမ်သက်အောင် ထိန်းညှိနေမှု စက်ဝန်းနဲ့ သူ့ခန္တာကိုယ်အပြောင်းအလဲတွေကို တွန်းလှန်ပြီး ရပ်တည်နေမယ်လို့ ယူဆနိုင်ပါတယ်။ သည်အခြေခံစနစ်က အလွန်ရှုပ်ထွေးတဲ့ ဘယ်စနစ်မဆိုရဲ့ ပင်မအရင်းပဲ ဖြစ်ပါတယ်။ သူတို့တွေရဲ့ မလှုပ်မယှက်တည်ငြိမ်နေပုံဟာ ဟုတ်ယောင်ထင်မှုပါ။ ဥပမာ အစောပိုင်းက ကျနော်ပြောခဲ့တဲ့ ဘုရင်မကြီး အာကာသထဲမှာ မလှုပ်မယှက် နေနေတယ်လို့ ထင်မှတ်မှားမှုလိုပေါ့။

(၈)

နယူတန်က ပြောပါတယ်။ ငြိမ်ပြီး နေမြဲနေလိုတဲ့ အရာဝတ္ထုဟာ သူ့ကို ပြင်ပ ပယောကက မတွန်းမချင်း ငြိမ်နေမြဲ နေတယ်တဲ့။ နယူတန်၏ စကြာဝဠာကို နေမြဲနေလိုခြင်းနဲ့ ရွေ့မြဲရွေ့နေလိုခြင်းက ကြီးစိုးပါတယ်။ သူ့အလိုအရဆိုရင် ဘယ်တော့မှ မဖောက်ပြန်တဲ့ ဥပဒေတွေက စကြာဝဠာကို နာရီလည်တံလည်သလို သွားခိုင်းနေတယ်ပေါ့။ ရွေ့နေတဲ့ ၀တ္ထုတွေဟာ လားရာတခုတည်းဆီကို သိမှတ်မှုမဲ့စွာ ချီတက်နေကြရာကနေ အပြင်ပယောက အင်အားတခုကသာ သူတို့ကို ရပ်ဆိုင်းသွားအောင် တတ်နိုင်မယ် ဖြစ်ပါတယ်။

ဒါပေမယ့် သက်ရှိသတ္တ၀ါတွေဆိုတာကျတော့ နယူတန်ဆွဲယူတဲ့ တရားနဲ့ မဆိုင်ဘူးလို့ ကင်နွန်က သဘောထားပါတယ်။ အအေးဓာတ်တွေထဲက အပူရုပ်ဓာတ်ဖြစ်တည်နိုင်ဖို့ဆိုတာ သူတို့ကိုယ်တိုင်က ပြောင်းလဲမှုကို ဖြတ်သန်းရတယ်၊ သူတို့ကိုယ်တိုင် ဥပဒေသတွေ ဖန်တီးပြီးတော့ ငြင်းပယ်လို့မရနိုင်တဲ့ နေမြဲနေလိုတဲ့ သဘာဝတို့ အိုမင်းမှုတို့ကို တွန်းလှန်ပစ်နိုင်မှ ရနိုင်တယ်တဲ့။ ကင်နွန် သိထားတာကတော့  ရေရှည်မှာတော့ဖြင့် ကျနော်တို့တွေအားလုံးဟာ ငြိမ်သက်နားနေမှုအဖြစ်ကိုသာ ရောက်ကြရမှာပါ တဲ့။ ပြောခဲ့တဲ့ မရပ်မနားပြေးနေတဲ့ ဘုရင်မကြီး ပြေးနေတာရပ်လိုက်တာနဲ့ တပြိုင်နက် သူလည်း လွင့်စင်ထွက်သွားမှာပဲ။ အေးစက်နေတဲ့ ပင်ကွင်းငှက်ရဲ့ ခြေထောက်တွေ နောက်ဆုံးတော့ အအေးသုညမှတ်ကို ရောက်သွားရတာပဲ။ မတ်မတ်ရပ်နေတဲ့ ခန္တာကိုယ်ဟာ နောက်ဆုံးတော့ လဲပြိုရမှာ။ နာမကျန်းဖြစ်ရတော့တာ။ သို့ပင်သော်ငြား ကျနော်တို့က ဆက်ပြောနေတာပဲ … ‘ကြည့်ကြည့် ဒါဘာမှ မဟုတ်ဘူး’ လို့ ပြောနေရင်းကပဲ ကျနော်တို့ကိုယ်တိုင် ဘာမှမဟုတ်တော့ဘူး ဖြစ်သွားရမှာပဲ။ သဘာဝတရားကြီးရဲ့ ဥပဒေသတွေကို တွန်းလှန်နိုင်ခြင်းဆိုတာကို သဘာဝက ဖန်တီးပေးထားတယ်လို့ ကျနော်တို့တတွေက ဆိုနေရင်းကပဲ ကျနော်တို့တွေ နောက်ဆုံးကျတော့ အေးစက်လာတယ်၊ သေတယ်၊ တစစီ ပြိုကျတယ်။ တစစီ ပျောက်ကွယ်သွားကြတယ်။

ကျနော်တို့ ပြုပြင်ခြင်း ပြင်ဆင်ခြင်းတွေနဲ့ အတိုင်းအတာတွေ အချိန်ကာလတွေကို ဆန့်ကျင်ကြပါတယ်။ ဒါကလည်း ကြေးမုံပြင် အက်ကြောင်းပေါ်တော့မှသာ ကျနော်တို့ နောက်ကွယ်ကို ရိပ်မိကြရတာပါ။ ကျနော့်အဖေရဲ့ လပေါင်းများစွာသော ယိုယွင်းလာနေမှု၊ ဆေးရုံတင်ရမှုနဲ့ ကွယ်လွန်ခြင်းကြောင့် ကျနော်တို့တွေ အဖေရဲ့ ခန္တာဗေဒရဲ့ ရာပေါင်းများစွာသော အစိတ်အပိုင်းတွေကို တိုင်းတာမှု ပြုလုပ်ခဲ့မိကြတယ်။ ပိုတက်စီယံ၊ အပူချိန်၊ အသက်ရှုနှုန်း၊ ခရီတီနင်း၊ ဘိုင်ကာဘွန်နိတ်၊ ကလိုရိုက်၊ အောက်စီဂျင်သိပ်သည်းမှု၊ သူ့ ကျင်ငယ်ရေအထွက်နှုန်း …. စသည်ဖြင့်။ ကျနော်တို့ မတိုင်းတာခဲ့တာ ကျနော်တို့ တိုင်းတာလို့ မရနိုင်ခဲ့တာကတော့ သူရဲ့ ခန္တာကိုယ်ဟာ အဲသည်လိုမျိုး ဘယ်လောက်တောင် အားထုတ်ပြီး သည်အချိန်အဆတွေကို ထိန်းသိမ်းထားနိုင်ခဲ့တာကို ဖြစ်ပါတယ်။ ဘယ်လိုမျိုး သတိခွန်အားတွေထုတ်ပြီးတော့ သဘာဝလွန်တဲ့ အားမာန်နဲ့ ဇောနဲ့ အားလုံးကို ပုံမှန်ဖြစ်နေအောင် ညှိထားပါလိမ့်ပေါ့။ ပြီးတော့ ပုံမှန်ဖြစ်နေတာကနေ သွေဖီသွားချိန်မှာ သူ့ရဲ့ ခန္တာဗေဒစနစ်ဟာ ဘယ်လိုမျိုး ပြင်းပြင်းထန်ထန် နက်ရှိုင်းစွာ ထိခိုက်ကျဆင်းသွားတာလဲဆိုတာကို မတိုင်းတာနိုင်ခဲ့ကြပါဘူး။ ခန္တာဗေဒစနစ်သိုဝှက်ထားတဲ့အရန်စွမ်းအင်တွေက နေမြဲနေလိုတဲ့ ထိန်းညှိမှုကို ဘယ်လိုများထုတ်သုံးသွားသလဲဆိုတာ ကျနော်တို့ မတိုင်းတာနိုင်ခဲ့ကြပါဘူး။

ကျနော်ကတော့ အဖေ့ကို ဆေးရုံမှာ ပြုစုကုသနေတဲ့ နေ့တိုင်းမှာ အော်ဟစ်ပြီး တိုင်တည်လိုက်ချင်တယ်။ “ဒါဟာ တခုခုတော့ တခုခုပဲ” လို့။ ကျနော်တို့ရဲ့ ကိုယ်ခန္တာအတွင်းမှာ၊ ကျနော်တို့မြို့တော်ကြီးထဲမှာ၊ ပြီးတော့ ကျနော်တို့ စကြာဝဠာဂေဟစနစ်အတွင်းမှာ သိမ်းဆည်းသိုဝှက်ထားတဲ့၊ မိမိဘာသာပြုပြင်ပြင်ဆင်ဖို့ ကြိုးစားနေတဲ့၊ အိုမင်းပြိုကွဲမှုကို ဆန့်ကျင်အားထုတ်နေတဲ့ အရာတွေဟာ အကောင်အထည် မမြင်ရပေမယ့် ရှိနေတယ်…. ။ ဘာမှမဟုတ်ပါဘူး ဆိုတာ မဟုတ်ဘူး။ တခုခုတော့ ရှိနေပါတယ်။

အလုပ်ဖြစ်နေတဲ့ ဆေးရုံ၊ လူနာတွေကို မြေပြင်ပေါ်ကနေ ညင်ညင်သာသာ မတင်ပေးနိုင်တဲ့ လူနာတင်ယာဉ်၊ ဒါတွေဟာ အတောမသပ်တော်လှန်နေမှုတွေကြောင့် ပုံမှန်လည်ပတ်နေတယ်ဆိုတာကို ကျနော်တို့ မသိကျိုးကျင်ပြုခဲ့မိတယ်။ ဒါပေမယ့် အရာရာဟာ တစီစီ ကျိုးပဲ့ကုန်ပြီဆိုတော့မှသာ ကျနော်တို့တွေဟာ ပေါ်လာတဲ့ အက်ကွဲကြောင်းကြီးတွေကို သတိပြုမိလာကြတယ်။ အကယ်၍များ ကျနော်တို့ဟာ ‘မိမိဘာသာ အလိုအလျောက် ထိန်းညှိနေတဲ့ စနစ်’ ရဲ့ သက်လုံကောင်းမှု အတိုင်းအတာကိုသာ စောစာစီးစီးက တိုင်းတာထားနိုင်မယ်၊ အဲသည်လို မိမိဘာသာဟန်ချက်ညီအောင်ထိန်းညှိနေမှုအတွက် လိုအပ်တဲ့ အရန်စွမ်းအင်တွေ သိုလှောင်သိမ်းဆည်းမှုတွေကို ကြိုတင် တိုင်းတာလို့ရမယ်ဆိုရင် ကျနော်တို့တွေဟာ အဲသည်ထိန်းညှိနိုင်စွမ်း ပြိုကျပျက်စီးခြင်း မဆိုက်မီ ဘယ်လိုမျိုး ကာကွယ်ထားနိုင်လို့ရမယ့် နည်းလမ်းတွေ ရှာလို့ ရမယ် ထင်ပါတယ်။ တမျိုးပြောရရင် ကျနော်တို့ ဖြိုဖျက်ချင်တဲ့ စနစ်ကိုတွေကိုလည်း ဘယ်လို ဖြိုလို့ရမယ်ဆိုတာကိုလည်း လေ့လာနိုင်ကြလိမ့်မယ် ထင်တယ်။ အပြောင်းအလဲတွေဖြစ်စေတဲ့ ဖြစ်ရပ်တွေကို ရိပ်မိသိရှိဖို့က လွယ်ပါတယ်။ ဒါပေမယ့် ငြိမ်သက်နေလိုခြင်း၊ နေမြဲနေလိုခြင်းကို မောင်းနှင်နေတဲ့ ဖြစ်ရပ်တွေကို သိနိုင်ဖို့ကတော့ အလွန်ကြီးမားတဲ့ သတိတရားရှိဖို့ လိုအပ်ပါတယ်။

(၉)

သူ့ခန္တာကိုယ်ဟာ သေမင်းကို မဆန့်ကျင်တော့ဘူးဆိုတဲ့အချိန်မှာ အဖေဟာ မြန်မြန်ဆန်ဆန်ပဲ သေဆုံးသွားပါတော့တယ်။ Phillip Roth ရေးခဲ့သလိုပေါ့ – ‘အိုမင်းခြင်းဟာ သွေးပျက်ဖွယ်’ တဲ့။ ကျနော့်အဖေအတွက်ကတော့ စပျစ်သီးတွေ ၀ိုင်ဖြစ်ဖို့ ပျော့ဖတ်အဖြစ် အသွင်ပြောင်းတာနဲ့ ပိုတူပါတယ်။ တဖြေးဖြေးချင်းနဲ့ ဖိုင်ဘာတွေ ပျော်ကျသွားသလို။ သေခြင်းက သူ့ကို တွန်းလှဲလိုက်တာထက် သူဟာ ကျုံလှီသွားရတာပါ။ အရေးပေါ်အတွင်းလူနာခန်းထဲမှာတုန်းက အဖေရဲ့ သွေးထဲက အီလက်ထရိုရိုက်တွေဟာ နည်းနည်းတော့ တည်ငြိမ်သွားသလိုရှိပေမယ့် ပုံမှန် ဖြစ်မလာတော့ဘူး။ လူအိုသူနာဆောင်မှာကျတော့ ပုံမှန်တိုင်းတာချက်တွေဝန်းကျင်နားမှာ တက်လိုက်ကျလိုက် ဟိုခုန်ဒီခုန် ဖြစ်နေတယ်။ သူ့ခေါင်းကို ဟိုယမ်းဒီယမ်းတွေ အမြဲလိုလို ပြန်ဖြစ်လာတယ်။ တောက်လျောက်ပြိုလဲမှုထဲကို သူ့ခန္တာဗေဒစနစ် တိုးဝင်သွားပြီဆိုတဲ့ တပြိုင်နက်မှာ ဆက်တိုက်ဆိုသလို ဆုတ်ယုတ်သွားလိုက်တာများ ထောင်းကနဲ ထောင်းကနဲ ကျိုးပြတ်မှုတွေဟာ သားရေပင်များ ပြတ်တောက်သွားတာနဲ့ တူပါတယ်။ ထောင်းကနဲ အမြင်အာရုံ ပြတ်သွားတယ်၊ ထောင်းကနဲ နှလုံးခုန်နှုန်းတွေ ထိခိုက်သွားတယ်၊ အဆုပ်အအေးမိသွားပြီ၊ အသက်ပုံမှန် မရှုနိုင်တော့ဘူး၊ ဆီးလမ်းကြောင်း ပိုးဝင်သွားပြီ၊ သွေးတွေ အဆိပ်ဖြစ်လာတယ်၊ နှလုံးအလုပ်မလုပ်နိုင်တော့ဘူး။ ထောင်းကနဲ ထောင်းကနဲ ထောင်းကနဲ …

အားပြန်တင်းနိုင်တဲ့ အစွမ်းသတ္တိတွေဟာ ပြိုပျက်ခြင်းကို အရှုံးပေးနေရပြီ။ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ ကျနော် လက်မခံချင်တဲ့ အမှန်တရားဟာ ထင်ထင်ရှားရှား ဖြစ်လာပါတယ်။ ဆေးရုံပေါ်မှာ ရက်ကြာကြာ အဖေ့ကို မြင်နေရလေလေ ကျနော်ကိုယ်တိုင်လည်း ပိုပြီး ဝေဒနာတွေ တိုးလာတယ်။ အဖေ ဒါတွေကို ခံစားနေရသလား။ အဖေ့ကို လူအိုသူနာဆေးရုံမှာ တင်ထားရတာ ၂လ ရှိခဲ့ပါပြီ။ တညနေခင်း အိမ်မှာ ညစာစားနေချိန် ကျနော် ခဲခဲယဉ်းယဉ်း အားယူပြီးတော့ ဆွေးနွေးရပါတော့တယ်။ ကျနော့်အဖေကို အိမ်ပြန်ခေါ်ကြဖို့ပါ။ ဆန့်ကျင်မှုကို ကျနော် မျော်လင့်နေမိသော်လည်း ဘယ်သူကမှ မငြင်းကြပါ။

ကျနော်တို့ သူ့ကိုယ်မှာ ချိတ်ဆက်တပ်ဆင်ထားတဲ့ ကိရိယာတွေကို ပိတ်လိုက်တယ်။ အကြောဆေးပိုက်တွေ ဖြုတ်လိုက်တယ်။ နှာခေါင်းကနေ သွင်းထားတဲ့ အစာပိုက်ကို ဆွဲထုတ်လိုက်တယ်။ ကျနော်တို့ သူ့ကို ရေချိုး ကိုယ်လက်သုတ်သင်ပေးတယ်။ မုတ်ဆိတ်ရိပ်ပေးတယ်။ ဖိနပ်ပြန်ဝတ်ပေးတယ်။ သူ့အကြိုက် ရှောတဘက်နဲ့ ပတ်လိုက်ကြတယ်။ သူ့ကို သူ့ကုတင်ဆီကို ပြန်ခေါ်လာခဲ့တယ်။ ရပ်ကွက်ဈေးထဲက ငါးသည်တွေက သူ့အကြိုက် ငါးအမျိုးအစားထဲက အကောင်းဆုံးကို လာပေးကြတယ်။ ကျနော့်အမေက ဂျင်းနဲ့ ဆနွင်းနဲ့ ဟင်းချက်တယ်။ ဟင်းကို အနှစ်တွေချည်းဖြစ်အောင် ချက်ပြီး အဖေ့ကို ဇွန်းအသေးလေးနဲ့ ကျွေးကြတယ်။ နောက် ၃ ရက်အကြာမှာ အဖေဟာ အိပ်ပျော်နေရင်းမှာပဲ အသက်ကုန်ပါတယ်။ သူ့ရဲ့ မနားရတဲ့ ခန္တာဟာ နောက်ဆုံးတော့ အနားရသွားပါပြီ။

(သိဒ္ဓတ္ထမူခါဂျီ)

အပိုင်း ၁ ပြန်ဖတ်ချင်ရင် – http://moemaka.com/archives/63021
အပိုင်း ၂ ပြန်ဖတ်ချင်ရင် – http://moemaka.com/archives/63597

မူရင်း ဖတ်ဖို့ – https://www.newyorker.com/magazine/2018/01/08/my-fathers-body-at-rest-and-in-motion


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဘာသာပြန်ကဏ္ဍ, မောင်ရစ်

One Response to သိဒ္ဓတ္ထမူခါဂျီ ရေးတဲ့ ကိုယ်ခန္ဓာတွေ နားစက်နေတာနဲ့ လှုပ်ရှားနေတာ (၃) – နိဂုံး

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်