မောင်မောင်စိုး ● အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် တတိယပင်လုံ

April 18, 2018

မောင်မောင်စိုး ● အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် တတိယပင်လုံ
(မိုးမခ) ဧပြီ ၁၈၊ ၂၀၁၈

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA အား အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ သဘောတူလက်မှတ်ရေးထိုးပြီးနောက် NCA စာချုပ်သည် စတင်အသက်ဝင် လာခဲ့သည်ဟု ဆိုရပါမည်။ NCA နှင့်ပတ်သက်၍ သဘောမတူမှုများ၊ မကြေလည်မှုများ၊ ကန့်ကွက်မှုများရှိနေသော်လည်း လက်ရှိအခြေအနေတွင် မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ NCA သည် တရားဝင်မှုရှိနေသည်ကို ပစ်ပယ်၍မရပေ။ ထို့ အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်လျင် အစိုးရနှင့်တပ်မတော်သည် NCA အား ဆုပ်ကိုင်ထားသည်ကို တွေ့ရသည်။ ထို့အတူ NCA စတင်အသက်ဝင်သည့် ၂ နှစ်ကျော်လာသည့်အချိန်တွင် NCA သည် အစိုးရနှင့်တပ်မတော်အတွက် မူအရ သာမက ဂုဏ်သိက္ခာအရပါ အရေးပါလာသည်ကို တွေ့ရပေသည်။

အစပိုင်းကာလက အဖွဲ့ ၈ ဖွဲ့နှင့်စတင်ခဲ့သော NCA တွင် ၂၀၁၈ ခုနှစ် နှစ်ဆန်း၌ မွန်ပြည်သစ်နှင့်လားဟူ အဖွဲ့ ၂ ဖွဲ့ထပ်တိုး ပြီး အဖွဲ့ ၁၀ ဖွဲ့ ထိ ရှိလာသည်ကိုတွေ့ရသည်။ ထို့အတူ NCA ပါ သဘောတူညီချက်များအား စတင်အကောင်အထည် ဖေါ်လာသည်ကို တွေ့ရသည်။ သမတဦးသိန်းစိန်လက်ထက် ၂၀၁၆ ခုနှစ် နှစ်ဆန်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တကြိမ်ကျင်းပခဲ့ပြီး လက်ရှိ NLD အစိုးရလက်ထက်တွင် နှစ်ကြိမ်ကျင်းပခဲ့ပြီး ဖြစ်သည်။ ဦးသိန်းစိန်လက်ထက်တကြိမ်နှင့် NLD လက်ထက် ပထမအကြိမ်ညီလာခံများသည် NCA အားအစပြုရန်ဆောင်ရွက်ခြင်းများဖြစ်၍ သဘောထားကွဲလွဲမှုများ မတွေ့ခဲ့ရဟုဆိုရမည်။ သို့သော် NLD အစိုးရလက်ထက် ပထမအကြိမ် ကျင်းပပြီးနောက်ပိုင်းမှစ၍ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့များကြား NCA အပါအချက်များအား အဓိပ္ပါယ်ဖွင့်ဆို၍ အကောင်အထည်ဖေါ်ကြရာတွင် ကွဲလွဲမှုများရှိ လာသည်ကို တွေ့မြင်နေရပေသည်။ အဆိုပါကွဲလွဲမှုများမှာ ဒုတိယအကြိမ်ညီလာခံအပြီး၌ ပို၍သိသာထင်ရှားလာသည်ကို တွေ့ရပေသည်။

● အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ
ပထမအကြိမ်ညီလာခံပြီးနောက်ပိုင်းစ၍ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဆိုသည်နှင့်ပတ်သက်၍ နှစ်ဖက်အဓိပ္ပါယ် ကောက်ယူမှုများ၌ ကွဲလွဲမှုရှိခဲ့သည်ကို တွေ့ရသည်။ ဒုတိယအကြိမ်ညီလာခံပြီးနောက် ထိုကွဲလွဲမှုမှာ ပိုမိုကြီးထွားပြီး တတိယအကြိမ်ကျင်းပနိုင်ရေးအတွက် အချိန်သတ်မှတ်ရန်ပင် အခက်တွေ့လာပေတော့သည်။ ၂၀၁၅ ခုနှစ်ကထဲက NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၈ ဖွဲ့က အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ခွင့်မရပါက တတိယအကြိမ် ညီလာခံမတက်ဟုပင် ထုတ်ပြန်လာသည်ကိုပင် တွေ့ရပေသည်။

လက်ရှိအချိန်ထိ ရှမ်းပြည်နယ် အမျိုးသားအဆင့်ဆွေးနွေးပွဲများပြုလုပ်ရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲနေကြသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်တိုရှိ ကရင်တို့၏ အမျိုးသားအဆင့် ဆွေးနွေး ပွဲများ ခွင့်ပြုချက်မရရှိခဲ့။ ပြည်နယ်တွင် အကဲဆတ်သောအခြေအနေရှိသည်ဟူသည့်အကြောင်းပြချက်နှင့် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ခွင့်မပြုခဲ့ပေ။ ၂၀၁၈ ခုနှစ်ဆန်းတွင် NCA ရေးထိုးထားခဲ့သော မွန်ပြည်သစ်ပါတီမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ အကန့်အသတ်များရှိနေ၍ လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။ ထို့ပြင် NCA လက်မှတ်မထိုးသေးသည့် တိုင်းရင်းသားအဖွဲ့များရှိသည့် ပြည်နယ်များတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ဝေးနေဆဲဖြစ်သည်။သို့ဖြစ်ရာ လက်ရှိ NCA ပေါ် အခြေပြုသည့် နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းစဉ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးနှင့်ပတ်သက်သည့် အကြပ်အတည်းတခု ကြုံနေရသည်ဟု ဆိုရပါမည်။

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဆိုသည်မှာ NCA တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ အခန်း (၅) ပုဒ်မ ၂၀ ၌ အောက်ပါအတိုင်း ဖွင့်ဆိုထားသည်ကို တွေ့ရသည်။

“၂၀။ ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံရေးလမ်းပြမြေပုံနှင့်စပ်လျဉ်း၍ အောက်ပါအချက်များကို သဘောတူသည်။

(က) တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း။

(ခ) အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်များက နိုင်ငံရေးဆွေးနွေးမှုမူဘောင် (The Framework for Political Dialouge) ကို ရေးဆွဲသဘောတူညီမှုယူခြင်း။

(ဂ) ထိုမူဘောင်ကိုအခြေခံ၍ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခြင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခြင်းနှင့် နှစ်ဖက်သဘောတူညီသော ကြိုတင်ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ခြင်း။

(ဃ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပခြင်း။

(င) ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုခြင်း။

(စ) ပြည်ထောင်စုလွှတ်တော်သို့တင်သွင်း၍ အတည်ပြုချက်ရယူခြင်း။

(ဆ) ပြည်ထောင်စုသဘောတူစာချုပ် (Pyidaungsu Accord) ပါ သဘောတူညီချက်များကို အကောင်အထည်ဖေါ်ခြင်းနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များကို အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း” ဟူ၍ဖြစ်ပါသည်။

အခန်း (၇) ခန်း ပုဒ်မ (၃၃) ခုပါဝင်သော NCA စာချုပ်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲနှင့် ပတ်သက်၍ ပုဒ်မ (၂၀) တွင် တကြောင်းသာဖေါ်ပြထားပြီး တိကျသောအဓိပ္ပါယ်ဖွင့်ဆိုချက်မပါပေ။ အခြားပုဒ်မများတွင် အကြိမ်ကြိမ်ဖေါ်ပြထားသည့် “ပါဝင်သင့်သူအားလုံးပါသည့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပသွားရန်” ဆိုသည်နှင့် “နှစ်ဖက်သဘောတူညီချက်များဖြင့်ဆောင်ရွက်ရန်” ဆိုသည့်အချက်များနှင့် ဆက်စပ်စဉ်းစားရန်လိုအပ်ပေလိမ့်မည်။

● လက်ရှိကွဲလွဲမှုများ
လက်ရှိအမျိုးသားအဆင့်ဆွေးနွေးပွဲများနှင့် တပ်မတော်ဘက်မှသဘောထားမှာ ရှမ်းပြည်နယ်နှင့်ပတ်သက်၍ သတ်မှတ်ထား သည့်နေရာတွင်သာ ပြုလုပ်ရေးဖြစ်သည်။ တိုင်းရင်းသားများဖက်ကသဘောထားမှာ ရှမ်းပြည်အတွင်းရှိ မြို့ အတော်များများ တွင် လူထုပါဝင်သည့် အခြေခံကျသည့် အမျိုးသားအဆင့်ဆွေးနွေးပွဲများ အရင်ပြုလုပ်မည်။ ပြီးမှ ၎င်းမှတက်လာသော သ ဘောထားများ ကိုယ်စားလှယ်များစုစည်း၍ သတ်မှတ်နေရာတွင်ပြုလုပ်မည်ဟု ရပ်ခံလျက်ရှိသည်။ သို့သော် ရှမ်းပြည်နယ်၌ မြို့နယ်များတွင် အစည်းအဝေးများပြုလုပ်မှ တပ်မတော်ဖက် လိုက်လံတားဆီးမှုများပြုလုပ်ခဲ့သည်ကိုတွေ့ရပေရာ UPDJC (ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ) တွင် ရှင်းလင်းစွာဆွေးနွေးခဲ့ခြင်းမရှိ၍လောဟု မေးခွန်းထုတ် ဖွယ် ဖြစ်သည်။

အခြေခံကျသည့်ကွဲလွဲမှုမှာ တပ်မတော်ဖက်မှ တိုင်းရင်းသားအဖွဲ့များ၏ နိုင်ငံရေးဆွေးနွေးပွဲဆိုသည်များကို ၎င်းအဖွဲ့များ ထိမ်းချုပ်ရာဒေသတွင်သာပြုလုပ်စေလိုပြီး မြို့ပေါ်တွင်ပြုလုပ်ပါက တပ်ဖက်က အကန့်အသတ်နှင့် သတ်မှတ်ထားသော မြို့တွင်သာ ပြုလုပ်စေလိုပါသည်။ အကြောင်းမှာ UWSA (ဝ) နှင့် NDAA (မိုင်းလား) တို့မှအပ လက်ရှိ NCA ထိုးထားသော အဖွဲ့များသည် တောတွင်း၌သာအခြေပြုနိုင်ပြီး ပြောက်ကျားအဖြစ်သာ ရပ်တည်နေခဲ့သည်ဖြစ်ရာ တပ်မတော်မှထိမ်းချုပ်ထား နိုင်သော မြို့ရွာများတွင် နိုင်ငံရေးဆွေးနွေးပွဲများလုပ်ကိုင်ခြင်းကို လက်သင့်ခံရန် ခက်ခဲနေပုံရပါသည်။ တဖက်နှင့်တဖက် ယုံကြည်မှု အပြည့်အဝမရသေးသည့်အချိန်ကာလတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား မြို့ပေါ်တွင် နိုင်ငံရေး ဆွေးနွေးပွဲပြုလုပ်ခွင့်ပေးပါက ၎င်းအဖွဲ့တို့အား မြို့ပေါ် တရားဝင်စည်းရုံးလှုပ်ရှားခွင့်ပေးသကဲ့သို့ဖြစ်မည်ကို စိုးရိမ်ပုံရသည် ဟု ဆိုရမည်။ ထို့ကြောင့်လည်း တပ်မတော်ဖက်က လက်ခံရန်ခက်ခဲနေပုံရသည်ဟု သုံးသပ်ရပေသည်။

တိုင်းရင်းသားအဖွဲ့များဖက်ကလည်း ၎င်းတို့အနေနှင့် မည်သို့ပင်တောတွင်း၌ ရပ်တည်ရသည်ဟု ဆိုစေကာမူ ၎င်းတို့တိုင်း ရင်းသားလူမျိုးများနှင့် ၎င်းတို့ပြည်နယ်အတွက် ရပ်ခံလုပ်ဆောင်နေသည်ဟု မှတ်ယူထားကြသည်။ ထိုမတူသော ရပ်ခံမှုများ မှထွက်ပေါ်လာသည့် စဉ်းစားကြည့်မြင်ပုံများအရ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများနှင့်ပတ်သက်၍ ကွဲလွဲမှုများဖြစ်
ပေါ်လာသည်ဟုဆိုရပါမည်။

● ဖြေရှင်းရန် စဉ်းစားမှုများ
အဆိုပါပြဿနာအားကျော်လွှားရန် စဉ်းစားမှုတခုမှာ NCA ထိုးထားသည့် အဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များကြား တွေ့ ဆုံပြီး နိုင်ငံရေးသဘောတူညီချက်ရယူခြင်းဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအားကျော်လွှားရန် စဉ်းစားမှုကိုလည်း တွေ့ရပါသည်။ ထိုသို့စဉ်းစားလုပ်ဆောင်ပါက လတ်တလောအကြပ်အတည်းကို ကျော်လွှားကောင်း ကျော်လွှားနိုင်မည်ဖြစ် သော်လည်း NCA တွင်ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲအဆင့်အဆင့်တွင် ပါဝင်သင့်ပါဝင်ထိုက်သူများအားလုံး ပါဝင်ရေးဆို သည့် သဘောတူညီချက်မှ လွဲချော်မည်ဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးညီလာခံဆိုသည်၏ အနှစ်သာရအားလည်း ထိခိုက်မည်ဖြစ် ပေသည်။

မိမိတဦးချင်းအရ ဖြေရှင်းသင့်သည့် နည်းလမ်းမှာ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးပါဝင်ရေး လူထုလက္ခဏာဆောင်ရေး ဆိုသည့်အခြေခံပေါ်မှ စဉ်းစားဖြေရှင်းသင့်သည်ဟု ယူဆပါသည်။ တဖက်က တိုင်းရင်းသားအဖွဲ့များအနေနှင့် ၎င်းတို့ချုပ် ကိုင်ရာဒေသများတွင် အမျိုးသားအဆင့်ဆွေးနွေးပွဲများအား ၎င်းတို့အစီအစဉ်ဖြင့် ပြုလုပ်ခွင့်ရှိသည်။ အစိုးရနှင့်တပ်မတော်ထိမ်းချုပ်ရာဒေသများတွင်ပြုလုပ်မည့် အမျိုးသားအဆင့်ဆွေးနွေးပွဲများအားသက်ဆိုင်ရာ ပြည်နယ်လူမျိုး (သို့မဟုတ်) ပြည် နယ်ကို ကိုယ်စားပြု ဖွဲ့စည်းထားသည့် တိုင်းရင်းသားနိုင်ငံရေးပါတီများအား ဦးစီးပြုလုပ်ခွင့်ပြုခြင်းဖြင့် ဖြေရှင်းသင့်သည်။

UPDJC တွင် နိုင်ငံရေးပါတီအစုအဖွဲ့ရှိနေပြီး တိုင်းရင်းသားနိုင်ငံရေးပါတီများလည်း ပါဝင်နေသည်ဖြစ်သည်။ အဆိုပါ တိုင်း ရင်းသားပါတီများမှာလက်ရှိ ပါတီစုံစနစ်အရ တရားဝင်ဖွဲ့စည်းခွင့်ရထားပြီး လူထုအား တရားဝင်စည်းရုံးလှုံ့ဆော်ခွင့် ရွေး ကောက်ပွဲဝင်ခွင့် ရထားသောပါတီများလည်းဖြစ်သည်။ သို့ဖြစ်ရာ UPDJC ၏ချမှတ်သောဆုံးဖြတ်ချက်နှင့်အညီ အဆိုပါတိုင်း ရင်းသားပါတီများအား အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ဦးစီးလုပ်ဆောင်ခွင့်ပေးပြီး ဖြေရှင်းပေးသင့်ပါသည်။ ဤသို့ ဖြေရှင်းခြင်းသည် အကြပ်အတည်းတခုကို ကျော်လွှားသည်သာမက မြေပေါ်ဥပဒေတွင်း တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍအား အားကောင်းမောင်းသန်ဖြစ်စေပြီး မြေပေါ်ပါတီများ၏အခန်းကဏ္ဍနှင့် တရားဝင်မှုကို လူထုမှပို၍ ယုံကြည် မှု ရရှိစေမည်ဖြစ်သည်။

ဤသို့ တိုင်းရင်းသားအဖွဲ့များနှင့် တရားဝင်တိုင်းရင်းသားနိုင်ငံရေးပါတီများကို သက်ဆိုင်ရာနယ်မြေအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ပြီးနောက် ၎င်းတို့ရရှိချက်များကို ပြန်လည်စုစည်းသည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို UPDJC က သတ်မှတ်ပေးသည့်မြို့တွင် ပြုလုပ်စေပြီး ပြည်ထောင်စုညီလာခံသို့ သယ်ဆောင်စေသင့်သည်ဟု သုံး သပ်ရပါသည်။

လက်တွေ့ကျကျပြောရလျင် လက်ရှိ ရှမ်းပြည်နယ် အမျိုးသားအဆင့်ဆွေးနွေးပွဲအား ဦးစွာအားဖြင့် RCSS အနေနှင့် ၎င်း တို့ထိမ်းချုပ်ရာဒေသများတွင် ပြုလုပ်ခွင့်ရှိသည်။ အစိုးရနှင့်တပ်မတော်ထိမ်းချုပ်ရာဒေသရှိ မြို့များတွင်ပြုလုပ်မည့် အမျိုးသားအဆင့်ဆွေးနွေးပွဲများအား SNLD/SNDP စသည့် တရားဝင် ရှမ်းအမျိုးသားပါတီများမှ ဦးဆောင်ကျင်းပရမည်။ ၎င်းတို့ (သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်အဖွဲ့နှင့် တိုင်းရင်းသားပါတီများ) ပူးပေါင်းလုပ်သည့် အမျိုးသားအဆင့်အစည်းအဝေး ပွဲအား ယခု UPDJC က သတ်မှတ်ပေးသည့် လင်းခေးကဲ့သို့ မြို့တွင် ပြုလုပ်ခွင့်ပေး၍ ဖြေရှင်းပါက လက်ရှိအကြပ်အတည်းကို ကျော်လွှားနိုင်သောနည်းလမ်းတခုအဖြစ် စဉ်းစားနိုင်ပေမည်။

ထိုအတူ မွန်၊ ကရင်တို့၏ အမျိုးသားအဆင့်ဆွေးနွေးပွဲများကို ဤသို့ဖြေရှင်းရန်လိုအပ်သည်။ ထို့ပြင် အကဲဆတ်သော အခြေအနေရှိ၍ ဟူသည့်အကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ်အား ဆွေးနွေးပွဲလုပ်ခွင့် ချန်လှပ်ထားသည်မှာလည်း မသင့် တော်ပေ။ ရခိုင်ပြည်နယ်အများစုမှာ မွတ်စလင်ပြဿနာမရှိပေရာ ဘူးသီးတောင်၊ မောင်တောမှအပ ကျန်ဒေသတွင် တရားဝင် ရခိုင်အမျိုးသားပါတီများ၏ ဦးဆောင်မှုဖြင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပေးရန်လိုသည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်မှတ်မထိုး၍ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ လုပ်ခွင့်မရှိကြသည့် ပြည်နယ်များတွင်လည်း တရားဝင်နိုင်ငံရေးပါတီများ၏ဦးစီးမှုဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပေးရန် လိုအပ်သည်။ သို့မှသာ ညီလာခံတွင် တိုင်းရင်းသားပြည်နယ်အားလုံးမှ ကိုယ်စားပြုအသံပါဝင်ပြီး ပြည်ထောင်စုညီလာခံဖြစ်ပေလိမ့်မည်။ သို့မှသာ ညီလာခံတွင်တက်ခွင့်ရှိသည့် UPDJC တွင်ပါဝင်ခွင့်ရှိသည့် တိုင်းရင်းသားပါတီများအတွက်လည်း အစစ်အမှန် ကိုယ်စားပြု ပါဝင်ခွင့်ရှိပေလိမ့်မည်။ ဤသို့ပြု လုပ်သည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်အား UPDJC ကြီးကြပ်မှုအောက်တွင် ထားရှိသည်ဖြစ်ပေရာအထိမ်းကွပ်မဲ့ဖြစ်မည်ကို စိုးရိမ်ရန်မလိုအပ်ဟု သုံးသပ်ရပါသည်။

● ဆွေးနွေးညှိနှိုင်းမှု
NCA ပါအချက်များအား အကောင်အထည်ဖေါ်နိုင်ရန် အရေးပါသည်မှာ နှစ်ဖက်သဘောတူညီချက်ဖြင့်ဆောင်ရွက်ရန်ဖြစ်သည်။ သို့ဖြစ်ရာ နှစ်ဖက်သဘောတူညီချက်မရပါက ရှေ့မတိုး နောက်မဆုတ်သာအခြေအနေနှင့် ကြုံရမည်သာဖြစ်သည်။ ဆွေးနွေးပွဲတွင် ပါဝင်သည့်ဖက်အားလုံးသည် မိမိမှန်သည်ဟု ဆုပ်ကိုင်ထားသည့်အမြင်ပေါ်မှ ရပ်ခံထားကြသည်သာဖြစ် သည်။ မတူသောအမြင်ရှိကြသည့် ဘက်အားလုံးလက်ခံနိုင်ရန်မှာ အားလုံးလက်ခံနိုင်သည့် ရှဥ့်လည်းလျှောက်သာ ပျား လည်းစွဲသာရှိသည့် အခြေအနေတရပ်အား ညှိနှိုင်းအဖြေရှာနိုင်ရေးဖြစ်ပါသည်။

တကယ်တမ်းဆိုလျင် NCA ပါသဘောတူညီချက်များသည် အလွန်ယေဘုယျဆန်ပါသည်။ ဆွေးနွေးညှိနှိုင်းအဖြေရှာရန် များစွာလိုအပ်ပါသည်။ အလွတ်သဘောရော တရားဝင်ပါ အကြိမ်ကြိမ်တွေ့ဆုံ၍ ညှိနှိုင်းအဖြေရှာနိုင်မှသာ အကြပ်အတည်း များကို ကျော်လွှားနိုင်ပေလိမ့်မည်။

မောင်မောင်စိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်