မောင်တမ်းတ ● ပါးစပ်တစ်ပေါက်၏ မေတ္တာစာ

May 1, 2018

● ပါးစပ်တစ်ပေါက်၏ မေတ္တာစာ
(မိုးမခ) မေ ၁၊ ၂၀၁၈

အဲဒီနေ့ ညနေသုံးနာရီလောက်မှာ ကျွန်တော်တို့ မန္တလေးကနေ နေပြည်တော်ကို ရောက်တယ်။ ရောက်ရောက်ချင်းပဲ နေပြည်တော် လယ်ဝေးအစပ်က ကျွန်တော့်သူငယ် သိန်းဇော်ဝယ်ထားတဲ့ ‘သရဖီ’ လမ်းထောင့်ကခြံကို ကျွန်တော်တို့ မောင်းလာခဲ့ကြတယ်။

ကျွန်တော်တို့ မေမြို့မှာရှိနေတဲ့ လွန်ခဲ့တဲ့လေးငါးရက်လောက်ကပဲ နေပြည်တော်က သိန်းဇော်ရဲ့ခြံကို ကြည့်ရှုပေးနေတဲ့ နေပြည်တော် စည်ပင်က ဝန်ထမ်းညီလေးကို ခြံရှင်းခိုင်းထားခဲ့တယ်။

တစ်နေ့က မေမြို့မှာရှိနေတုန်းပဲ နေပြည်တော်က ဆရာသမားဆီက သိန်းဇော်ဆီကိုဖုန်းဝင်လာတယ်။ သူ အလုပ်သမား တွေနဲ့ ခြံရှင်းပြီးပြီတဲ့။ အရင်တုန်းက ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ တောထနေလို့ ခြံထဲမှာ ဘာရှိလို့ ရှိတယ်တောင် မသိနိုင်တဲ့ခြံ ကို ရှင်းလိုက်တော့ ခြံထဲမှာ နံ့သာဖြူပင်တစ်ပင် ပေါက်နေပါသတဲ့။ အဲဒါ လာကြည့်ပါဦးတဲ့။

သရဖီလမ်းထောင့်ကိုရောက်ရောက်ချင်းပဲ ကျွန်တော်တို့ကားကို လမ်းကွေ့ချိုးမှာရပ်လိုက်ပြီး ကားပေါ်က ဆင်းလိုက်ကြ တယ်။ လေးငါးရက်လောက် ခရီးသွားခဲ့ရလို့ လူတွေလည်း နွမ်းနေခဲ့ပြီပဲ။ ကားအောက်ရောက်တော့မှပဲ အညောင်းဆန့် နိုင်တော့တယ်။ ရောက်ရောက်ချင်းပဲ လမ်းထောင့်မှာ မြင်နေရတဲ့ခြံကိုလှမ်းကြည့်လိုက်တော့ အရင်က ဘာပင်မှန်း မသိတဲ့ အရွက်ထူထူစိမ်းစိမ်း နေပြည်တော်ဘက်မှာ တွေ့လေ့တွေ့ထ ရှိတဲ့မြေကပ်ပင်တွေနဲ့ ဖုံးနေတဲ့ခြံက ရှင်းရှင်းလင်းလင်း ဖြစ်နေတယ်။ ကျွန်တော်တို့ စည်ပင်ကချာတိတ်ကို ကျွန်တော်တို့ရောက်နေပြီဖြစ်ကြောင်း ဖုန်းဆက်ပြီး လမ်းပေါ်ကနေ ဆင်းပြီး ခြံထဲဝင်လာခဲ့ကြတယ်။
◊◊◊

ဝင်ဝင်ချင်းပဲ ကျွန်တော်တို့နဲ့အတူ သိန်းဇော်ရဲ့သားနှစ်ယောက်ကော မေမြို့ကနေ သိန်းဇော်ပြန်ခေါ်လာတဲ့ မေမြို့က သူ့ အိမ်ကိုဆေးသုတ်ဖို့ လွန်ခဲ့တဲ့နှစ်ပတ်လောက်က မေမြို့မှာနေခဲ့တဲ့ သူ့ဆေးသုတ်သမား ဦးလေးကြီးနဲ့ ဦးလေးကြီးရဲ့ သူငယ် ချင်းကော ကားပေါ်ပါတဲ့လူခြောက်ယောက်လုံးခြံရဲ့နောက်ဘက်ကျကျမှာ ပေါက်နေတဲ့နံ့သာဖြူပင်ဆီ သွားကြည့်ကြတယ်။
အပင်ကတော့ ခပ်လှီလှီပါပဲ။ နံ့သာဖြူတုံးသာတွေ့ဖူးပြီး နံ့သာဖြူပင်ရယ်လို့ တစ်ခါမှမမြင်ဖူးတဲ့ကျွန်တော့်အတွက် ကြိုသာ မသိခဲ့ရင် နံ့သာဖြူပင်လို့ မသိနိုင်လောက်အောင်ပါပဲ။

အပင်တွေအကြောင်း ရန်ကုန်မြို့လယ်ခေါင်မှာ မွေးတဲ့ကျွန်တော်တို့ သိန်းဇော်တို့ထက် အဆတစ်ရာလောက် နှံ့စပ်ဟန်ရှိတဲ့ အညာသား ဆေးသုတ်သမားဦးလေးကြီးကတော့ အပင်ကိုကြည့်ပြီး သနပ်ခါးအရိုင်းပင်လို့ ပြောတယ်။

ကျွန်တော် ခြံရဲ့နောက်ထောင့်ကိုလှမ်းကြည့်လိုက်တော့ ပင်စည်တလျှောက်လုံး ဆူးတွေနဲ့ ပင်စည်လုံးပတ် သိပ်မကြီးတဲ့ အပင်မြင့်မြင့်တစ်ပင်ကို တွေ့တယ်။ ဘာပင်လဲလို့ ဦးလေးကြီးကို မေးကြည့်တော့ လက်ပံပင်တဲ့။

အပင်တွေကို လိုက်ကြည့်မိမှပဲ အပင်နဲ့ ပတ်သက်တဲ့ဗဟုသုတ အတော်နည်းပါလားလို့ ကိုယ့်ကိုယ်ကိုယ်သုံးသပ်မိတယ်။ စာထဲမှာတော့ ‘လက်ပံတော ငရဲ’ လို့ ဖတ်ဖူးတယ်။ အပြင်မှာလည်း လက်ပံပင်က ဆူးတွေနဲ့ ဖြစ်နေတယ်။ စာထဲ ဖတ်ဖူးတာနဲ့ အပြင်က လက်ပံပင်ကြီးရဲ့ဆက်စပ်မှုကို ကျွန်တော်စဉ်းစားရင်း ပင်စည်ကဆူးတွေကို လက်နဲ့ကိုင်ကြည့်မိတယ်။ နှင်းဆီပင် လို အပင်ငယ်တွေမှာ ပေါက်တဲ့ဆူးလို ချွန်မြမနေပေမယ့် လက်ပံဆူးတွေကလည်း အတော်တော့မာတယ် ပြောရမယ်။ ပင် စည်မှာ ပိရမစ်ကလေးတွေတပ်ထားတာ ကျနေတာပဲ။ ‘လက်ပံပွင့်ချိန် ခွေးရူးချိန်’ လို့ ဖတ်ဖူးတာလည်း သတိသွားရမိတယ်။

ဦးလေးကြီးကတော့ ခြံထဲမှာ လက်ပံပင် မစိုက်ကောင်းဘူးလို့ပြောနေတယ်။ ပြီးတော့ တတောက်တောက် လျှောက်ပြေး နေတဲ့သိန်းဇော်သား အငယ်ကောင် ငါးနှစ်သားလေး ရှန်ရှန်းကို ကျွန်တော်လိုက်ဖမ်းပြီး ခြံထဲကနေ ကျွန်တော်တို့ လမ်းပေါ် ပြန်တက်ခဲ့ကြတယ်။
◊◊◊
လမ်းပေါ်ပြန်ရောက်တော့ ရပ်ထားတဲ့ကားနားပြန်သွားကြပြီး စည်ပင်ကချာတိတ်ရောက်အလာကို ကျွန်တော်တို့ စောင့်ကြ တယ်။  အဲဒီမှာပဲ မျက်နှာချင်းဆိုင် လမ်းတလျှောက်က နွားအုပ်ကြီး လာနေတာကို တွေ့တယ်။ ကျွန်တော် လှမ်းကြည့်လိုက် တော့ ဆယ့်လေးငါးကောင်လောက်တော့ ရှိမယ်။ ရှေ့က ကျွဲနှစ်ကောင်လည်း ပါသေးတယ်။

နွားတွေရဲ့ ကိုယ်ပေါ်မှာတော့ ဆေးအပြာနဲ့ နံပါတ်တွေရိုက်ထားတယ်။ နွားအုပ်ရဲ့ဘေးမှာတော့ စွပ်ကျယ်ဝတ်ထားတဲ့ လူ တစ်ယောက်က ‘နကန်’ လို့ခေါ်လို့ရမယ် ထင်တဲ့နွားရိုက်တဲ့ကြိမ်တစ်ချောင်းနဲ့ နွားအုပ်ကိုခြောက်ရင်း လိုက်လာတယ်။ နွား အုပ်ရဲ့နောက်မှာလည်း ဂင်တိုတိုနဲ့ လူတစ်ယောက် နကန်တစ်ချောင်းကိုကိုင်ရင်း လိုက်လာတယ်။

ကျွန်တော် လမ်းပေါ်လျှောက်ပြေးနေတဲ့သိန်းဇော်သားလေးကို ထိန်းထားတုန်းပဲ နွားအုပ်ကြီး ကျွန်တော်တို့ ရှေ့က ဖြတ် သွားတယ်။ အဲဒီမှာပဲ ကျွန်တော့်ဘေးကသိန်းဇော်က ကျွန်တော့်ကို ‘နွားသတ်ရုံပို့မယ့်နွားတွေထင်တယ်ကွ’ လို့ လှမ်းပြော တယ်။

‘ဟာ… ဟုတ်လား… နင်ဘယ်လိုသိလဲဟ’ လို့ ကျွန်တော်ပြန်ပြောတော့ သိန်းဇော်က ‘ဟ… နံပါတ်တွေ ရိုက်ထားတယ်လေ ကွာ… ဒါပဲ ဖြစ်မှာပေါ့’ လို့ ကျွန်တော့်ကို ပြန်ဖြေတယ်။

အဲဒီမှာပဲ ကျွန်တော် ဘာမှ ပြန်မပြောနိုင်တော့ဘဲ ကျွန်တော်တို့ကို ကျော်ပြီး ခပ်လှမ်းလှမ်း ရောက်သွားပြီ ဖြစ်တဲ့နွားအုပ်ကြီး ကို ငေးနေမိတယ်။ အဲဒီမှာပဲ သိန်းဇော်ဖုန်းဆက်လိုက်လို့ ကျွန်တော်တို့ ရောက်နေတာကိုသိပြီး သိန်းဇော်အသိ ပွဲစား လင်မယားနှစ်ယောက် ပစ်ကပ်လေးတစ်စင်းနဲ့ ကျွန်တော်တို့ဆီ ရောက်လာတယ်။
◊◊◊

ကားပေါ်က ဆင်းလာတဲ့လင်မယား နှစ်ယောက်က ကျွန်တော်တို့ကို လက်ဖက်ရည်ဆိုင်သွားပြီး တစ်ခုခုစားဖို့ပြောပေမယ့် မိတ္ထီလာမှာ ခုနတင်ကပဲ ထမင်းစားလာခဲ့လို့ ကျွန်တော်တို့ ငြင်းလိုက်ရတယ်။ ပြီးတော့ သူတို့ ကားဘေးမှာပဲရပ်ပြီး နေပြည် တော်က အိမ်ဈေးမြေဈေးတွေအကြောင်းနဲ့ သိန်းဇော်ခြံကို အခုရောင်းရင် နှစ်ရာလောက်တော့ ရမှာဖြစ်တဲ့အကြောင်းတွေ ပြောကြတယ်။ ဒါတောင် လေးငါးခြောက်နှစ် မြှုပ်ထားရတဲ့အချိန်မပါဘဲ သိန်းလေးငါးဆယ်တော့ ရှုံးနေသေးတယ်။ နေပြည် တော်ကလည်း ခက်ပါတယ်။

အဲဒီမှာပဲ ခုနကနွားအုပ်ကြီး လာရာလမ်းအတိုင်း နောက်ထပ်နွားအုပ်ကြီးတစ်အုပ်လာနေတာကို ကျွန်တော်တို့ တွေ့လိုက် တယ်။ ဒီတစ်ခါ နွားအုပ်ကြီးကတော့ အကောင်သုံးလေးဆယ်တောင် ရှိလိမ့်မယ်ထင်တယ်။ နွားပေါက်လေးတွေတောင် ပါသေးတယ်။ အားလုံးလည်း ကိုယ်မှာ ဆေးအပြာနဲ့ ရိုက်ထားတဲ့နံပါတ်ကိုယ်စီနဲ့။

ဒီတစ်ခါတော့ နွားအရေအတွက် များလို့ထင်တယ်။ နွားတွေကို မောင်းလာတဲ့ နကန်ကိုင်ထားတဲ့လူနှစ်ယောက် နွားအုပ်ကြီး ကို ခက်ခက်ခဲခဲ ထိန်းလာရတယ်။ ထိန်းလာတဲ့ကြားထဲက နွားအုပ်ကြီး ကျွန်တော်တို့ ရှေ့ကို ဖြတ်လာအပြီးမှာ သိန်းဇော် ခြံ နဲ့ ကပ်လျက်က ခြုံနွယ်ပိတ်ပေါင်းတွေ မရှင်းရသေးတဲ့ခြံကိုဝင်ပြီး နွား သုံးလေးငါးကောင် အပင်တွေကို ဝင်စားတယ်။ ကျွန်တော် လှမ်းကြည့်လိုက်တော့ စားနေတဲ့အထဲမှာ နွားပေါက်ကလေးတစ်ကောင်လည်းပါတယ်။

အဲဒီမှာပဲ နွားအုပ်ဘေးက လိုက်လာတဲ့လူပြေးလာပြီး နကန်တစ်ချောင်းနဲ့ နွားတွေကိုရိုက်ရင်း နွားအုပ်ထဲကို ပြန်မောင်း သွင်းတယ်။ အဲဒီမှာပဲ ကျွန်တော့်ဘေးမှာ ရပ်နေတဲ့လင်မယားနှစ်ယောက်ထဲက ယောက်ျားလုပ်သူကို သေချာအောင် နွား သတ်ရုံကိုပို့မယ့်နွားတွေ ဟုတ် မဟုတ် ကျွန်တော် မေးလိုက်ပါတယ်။ အဖြေကတော့ ရက်စ်ပါတဲ့။

ကျွန်တော် ထပ်မေးတော့ ဒီ နေပြည်တော် အနီးတဝိုက်မှာပဲ နွားသတ်ရုံတွေ ရှိပါသတဲ့။

သံပုရာသီး အလုံးတစ်ရာလောက်ကို တပြိုင်နက်ဝါးမိသလို ကျွန်တော့်မျက်နှာရှုံ့မဲ့သွားပြီး ‘ဟား… တော်တော်ဆိုးတာပဲ’ လို့ ပြောလိုက်မိတော့ လင်မယားနှစ်ယောက် ရယ်နေကြတယ်။

အဲဒီမှာပဲ ကျွန်တော်တို့ကို ကျော်သွားတဲ့နွားအုပ်ကြီးထဲက နွားကြီးတစ်ကောင် ကျွန်တော်တို့ရပ်နေရာနဲ့ ခပ်လှမ်းလှမ်း လမ်း ဟိုဘက်ခြမ်း မျက်စောင်းထိုးလောက်မှာ ဘိုင်းခနဲ ပစ်လဲသွားတယ်။ ကျွန်တော့်စိတ်ထင် တမင်ပစ်လှဲလိုက်တာလို့ပဲ ထင် တယ်။ တမင်ပစ်လှဲလိုက်တာလို့ကို ကျွန်တော်ယုံတယ်။

နွားအုပ်ကြီးကိုကြည့်ရတာ သူတို့ကို သားသတ်ရုံပို့တော့မှာကို သိနေသလိုပဲ။ သိနေတယ်လို့ကို ကျွန်တော်ယုံတယ်။ အား လုံး ပေကတ်ကတ်နဲ့ ရှေ့ကို လုံးဝမသွားချင်တော့တဲ့ပုံတွေ ဖြစ်နေကြတယ်။ သားသတ်ရုံကနေ သတ်ခါနီးဆဲဆဲ နွားတွေ မျက်ရည်ကျတာ၊ ကယ်ဆယ်ခံလိုက်ရလို့ ဝမ်းမြောက်ဝမ်းသာ ကယ်ဆယ်တဲ့သူရှေ့မှာ ဒူးထောက်နေတာ ဓာတ်ပုံတွေ သာဓကတွေ အတိအကျမြင်ဖူးလို့ ဒီနွားအုပ်ကြီး သူတို့ကို သားသတ်ရုံကိုပို့နေတာကို သိတယ်လို့ ကျွန်တော်ယုံတယ်။

အဲဒီမှာပဲ မြေပေါ်မှာဘိုင်းဘိုင်းလဲနေတဲ့နွားကြီးဆီ ဘေးကနွားတွေဝိုင်းသွားပြီး နှုတ်သီးတွေနဲ့ တို့ကြ၊ လျှာတွေနဲ့ လျှက်ကြ တယ်။ တစ်ခါမှ မမြင်ဖူးတဲ့ထူးထူးဆန်းဆန်းမြင်ကွင်းကို ကျွန်တော်ငေးနေတုန်းပဲ နကန်ကိုင်ထားတဲ့လူနှစ်ယောက် လဲနေ တဲ့နွားကြီးဆီ ပြေးလာပြီး နကန်နဲ့ ရိုက်ကြတယ်။

အဲဒီမှာပဲ ဘေးက ဝိုင်းနေတဲ့နွားတွေ ရှဲသွားပြီး လဲနေတဲ့နွားကြီး နကန်နဲ့ ရိုက်နေတဲ့ဒဏ်ကို မခံနိုင်တဲ့အဆုံးမှာ ယိုင်တိုင်တိုင် နဲ့ အနိုင်နိုင် ပြန်ထတယ်။ ပြီးတော့ နွားအုပ်ကြီး တစ်အုပ်လုံး လမ်းထောင့်ချိုးကို ကွေ့ပြီး ကျွန်တော့်မြင်ကွင်းအောက်က ပျောက်သွားပါတော့တယ်။
◊◊◊

ရင်ထဲမှာ ခဲနဲ့ဆွဲထားသလို လေးပြီး ကျွန်တော် ကျန်ရစ်ခဲ့တယ်။

သြော် … ကျွန်တော်တို့ မြိန်ရေယှက်ရေ စားနေတဲ့ဟင်းတွေအတွက် သတ္တဝါတွေ ဒုက္ခဆင်းရဲကြီးစွာ အသေခံကြရတာပဲ။ မေ့ဆေးကလေးပေးခံရပြီး ပြန်နိုးမလာတော့မှာတောင် ကြောက်နေတတ်တဲ့လူ့ဘဝမှာ အရှင်လတ်လတ် ဓားနဲ့လည်ကို အ လှီးခံပြီး သေကြရမယ်ဆို လူတွေ ဘယ်လောက်တောင် ကြောက်လိုက်ကြမလဲ။

အိပ်ဆေးတွေ နှလုံးအခုန်ရပ်သွားစေမယ့်ဆေးတွေ အပေးခံပြီး ကွပ်မျက်ခံရတဲ့ရာဇဝတ်သားတွေတောင် သေရမှာ ကြောက် ရှာကြလို့ နည်းအမျိုးမျိုးနဲ့ အယူခံပြီး သေဒဏ်ကိုရှောင်လွှဲဖို့ နှစ်ပေါင်းများစွာ ကြိုးစားကြတာ ကျွန်တော်ဖတ်ရဖူးတယ်။

အထင်ရှားဆုံးဆို အမေရိကားက Troy Davis ပေါ့။ တိရစ္ဆာန်တွေလိုများ ရက်ရက်စက်စက် နာနာကျင်ကျင်ဝေဒနာကို အပြင်းပြဆုံးခံစားပြီး အသတ်ခံကြရမယ်ဆို လူတွေ ဘယ်လောက်ကြောက်လိုက်ကြမလဲ။ တဆက်တည်း ကိုယ့်ဘဝကိုယ် လည်း ပြန်စဉ်းစားမိတယ်။

ကျွန်တော် အသားစားလာခဲ့တာ အစာ စစားတတ်တဲ့အရွယ်က စတွက်ရင်တောင် နှစ်လေးဆယ်နီးနီး ရှိခဲ့ပြီပဲ။ နွားတစ် ခုတည်းကိုပြောကြေးဆို ကျွန်တော့်မိဘတွေက ခြေလေးချောင်းကိုစားခဲကြလို့၊ အိမ်မှာ အမဲသားချက်တာနည်းလို့ အမဲ သားဟင်းကို ကျွန်တော်စားခဲခဲ့ပေမယ့် လူသားကလွဲလို့ ကျန်တာတွေကို စားမိခဲ့တဲ့ဘဝမှာ ကျွန်တော်စားခဲ့တဲ့ အမဲသား တွေပေါင်းလိုက်ရင် နွားဘယ်နှစ်ကောင်စာလောက် ရှိမလဲ။

အဲဒီလိုတွေးနေရင်းနဲ့ စိတ်ထဲမှာ မေးခွန်းတစ်ခုပေါ်လာတယ်။ ‘မင်းမသေခင် မင်းပါးစပ်နဲ့ မင်း နွားဘယ်နှစ်ကောင် ထပ် သတ်ဦးမှာလဲ’။

မောင်တမ်းတ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်