မောင်စွမ်းရည် ● ယောက္ခမ ယောက္ခထီး

May 2, 2018
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မောင်စွမ်းရည် ● ယောက္ခမ ယောက္ခထီး
(မိုးမခ) မေ ၂၊ ၂၀၁၈

သိပ်မကြာသေးဘူး။ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောကြ တယ်။ သူ့အိမ်မှာ ဧည့်သည်ရောက်နေသတဲ့။ ဘယ်သူများလဲလို့ စပ်စုလိုက်မိတယ်။ သူ့အဖြေက ယောက္ခထီးတဲ့။ ကျွန်တော်အံ့ သြသွားမိတယ်။ သူပြောတာကိုတော့ ကျွန်တော်နားလည် လိုက်ပါတယ်။ ဆိုလိုတာက ”သူ့ဇနီုးရဲ့ဖခင်” လို့ ပြောတာဖြစ်ပါတယ်။ သူက မန္တလေးသား၊ အညာသားပါ။ အညာသားက အဲသလိုပြောခဲ့၊ သုံးစွဲခဲ့ပါတယ်။ တကယ်က သူပြောတာမှားပါတယ်။ မြန်မာစကားမှာ ”ယောက္ခထီး” ဆိုတာမရှိ။ မကြားဖူးပါ။
”ယောက္ခမ” ဆိုတာ လင်ဘက်ကပဲဖြစ်ဖြစ်၊ မယားဘက်ကပဲဖြစ်ဖြစ်၊ သူတို့ရဲ့မိဘများကို ခေါ်လို့ရပါတယ်။ အထီး၊ အမ ခွဲခြားမထားပါ။ ခွဲခြားချင်ရင် သီးခြားဝေါဟာရရှိပါတယ်။ ယောက္ခမအထီးကို ‘ယောက္ခမ ယောက်ျား’ တဲ့။ ယောက္ခမ အမ ကိုတော့ ‘ယောက္ခမ မိန်းမသူ’ လို့ ခေါ်ပါတယ်။ ယောက္ခမအထီးကို ‘ယောက္ခထီး’ လို့ ခေါ်တာမရှိပါ။ ‘ယောက္ခမ ယောက်ျား’ သူဆိုတဲ့ဝေါဟာရကို မကြားဖူးမသိဖူးသူများက တီထွင်ပြီး ကိုယ့်သဘောနဲ့ကိုယ် ‘ယောက္ခထီး’ လို့ခေါ်လိုက် တာဖြစ်ပါ လိမ့်မယ်။ ‘ယောက္ခထီး’ ဆိုတာ ယောက္ခမအထီး၊ ယောက္ခမယောက်ျားသူကိုခေါ်တာလို့ ပြောသူရော၊ ကြားသူပါ နား လည်မှာ သေချာပါတယ်။ ဒါပေမဲ့ အဲဒီဝေါဟာရက မြန်မာအဘိဓာန်မှာ ရှိမှာမဟုတ်ပါ။ သူက ‘ယောက္ခမ’ ဆိုတာ၊ ‘မ’ ပါလို့ အမျိုးသမီးထင်မှတ်ပုံရပါတယ်။ မဟုတ်ပါ။ အထီး-အမ နှစ်မျိုးလုံးကိုခေါ်တဲ့ ဝေါဟာရပါ။ မလွဲမှားသင့်ပါ။

နောက်တစ်မျိုးကတော့ ‘ညီမလေး’ ဆိုတဲ့ အခေါ်ပါ။ ရည်းစားကိုလည်း ‘ညီမလေး’ ပဲ ခေါ်နေကြပါတယ်။ တမိတည်းဖွား၊ တအူတုံဆင်း ‘မောင်နှမတော်’ စပ်သူနှစ်ဦးမှာ ယောက်ျားလေးက သူ့အောက်ငယ်သူ မိန်းကလေးကို ‘နှမ’ လို့ ခေါ်ပါတယ်။ မိန်းကလေးနှစ်ယောက်ဆိုရင် ‘ညီအစ်မ’ တော်စပ်တယ်လို့ ခေါ်ပါတယ်။ အရပ်သုံးအတိုင်းရေးရင် ‘ညီအစ်မ’ လို့ ရေးတယ်။ အကြီးမက အငယ်ကို ‘ညီမလေး’ လို့ ခေါ်ပါတယ်။ ယောက်ျားလေးတွေဆိုရင် အစ်ကိုကြီးက အငယ်ကို ‘ညီလေး’၊ အငယ်က မိန်းကလေးဆိုရင် ‘နှမလေး’ လို့ ခေါ်ပါတယ်။ တော်စပ်တာက ‘မောင်နှမ’ တော်စပ်တယ်လို့ ပြောရပါမယ်။

ဇာတ်သဘင်ပွဲတွေထဲမှာ ရွှေမန်းတင်မောင်တို့၊ ရွှေနန်းတင်တို့၊ မန္တလေးသိန်းဇော်တို့နှစ်ပါးခွင်တွေမှာ မင်းသမီးကို ‘နှမတော်’ လို့ခေါ်တာကြားဖူးမှာပေါ့။ နောက်ပိုင်း နန်းတွင်းဇာတ်တွေမှာလည်း ‘နှမတော်၊ မောင်တော်’ လို့ပဲ အပြန်အလှန်ခေါ်လေ့ရှိကြပါ တယ်။ ‘ညီမတော်’ လို့ အဘိဓာန်မှာရှာကြည့်လည်း တွေ့မှာမဟုတ်ပါ။ ယောက်ျားလေးက မိန်းကလေးကို ‘ညီမ’ ခေါ်ရိုးလုံးဝ မရှိပါ။ ကျွန်တော်တက္ကသိုလ်ရောက်စ ၁၉၅ဝ ကျော် ၁၉၅၅ – ၅၆ လောက်မှာ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ဝတ္ထု ‘ညီမလေးရယ် စိုးရိမ် မိတယ်’ ဆိုတာထွက်ပေါ်ခဲ့ပါတယ်။ အထူးကျော်ကြားတဲ့ ဝတ္ထုတစ်ပုဒ်ပါ။ အဲဒီနောက်မှာ ‘ညီမလေး’ သုံးစွဲတာပိုပြီး တွင်ကျယ်လာခဲ့ တယ်လို့ ထင်ပါတယ်။ ခု ကျွန်တော်ပြောလိုတာက ‘ညီမလေး’ သုံးတာ အထူးတွင်ကျယ်လာပုံကို ကျွန် တော် သတိပြုမိတာပြောတာပါ။ ဆရာပဲသုံးသုံး ဘယ်သူသုံးသုံး  ဘယ်တုန်းကပဲသုံးသုံး ယောက်ျားက မိန်းကလေးကို ညီမလေးလို့ခေါ်တာမရှိခဲ့။ မသုံးရ။ သုံးရင်မှားတယ်လို့ ပြောလိုတာပါ။ ‘မောင်နှမ’ ဆိုတဲ့စကားမှာ မိန်းကလေးက ကိုယ့် နောက်မွေးသူယောက်ျားလေးကို ‘မောင်လေး’၊ ‘မောင်ငယ်’ လို့ခေါ်ရကြောင်း၊ ယောက်ျားလေးက ကိုယ့်နောက် ကိုယ့် အောက်မွေးသူကို ‘နှမ’၊ ‘နှမလေး’ လို့ ခေါ်ရကြောင်းကို ဆိုလိုပါတယ်။ ကိုယ့်ထက်ကြီးသူများကိုတော့ (အစ်ကို၊ အစ်မ) (အကို၊ အမ) လို့ ခေါ်ရပါတယ်။

နောက်တစ်မျိုးကတော့ အရပ်ထဲမှာ သုံးခဲ့ပါတယ်။ သာရေး၊ နာရေးကြော်ငြာတွေမှာ တွေ့ရတတ်ပါတယ်။ ”ခင်ပွန်း” ဆိုတဲ့ စကားလုံးပါ။ ”ခင်ပွန်းလင်”၊ ”အဆွေခင်ပွန်း”လို့ ခေါ်လေ့လည်းရှိ ပါတယ်။ လင်ယောက်ျားကို ခင်ပွန်းလင်၊ ခင်ပွန်းလို့ခေါ်ပါ တယ်။ မိတ်ဆွေကို အဆွေခင်ပွန်းလို့ခေါ်ပါတယ်။ ”ဇနီးခင်ပွန်း” လို့ မရှိ မသုံးလေ့ပါ။ ခင်ပွန်းကြီး ၁ဝ ပါးဆိုရင်တော့ ကြီး ကျယ်သွားပါပြီ။ ဘုရား၊ ရဟန္တာ၊ ဆရာမိဘတွေပါ ပါဝင်ပါတယ်။ မပြစ်မှားထိုက်သူများတဲ့။ တကယ်တမ်းပြောရရင် ”ပြစ် မှား” တယ်ဆိုတာ ဘယ်သူ့ကိုမှ မပြုသင့်တာပါ။ ”ခင်ပွန်းကြီး” ၁ဝ ပါးကို ပြစ်မှားရင်တော့ ငရဲအိုးချိုးကပ်ပြီသာမှတ်ပေတော့တဲ့။ အပြစ်ပိုကြီးသတဲ့။

နောက်တစ်မျိုးကတော့ အင်္ဂလိပ်လို သုံးစွဲနေကြတဲ့ မြန်မာစကားပါ။ မြန်မာလိုရှိလျက်နဲ့ အင်္ဂလိပ်လို ဘာဖြစ်လို့သုံးကြသလဲ။ ခေတ်ဆန်တယ်၊ ဗိုလ်ဆန်တယ်ထင်လို့ပေါ့။ အဲဒါ ကျွန်တော့်ဆရာတစ်ဦးက မှတ်ချက်ချဖူးတယ်။ ”ကျွန်စိတ်’ တဲ့။ ‘အန် ကယ်’၊ ‘အန်တီ’ ခေါ်ကြတယ်။ ကျွန်တော်တို့ မြန်မာဝေါဟာရမှာ ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေး၊ ဦး၊ ဦးဦ၊ အဒေါ်၊ ဒေါ်ဒေါ်၊ ကြီးဒေါ်စသဖြင့် ခေါ်ကြပါတယ်။ အင်္ဂလိပ်စကားမှာက အန်း (အန်တီ)။ အန်ကယ်။ ဒါပဲရှိတာပါ။ မြန်မာမှုပြုပြီး ‘အန်ကယ်ကြီး’ ‘အန်တီကြီး’၊ အန်ကယ်လေး၊ အန်တီလေးလို့ခေါ်ကြတာလည်းကြားဖူးပါတယ်။ မြန်မာမှာ ဦးကြီး၊ ဦးလေးကို ဘကြီး၊ ဘထွေးလည်းခေါ်ကြတယ်။ မင်းကြီး၊ မင်းကလေးလို့ တချို့အညာဒေသတွေမှာခေါ်ကြပါသေး တယ်။ ရှားပါးနေပါပြီ။ ကျွန်တော့်သဘောကတော့ မြန်မာလိုရှိနေလျက်ကတော့ အင်္ဂလိပ်လို အန်ကယ်၊ အန္တီတွေ လုပ်မနေစေချင်တာပါပဲ။

နောက်တစ်မျိုးက ပညာရှိကြီးတွေကြားမှာတောင် တွေ့ရတဲ့ ပြဿနာပါ။ ‘ပုရပိုက်’ဆိုတာ ဟိုရှေးက မြန်မာတွေ စာအုပ်အဖြစ် ရေးတဲ့ စာရွက်ခေါက်ကြီးတွေပါ။ လက်ဖြစ်စက္ကူကို အပြန်အလှန်ခေါက်ထားတဲ့ စာအုပ်ကြီးပါ။ ရှေးစာတွေထဲမှာ ‘ပေ၊ ပုရပိုက်’လို့ တွေ့ဖူးမှာပေါ့။ ပေရွက်နဲ့ ပုရပိုက်ပေါ်မှာ ရှေးကရေးခဲ့ကြတယ်။ ပေရွက်ပေါ်ကို ကညစ်နဲ့ခေါ်သံချွန်နဲ့၊ ပုရပိုက် ပေါ်ကို ‘ကံ့ကူဆံ’ ခေါ် မြေဖြူချောင်းလေးနဲ့ရေးရပါတယ်။ ‘ပေ’ရွက်ပေါ်စာရေးခဲ့ကြလို့ ‘စာပေ’လို့ ခေါ်ထွင်လာခဲ့တာပေါ့။ ‘ပေ’ဆိုပေမဲ့ ထန်းရွက်ပေါ် လည်းရေးပါတယ်။ ပေပင်က တစ်ခါသီးပွင့်ပြီးရင် နောက်ထပ်မသီး မပွင့်တော့ဘဲ သေသွားတယ်။ ဒါ့ကြောင့် ရှင်ဘုရင်များက မျိုးဆက်ပြတ်တဲ့သဘောမို့ မသုံးဘူး။ ထန်းရွက်ပဲသုံးသတဲ့။ ဘုရားစာတော့ ပေရွက်ပေါ် ရေးပါ တယ်။ ဘာပဲဖြစ်ဖြစ်၊ မြန်မာလူမျိုးဖြစ်ပြီး ပေပုရပိုက်မမြင်ဘူးကြလို့ ကျွန်တော်ကတော့ နိုင်ငံခြားထိ နမူနာယူလာခဲ့ပါတယ်။ ပြောချင်တာက ”ပုရပိုက်” အကြောင်းပါ။

ပုရပိုက်ကို မှန်အောင်ရေးတတ်၊ ပြောတတ်သူ ရှားပါတယ်။ အများအားဖြင့် စာတတ်ပေတတ်ပုဂ္ဂိုလ်ကြီးတွေကတောင် ‘ပုရ ပိုဒ်’ လို့ ‘ဒ်’ နဲ့ ရေးပါတယ်။ အသံထွက်တော့ တချို့က ‘ဗဒဗိုက်’ တဲ့။ တချို့က ‘ဗလဗိုက်’ တဲ့။ အသံထွက်အမှန်က ‘ပရဗိုက်’ ပါ။ ရေး ‘ပုရပိုက်’ ပါ။

နောက်တစ်မျိုးက ‘သူနဲ့စာရင်’၊ ‘သူနှင့်စာလျှင်’ကို ‘သူ့ထက် စာရင်’ လို့ ‘ထက်’ နဲ့ သုံးတာမှားပါတယ်။ နှိုင်းယှဉ်ရင် သူ(နှင့်)စာလျှင်လို့ ‘နှင့်’ နဲ့ သုံးရပါတယ်။ ဒုတိယအဆင့်ကျမှ ‘ထက်’ ကို သုံးရပါတယ်။ ‘သူနှင့်စာလျှင်၊ သူက သူ့ထက်လှသည်’ လို့ တချို့က ပြောင်းပြန် ‘သူ့နဲ့လှတယ်’ လို့ ပြောတတ်ပြန်ပါတယ်။ မှားတယ်။

နောက်တစ်မျိုးကတော့ ”ပြောရဲ့သားနဲ့” တဲ့။ အမှန်က ‘ပြောလျက်သားနှင့် ‘ပြောရက်သားနဲ့’ ဖြစ်ပါတယ်။ ‘လျက်’ကို အသံ ထွက် ‘ရက်’ လို့ ထွက်တယ်။ ‘ရဲ့’ မဟုတ်ပါ။

နောက်တစ်မျိုးကတော့ ပညာရှိများလောကမှာ ကြုံရတာပါ။ ဘာဖြစ်တာလဲကို ”ဘာဖြစ်သလဲ” လို့ ရေးတာပါ။ မှားပါ၏။ သော်လည်းက သော်လည်း ပြောင်းလာတာ မှန်ပါတယ်။ အလည်အပတ်က အလယ်အပတ်လို့ အသံပြောင်းတာလည်း မှန် ပါတယ်။ ဒါပေမဲ့ ‘ဘာဖြစ်တာလဲ’ ကျတော့ ‘ဘာဖြစ်သနည်း’ ဆိုတဲ့ ‘နည်း’ ကနေ ‘နဲ’၊ ‘နဲ့’ ကနေ ‘လဲ’ ကို ပြောင်းတာဖြစ်ပါတယ်။ ဒါကြောင့် ‘ဘာဖြစ်သလည်း’လို့မရှိပါ။ မှားပါတယ်။

‘နေ့လယ်’ ကို ‘နေ့လည်’ လို့ရေးတာလည်း အမှားပါပဲ။ အများ ဆုံးမှားတတ်တာပါ။ ဆရာတော်တစ်ပါးကို ပြင်ပေးတော့ ‘ငါ တစ်သက်လုံး နေ့လည်လို့ပဲရေးလာတာ နေ့လယ်လို့ မတွေ့ဖူးဘူး’ တဲ့။ ဒါဖြင့် ‘တစ်သက်လုံး မှားလာတာပေါ့’ လို့ ပြောတာကို လက်မခံ လို့ အဘိဓာန်သာကြည့်ပါတော့ဘုရားလို့ လျှောက်ထားလိုက်ရပါတယ်။

”တချို့နဲ့’ ‘တခြား’ ကို ‘တစ်ချို့’ ‘တစ်ခြား’ လို့ရေးနေကြတာ တွေ့ရပါတယ်။ ‘အချို့’၊ ‘အခြား’ က ပြောင်းလာလို့ ‘တချို့’၊ ‘တခြား’ လို့ ရေးရပါတယ်။ ‘တစ်’နဲ့ရေးရင်မှားပါတယ်။ ဗိုလ်နေဝင်းလို မြန်မာစာမကျွမ်းသူက ‘တစ်’ ခိုင်းတာနဲ့ အကုန်လိုက် ‘တစ်’ ရင် ဒုက္ခရောက်မှာပေါ့။

နောက်ထပ်အမှားတတ်ဆုံးတစ်ခုက ‘မှ’ နဲ့ ‘က’ပါ။ ‘မှ’က ထွက်ခွာပုဒ် နောက်ဆက်။ ‘က’ က ကတ္တားနောက်ဆက်လို့ ခွဲမှတ် ဖို့ ကြိုးစားပါ။ သဘာပတိ (မှ) မိန့်ခွန်းပြောပါလိမ့်မည်ဆိုတဲ့ မဆလအမှားက ခုထိအကျင့်ပါနေတာပါ။ သဘာပတိ ‘က’ လို့ ပြောမှ မှန်တယ်။ မန္တလေးမှ/က ရန်ကုန်သို့သွားသာည်ဆိုရင် မှ/က နှစ်ခု လုံးရတယ်။ ဒါပါပဲ။ မမှားသော စာရေးဆရာမရှိပါတဲ့။

မှားတတ်သူ။
မောင်စွမ်းရည်
၂ဝ၁၈၊ ဧပြီ ၂၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်စွမ်းရည်

One Response to မောင်စွမ်းရည် ● ယောက္ခမ ယောက္ခထီး

  1. Dr. Maung Maung Gyi on May 5, 2018 at 8:51 pm

    ၁၉၅၅ – ၅၆ လောက်မှာ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ဝတ္ထု ‘ညီမလေးရယ် စိုးရိမ် မိတယ်’ မထွက်မီ ၁၉၅ဝ လောက်က “အကိုကြီးရေ – ညီမလေးရေ”ဆိုတဲ့ရေဒီယိုသီချင်းပေါ်ခဲ့ပါသေးတယ်။ အဲဒီသီချင်းနဲ့ တချိန်တည်းလောက်ပေါ်လာတဲ့ ဦးမြကြီးနဲ့ဒေါ်စိန်စိန်တို့ရဲ့ “သာဓုကုမ္မာရီ”သီချင်းမှာတော့ “ကျွန်တော်တို့က ကိုယ့်နှမတွေလို ခင်ပါသည်” လို့သာဆိုထားပါတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်