ညီမိုးဆွေ ● တတိယကမ္ဘာစစ်မဖြစ်ခင် တနင်္ဂနွေတရက်က (ဝတ္ထုတို)

April 23, 2018

● တတိယကမ္ဘာစစ်မဖြစ်ခင် တနင်္ဂနွေတရက်က (ဝတ္ထုတို)
(မိုးမခ) ဧပြီ ၂၃၊ ၂ဝ၁၈

ခုနေ တတိယကမ္ဘာစစ်ဖြစ်ရင် ဘယ်လိုလုပ်မလဲကိုလို့ သူမကမေးလိုက်တယ်။ Kindle Reader နဲ့ စာဖတ်နေတဲ့ သူမ ကောင်လေးလည်း ရုတ်တရက်ဆိုတော့ ကြောင်သွားတော့တာပေါ့။

“တတိယကမ္ဘာစစ်က ဘာကြောင့်ဖြစ်ရမှာလဲ ကလေးရဲ့” လို့ ပြန်ပြောတယ်။

“မသိဘူးလေ။ ဘာကြောင့်ပဲဖြစ်ဖြစ်၊ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ”

“စစ်တွေ တိုက်ကြမှာပေါ့။ တနိုင်ငံနဲ့ တနိုင်ငံ၊ တဖွဲ့နဲ့တဖွဲ့။ လူတွေလည်း ရာ၊ ထောင် အင်း သန်းနဲ့ချီ ပြီးသေကြမှာပေါ့။ ငြိမ်းချမ်းတဲ့ကမ္ဘာကြီးဆိုတာလည်း ဘယ်ရှိတော့မလဲ”

“အခုကရော ငြိမ်းချမ်းတဲ့ကမ္ဘာကြီးမို့လို့လား” လို့ သူမက ထပ်မေးတယ်။

သူ့ကောင်လေးက စာဖတ်နေရာကနေမော်ကြည့်လိုက်တော့ သူမက ကော်ဖီဆိုင်ရဲ့မှန်ပြတင်းအပြင်ဘက် ကိုငေးကြည့်နေ တယ်။ အပူချိန် ၃၈ ဒီဂရီရှိနေတဲ့လမ်းပေါ်မှာ လူတချို့သွားလာနေတယ်။ ကားတချို့ မောင်းနှင်နေတယ်။ ပြီးတော့ ပူ တတ်ပုံ မရတဲ့ခိုတွေ။

“ဟုတ်တော့ဖြင့် မဟုတ်ဘူးပေါ့။ ဒါပေမဲ့ လုံးလုံးမငြိမ်းချမ်းတာတော့လည်း မဟုတ်ဘူးပေါ့”

“လုံးလုံးမငြိမ်းချမ်းတာမဟုတ်ဘူးဆိုတာက ဘယ်လိုမျိုးကိုပြောတာလဲ။ တချို့က ဘယ်ကပစ်လိုက်မှန်းမသိဘဲကျလာတဲ့ ဒုံး ကျည်တွေကြားထဲမှာ အော်ဟစ်ပြေးလွှားနေတဲ့အချိန်၊ တချို့က ရည်းစားနဲ့ချိန်းပြီး ကော်ဖီသောက်နေတာကိုပြောတာလား”

သူ့ကောင်လေး နည်းနည်းတော့ ကျွဲမြီးတိုသွားတဲ့ပုံပေါ်တယ်။ မျက်မှောက်ကျုတ်ပြီး ကြည့်လိုက်တယ်။

“ကိုယ့်ရည်းစားနဲ့ကိုယ် ကော်ဖီသောက်နေတာ ဘာများမှားလို့လဲ”လို့ နည်းနည်းခပ်ဆတ်ဆတ် မေးလိုက်တယ်။

“မှားတော့ဖြင့် မမှားဘူးပေါ့။ မှန်တာ မှားတာကိုပြောတာမဟုတ်ပါဘူး။ လုံးလုံးမငြိမ်းချမ်းတာမဟုတ်ဘူး ဆိုတဲ့စကားက တချို့အတွက် လွယ်လွယ်လေးပြောလို့ရပေမဲ့ တချို့အတွက်ကျ ပြောလို့တောင် မထွက်နိုင်ဘူးဆိုတဲ့အခြေအနေကို ပြောချင်တာပါ”

သူ့ကောင်လေး Kindle Reader ကိုပိတ်လိုက်ပြီ။

“ကလေး ဘာကိုပြောချင်နေတာလဲ။ ကိုယ့်ကို တခုခု စိတ်ကောက်နေတာလား။ ဂရုမစိုက်ဘဲ စာပဲဖတ်နေတယ်လို့ ထင်နေ လို့လား … ဟင်”

ကောင်မလေးက ခေါင်းကိုရမ်းပြလိုက်တယ်။ ပြီးတော့ သူ့ရှေ့မှာရှိနေတဲ့ ဖန်ခွက်ထဲက မုန်လာဥနီဖျော်ရည်ကို ပိုက်နဲ့ တရှိုက် စုပ်သောက်လိုက်တယ်။

“စိတ်မကောက်ပါဘူး။ သေတဲ့အကြောင်းကို  စဉ်းစားမိနေလို့။ ရုတ်တရက်ကြီး ဘာမှတောင်မသိလိုက်ရဘဲ ဒုံးကျည်တစင်း ကျလာပြီး သေသွားမယ်ဆို ဘယ်လိုများဖြစ်သွားမလဲလို့ပေါ့”

“ဒုံးကျည်တစင်းက ဘယ်ကနေပစ်လို့ ဘယ်ကို ကျလာရမှာလဲ ကလေးရ။ ဘာကြောင့် ဒီကိုကျလာရမှာလဲ။ ဘယ်ကနေ ပစ်လို့ပစ်မှန်း ဘယ်သိတော့မလဲ။ ကျလာပါပြီဆိုမှတော့ ကလေးတို့ စဉ်းစားနေဖို့ အသက်တောင်ရှိတော့မှာမှမဟုတ်ပဲ။ အင်း ကလေးပြောသလိုပြောရရင် သေသွားပြီဆိုမှတော့လည်း ဘယ်လိုများဖြစ်သွားဦးတော့မှာလဲ။ သေသွားတော့မှာပေါ့။ ဒါပဲရှိတာမဟုတ်ဘူးလား”

“အဲဒါကိုပြောချင်နေတာလေ။ သေသွားဖို့က သိပ်လွယ်လွန်းတယ်။ အကြောင်းအရင်းတောင် သိချိန်ရ လိုက်မှာမဟုတ်ဘူး။ ကမ္ဘာနဲ့ချီတဲ့အကြောင်းတရားတွေရှိနေလည်း သိလိုက်မှာတောင် မဟုတ်ဘူး။ ဒီ အတိုင်း အတိုင်းသားသေသွားလိုက်ရမှာ”

“ဒါပေမဲ့ ကလေးရယ်။ ဘယ်သူက အလကားနေ အလကား ဒုံးကျည်ကိုပစ်မှာလဲ။ အားနေတိုင်းပစ်ရအောင် ဒုံးကျည်က သီတင်းကျွတ်မှာလွှတ်တဲ့ ရှုးဒိုင်းမှ မဟုတ်တာ”

“ဒါဖြင့် မပစ်ပါဘူးလို့ ကိုက အာမခံနိုင်လို့လား”

ကောင်လေး တိတ်ဆိတ်သွားတယ်။ ဘယ်လိုတနင်္ဂနွေမျိုးလဲလို့ သူတွေးနေပုံပဲ။ တနင်္ဂနွေနေ့မှာ ရည်းစားနဲ့ချိန်းပြီး ကော်ဖီ သောက်ခါမှ စစ်ရေးဆိုင်ရာဆွေးနွေးပွဲလုပ်သလိုဖြစ်နေပြီ၊ နောင်များကျရင် တနင်္ဂနွေနေ့တိုင်း စစ်ဘက်ဆိုင်ရာနှီးနှောဖလှယ် ပွဲတွေတောင် ကျင်းပရမလားပဲလို့တွေးမိနေပုံကျတယ်။

“ကိုတော့ဖြင့် အာမ ဘယ်ခံနိုင်ပါ့မလဲ။ ဒါပေမဲ့ အကြီးအကဲတွေကတော့ အာမခံနိုင်မှာပေါ့ ကလေးရဲ့”

“ကိုတောင် အာမမခံနိုင်တာ၊ အကြီးအကဲတွေက ဘာလို့ အာမခံနိုင်ရတာလဲ”

“ဟင် ဘာလို့လဲဆိုတော့ သူတို့က နိုင်ငံတော်အကြီးအကဲတွေဖြစ်ပြီး ကိုက သာမာန်လူမို့လို့လေ”

“သာမန်လူနဲ့ နိုင်ငံတော်အကြီးအကဲနဲ့ ဘာများကွာလို့လဲ”

ကောင်လေးက သူ့ရှေ့မှာရှိတဲ့ကော်ဖီခွက်ကိုရှေ့နည်းနည်းတွန်းလိုက်ပြီး စားပွဲပေါ် လက်ကို တင်လိုက်ကာ ဆက်ပြောတယ်။

“သာမန်လူဆိုတာကတော့ သာမန်လူပေါ့။ အကြီးအကဲတွေဆိုတာကတော့ နိုင်ငံတော်ကို အုပ်ချုပ်စီမံနေတဲ့သူတွေပေါ့။ ပြောရရင် နိုင်ငံတော်အတွက် အလုပ်လုပ်နေကြတာပေါ့”

“ဒါဆို သာမန်လူတွေကလည်း နိုင်ငံတော်အတွက် အလုပ်လုပ်နေကြတာပဲမဟုတ်လား။ သာမန်လူတွေပဲ အခွန်တွေပေး၊ သာမန်လူတွေကလည်း အမိန့်တွေလိုက်နာ၊ သာမန်လူတွေကပဲ မဲတွေထည့်”

“ဟုတ်တော့လည်း ဟုတ်တာပေါ့။ ဒါပေမဲ့ သူတို့က ပိုပြီးအရေးကြီးတဲ့အလုပ်တွေကို လုပ်ကြတာပေါ့”

“ဘယ်လို ပိုအရေးကြီးတဲ့အလုပ်တွေလဲ”

“နိုင်ငံတော်ကြီး ကောင်းကျိုးတွေပေါ့”

“ဘယ်သူယူဆတဲ့ ကောင်းကျိုးတွေလဲ”

“သူတို့က နိုင်ငံတော်အတွက် ကောင်းမယ်လို့ ယူဆတဲ့ ကောင်းကျိုးတွေပေါ့”

“သူတို့ကောင်းပါတယ်လို့ယူဆတာနဲ့ ကောင်းကျိုးတွေဖြစ်ရောလား။ နိုင်ငံတော်ကောင်းကျိုးအတွက်ဆိုပြီး စစ်တွေထ တိုက်ရင်ရော”

ကောင်လေးတော်တော် အကြပ်ရိုက်နေပြီ။ ပြီးတော့ သူ့ချစ်သူကောင်မလေး စိတ်ကောက်နေတာမဟုတ်မှန်းလဲ သဘော ပေါက်နေပြီ။ သူ ဘာပြန်ပြောရမလဲဆိုတာ သူစဉ်းစားနေပုံပဲ။

“စစ်တွေ ထမဖြစ်ပါဘူး၊ ဒုံးကျည်တွေ ထမပစ်ပါဘူးဆိုတာကို နိုင်ငံတော်အကြီးအကဲတွေကတော့ အာမ ခံနိုင်လောက်ပါရဲ့လို့ ကိုပြောခဲ့တယ်မဟုတ်လား။ အခုကျတော့ သူတို့က နိုင်ငံတော်ကောင်းကျိုးအတွက်လို့ယူဆရင် စစ်ပါထတိုက်လို့ ရနေပြန် ရော။ သူတို့အာမခံနိုင်ပါတယ်ဆိုတာ ဘယ်လိုမျိုးလဲ။ ဒီလိုဆိုရင်ဖြင့် သူတို့အာမခံပါတယ်ဆိုတာက သူများတွေမလုပ် အောင်တော့ ငါ အာမခံတယ်။ ငါမလုပ်ဖို့တော့ ငါအာမမခံဘူးဆိုတဲ့ ပုံစံဖြစ်နေပြီမဟုတ်လား”

ဒီကောင်မလေး ဘာကြောင့်များ ဒီကိစ္စကို အသေအလဲ စိတ်ဝင်စားနေပါလိမ့်လို့ ကောင်လေးစဉ်းစားတယ်။ ရုတ်တရက်ကြီး ကမ္ဘာစစ်ကိစ္စကိုရော၊ နိုင်ငံတော်ကို စီမံအုပ်ချုပ်ရေးကိုရော၊ အုပ်ချုပ်သူအစိုးရနဲ့ အုပ်ချုပ်ခံ ပြည်သူအနေအထားကိုပါ စိတ် ဝင်စားလာတာဟာ ဘယ်လိုအကြောင်းတရားရဲ့ စေ့ဆော်မှုကြောင့်များပါလိမ့်လို့ သူတွေးနေတယ်။

“ဘာတွေ အဝေးကြီးတွေ လျှောက်တွေးနေတာလဲကလေးရယ်။ စစ်တွေလာတော့လည်း ထွက်တိုက်လိုက်မှာပေါ့။ မလာ တဲ့အချိန်လေး ပျော်ပျော်နေကြမယ်လေကွာနော်။ လျှောက်စဉ်းစားမနေနဲ့တော့”

ကြည့်စမ်း … ကောင်မလေး မျက်လုံးတွေ တလက်လက်စူးရှနေတယ်။ အလိုမကျမှုနဲ့ အံ့သြဝမ်းနည်းမှုကလည်း သူ့မျက် နှာပေါ်မှာ စာနဲ့ရေးပြထားသလို အထင်းသားပဲ။

“စစ်တွေလာတော့လည်း ထွက်တိုက်လိုက်မှာပေါ့ လို့လွယ်လွယ်ပြောလိုက်တယ်ဆိုတော့ ကိုက စစ်တိုက်ဖို့ အဆင်သင့်ပဲ ဆိုတဲ့သဘောမဟုတ်လား”

“အဲ မဟုတ်ဘူးလေကွာ။ ကိုပြောတာက မဖြစ်ခင်ကြိုမတွေးဖို့ပြောတာလေ”

“မဟုတ်ပါဘူး။ ကိုယ်ပြောတဲ့စကားအသွားအလာအရ စစ်ဖြစ်လာပြီဆိုရင် ကိုကလည်း တိုက်ဖို့အဆင်သင့်ပဲလို့ ပြောလိုက် တာပါ။ ကို့လို စဉ်းစားနေတဲ့သူ ဘယ်လောက်များရှိမလဲ။ ဘာကြောင့်များ မတိုက်ဘူးလို့ မငြင်းချင်တာလဲ”

“ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်က တိုက်မှဖြစ်မယ်လို့ ဆိုရင် တိုက်ရမှာမို့ပေါ့ကလေးရဲ့”

“ဘာကြောင့်တိုက်မှဖြစ်မှာလဲလို့တောင် ပြန်မမေးတော့ဘူးလား”

“ဘယ်လိုလုပ်ပြီး သွားမေးမှာလဲကလေးရဲ့။ နိုင်ငံတော်ကအမိန့်ပေးတာလေ”

“ဒါဖြင့် နိုင်ငံတော်က ဘယ်သူလဲ”

“အဲ”

ကောင်လေးအတော့်ကို ခေါင်းရှုပ်သွားပြီ။ စကားဝိုင်းက ဒီအထိရောက်လာမယ်မှန်း သူထင်တောင်မထင်ခဲ့ဘူး။ ဘယ်တွေ အထိ ဆက်ရောက်သွားဦးမယ်မှန်း တွေးကြည့်လို့လည်းမရဘူး။

“နိုင်ငံတော်ဆိုတာက နိုင်ငံရဲ့ပိုင်နက်ဧရိယာနဲ့ အချုပ်အခြာအာဏာတည်တဲ့နေရာဒေသတွေအတွင်းမှာရှိတဲ့ မြေပေါ် မြေ အောက်၊ ရေ၊ လေပိုင်နက်နဲ့တကွ လူအပါအဝင် သက်ရှိ၊ သက်မဲ့၊ ဒြပ်ရှိဒြပ်မဲ့တွေအားလုံးကို ခြုံငုံခေါ်တယ်လို့ ကို တနေရာ ရာမှာ ဖတ်ခဲ့ဖူးတယ်ထင်တာပဲ။ သိပ်တော့ မသေချာတော့ဘူး”

“ဘာပဲဖြစ်ဖြစ်ပါ။ ယေဘုယျအားဖြင့်တော့ နိုင်ငံတော်ဆိုတဲ့အထဲမှာ လူတွေအားလုံးပါတယ်မဟုတ်လား”

“ပါတယ်လေ”

“ဒါဖြင့် စစ်တိုက်ကြမယ်ဆိုတာကို အဲဒီလူတွေအားလုံးက ဆုံးဖြတ်တာလား။ လူတစုက ဆုံးဖြတ်တာလား”

“လူတစုကပေါ့ ကလေးရဲ့။ လူတွေအားလုံးဆို ဆုံးဖြတ်ဖို့ ဘယ်လွယ်မလဲ။ အချိန်လဲကြာတာပေါ့”

“အဲဒီလူတစုက ဘာမို့လို့ အဲဒီလို ဆုံးဖြတ်ခွင့်ကိုပေးထားရတာလဲ”

“သြော် သူတို့က အဲဒီလိုတာဝန်ကိုယူဖို့ ထိုက်တန်တယ်လို့ ယူဆကြတဲ့အတွက် အဲဒီတာဝန်ကိုပေးပြီး အဲဒီအခွင့်အာဏာကို လည်း ပေးထားလိုက်တာပေါ့”

“ဘယ်လိုပဲဖြစ်ဖြစ်လေ။ သူတို့က နိုင်ငံတော်မှမဟုတ်တာ။ သူတို့က လူတစုပဲ”

“အင်း ခက်တော့နေပြီ။ ကလေးက ဘာကိုပြောချင်နေတာလဲ။ ကို့ကို တည့်ပဲပြောလိုက်တော့။ ဘာ ကိုများပြောချင်နေတာလဲ”

ကောင်မလေး အပြင်ကို ပြန်ငေးသွားပြန်တယ်။ အဲဒီနောက် ငြိမ်နေပြန်ရော။ ပြီးမှ …

“ဘာကိုမှမပြောချင်ပါဘူး။ သေတယ်ဆိုတဲ့အကြောင်းနဲ့ စစ်ဆိုတဲ့အကြောင်းကို စဉ်းစားနေမိတာပါ။ ဘာကြောင့်များ ဒီ လောက်လွယ်ရတာလဲလို့ပေါ့။ သေတာရော၊ စစ်တိုက်တာကရော”

“စစ်တိုက်တာက ဘယ်လွယ်ပါ့မလဲကလေးရယ်။ ခက်ခက်ခဲခဲဆုံးဖြတ်ကြရတာပေါ့။ အခြေအနေအရပ် ရပ်ကို ထည့်တွက်ပြီး ရည်ရွယ်ချက်တခုအတွက် တိုက်ကြရတာပေါ့။ ဥပမာ ကိုယ့်နိုင်ငံကို ထိပါးလာတဲ့အခါမျိုးတွေမှာ စစ်တိုက်ရုံမှတပါးမရှိတော့ဘူးဆိုပြီး တိုက်ကြရတော့တာပေါ့”

“ဘယ်လောက်ပဲ ခက်ခက်လေ။ ဘယ်လောက်ပဲ ခက်ခက်ခဲခဲဆုံးဖြတ်ချက် ချရတယ်ပြောပြော သေသွားတဲ့လူတွေလောက် ဘယ်လိုလုပ်ခက်ခဲမှာလဲ။ ကျန်ရစ်ခဲ့ရတဲ့ မိသားစုတွေလောက် ဘယ်လိုလုပ် ခက်ခဲမှာလဲ”

“ကလေးဆိုလိုချင်တာတော့ လာကျူးကျော်ရင်လည်း ငြိမ်ခံနေလိုက်ဆိုတဲ့သဘောလား”

ဘာကြောင့်မှန်းမသိဘဲ ကောင်လေးနဲ့ သူ့ကောင်မလေးကြားထဲမှာ စစ်ရေးတင်းမာတဲ့အငွေ့အသက်တ ချို့ရောက်လာတယ်။ ထိလွယ်ရှလွယ်တဲ့အခြေအနေမှာ တည်းတည်းလေးရှိနေကြတဲ့သဘော။

“ကလေးပြောနေတာ ယေဘုယျသဘောပါ။ ကျူးကျော်တာလဲမပါဘူး၊ ခုခံတာလဲမပါဘူး။ ဘယ်နိုင်ငံကိုမှလည်း ရည်ညွန်း ပြော နေတာမဟုတ်ဘူး။ ယေဘုယျသဘောကိုပြောတာ။ ကို သဘောပေါက်မလားမသိဘူး”

ကောင်မလေး မုန်လာဥနီဖျော်ရည်တငုံသောက်ပြန်တယ်။

“ဒီလိုလေ။ ကျူးကျော်တဲ့လူရှိလို့ ခုခံတဲ့လူရှိတယ်မဟုတ်လား။ ကျူးကျော်တဲ့လူတို့ ခုခံတဲ့လူတို့ဆိုတာ ကို ဖယ်လိုက်။ စစ်တိုက်ကြတာပဲ။ တယောက်က စတိုက်မှ တယောက်ပြန်တိုက်မှာ။ စတိုက်တဲ့ တယောက်ကမတိုက်ခဲ့ဘူးဆိုရင်၊ ဒါမှ မဟုတ် တယောက်က စတိုက်လာအောင် တယောက်က မလုပ်ခဲ့ဘူးဆိုရင် အဲဒီစစ်က ရှိလာတော့မှာမဟုတ်ဘူးလေ။ ဆို တော့ စစ်ဖြစ်လာနိုင်စရာရှိတဲ့အပြုအမူ တွေကို မလုပ်နဲ့ပေါ့”

“အဲဒီလို ရိုးရှင်းရင်တော့ ဟုတ်နေတာပေါ့ကလေးရ။ ဒါပေမဲ့ တကယ့်ပကတိက အဲဒီလောက်မရိုးရှင်းဘူး။ ကလေးကြားဖူး မလားတော့မသိဘူး။ စစ်ဆိုတာ အကြမ်းတမ်းဆုံးသော ဆွေးနွေးညှိနှိုင်းမှုဆိုတဲ့ စကားရှိတယ်လေ။

“ရယ်ရတယ်။ လူတွေအသက်တွေနဲ့များ ရင်းပြီး ညှိနှိုင်းရတယ်လို့ပဲ”

“သြော်ကလေးရယ်။ လူတွေ အများကြီးရဲ့ ဘဝတွေနဲ့လည်း ဆိုင်နေတာကိုး”

“ဆိုင်နေတာလား။ ဆိုင်နေတယ်လို့ ထင်နေကြတာလား။ ထင်အောင်လုပ်ထားကြတာလား”

“အဲဒါတော့ ကိုလည်းမလျှောက်တတ်ဘူးကွယ်”

ကောင်မလေးမျက်နှာမှာ စိတ်မကောင်းတဲ့အရိပ်အငွေ့တွေ ရစ်သိုင်းသွားတယ်။

“ကလေး ကို့ကို ရစ်နေတာ မဟုတ်ပါဘူး။ ကလေးကိုယ် ကလေးလည်း ဒါတွေပြန်ပြန်မေးပြီး ပြန်ပြန် ဖြေနေမိတယ်။ အဖြေ မရပါဘူး။ ဒီလိုပဲ ပြောကြည့်တာ”

ကောင်လေးက ခေါင်းခပ်သာသာငြိမ့်ပြလိုက်ပြီး ကောင်မလေးကို ကြည့်နေတယ်။ သူတို့နှစ်ယောက်ကြားထဲမှာ တိတ်ဆိတ် မှုကလေးဝပ်နေတာ တော်တော်ကြာတယ်။ ဘယ်သူမှ ဘာမှမပြောကြဘူး။ ကောင်မလေး အသက်လေးလေးပင်ပင်ရှုလိုက်၊ ပြန်ရှိုက်ထုတ်လိုက်နဲ့ အဝေးကို ငေးကြည့်နေပြန်တယ်။

“ကိုတော့ မှတ်မိမလားမသိဘူး။ ကျောင်းတုန်းက သမိုင်းမှာ သင်ခဲ့ရတာလေ။ သြစတြီးယားမင်းသား ဖရန်စစ္စဖာဒီနန်ဆိုလား လုပ်ကြံခံလိုက်ရတဲ့အတွက် ကမ္ဘာစစ်စတင်ခဲ့တယ်ဆိုတာ။ ဘယ် ကမ္ဘာစစ် လဲတောင် မမှတ်မိတော့ဘူး”

“ပထမကမ္ဘာစစ်။ ဒါပေမဲ့ သူ့ကို လုပ်ကြံတဲ့အတွက်တခုတည်းတော့မဟုတ်ပါဘူး။ အဲဒီမတိုင်ခင်က တည်းက အခြေအနေတွေ ရှုပ်ထွေးနေခဲ့တာ”

“ဟုတ်ချင်ဟုတ်မှာပေါ့။ ထားပါ။ ကလေးကို ကိုပေးဖတ်တဲ့ စာအုပ်တွေဖတ်ရင်းနဲ့လည်း တချို့စစ်ပွဲတွေ အကြောင်း ဖတ်မိသေးတယ်။ တချို့က သူတို့သာသနာအတွက်တိုက်ကြတယ်။ တချို့က သူတို့ရဲ့နယ်စား ဘုရင်ဖြစ်လာဖို့တိုက်ကြတယ်။ တချို့က အထိကရမြို့တခုကို လုယူဖို့ဆိုပြီး တိုက်ကြတယ်။ တချို့က သူတို့လူမျိုးတွေက ပိုပြီးမြင့်မြတ်လို့ဆိုပြီး တိုက်တယ်။ တချို့ကများဆိုရင် ယဉ်ကျေးမှုကို ဖြန့်ဝေဖို့ဆိုပြီး တိုက်ကြတယ်။ တိုက်လိုက်ကြတဲ့ စစ်တွေ။ နှစ် ၃ဝဝဝ အတွင်းမှာ စစ်ပွဲကြီးကြီးသေးသေးပေါင်း တသောင်းခွဲလောက်ဖြစ်ခဲ့တယ်လို့တောင် စာအုပ်တအုပ်မှာ ဖတ်ဖူးတယ်။ ဒါတောင် အရင် တုန်းကစာအုပ်နော်။ အခုဆိုရင် ဘယ်လောက်ထိတောင်များလာဦးမလဲမသိဘူး”

“အင်း”

“ရည်ရွယ်ချက်အမျိုးမျိုးနဲ့တိုက်လိုက်ကြတဲ့စစ်ပွဲတွေ အများကြီးပဲ။ လူတွေက စစ်ပွဲတခုပြီးတော့ နောက်စစ်ပွဲဆီကို ဦးတည် သွားနေသလိုပဲ။ စစ်ပွဲတခုနဲ့ တခုကြားထဲမှာ စစ်မဖြစ်ခင်ကာလ ဆိုတာလေးပဲရှိတယ်။ ပြီးတော့ စစ်တိုက်ရမယ့်ရည်ရွယ် ချက်တွေနဲ့ ဆုံးဖြတ်ချက် ချခဲ့တဲ့လူ တွေနာမည်ကတော့ဖြင့် သမိုင်းနဲ့ချီပြီး ကျန်ရစ်တယ်။ သေလိုက်ကြရတဲ့ လူပေါင်းသန်းတ ရာနီးနီးလောက်ကိုတော့ ဘယ်သူမှ မှတ်မိမှာမဟုတ်ဘူး။ ကို မှတ်မိသေးလား။ ဟာသလေးတပုဒ်လေ”
ကောင်လေးက ကော်ဖီသောက်မလို့လုပ်နေရာကနေ ရပ်လိုက်ပြီး “အင်း” လို့ ထောက်ပေးလိုက်တယ်။

“လူပိုနေလို့ လေယာဉ်ပျက်ကျတော့မယ်ဆိုတော့ လူလျော့ဖို့အတွက်  မေးခွန်းမေးတယ်လေ။ ပထမ တယောက်ကိုတော့ ဒုတိယကမ္ဘာစစ်ဘယ်အချိန်ဖြစ်လဲလို့မေးတယ်။ ပထမတယောက်ကဖြေနိုင် သွားတယ်။ ခုနှစ်သက္ကရာဇ်ကိုး မှတ်ထားလို့ရ တာပေါ့။ ဒုတိယတယောက်ကျတော့ အဲဒီစစ်ထဲမှာ ဂျူးဘယ်လောက်သေသလဲလို့မေးတယ်။ အသိသာကြီးပဲလေ ခြောက် သန်းလောက်သေတယ်လို့ ဟိုကဖြေလိုက်တယ်။ နောက်ဆုံး သူကြည့်မရတဲ့တယောက်ကိုကျတော့ အဲဒီခြောက်သန်း နာမည်ရွတ် ပြစမ်းလို့်ခိုင်းလိုက်တယ်။ ဟိုက ခုန်ချသွားရော”

ကောင်လေးလည်း ဒီဟာသကို ကြားဖူးပါတယ်။ ကြားဖူးဆို သူကပဲ ကောင်မလေးကို ပြောပြခဲ့တာပဲဖြစ် မယ်လို့ သူထင်နေ တယ်။

“အဲဒီအတိုင်းပါပဲ။ သေသွားတဲ့လူတွေကျတော့ ဘယ်သူမှတ်မိပါ့မလဲ”

“အင်း”

ကောင်လေးလည်း စိတ်မကောင်းဖြစ်နေတဲ့ အင်းနဲ့ အင်းလိုက်တယ်။

“မဟုတ်ဘူး။ မှတ်မိတာပေါ့။ မှတ်မိတာပေါ့ ကိုရဲ့။ ဘယ်သူတွေလည်း သိလား”

“ဘယ်သူတွေလဲ”

“ဘယ်သူတွေကမလဲ၊ သူတို့ကို ချစ်တဲ့သူတွေနဲ့ သူတို့က ချစ်တဲ့သူတွေကပေါ့”

“အင်း အဲဒီလူတွေအတွက် သူတို့ အသက်ကိုပေးလိုက်ရလို့ သူတို့တွေ ဂုဏ်ယူနေကြမယ်လို့ရောမထင် ဘူးလား”

“သေပြီးမှ ဂုဏ်ယူနိုင်သေးလို့လား”

“အဲဒါတော့ မလျှောက်တတ်။ သေမှမသေဖူးပဲကိုး”

“ပြီးတော့ သူတို့အတွက် သေပေးလိုက်ရတယ်လို့ ထင်နေတာပဲဖြစ်နေရင်ရော၊ တကယ်မဟုတ်ဘူးဆို ရင်ရော”

“ဒါလည်း မလျှောက်တတ်တော့ဘူး”

“သိပ်လွယ်လွန်းတယ်။ ဘယ်လောက်ပဲ ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတယ်ပြောပြောပါ။ သိပ်လွယ်လွန်း ပါတယ်။ သေရတဲ့ လူတွေနဲ့ ယှဉ်ရင်ပေါ့”

ကောင်လေးက စားပွဲထိုးလေးကို လှမ်းခေါ်လိုက်ပြီး ရေသန့်ဘူးအေးအေးလေးတဘူးလောက်လို့ မှာလိုက်တယ်။ ပြီးမှ …

“ကလေး မေ့နေတာဖြစ်မယ်။ ဘုရင်ကြီး လီယိုနာဒက်နဲ့ သူ့ စစ်သည် ၃ဝဝ ပါရှန်တွေကို ခံချပြီး အသက်ပေးသွားကြရတော့ သူတို့နိုင်ငံအတွက်လေ။ သူ့အတွက်လည်း ဘယ်လွယ်ခဲ့ပါ့မလဲ။ သူကိုယ်တိုင်သေခဲ့တာပဲဟာ”

“ကလေးမမေ့ပါဘူး။ ကိုသာ ကလေးပြောခဲ့တာကို မေ့နေတာ။ ကလေးပြောတာ ယေဘုယျသဘောဆိုတာကိုလေ။ တကယ်လို့ ပါရှန်ဘုရင် ဇော့ဇ်သာ အင်ပါယာထူထောင်ဖို့ စစ်တိုက်မယ်လို့မဆုံးဖြတ်ခဲ့ဘူးဆိုရင်၊ လီယိုနာဒက်ကို ခံမတိုက် တိုက်အောင် ဖိအားမပေးခဲ့ဘူးဆိုရင် အဲဒီလို ကလေးကဆိုလိုချင်တာ။ စစ်ကို စတင်စေမယ့် ဘယ်လိုဆုံးဖြတ်ချက်မှ မရှိခဲ့ဘူးဆိုရင်ပေါ့”

“ဒါတော့မဖြစ်နိုင်လောက်ဘူး ကလေးရယ်” လို့ ကောင်လေးက လာချပေးတဲ့ ရေသန့်ဘူးကိုဖောက်ရင်းနဲ့ ခပ်လေးလေး ပြောတယ်။

“ဘာကြောင့်လဲ” လို့ ကောင်မလေးက ပြန်မေးတယ်။

“ဘာလို့လဲဆိုတော့ လူဆိုတာအမျိုးမျိုးကိုး။ စစ်ကိုစတင်ဖို့ ဆုံးဖြတ်တဲ့လူလည်း ရှိမှာပဲ။ မဆုံးဖြတ်တဲ့လူ လဲရှိမှာပဲလေ။ လူဆိုတာ ကံသေကံမဘယ်ပြောနိုင်မလဲ”

“ဒါဖြင့်ရင်လည်း ဆုံးဖြတ်တဲ့လူက ဆုံးဖြတ်ပေမဲ့ လိုက်နာရမယ့်သူတွေက မတိုက်နိုင်ဘူးလို့ ငြင်းလိုက်ပေါ့။ ဘာကြောင့်များ မငြင်းနိုင်ကြတာလဲ။ ဒါ သူတို့မြေ ကျွန်တော်တို့ မတိုက်သိမ်းနိုင်ဘူး။ ဒါ သူတို့နိုင်ငံ ကျွန်တော်တို့မကျူးကျော်နိုင်ဘူး။ ဒါ သူတို့ မိသားစု ကျွန်တော်မဖျက်စီးနိုင်ဘူးလို့ ဘာကြောင့်များ မပြောခဲ့ကြတာလဲ”

“အင်း အဲဒီလိုပြောလိုက်ရင် သစ္စာဖောက်ရာ ကျမှာဆိုးလို့နေမှာပေါ့”

“ဘယ်သူ့ကို သစ္စာဖောက်တာလဲ”

“သူ့နိုင်ငံနဲ့ သူ့ဘုရင်ကိုပေါ့”

“အဟင်း .. နိုင်ငံက စကားမပြောတတ်ပါဘူး ကိုရာ”

“ဒါပေမဲ့ ဘုရင်က ပြောတတ်တယ်လေ”

“မင်းတို့ ဟိုဘက်ကလူတွေကို သွားသတ်ကြ၊ မင်းတို့လည်း သေချင်သေကြ၊ မသေရင် ပြန်လာပြီး ငါ့ဆီ ကျွန်ခံချေကြလို့ ပြောတဲ့လူကို ဘုရင်လို့၊ အကြီးအကဲလို့ခေါ်နိုင်ပါ့မလားကို”

“ဘယ်ခေါ်နိုင်ပါ့မလဲ၊ ဒါပေမဲ့ ခေါ်ကြရတယ်လေ”

“ဘာလို့လဲ”

ဒီတခါတော့ အပြင်ဘက်ကို အကြာကြီးငေးကြည့်တာ ကောင်လေးအလှည့်ဖြစ်သွားတယ်။ သူ ရေငှဲ့ထည့်ထားတဲ့ ဖန်ခွက်မှာ အငွေ့တွေရိုက်ပြီး ရေငွေ့တွေ သီးနေတယ်။

“ဘာလို့လဲဆိုတော့ အင်း။ ကိုယ်က မခေါ်ပေမဲ့ ခေါ်တဲ့သူတွေကလည်း ရှိဦးမှာကိုး။ ကိုယ်က မခေါ်တဲ့အ ခါ အဲဒီခေါ်တဲ့ သူတွေက ကိုယ့်ကို သစ္စာဖောက်လို့သတ်မှတ်ပြီး သတ်ပစ်လိုက်ကြတော့မှာပေါ့”

“ဘာပဲဖြစ်ဖြစ်လေ။ စစ်ပွဲထဲ သွားရင်လဲ သေရမှာပဲကို”

“စစ်ပွဲထဲမှာကမှ အသက်ရှင်ကျန်ဖို့ လမ်းရှိချင် ရှိဦးမယ်လို့တွေးလို့နေမှာပေါ့။ သစ္စာဖောက်ဆိုရင်တော့ သေဖို့ သေချာ သလောက်ပဲလေ”

“အဲဒီလိုလူတိုင်းက တွေးနေတာဆိုရင်ရော။ လူတိုင်းက မဟုတ်တောင် လူများစုကတွေးနေတာဆိုရင်ရော”

“ဘယ်လိုတွေးတာလဲ”

“ငါက ဘုရင်လို့ မခေါ်၊ မတိုက်ဘူးလို့ ငြင်းလိုက်မယ်ဆိုရင် ဟိုကောင်တွေက ငါ့ကို သစ္စာဖောက်လို့ သတ်မှတ်ပြီး သတ်လိမ့်မယ်လို့တွေးနေကြတာ လူတိုင်း၊ ဒါမှမဟုတ် လူများစုကဖြစ်နေရင်ရော။ တ ယောက်ယောက်က မတိုက်နိုင်ဘူးလို့ စပြောလိုက်ရင် ထောက်ခံလိုက်မယ်ဆိုပြီး စောင့်နေတာ ဆိုရင်ရော”

“ဒါတွေကတော့ ဆိုရင်ရောတွေပေါ့ ကလေးရယ်။ သေချာတာမှမဟုတ်တာ။ ပြီးတော့ ဒီစစ်ကို တိုက်ဖို့ လိုတယ်လို့ တကယ်ကိုယုံနေတဲ့ လူတစုလည်း ရှိချင်ရှိနေနိုင်သေးတာပဲ။ ယုံနေအောင် ပုံစံအမျိုးမျိုး နဲ့ အယုံသွင်းခံထားရတဲ့ လူတစုပေါ့။
အင်းပါ။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ မသေချာပါဘူး။ ဟိုလူကြီး ဘယ်သူ၊ ကိုပြောဖူးတာလေ။ ဘဝရဲ့ တခုတည်းသော သေချာမှုဆိုတာကတော့ သေဖို့ပဲလို့ ပြောတဲ့လူကြီးလေ”

“မာတင်ဟိုက်ဒဂါ။ ကိုလဲ စီးကရက်ဘူးခွံကနေ ဖတ်လိုက်ရတာပါ”

“အင်း။ ကလေးထင်တယ်။ လူတွေက သေချာမှုနောက်ကိုပဲ လိုက်ကြတာဖြစ်မယ်။ မသေချာတာတွေ ထက်စာရင် သေချာ တာက ပိုကောင်းတယ်။ သေချာတယ်ဆိုတာက သေခြင်းတရားဖြစ်နေရင်တောင်မှပေါ့”

“အင်း”

“မသေမချာဖြစ်နေတာထက်စာရင်ကွာ သွားသေလိုက်တာမှကောင်းဦးမယ်။ အသေချာဆုံးက သေမှာပဲ မဟုတ်လား။ စောစောသေလိုက်တာ ကောင်းတယ်ဆိုပြီးတော့လေ။ အဲဒီလိုနဲ့များ တွေးပြီး လိုက်နာခဲ့ ကြတာဖြစ်မလား”

“ဟုတ်မလား မပြောတတ်ဘူး။ အင်း”

ကောင်လေး ရေတငုံသောက်လိုက်တယ်။

“ဖြစ်နိုင်လောက်ပါတယ်”

“အဲဒီလိုနဲ့ပဲ သူတို့က သေလိုက်တာအေးတယ်ဆိုပြီး အသေခံလိုက်နာကြ။ စစ်ပွဲတွေ စတင်ကြ။ တဖက်က ရွေးစရာမရှိတော့ တဲ့ လူတွေက နောက်ဆုံးရွေးစရာဖြစ်တဲ့ စစ်ကိုရွေးချယ်ပြီး ပြန်တိုက်လိုက်ကြ။ ပြီးတော့ အသက်ပေါင်းများစွာ သေကြ။ သေပြီးတော့လည်း သေချာသွားတာပေါ့။ ဘာကို သေ ချာသွားတာလဲတော့မသိဘူး”

ကောင်လေး ရေခွက်ကို လှည့်ကစားနေရင်းကနေ ကောင်မလေးကို ငေးကြည့်လို့မေးလိုက်တယ်။

“ကလေး ဘာလို့ ဒီနေ့ ဒါတွေပြောနေတာလဲ။ ကလေးကြည့်ရတာ တခုခုရှိနေတဲ့ပုံပဲ။ ကို့ကို ပြောပြပါလား။ ဘာဖြစ်လို့လဲ။
အင်း”

ကောင်မလေး အကြာကြီး ငြိမ်သွားတယ်။ ဖန်ခွက်ထဲက ကျန်နေသေးတဲ့ မုန်လာဦနီဖျော်ရည်တွေကို ငေး ကြည့်နေတယ်။ နှုတ်ခမ်းလေး ဟလာလိုက်၊ ပြန်စေ့သွားလိုက်နဲ့။

“ကလေး ငယ်ငယ်က ကချင်မှာနေဖူးတယ်လေ။ မြစ်ကြီးနားမှာ”

“အင်း”

“အဲဒီမှာ ခင်ခဲ့တဲ့ ငယ်သူငယ်ချင်းတယောက်နဲ့ ဟိုးတလောက တွေ့တယ်။ ဂျာဆိုင်းပန်တဲ့”

“အင်း”

“သူပြောတယ်။ သူ့ အဖေရယ်၊ အမေရယ်၊ မောင်လေးရယ်၊ အဖွားရယ် ဆုံးသွားကြပြီတဲ့”

“ဟင် ဘယ်လိုဖြစ်တာလဲ”

“တိုက်ပွဲတွေကြားထဲမှာ ညှပ်သွားတာပြောတာပဲ။ သူကတော့ ပြောတာ အများကြီးပဲ။ ကလေးကတော့ သူ ပြန်ပြောပြတဲ့ပုံစံက ကြောက်စရာကောင်းတယ်ဆိုတာပဲ မှတ်မိတော့တယ်”

“ဘယ်လို ကြောက်စရာကောင်းတာလဲ”

“မသိဘူး။ သူ ကလေးရှေ့မှာ တကယ်မရှိသလိုကြီး။ အူကြောင်ကြောင်နဲ့။ တယောက်ယောက်က သူ့ အတွင်းကလီစာတွေကို ထုတ်ယူထားလို့ အခွံလိုက်ရောက်လာတဲ့ ပုံစံကြီး။ ငိုလဲမငိုဘူး။ တမျိုးပဲ။ သူများအကြောင်းပြောပြနေသလိုပဲ။
အင်း ထုံသွားတာပေါ့။ ဘယ်တုန်းက ဖြစ်သွားတာတဲ့လဲ”

“မမေးလိုက်မိဘူး။ အင်း တတိယကမ္ဘာစစ်မဖြစ်ခင် တရက်ရက်ကလို့ပဲ မှတ်ထားလိုက်ကြတာပေါ့လို့ ကောင်မလေးက ခနဲ့တဲ့တဲ့လေသံနဲ့ပြောတယ်။ ဘယ်သူ့ကို ခနဲ့ချင်တယ်ဆိုတာကတော့ဖြင့် မသေ ချာဘူး”

ကောင်မလေး အအေးခွက်ကို နေရာရွေ့လိုက်တယ်။ ပြီးတော့ အရင်နေရာကို ပြန်ရွေ့တယ်။ ပြီးတော့ ပထမတခါ ရွေ့ခဲ့တဲ့နေရာကို ပြန်ရွေ့ပြန်တယ်။ နောက် တမိနစ်လောက် ငြိမ်နေပြီးမှ မူလအရင်နေရာ ဆီကို ပြန်ရွေ့လိုက်တယ်။

“အဲဒီကတည်းက ကလေး ဒါတွေ တွေးမိနေတာ။ သေနေကြတာ တဖြုတ်ဖြုတ်ပဲလို့။ ဟိုဘက်ရော၊ သည်ဘက်ရော၊ ကြားထဲကလူရော။ သေလိုက်ကြတာ။ တရက်မှလည်း အေးအေးနေကြရ တယ်ရှိမှာ မဟုတ်ဘူး။ မသေခင် ဟိုပြေးလိုက်၊ ဒီပြေးလိုက်။ သေတော့လည်း သေလိုက်။  သေတဲ့လူတွေ ပြေးတဲ့လူတွေက ပြေးနေတဲ့အချိန်မှာ အေးအေးလူလူသွားလာ လှုပ်ရှားလို့၊ စားသောက်လို့ ရှိနေတဲ့ လူက ရှိနေလိုက်။ ဘယ်လိုကြီးလဲပေါ့။ မပျော်ရဘူး။ မစားသောက်မသွားလာရဘူးလို့ ဆိုလိုတာမ ဟုတ်ပါဘူး။ ဖြစ်နေတာကြီးကို ပြောပြတာ။ အဓိပ္ပါယ်မရှိဘူး။ အဲဒီလို တိုက်ဖို့ ဆုံးဖြတ်ချက်ကိုချ၊ အမိန့်တွေ ကိုပေးပြီး အေးအေးလူလူ သွားလာ၊ စားသောက်နေတဲ့လူတွေရှိနေတယ်လို့ သိနေရရင် ပိုလို့တောင် အဓိပါယ်မရှိဘူး”

“အင်း အဓိပ္ပါယ်မရှိတာကတော့ အမှန်ပဲ။ ဒါပေမဲ့ အဓိပ္ပါယ်ရှိပါတယ်လို့ ထင်နေတဲ့လူကလည်းရှိနေတာပဲ။ အဓိပ္ပါယ်ရှိနေ တယ်လို့ ယုံအောင်လုပ်ထားတဲ့လူကလည်း ရှိနေတာပဲ” လို့ ကောင်လေးက ပြောလိုက်တယ်။

“အဲဒီအတွေးတွေက တခါတခါတော့လည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားလိုက်။ ပြန်သတိရလိုက်။ ပြန်ပေါ်လာလိုက်နဲ့။ တရစ်ဝဲဝဲပဲ။ မမ နှစ်ပတ်လည်နီးလာတော့ ပိုပြီးတွေးဖြစ်လာတယ်”

“အင်း ကလေးမှာ အစ်မတယောက်ရှိဖူးတယ်နော်။ ကိုနဲ့တော့ တခါမှ မဆုံဖြစ်လိုက်ဘူး။ ဆုံးသွား တာကြာပြီနဲ့တူတယ်”

ကောင်မလေးရဲ့ မျက်လုံးတွေထဲမှာ ဝမ်းနည်းမှုအရောင်က လျှပ်ကနဲဖြစ်သွားတယ်။ ပြီးတော့ ဘယ်ဆီ ရောက်သွားလဲမသိရ။ ပျောက်လို့သွားတာလား၊ ငုပ်လို့သွားတာလားပဲ။

“အင်း။ ဟုတ်တယ်။ ရှိဖူးတယ်။ အခုမရှိတော့ဘူး။ ရှိဖူးတယ်ဆိုတော့ မရှိတော့လို့ပေါ့။ ဆုံးသွားတာ ကြာလှပြီ။ မမ ဆုံးတော့ ငယ်ငယ်လေးရယ်”

“ဘယ်လိုဖြစ်ပြီး ငယ်ငယ်လေးနဲ့ ဆုံးသွားရတာလဲ”

“ဒဂုံစင်တာဗုံးကွဲတော့ ပါသွားတာ”

“အို”

ကောင်မလေး ရေသန့်ဗူးကို လှမ်းယူလိုက်တယ်။ ပြီးတော့ ဖန်ခွက်အလွတ်တလုံးထဲကို ရေနည်းနည်း လောင်းထည့်လိုက်ပြီး သောက်လိုက်တယ်။ နှုတ်ခမ်းကို တသျှူးနဲ့သုတ်တယ်။ ဘာမှပေနေတာတော့ မရှိပါဘူး။ ဒါပေမဲ့ သုတ်လိုက်တယ်။

“ဆယ်နှစ်ကျော်သွားပြီ။ တချို့တွေလည်း မေ့သွားလောက်ပါပြီ။ ဒါကြီးဖြစ်ခဲ့တယ်ဆိုတာတောင် သတိ ရတော့တဲ့လူ ရှိချင်မှရှိမယ်။ ဒါပေမဲ့ ကလေးပြောခဲ့သလိုပဲ သူတို့ကို ချစ်တဲ့သူတွေ၊ သူတို့ကချစ်ရတဲ့သူ တွေကတော့ အမှတ်ရနေကြတာပဲ။ အေးလေ။ အမှတ်ရတယ်ဆိုတာကလည်း ကို တခါက ပြောဖူး သလို မေ့သွားပြီးပြီ၊ ပြီးမှ ပြန်အမှတ်ရတယ်ဆိုတဲ့သဘောမျိုး လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့ အနည်း ဆုံးတော့ ပြန်အမှတ်ရသေးတာပေါ့။ အမှတ်ရတော့လည်း ဘာဖြစ်လဲ။ ဘယ်လို ပြောရမလဲ။ မသိဘူး။ မပြောတတ်တော့ဘူး”

“ကို ဆိုရင်လည်း ပြောတတ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကလေးဆိုလိုတာကိုတော့ နားလည်ပါတယ်”

“အင်း”

အကြာကြီး တိတ်ဆိတ်သွားတယ်။ အကြာကြီးမှ အကြာကြီးပဲ။ တနင်္ဂနွေနေ့နဲ့ သက်ဆိုင်တဲ့ တိတ်ဆိတ်မှု မျိုးတောင်မှ မဟုတ်ဘူး။ တနင်္လာနေ့ နေ့လည်ခင်း လူသူအားလုံး အိမ်မှာမရှိလို့ သောခတ်ပိတ်ထားတဲ့ တိုက်ခန်းတခန်းအတွင်းပိုင်းထဲက တိတ်ဆိတ်မှုမျိုး။

“အဓိပ္ပါယ်မရှိပါဘူး ကိုရယ်” လို့ ကောင်မလေးက နောက်ဆုံးပြောတယ်။ အဲဒါ အဲဒီစကားဝိုင်းရဲ့ နိဂုံးချုပ်စကားပါပဲ။

သူတို့ ပြန်ကြတော့ ကားဂိတ်အထိ ကောင်လေးက လိုက်ပို့တယ်။ ဘာစကားမှ ထွေထွေထူးထူးမပြောဖြစ် ကြဘူး။ ပြီးတော့ ကောင်လေးက  ကားပြတင်းပေါက်ကနေ ကောင်မလေးကို လှမ်းပြီး လက်ပြတယ်။ အဲဒီ နောက်  သူလည်း သူကားစီးရမယ့် မှတ်တိုင်ဆီကို လမ်းလျှောက်သွားတယ်။

အခုနေများ ဒုံးကျည်တလုံးကျလာရင် ဘယ်လိုနေမလဲလို့ နှစ်ထပ်အဝတ်အစားဆိုင်ကြီးရဲ့ အပေါ်ဘက် မှန်သားနံရံကနေ မြင်နေရတဲ့ မင်္ဂလာဆောင်ဝတ်စုံတွေဝတ်ထားတဲ့အရုပ်ကြီးတွေကို ကြည့်ရင်း ကောင် လေးတွေးမိလိုက်သေးတယ်။  မဖြစ်နိုင်ဘူးလို့လည်း မပြောနိုင်ဘူး။ ဖြစ်နိုင်တယ်လို့ လည်းမပြောနိုင်ဘူး။ အဓိပါယ်မရှိ ရုံသက်သက်ပဲလို့ ဆက်တွေးတယ်။ ပြီးတော့ သူစီးရမယ့် ကားကိုတက်စီးခဲ့တယ်။

နောက်ထပ်ရက်တွေ အများကြီးကုန်သွားလည်း သူ အဲဒီအတိုင်းတွေးမိနေတုန်းပဲ။ အမြဲတမ်းတော့ မဟုတ် ဘူး။ တခါတရံ ပေါ့။ သူတို့ ဘာတွေပြောခဲ့တယ်ဆိုတာကို။ သူ အမှတ်ရနေတုန်းပဲ။ နှစ်ပတ်လည်နေ့တွေ တခုပြီးတခုလာတယ်။ သူ အမှတ် ရနေတုန်းပဲ။

အမှတ်ရတယ်ဆိုတာကလည်း မေ့ပြီးသွားပြီဆိုတဲ့အဓိပါယ်ပဲ၊ ပြီးမှ ပြန်အမှတ်ရလာတာလို့ ဘယ်လိုပဲတွေး တွေး အမှတ်ရတဲ့ အခါမှာတော့ ကောင်မလေးပြောသလို ဘယ်လိုပြောရမှန်းမသိတာကြီး ခံစားရတာ အမှန် ပဲဆိုတာကို အဲဒီလိုအခါတိုင်းမှာ ကောင်လေးတွေးလေ့ရှိတယ်။

ဘယ်လောက် ရက်တွေ၊ ရက်တွေ ကြာသွားသွား၊ သူ အမှတ်ရနေတုန်းပဲ။ အဲဒီစကားတွေ ပြောခဲ့တဲ့နေ့ကို ပြန်အမှတ်ရ လာတိုင်း လာတိုင်း၊ သူအမြဲတွေးလေ့ရှိတဲ့အတွေးစကားတခွန်းက …

အင်း “တတိယကမ္ဘာစစ်ကြီးမဖြစ်ခင် တနင်္ဂနွေတရက်က” တဲ့။

ညီမိုးဆွေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်