မောင်အဉ္စန ● မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး – အပိုင်း (၃)

April 25, 2018

● မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး – အပိုင်း (၃)
(မိုးမခ) ဧပြီ ၂၅၊ ၂၀၁၈

● ဖက်ဒရယ်ဒီမိုကရေစီနှင့် နိုင်ငံရေးဆန္ဒ  
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုအခြေခံပြီး နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (Framework for Political Dialogue – FPD) တွေရေးသားပြုစုကာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်ကြရာ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ထဲ ဆွေးနွေးရေးပုံသဏ္ဌာန်သုံးမျိုးသုံးစားရှိတာကို တွေ့ရမှာဖြစ်ပါ တယ်။

● ဆွေးနွေးပွဲအမျိုးအစား (၃) မျိုး
၁။ NCA အခန်း(၅) ပါ နိုင်ငံရေးလမ်းပြမြေပုံအဆင့်(၇)ဆင့်အနက် အဆင့်(၃)အရ “အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ” ကျင်းပခြင်း၊

၂။ FPD လုပ်ငန်းလမ်းညွှန် (ToR)အရ “လုပ်ငန်းကော်မတီများအဆင့် ဆွေးနွေးပွဲများ” ကျင်းပပြုလုပ်ခြင်းနဲ့

၃။ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁)ရာစုပင်လုံအစည်းအဝေးကြီး” ကျင်းပခြင်းတို့ဖြစ်ကြပါတယ်။
အဆိုပါ နိုင်ငံရေးဆွေးနွေးပွဲပုံသဏ္ဌာန် သုံးမျိုးလုံးကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (Union Peace Dialogue Joint Committee – UPDJC) က ထိန်းချုပ်စီမံခန့်ခွဲမှုကို လုပ်ပါတယ်။ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်နဲ့ အထွေထွေဆိုပြီး ကဏ္ဍကြီး(၆)ရပ်ကိုအခြေခံကာ အဆိုပါ ဆွေးနွေးပွဲပုံသဏ္ဌာန်အဆင့်ဆင့်မှာ ဆွေးနွေးမှုတွေကို လုပ်ဆောင်ကြပါတယ်။ တနည်းအားဖြင့် ဆွေးနွေးပွဲ ပုံသဏ္ဌာန်၊ ဆွေးနွေးမယ့်အကြောင်းအရာ၊ ပါဝင်မယ့်ကိုယ်စားလှယ် စတာတွေကို နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (Framework for Political Dialogue – FPD) ထဲ ထည့်သွင်းရေးဆွဲထားပြီး အစိုးရ၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (Ethnic Armed Organization – EAO)တို့ သုံးပွင့်ဆိုင် အကျေအလည် ဆွေးနွေးကာ အတည်ပြုကျင့်သုံးကြခြင်း ဖြစ်ပါတယ်။

● မူဘောင်ဆိုင်ရာပြဿနာ

FPD မူဘောင်နဲ့ပတ်သက်လို့ အစိုးရ၊ နိုင်ငံရေးပါတီနဲ့ EAO သုံးပွင့်ဆိုင်အကြား မကျေလည်နိုင်သေးဘဲ ရှင်းလင်းမှုမရှိတဲ့အချက်တွေလည်း ဒီနေ့အချိန်ထိ ရှိနေပါသေးတယ်။ ဥပမာ – ဆွေးနွေးပွဲပုံသဏ္ဌာန်က သုံးပွင့်ဆိုင် လား၊ နှစ်ပွင့်ဆိုင်လား၊ ဘက်ပေါင်းစုံလား၊ ဆွေးနွေးပွဲတက်ရောက်မယ့်ကိုယ်စားလှယ်အရေအတွက်နဲ့ ပတ်သက်လို့ လည်း ဆွေးနွေးပွဲပုံသဏ္ဌာန်အဆင့်ဆင့်မှာ အရေအတွက်သတ်မှတ်ချက်ဆိုင်ရာ အငြင်းပွားမှု၊ ဆုံးဖြတ်ချက်ချမှတ်မှု နည်းလမ်းက အများစုသဘောတူညီချက် (Super Majority) လား၊ အားလုံးလက်ခံနိုင်တဲ့ ဆုံးဖြတ်ချက် (Consensus) လားဆိုတာတွေကလည်း မသဲကွဲ။ ဆွေးနွေးမယ့်ခေါင်းစဉ်တွေထဲက ကဏ္ဍကြီး(၆)ရပ်ထဲမှာ အထွေထွေကဏ္ဍဆိုပြန်ရင်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေး (National Reconciliation) နဲ့ အသွင်ကူးပြောင်း ရေးကာလတရားမျှတမှုဖော်ဆောင်ရေး (Transitional Justice) လို အရေးကြီးတဲ့ကိစ္စတွေကို ဆွေးနွေးဖို့ရန် ခေတ္တ ချန်လှပ်ထားတာ ရှိပါသေးတယ်။ ဒီ့အပြင် လုံခြုံရေးကဏ္ဍနဲ့ပတ်သက်လို့ နိုင်ငံရေးပါတီ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း တွေအနေနဲ့ ဆွေးနွေးရမယ့်အချက်မဟုတ်ဘူးလို့ ကန့်သတ်ထားပြန်ပါတယ်။

ဒီလိုမျိုး FPD မူဘောင်နဲ့ပတ်သတ်တဲ့ အငြင်းပွားမှုတွေအပါအ၀င် ရှုပ်ထွေးမှုတွေနဲ့အတူ FPD မူကွဲတွေ ကလည်း ရှိနေပါသေးတယ်။ သမ္မတဦးသိန်းစိန်အစိုးရ မဆင်းမီ ငြိမ်းချမ်းရေးကောင်းမွေ (Legacy) ယူသွားချင်လို့ တက်သုတ်ရိုက်လုပ်တာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့မှာ EAO (၂၁)ဖွဲ့ထဲမှ (၈)ဖွဲ့နဲ့ NCA လက်မှတ် ရေးထိုးပြီးနောက် ၂၀၁၅ ဒီဇင်ဘာလမှာ ဦးသိန်းစိန်အစိုးရက အတည်ပြုထားတဲ့ NLD ပါတီက မကျေလည်ခဲ့တဲ့ မူဘောင်၊ NLD အစိုးရတက်လာပြီးနောက် NCA လက်မှတ်ထိုး၊ လက်မှတ်မထိုးအဖွဲ့တွေ အတူတကွပါဝင်ပြီး ပြန်လည် သုံးသပ်ထားကြတဲ့မူဘောင်ဆိုပြီး ပုံစံ Version နှစ်ခု ကွဲပြားနေပါတယ်။

● ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံအစည်းအဝေး ၀ိရောဓိ
၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလလယ်ပိုင်းအတွင်း ဦးသိန်းစိန်အစိုးရက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ပွဲတော်တခု Ceremonial အနေနဲ့ ကျင်းပခဲ့ပြီး၊ တင်ပြဆွေးနွေးခဲ့ကြတဲ့စာတမ်းတွေကို မှတ်တမ်းအဖြစ် ထားရှိခဲ့ပါ တယ်။ NLD အစိုးရတက်လာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို (၂၁)ရာစုပင်လုံညီလာခံအဖြစ် ခေါင်းစဉ် ပြောင်းလဲကျင်းပဖို့ NLD အစိုးရက ကြိုးပမ်းခဲ့ရာ တပ်မတော်က လက်မခံတာကြောင့် “ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံအစည်းအဝေး” လို့ ပူးတွဲခေါ်ဆိုပြီး ခေါင်းစဉ်ပြောင်း ကျင်းပပြုလုပ်လာပါတယ်။

 ပထမအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် သမ္မတဦးသိန်းမိန့်ခွန်းပြောကြားစဉ် (Photo: GNLM)

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ သြဂုတ်-စက်တင်ဘာမှာ ကျင်းပခဲ့ပြီး NCA လက်မှတ်ထိုး၊ လက်မှတ်မထိုးအဖွဲ့ တွေအားလုံးပါဝင်နိုင်အောင်ဆိုပြီး ကိုယ်စားလှယ်တွေကို “တက်ရောက် သူ (Participants)”  အနေနဲ့ပဲ သတ် မှတ်ကာ ဆွေးနွေးဆုံးဖြတ်ချက် ဘာတခုမှမလုပ်ဘဲ တင်ပြမှုသက်သက်နဲ့ ပြုလုပ်စေပြီးတော့ တင်ပြခွင့်ရတဲ့ အစုအဖွဲ့ တွေရဲ့ တင်ပြချက်တွေကို မှတ်တမ်းအနေနဲ့ပဲ သိမ်းထားခဲ့ပြန်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို (၆)လ (၁)ကြိမ် ကျင်းပပြုလုပ်ဖို့ ဦးသိန်းစိန်လက်ထက်မှာ အကြမ်း အားဖြင့် သတ်မှတ်ချက်ရှိခဲ့တာကြောင့် နောက်ထပ်(၆)လကျော်လွန်လာတဲ့အခါ ၂၀၁၇ ခုနှစ်၊ မေလ (၂၄)မှ (၂၉) ရက်နေ့ထိ (၂၁)ရာစုပင်လုံဒုတိယအကြိမ်အစည်းအဝေးကို ထပ်မံကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒီတကြိမ်မှာ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေကသာ ဆွေးနွေးဆုံးဖြတ်ခွင့်ရှိတဲ့ကိုယ်စားလှယ်တွေအဖြစ် တက်ရောက်ခွင့်ရရှိမယ် လို့ ကန့်သတ်လိုက်ပြန်ပါတယ်။ အဆိုပါကန့်သတ်ချက်ကြောင့် NCA လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆွေးနွေးနေတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်တွေ မတက်ရောက်လာနိုင်တော့ပါ။ သို့သော် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေကို တရုတ်အစိုးရရဲ့ဖိအားနဲ့ လေ့လာသူအဆင့် ဖွင့်ပွဲနဲ့ ညစာစားပွဲတွေကို တက်ရောက်စေခဲ့ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဦးသိန်းစိန်အစိုးရလက်ထက် (၁)ကြိမ်၊ ဒေါ်အောင် ဆန်းစုကြည်အစိုးရလက်ထက် (၁)ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင် ပြုလုပ်ပြီးပြီ၊ ဘာဆုံးဖြတ်ချက် သဘောတူညီချက်မှ ချမှတ်အဖြေထုတ်တာမရှိဘူးလို့ NCA လက်မှတ်ထိုးထားတဲ့ EAO တွေဘက်က စောဒကတက်တော့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးမှာ ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ စိုင်းပြင်းကြပါတော့ တယ်။ အဲ့ဒီမှာ ပြဿနာကစတက်တယ်လို့ ပြောရမလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ မူဘောင်တွေက အထက်က ပြောခဲ့သလို အတည်ပြုမူကွဲတွေဖြစ်နေပြီး ဆုံးဖြတ်ချက်ချမှတ်တဲ့အခါ ပါဝင်တဲ့အစုအဖွဲ့တွေကြားထဲမှာ ကျေလည်မှု မရှိခဲ့ကြပါဘူး။ မူဘောင်ပါသဘောတူသတ်မှတ်ထားချက်နဲ့အညီမဟုတ်ဘဲ လက်သင့်ရာအဖွဲ့ကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ပြုခဲ့ပြီး၊ ကျင်းပခွင့်မရတဲ့အဖွဲ့တွေအနေနဲ့ သဘောတူညီချက်ပြုလုပ်တဲ့အခါ အခက်အခဲ တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အချက် (၃၇)ချက်ကို NCA ပါ နိုင်ငံရေးလမ်းပြမြေပုံ အဆင့်(၅)ရဲ့ ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း(၁)လို့ သတ်မှတ်ပြီး မကျေမလည်နဲ့ အတည်ပြုခဲ့ကြပါတယ်။ 

သဘောတူညီချက် (၃၇)ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၁) အဖြစ် အတည်ပြုလက်မှတ်ရေးထိုးကြစဉ် (Photo: BNI)


အဲ့ဒီလိုအတည်ပြုပြီးနောက်မှာ NCA လက်မှတ်ထိုး EAO (၈)ဖွဲ့အတွင်း သဘောထားကွဲလွဲတာတွေ ဖြစ်ပြီး တော့ ပြန်လည်သုံးသပ်မှုတွေကို လနဲ့ချီ ဆက်တိုက်ပြုလုပ်ခဲ့ကြပါတယ်။ ဒီ့အပြင် NCA လက်မှတ်မထိုးသေးတဲ့ UNFC အဖွဲ့ဝင်တွေနဲ့လည်း ပူးတွဲညှိနှိုင်းသုံးသပ်ပွဲတွေ များစွာပြုလုပ်ခဲ့ကြပြန်ပါတယ်။ မကျေမလည်နဲ့ ဆုံးဖြတ်အတည်ပြု ထားခဲ့ကြတဲ့ အချက်(၃၇)ချက်ကို EAO နဲ့ နိုင်ငံရေးပါတီတွေကြားထဲမှာ ပြန်လည်သုံးသပ်ဖို့ လိုအပ်နေတဲ့အချက်တွေ အဖြစ် ဘုံသဘောထားအမြင်စုစည်းချက်ကို ချမှတ်ထားခဲ့ကြပါတယ်။

UNFC-DPN နှင့် PPST-PPWT တို့ ချင်းမိုင်တွင် ပူးတွဲညှိနှိုင်းအစည်းအဝေး ပြုလုပ်နေစဉ် (Photo: NMG)


ပြီးနောက် အငြင်းပွားမှုဆိုင်ရာတွေအတွက် အမြင့်ဆုံးအဖြေရှာတဲ့နေရာဖြစ်တဲ့ EAO နဲ့ အစိုးရအကြား ထိပ်ပိုင်းအဆင့်ကိုယ်စားလှယ်တွေသာ တက်ရောက်ခွင့်ရှိတဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာပူးတွဲကော်မတီ အစည်းအဝေး (Joint Implementing Committee Meeting – JICM) ကို ပြုလုပ်ကြပြီး၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပခွင့်နဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ အားနည်းချက်တွေကို သုံးသပ်ပြီး နောက် တကြိမ် (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးကို ၂၀၁၇ ဒီဇင်ဘာလနှောင်းပိုင်း ကျင်းပကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ 

(၆) ကြိမ်မြောက် JICM အစည်းအဝေးကျင်းပပြုလုပ်စဉ်၊ နေပြည်တော် (Photo: GNLM)


NCA လက်မှတ်ရေးထိုးထားတဲ့ EAO (၈)ဖွဲ့ထဲက RCSS ရှမ်းအဖွဲ့နဲ့ ALP ရခိုင်အဖွဲ့တို့မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ဖို့အတွက် အစိုးရဘက်က ခွဲခြားကန့်သတ်ချက်တွေ လုပ်နေတာကြောင့် အဆင်မပြေမှုတွေ အဖုအထစ်တွေခံလာပါတော့တယ်။ RCSS က ပင်လုံမြို့ (သို့) တောင်ကြီးမြို့မှာ ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေး နွေးပွဲကို  တရားဝင်ပြုလုပ်ခွင့်ပေးဖို့ မေတ္တာရပ်ခံသော်လည်း တပ်မတော်ဘက်က လင်းခေးမြို့မှာသာ ကျင်းပပြုလုပ် ခွင့်ပေးပါတယ်။ ဒါ့အပြင် အကြိုလူထုတွေ့ဆုံပွဲတွေကိုလည်း RCSS က ပြုလုပ်လိုတဲ့နေရာတွေမှာ ခွင့်မပြုဘဲ စစ်အင် အားအလုံးအရင်းနဲ့ တပ်မတော်က ပိတ်ပင်တားမြစ်ချက်တွေ လုပ်လာပါတယ်။

ရခိုင်ဘက်ကိုလည်း ဘင်္ဂလီအကြမ်းဖက်မှုပြဿနာအကြောင်းပြပြီး ရခိုင်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေး ပွဲအပါအ၀င် အကြိုလူထုတွေ့ဆုံပွဲတွေကိုပါ မပြုလုပ်ဖို့ ပိတ်ပင်ထားပါတယ်။ ဒါကြောင့် ရခိုင်ဘက်မှာ ALP နဲ့ ANP တို့ ပူးတွဲပြင်ဆင်ထားတဲ့ လူထုတွေ့ဆုံပွဲဖြစ်မြောက်ရေးကော်မတီတွေကို တရားဝင်ကျေညာချက်ထုတ်ပြန်ပြီး ဖျက်သိမ်း လိုက်ကြပါတယ်။ ရခိုင်ပြည်မှာ ၂၀၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရထားတဲ့ ANP ပါတီအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို စိတ်ပါဝင်စားမှုလည်း ကျဆင်းလာနေတာကို တွေ့ရပါတယ်။ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဒီလိုမျိုး မလိုလားအပ်တဲ့ ကျင်းပခွင့်ဆိုင်ရာအချိန်နဲ့နေရာ ကန့်သတ်ချက် ပြဿနာရပ်တွေ ကြောင့် (၂၁)ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို ၂၀၁၇ ဒီဇင်ဘာလမှာကျင်းပဖို့ လျာထားဆုံးဖြတ်ချက် တွေဟာ အကောင်အထည်ဖော်နိုင်ခြင်းမရှိဘဲ အကြိမ်ကြိမ်ရွေ့လာခဲ့ရပါတယ်။ နောက်ဆုံးမှာ ၂၀၁၈ ဧပြီလအကုန် မေလအတွင်းမှာ ကျင်းပမယ်ဆိုပြီး (၇)ကြိမ်မြောက် JICM အစည်းအဝေးမှာ အစိုးရဘက်က ဆုံးဖြတ်ချက် ချမှတ်ထားရပြန်ပါတယ်။ 

(၇) ကြိမ်မြောက် JICM အစည်းအဝေးကျင်းပစဉ်၊ နေပြည်တော် (Photo: MSCO)


● DPN နှင့် ငြိမ်းချမ်းရေးကော်မရှင်ဆွေးနွေးမှု အထ.မမြောက်ခြင်း
UNFC ရဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် (PC) တို့ဟာ (၁၇)လတာကာလအတွင်း တရားဝင်တွေ့ဆုံပွဲ (၈) ကြိမ်မြောက်ထိ ဆွေးနွေးခဲ့ပြီး၊ ၂၀၁၇ နိုဝင်ဘာလမှာ NCA လက်မှတ်ရေးထိုးနိုင်ရေးအဆိုပြုထားတဲ့ DPN အဆိုပြုချက်(၉)ချက်ထဲက အချက်အနည်းငယ် ထစ်ဆို့မှုတွေ ဖြစ်ကာ ရပ်တန့်နေခဲ့ပါတယ်။ အဲ့ဒီနောက် နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံပြီး ထစ်ဆို့နေတဲ့အချက်တွေကို အဖြေရှာကြမယ်လို့ ကြိုးပမ်းနေရင်း ၂၀၁၈ ဇန်န၀ါရီလ တတိယပတ်ထဲမှာ DPN ရဲ့အဖွဲ့ဝင်နှစ်ဖွဲ့တည်းအနေနဲ့ အစိုးရအကြီးအကဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ သီးခြားစီတွေ့ဆုံပြီး NCA လက်မှတ်ရေးထိုးဖို့ သဘောတူညီချက် ပြုလုပ်ခဲ့ကြပါတယ်။

ပြီးနောက် ၂၀၁၈ ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှာ DPN အဖွဲ့ဝင်နှစ်ဖွဲ့ဖြစ်တဲ့ ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဟာ NCA လက်မှတ်ရေးထိုးပွဲကို နေပြည်တော်မှာ ပြည်တွင်းပြည်ပ အသိသက်သေတွေရှေ့မှောက် လက်မှတ်ရေးထိုးသွားခဲ့ကြပါတယ်။ သို့သော်လည်း NCA ကို လက်မှတ်ရေးထိုးကြ တဲ့အခါ LDU က အခြေအနေတခုအောက်မှာ လက်မှတ်ရေးထိုးခဲ့ရပါတယ်။ အဆိုပါအခြေအနေအရ LDU က မိမိ ကိုယ်ကို တပ်ဖွဲ့မရှိကြောင်း ၀န်ခံကတိပြုထားတဲ့စာရွက်ပေါ်မှာ NMSP နဲ့မတူကွဲပြားစွာ လက်မှတ်ရေးထိုးခဲ့ရပါတယ်။ ဒါကြောင့် LDU က NCA ကို အကောင်အထည်ဖော်တဲ့အခါ အသုံးပြုမယ့် ပူးတွဲယန္တရားတွေဖြစ်တဲ့ JICM, JMC တို့မှာ အဖွဲ့ဝင်အနေနဲ့ ပါဝင်ခွင့်မရရှိပဲ UPDJC မှာပဲ အဖွဲ့ဝင်အနေနဲ့ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ ဒီနေရာမှာ LDU ဟာ EAO ဟုတ်ပါသေးရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ 

NMSP နှင့် LDU တို့ NCA လက်မှတ်ရေးထိုးပွဲအခမ်းအနားမှတ်တမ်းဓာတ်ပုံ (Photo: GNLM)


အခုလိုမျိုး NCA လက်မှတ်ရေးထိုးကြတဲ့အချိန်မှာ မူလက UNFC အဖွဲ့ဝင်တွေ အတူတကွညှိနှိုင်းပြီး ရရှိထား တဲ့သဘောတူညီချက်တွေထဲမှာ အဆိုပြုချက် (၉)ချက်နဲ့ပတ်သက်လို့ ဥပဒေကြောင်းအရ အကျိုးသက်ရောက်မှုနဲ့ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတဲ့ပုံစံတွေဟာ ကွဲပြားနေခဲ့ကြပါတယ်။ UNFC အနေနဲ့ NCA လက်မှတ်ရေးထိုးတဲ့အခါ အဖွဲ့ဝင်တွေအားလုံးပါဝင်ရေးမူနဲ့ နောက်ဆုံးထစ်ဆို့နေတဲ့ “ဖက်ဒရယ်ဒီမိုကရေစီ” ဆိုင်ရာ ဝေါဟာရအဓိပ္ပါယ်ဖွင့်ဆို ချက်ပြဿနာတွေဟာ ပြေလည်မှုမရှိခဲ့ကြပါဘူး။ အဲ့ဒါကြောင့် နောက်ဆုံးအချိန်ထိ အားလုံးပါဝင်ရေးနဲ့ မကျေလည် သေးတဲ့အချက်တွေကို ညှိနှိုင်းဖို့ကြိုးစားခဲ့တဲ့ UNFC ရဲ့ ကျန်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) တို့အနေနဲ့ NCA လမ်းကြောင်းပေါ်တွင် ဆက်လက်ညှိနှိုင်း အဖြေရှာ ရေးအတွက် အခက်အခဲတွေ ကြုံတွေ့သွားခဲ့ရပါတယ်။

အစိုးရအနေနဲ့ ANC ကို ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှာ LDU လိုမျိုး လိုက်ပါလက်မှတ်ရေးထိုးဖို့ နောက် ဆုံးအချိန်ထိ ညှိနှိုင်းခဲ့ကြောင်း၊ အဆင်မပြေလို့ ANC အတွက် နောက်ဆုံးရထားသာဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ANC ဘက်ကလည်း တရားဝင်ထုတ်ပြန်ချက်တွေလုပ်ပြီး ၎င်းတို့အနေနဲ့ အားလုံးပါဝင်ရေးနဲ့ တန်းတူရေးမရှိတဲ့အပေါ် မှာ လိုက်ပါနိုင်ခြင်းမရှိခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးရေးတံခါးကို ၎င်းတို့ဘက်က အမြဲဖွင့်လှစ်ထားကြောင်း တုန့်ပြန်ပြော ကြားထားပါတယ်။

KNPP ကို ဦးသိန်းစိန်အစိုးရလက်ထက် ပြည်နယ်-ပြည်ထောင်စုအဆင့် နှစ်ဘက်သဘောတူညီချက် (Bilateral Agreements) အခြေခံနဲ့ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ကြောင်း အစိုးရဘက်က ရပ်တည်ချက်ရှိနေတာ ကို တွေ့ရပါတယ်။ ၂၀၁၈ မတ်လ (၇) ရက်နေ့ ရန်ကုန် NRPC မှာ အစိုးရ PC ကိုယ်စားလှယ်အဖွဲ့နဲ့ KNPP ကိုယ်စားလှယ်အဖွဲ့တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ DPN ရဲ့ အဆိုပြုချက် (၉)ချက်ထဲမှ မကျေလည် သေးတဲ့အချက်တွေနဲ့ နှစ်ဖက်သဘောတူညီချက်အရ ကျေလည်မှုမရှိသေးတဲ့ အကောင်အထည်ဖော်မှုဆိုင်ရာကိစ္စ တွေအပါအ၀င် ၂၀၁၇ ဒီဇင်ဘာလ (၂၀)ရက်နေ့ကဖြစ်ပွားခဲ့တဲ့ တပ်မတော်က ကျူးလွန်သတ်ဖြတ်ခဲ့တဲ့ ကရင်နီ ရဲဘော် (၃)ယောက်နဲ့ အရပ်သား(၁)ယောက်တို့ရဲ့အမှုကိစ္စမှာ အမှန်တရားနဲ့တရားမျှတမှုတို့ ရရှိရေးကို ဆွေးနွေးသွား မယ်လို့ ပြောဆိုထားပါတယ်။ တရားဝင်တွေ့ဆုံမှုကိုလည်း ကရင်နီ()ပြည်နယ် လွိုင်ကော်မြို့မှာ ပြုလုပ်ကြဖို့ ညှိနှိုင်းနေကြပါတယ်။

● နောက်ဆက်တွဲ NCA လက်မှတ်ထိုးအဖွဲ့တွေရဲ့ အခန်းကဏ္ဍ
NCA လက်မှတ်ရေးထိုးထားတဲ့ EAO (၈)ဖွဲ့နဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ အငြင်းပွားမှုတွေထဲမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ကိစ္စ အဆင်မပြေဖြစ်နေခြင်း၊ RCSS နဲ့ တပ်မတော်အကြား မြေပြင် ထိတွေ့တိုက်ခိုက်မှုတွေ မကြာခဏပေါ်ပေါက်နေခြင်း၊ KNU တပ်မဟာ (၅) နယ်မြေ ဖာပွန်ခရိုင်မှာ တပ်မတော်အနေ နဲ့ သဘောတူညီချက်မရှိဘဲ အတင်းအဓမ္မလမ်းဖောက်လုပ်မှုတွေကြောင့် KNLA နဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပေါ်လာပြီး ဒေသခံလူထုနှစ်ထောင်ကျော် စစ်ဘေးရှောင်ဒုက္ခသည်ဘ၀ ကျရောက်သွားရခြင်းတွေကို တွေ့မြင်နေရ ပါတယ်။

NCA ဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်လို့ အမည်ပေးထားသော်လည်း NCA လက်မှတ်ရေးထိုးတာက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို လွှမ်းခြုံမှု မရှိပါဘူး။ တနိုင်ငံလုံးအတိုင်းအတာအရ မဆို ထားနှင့်၊ ပြည်နယ်အတိုင်းအတာတခုထိတောင် လွှမ်းခြုံမှုမရှိ ဖြစ်နေတာကို တွေ့မြင်ရပါတယ်။ အကယ်၍ NCA ကို သက်ဆိုင်ရာအဖွဲ့တွေအားလုံးက ပါဝင်လက်မှတ်ရေးထိုးပါမှ တနိုင်ငံလုံးအတိုင်းအတာ လွှမ်းခြုံနိုင်မှာဖြစ်ပါတယ်။ သို့သော် နောက်ဆက်တွဲလက်မှတ်ရေးထိုးနိုင်ဖို့အတွက် ကျန်နေတဲ့ EAO တွေကို ကန့်သတ်ချက်တွေအမျိုးမျိုးနဲ့ တပ်မတော်က ပိတ်ပင်ထားပါတယ်။

လောလောလတ်လတ် လက်မှတ်ရေးထိုးထားတဲ့ NMSP နဲ့ LDU အဖွဲ့တွေကို NCA အကောင်အထည်ဖော်မှု ပိုင်းမှာ တန်းတူရည်တူ အသိအမှတ်ပြုလက်ခံတာကို မတွေ့ရပါဘူး။ NMSP က မွန်အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် အကြိုလူထုတွေ့ဆုံပွဲတွေကိုပြုလုပ်ဖို့ လူအင်အားနဲ့ ကျင်းပမယ့်နေရာတွေနဲ့ပတ်သက်ပြီး ကန့်သတ်ပိတ်ပင်တာကို ခံနေရပါတယ်။ NMSP အနေနဲ့ ၎င်းတို့ကိုယ်တိုင်အုပ်ချုပ်ရေးချထားတဲ့ နယ်မြေဒေသ တွေမှာပြုလုပ်မယ့် လူထုတွေ့ဆုံပွဲတွေကို လူဦးရေ (၂၅၀)နဲ့ မဟုတ်ပဲ (၅၀)ဦးခန့်ဖြင့်သာ ကျင်းပပြုလုပ်ဖို့ ကန့်သတ် ချက်တွေလုပ်ထားပါတယ်။ ဒါ့အပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) မှာလည်း ပြည်နယ်အဆင့် (JMC-S) နဲ့ပတ်သက်ပြီး ၎င်းတို့တပ်ဖွဲ့တွေရှိတဲ့ မွန်ပြည်နယ်အပြင် ပြည်နယ်နဲ့ တနင်္သာရီတိုင်း တို့မှာလည်း KNU အဖွဲ့နည်းတူ ပါဝင်လုပ်ဆောင်ခွင့် မရရှိဘူး ဖြစ်နေပါတယ်။ UPDJC မှာလည်း အဖွဲ့ဝင်အရေ အတွက်သတ်မှတ်ချက်တွေမှာ တန်းတူရည်တူ မရှိတာကို တွေ့မြင်နေရပါတယ်။

LDU အနေနဲ့ လားဟူအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ တရားဝင်ကျင်းပပြုလုပ်ခွင့် မရတဲ့အပြင် လူထု တွေ့ဆုံဆွေးနွေးပွဲကိုလည်း ကန့်သတ်တာတွေခံနေရပါတယ်။ NCA လက်မှတ်မရေးထိုးမီ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အခွင့်အလမ်းကို ရရှိစေဖို့ UNFC-DPN အဖွဲ့ဝင်တွေအားလုံးပါဝင်ရေးထက် တဖွဲ့ချင်းစီရဲ့အခြေအနေကို ဦးစားပေး လုပ်ဆောင်သွားခဲ့ကြတဲ့ အဖွဲ့တွေအနေနဲ့ မှန်းချက်နဲ့နှမ်းထွက်တွေ မကိုက်ဖြစ်နေကြတော့ စိတ်ပျက်ငြီးငြူသံတွေက သက်ဆိုင်ရာအဖွဲ့နဲ့ လူပုဂ္ဂိုလ်တွေဆီကနေ ပွင့်အံထွက်လာနေပါတယ်။

● FPNCC ခေါ် မြောက်ပိုင်းမဟာမိတ် နဲ့ တရုတ်ဖိအား
ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) လို့ခေါ်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာ NCA ပြင်ပလမ်းကြောင်းကနေသွားမယ်၊ တဖွဲ့ချင်းစီ သီးခြားခွဲပြီးမဆွေးနွေးဘဲ အတူတကွဆွေးနွေးသွားမယ်လို့ ရပ်တည်ချက် မူဝါဒတွေနဲ့ အမာလိုင်းကိုရပ်တည်ပြီး ရှမ်းနဲ့ပြည်နယ် မြေပြင်အခြေအနေတွေအရ စုပေါင်းခုခံ တိုက်ပွဲဝင်ကြဖို့ စုဖွဲ့ခဲ့ကြတာပါ။

ဒါပေမယ့် တနှစ်အတွင်းမှာ အဆိုပါရပ်တည်ချက်ကို တပ်မတော်က စိန်ခေါ်လို့ UWSA ‘၀’ အဖွဲ့ နဲ့ NDAA မိုင်းလားအဖွဲ့တွေကို သီးခြားစီတွေ့ဆုံပြီး၊ KIO ကချင်အဖွဲ့နဲ့ SSPP ရှမ်းအဖွဲ့တွေကိုလည်း သီးခြားစီတွေ့ဆုံဖို့ တပ်မတော်က ပြင်ဆင်နေပါတယ်။ ကျန်တဲ့ PSLF ပလောင်အဖွဲ့၊ ULA ရက္ခိုင်အဖွဲ့နဲ့ MNTJP ကိုးကန့်အဖွဲ့တွေကို လက်နက်ကိုင်လမ်းစဉ် စွန့်မယ်လို့သဘောတူမှ တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်မှာ ပါဝင်ခွင့်ရမယ်ဆိုပြီး ကန့်သတ်ထား ပြန်ပါတယ်။ ဒါ့အပြင် NCA ကို လက်မှတ်ရေးထိုးဖို့ တရုတ်အစိုးရရဲ့ ဖိအားပေးတာကိုလည်း ခံနေကြရပါတယ်။ 

FPNCC ဒုတိယအကြိမ် အမြဲတမ်းကော်မတီအစည်းအဝေး ကျင်းပပြုလုပ်စဉ် (Photo: FPNCC)


လောလောဆယ်မှာ တပ်မတော်နဲ့ KIO ကချင်အဖွဲ့အကြား ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေဟာ ပြင်းထန်လျှက် ရှိနေပြီး၊ ဒေသခံထောင်ချီ စစ်ဘေးရှောင်ဒုက္ခသည်ဘ၀ကို ကျရောက်လျှက်ရှိနေပါတယ်။ ဒီ့အပြင် PSLF ပလောင်အဖွဲ့ နဲ့ RCSS ရှမ်းအဖွဲ့တွေကြားမှာလည်း မကြာခဏ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေနဲ့ အိမ်ကြက်ချင်းခွတ်ခိုင်းတာကို တွေ့နေရပါတယ်။ အကျိုးဆက်အနေဖြင့် ရှမ်းနဲ့ကချင်ပြည်နယ်တွေမှာ စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက် တိုးမြင့်လာနေပြီး ဒေသခံလူထုမှာ မြေစာပင်ဖြစ်နေကြရပါတယ်။

● စတုတ္ထအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးအလားအလာ
စတုတ္ထအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁)ရာပင်လုံတတိယအကြိမ်အစည်းအဝေးကို ၂၀၁၈ ဧပြီလကုန် မေလအတွင်းကျင်းပဖို့ အစိုးရအနေနဲ့ ဆုံးဖြတ်လျာထားကြတာပါ။ ဒီတကြိမ်ဆုံးဖြတ်ချက်က သတ်မှတ် လျာထားတဲ့အတိုင်း အကောင်အထည်ဖော်နိုင်ပါ့မလား။ RCSS ရှမ်းအဖွဲ့အနေနဲ့ ရှမ်းအမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲအတွက် အကြိုလူထုတွေ့ဆုံပွဲတွေဟာ ဧပြီလနှောင်းပိုင်းကို ချဉ်းနင်းဝင်ရောက်လာသည့်တိုင် ပြန်လည် စတင် မလုပ်နိုင်ကြသေးပါဘူး။ ဒီကာလအတွင်းမှာ RCSS အနေနဲ့ PSLF အပါအ၀င် တပ်မတော်နဲ့လည်း ရံဖန်ရံခါ ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်နေပါသေးတယ်။ ရခိုင်ဘက်မှာ ALP အဖွဲ့အနေနဲ့ ရခိုင်အမျိုးသားအဆင့် တရားဝင် နိုင်ငံရေးဆွေးနွေးပွဲရော အလွတ်သဘော အကြိုလူထုတွေ့ဆုံပွဲတွေပါ လုပ်ခွင့်မရသေးပါဘူး။

နောက်ဆက်တွဲအနေနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ NMSP ကလည်း မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တရားဝင်ကျင်းပနိုင်ရေးအတွက် ၂၀၁၈ မေလ အစောပိုင်းကို လျာထားတာကို တွေ့ရပါတယ်။  LDU အနေနဲ့လည်း လားဟူအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ တရားဝင်လုပ်ခွင့်ပြုထားတာကို မတွေ့ရပါ။ ဒီကြားထဲမှာ ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း တပ်မတော်နဲ့ KNU တပ်မဟာ(၅)လက်အောက်ခံ KNLA တပ်ဖွဲ့တွေအကြား မကြာခဏ တိုက်ပွဲသံတွေ ကြားနေရပြီး တပ်မတော်နဲ့ KNLA အကြားမှာ အပြန်အလှန် စွပ်စွဲပြစ်တင်နေကြတာကိုလည်း တွေ့နေရပါတယ်။ KNU နဲ့ တပ်မတော်အကြား နှစ်ဖက်တွေ့ဆုံပြီး ညှိနှိုင်းအဖြေရှာဖို့ သဘောတူညီချက်ကလည်း လွန်ခဲ့တဲ့ ၂၀၁၈ မတ်လအကုန်မှာ တွေ့ဆုံကြရန်ချိန်းဆိုထားပြီးမှ ဖျက်သိမ်းလိုက်ရပြီး ဒီနေ့အချိန်ထိ ပြန်လည်တွေ့ဆုံနိုင်ခြင်း မရှိသေးပါ။

ဒီလိုမျိုးမတည်မငြိမ်ဖြစ်နေတဲ့ မြေပြင်အခြေအနေတွေအောက်မှာ လုပ်ခွင့်ရတဲ့ ကွက်ကျားအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲရလဒ်နဲ့ အခြေခံရမယ့်မူဘောင် နှစ်မူကွဲနေတာတွေကို ဘယ်လိုစုစည်း အဖြေရှာကြမလဲ။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲရလဒ်ကို UPDJC တင်ပြီး၊ နိုင်ငံရေးဆွေးနွေးပွဲတက်မယ်လို့ NMSP က စိုင်းပြင်းနေပါတယ်။ တချိန်တည်းမှာပဲ UPDJC အောက်မှာရှိတဲ့ လုပ်ငန်းကော်မတီအဆင့်ဆွေးနွေးပွဲတွေကလည်း ခံထားပြန်ပါတယ်။ ဒီဟာတွေက မူဘောင်ဆိုင်ရာမှာ အကျေအလည်ညှိနှိုင်းကြဖို့ လိုအပ်နေတဲ့အချက်ဖြစ်ပါတယ်။ မတည်ငြိမ်တဲ့မြေပြင်အခြေအနေတွေကြောင့် NCA လက်မှတ်ထိုးထားတဲ့ EAO (၁၀)ဖွဲ့လုံးက တဖွဲ့ချင်းအခြေအနေ ရပ်တည်ချက်တွေ ကွဲပြားနေတာတွေကြောင့် ကိုယ်စားလှယ်တွေအားလုံး စုံစုံညီညီနဲ့ ပါဝင်လာရေးအပေါ် ရိုက်ခတ်လာနိုင်မလား စဉ်းစားစရာတွေလည်း ထွက်လာနေပါတယ်။

အဓိကအားဖြင့် ပြီးခဲ့တဲ့ ၂၀၁၇ မေလက ကျင်းပခဲ့တဲ့ (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ ရခဲ့တဲ့ (၃၇) ချက်ဟာ ကျေလည်မှုမရှိသေးတဲ့အတွက် ပြန်လည်သုံးသပ်ပြီး ဆွေးနွေးညှိနှိုင်းဖို့လိုအပ်နေတဲ့ဟာကို ၂၀၁၈ ဖေဖော် ၀ါရီလ (၂၈)ရက်နေ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးမှာ  ရှေ့နေချုပ် ဦးထွန်းထွန်း ဦးက တရားဝင်တင်ပြပြီး အတည်ပြုလိုက်ပါပြီ။ ဒီတော့ ပြန်လည်သုံးသပ်ဖို့ရပ်တည်ထားတဲ့ EAO နဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေအနေနဲ့ ဒီအချက်ကို ဘယ်လိုသဘောထားကြဦးမှာလဲ…။

ဒါ့အပြင် ပြီးခဲ့တဲ့အကြိမ်တွေမှာ မှတ်တမ်းတင်ထားခဲ့တဲ့အချက်တွေကို ပြန်မကောက်တော့ဘူးလား။ ထစ်ဆို့ နေတဲ့ ခွဲမထွက်ရမူနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့်ဆိုင်ရာကိစ္စရပ်တွေကို တပ်မတော်က Package Deal လုပ်ထားတာကို ဘာသဘောထားနဲ့ ဘယ်လိုအဖြေရှာကြဦးမှာလဲ…။ ဒီအတွက် ပါဝင်နေတဲ့အစုအဖွဲ့ Stakeholders တွေအတွင်းမှာ ကွဲပြားတဲ့ အမြင်သဘောထား ရပ်တည်ချက်တွေ ရှိနေတာကို တွေ့မြင်နေရပါတယ်။

၂၀၁၈ ဧပြီလ (၁) ရက်နေ့မှာ အသစ်တက်လာတဲ့ လွှတ်တော်ဥက္ကဋ္ဌတဖြစ်လဲ သမ္မတဦးဝင်းမြင့်ဟာ ၁၃၈၀ မြန်မာ့နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောတဲ့အခါ ပြည်ထောင်စုအစိုးရ ရှေ့ဆက်လက်ဆောင်ရွက်မယ့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေထဲမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တခွန်းတပါတမျှ ပါဝင်လာတာကို မတွေ့ရပါ။

ဒီလိုမျိုး လက်တွေ့နယ်ပယ်ထဲက လက်ရှိအခြေအနေနဲ့ မြေပြင်အနေအထား အချက်အလက်တွေကို ပေါင်းဆုံကြည့်ရင် သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒီ(၃)ဦးရဲ့ တိုင်းရင်းသားတွေလိုလားတဲ့ “ဖက်ဒရယ်ဒီမိုကရေစီ” အပေါ် နိုင်ငံရေးဆန္ဒ (Political Willingness) ဘယ်လောက် အတိုင်းအတာထိ ပြင်းပြပြီး ဖော်ဆောင်လိုကြသလဲဆိုတဲ့အချက်က တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပုံဖော်ထုဆစ်သွားမှာသာ ဖြစ်ပါတယ်။

ဆောင်းပါးရှင် မောင်အဉ္စနမှာ နယ်စပ်အခြေစိုက် မြန်မာ့အရေးလေ့လာသူတဦး ဖြစ်သည်။

အပိုင်း (၁)
အပိုင်း (၂)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , , , , , , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်