fbpx

ဇာဝါရီ ● လူငယ်များဖတ်ဖို့ (ကြည့်မြင်တတ်ပါ)

May 2, 2018

● လူငယ်များဖတ်ဖို့ (ကြည့်မြင်တတ်ပါ)
(မိုးမခ) မေ ၂၊ ၂၀၁၈

စာရေးသူ၏ တူ၊ တူမလေးတွေကို ပြောပြဖြစ်တဲ့ အသိပညာပေးပုံပြင်လေးတွေကို မိုးမခစာချစ်သူ လူငယ်၊ ကျောင်းသူ ကျောင်းသားလေးတွေဖတ်ဖို့ မျှဝေလိုက်ပါတယ်။

မင်္ဂလာနှစ်သစ်ပါ။ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

အချိန်က ဟိုးလွန်ခဲ့တဲ့ နှစ်တရာလောက်တုန်းကပေါ့ နှင်းမိုးတွေ တဖွဲဖွဲရွာသွန်နေတဲ့ အမေရိကန်နိုင်ငံ အရှေ့ပိုင်း ဘော်စ တွန်မြို့ (Boston) ဟားဗတ်တက္ကသိုလ် (Harvard University) ကျောင်း အဓိပတိလမ်းမကြီးအတိုင်း မိုးကာဂျာကင် ဟောင်းဟောင်းနွမ်းနွမ်းဝတ်ထားတဲ့ အဖိုးကြီးတဦးနဲ့ အဖွားကြီးတယောက်တို့ ထီးအစုတ်တချောင်းအောက်မှာ လေးလံ ထိုင်းမှိုင်း နုံးချည့်ခြေလှမ်းများနဲ့ တလှုပ်လှုပ်တရွေ့ရွေ့ တက္ကသိုလ်ကျောင်းအုပ်ကြီးရှိရာ ရုံးခန်းသို့ ဦးတည်လျှောက်လာ ကြတယ်။ တခါမှ မရောက်ဘူးတဲ့ ကျယ်ဝန်းလှပတဲ့ အထင်ကရတက္ကသိုလ်ကျောင်းကြီးကို တအံ့တသြ ငေးမောကြည့်လိုက်၊ နှစ်ကိုယ်ကြား တီးတိုးအားပေးစကားပြောလိုက်နဲ့ လျှောက်လာကြရ နောက်ဆုံး ကျောင်းအုပ်ကြီးရုံးခန်းရှိရာ အဆောက်အအုံ ရှေ့ ရောက်ခဲ့ကြတယ်။

လေးလံတဲ့ အဆောက်အဦးတံခါးကြီးကို တွန်းဖွင့်ကာ ကျောင်းအုပ်ကြီးရုံးခန်းအတွင်းကို ရေတွေစိုရွှဲပြီး မျက်နှာမသာမယာ၊ မဝံ့မရဲ တောင်ကြည့်မြောက်ကြည့် စိုးရိမ်မျက်လုံးများနဲ့ ရောက်ရှိလာတဲ့ အဖိုးကြီးနဲ့အဖွားကြီးကို ကျောင်းအုပ်ကြီးရုံးခန်းရှေ့ စာရေးမက တအံ့တသြ၊ မနှစ်ဖွယ်လိုဖွယ်ရာ မျက်နှာထားနဲ့ ခြေဆုံးခေါင်းဆုံးကြည့်ကာ ဘယ်အရေးကိစ္စရှိလို့ လာကြပါလဲ…လို့ ခပ်ထန်ထန်၊ ခပ်ပြတ်ပြတ် မေးလိုက်တယ်။

အဖိုးကြီးက တချက်အသာပြုံးပြီး … ကောင်းသောနံနက်ခင်းပါ တူမကြီး။ အဝတ်စိုတွေကြောင့် ကြမ်းပြင်ပေညစ်သွားတာကို တောင်းပန်ပါတယ်။ ကျနော်တို့ ဒီကိုလာရောက်ခြင်းက အရေးကြီးတဲ့ကိစ္စတခုကို ကျောင်းအုပ်ဆရာကြီးနဲ့ ဆွေးနွေးတိုင်ပင် ချင်လို့ပါ။ ဖြစ်နိုင်ရင် ဆရာကြီးနဲ့ ခဏတွေ့ခွင့်ပြုဖို့ မေတ္တာရပ်ခံပါတယ်။

ဘယ်လို ကျောင်းအုပ်ကြီးနဲ့တွေ့ချင်လို့ဟုတ်လား … စာရေးမက အထိတ်တလန့်ပြန်မေးပြီး၊ စားပွဲပေါ်က စာအုပ်၊ စာရွက် တွေကို ဟိုရွှေ့ဒီရွှေ့လုပ်နေကာ သူ့စိတ်ထဲမှာ ‘ဘယ်လိုဟာတွေလဲ မသိဘူး။ ဆရာကြီးနဲ့လာတွေ့တဲ့ ပုံစံတွေကလဲ စုတ်တီး စုတ်ချာနဲ့ တောသားတွေဖြစ်မယ်။ ရွာပြန်ခရီးစရိတ်မရှိလို့ ဆရာကြီးကို အပူကပ်တောင်းမလို့လားမသိဘူး’ လို့ ဟိုဟိုဒီဒီ တွေးနေတုန်း …

ဟုတ် .. ဟုတ်ပါတယ်တူမကြီး။ ကျနော်တို့ ကျောင်းအုပ်ကြီးနဲ့တွေ့ပြီး သူ့ဆီက အကြံဉာဏ်၊ အကူအညီ တောင်းခံချင်လို့ တနယ်တကျေးကနေ ကြိုးစားလာခဲ့တာပါ။ တမနက်လုံး မိုးတွေမိလာလို့ အဝတ်အစားတွေပေညစ်၊ တကိုယ်လုံး ရွှဲစိုနေ တာကို အားနာပါတယ်။ လာတဲ့ကိစ္စကိုတော့ ဆရာကြီးနဲ့တွေ့တဲ့အခါ အသေးစိတ်ရှင်းပြပြောပြပါမယ်။ ဆရာကြီးနဲ့သာ တစိတ်တွေ့ခွင့်ပေးပါ။ ကျေးဇူးအများကြီးတင်ပါတယ်…လို့ စာရေးမရဲ့ အတွင်းစိတ်ကို သိနေသလိုနဲ့ တောင်းပန်ပြောဆိုလေ တယ်။

ဟုတ်ကဲ့ … ကျမ နားလည်ပါတယ်။ ဒါပေမဲ့ ကျောင်းအုပ်ကြီးက အတော်လေး အလုပ်ရှုပ်သူမို့ သူမှာအချိန် ရှိ မရှိ ကျမ မ ပြောနိုင်သေးဘူး။ ဟိုနားမှာ ခဏထိုင်စောင့်ပါ။ ကျမ ကျောင်းအုပ်ကြီးကို အချိန်တမိနစ်လောက်အားရင် တွေ့ပေးဖို့ မေး ကြည့်ပြောလိုက်ပါမယ်..လို့ ကပျာကရာပြောပြီး ကျောင်းအုပ်ကြီးအခန်းထဲ မဲ့ကာရွဲ့ ကာ လစ်ကနဲဝင်သွားလေတယ်။

တအောင့်အကြာမှာ စာရေးမပြန်ထွက်လာပြီး … ဆရာကြီးက အလုပ်ကိစ္စရှိနေလို့ နောက်တနာရီလောက်ကြာမှ တွေ့နိုင်မယ် လို့ ပြောတယ်။ စောင့်နိုင်ရင် ဟိုဘက်နားမှာထိုင်စောင့်ပါ… လို့ လှမ်းအော်ပြောကာ ကျောင်းအုပ်ကြီးခန်းထဲက ယူလာတဲ့ စာအုပ်တွေကို စာအုပ်စင်ပေါ်တင်ကာနေလေတယ်။ စာရေးမစိတ်ထဲမှာ ကျောင်းအုပ်ကြီးကို ကြိုတင်တွေ့ခွင့် (appointment) မတောင်းဘဲ ဆိုင်မဆင့်ဗုံမဆင့် ရောက်ရှိလာတဲ့ တောသားအဖိုးကြီး၊ အဖွားကြီးကို တနာရီ၊ နှစ်နာရီလောက် စောင့်ခိုင်းထားရင် အဝတ်စိုတွေနဲ့ အေးပြီး၊ မစောင့်နိုင်ဘဲ ပြန်သွားလိမ့်မယ်လို့ တွေးနေမိတယ်။

ဒီလိုနဲ့ တနာရီကျော်ကြာတဲ့အထိ ဆရာကြီးက ထွက်မလာသလို၊ အဖိုးကြီး အဖွားကြီးလည်း ခုံတန်းလျားပေါ်မှာ ပူးပူးကပ် ကပ်ထိုင်ကာ နှစ်ကိုယ်ကြား တတွတ်တွတ်နဲ့ စကားပြောလိုက်၊ ကျောင်းအုပ်ကြီးရုံးခန်းတံခါးဝကို ကြည့်လိုက်နဲ့ ဇွဲမလျှော့ စောင့်နေခဲ့တာကြောင့် စာရေးမစိတ်ထဲ တော်တော်ဇွဲကောင်းကြတယ်။ ဘယ်လို အရေးကြီးတဲ့ကိစ္စ ဆွေးနွေးပြောဆိုချင် တာလဲ မသိဘူးလို့တွေးပြီး ကျောင်းအုပ်ကြီးအခန်းထဲကို တချက်ဝင်သွားကာ …

ဆရာကြီးကို တွေ့ချင်နေတဲ့ အဖိုးကြီးလင်မယား ရုံးခန်းအပြင်မှာ ရှိနေသေးတယ်။ ဆရာကြီး မအားသေးဘူး။ ချက် မတွေ့နိုင်သေးဘူးလို့ပြောလဲ စောင့်နေကြတယ်။ ပညာမတတ် တောသားတွေ ပြောရဆိုရတာ အတော်လေး လက်ပေါက် ကပ်တယ်။ ဖြစ်နိုင်ရင် ဆရာကြီး တမိနစ်၊ နှစ်မိနစ်လောက် အချိန်ပေးပြီး တွေ့လိုက်ပါ။ ဒါမှ သူတို့ ကျေနပ်ပြီး မြန်မြန်ထွက် သွားမှာ။ တော်ကြာနေ အအေးမိပြီး ဒုက္ခရောက်ကြလို့ ကျမတို့ကို အမှုပတ်နေအုံးမယ် … လို့ စိတ်ပျက်လေသံနဲ့ ပြောလေ တယ်။

ကျောင်းအုပ်ကြီးက သူ့လက်ထဲမှာရှိတဲ့ စာအုပ်ထူထူကြီးကို စားပွဲပေါ်ကို အသာချကာ သူ့အပေါ်ဝတ်စုံနဲ့ လည်းစီး (necktie) ကို တချက်ပြင်ဝတ်ပြီး အဖိုးကြီးနဲ့အဖွားကြီးတို့ကို ဝင်ခွင့်ပြုလိုက်ဖို့ စာရေးမကို ပြောလေတယ်။

စာရေးမထွက်သွားပြီး တခဏမှာ လက်ထဲမှာ ထီးစုတ်ကလေးကိုင်ထားတဲ့ အဖိုးကြီးနဲ့ အထုပ်ကလေးတထုပ်ကို ကျစ်ကျစ်ပါ အောင် ကိုင်ဆွဲထားတဲ့ အဖွားကြီးတို့ ဆရာကြီးအခန်းထဲ ရောက်ရှိလာတယ်။ ကျောင်းအုပ်ကြီးက သူ့စားပွဲရှေ့  ခုံများမှာထိုင် စေပြီး သူဟာ အလွန်အလုပ်ရှုပ်သောသူဖြစ်တာကြောင့် အချိန်မရှိကြောင်း။ ဒါကြောင့် လာရင်ကိစ္စနဲ့ ပြောချင်တဲ့ အကြောင်း အရာများကို တိုတိုတုတ်တုတ်ပြောဖို့ ပြောလေတယ်။

အဖိုးကြီးက … ကျနော်တို့ကို ဆရာကြီး မအားမလပ်ကြားက တွေ့ခွင့်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဆရာ ကြီးကို အခုလို အနှောင့်အယှက်ပြုမိတဲ့အတွက်လည်း အနူးအညွှတ် တောင်းပန်ပါတယ်လို့ ဦးစွာပြောပြီးနောက် …

အဖွားကြီးက လည်ချောင်းတချက်ရှင်းပြီး ခြောက်ကပ်ကပ်အသံနဲ့ … လာရင်းကိစ္စကို ကျမပြောပါမယ် ဆရာကြီး။ ကျမတို့ အနောက်ဘက်ခြမ်းကနေ ဒီကိုလာခဲ့တဲ့အကြောင်းက ကျမတို့မှာ အလွန်ချစ်ရတဲ့သားလေးတယောက် ရှိခဲ့ပါတယ်။ သူက မနှစ်ကအထိ ဒီတက္ကသိုလ်ကြီးမှာ ကျောင်းတက်သွားခဲ့ပါတယ်။ သားလေးက သူ ဒီမှာကျောင်းတက်ရတာကို အတော် ဂုဏ်ယူပြီး၊ အလွန်ပျော်ကြောင်း ကျမတို့ကို မကြာခဏ စာရေးပြီး ပြောပြပါတယ်။ ဒါပေမဲ့ သူ အခု ဒီမှာ ကျောင်းမတက် တော့ဘူး… လို့ပြောကာ ဟောက်ပက်ပက် မျက်လုံးအတွင်းမှ စီးကျလာတဲ့ မျက်ရည်စများကို လက်ကိုင်ပုဝါနဲ့ တချက်သုတ်ပြီး … သူ မနှစ်က ကျောင်းပိတ်လို့ အိမ်ကိုပြန်အလာလမ်းမှာ ကားတိုက်ပြီး ဆုံးသွားခဲ့ပါပြီ။

သြော် … ဖြစ်မှဖြစ်ရလေ။ အတော်ဝမ်းနည်းဖို့ ကောင်းပါတယ်။ လူကြီးမင်းတို့နဲ့အတူ ထပ်တူစိတ်မကောင်း ဖြစ်မိပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျနော်အနေနဲ့ ဘယ်လို ကူညီလုပ်ပေးရမလဲ ပြောပါ… လို့ ဆရာကြီးက ဖြတ်ပြောလေတယ်။

ဒီလိုပါ … ကျမတို့အနေနဲ့ သားလေးချစ်တဲ့ ဒီကျောင်းကြီးအတွင်းမှာ သူ့အမည်နဲ့ အောက်မေ့ဘွယ် အမှတ်အသားတခုခု စိုက်ထူလှူဒါန်းချင်လို့ပါ။

အဖွားကြီး စကားမဆုံးခင်မှာ ကျောင်းအုပ်ကြီးက ထိုင်ခုံမှထပြီး … စိတ်မရှိပါနဲ့ အမယ်ကြီးပြောတာကို တချက်ရပ်ပါအုံး။ ပွင့် ပွင့်လင်းလင်းပြောရရင် အမယ်ကြီးတို့ရဲ့ တောင်းဆိုချက်က မဖြစ်နိုင်ပါဘူး။ စဉ်းစားကြည့်လေ … အမယ်ကြီး တောင်းဆိုတဲ့ အတိုင်း ကျနော့်အနေနဲ့ အလွယ်ခွင့်ပြုလိုက်ရင် ဒီကျောင်းမှာ ကျောင်းလာတက်ကြတဲ့သူတွေကလည်း အကြောင်းအမျိုးမျိုးနဲ့ ကျောင်းထဲမှာ အမှတ်တရ ရုပ်ထုတွေ၊ အဆောက်အဦးတွေ စိုက်ထူကြမယ်ဆိုရင် တကျောင်းလုံး ရုပ်ထုတွေနဲ့ ပြည့်နှက်ပြီး သုသာန်သင်္ချိုင်း၊ ပန်းခြံမျိုးနဲ့ တူသွားလိမ့်မယ်။ ဒီတော့ ဝမ်းနည်းပါတယ် … မဖြစ်နိုင်၊ ခွင့်မပြုနိုင်ပါဘူးလို့ ဝမ်းနည်းစွာ ပြော လိုပါတယ်။

အဖွားကြီးရဲ့စကားကို အဆုံးနားမထောင်ဘဲ ကျောင်းအုပ်ကြီးရဲ့ ခပ်ထန်ထန်တုံ့ပြန်ပြောဆိုမှုကို တအံ့တသြဖြစ်ပြီး … အဲဒီ လို ရုပ်ထု၊ ဂူဗိမာန် စိုက်ထူလုပ်ချင်တာ မဟုတ်ပါဘူး။ ကျမတို့လုပ်ချင်တာက သားလေးအမည် ကမ္ဗည်းထိုးပြီး ကျောင်းအ ဆောက်အဦး၊ စာသင်ဆောင်တဆောင်လောက် ဆောက်လုပ်လှုဒါန်းချင်တာပါ။

စုတ်တီးစုတ်ချာ ညစ်ထေထေ ကပိုကရိုအဝတ်အစားတွေနဲ့ အဖိုးကြီး အဖွားကြီးကိုတချက်ကြည့်ပြီး … သနားဖို့တော့ အ တော်ကောင်းသား။ မတတ်နိုင်ဘူးလေ ပြောစရာရှိတာကို အပြတ်ပြောမှ နားလည်မယ့်သဘောရှိတယ်လို့တွေးပြီး … ကျောင်းအဆောင် လှူဒါန်းချင်လို့ ဟုတ်လား။ စိတ်တော့မရှိပါနဲ့။ ကျောင်းအဆောင်တဆောင်အတွက် ငွေကြေးဘယ်လောက် ကုန်ကျမလဲဆိုတာကို လူကြီးမင်းတို့ တချက်တွေးမိလားမသိဘူး။ လက်ရှိ ဒီကျောင်းကြီးအတွက် ဒေါ်လာ ရှစ်သန်းလောက် ကုန်ကျဆောက်လုပ်ထားတာ (အခုခေတ် ငွေကြေးအရဆိုရင် …. ဒေါ်လာသန်းရာချီရှိလောက်တယ်)။ ကျောင်းဆောင် တဆောင်ဆိုရင် ဒေါ်လာသိန်းနဲ့ချီကုန်ကျလိမ့်မယ်…လို့ မျက်မှောင်ကြုတ်ကာ နားထောင်နေတဲ့ အဖိုးအိုလင်မယားကို တချက်ကြည့်ပြီး ပြောလိုက်တယ်။

ကျောင်းအုပ်ကြီးရဲ့စကားကြောင့် အဖိုးကြီး အဖွားကြီးတို့မှာ အတော်လေး တအံ့တသြဖြစ်ကာ …သြော် ကျောင်းကြီးတ ကျောင်းလုံးအတွက် သန်းချီကုန်ပြီး၊ ကျောင်းဆောင်တဆောင်အတွက် သိန်းကျော်ကုန်မယ်ဟုတ်လား …  နှစ်ယောက်သား ခေါင်းချင်းရိုက် တတွတ်တွတ်နဲ့ပြောဆိုပြီး၊ ချက်ချင်း ထိုင်ရာမှထကာ … ကောင်းပါပြီ ဆရာကြီး။ ကျနော်တို့ကို အခုလို အချိန်ပေးပြီး တွေ့ခွင့်ပေးတာ၊ မေးမြန်းပြောဆိုချက်တွေကို ဖြေကြားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ကျနော်တို့ ကို သွားခွင့်ပြုပါအုံးဆိုပြီး ခပ်သွက်သွက် နှုတ်ဆက်ထွက်ခွာသွားကြတယ်။ တံခါးပေါက်ဝနားမှာ မယောင်မလည် နားစွန့်နေ တဲ့ စာရေးမကိုလည်း ကျေးဇူးတင်ကြောင်းပြောကာ ပေါ့ပါးသွက်လက်သော ခြေလှမ်းများနဲ့ ထွက်သွားကြတယ်။

အဖိုးကြီးနဲ့ အဖွားကြီးတို့ရဲ့ ပဟေဠိဆန်လှတဲ့အပြုအမှုကို နားမလည်၊ ဘယ်လိုဟာတွေလဲလို့ မှတ်ချက်ပြုပြီး ကျောင်းအုပ် ကြီးနဲ့ စာရေးမတို့ တယောက်မျက်နှာ တယောက်ကြည့် ကျန်ခဲ့လေတယ်။ သူတို့တွေရဲ့ တဘက်သားအပေါ် အပေါ်ယံ ကြည့်ပြီး ခွဲခြားဆက်ဆံမှုကြောင့် အခွင့်အရေးကောင်းတခု ဆုံးရှုံးသွားကြတယ်။

ဒီလိုနဲ့ မကြာခင် အမေရိကန်အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် ပါလို အလ်တို (Palo Alto) မြို့ ကလေးမှာ စတန်ဖို့ဒ် (Standford) အမည်နဲ့ တက္ကသိုလ်ကျောင်းတကျောင်း ပေါ်ပေါက်လာခဲ့တယ်။ အဲဒီကျောင်းကို တည်ထောင်ခဲ့သူ တွေကတော့ ဟားဗတ်တက္ကသိုလ်ကျောင်းအုပ်ကြီးနဲ့ စာရေးမတို့ မချေမငံ၊ ဝတ်ကျေတန်းကျေ၊ မတူမတန် ဆက်ဆံခံလိုက် ရတဲ့ အဖိုးကြီး လီလန် စတန်ဖို့ဒ် စီနီယာ (Leland Stanford, Sr.) နဲ့ အဖိုးကြီး၊ အဖွားကြီး ဂျိန် စတန်ဖို့ဒ် (Jane Stanford ) တို့ဖြစ်လေတယ်။ သူတို့ကိုယ်ပိုင်ငွေနဲ့ တည်ဆောက်ခဲ့တဲ့ကျောင်းက သူတို့ရဲ့  ချစ်လှစွာသော ဟားဗတ်ကျောင်းသားဟောင်း လီလန် စတန်ဖို့ဒ် ဂျူနီယာ (Leland Stanford, Jr.) အတွက် ဂုဏ်ပြုတည်ဆောက်ခဲ့ခြင်းလည်း ဖြစ်တယ်။

ဒီနေ့ ကမ္ဘာ့အကောင်းဆုံး ကျောင်းတကျောင်းဖြစ်တဲ့ စတန်ဖို့ဒ်မှ ထင်ရှားလူသိများတဲ့ စတန်ဖို့ဒ် ကျောင်းသားဟောင်းများမှာ ကွန်ပြူတာသိပ္ပံ မဟာပါရဂူဘွဲ့ တက်ရောက်သင်ယူခဲ့တဲ့ Google Search ကိုတည်ထောင်ခဲ့သူ Larry Page နဲ့ Sergey Brin, လက်ရှိ Microsoft CEO အိန္ဒိယနွယ်ဖွား Pichai Sundararajan, ထိပ်သီးဂေါက်သမား Tiger Woods တို့ ပေါ်ထွက်ခဲ့ သလို၊ မြောက်မြားစွာသော ကမ္ဘာကျော်အသိပညာရှင်၊ အတတ်ပညာရှင် မွေးထုတ်ခဲ့တယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှ ရွှေပါရမီတောရ ဆရာတော်အရှင်ဆန္ဒာဓိကရဲ့တူဖြစ်သူ မောင်သော်စစ်နိုင် (၂၀၁၄ တက္ကသိုလ်တန်းဝင် စာမေးပွဲ တစ်နိုင် ငံလုံး ပထမ) သည် ပညာတော်သင်ဆုနဲ့  ကွန်ပြူတာနည်းပညာဘာသာရပ်ကို တက်ရောက်သင်ကြားနေတယ်။

ပြောပြခဲ့တဲ့ အဖြစ်အပျက်ကိုကြည့်ပြီး မင်းတို့တွေလည်း လောကကြီးမှာ ဒီလိုမျိုး လူတဦးနဲ့တဦး အပေါ်ယံ အပြင်အဆင် ကိုကြည့်ပြီး မကြာခဏ မတူမတန် ခွဲခြားဆက်ဆံမှုတွေကို တွေ့ဖူးကြုံဖူးမှာပါ။ Don’t judge a book by its cover ဆိုသလို စာအုပ်အဖုံး အပြင်အဆင်ကိုကြည့်ပြီး ဒီဇိုင်းလှတာနဲ့ ဒီစာအုပ်ကောင်းတယ်။ ဟောင်းနွမ်းတာနဲ့ မကောင်းဘူး၊ တန်းဖိုး မရှိဘူးလို့ မဆုံးဖြတ်သင့်ဘူး။ ဒီလိုပဲ ရိုးရိုးရှင်းရှင်းပြောရရင် တဦးနဲ့တဦးလည်း အပေါ်ယံ ဝတ်စားဆင်ယဉ်မှု၊ ပုံပန်သဏ္ဌာန်ကို ကြည့်ပြီး အထင်ကြီး၊ အထင်သေး၊ နိမ့်ချ  ခွဲခြားမဆက်ဆံသင့်ဘူး။

ဒီတော့ မှန်မှန်ကန်ကန် ခွဲခြားတတ်ဖို့က အသိဉာဏ်တရား၊ ကြည်လင်တဲ့စိတ် ရှိဖို့လိုသလို၊ ကိုယ့်ကို လေးစားတန်းဖိုးထား စေချင်ရင် ကိုယ်ကစပြီး တဘက်သားကို အထင်အမြင်သေး၊ ခွဲခြားဆက်ဆံ၊ ပျက်ရယ်ပြုခြင်း မဖြစ်အောင် ကျင့်ကြံနေထိုင်ဖို့ အရေးကြီးတယ်။ မင်းတို့တွေ နှစ်သစ်မှာ လူလူချင်း ခွဲခြားဆက်ဆံမှုတွေ ကင်းဝေးနိုင်ကြပါစေ။

ကဲ … ဒီလောက်ပြောရင် အရိပ်ပြအကောင်မြင်တဲ့ မင်းတို့ သဘောပေါက်ပါတယ်။ ဒီတကြိမ်တော့ ဒီလောက်ပါပဲ။ နောက် တော့ ရောက်တတ်ရာရာ ဟိုအကြောင်းဒီအကြောင်း စိတ်ဝင်စားစရာတွေ ဆက်ပြောကြတာပေါ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

2 Responses to ဇာဝါရီ ● လူငယ်များဖတ်ဖို့ (ကြည့်မြင်တတ်ပါ)

  1. MT on May 3, 2018 at 12:42 am

    I appreciate the sentiment of this anecdote, but the substance is way off. Please see https://library.stanford.edu/spc/faq#snubbed

    • ZaWaRee (ဇာဝါရီ) on May 4, 2018 at 2:07 pm

      Thank you so much for your friendly comment and information (fact-check). As you know, often there are so many stories (especially, oral stories, moving tales) have different versions and have been changed over time. Here what I do best is one or two things we learn from these stories and pass them to our readers (particular this one for youth and children).

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)