ညိုထက်ညို – နံနက် ငါးနာရီ

April 24, 2018

– နံနက် ငါးနာရီ
(မိုးမခ) ဧပြီ ၂၄၊ ၂၀၁၈

ညတုန်းက ကောင်းကောင်း အိပ်မပျော် သော်လည်း ထုံးစံအတိုင်း မနက် ဝေလီဝေလင်း မှာပဲ သူ့ဘေးက ခင်းထားသော စောင်ကလေးမှာ အိပ်နေသော သားလေးကျား က နှိုးသောကြောင့် သူ နိုးလာသည်။ ပြုနေကျ ဝတ်အတိုင်း သားလေး ကို အစာကျွေးရန် သူ ခြင်ထောင်စ ကို ဖယ်၍ ထလိုက်သည်။

အိမ်ခန်းထဲက မီးကို ဖွင့်လိုက်တော့ မီးချောင်းမှ မီးရောင် ဖြူပျပျ က အခန်းကလေး ကို လွှမ်းသွားသည်။ ခါတိုင်းတော့ ဒီကုတင်ပေါ်က သူ့ နံဘေး မှာ သူ့ ဇနီး က ရှိနေမြဲ ဖြစ်ပါသည်။ သူတို့ မင်္ဂလာဦး လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ကျော် ငါးဆယ် နီးပါး ကတည်းက သူတို့ နှစ်ယောက် ဒီနေရာမှာပဲ ညတိုင်း အတူ ရှိခဲ့ကြပါသည်။ အခုတော့လည်း သူ့ဇနီးက သားအလတ် ဖြစ်သူ နှင့် နယူးဇီလန် နိုင်ငံ တွင် သူ့သမီးက မွေးသော သူ့မြေးဦး ကလေး ကို ကူထိန်းပေးရန် ကျန်နေခဲ့လေသည်။ သူကတော့ မြန်မာပြည်တွင် သူ သံယောဇဉ် မဖြတ်နိုင်သေးသော ကိစ္စတွေ၊ နောက် သူ့အလုပ်ကိစ္စ တွေကြောင့် မတ်လလယ် လောက်ကတည်းက မြန်မာပြည် သို့ တစ်ယောက်တည်း ပြန်ခဲ့ရလေသည်။ သူ့ ကျန်းမာရေး ကို စိတ်မချသော သူ့ဇနီးက အတူ ပြန်လိုက်မည်ဟု ပြောပါသည်။ သို့သော် မွေးကာစ သူ့မြေးလေး နှင့် မနိုင်မနင်း ဖြစ်နေရှာသော သူ့သမီး ကို ငဲ့၍ သူ တစ်ယောက်တည်း ပြန်ခဲ့ပါသည်။

အဲဒီမှာပဲ သားလေးကျား က သူ့ခြေထောက်ကို ခေါင်းနှင့်ပွတ်၍ တညောင်ညောင် အော်နေသောကြောင့် သားလေးကျား နှင့်အတူ သူ အိမ်ရှေ့ဧည့်ခန်း ထဲသို့ ထွက်ခဲ့လေသည်။ အိမ်အလယ်ခန်း က အထွက် ဧည့်ခန်းထဲက ကုလားထိုင်ဘေးမှာ ချထားသော အစာဘူးကို ယူ၍ သူ အလယ်ခန်း ထဲ ပြန်ဝင်ခဲ့သည်။ ပြီးတော့ ကုတင်ဘေးမှာပဲ အစာဘူးကို ဖွင့်၍ အဖုံးထဲသို့ အနီရောင် ကြောင်စာ အခဲလေးတွေ ထည့်ပြီး သားလေးကျား ကို ကျွေးရသည်။ သားလေးကျား စားနေတုန်းမှာပဲ သူ မီးဖိုခန်းဘက် ထွက်ခဲ့သည်။

မီးဖိုခန်းမီး ကို သူ ဖွင့်လိုက်တော့ ကြမ်းပြင်ပေါ်က ပိုးဟပ် တစ်ကောင်နှစ်ကောင် က ချောင်ကြိုချောင်ကြား ထဲသို့ ပြေးဝင်သွားကြလေသည်။ မီးဖိုခန်း ကလေး ကို သူ အဝက ကြည့်လိုက်တော့ မီးဖိုခန်းကလေး ကလည်း ကြွေပြားတွေ ခင်းထားတာက လွဲ၍ ဟိုးလွန်ခဲ့သော နှစ်လေးငါးဆယ် လောက်ကလိုပဲ ဖြစ်ပါသည်။ ဒီမီးဖိုခန်း ကလေးမှာပဲ သူတို့ လင်မယားနှစ်ယောက် စလယ်ဝင် ဒန်အိုးကလေး တစ်လုံး နှင့် ဘဝ ကို စခဲ့ကြသည်။ နောက်တော့လည်း ပွားစီးလာသော သားသမီးသုံးယောက် နှင့် ဒီမီးဖိုခန်းကလေး မှာပဲ မီးခိုးတွေ တလူလူ၊ ထမင်းနံ့ ဟင်းနံ့ တွေ တလှိုင်လှိုင် နှင့် နှစ်ပေါင်း အစိတ်သုံးဆယ် လောက်က ခဏကလေး ကျော်ဖြတ်သွားခဲ့သည်။ ပြီးတော့လည်း သူ့သားကြီး ဖြစ်သူက ဘယ်တော့မှ ပြန်မလာနိုင်သော လမ်း ကို သွားသလို သူ ဘယ်လိုမှ လက်လှမ်းမမီရာ ဟိုးသမုဒ္ဒရာကြီး တွေ ဟိုမှာဘက်က အမေရိကား သို့ ထွက်ခွာသွားခဲ့သည်။ ပြီးတော့ သမီးအငယ် ဖြစ်သူက ထိုင်းနိုင်ငံ၊ အဲဒီကနေပြီး နောက်တော့ နယူးဇီလန် နိုင်ငံ သို့ ထပ်ထွက်သွားခဲ့သည်။ ပြီးတော့ ဘာမှ မကြာလိုက်မီ သူ့ နံဘေးမှာ နောက်ဆုံး ကျန်နေခဲ့သော သားအလတ် ဖြစ်သူက သမီး နောက်သို့ ထပ်လိုက်သွားခဲ့သည်။ အဲဒီမှာပဲ သူ နှင့် သူ့ဇနီး စလယ်ဝင် အိုးကလေး နှင့် စခဲ့ရသော ဇာတ်လမ်းက စလယ်ဝင် အိုးကလေးမှာပဲ ပြန်ဆုံးသွားခဲ့သည်။

တကယ်က ဒါတွေ ဖြစ်ခဲ့တာ လွန်ခဲ့သော ဆယ်နှစ် လောက်ကတည်းက ဖြစ်ပါသည်။ အဲဒီကတည်းက သူတို့ ဇနီးမောင်နှံ နှစ်ယောက်တည်း ဒီ ၃၇လမ်း အလယ်လမ်း ထဲက ၁၂ပေခွဲ ပေငါးဆယ် အခန်းကလေး မှာ သမီးကလေးလို ဖြစ်နေသည့် အိမ်အကူ မိန်းကလေး တစ်ယောက် နှင့် ကျန်ခဲ့ကြပါသည်။ ဒီဆယ်နှစ်လုံးလုံး သူတို့နှစ်ယောက် ဘေးမှာ အမြဲ အဖော်လုပ်ပေးနေခဲ့တာ သားလေးကျား ဟု သူက ခေါ်သည့် ကြောင်ကလေး သာ ရှိပါသည်။ တွေးနေရင်းနှင့်ပဲ သူ ရေဆွဲချပြီး အိမ်သာထဲက ပြန်ထွက်လာသည်။

အိမ်အလယ်ခန်း ထဲကနေ အိမ်ရှေ့ဧည့်ခန်း ကို ပြန်ထွက်လာတော့ စားပြီးသောက်ပြီး သွားသည့် သားလေးကျားက လျှာကလေးကို သပ်၍ သူ နှင့်အတူ လိုက်ထွက်လာသည်။ အိမ်ရှေ့ခန်းက မီးကို ဖွင့်လိုက်တော့ လေးပေမီးချောင်းရောင် ဖြင့် ဧည့်ခန်းတစ်ခုလုံး လင်းထိန်သွားသည်။ နောက်ကိုလှည့်ပြီး နံရံက တိုင်ကပ်နာရီ ကို လှမ်းကြည့်လိုက်တော့ ခုမှ လေးနာရီ ထိုးကာစပဲ ရှိနေသေးတာ သူ တွေ့ရသည်။ ဖွင့်ထားသော အိမ်ရှေ့ခန်းက အဲကွန်း ကို သူ ပိတ်မည် လုပ်ပြီးမှ ပူနေသေးသောကြောင့် မပိတ်ဘဲ ထားလိုက်သည်။ အိပ်ရာထဲ ပြန်အိပ်မည် ဆိုလျှင်လည်း အိပ်ပျော်မည် မထင်တော့သောကြောင့် သူ ထိုင်နေကျ တီဗီ နှင့် အနီးဆုံးက ကုလားထိုင် မှာပဲ သူ ဝင်ထိုင်လိုက်သည်။ သားလေးကျား ကတော့ သူ့ရှေ့က ကြမ်းပြင်မှာပဲ လှဲပြီး သူ့ကိုယ်သူ လျှာနှင့်လျက်၍ သန့်ရှင်းရေး လုပ်နေသည်။

မျက်စိရှေ့က ကြမ်းပြင်ပေါ်မှာ ဝပြဲလုံးတစ် နေသည့် သားလေးကျား ကို တွေ့ရတော့ ဟိုး လွန်ခဲ့သော ဆယ့်လေးငါးနှစ် သားလေး အိမ်သို့ ရောက်ကာစက နေ့ရက်တွေကို သူ ပြန်သတိရလာသည်။ အဲဒီတုန်းက သားလေးကျား က သူတို့ တိုက် ၏ မြေညီထပ် မှာ မွေးဖွားခဲ့သော တစ်နှစ်သားအရွယ် ကြောင်ထီးကလေး တစ်ကောင်မျှသာ ဖြစ်သည်။ ငယ်ကတည်းက မြေညီထပ် မှာ မွေးပြီး လမ်းပေါ်မှာ တစ်ပိုင်းကြီးပြင်းခဲ့သော ကြောင်ကလေး ဖြစ်သောကြောင့် သားလေးကျား က ဟိုခုန်သည်လွှား ဖြင့် ပထမထပ် မှာ ရှိသော သူတို့အခန်း သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။ အဲဒီတုန်းက သူတို့ အိမ်မှာ မွေးထားသော ကြောင်မကလေး ကလည်း ရောဂါဖြင့် ငယ်ငယ်ရွယ်ရွယ် သေဆုံးပြီးကာစ ဖြစ်သောကြောင့် သူတို့အိမ်မှာ ကြောင်မကလေး ချန်ထားခဲ့သော ကြောင်စာ တွေက ရှိနေသည်။ အဲဒီမှာပဲ သားလေးကျား ကို အစာကျွေးမိတော့ သားလေးက သူ့အိမ်ရှိရာ အောက်ထပ်သို့ မပြန်တော့ဘဲ သူတို့အိမ်မှာပဲ စတင် စတည်းချလေသည်။ ညဆိုလျှင် တစ်ညလုံး လမ်းထဲမှာ ရွာရိုးကိုးပေါက် လျှောက်လည်ပြီး မနက်ငါးနာရီ လောက်ဆိုလျှင် အိမ်သို့ ပြန်လာသည်။ ဧည့်ခန်း အိမ်ပေါက်ဝ တံခါး က ဝုန်းခနဲ အသံကြားပြီ ဆိုလျှင် သူက ‘ငကျား ပြန်လာပြီဟေ့’ ဟု အိပ်ရာထဲက ပြောသည်။ အဲဒီမှာပဲ သူ့ဘေးက သူ့ဇနီးက တံခါး ကို သွားဖွင့်ရသည်။ အဲဒီတော့မှ သားလေးကျား အိမ်ထဲ ပြေးဝင်လာပြီး အစာတောင်းသည်။ အစာစားပြီးသည်နှင့် တစ်နေ့လုံး အိပ်သည်။ ညကျမှ ပြန်ထွက်သည်။ ဒီပုံဒီနည်း နှစ်နှစ် လောက် လုပ်ပြီးတော့ တစ်ည သားလေးကျား ထွက်သွားရာက ပြန်မလာတော့ဘဲ နှစ်လလောက် ပျောက်သွားသည်။ ပြီးတော့ တစ်ညနေတွင် အမှတ်မထင် အိမ်သို့ ပြန်ရောက်လာသည်။ အဲဒီမှာပဲ သားလေး ၏ ရှေ့ရေးကို တွေးပြီး နောင် အပြင်မထွက်ဘဲ အိမ်မှာပဲ မြဲနေစေရန် တိရစ္ဆာန် ဆရာဝန် ထံ ခေါ်သွားပြီး သင်းလိုက်ရသည်။ သားလေးကို ခြင်း နှင့် ထည့်သွားပြီး သူ့သား အလတ်ကောင် မျက်ရည်လည်ရွဲ နှင့် အိမ်ပြန်ရောက်လာသည်။ ခြင်းထဲမှာတော့ သားလေးကျား က မေ့ဆေးအရှိန်ဖြင့် မေ့နေသည်။ သတိရတော့ သားလေး ၏ ကြောင်သိုးကြောင်မာန် စိတ် တွေ ငြိမ်သက်သွားသည်။ ထိုအချိန်မှ စ၍ သားလေး အပြင်မထွက်တော့ဘဲ အိမ်မှာ မြဲသွားသည်။ မြဲသွားသည် နှင့်အမျှ ခန္ဓာကိုယ် က တစတစ ဝ လာပြီး ၁၀ ကီလို လောက် ရှိသည့် ကြောင်ဝကြီး တစ်ကောင် ဖြစ်လာသည်။

မှတ်မှတ်ရရ သားလေးကျား ကို မသင်းခင်ကလေး မှာပဲ သူ နှလုံးသွေးကြောပိတ်ပြီး သေကောင်ပေါင်းလဲ ဖြစ်သည်။ အဲဒီတုန်းကလည်း ခုလို မနက်ခင်း ပဲ ဖြစ်သည်။ သူ လမ်းလျှောက်နေရင်း နှင့် မောလာသောကြောင့် လမ်းဘေးမှာ ထိုင်နေရသည်။ ကံအားလျော်စွာ သူ့ဘေးမှာ သူ နှင့် နံနက် လမ်းလျှောက်ဖက် သူ့ ဆရာသမား ဆိုလည်းဟုတ် မိတ်ဆွေဆိုလည်းဟုတ် သည့် ဒေါက်တာအောင်ခင် ပါသည်။ ဒေါက်တာအောင်ခင် ၏ ကောင်းမှုဖြင့် အချိန်မီ သိပြီး သူ ဘန်ကောက်သို့ သွား၍ နှလုံးခွဲရသည်။ အဲဒီတုန်းက သူ့သမီးလုပ်သူက ဘန်ကောက်မှာ ကျောင်းတက်နေတုန်းပဲ ရှိသေးသည်။ ဘန်ကောက်မှာ တစ်လခွဲလောက်နေပြီး မြန်မာပြည် ပြန်ရောက်လာတော့ သူ့ လက်ဖျံ က အကြောက နှလုံး သို့ ပြောင်းလဲ ရောက်ရှိသွားခဲ့သည်။ ဘာပဲဖြစ်ဖြစ် အော်ပရေရှင်း အောင်မြင်သောကြောင့် သူ့အသက် ဆက်ရှင်ခဲ့ရသည်။
နောက်ဆုံးတော့လည်း မှုန်ကုပ်ကုပ် ဒီအိမ်ခန်းကလေး ထဲမှာ လူအို လင်မယားနှစ်ယောက် နှင့် ကြောင်အိုကြီး တစ်ကောင် သာ ကျန်နေခဲ့ပါသည်။ သူ နှလုံးခွဲပြီး နှစ်နှစ် လောက်ကြာတော့ သူ့ဘေးမှာ နောက်ဆုံး ကျန်နေခဲ့သည့် သူ့သား အလတ်ကောင် က သူ့ညီမ ရှိရာ နယူးဇီလန် နိုင်ငံ သို့ လိုက်သွားခဲ့သည်။ သူ့သား ကိုယ်စား သူ့နံဘေးမှာ သူ့သား ချစ်ခဲ့ရသည့် သားလေးကျားသာ ကျန်ခဲ့သည်။ သင်းလိုက်ပြီး ကတည်းက သားလေးကျား ကလည်း ကလေးလေး တစ်ယောက်လို ညအိပ်လျှင်ပင် သူတို့ လင်မယား နှစ်ယောက် အလယ်မှာပဲ အိပ်တော့သည်။ ဒီလိုနှင့်ပဲ နှစ်တွေက တစတစ ကုန်လွန်သွားပြီး သားလေးကျား လည်း လေးငါးခြောက်နှစ် သား အရွယ် မှ ကြောင်အိုကြီး ဘဝ သို့ ရောက်ခဲ့ရသည်။

တွေးနေရင်းနှင့် ထိုင်နေရာက နံရံပေါ်က နာရီ ကို ခေါင်းလှည့်ကြည့်လိုက်တော့ ခုမှ လေးနာရီ ဆယ်မိနစ် ပဲ ရှိနေသေးသည်။ ဟိုးအရင် နှစ်ပေါင်းများစွာ တွေတုန်းကတော့ မနက် ငါးနာရီကျော် ငါးနာရီခွဲ လောက်မှပဲ သူ ထမြဲ ဖြစ်ပါသည်။ သို့သော် လွန်ခဲ့သော လေးငါးနှစ် လောက်ကစပြီး မနက် လေးနာရီ ဆို မှန်မှန်နှိုး၍ အစာကျွေးခိုင်းသော သားလေးကျားကြောင့် သူ့ အိပ်ရာထချိန် တွေလည်း အလိုလို စောခဲ့ရတာ အခုထိပဲ ဖြစ်ပါသည်။ အသက်ကြီးလာသောကြောင့် ထင်သည်။ အိပ်ရာက နိုးပြီ ဆိုလျှင် ပြန်အိပ်၍ မရတော့။ ဒါနဲ့ပဲ သားလေးကျား ကို အစာကျွေးပြီး ဟိုစဉ်းစား ဒီစဉ်းစား ဖြင့် မနက် ငါးနာရီခွဲ ခြောက်နာရီ လောက်အထိ အိပ်ရာထဲ ခဏလှဲလိုက် အိမ်ရှေ့က ဒီကုလားထိုင် မှာ ထိုင်လိုက် ရံဖန်ရံခါ တီဗီ မှ စကိုင်းနက် ဖွင့်ကြည့်လိုက်ဖြင့် သူ့ အချိန် ကို ဖြုန်းရသည်။ အိမ်က သမီးလို ဖြစ်နေသည့် ကောင်မလေးတွေ ကလည်း ဒီအချိန်ဆို အိပ်မောကျဆဲ ဖြစ်သည်။

စဉ်းစားနေရင်း နှင့်ပဲ တီဗီဖွင့်ရင် ကောင်းမလား ဟု တွေးမိသောကြောင့် ထိုင်ရာက ထရန် ပြင်သည်။ ပြီးမှ တီဗီ ကြည့်ချင်စိတ်လည်း မရှိသောကြောင့် ခုံပေါ်မှာပဲ လေးတွဲ့တွဲ့ဖြင့် သူ ပြန်ထိုင်လိုက်သည်။ အဲဒီမှာပဲ နယူးဇီလန် နိုင်ငံ တွင် ကျန်နေခဲ့သော သူ့မိသားစု ရှိရာ သူ့စိတ် ပြန်ရောက်သွားသည်။

မနေ့ညတုန်းကတော့ သူ့သား အလတ်ကောင် ၏ သူငယ် ဖြစ်သူ သူ့ဆီ ရောက်လာပြီး သူ့သား လူကြုံပါးပြီး ပြင်ခိုင်းလိုက်သော ကွန်ပြူတာ လာယူသည်။ လာယူရင်းနှင့် သူ့သား သူငယ် ဖြစ်သူက သူ့သားကို မေးစရာ ရှိသောကြောင့် သူ သူ့ဇနီးထံ ဗိုင်ဘာမှ တစ်ဆင့် လှမ်းဖုန်းဆက်ရသည်။ အဲဒီတော့မှ ဘယ်တော့မှ ဗိုင်ဘာ မှာ မရှိသော သူ့သား နှင့် သူ့သူငယ် ကို ဖုန်းပေးပြောရသည်။ သူ့သား နှင့် သူ့သူငယ် ဖုန်းပြောအပြီး သူ့ဇနီး နှင့် သူ စကားအနည်းငယ် ပြောရသည်။ သူ့ဇနီး ကတော့ သူ့ကျန်းမာရေး အတွက် နေ့စဉ် စိတ်ပူနေရကြောင်း၊ သူ နှင့် တစ်ဝမ်းပဲ ကွဲသည့် သူ့ညီမဝမ်းကွဲဖြစ်သူ က သူ ရန်ကုန်မှာ လျှောက်လျှောက်သွားနေတာ လှမ်းတိုင်နေကြောင်း နှင့် သူ နေပူထဲ မထွက်ရန် တတွတ်တွတ် မှာနေသည်။ ထုံးစံအတိုင်း အေးပါ အေးပါ ပြောရင်းနှင့်ပဲ သူ ဖုန်းပြန်ချလိုက်ရသည်။

ဘာပဲဖြစ်ဖြစ် အခုတော့လည်း သူ့ဇနီးက သူ့သမီးက မွေးသည့် သူ့ တစ်ဦးတည်းသော မြေးကလေး ကို နေ့စဉ် မနက်ကနေ ညမိုးချုပ်အထိ ထိန်းပေးရင်း အလုပ်ရှုပ်နေသည်။ သူ့ဇနီးအကြောင်း ကို အခုလို ပြန်တွေးမိတော့လည်း သူ့ စိတ်တွေက ဟိုးလွန်ခဲ့သော နှစ်ငါးဆယ်ကျော်ကျော် လောက်ကို ပြန်ရောက်သွားသည်။
အဲဒီတုန်းကတော့ သူက ဖောင်ကြီး က ခုပဲ ဆင်းကာစ၊ ကုန်သွယ်ရေး မှာ အလုပ်ဝင်ကာစ အငယ်တန်း အရာရှိ ပေါက်စကလေး ဖြစ်သည်။ တစ်နေ့တော့ သူ့ကို သူ့ သူငယ်ချင်း ဖြစ်သူတစ်ယောက်က နောင်မှာ သူ့ဇနီး ဖြစ်လာမည့် ဇနီးလောင်း ဖြစ်သူ နှင့် မိတ်ဆက်ပေးသည်။ မိတ်ဆက်ပေးသည့် နေရာက ကမ်းနားလမ်းက ခြောက်ထပ်ရုံးကြီး ၏ လှေကားရင်း မှာ ဖြစ်သည်။

ပြီးတော့လည်း သူတို့နှစ်ယောက် သမီးရည်းစားတွေ ဖြစ်သွားကြသည်။ မုဆိုးမ ဖြစ်သူ အမေ ဘက်က တော်စပ်သည့် ရန်ကုန် အနောက်ပိုင်း ဘုန်းကြီးလမ်း ရှိ အဒေါ်ဖြစ်သူ အိမ်မှာ နေပြီး ကျောင်းတက်ရင်း ရန်ကုန် မှာ နေခဲ့ရသည့် သူ့ အတွက် ချက်ချင်း အိမ်ထောင်ပြုဖို့ ဆိုတာက သူ မမက်ဝံ့သော အိပ်မက် ဖြစ်သည်။ သူ့ဇနီး ဖြစ်သူ ဘက်မှလည်း ပညာဂုဏ် က လွဲ၍ အခြား ဘာဥစ္စာဓန ဂုဏ်မှ မရှိသော ဝန်ထမ်းမျိုးရိုး ထဲက ဖြစ်သည်။ ဒါနဲ့ပဲ ချစ်ကြိုးတွေ သွယ်ယှက်သည့် ဘဝ နှင့် လေးငါးနှစ် ခန့် နေပြီး သူ ငွေစုခဲ့ရသည်။ သူ့အသက် ၂၉ လောက်ကျမှ သူ့အိပ်မက် က အကောင်အထည် ပေါ်သည်။ ၁၉၇၁ ခုနှစ် ဆောင်းတွင်းကြီးမှာ သူတို့ လက်ထပ်ကြသည်။ ပြီးတော့ သုံးလေးလအတွင်း သူ့ဇနီးဘက်က တော်သည့် ဦးလေးတစ်ယောက်၏ စောင်မမှုဖြင့် ဒီ ၃၇လမ်း အလယ်လမ်း ထဲက အခန်းကလေးကို သူတို့ လင်မယား နှစ်ယောက် ပြောင်းခဲ့ကြသည်။

အဲဒီမှာပဲ သူတို့ မိသားစု အသိုက်အမြုံကလေး ဖြစ်တည်ပွားစီး ခဲ့လေသည်။ အိမ်ထောင်ဦး အစကာလ တွေမှာ သူတို့ ချို့တဲ့ ခဲ့သော်လည်း သူ့သား အလတ်ကောင် ကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားခဲ့သည့် အချိန်မှ စ၍ သူ့မိသားစု စီးပွားရေး အထိုက်အလျောက် အဆင်ပြေလာသည်။ ဝန်ထမ်းဘဝ မှာ သူ အောင်မြင်လေသည်။ ဆရာကောင်း သမားကောင်း တို့၏ အရိပ်မှာ သူ ခိုလှုံခွင့် ရခဲ့သည်။ သူ့ရာထူး ဌာနန္တရ တွေ တိုးမြင့်လာခဲ့သည်။ သူ့သား အလတ်ကောင် မူလတန်း လောက်မှာပဲ သူ ဆရာ အခေါ်ခံရသည့် ဘဝ သို့ ရောက်သည်။ သူ့လုံ့လ ဥဿဟ ဖြင့် ရှာဖွေသိုမှီး ခဲ့သော ဥစ္စာဓန တို့ကလည်း တိုးပွားလာသည်။ အဲဒီကနေ တလျှောက်လုံး ဘဝ ၏ အတက် လှေကားထစ် တွေနဲ့ချည်း သူ ဆုံစည်းခဲ့ရသည်။ စီးပွားရေးသမား တွေလို မကြီးပွားသော်လည်း ဝန်ထမ်းတစ်ယောက် အနေဖြင့်တော့ သူ့မိသားစု ကို သူ လူ့ဘဝ အပေါ်လွှာ အနားတဝိုက် လောက်မှာ သူ ထားနိုင်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် သူ့ ငယ်ဘဝ ကိုတော့ အတော်အတန် ညှိုးမှိန်စွာပဲ သူ ဖြတ်သန်းခဲ့ရပါသည်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်း သူ့ကို အမေ မွေးသည်။ သူ မွေးဖွားရာ နေရာမှာ ရန်ကုန် နှင့် အခုဆို ဘာမှ မဝေးသော်လည်း အဲဒီတုန်းကတော့ အဝေးကြီး ဟု ထင်ရသည့် ကျောက်တံခါး မြို့လေးမှာ ဖြစ်သည်။ သူ လူမှန်း သိတတ်စ ကတည်းက သူ့အဖေ က အရက်စွဲနေသည်။ သူ့တွင် တစ်မအေတည်းက မွေးသည့် သူ့ထက် လေးနှစ်လောက် ကြီးသော အစ်မတစ်ယောက် နှင့် ဖအေတူ မအေကွဲ အစ်ကို တစ်ယောက် ရှိသည်။ သူ့အဖေ မှာ အိန္ဒိယ က လာသော မေမန်လူမျိုး တစ်ယောက် ဖြစ်သည်။ သူ ဆယ်နှစ်သား လောက်မှာပဲ သူ့အဖေ တစ်ယောက် အသည်းကျွမ်းပြီး ငယ်ငယ်ရွယ်ရွယ် အသက် ၃၅ ၃၆ လောက်နှင့် ကျောက်တံခါး မှာပဲ ဆုံးလေသည်။ အဲဒီမှာပဲ ရန်ကုန် တွင် ရောက်နေပြီးဖြစ်သည့် သူ့အမေ ၏ ညီမ ဖြစ်သူ သူ့အဒေါ်က သူတို့ မောင်နှမ နှစ်ယောက်ကို ရန်ကုန်တွင် ကျောင်းထားပေးရန် လှမ်းခေါ်သည်။ အဲဒီမှာပဲ သူ ရန်ကုန် သို့ ရောက်ခဲ့ရပြီး ရန်ကုန်အနောက်ပိုင်း ဘုန်းကြီးလမ်းက သူ့အဒေါ်၏ အိမ်မှာ သူ့အဒေါ်၏ သားသမီး သူ့ ညီညီမ ဝမ်းကွဲ တွေနှင့် နေထိုင်ကြီးပြင်း ခဲ့သည်။

ဘာပဲဖြစ်ဖြစ် သူ့အမေ ဘက်က ဆွေစုမျိုးစု တွေ၏ သချိ င်္ုင်းတွေကတော့ ကျောက်တံခါးက သုဿာန်ကလေး မှာပဲ ဖြစ်ပါသည်။ သူ့အမေဘက်က အဖိုး တော်စပ်သူမှာ ပန်းပဲဆရာကြီး ဖြစ်၍ အမည်မှာ ဦးဖေ ဖြစ်သည်။ အဖိုး က သူ့ကို အလွန်ချစ်သည်။ ဒီ့အရင် အဆက်ဆက် ကို လိုက်ကြည့်လျှင်တော့ သူတို့ ဆွေစုမျိုးစု တွေက ဝမ်းတွင်းဘက်က ဖြစ်ပြီး ဒုတိယ အင်္ဂလိပ်မြန်မာ စစ်အပြီးတွင် မြန်မာမင်း ပိုင်နက် မှ တည်ငြိမ်အေးချမ်းရာ အင်္ဂလိပ် လက်ထဲ ရောက်သွားပြီ ဖြစ်သည့် ကျောက်တံခါး သို့ ဆွေအုပ်မျိုးအုပ်လိုက် ပြောင်းရွှေ့လာခဲ့ကြခြင်း ဖြစ်သည် ဟု သူ့အမေ ထံက သူ သဲ့သဲ့ ကြားဖူးသည်။

အမေ့အကြောင်း တွေးမိတော့လည်း လွန်ခဲ့သည့် နှစ် အစိတ်သုံးဆယ် လောက်ကတည်းက ဆုံးပါးသွားသော သူ့အမေ က ခေါင်းထဲ ရောက်လာသည်။ အမေ့ အမည်က ဒေါ်စောရင် ဖြစ်သည်။ အဖေ ဆုံးတော့ အမေ က မုဆိုးမဘဝ နှင့် သူအပါအဝင် လူမမယ် သူ့အစ်မ နှင့် သူ့အစ်ကို ဖြစ်သူကိုပါ ထွေးပိုက်ရင်း ကျန်ရစ်ခဲ့သည်။ ဒီတော့ မုဆိုးမ ဘဝ မှာပဲ အမေ အားကိုခဲ၍ ကလေး တွေ မျက်နှာနှင့်ပဲ ဈေးတောင်းခေါင်းရွက် ရလေသည်။ အဲဒီကတည်းက ရုန်းကန်ခဲ့ရသော အမေ့ဘဝ မှာ သားသမီးတွေ အရွယ်ရောက်ကာမှ အနားရတော့သည်။ အမေ က သူ့အစ်မ ဖြစ်သူနှင့်ပဲ သေသည်အထိ လိုက်နေသွားခဲ့ပါသည်။ အမေ ဆုံးတော့လည်း နှလုံးရောဂါဖြင့် ဖြုတ်ခနဲ ကုတင်ပေါ်မှာပဲ ဖြစ်လေသည်။ သူ့အမေ ကို သူ ကိုယ်ထိလက်ရောက် အလုပ်အကျွေး မပြုနိုင်သော်လည်း သူ အလုပ်ဝင်သည့် နေ့ မှစ၍ အမေ့ နောက်ဆုံးနေ့ အထိ ငွေကြေး ထောက်ပံ့သမှု ကိုတော့ သူ မပျက်မကွက် ပြုနိုင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် သက်ကြီးရွယ်အို တစ်ယောက်၏ ဆိုးမျိုးတွေကို ခံခဲ့ရသည့် သူ့အစ်မ ကတော့ သူ့ထက် အမေ့ကို ပိုပြီး ဝတ်ပြုနိုင်ခဲ့မည် ဟု ထင်သည်။

အဲဒီမှာပဲ ရှေ့က ကြမ်းပေါ်မှာ ဝပ်နေသည့် သားလေးကျား က ဝပ်နေရာက ထလာပြီး သူ့ခြေထောက်ကို ခေါင်းနှင့်ခွေ့၍ သူ့ခြေရင်းမှာ ခွေလှဲချလိုက်သည်။ နာရီ ကို ခေါင်းပြန်လှည့်ကြည့်မိတော့ လေးနာရီခွဲ ဖို့ ငါးမိနစ်ပဲ လိုတော့သည်။

ဘာပဲဖြစ်ဖြစ် သူ့ဘဝမှာ နာစရာတွေက နည်းပြီး ပျော်စရာတွေက များခဲ့တာတော့ အမှန်ပဲ ဖြစ်ပါသည်။ သူ့အဖေ ၏ အသက် ကို နှုတ်ယူသွားခဲ့သော အရက် ကို သူ တစ်စက်မှ မသောက်ဘဲ ရှောင်နိုင်ခဲ့ပါသည်။ သူ ဆေးလိပ် ကို တို့တောင်မတို့ကြည့်ဘဲ နေနိုင်ခဲ့ပါသည်။ တက္ကသိုလ်ကျောင်းသား ဘဝ တွင် တစ်ခါ ဖဲရိုက်မိပြီး ကျောက်တံခါး က အမေပို့သော ပိုက်ဆံတစ်ရာ တစ်ညတည်း ပြောင်သွားကတည်းက လောင်းကစားကို တစ်သက်လုံး တစ်ခါမှ မလုပ်တော့သည် အထိ သူ ခိုင်ကြည်ခဲ့ပါသည်။ မိန်းမကိစ္စ နှင့် နှီးနွယ်သည့် အပျော်အပါး ကိုလည်း သူ ယောင်လို့မှ လှည့်မကြည့်ဘဲ ဘဝ ကို မိသားစု နှင့်ပဲ ဆောက်တည်ခဲ့ပါသည်။ သူ အဝတ်အစား ကောင်းကောင်းပင် တစ်ခါမှ သေသေချာချာ ဝတ်ဟယ်စားဟယ် မရှိဘဲ ပုဆိုးအနွမ်း အင်္ကျီအနွမ်း နှင့်ပဲ ဘဝ ကို သေသေချာချာ ဖြတ်သန်းခဲ့ပါသည်။ ပြီးတော့ သူ လူတွေကို ကူညီခဲ့ပါသည်။ သူ ဘုရားမတည်ဖူး ရဟန်းဒကာ မဖြစ်ဖူး ကျောင်းမပြင် သိမ်မဆောက်ဖူး သော်လည်း သူ့ဘဝ တလျှောက်လုံး တွေ့တွေ့သမျှ ညှိုးမှိန်လေသူ လူအပေါင်းအား အမြဲ ကူညီထောက်ပံ့ခဲ့ပါသည်။ သူ့ဘဝတလျှောက်လုံး သူ့နံဘေးမှာ သူ့ထံက အကူအညီ လိုအပ်သူတွေ နှင့်သာ ဝိုင်းဝိုင်းလည်နေခဲ့ပါသည်။

သူ့ဘဝ တလျှောက်လုံးမှာ သူ့ဘေးမှာ အမြဲ အဖော်လုပ်ပြီး သူ့ကို စောင့်ရှောက်ပေးခဲ့သည့် သူ့ ဇနီး အကြောင်း တွေးမိပြီးတော့ သူ့ သားသမီး တွေအကြောင်း သူ ဆက်တွေးမိသည်။ သူ့သားအကြီး ဖြစ်သူက အမေရိကန် နိုင်ငံ တွင် ဇနီးဖြစ်သူ နှင့်အတူ နေထိုင်ပြီး အလုပ်လုပ်နေသည်။ သူ့သမီး အငယ် ဖြစ်သူကတော့ နယူးဇီလန် နိုင်ငံမှာ အလုပ် လုပ်ကိုင်နေသည်။ သူ့သမီးကလေး က အိမ်ထောင်ပြုတာ နောက်ကျပြီး မနှစ်ကမှ အိမ်ထောင်ပြုဖြစ်သည်။ သူ့ သားအကြီး ဖြစ်သူတွင်လည်း သားသမီး မရှိသောကြောင့် သူ နှင့် ရွယ်တူတန်းတူ တွေ မြေးတွေပင် တစ်ယောက်မက သုံးလေးယောက် လောက် ရနေပြီး အသက်တွေပင် ဆယ်နှစ် ဆယ့်တစ်နှစ်တွေ ရနေကြပြီ ဖြစ်သော်လည်း သူ့မှာတော့ လွန်ခဲ့သော နှစ်လ လောက်ကမှ သူ့သမီး က မွေးသော မြေးဦးကလေး ရသည်။ မြေးကလေး ကို ကြည့်ပြီး နှစ်ပတ်လောက် အကြာမှာပဲ သူ ရန်ကုန် သို့ ပြန်ခဲ့သည်။
သားအကြီး နှင့် သမီးအငယ် အကြောင်း တွေးမိပြီးတော့ သားအလတ်ကောင် အကြောင်း ဆက်တွေးမိသည်။ အမှန်ဆိုလျှင် သူ့သားသမီး သုံးယောက်ထဲမှာ ဒီသားကို သူ အချစ်ဆုံး ဖြစ်သည်။ ဒီသား မွေးပြီးကတည်းက သူတို့ မိသားစု စီးပွားတက်ခဲ့သည်။ ငယ်ငယ်ကတည်းက ဒီသားကိုပဲ သူ အရိပ်တကြည့်ကြည့် နှင့် နေခဲ့သည်။ သားသမီး သုံးယောက်ထဲမှာ အသက်သုံးဆယ် ပြည့်သည်အထိ သူ နှင့်အတူ နေသွားခဲ့သူ မှာလည်း ဒီသားပဲ ဖြစ်သည်။ ပြီးတော့ နယူးဇီလန် သို့ ရောက်သွားပြီး သူ့သမီးအငယ် နှင့် အတူနေထိုင်သည်။ သို့သော် သူ့သမီးမှာ ပြီးခဲ့သည့် နှစ် က အိမ်ထောင်ပြုသွားသည်။ ထိုအချိန်မှစ၍ သူ့သားတစ်ယောက်တည်း ထီးတည်း ကျန်ခဲ့သည်။

အဲဒါကိုပဲ သူ့မှာ စိတ်ပူနေရလေသည်။ ငယ်ငယ်ကတည်းက ဒီကောင်လေး အလွန်ဆိုးသည်။ သူ့သားအတွက် သူ့ဘဝတလျှောက်လုံး အမြဲ စိတ်ပူခဲ့ရသည်။ အခုထိလည်း စိတ်ပူနေရသည်။ သူ့သား သိမလား မသိမလားတော့ မသိ၊ ဒီသား ကို သူချစ်ပုံမှာ အလွန်အကျူး ဖြစ်နေသောကြောင့် သူ့မိတ်ဆွေ တွေကပင် သူ့သားအလတ်ကောင် အား မင်းအဖေ ဟာ မင်းကို အချစ်ဆုံး ဟု ပြောယူကြရသည်။
တစ်ခါကတော့ သူ့တပည့် တစ်ယောက်က အခုအထိ အနားမနေနိုင်ဘဲ နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်ကိုင် နေရသော သူ့ကို ကြည့်ပြီး ‘ဆရာရယ် နားပါတော့’ ဟု ပြောဖူးသည်။ သို့သော် သူ မနားနိုင်ပါ။ သူ ဘယ်တော့မှ မနားနိုင်ပါ။ သူ့တပည့်ကိုသူ သူ့မှာ သားသမီးတွေ လက်မလွတ်သေးဘူး ဟုသာ အပေါ်ယံ ပြောလိုက်ရသည်။ သူ တကယ် လက်မလွတ်သေးသူ မှာ ဒီသား အလတ်ကောင် ဖြစ်သည်။

တွေးနေရင်းနှင့် အမှတ်မထင် ဘေးက ကုလားထိုင် ပေါ်မှာ ညက တင်ထားမိသော စာအုပ် ကို လှမ်းကြည့်မိသည်။ အဲဒီမှာပဲ စာအုပ်ကလေးကို လှမ်းယူလိုက်မိသည်။ စာအုပ် ၏ အဖုံးကို လှန်လိုက်တော့ အတွင်းက ပထမ စာမျက်နှာမှာ ‘ဦးကိုကြီး နှင့် မိသားစု အတွက် မေတ္တာလက်ဆောင်’ ဟူသော လက်ရေး ခပ်သော့သော့က ပေါ်လာသည်။ ဒီစာအုပ်ကလေးက သူ့ကို ဆရာမြသန်းတင့် လက်ဆောင် ပေးသွားခဲ့သော မြောက်များလှစွာသော ဆရာမြသန်းတင့် ၏ စာအုပ်တွေထဲမှ စာအုပ်တစ်အုပ် ဖြစ်သည်။

ဆရာမြသန်းတင့် ၏ လက်ရေးကလေး ကို မြင်ရတော့ ဆရာ့ကို ပြန်သတိရလာသည်။ အခု ၂၀၁၈ ဆိုတော့ ဆရာ ဆုံးသွားတာပင် အနှစ်နှစ်ဆယ် ရှိခဲ့ပြီ ဖြစ်သည်။ တကယ်တော့ ဆရာ နှင့် သူ လွန်ခဲ့သော နှစ်သုံးဆယ်ကျော် လေးဆယ် နီးပါး လောက်ကတည်းက စတင် သိကျွမ်းခင်မင်ခဲ့ကြပြီး နေပူမရှောင် မိုးရွာမရှောင် မနက်တိုင်း လမ်းလျှောက်ခဲ့ကြသည်မှာ ဆရာ မဆုံးခင် တစ်ရက် အထိ ဖြစ်သည်။
အဲဒီတုန်းကလည်း ခုလို မနက်ခင်းပဲ ဖြစ်သည်။ ကျိုက်ထီးရိုး သို့ မရောက်ဖူးသော ဆရာမြသန်းတင့် ကို သူ့အိမ်မှ ကားဖြင့်ပင် သူ ကျိုက်ထီးရိုး သို့ ခေါ်သွားခဲ့သည်။ ကျိုက်ထီးရိုး မှ ပြန်ရောက်ရောက်ချင်း ညနေမှာပဲ နောက်တစ်နေ့ မနက် ထုံးစံအတိုင်း လမ်းလျှောက်ထွက်ရန် သူ ဆရာ့ကို ချိန်းမိသည်။ ချိန်းတာကို ဆရာက မဆိုင်းမတွ လက်ခံသည်။ ပြီးတော့ နောက်တစ်နေ့ မနက် မှာပဲ လမ်းလျှောက်ထွက်ဖို့ ခုလို ဝေလီဝေလင်း အချိန် ဆရာ အိမ်ပေါ်ထပ်က အောက်အဆင်းတွင် လှေကားပေါ်မှ ချော်ကျပြီး ဆေးရုံမှာ ဆုံးပါးသွားသည်။

ဆရာမြသန်းတင့် အကြောင်း ကို တွေးမိတော့ တဆက်တည်း သူ့မိတ်ဆွေ လမ်းလျှောက်ဖော်လျှောက်ဖက် တွေအကြောင်း ဆက် စဉ်းစားမိပြန်သည်။ လွန်ခဲ့သော နှစ်သုံးဆယ်ကျော် လေးဆယ်နီးပါး လောက်က စတင်ခဲ့သော သူတို့ လမ်းလျှောက်အဖွဲ့တွင် လူသုံးဆယ်လောက် ရှိရာက အခုနောက်ဆုံး သူ အပါအဝင် သူ နှင့် ညီအစ်ကိုလို ခင်သော ဦးသိန်းထွန်း တို့ နှစ်ယောက် သာ ကျန်တော့သည်။ လွန်ခဲ့သော ဆယ့်သုံးလေးနှစ် သူ ပထမအကြိမ် နှလုံးသွေးကြောပိတ် စဉ် က သူ နှင့်အတူ ရှိခဲ့သော လမ်းလျှောက်ဖော်လျှောက်ဖက် ဒေါက်တာအောင်ခင် လည်း လွန်ခဲ့သော လေးငါးခြောက်နှစ် ကတည်းက ခုလို မနက်ခင်းမှာပဲ သူ နှင့်အတူ လမ်းလျှောက်ထွက်ဖို့ ပြင်နေတုန်း မနက် ခြောက်နာရီလောက် ဘုရားဝတ်ပြုရာမှ အထ နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။ ဒေါက်တာအောင်ခင် ကလည်း သူ့လိုပဲ နှလုံးကို bypass လုပ်သော ကုသမှု ခံယူထားသူ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူ အများကြီး မမျှော်မှန်းမိသော်လည်း ဒေါက်တာအောင်ခင့် လိုပဲ အသက် ၈၂ ၈၃ လောက်အထိ နေရဖို့တော့ မျှော်လင့်မိခဲ့ပါသည်။ နောက်ထပ် လေးငါးခြောက်နှစ် လောက်ပါပဲ… အဲဒီလောက်ကလေး သူ အချိန်ထပ်ရချင်သည်။ သူ့သား အလတ်ကောင် ကို အိမ်ထောင်ချပေးချင်သည်။ သူ စိတ်အေးလက်အေး မျက်လုံးမှိတ်ချင်သည်။

သို့သော် သူ စိတ်မအေးနိုင်စရာ တစ်ခုက လွန်ခဲ့သော နှစ်ပတ်လောက်က ဖြစ်ခဲ့သည်။ အဲဒီညက သူ အသက်ရှူကျပ်ပြီး အိပ်နေရာက ညဘက်ကြီး နိုးလာခဲ့လေသည်။ အိမ်ရှေ့သို့ ခဏ ထွက်ထိုင်ပြီး အသက်ရှူ လေ့ကျင့်ခန်းကို လုပ်မှ သူ နည်းနည်း ပြန်သက်သာသွားသည်။ နောက်နေ့မနက် ကျတော့ သူ့ ညီမဝမ်းကွဲ ကို အဖော်ခေါ်ပြီး ဆရာဝန် ထံ သူ ပြေးရသည်။ သို့သော် သူ့ဇနီး အနားမှာ ရှိမနေသော ဘဝတွင် သူ အမေ့မေ့အလျော့လျော့ နှင့် အရင်က ဆေးမှတ်တမ်းဟောင်း တွေ ယူပြီး ဆရာဝန် ကို ပြဖို့ မေ့ခဲ့သည်။ ဆေးမှတ်တမ်းဟောင်း တွေကလည်း ဘယ်မှာမှန်း မသိ ဖြစ်နေသည်။ ဒါနဲ့ပဲ သူ့ဇနီးဆီ ဖုန်းဆက်မေးရသည်။ သူ့ဇနီးက သူ့ကို စိတ်ပူပြီး ဆူနေသည်။ ဘာပဲဖြစ်ဖြစ် သင်္ကြန်ခံနေသောကြောင့် သူ သွေးစစ်ရုံသာ စစ်နိုင်ပြီး အိမ်သို့ ပြန်ခဲ့ရသည်။ သင်္ကြန်ပြီးမှ echo ရိုက်ရမည်တဲ့။ တစ်နေ့ကတော့ သွေးစစ်သည့် ရလဒ်များ ရသည်။ ရလဒ်များအရတော့ ကောင်းသည်။ echo ရိုက်ဖို့တော့ ထပ်စီစဉ်ရမည်။ သူ့သတင်းကို ကြားပြီး သူ့ဇနီး နှင့် သားသမီးများက ပြောသောကြောင့် ဇွန်လ ၁၀ရက်နေ့မှ နယူးဇီလန် သို့ ပြန်မည့် အစီအစဉ် ကိုလည်း ဖျက်လိုက်ပြီး မေ ၁၉ ရက်နေ့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။ ဒီအပတ်ထဲ လေယာဉ်လက်မှတ် ဝယ်မည်။ အောက်တိုဘာ လောက်အထိ နယူးဇီလန် တွင် နေမည်။ ပြီးတော့ သူတို့ သားအမိသားအဖ သုံးယောက် ရန်ကုန် သို့ ပြန်မည်။

ဘာပဲဖြစ်ဖြစ် သူ့ အခြေအနေ သူ ရိပ်မိပြီးဖြစ်ပါသည်။ သူ့အဘိုးတွေ သူ့အဘေးတွေဆီ ရောက်လာခဲ့သလို သူ့ဆီလည်း သေခြင်းတရား အချိန်မရွေး ရောက်လာနိုင်တာ သူ သိထားခဲ့ပြီး ဖြစ်ပါသည်။ အရင်ကတည်းက ထိုသို့ သိထားခဲ့ သော်လည်း လွန်ခဲ့သော သုံးလေးလ သူ့အသက် ၇၆ နှစ် ပြည့်ကတည်းက သူ့ဆီလာနေသော သေခြင်းတရား ၏ ခြေလှမ်းတွေက ဟိုအရင် ခပ်စိပ်စိပ် ရှိခဲ့ရာက အခုနောက်ပိုင်း ကျဲတာထက် ကျဲကျဲလာသလို သူ ခံစားရသည်။ သေခြင်းတရား၏ ခြေသံတွေက ဟိုအရင် ခပ်သဲ့သဲ့ ကြားနေခဲ့ရာက အခုနောက်ပိုင်း ပီပီသသ ကြားနေရသလို သူ ခံစားရသည်။ ဖွင့်ထားသော အဲကွန်းကြီး က တဒီးဒီးလည်နေသည်။ အခုမှပဲ သူ နည်းနည်း အေးရကောင်းမှန်း သိလာသည်။

အဲဒီမှာပဲ သားလေးကျား က သူ့ခြေရင်းမှာ ခွေနေရာက ထပြီး အပျင်းဆန့်နေသည်။ အဲဒီမှာပဲ သူ့တိုက် အိမ်အောက် လှေကားရင်းက လှေကားပေါ် တက်လာသော တဗျပ်ဗျပ် နှင့် ခြေသံကို သူ ကြားလိုက်ရသည်။

ကြားနေရသော ခြေသံတွေက ဒရောသောပါး မဟုတ်သော်လည်း အလောသုံးဆယ်တော့ နိုင်နေပုံ ပေါ်သည်။ နာရီ ကို သူ ခေါင်းနောက်ပြန် မော့ကြည့်မိတော့ မနက် ငါးနာရီပင် ထိုးတော့မည် ဖြစ်သည်။ ဒီအချိန်ကြီး ခြေသံပြင်းပြင်း နင်းပြီး ဘယ်သူက ဘာကိစ္စနှင့် တိုက်ပေါ် တက်လာသလဲ သူ ဇဝေဇဝါ နှင့် စဉ်းစားမိသည်။ စဉ်းစားနေစဉ် မှာပင် ခြေသံတွေက ပထမထပ် အထိ အထစ်နှစ်ဆယ်ပဲ ရှိသော လှေကားထစ်တွေကို ကျော်ဖြတ်၍ သူ နေထိုင်ရာ သူ့ အခန်း တံခါးဝ သို့ ရောက်လာသည်။ အဲဒီမှာပဲ ခြေသံတွေက ရပ်တန့်သွားလေသည်။ ။

ညိုထက်ညို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်