မောင်လူရေး – ဇိတ်ဇလီ

April 20, 2018


မောင်လူရေး – ဇိတ်ဇလီ 

(မိုးမခ) ဧပြီ ၂၀၊ ၂၀၁၈

ကမဝ ကမာဝ၊ ကမားဝ လို့ ရေးထုံးသုံးမျိုးနဲ့ ရွာလေး။ မာန်အောင်ကျွန်းရဲ့ အနောက်ဖက်ကမ်းခြေမှာ ရှိတယ်။

ဟိုတယ်စီမံကိန်းလိုလို အသံထွက်လာတော့ တချိန်က တသိန်းတောင်ပေးမယ့်သူမရှိတဲ့ ကမ်းစပ်ကမြေတွေ ခြံတွေဟာ တဆယ် နှစ်ဆယ် သုံးဆယ် လေးဆယ်တွေပေးလာတော့ ထုံးစံအတိုင်း ရွာသားတွေ မပိုင်တော့ဘူးပေါ့။

ကျွန်းရဲ့ ကမ်းစပ်က ရွာတိုင်းဟာ ပင်လယ်ကိုမှီပြီး လုပ်ကိုင်စားကြပေမဲ့ ပင်လယ်ကပေးတဲ့အခွင့်အလမ်းက တရွာနဲ့တရွာ မတူကြပြန်ဘူး။ ဒီရွာလေးအဖို့တော့ ပင်လယ်ပြင်ထွက် ငါးဖမ်းတဲ့ တကယ့် အခွင့်အလမ်းကြီးကို မရပါဘူး။ ကမ်းပေါ်ကနေ ပိုက်ဆွဲတဲ့ သာမန်အခွင့်သာရတယ်လို့ဆိုရမယ်။ ငါးဖမ်းတဲ့လှေက ဘုရားစူးလှေ။ ပိုက်ကလေးဆင်းချရုံ သုံးတယ်။ ခပ်သေးသေးဘဲ။ တက်မကိုင်ခေါင်းဆောင် ၁ ယောက်၊ လှေဦးက ၁ ယောက်၊ တက်ခပ် ၆ ယောက်၊ ပိုက်ချသား ၂ ယောက်၊ ရေပက် ၁ ယောက်၊ ဒါဘဲ ပါတဲ့ လှေကလေးဘဲ။ သူတို့က လှေတောင်မခေါ်ဘူး။ လောင်းတဲ့။

အရင်က သုံးစီးရှိခဲ့ပေမယ့် အခု နှစ်စီးဘဲ ကျန်တော့တယ်။ ငါးအရနည်းလာလို့ တဖွဲ့လျော့သွားတာပလေ။ တဖွဲ့မှာ မိသားစု လေးဆယ်ပါတယ်။ သူတို့ကို ပိုက်ရင်းဝင်လို့ ခေါ်တယ်။ ပိုက်ဖိုး လှေဖိုး တသိန်းစီထည့်ထားရတဲ့သူတွေပ။ တအိမ်ကို ကျား ၁၊ မ ၁ ပါရတယ်။ အဲဒီတော့ လူ ၈၀။ မိန်းမတွေက မနက်စာ စောစော ချက်ကျွေးလိုက်ပြီး ထမင်းအိုးတောင်းနဲ့ ပင်လယ်ဘက်လိုက်ခဲ့ပေရော့ဘဲ။ ကမ်းပေါ်က ပိုက်ဝိုင်းဆွဲရင်း ငါးလှမ်း ငါးသိမ်း ဝေစုခွဲတွေ လုပ်ရတယ်။ ညပိုင်းတော့ အဖိုးကြီးတွေ စောင့်ကြတယ်။ ငါးကင်နဲ့ ဝိုင်းဖွဲ့။ အလှပဆုံး ညတွေဖြစ်မှာပ။ ဝေစုခွဲရင် အပုံ၄၀ ပုံရတယ်။

မနက်လင်းပြီးဆို အဖွဲ့ခေါင်းဆောင်တက်မကိုင်က ငါးကြည့်ရတယ်။ ငါးကြည့်တယ်ဆိုတာ ကမ်းပေါ်ကနေ မျက်စိတဆုံးပင်လယ်ပြင်ကြီးကို ကြည့်နေတာ။ ရေအရောင်ပြောင်းတာနဲ့ ဘာငါးတွေလာနေပြီဆိုတာ သိတယ်။ သူ့ဘေးမှာ တုံးခေါက်တဲ့သူရှိတယ်။ တုံးခေါက်တာနဲ့ အဖွဲ့သား၄၀ဟာ ရေထဲကို လှေချရတယ်။ အဲဒီအချိန် အဲဒီလှေကို လက်နဲ့ ဝင်မထိနိုင်ရင် ချတဲ့ထဲ မပါရင် ပိုက်ရင်းဝင်ဖြစ်ပေမယ့် ဝေစုမရတော့ဘူး။ လာလုပ်သေးရင် စေတနာရှိသလောက်ပေးမယ်။ ပြီးတော့ ဒီအဖွဲ့က တုံး ခေါက်လိုက်ရင် ဟိုတဖွဲ့က လှေချခွင့်မရှိဘူး။ ဒီလှေချပြီးမှ နောက်လာတဲ့ငါးအုပ်အတွက်ဘဲ လှေချခွင့်ရှိတယ်။ ငါးလာချိန်မှာ လူမလောက်ရင်တော့ ကျန်တဖွဲ့ထဲက ခေါ်လို့ရတယ်။ ဖိုးတူ အချိုးကြအတိုင်းရတယ်။ ပိုက်ရင်းဝင်က သူမလိုက်နိုင်လို့ လူစားထည့်ခဲ့ရင်တော့ လူစားနဲ့ သူ တယောက်တဝက်ပေါ့။ တချို့လဲ ပိုက်ရင်းဝင်လဲမဟုတ် သူ့ဘာသာဝိုင်းကူလုပ်တော့လဲ နဲနဲပါးပါး ကြည့်ပေးပေါ့လေ။

တုံခေါက်တာက ဒီရွာဓလေ့၊ ဟိုဘက်က ကျူရွာ မိန်းမကြွယ်ရွာ ပုန်းညက်တိုးရွာတို့ကျတမျိုး။ လှေကို ရေထဲ ချထားပြီးသား။ လှေရဲ့ တဖက်ဖက်ကို ဖော့ချရတယ်။ ညာဘက်ချရင် ညာဖက်မှာ ပိုက်ဆွဲမယ်ဆိုတဲ့သဘော။ ကျန်အဖွဲ့က ဘယ်ဘက်သွားချပေါ့။ စမြင်တဲ့ဘက်က ရွေးခွင့်ရှိတာ။

ခေါင်းဆောင်တက်မကိုင် ညွှန်ကြားတာလုပ်ရတယ်။ သူက အတွေ့အကြုံအများဆုံး။ သူပြောတာ ဘယ်ဟာမှ မလွဲဘူး။ ဥပဒေတွေကလဲ သူတို့ထုတ်ခဲ့ကြတာ။

ခုဖမ်းတဲ့ငါးက ဇိပ်ဇလီ။ ဂျိပ်စလီလို့လဲခေါ်ကြတယ်။ အဲဒါကို ရန်ကုန်မှာတော့ ငါးနီတူးလို့ခေါ်ကြတယ်။ အမှန်က ငါးနီတူးက သတ်သတ်။ သူက ဒီဇိပ်ဇလီထက် သုံးဆလောက်ကြီးတယ်။

မျှင်ငပိလုပ်တဲ့ မျှင်ကောင်တွေလာရင် ရေက အဝါရောင်သန်းတယ်။ ဇိပ်ဇလီလာရင် အနီရောင်။ အရောင်က ငါးကြည့်နေကြလူဘဲ သဲကွဲတာပါ။ အဝေးကြီးလှမ်းကြည့်ရတဲ့ဟာ။ မှန်ပြောင်းပါတာလဲမဟုတ်။ ရေငုတ်ပြီး မြေကြီးကို ကိုင်လိုက်ရင် လက်ကိုလာထိတဲ့ ငါးကိုမှန်း။ ပြီးရင် ငုတ်ရင်း ပတ်ကြည့်လိုက်ရင် ငါးဘယ်လောက်ကျနိုင်တယ်ဆိုတာ သိတယ်။ မလွဲဘူး။ တက်မကိုင်က အပေါ်သွားနေတဲ့ မျှင်အုပ်ပေါ်ဖြတ်လိုက်ရင် ရေပေါ်ခုန်တဲ့ငါးကို ကြည့်ပြီးလဲ ဘယ်လောက်ရမယ်ဆိုတာ မှန်းနိုင်တယ်။

လှေပေါ်တက်ခပ် ၆ ယောက်နဲ့ ပိုက်ချသား၂ ယောက်က သူ့အလုပ်တမျိုးထဲလုပ်ရပေမယ့် ရေပက်တဲ့ ၁ ယောက်က ကုန်းပေါ်က ဆွဲဖို့ ပိုက်ကြိုးဆင်းပေးတဲ့အလုပ်လဲ လုပ်ရတယ်။ လှေဦးက တက်ကိုင်က ငါးသွားရာလိုက်ကြည့်ပြီး ပိုက်ချရမယ့်နေရာအော်ရတယ်။ သူအော်တဲ့အတိုင်း လုပ်။ တက်မကိုင်ခေါင်းဆောင်က ပိုက်က ကျောက်နဲ့ချိပ်နေရင် ဆင်းငုတ်ပြီး ဖြုတ်ရတယ်။ အတောင် ၂၀လောက် အနက်မှာ။ ငြိတဲ့နေရာ တည့်တည့်ငုတ်နိုင်ဖို့ သိပ်ခက်တယ်။ ဖြုတ်မရလို့ ဒေါသထွက်လေ ကြာကြာငုတ်နိုင်လေ။

အကောင်ကြီးပိုက်တမျိုး အသေးတမျိုး။ ဒါပေမယ့် အကြီးရှားလာတယ်။ အသေးတောင် အရင်နဲ့စာရင် သုံးပုံးတပုံလောက်ရတော့တယ်။ ကြော့ပိုက်တွေနဲ့ ရေနက်ပိုင်းမှာ မီးထွန်းပြီး ဖမ်းကြတယ်လေ။ အသေးရော အကြီးရော သူတို့ပိုမှ ရတော့တာကိုး။ မျှင်ဆို ကျုပ်တို့ရွာမှာ မရတော့သလောက်ဖြစ်နေပြီ။ မီးနဲ့က လရောင်မရှိမှဖမ်းလို့ရတော့ ကိုယ်က လသာရက် ကျန်တဲ့ငါးဘဲရတော့သလိုပ။ လသာရက်ကျရင် ရေထဲကို မီးထိုးလို့မရဘူး။ ငါးအကြိုက်ဆုံးအစာက မီးဘဲ။ (အင်း ကိုယ်က ပိုးဖလံမျိုး မီးကိုတိုးလောက်သိထားတာ။) သူတို့က တဖွဲ့မှာ မီးထွန်းလှေနဲ့ ပိုက်ချလှေဆိုပြီး နှစ်စီးပါတယ်။ သူတို့ကလဲ မီးရောင်ထဲမှာ ပလုံစီတာကို ကြည့်ပြီး ဘာငါးလဲ သိတယ်။ ရွာကမ်းက လှိုင်းကြမ်းတော့ အဲလိုလှေကြီး သုံးမရဘူးလေ။ လှေဝင်စရာ ချောင်းမရှိတဲ့ကမ်းခြေကိုး။ နောက် ငါးကြည့်နည်းတမျိုးရှိတယ်။ အဲဒါက ငှက်ကို ကြည့်တာ။ ငါးကို မကြည့်ဘူး။ ဇုတ်ကေငှက်လာရင် သေချာပြီ။ ခု ရှားလာတော့ အဲဒီနည်းကို သုံးလို့မရဘူး။ မျက်စိရဲ့အတွေ့အကြုံဘဲ အားကိုးရတယ်။ ခေါင်းဆောင်ပြောတဲ့အတိုင်းလုပ်၊ ဘယ်တော့မှ မလွဲဘူး။ ငါးလာနည်းလို့ ငှက်လာနည်းသွားတာ။ နွေမှာ အလာများတယ်။

ကဆုန်လပြည့်နေ့တညတော့ မဖမ်းဘဲ အဝစားရတယ်။ ငါးတော့မဟုတ်ဘူး။ ဗုံလုံဂဏန်း။ သူတို့က ရေထဲ မနေတဲ့ဂဏန်းမျိုး။ ကမ်းပေါ်မှာ တွင်းအောင်းကြတာ။ ဘာ့လို့ရယ်မသိ။ တနှစ်လုံးမှာ ကဆုန်လပြည့်တညဘဲ ကမ်းစပ်ကို အကုန်ဆင်းလာကြတာ။ ဘယ်လောက်များလဲဆို တက်မဘဲ ချိုး စားကြတော့တဲ့အထိပ။ ဒါပေမယ့် လူအများစုကလဲ အဲဒီရက်ဆို တောင်နီကို ထမင်းအိုးတောင်း ဟင်းအိုးတောင်းနဲ့ အကုန်တက်ကြတာဆိုတော့ သူတို့ သက်သာကြတယ်။ မသိဘူး။ တောင်နီကို အဲဒီရက်ကျရင် ဘာ့ကြောင့် တကျွန်းလုံးတက်ကြလဲဆိုတာ မသိဘူး။ ရှေးဘိုးဘေးလက်ထက်ကထဲကဘဲ။ နှစ်ရက်သုံးရက်သွားအိပ်စားကြသောက်ကြ ပျော်ကြပါးကြတာ။ လပြည့်ကျော်တရက်နေ့ ညနေပိုင်းရောက်ရင် တယောက်မကျန် ပြန်ဆင်းတာဘဲ။

ပိုက်ဆွဲရတဲ့အချိန်က နီးနီးချရင် ၂ နာရီ၊ ဝေးဝေးချရင် ၅နာရီ လောက်ကြာတယ်။ တစက်မှ မနားရတော့ဘူး။ တရက်ကို နှစ်ခါ သုံးခါဆွဲရတဲ့ရက် ရှိသလို တလနေ နှစ်လနေမှ တခါ ဆွဲရတာတွေလဲရှိတယ်။ အဲဒီတော့ အများကြီးဆင်းရဲသူမလုပ်နိုင်ဘူး။ ၁၀ရက်လောက် ကောင်းကောင်းဝင်ရင်လဲ တနှစ်စာ လုံလောက်တယ်လေ။ မိုးတွင်းမှာတော့ လုံးလုံးနားရတာကိုး။ ပြည်တောင်း တတောင်းဆို ၃၀၀၀/ ၃၅၀၀/ ၃၈၀၀ လောက်ပေးတယ်။ တတင်းကို ၈ ပြည်ပါတယ်။ မြို့က လာသိမ်းတယ်။ ၂/၃ရက်တော့ လှန်းရတယ်။ ထောင်းပြီး အမှုန့်ချက်စားလဲရတယ်။ ခြောက်ခြောက်ကေ (ခရောက်ခရောက်ကေ ဟု အသံထွက်ပါ) လဲ ချက်တယ်။ ငါးအစိမ်းကို အရေမပါဘဲချက်တာ။ (ကိုယ့်ဆီမှာ ငါးအိုးကပ်ချက်လို့ ခေါ်တဲ့ဟာထင်တာဘဲ။)

အိမ်ရှင်မတွေက ငါးအုပ်လာမယ်ဆို စောစောထမင်းချက်ကျွေးတယ်။ တောမတက်ချင်ရင် သစ်ခုတ် ဝါးခုပ်မလုပ်ချင်ရင် စိုက်ခင်းမသွားချင်ရင် ငါးဝင်မယ်ပြောလိုက်ရုံဘဲ။ ကံဆိုးချင်ရင် နောက်ဖေးသွားနေတုန်း ငါးဝင်လာလို့ လှေချရာ ကိုယ်မပါလိုက်လို့ လွတ်သွားရင်တော့ မိန်းမနဲ့ ရန်ဖြစ်ပေတော့ဘဲ။ အဲဒီရက်မျိုးမှ သိန်းချီရတော့ သေပြီပေါ့လေ။ ဟိုတုန်းက ပိဿာထောင်ကျော်ရတယ်။ ကောက်ရိုးပိုလို ငါးတွေ ပုံထားရတယ်။ ဒီသောင်ပြင်ကြီးတွေနဲ့တင် မဆန့်လို့ အဝေးကြီးသွားလှမ်းရတယ်။ ကလေးလူကြီး အဖိုးကြီးအဖွားကြီး တရွာလုံး ပင်လယ်ကမ်းမှာပ။ ငါးစောင့်ရင်း ကိုယ့်အုပ်စုနဲ့ကိုယ် ကိုယ်သန်ရာသန်ရာပြော။ ကက်စက်မျိုးစုံဖွင့်။ ပျော်စရာကြီးတွေ။

ပင်လယ်ထဲမှာ ဂျမ်းတွေက တချို့ညတွေဆို အစီး ၁၅၀ လောက်ရှိမယ်။ ထိုင်းတွေလဲ ပါတယ်။ သူတို့ထွန်းထားတဲ့မီးနဲ့ ကမ်းစပ်မှာ သန်းရှာလို့တောင် ရတယ်။ သူတို့ကြောင့် ငါးရှားလာပြီလေ။ ဂျမ်းက ရေအောက်ငါးကြီးတွေ ဖမ်းတာ။ သူတို့က မီးထိုးဖို့ မလိုဘူး။ အဝေးကြီးလဲ မသွားဘူး။ ကြော့က ရေပေါ်ငါးဖမ်းတယ်။ မီးလိုတယ်။ ရေနက်ပိုင်းထိ သွားလို့ရတဲ့လှေကြီး။ အာဏာပိုင်တွေက ပိုင်နက်သတ်မှတ်ပေးရင် ကောင်းမှာပေါ့။ သူတို့ကလဲ အာဏာပိုင်နဲ့ပေါင်း လုပ်စားကြတယ်ပြောတာဘဲ။

မောင်လူရေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး, ခေတ်ပြိုင်အတွေ့အကြုံ, မောင်လူရေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်