နေသန် ● အစိမ်းရောင်နယ်မြေက ယုန်ကလေး (ဘာသာပြန်)

April 19, 2018

● အစိမ်းရောင်နယ်မြေက ယုန်ကလေး (ဘာသာပြန်)
(မိုးမခ) ဧပြီ ၁၉၊ ၂၀၁၈

Hassan Blasim ၏ The Green Zone Rabbit အား မြန်မာဘာသာသို့ ပြန်ဆိုသည်။

ဥတွေပေါ်မလာခင်တုန်းက ကျွန်တော် ညတိုင်း အိပ်ရာမဝင်ခင် ဥပဒေအကြောင်း ဒါမှမဟုတ် ဘာသာရေးအကြောင်း စာ အုပ်တစ်အုပ်အုပ်ကို ဖတ်နေကျ။ ကျွန်တော့်ယုန်ကလေးလိုပဲ၊ ကျွန်တော်က မနက်မိုးသောက်နဲ့ နေဝင်ဆည်းဆာတဝိုက် အချိန်တွေမှာ တက်တက်ကြွကြွ အဖြစ်ဆုံးလေ။ ဆယ်ဆယ်လ်ကတော့ ညကြီးမိုးချုပ်ထိနေပြီးးတည့်လောက်မှ ထတတ် တယ်။ ပြီးတော့ သူအိပ်ရာထဲကမထခင် လက်ပ်တော့ကိုဖွင့်၊ ဖေ့ဘွတ်ခ်ဝင်ပြီး မနေ့ညက ဆွေးနွေးခန်းရဲ့ ကွန်မန့်အသစ် တွေကို ဖတ်တယ်။ အဲဒါတွေပြီးတော့မှ ထပြီးရေမိုးချိုးတယ်။ ပြီးရင်တော့ မီးဖိုချောင်ထဲဝင်၊ ရေဒီယိုကိုဖွင့်ပြီး ကြက်ဥကြော်၊ ကော်ဖီဖျော်နေရင်းနဲ့ သတင်းနားထောင်တယ်။ သူ မနက်စာကို ဥယျာဉ်ထဲယူလာပြီး အမိုးအောက်က စားပွဲမှာထိုင်တယ်။ ကျွန်တော့်ကိုလှမ်းကြည့်ရင်း စားတယ်၊ သောက်တယ်၊ စီးကရက်ဖွာတယ်။

“ဂွတ်မောနင်း၊ ဟက်ဂျန်၊ ပန်းတွေ ဘာထူးသေးလဲ”

“ဒီနှစ်ကပူတော့ သိပ်ပွင့်မှာမဟုတ်ဘူး” လို့ ကျွန်တော် နှင်းဆီချုံတွေကိုချိုင်ရင်း သူ့ကိုပြန်ဖြေတယ်။

ဆယ်ဆယ်လ် က စီးကရက်နောက်တစ်လိပ် မီးညှိပြီး ကျွန်တော့်ယုန်ကလေးကို ခပ်ရွဲ့ရွဲ့ပြုံးပြတယ်။ သူ ဘာလို့ ယုန်က လေးကို အမြင်မကြည်သလဲ ကျွန်တော် နားလည်လို့ကိုမရဘူး။ အဘွားကြီး အမ်ဒါလာက ခေါ်လာတာ။ ပန်းခြံထဲက တွေ့ လာတယ်လို့ ပြောတယ်။ အမ်ဒါလာ ပိုင်ရှင်ရှာနေတုန်းမှာ ကျွန်တော်တို့ စောင့်ရှောက်ထားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ယုန် ကလေး ကျွန်တော်တို့ဆီရောက်လာတာ တစ်လလောက်ရှိပြီ။ အစိမ်းရောင်နယ်မြေ မြောက်ပိုင်းက ရောင်စုံဗီလာထဲမှာ ကျွန်တော် ဆယ်ဆယ်လ်နဲ့နေလာတာ နှစ်လလောက်ရှိပြီ။ ဗီလာက တစ်ကိုယ်တည်းထီးတည်းဖြစ်နေတာ။ နံရံခပ်မြင့်မြင့် ရယ်၊ လျှပ်စစ်လုံခြုံရေးစနစ်တပ်ဆင်ထားတဲ့ ဂိတ်တံခါးရယ်နဲ့။ စစ်ဆင်ရေး ဘယ်တော့လဲဆိုတာ ကျွန်တော်တို့မသိဘူး။ ဆယ်ဆယ်လ်က ပရိုကျွမ်းကျင့်အဆင့်။ ဒါ ကျွန်တော့်ရဲ့ပထမဆုံးစစ်ဆင်ရေးမို့ သူတို့ ကျွန်တော့်ကို ဘဲကလေးလို့ ခေါ်ကြ တယ်။

မစ္စတာ ဆယ်လ်မန်က တစ်ပတ်တစ်ခေါက်လာပြီး ကျွန်တော်တို့အခြေအနေမေးတယ်၊ အားပေးတယ်။ မစ္စတာ ဆယ်လ် မန်က အရက်ပုလင်းတချို့နဲ့ ဆေးခြောက်နည်းနည်းယူလာတတ်တယ်။ ကျွန်တော်တို့ကို ပေါတောတောနိုင်ငံရေးပြက်လုံး တွေအမြဲပြောပြီး ဒီစစ်ဆင်ရေးက ဘယ်လိုအရေးကြီးတယ်၊ ဘယ်လောက်သိုဝှက်ဖို့လိုတယ်ဆိုတာ သတိပေးနေကျ။ ဒီ ဆယ်လ်မန်ဆိုတဲ့လူကြီးက ဆယ်ဆယ်လ်နဲ့ တိုးတိုးတိုးတိုးပြောပြီး ကျွန်တော့်ကိုတော့ အတွင်းရေးတွေ ထုတ်မပြောဘူး။ အဲဒါတွေကြောင့် ကျွန်တော် အတွေ့အကြုံနုနေသေးတာ။ ကျွန်တော့်စိတ်ထဲ သိပ်တော့မထားပါဘူး။ ကိုယ့်ဘဝရဲ့ ခါးသီးမှု ထဲမှာပဲ ကျွန်တော်နစ်မွန်းနေတာ။ ကမ္ဘာကြီးကို တစ်ချက်တည်းနဲ့ ပွဲချင်းပြီးပျက်စီးသွားစေချင်တာ။

အမ်ဒါလာက တစ်ပတ်နှစ်ရက် လာတတ်တယ်။ သူ (မ) က ကျွန်တော်တို့အတွက် စီးကရက်တွေ ယူလာပေးတဲ့အပြင် အိမ် ကို သန့်ရှင်းရေးလုပ်ပေးတယ်။ တစ်ခါတုန်းက ဆယ်ဆယ်လ် သူ (မ) ကို လက်ရောက်ဖူးတယ်။ သူ (မ)  ဒိုလ်မာအစာသွပ် မုန့် ပြင်နေတုန်း သူ သူ (မ) ရဲ့တင်ပါးကို သွားကိုင်တာ။ သူ (မ) က ယောက်မနဲ့ သူ့နှာခေါင်းကို လှမ်းရိုက်လို့ သွေးတောင် ထွက်သွားသေးတယ်။ အဲဒီ့နောက်ပိုင်း ဆယ်ဆယ်လ် သူ (မ) ကို မခေါ်မပြောတော့ဘူး။ သူ (မ) က အသက်ငါးဆယ်ပိုင်း ထဲရောက်ပေမယ့် ဖျတ်ဖျတ်လတ်လတ်ရှိတုန်း။ ကလေးက ကိုးယောက်တောင်ရှိတယ်။ သူ (မ) က ယောက်ျားတွေကို မုန်း တယ်လို့ ပြောတယ်။ ယောက်ျားတွေက တစ်ကိုယ်ကောင်းဆန်တဲ့ ရွံမုန်းစရာသတ္တဝါတွေမို့တဲ့။ သူ (မ) ယောက်ျားက လျှပ် စစ်ကုမ္ပဏီမှာ အလုပ်လုပ်တာ။ ဓာတ်တိုင်ထိပ်ကနေပြုတ်ကျပြီး ဆုံးသွားတာ။ သူက အမူးသမားလေ။

ကျွန်တော့်ဥယျာဉ်ထောင့်နားလေးမှာ ယုန်ကလေးအတွက် ယုန်လှောင်အိမ်လေးဆောက်ပေးပြီး ကျကျနန စောင့်ရှောက် ထားတယ်။ ယုန်တွေက အထိမခံရွှေပန်းကန်သတ္တဝါလေးတွေမို့ သန့်သန့်ရှင်းရှင်းထား၊ ဝဝလင်လင် ကျွေးထားရမယ်ဆိုတာ ကျွန်တော်သိတယ်။ အဲဒီ့အကြောင်းကို ကျွန်တော် အလယ်တန်းကျောင်းတုန်းက ဖတ်ဖူးတာ။ ကျွန်တော် ဆယ့်သုံးနှစ်သား ကစပြီး စာဖတ်ဝါသနာဝါလာတာ။ အစပိုင်းမှာ ကျွန်တော် ဂန္ထဝင်အာရပ်ကဗျာတွေနဲ့ ရုရှားဘာသာပြန်ဝတ္ထုတွေဖတ်တယ်။ ဒါပေမယ့် ကျွန်တော် တဖြည်းဖြည်းနဲ့ ငြီးငွေ့လာတယ်။ ကျွန်တော်အိမ်နီးနားချင်းက စိုက်ပျိုးရေးဝန်ကြီးဌာနမှာ လုပ်တာ။ တစ်နေ့တော့ ကျွန်တော် သူ့သား  ဆလမ်းနဲ့ သူတို့အိမ်ခေါင်မိုးထပ်မှာကစားနေတုန်း အထုပ်ပလုတ်တွေအောက်မှာ သစ် သားသေတ္တာကြီးတစ်လုံးကို တွေ့သွားတယ်။ အဲဒီ့သေတ္တာထဲမှာ သီးနှံတွေနဲ့ ရေပေးသွင်းစနစ်တွေအကြောင်း စာအုပ်တွေ၊ အပင်နဲ့ပိုးမွှားတွေအကြောင်း စွယ်စုံကျမ်းတွေရှိတယ်လို့ ဆလမ်းက ဖွင့်ပြောပြတယ်။ အဲဒီ့စာအုပ်တွေအောက်မှာ တူရကီ မင်းသမီးပုံမျက်နှာဖုံးတွေနဲ့ ချစ်မှုရေးရာမဂ္ဂဇင်းတွေအများကြီးပဲ။ ဆလမ်းက ကျွန်တော့်ကို မဂ္ဂဇင်းတစ်စောင်ပေးတယ်။ ကျွန်တော် ဒီနိုင်ငံမှာပေါက်တဲ့ အုန်းပင်၊ ထန်းပင်အမျိုးမျိုးအကြောင်း စာအုပ်တစ်အုပ်ပါ ယူလာခဲ့တယ်။ အဲဒီ့နောက်တော့ ကျွန်တော် ဆလမ်းမပါလည်း သူတို့အိမ်ခေါင်မိုးထပ်ကိုခိုးတက်ပြီး စာအုပ်တစ်အုပ်နဲ့ မဂ္ဂဇင်းတစ်စောင်ယူတယ်။ အရင်ငှား ထားတာတွေ ပြန်ထည့်တယ်။ အဲဒီ့နောက်မှာ ကျွန်တော် အပင်တွေ၊ တိရိစ္ဆာန်တွေအကြောင်း စာအုပ်တွေကို ကြိုက်သွား တယ်။ စာအုပ်ဆိုင်သွားပြီး အသစ်ထွက်တိုင်းဝယ်တယ်။ စစ်တပ်ထဲ အတင်းမဝင်ခိုင်းခင်အထိပေါ့။

စာဖတ်ခြင်းကနေရတဲ့သာယာမှုက ကြောင်တောင်တောင်တော့နိုင်တယ်။ အကြောင်းအရာအသစ်တစ်ခုသိတိုင်း သိချင်စိတ် စောလာတယ်။ အသေးစိတ်ထိ နားလည်ဖို့ ကြိုးစားပြီး ကိုးကားချက်တွေ လိုက်ရှာတယ်။ တခြားစာအုပ်တွေမှာ ဒီအကြောင်း အရာရဲ့မူအမျိုးမျိုးကို လိုက်ရှာဖတ်တယ်။ ဥပမာပြောရရင် အနမ်းအကြောင်း အသေးစိတ်ရှာဖတ်ဖူးတာကို မှတ်မိသေး တယ်။ ကျွန်တော် ဖတ်ရင်းဖတ်ရင်းနဲ့ မူးနောက်လာတယ်။ စိတ်ကြွရူးသွပ်စေတဲ့သစ်သီးတစ်ခုခုကို စားမိတဲ့အတိုင်းပဲ။ လေ့လာချက်တွေအရ ချင်ပန်ဇီအမတွေက နမ်းရှုံ့ခြင်းကို အုပ်စုအတွင်း တင်းမာမှု၊ နွမ်းနယ်မှု၊ ကြောက်ရွံ့မှုတွေကို ဖြေ ဖျောက်ဖို့ နည်းလမ်းတစ်ခုအဖြစ်သုံးတယ်လို့ ဆိုတယ်။ သူတို့ပိုင်နက်ထဲ သူစိမ်းတစ်ယောက်ယောက်ဝင်လာတယ်ထင်ရင် သူတို့အဖော်ဆီပြေးပြီး ပွေ့ဖက်တယ်၊ နမ်းရှုံ့တယ်လို့ ဆိုကြတယ်။ ပြီးတော့ ကျွန်တော် အနမ်းအကြောင်း သုတေသန အကြာကြီးလုပ်အပြီးမှာ နောက်အနမ်းတစ်ခုကို ထပ်တွေ့ပြန်တယ်။ အပူပိုင်းငါးတစ်မျိုးက နာရီဝက်ကျော်ကျော်လောက် မနားတမ်း အချင်းချင်းနမ်းကြသတဲ့။ ပိတ်ဆို့မှုတွေအောက် အမှောင်ကာလနှစ်များအတွင်း အမှတ်ရစရာက စာအုပ်တွေကို ငမ်းငမ်းတက် ဆာလောင်ခြင်းပါပဲ။ မီးက တစ်နေ့ကို နာရီနှစ်ဆယ်လောက် ပျက်နေတာ။ အထူးသဖြင့် သမ္မတအိမ်တော်ကို အမေရိကန်ပြည်ထောင်စုက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်တဲ့အခါမျိုးမှာပေါ့။ ကျွန်တော် သန်းခေါင်မှာ အိပ်ရာထဲ တက်လှဲပြီး ဖယောင်းတိုင်မီးလေးကို အားကိုးပြီး နောက်ထပ်အနမ်းမျိုးစိတ်အကြောင်း ဖတ်ပါလေရော။ ရက်ဒူးဗီးရက်စ်လို့ခေါ်တဲ့ ပိုးမွှားလေးရဲ့ အနမ်းပေါ့။ သူတို့ အချင်းချင်းနမ်းတာတော့မဟုတ်ဘူး။ အဲဒီ့အကောင်တွေက အိပ် ပျော်နေတဲ့လူတွေရဲ့ပါးစပ်ကို ကြိုက်တာ။ သူတို့က မျက်နှာပေါ်ပြေးတက်ပြီး ပါးစပ်နားရောက်တာနဲ့ စတည်းချပြီး စနမ်းပါ တော့တယ်။ နမ်းနေတုန်းမှာ အဆိပ်တစ်မျိုးကို အမှုန်အစက်လေးအနေနဲ့ ထုတ်တယ်။ တကယ်လို့ အိပ်နေတဲ့သူက ကျန်းမာရေးဒေါင်ဒေါင်မြည်တဲ့သူဆိုရင်တောင်မှ အဆိပ်သင့်အနမ်းကြောင့် ခပ်ကြီးကြီးမိုးရေစက်လေးစက်အရွယ်အစားလောက် နှုတ်ခမ်းကြီး ယောင်ကိုင်းလာမယ်။

ကျွန်တော် စစ်တပ်ထဲက အရှက်ခွဲတဲ့စနစ်ကြီးကို မခံနိုင်လို့ တပ်ပြေးအဖြစ်ခံခဲ့တယ်။ ညပိုင်းမှာ ကျွန်တော် မုန့်ဖိုတစ်ခုခမှာ လုပ်တယ်။ ကျွန်တော့်အမေနဲ့ ညီငါးကောင်ကို ထောက်ပံ့ရဦးမယ်လေ။ အဲဒီ့မှာ ကျွန်တော် စာဖတ်ချင်စိတ်ပျောက်သွားတယ်။ ကျွန်တော့်အတွက် ကမ္ဘာကြီးဟာ နားမလည်နိုင်စရာကောင်းတဲ့၊ ဒဏ္ဍာရီဆန်တဲ့ သတ္တဝါတစ်ကောင်ဖြစ်လာတယ်။ ကျွန် တော် တပ်ပြေးပြီး နောက်တစ်နှစ်မှာ အစိုးရဖြုတ်ချခံရသွားတယ်။ တပ်ပြေးမှုအတွက် ပြစ်ဒဏ်ကျမှာ စိုးကြောက်နေစရာ မလိုတော့ဘူး။ အစိုးရသစ်က စစ်မှုထမ်းခြင်းကို ဖျက်သိမ်းလိုက်တယ်။ ဘာသာကွဲအချင်းချင်းကြား ခေါင်းဖြတ်အကြမ်းဖက်မှုတွေဖြစ်လာတော့ ကျွန်တော် ဒီနိုင်ငံကနေ ဥရောပဆီ ထွက်ပြေးဖို့ ကြံရွယ်ခဲ့တယ်။ ဒါပေမယ့် အဲဒီ့အချိန်မှာပဲ သူတို့ ကျွန်တော့်ညီနှစ်ယောက်ကို သတ်ခဲ့ကြတယ်။ သူတို့ အမျိုးသမီးဖိနပ်ချုပ်စက်ရုံကနေ အလုပ်ပြန်လာကြတာ။ တက္ကစီသမား က သူတို့ကို စစ်ဆေးရေးဂိတ်အတုတစ်ခုမှာ ချထားခဲ့တယ်။ ဘာသာရေးစစ်သွေးကြွတွေက သူတို့ကို လူမသိသူမသိတစ်နေရာ ဆီ ခေါ်သွားခဲ့ကြတယ်။ သူတို့ ကျွန်တော့်ညီတွေရဲ့တစ်ကိုယ်လုံးကို လျှပ်စစ်လွန်ပူနဲ့ အပေါက်တွေ ဖောက်ပြီး ခေါင်းဖြတ် ခဲ့ကြတယ်။ အလောင်းတွေကို မြို့အစွန်က အမှိုက်ပုံမှာ စွန့်ပစ်ထားခဲ့ကြတယ်။

ကျွန်တော် စိတ်ထောင်းထောင်းကြေသွားပြီး အိမ်ကို စွန့်ခွာခဲ့တယ်။ အမေနဲ့ ညီတွေရဲ့ မျက်နှာပေါ်က တုန်လှုပ်မှုကို ကျွန် တော်မကြည့်ရက်ဘူး။ ကျွန်တော် လမ်းပျောက်နေတယ်။ ဒီဘဝမှာ ကိုယ်ဘာလိုချင်တာလဲဆိုတာ ကျွန်တော် မသိတော့ဘူး။ ကျွန်တော် ခပ်စုတ်စုတ်ဟိုတယ်တစ်ခုမှာ အခန်းယူနေခဲ့တယ်။ အဲဒီ့နောက် ကျွန်တော့်ဦးလေးရောက်လာပြီး သူ့ဂိုဏ်း အောက်မှာ လုပ်ဖို့ ကမ်းလှမ်းတယ်။ လက်စားချေဖို့အတွက်ပေါ့။

နွေနေ့ရက်တွေဟာ ရှည်လျားပြီး ငြီးငွေ့ဖို့ကောင်းတယ်။ ဗီလာက ရေကူးကန်နဲ့ ချွေးထုတ်ခန်းပါတော့ နေလို့ကောင်းတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ တံလျှပ်တစ်ခုလိုပါပဲ။ ဆယ်ဆယ်လ် က ဒုတိယထပ်မှာ အခန်းတစ်ခန်းယူတယ်။ ကျွန်တော်ကတော့ စာအုပ်စင်ရှိတဲ့ ဧည့်ခန်းကြီးထဲက ဆိုဖာမှာ ခေါင်းလုံးတစ်လုံး၊ စောင်တစ်ထည်နဲ့ပဲ ကျေနပ်ပါတယ်။ ကျွန်တော် ဥယျာဉ်နဲ့ ဗီလာရဲ့အပြင်ဂိတ်တံခါးကို မပြတ်စောင့်ကြည့်နေချင်တာ။ မထင်မှတ်ထားတာတစ်ခုခုဖြစ်လာခဲ့ရင်ဆိုပါတော့။ ကျွန်တော် ဧည့်ခန်းထဲက စာအုပ်စင်ရဲ့အရွယ်အစားကို တအံ့တသြဖြစ်မိတယ်။ ဘာသာရေးအကြောင်း၊ ပြည်တွင်း နဲ့ နိုင်ငံတကာဥပဒေအကြောင်း စာအုပ်အတွဲလိုက်ရှိတယ်။ စင်ပေါ်မှာ ကျွန်းသားနဲ့ထုထားတဲ့ တိရစ္ဆာန်ရုပ်တုတွေ စီထား တယ်။ အဲဒီ့ရုပ်တုတွေက ဘာသာရေးစာအုပ်တွေနဲ့ ဥပဒေစာအုပ်တွေကို ကန့်ထားပေးတယ်။ မှောင်ရီပျိုးပျပြီဆိုတာနဲ့ ကျွန်တော် စားစရာတစ်ခုခုဆွဲပြီး ဆိုဖာပေါ် ပစ်လှဲတယ်။ ကျွန်တော့်ဘဝအဖြစ်အပျက်တွေအကြောင်း နည်းနည်းလွမ်းတယ်။ အဲဒီ့နောက် စာအုပ်တစ်အုပ်ထုတ်ပြီး အာရုံထွေထွေပြားပြားနဲ့ ဖတ်တော့တယ်။ ကျွန်တော့်ခေါင်းထဲက လောကဟာ ညည်း သံခပ်ဖွဖွထွက်တဲ့ ပင့်ကူအိမ်တစ်ခုလိုပဲ။ သက်တမ်းကုန်တော့မယ့် တည်ရှိခြင်းတစ်ခုရဲ့ ခပ်ဖွဖွညည်းသံ။ နူးညံ့ပါးလွှာတဲ့ အတောင်ပံတွေ နောက်ဆုံးအကြိမ်အနေနဲ့ ဖြန့်သလို။

မစ္စတာ ဆယ်လ်မန်နောက်ဆုံးအခေါက် မလာခင်သုံးရက်အလိုမှာ ကျွန်တော် ဥကို တွေ့ခဲ့တာ။ အဲဒီ့နေ့က ကျွန်တော် ထုံးစံအတိုင်း အရုဏ်တက်မှာ နိုးလာခဲ့တယ်။ အစာနဲ့ ရေယူပြီး ကျွန်တော့်မိတ်ဆွေယုန်ကလေးဆီ ထွက်လာခဲ့တယ်။ ကျွန် တော် သူ့လှောင်အိမ်ကိုဖွင့်ပေးတော့ သူ ဥယျာဉ်ထဲခုန်ထွက်သွားတယ်။ လှောင်အိမ်ထဲမှာ ဥတစ်လုံး။ ကျွန်တော် ကောက် ယူပြီး ကိုင်ကြည့်တယ်။ ယုတ္တိမတန်မှုကို နားလည်ဖို့ ကြိုးစားတယ်။ ကြက်ဥလို့ပြောရလောက်အောင်လည်း မကြီးဘူး။ ကျွန်တော် စိုးရိမ်တာနဲ့ ဆယ်ဆယ်လ် အခန်းဆီ တန်းသွားလိုက်တယ်။ ကျွန်တော် သူ့ကို နှိုးပြီး အဲဒီ့အကြောင်း ပြောပြတယ်။ ဆယ်ဆယ်လ် ဥကို ယူပြီး ခဏလောက် ငေးကြည့်တယ်။ အဲဒီ့နောက် ခပ်ထေ့ထေ့ရယ်တယ်။

“ဟက်ဂျာ ငါ့ကို အတည်ပေါက်ပြီး လာနောက်နေတယ်” လို့ ကျွန်တော့်မျက်လုံးဆီ လက်ညှိုးကြီးထိုးပြီး ပြောတယ်။

“ဘာပြောချင်တာလဲ။ အဲဒီ့ဥကို ဥတာ ကျွန်တော်မဟုတ်ဘူး” လို့ ကျွန်တော် အခိုင်အမာပြောတယ်။

ဆယ်ဆယ်လ် သူ့မျက်လုံးတွေကို ပွတ်သပ်တယ်။ ပြီးတော့ အိပ်ရာထဲကနေ ရုတ်တရက်ကြီး ထခုန်ထွက်တယ်။ အရူး တစ်ယောက်လို။ ကျွန်တော့်ကို လှိမ့်ဆဲတယ်။ ကျွန်တော်တို့ ဗီလာဂိတ်တံခါးဆီသွားပြီး လုံခြုံရေးစနစ်ကို စစ်ဆေးတယ်။ နံရံတွေကို စစ်တယ်။ ဥယျာဉ်ထဲရော၊ အခန်းတွေထဲရော ရှာတယ်။ မသင်္ကာစရာတစ်ခုမှ မတွေ့ဘူး။ ယုန်လှောင်အိမ်ထဲက ဥတစ်လုံးကလွဲလို့ပေါ့။ တစ်ယောက်ယောက် ဗီလာထဲ ခိုးဝင်၊ ယုန်ကလေးဘေးမှာ ဥတစ်လုံးထားသွားပြီး ကျွန်တော်တို့ကို စနောက်နေတာလို့ တွေးရုံပဲရှိတော့တယ်။

“ဟိုဖာသည်မ အမ်ဒါလာ လာအာရုံနောက်တာနေမှာပါ။ မင်းနဲ့ မင့်ယုန်နဲ့တော့ ခက်နေပါပြီ” လို့ ဆယ်ဆယ်လ် ကပြောတယ်။ ဒါပေမယ့် အဲဒီ့နောက် သူ ငြိမ်ကျသွားတယ်။

အမ်ဒါလာ နေမကောင်းဖြစ်ပြီး ပြီးခဲ့တဲ့အပတ်ကတည်းက ကျွန်တော်တို့ဆီမလာတာ ကျွန်တော်တို့နှစ်ယောက်လုံးသိပြီးသား။ ကျွန်တော်တို့ ပိုကြောက်သွားတာက အိမ်ထဲမှာ ခုခံစရာ သေနတ်တစ်လက်မှ မရှိတာပဲ။ စစ်ဆင်ရေးနေ့မှ ကျွန်တော်တို့ကို သေနတ်တွေ ကိုင်ခွင့်ပေးမှာ။ အစိမ်းရောင်နယ်မြေ က အစိုးရဧရိယာတစ်ခုဖြစ်ပြီး နိုင်ငံရေးသမားအများစု နေတာမို့ အမှတ်မထင်ဝင်ရှာတာမျိုးကို သူတို့စိုးရိမ်တာ။ ကျွန်တော်တို့ လွှတ်တော်အဖွဲ့ဝင်တစ်ယောက်ရဲ့ ကိုယ်ရံတော် တွေလို့ဟန်ဆောင်ပြီး ဗီလာမှာ နေနေကြတာ။ ဆယ်ဆယ်လ် မထိန်းနိုင်ဖြစ်ပြီး ယုန်ကို သတ်ပစ်ဖို့ ပြောလာတယ်။ ကျွန်တော် ငြင်းလိုက်ပါတယ်။ ခုဖြစ်တဲ့ကိစ္စနဲ့ ယုန်ကလေးနဲ့ ဘာမှမဆိုင်ဘူးလို့ ပြောလိုက်တယ်။

“မင့်သောက်ယုန်က အဲဒီ့ဥကို ဥတာမဟုတ်ဘူးလား” လို့ သူ့အခန်းဆီ ပြန်သွားရင်း ဒေါသတကြီးပြောတယ်။

ကျွန်တော် ကော်ဖီဖျော်ပြီး ဥယျာဉ်ထဲမှာ ထိုင်တယ်။ ယုန်ကလေး သူ့မစင်သူပြန်စားနေတာကို ကြည့်နေတယ်။ အဲဒီ့မစင် ထဲမှာ သူ့အူထဲက အကောင်သေးသေးမွှားမွှားလေးတွေကထုတ်တဲ့ ဗိုက်တာမင် ဘီ ပါတယ်လို့ ပြောကြတယ်။ ခဏနေတော့ ဆယ်ဆယ်လ် သူ့လက်ပ်တော့ကို ယူပြီး ပြန်လာတယ်။ သူ့ဖာသူ တိုးတိုးလေးရေရွတ်နေတယ်။ မစ္စတာ ဆယ်လ်မန်ကို တစ်ချိန်လုံး ကျိန်ဆဲနေတယ်။ သူ့ဖေ့ဘွတ်ခ်စာမျက်နှာကိုကြည့်ပြီး ကျွန်တော်တို့ အချိန်ပြည့်သတိရှိနေဖို့လိုတယ်လို့ ပြောတယ်။ ဒီည ဒုတိယထပ်က သူ့အခန်းမှာ လာအိပ်ဖို့ ကျွန်တော့်ကို ပြောတယ်။ အဲဒီ့အခန်းကနေ ဂိတ်တံခါးနဲ့ နံရံတွေကို စောင့်ကြည့်တာ ပိုအဆင်ပြေလို့တဲ့။

ကျွန်တော်တို့ မီးတွေ ပိတ်လိုက်တယ်။ ဆယ်ဆယ်လ် ရဲ့အခန်းထဲမှာထိုင်ပြီး အလှည့်ကျ ကင်းစောင့်တယ်။

နှစ်ညကျော်တဲ့အထိ မသင်္ကာစရာ မတွေ့ဘူး။ ဗီလာက တိတ်ဆိတ်ငြိမ်သက်အေးဆေးနေတယ်။ ကျွန်တော် ဆယ်ဆယ်လ် အခန်းထဲ နေနေတုန်းမှာ သူ ဖေ့ဘွတ်ခ်ကို စစ်နှင့်ငြိမ်းချမ်းရေး ဆိုတဲ့နာမည်နဲ့ ဝင်တာကို သိခဲ့ရတယ်။ ပရိုဖိုင်းပုံက တော်စတွိုင်းရဲ့မီးသွေးပန်းချီပုံနဲ့။ သူ့မှာ ဖရန့်တစ်ထောင်ကျော်ရှိပြီး အများစုက စာရေးဆရာတွေ၊ ဂျာနယ်လစ်တွေ၊ ပညာရှင်တွေ။ သူ သူတို့ရဲ့အမြင်တွေကို ဆွေးနွေးတယ်။ ဒီနိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်မှုအကြောင်း စိစစ်ချက်ကို တင်တယ်။ ယဉ်ကျေးမှုဝန်ကြီးအကြောင်း တောင်တောင်အီအီပြောပြီး ကျွန်တော့်ကိုတောင် နိုင်ငံရေးစကားဝိုင်းထဲ ဆွဲသွင်းနေသေး တယ်။ ဝန်ကြီးက ဘယ်လောက် ယဉ်ကျေးတာ၊ လူသားဆန်တာ၊ ထက်မြက်တာ ဆိုတာ ချီးကျူးခန်းဖွင့်တယ်။ အဲဒီ့အချိန်မှာ ကျွန်တော် ဝန်ကြီးအကြောင်းပြောဖို့ စိတ်ဝင်တစားမရှိလှဘူး။ ကျွန်တော်တို့လိုအလုပ်မျိုးလုပ်နေတဲ့သူတွေဟာ အင်တာနက် ချက်တင်တွေနဲ့ ခပ်ဝေးဝေးမှာ နေသင့်တယ်လို့ ကျွန်တော် သူ့ကို ပြောလိုက်တယ်။ သူက ခပ်ထေ့ထေ့ကြည့်ပြီး “မင့်ရဲ့ ဥ,ဥတဲ့ ယုန်ကိုပဲ ကြည့်ရှုစောင့်ရှောက်နေစမ်းပါ၊ ဟက်ဂျာရာ” လို့ ပြောတယ်။

မစ္စတာ ဆယ်လ်မန် ကျွန်တော်တို့ဆီရောက်လာတော့ ဆယ်ဆယ်လ် သူ့ရှေ့မှာ ယုန်ကလေးရဲ့ဥအကြောင်းပြောပြီး ဒေါသအိုးပေါက်ကွဲပြတယ်။ မစ္စတာ ဆယ်လ်မန်က ကျွန်တော်တို့ပြောတာကို လှောင်ပြောင်ပြီး အမ်ဒါလာ ကို သံသယမထားဖို့ ပြောတယ်။ သူ (မ) က သူတို့နဲ့ အလုပ်တွဲလုပ်လာတာ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့အပြင် ရိုးသားသူဖြစ် တယ်လို့ ပြောတယ်။ ဒါပေမယ့် ဆယ်ဆယ်လ် က သူ့ကို သစ္စာဖောက်လို့ စွပ်စွဲတယ်။ သူတို့ ငြင်းခုန်စကားများနေတာကို ကျွန်တော် ထိုင်ကြည့်နေလိုက်တယ်။ သူတို့ရန်ပွဲကနေ ကျွန်တော်သိလိုက်တာက ဂိုဏ်းတွင်းနဲ့ နိုင်ငံရေးလုပ်ကြံမှုတွေမှာ အကျိုးအမြတ်ကြောင့် လူတွေ သစ္စာဖောက်တတ်ကြတယ်ဆိုတာပဲ။ အာဏာရလူကြီးတွေက အငှားလူသတ်သမားတွေကို အချင်းချင်းကြား အလကားကမ်းပေးကြတယ်။ နိုင်ငံရေးရာထူးတွေအတွက် အပေးအယူတစ်ခုအနေနဲ့၊ ဒါမှမဟုတ် အကြီးစားအကျင့်ပျက်ခြစားမှုကို ဖုံးကွယ်ဖို့ပေါ့။ ဒါပေမယ့် မစ္စတာ ဆယ်လ်မန်က ဆယ်ဆယ်လ် ရဲ့ စွပ်စွဲချက်တွေကို ငြင်းတယ်။ ပစ်မှတ်ကို လုပ်ကြံဖို့ နှစ်ရက်ပဲလိုတော့တာမို့ ကျွန်တော်တို့ကို စိတ်အေးအေးထားဖို့ ပြောတယ်။ ကျွန်တော်တို့ မီးဖိုချောင်ထဲမှာ ထိုင်ကြပြီး မစ္စတာ ဆယ်လ်မန်က အစီအစဉ်အသေးစိတ်ကို ရှင်းပြတယ်။ အဲဒီ့နောက် သူ အိတ်ထဲက အသံတိတ်သေနတ်နှစ်လက်ကို ထုတ်ပြီး ကျွန်တော်တို့ကို စစ်ဆင်ရေးပြီးပြီး ငွေချေပေးမယ်လို့ ပြောတယ်။ အဲဒါပြီးရင် ကျွန်တော်တို့ မြို့တော်ရဲ့အစွန် တခြားတစ်နေရာရာမှာ ပြောင်းနေရမယ်လို့ ပြောတယ်။

“ယုန်ဥ ဟုတ်လား။ ဟား ဟား ဘဲကလေး။ မင်း တကယ့်လူရွှင်တော် ဖြစ်သွားပြီပဲ” လို့ မစ္စတာ ဆယ်လ်မန်က မပြန်ခင်မှာ ကျွန်တော့်ကို ခပ်တိုးတိုးကပ်ပြောသွားသေးတယ်။

နောက်ဆုံးညမှာ ကျွန်တော် ဆယ်ဆယ်လ်နဲ့ ညမိုးချုပ်တဲ့အထိ မအိပ်ဘဲနေတယ်။ ကျွန်တော် ယုန်ကလေးအတွက် စိုးရိမ်နေတာ။ အမ်ဒါလာက တော်တော်နဲ့ ပြန်လာမယ့်ပုံမပေါ်ဘူး။ ယုန်ကလေး အစာငတ်၊ ရေပြတ်ပြီး သေမှာပဲ။ ဆယ် ဆယ်လ်က ထုံးစံအတိုင်း ဖေ့ဘွတ်ခ်နဲ့ အလုပ်ရှုပ်နေတယ်။ ကျွန်တော် ပြတင်းပေါက်နားကပ်ထိုင်ပြီး ဥယျာဉ်ကို စောင့်ကြည့် နေတယ်။ သူ ဂိုဏ်းဂဏအကြမ်းဖက်မှုနဲ့ သူ့ရဲ့မြစ်ဖျားခံရာတွေအကြောင်း ယဉ်ကျေးမှုဝန်ကြီးနဲ့ ဆွေးနွေးခန်းဝင်နေတယ်လို့ သူကပြောတယ်။ ဆယ်ဆယ်လ် အပြောအရ ဝန်ကြီးက ဆက်ဒမ်ဟူစိန်လက်ထက်က ဝတ္ထုရှည်ဆရာတစ်ယောက်ဖြစ်ခဲ့ပြီး ဆူဖီဝါဒအကြောင်း ဝတ္ထုရှည်သုံးပုဒ်ရေးခဲ့တယ်တဲ့။ တစ်နေ့တော့ သူနဲ့ သူ့မိန်းမ တိုက်ဂရစ်မြစ်ကမ်းဘေးက ဗိသုကာပညာ ရှင်သူဌေးတစ်ယောက်ရဲ့ ပါတီပွဲကို ရောက်သွားတယ်။ သူ့မိန်းမက အချောအလှထဲကပဲ။ ပြီးတော့ သူ (မ) ယောက်ျားလို ယဉ်ကျေးတယ်။ သူ (မ) က အစ္စလာမ်လက်ရေးစာမူဟောင်းတွေကို စိတ်ဝင်တစားရှိတာ။ သမ္မတရဲ့အမျိုးတစ်ယောက်ဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီး ကလည်း ပါတီပွဲမှာ ဧည့်သည်တော်တစ်ယောက်ပဲ။ ပါတီပွဲအပြီးမှာ ပြည်ထဲရေးဝန်ကြီးက သူ့လက်အောက်ငယ်သားတွေကို ကျွန်တော်တို့မိတ်ဆွေရဲ့ ဝတ္ထုတွေဖတ်ဖို့ အမိန့်ပေးတယ်။ သုံးလေးရက်အကြာမှာပဲ သူတို့တွေ သူ့ကို နိုင်ငံတော်နဲ့ ပါတီကို ပုန်ကန်မှုနဲ့ ထောင်ချလိုက်ကြတယ်။ ပြည်ထဲရေးဝန်ကြီး က ဝတ္ထုရှည်ဆရာရဲ့မိန်းမကို အပေးအယူလုပ်ဖို့ ကမ်းလှမ်းတယ်။ သူ (မ) က သူ့တောင်းဆိုချက်တွေကို ငြင်းတဲ့အခါ ပြည်ထဲရေးဝန်ကြီးက သူ့လူတစ် ယောက်ကို မုဒိမ်းကျင့်စေတယ်။ ခင်ပွန်းသည်ဝတ္ထုရှည်ဆရာရဲ့ မျက်စိရှေ့မှာပဲ။ အဲဒီ့နောက်မှာ မိန်းမဖြစ်သူ ပြင်သစ်ကို ရွှေ့သွားပြီး လုံးဝပေါ်မလာတော့ဘူး။ ကိုးဆယ်ခုနစ်များအလယ်လောက်မှာ သူတို့ ဝတ္ထုရှည်ဆရာကို လွှတ်ပေးခဲ့ကြတယ်။ သူ သူ့မိန်းကို ပြင်သစ်သွားရှာပေမယ့် အစအနတောင် မတွေ့ခဲ့ရဘူး။ အာဏာရှင်အစိုးရပြုတ်ကျတော့ သူ သူ့တိုင်းပြည်သူ ပြန်လာတယ်။ ယဉ်ကျေးမှုဝန်ကြီးအဖြစ် ခန့်အပ်ခံရတယ်။ ဝတ္ထုရှည်ဆရာရဲ့ဇာတ်လမ်းက ဘောလိဝုဒ်ရုပ်ရှင်ဆန်နေသလိုပဲ။ ဒါပေမယ့် ကျွန်တော် အံ့သြတာက ဒီလူ့ရဲ့ဘဝဇာတ်ကြောင်းအသေးစိတ်ကို ဆယ်ဆယ်လ် ဘယ်လိုလုပ်သိနေတာလဲ ဆိုတာကိုပဲ။ သူ ဝန်ကြီးရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ထက်မြက်မှုကို လေးစားတာတော့ ကျွန်တော် သိတယ်။ ဝန်ကြီး ဘယ်ဂိုဏ်းကလဲလည်း ကျွန်တော် သူ့ကို မေးတယ်။ သူ ကျွန်တော့်မေးခွန်းကို ပြန်မဖြေဘူး။ အဲဒီ့နောက် ကျွန်တော်တို့ပစ်မှတ် အကြောင်း အစ်အောက်မေးဖို့ ကျွန်တော်ကြိုးစားတယ်။ ကျွန်တော့်လို လူသစ်တစ်ယောက်အနေနဲ့ အဲဒီ့လိုအကြောင်းတွေကို သိခွင့်မရှိဘူးလို့ သူက ပြန်ပြောတယ်။ ကျွန်တော်ရဲ့ တစ်ခုတည်းသောတာဝန်က ကားမောင်းဖို့ပဲ။ အသံတိတ်သေနတ်နဲ့ ပစ်မှတ်ကို ပစ်မှာက ဆယ်ဆယ်လ် ။

နောက်နေ့မနက်မှာ ကျွန်တော်တို့ မြို့လယ်ခေါင်ကားပါကင်ရှေ့မှာ စောင့်နေကြတယ်။ ပစ်မှတ်က အနီရောင်တိုယိုတာ ခရောင်းကားနဲ့ ရောက်လာမှာလို့ ပြောတာပဲ။ ကား ပါကင်ထဲဝင်လာတာနဲ့ တစ်ပြိုင်နက် ဆယ်ဆယ်လ် ကျွန်တော်တို့ကားထဲ ကထွက်၊ အထဲကို သူ့နောက် ခြေကျင်လိုက်သွားပြီး ပစ်လိုက်ရမှာ။ အဲဒါပြီးရင် ကျွန်တော်တို့ မြို့တော်အစွန်က နေရာသစ်ဆီ မောင်းထွက်လာခဲ့ရမှာ။ အဲဒါကြောင့် ကျွန်တော် ယုန်ကလေးကို ကားနောက်ခန်းထဲမှာ ထည့်ခေါ်လာခဲ့တာ။

ဆယ်ဆယ်လ် ရဲ့ဆဲလ်ဖုန်းထဲ စာတစ်စောင်ဝင်လာတယ်။ သူ့မျက်နှာ ဖြူဖျော့သွားတယ်။ ကျွန်တော်တို့ ပစ်မှတ်ကို စောင့်တာ ဆယ်မိနစ်ထက်မပိုရဘူး။ အားလုံးအဆင်ပြေရဲ့လားလို့ ကျွန်တော် သူ့ကို မေးတယ်။ သူ ဆဲရေးပြီး သူ့ပေါင်သူ ရိုက်တယ်။ ကျွန်တော် စိုးရိမ်သွားတယ်။ သူ ခဏလောက် ချီတုံချတုံဖြစ်နေပြီး ဆဲလ်ဖုန်းကို ကျွန်တော့်ဘက် ထိုးပေးတယ်။ ယုန်တစ်ကောင် ဥတစ်လုံးပေါ်ထိုင်နေတဲ့ပုံကို ပြတယ်။ ကြောင်တောင်တောင် ဖိုတိုရှော့ပုံတစ်ပုံပါ။ “ဒီပုံကို ဘယ်သူက ပို့တာလဲ သိလား” လို့ သူကမေးတယ်။

ကျွန်တော် ခေါင်းခါပြတယ်။

“ယဉ်ကျေးမှုဝန်ကြီးပဲ” လို့ သူကပြန်ဖြေတယ်။

“ဘာရယ်”

“ဝန်ကြီးက ပစ်မှတ်ပဲ၊ ဟက်ဂျာ”

ကျွန်တော် ကားထဲက ထွက်တယ်။ ဆယ်ဆယ်လ်ရဲ့ ထုံထိုင်းမှုနဲ့ ဒီအသုံးမကျတဲ့စစ်ဆင်ရေးရဲ့ ရူးနှမ်းနှမ်းနိုင်မှုကို ဒေါသ ထွက်လို့ ကျွန်တော့်သွေးတွေ ဆူပွက်နေတယ်။ ဆယ့်ငါးမိနစ်ကျော်သွားပေမယ့် ပစ်မှတ်က ရောက်မလာဘူး။ ကျွန်တော် ဒီစစ်ဆင်ရေးထဲကနေ ထွက်ပြီလို့ ဆယ်ဆယ်လ် ကိုပြောလိုက်တယ်။ သူလည်း ကားထဲကနေထွက်လာတယ်။ ကျွန်တော်တို့ အန္တရာယ်စက်ကွင်းထဲမှာမို့ စိတ်ရှည်ရှည်ထားပြီး ခဏလောက်ထပ်စောင့်ပေးဖို့ တောင်းပန်တယ်။ သူ ကားထဲ ပြန်ဝင်ပြီး ဆယ်လ်မန်ကို ဆက်သွယ်ဖို့ လုပ်တယ်။ ကျွန်တော် စီးကရက်ဝယ်ဖို့ အနီးအနားကဆိုင်ဆီ လမ်းလျှောက်သွားတယ်။ ဒေါသကြောင့် ကျွန်တော့်နှလုံးက တဒိတ်ဒိတ်ခုန်နေတယ်။ ကျွန်တော် ဆိုင်ထဲရောက်ရောက်ချင်းပဲ ကားက ပေါက်ကွဲ သွားတယ်။ ယုန်ကလေးနဲ့ ဆယ်ဆယ်လ် ကို မီးသွေးတုံးဖြစ်သွားအောင် လောင်ကျွမ်းစေခဲ့ပေါ့။

မှတ်ချက်။
Green zone ၊ ဘဂ္ဂဒက်ရှိ အင်တာနေရှင်ဇုန်ကို ခေါ်သောအမည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုက ၂၀၀၃ ခုနှစ်တွင် အီရတ်ကို ကျူးကျော်စဉ် ညွှန့်ပေါင်းတပ်ဖွဲ့အခြေစိုက်ရာနေရာဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို, ဘာသာပြန်ကဏ္ဍ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်