မောင်မောင်စိုး ● ကွယ်လွန် နှင်းဆီနီနီ အိပ်မက်များ – (၁၉ရ၅-၁၉၈ဝ) – အပိုင်း (၇ဝ)

May 3, 2018

မောင်မောင်စိုး ● ကွယ်လွန် နှင်းဆီနီနီ အိပ်မက်များ – (၁၉ရ၅-၁၉၈ဝ) – အပိုင်း (၇ဝ)
(မိုးမခ) မေ ၃၊ ၂၀၁၈

● အနောက်မြောက်တိုင်း
၁၉ရရ ခုနှစ်ဝန်းကျင်တွင် ပြည်တွင်း၌ရှိနေသေးသော အခြေခံဒေသမှာ အနောက်မြောက်တိုင်းဖြစ်သည်။ အနောက်မြောက် တိုင်းသည် ၁၉၄၈ ခုနှစ် လက်နက်ကိုင်ပုန်ကန်မှုစကတည်းက အခြေချခဲ့သော အခြေခံဒေသတခုဖြစ်သည်။  မူလဖွဲ့စည်းပုံ အရ အနောက်မြောက်တိုင်းအတွင်း ပခုက္ကူခရိုင်၊ သရက်ခရိုင်၊  မင်းဘူးခရိုင်၊  မုံရွာခရိုင်၊  စစ်ကိုင်းခရိုင်တို့ပါသော်လည်း နောက်ပိုင်းတွင် အားယုတ်လျော့ခဲ့သည့်ဒေသဖြစ်သည်။

၁၉ရရ ခုနှစ်ခန့်က အနောက်မြောက်တိုင်းအားဦးဆောင်နေသူမှာ ဗိုလ်သက်ထွန်းဖြစ်ပြီး ၁၉ရ၅ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်း သော CPB ဗဟိုကော်မတီဝင်တဦးလည်းဖြစ်သည်။  ဗိုလ်သက်ထွန်းသည် ဗမာ့တပ်မတော် သနက ၁ အားခေါင်းဆောင်ပြီး တောခိုလာသည့် စစ်ဘက်အရာရှိတဦးဖြစ်သည်။  ဗိုလ်ဇေယျ  (ရဲဘော်သုံးကျိပ်)၊  ဗိုလ်ရဲထွဋ် (ရဲဘော်သုံးကျိပ်)  တို့နှင့်အတူ တော်လှန်သောဗမာ့တပ်မတော်မှဖြစ်သည်။  ၁၉၅၆ ခုနှစ်တွင် အနောက်မြောက်တိုင်း တိုင်းကော်မတီဖြစ်ပြီး ၁၉၆၄ ခုနှစ်မှ စ၍ အနောက်မြောက်တိုင်းစစ်ရေး တာဝန်ခံအဖြစ်ဆောင်ရွက်ခဲ့သသည်ဟုဆိုပါသည်။  ထို့နောက် ၁၉၆၆ ခုနှစ် ဇွန်လမှစ၍ မင်းဘူးခရိုင်၊  သရက်ခရိုင်၊  ဖိုးခေါင်တောင်တန်းတို့ပါသော CPB အနောက်မြောက်တိုင်း ကော်မတီအတွင်းရေးမှူးအဖြစ်တာဝန် ယူခဲ့သည်။

CPB အနေနှင့် ၁၉၅၅ ခုနှစ် ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလမ်းစဉ်ချမှတ်ပြီးနောက် တပ်ဖွဲ့၏ တိုက်ခိုက် ရေး အင်အားများ ကျဆင်းခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် အစုလိုက်အပြုံ လိုက်လက်နက်ချကြ၍ နယ်မြေနှင့်တပ်ဖွဲ့ဝင်များ ကျဆင်း ခဲ့ရာ အနောက်မြောက်တိုင်းလည်း ပါအဝင်ဖြစ်ခဲ့သည်။  CPB မှ ၁၉၆၄ ခုနှစ် လမ်းစဉ်ချမှတ်ပြီးနောက် ပဲခူးရိုးမပါတီဗဟိုမှ ဗိုလ်ဇေယျနှင့်အဖွဲ့ အနောက်မြောက်တိုင်းသို့ရောက်လာပြီး ပြည်နယ်နှင့်အနောက်မြောက်တိုင်းမှ အင်အား ၂ဝဝ ခန့် အား စုစည်း၍ နိုင်ငံရေး၊  စစ်ရေးသင်တန်းကျောင်းတခုဖွင့်လှစ်၍ တပ်ဖွဲ့အား နိုင်ငံရေးအရ ပြောင်းလဲတည်ဆောက်မှု ပြု လုပ်ခဲသည်။

၁၉၆၆ ခုနှစ်အတွင်း အင်အား ၁၅ဝ ခန့်ရှိသော CPB အနောက်မြောက်တိုင်းဒေသသည် ၁၉ရ၄ ခန့်တွင် တိုင်းတပ်အဖြစ် တိုက်တိုင်းအောင် ရ အားခွဲ ၃ ခွဲ အင်အား ၂၅ဝ ခန့်အထိလည်းကောင်း၊ ပြည်သူ့စစ်အင်အား ၁ဝဝ ကျော်ထိလည်းကောင်း၊ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့သည်။  တိုင်းကော်မတီဝင် ဦးစိုးသိန်းဦးစီးအင်အား ၉ဝ ခန့်သည် မင်းဘူးခရိုင်တွင်း လှုပ်ရှားခဲ့သည်။  ထို့ပြင် သရက်ခရိုင်အတွင်း တွင်လည်း အင်အားအချို့ ဖြန့်ခွဲလှုပ်ရှားနိုင်ခဲ့သည်။  ထိုပြင် ရခိုင်ရိုးမအရှေ့ခြမ်း ဖိုးခေါင်တောင် ကျောအားလည်း အခြေခံစခန်းတည်ဆောက်၍ ရွာပုန်းများတည်ဆောက်ထားခဲ့သည်။ တပ်ဖွဲ့အတွက် ရိက္ခာများကို သိုဝှက် စုဆောင်းထားနိုင်ခဲ့သည်။  အနောက်မြောက်တိုင်းတပ်တွင်ဒေသခံ ချင်းအမျိုးသားအများအပြား စည်းရုံးထည့်သွင်းဖွဲ့စည်းထားနိုင်ရာ အနောက်မြောက်တိုင်းမှ ချင်းရဲဘော်များသည် နယ်မြေကျွမ်းကျင်မှုရှိသည့်အပြင် အပင်ပမ်း အဆင်းရဲခံနိုင်ကြ သည်။  ထိုအပြင် ခေါင်းဆောင်မှုနှင့် အဖွဲ့အစည်းအားလည်း သစ္စာရှိကြသည်။

ထို့ကြောင့်လည်း ၁၉၆၆ ခုနှစ်မှ ၁၉ရရ ခုနှစ်အထိ ၁၁ နှစ်တာကာလအတွင်း မင်းတုန်းမြို့သိမ်းတိုက်ပွဲ၊  အမ်းမြို့သိမ်းတိုက်ပွဲ၊  စေတုတ္ထရာစခန်းသိမ်းတိုက်ပွဲ၊  ပရဆိုင်စခန်းသိမ်းတိုက်ပွဲ၊  မြောက်ပြင်စခန်းသိမ်းတိုက်ပွဲ၊ မြင်းကွေ့တိုက်ပွဲ၊  လက်ပန်စခန်းသိမ်းတိုက်ပွဲနှစ်ကြိမ်အပါအဝင် ခြုံ ခိုတိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်နိုင်ခဲ့သည်။  ၁၉၆၈ ခုနှစ်မှ ၁၉ရ၁ ခုနှစ်ထိ ၃ နှစ် အတွင်း အနောက်မြောက်တိုင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် အစိုးရတပ်မှ ၉၂ ယောက်ကျဆုံးပြီး ၄၅ ယောက် ဒဏ်ရာရရှိ သည့်ပြင် သေနတ် ၁ဝ၁ လက်ဆုံးရှုံးခဲ့သည်။  ဗိုလ်သက်ထွန်း၏ အနောက်မြောက်တိုင်းတပ်မှ ၁၄ ယောက်ကျဆုံးပြီး ၄ ယောက်သာဒဏ်ရာရရှိသည်ဟု မြန်မာစစ်ဖက်ဆိုင်ရာမှတ်တမ်းများတွင် ဖော်ပြထားသည်ကို တွေ့ရပါသည်။

၁၉ရရ ခုနှစ်ဝန်းကျင်တွင် အနောက်မြောက်တိုင်းတပ်ဖွဲ့များသည် အစိုးရတပ်များ၏ အဆက်မပြတ်ထိုးစစ်ဆင်မှု များရှိနေ သော်လည်း မင်းဘူး၊  စေတုတ္ထရာ၊  ငဖဲ၊  စလင်းနှင့် ဖိုးခေါင်တောင်တန်းပေါ်တွင်အခြေပြု၍လည်းကောင်း၊ အစိုးရတပ်များထိုးစစ်ပြင်းထန်လာလျင် ရခိုင်ရိုးမတောင်တန်းများဆီသို့ ဖြတ်ကျော်ဝင်ရောက်၍လည်းကောင်း လှုပ်ရှားနေဆဲဖြစ်သည်။  အနောက်မြောက်တိုင်း၏နိုင်ငံရေးမှူးအဖြစ် ဗိုလ်သက်ထွန်း၊  တပ်မှူးဦးအောင်လှ၊  ဒုနိုင်ငံရေးမှူး ဦးစိုးသိန်းတို့က တာဝန် ယူကြသည်။  အနောက်မြောက်တိုင်းသည် ၁၉ရ၅ ဗဟိုကော်မတီသစ်ဖွဲ့ပြီးသော်လည်း ဗဟိုနှင့် အဆက်အသွယ်မရဘဲ CPB  ရခိုင်ပြည်နယ်နှင့်သာ အဆက်အသွယ်ရှိသည်။  ၁၉ရ၅ ခုနှစ် ပါတီဗဟို၏ သဘောထားများကို ပြည်သူ့အသံမှတဆင့်သာ လက်ခံရယူနေရသည်။  အစိုးရ ထိုးစစ်များအောက်တွင် ခက်ခဲစွာရပ်တည်နေခဲ့ရသည်ဟုဆိုရမည်။

အရှေ့မြောက်ရောက်နေသည့် မိမိတို့အနေနှင့်လည်း အနောက်မြောက်တိုင်း၏အခြေအနေများကို တိကျစွာမသိရပေ။  တိုက်ပွဲသတင်းများမှတဆင့် မှန်းဆ၍ ယူနေရသည့်အခြေအနေဖြစ်သည်။

● တနင်္သာရီတိုင်း
တနင်္သာရီတိုင်းအခြေခံဒေသသည်လည်း အခြေခံဒေသဟောင်းဖြစ်သည်။  တနင်္သာရီတိုင်း အဓိကခေါင်းဆောင် ဦးထွန်း စိန်ခေါ် ဘာကယ်မှာ ပဲခုးရိုးမပါတီဗဟိုသို့ ခေါ်ယူဆန်းစစ်ခံရပြီး လက်နက်ချသွားခဲ့ပြီဖြစ်သည်။ ၁၉ရ၅ ခုနှစ် ဗဟိုကော်မတီ သစ်ဖွဲ့စည်းရာတွင် တနင်္သာရီတိုင်းမှ ရဲဘော်စောဟန်အား ဗဟိုကော်မတီဝင်၊  ဗိုလ်မှူးစိုးလွင်အား အရံဗဟိုကော်မတီဝင်အဖြစ်တာဝန်ပေးခဲ့သည်။  မူလက ဖွဲ့စည်းထားသည်ကို မိမိလက်လှမ်းမမ်ီသိရပေ။  ထားဝယ်ခရိုင်တွင် အဓိကအခြေပြု ခဲ့ပုံရသည်။  ၁၉ရရ ခုနှစ်ထဲတွင် ထားဝယ်ခရိုင် လောင်းလုံနယ်အတွင်း လှုပ်ရှားမှုများ ကြားသိရသည်။

၁၉ရ၅ ခုနှစ် ဗဟိုကော်မတီအသစ်ဖွဲ့ပြီးနောက် တနင်္သာရီတိုင်းသို့ ကိုသက်ဟုခေါ်သည့် ဆက်သားရဲဘော်တဦးစေလွှတ်ခဲ့ သော်လည်း အရှေ့မြောက်သို့ ပြန်ရောက်မလာခဲ့တော့ပေ။  တိုက်ပွဲတွင်ကျဆုံးသွားသည်ဟု သတင်းကြားရသည်။  သို့ သော် နောက်ပိုင်းတွင် အဆက်အသွယ်ရပြီး ၁၉၈၅ ခုနှစ် တတိယအကြိမ်ပါတီကွန်ဂရက်တွင် ဦးစောဟန် အရှေ့မြောက် ပန်ဆန်းသို့ ရောက်လာခဲ့သည်။  တနင်္သာရီတိုင်းသည် အခြေခံဒေသဟောင်းဖြစ်သော်လည်း အားမကောင်းဟု ယူဆရသည်။  မည်သို့ဆိုစေ CPB ၏ ခြေကုပ်စခန်းတခုအဖြစ်တော့ ရှိနေသည်ဟုဆိုရမည်။  မိမိတို့အရှေ့မြောက်မှ တနင်္သာရီတိုင်းအခြေ အနေကို ကောင်းစွာမသိရှိနိုင်ခဲ့ကြပါ။

● မြစ်ဝကျွန်းပေါ်တိုင်းမှ လှုပ်ရှားမှု
၁၉ရ၅ ခုနှစ်နောက်ပိုင်း CPB ပဲခူးရိုးမနှင့် မြစ်ဝကျွန်းပေါ်တိုင်းတို့တွင် လှုပ်ရှားမှုမရှိတော့ပေ။  ကျဆုံးသူကျဆုံးပြီး အဖမ်း ခံရသူ အဖမ်းခံရပြီး ပြိုကွဲခဲ့ပြီဖြစ်သည်။  အကွဲကွဲအပြားပြားဖြစ်ခဲ့ကြသည့် အင်အားအနည်းငယ်မှာလည်း ဇတ်မြှုပ်ကုန်ကြ ပြီဖြစ်သည်။  ထိုသို့သောအခြေအနေတွင် မြစ်ဝကျွန်းပေါ်တိုင်းတွင် ရှားရှားပါးပါးလှုပ်ရှားမှုတခုဖြစ်ခဲ့သည်။

ဒေးဒရဲ ရဲစခန်းအချုပ်တွင် အဖမ်းခံနေရသော CPB ဖျာပုံမြို့ နယ်ကော်မတီဝင် ကိုသိန်းလွင်သည် ရဲစခန်းမှာ ရဲတပ်သား တဦးအားစည်းရုံးပြီး ၁၉ရရ ခုနှစ် မေလ ၁ ရက်နေ့တွင် ရဲစခန်းအား စီးနင်းတိုက်ခိုက်ပြီး ရဲစခန်းမှ လက်နက် ၅၉ လက်အား ယူဆောင်ပြီး လူအင်အား ၆၁ ဦးနှင့် ထွက်ပြေးသွားနိုင်ခဲ့သည်။  အစိုးရတပ်မှ စစ်ဆင်ရေးတရပ်ဆင်နွှဲပြီး လိုက်လံတိုက်ခိုက်ခဲ့ရာကိုသိန်းလွင်အပါ ၂၄ ဦးကျဆုံးပြီး ဖမ်းမိနှင့်လက်နက်ချသူ ၃၃ ဦးရှိကာ လက်နက် ၅၃ လက်ပြန်လည်ရရှိသွားခဲ့ပြီး လူ ၄ ဦးလွတ်မြောက်သွားခဲ့သည်ဟု တပ်မတော်မှတ်တမ်းများတွင် ဖေါ်ပြထားသည်ကို တွေ့ရပါသည်။

● ရရ၁ဝ တပ်ဖွဲ့
၁၉ရရ ခုနှစ် အောက်တိုဘာလတွင် အရှေ့မြောက် ပန်ဆန်း၌ ဖွဲ့စည်းခဲ့သော တပ်ဖွဲ့ဖြစ်သည်။  အင်အားသေးငယ်သော် ထူးခြားမှုရှိသည့်တပ်ဖွဲ့ဖြစ်သည်။  ရရ၁ဝ တပ်ဖွဲ့မှာ ဒေသခံများနှင့်ဖွဲ့စည်းထားသောတပ်ဖွဲ့မဟုတ်ပေ။ ပြည်နယ်မှ ရှမ်းနီလူငယ်များနှင့်ဖွဲ့စည်းထားသော တပ်ဖွဲ့ဖြစ်သည်။

တိုင်းလျံ ခေါ်ရှမ်းနီတို့သည် ကချင်ပြည်နယ် မိုးကောင်း၊  မိုးညှင်း၊  ဟိုပင်၊ မော်လူး၊  မော်ဟန်စသည့် မီရထားသံလမ်းရိုး တလျောက်နှင့် ဗန်းမော်၊  မြစ်ကြီးနားကြား ဧရာဝတီမြစ်ရိုးတလျောက် နေထိုင်ကြသူများဖြစ်သည်။  ကချင်ုပြည်နယ်အတွင် ကချင်ပြီးလျင် ဒုတိယလူဦးရေအများဆုံးဖြစ်သည်။

ရှမ်းနီတို့၏ အနီးခေတ်ပုန်ကန်ထကြွရန် စည်းရုံးလှုံ့ဆော်မှုများသည် ၁၉ရ၂ ခုနှစ်ဝန်းကျင်တွင် စတင်ခဲ့သည်။  ၁၉ရ၂ ခုနှစ် ခန့်တွင် ရှမ်းနီလူငယ်များဖြစ်ကြသည့် ဦးလူတင်၊  ဦးကျန်ပေါ၊  ဦးမင်းလွင် စသူတို့သည် ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက် ခဲ့ပြီး အစိုးရအားပုန်ကန်တိုက်ခိုက်ရန် အဆက်အသွယ်များရယူခဲ့ကြသည်။  ရှမ်းနီအဖွဲ့အစည်းအနေနှင့် ထိုင်းနယ်စပ်တွင်ပြု လုပ်သော ၁၃ ပါတီ ညီညွတ်ရေးတပ်ပေါင်းစုတွင် ပါဝင်ခဲ့ကြသည်။

တချိန်တည်းတွင် သံလမ်းရိုးတလျောက်နှင့် ဖားကန့်၊  လုံခင်းဒေသ၊  ဗန်းမော်ဒေသတို့မှ ရှမ်းနီလူငယ်များအား ချိတ်ဆက် စည်းရုံးလှုပ်ရှားမှု များ ပြုလုပ်ခဲ့သည်။  ၁၉ရ၄ ခုနှစ်တွင် ထိုသို့မြို့ပေါ်တွင်ချိတ်ဆက်စည်းရုံးလှုပ်ရှားနေကြသည့် ကိုတင်နွယ် (ဗန်းမော်) ၊  ယုဝ-စိုးမြင့် (ဖားကန့်)၊  ကိုစိန်တိုး  (ဖားကန့်)  အပါအဝင် ရှမ်းနီလူငယ်များ အဖမ်းခံခဲ့ရသည်။  အဖမ်းခံရသူများ ထဲတွင် ကချင်ပြည်ပညာရေမင်းကြီးဖြစ်သူ ရှမ်းနီလူမျိုး ဦးထွန်းရင်လည်းပါဝင်ခဲ့သည်။  ထိုအဖမ်းခံရသူများထဲမှ ယုဝ-စိုးမြင့် နှင့် ကိုစိန်တိုးတို့အား နိုင်ငံတော်ပုန်ကန်မှုနှင့်သေဒဏ်ပေးခဲ့ပြီး ကျန်သူများအား ထောင်ဒဏ်အသီးသီးချမှတ်ခဲ့သည်။  သို့ သော် ၁၉ရ၆ ခုနှစ်တွင် ပြန်လည်စေလွှတ်ပေးခဲ့သည်။

ဤသို့ ထိုင်းနယ်စပ်နှင့်ချိတ်ဆက်ပြီး လှုပ်ရှားနေသူများရှိသကဲ့သို့ ပြည်နယ်ရှိ ရှမ်းလက်နက်ကိုင်များနှင့် ဆက်သွယ်လှုပ် ရှားနေသည့် ရှမ်းနီလူငယ်များလည်းရှိသည်။  ထိုရှမ်းနီလူငယ်များအား မိုးကောင်းမှကျောင်းဆရာ ကိုထွန်းခင်နှင့် ကိုအောင် ခင် (မိုးကောင်း)၊  ကိုသောင်းရွှေ (ဟိုပင်)၊ ကိုကျော်သောင်း ခေါ် ဗမာပြည်သာနီ (ဟိုပင်)  စသူတို့က ဦးဆောင်ကြသည်။ သူတို့ကတော့ SSPP-SSA နှင့်ဆက်သွယ်၍ ရှမ်းနီလက်နက်ကိုင်ပုန်ကန်ထကြွတခုဖြစ်လာစေရန် ကြိုးပမ်းအားထုတ်နေကြ သည်။

ထိုသို့ကြိုးစားစဉ်ကာလအတွင်း ၁၉ရ၆ ခုနှစ်အတွင်း မိုးညှင်း၌ ကချင်နှင့် ရှမ်းနီ လူမျိုးရေးအဓိကရုဏ်းဖြစ်ပွားခဲ့သည်။  ထိုစဉ်ကာလက မိုးညှင်းပတ်လည်တောတောင်များတွင် အခြေချနေသော ကချင်များအား KIA တို့ အခြေမခံနိုင်စေရန် ရည် ရွယ်ပြီး မိုးညှင်းမြို့အနီး အောင်မြေသာရွာသစ်ဟုနေရာချပေးထားသည်။ ၁၉ရ၆ ခုနှစ်အတွင်း တည၌ KIA တပ်ဖွဲ့က မိုး ညှင်းမြို့နှင့် မိုးညှင်း၌တပ်စွဲထားသော ခလရ ၁၅ အား ဝင်ရောက်တိုက်ခိုက်ပြီး မနက်မိုးလင်းသည်နှင့် ပြန်လည်ဆုတ်ခွာ သွားတော့သည်။  မနက်မိုးလင်းတွင် သတင်းတခုပြန့်လာသည်။  KIA တပ်ဖွဲ့မှ ရှမ်းနီမိသားစုတစုအား သတ်ဖြတ်သွားသည်ဟူ ၍ဖြစ်သည်။  ထိုမှတဆင့် ကချင်တွေက ရှမ်းနီမိသားစုတစုအား သတ်ဖြတ်သွားသည်ဟူ၍ သတင်းက ပြန့်ကားချဲ့ထွင်းပြီး မိုးညှင်းမြို့ ပေါ်ရှိရှမ်းနီ အသိုင်းအဝိုင်းအတွင်းပျံ့နှံ့သွားသည်။  ထိုမှ လှုံ့ဆော်မှုများဖြစ်ပေါ်ပြီး ရှမ်းနီများက အောင်မြေသာ ကချင်ရွာသစ်အား သွားရောက်ဖျက်ဆီးတိုက်ခိုက်ကြတော့သည်။ တားမည့် ထိမ်းသိမ်းမည့်သူမရှိဘဲ လူမျိုးနှစ်မျိုးကြား ရန်မီးပွားတောက်လောင်ခဲ့တော့သည်။  အောင်မြေသာရွာသစ်မှ ကချင်များ အထိနာခဲ့သည်။  ထိုရှမ်းနီနှင့်ကချင်လူမျိုးရေးပဋိ ပက္ခသည် တောင်နီ၊  ဆားမှော် စသည့် မီးရထားသံလမ်းရိုးတလျောက်မှ မြစ်ကြီးနား မိုင်းနားရွာအထိ တလကြာမျှ ဖြစ်ပွား ခဲ့တော့သည်။

ဤသို့လူမျိုးရေးပြဿနာဖြစ်ပွားခြင်းသည် မိုးညှင်းပြဿနာမဖြစ်မီ စစ်ဆင်ရေးတခုအတွင်း အင်းတော်ကြီး လုံကျန့်ကျေးရွာ၌ တိုက်ပွဲဖြစ်ပွားရာမှ ကချင်အရပ်သား ၄၆ ဦးခန့်သေဆုံးခဲ့ရသည်နှင့်ပတ်သက်ပြီး မကျေနပ်မှုများကို လူမျိုးရေးပြဿနာအဖြစ် ဖန်တီးလမ်းလွှဲခဲ့သည်ဟု သုံးသပ်ကြသည်။ မည်သို့ဆိုစေ လူမျိုးရေးပဋိပက္ခပေါ်ထွက်သည်နှင့် စိတ်ခံစားချက်အမျိုးမျိုး ရပ်တည်ချက်အမျိုးမျိုး ပေါ်ထွက်လာခဲ့သည်ကတော့ ငြင်းပယ်၍မရပေ။ ရှမ်းနီအချို့ကလည်း ကချင် သို့မဟုတ် KIA အားရင်ဆိုင်ရန် အစိုးရ၏ ပြည်သူ့စစ်လုပ်ပြီး လက်နက်ကိုင်ကြသည်။  ထိုရှမ်းနီပြည်သူ့စစ်များတွင် သံလမ်းရိုးရှိ တောင်နီရွာ ရှမ်းနီပြည်သူ့စစ်သည် ခေါင်းတလုံးပိုမြင့်သည်ဟု ဆိုနိုင်သည်။ အစိုးရအားပုန်ကန်ရန် ရည်ရွယ်နေသည့် ရှမ်းနီလူငယ် များကြားတွင်လည်း အစိုးရအားလည်းကောင်း၊ KIA အားလည်းကောင်း ရင်ဆိုင်ရန် လက်နက်ကိုင်ဖို့လိုသည်ဟု အယူအဆ က ပို၍ပြင်းထန်လာတော့သည်။

၁၉ရ၆ ခုနှစ်အတွင်း မိုးကောင်းမှ ကျောင်းဆရာကိုထွန်းခင်ခေါင်းဆောင်သည့် ရှမ်းနီလူငယ် ၁၄ ယောက်သည် ပထမအ သုတ်အဖြစ် SSPP-SSA ဌာနချုပ်သို့ ရောက်ရှိသွားတော့သည်။  ထိုစဉ်က SSPP-SSA ဌာနချုပ်သည် နန့်လန်၊  ဆောင်ကျဲဒေသ နမ့်လန်ချောင်းတဝိုက်တွင် လှုပ်ရှားနေသည်။  SSA သို့ရောက်ရှိသွားသော ကိုထွန်းခင်တို့အဖွဲ့က ရှမ်းနီတပ်ဖွဲ့စည်းရေးနှင့် လက်နက်အကူအညီပေးရန် SSA အား ဆွေးနွေးတောင်းဆိုခဲ့သည်။ ထိုအချိန်က SSPP-SSA သည် အရှေ့မြောက် CPB နှင့် တပ်ပေါင်းစုဖွဲ့ပြီး CPB ရမှ လက်နက်ခဲယမ်းအကူအညီရရှိနေရာ ကိုထွန်းခင်တို့အားလည်းCPB ထံမှ အကူအညီတောင်းရန် ချိတ်ဆက်ပေးပြီး ပန်ဆန်းသို့ ပို့ဆောင်ပေးခဲ့သည်။

ကိုထွန်းခင် ပန်ဆန်းသို့ သွားရောက်ဆွေးနွေးစဉ် ကိုနေထွန်းနှင့် ရှမ်းနီလူငယ် ၂ဝ ခန့် SSPP ဌာနချုပ်သို့ ဒုတိယအသုတ် ထပ်မံရောက်ရှိလာခဲ့သည်။  သို့သော် ဒုတိယအသုတ်ရောက်ပြီး နောက်ထပ်အသုတ်များ ထပ်၍မရောက်နိုင်တော့ပေ။  မြို့ ပေါ်တွင် ကျန်နေပြီး စည်းရုံးလှုပ်ရှားနေသော ကိုအောင်ခင်၊  ကိုသောင်းရွှေ၊  ကိုကျော်သောင်းတို့အပါ ၁ဝ ဦးခန့်အဖမ်းခံခဲ့ ရသဖြင့် ရှမ်းနီလူငယ်များ၏ မြို့ပေါ်စည်းရုံးရေး ပြန်လည်ပြတ်တောက်သွားခဲ့ရသည်။

ပန်ဆန်းသို့ရောက်သွားသော ကိုထွန်းခင်၏မူလရည်ရွယ်ချက်မှာ ရှမ်းနီတပ်ဖွဲ့ ဖွဲ့စည်းရန်အတွက် CPB ထံမှ အကူအညီ တောင်းခံရန်ဖြစ်သော်လည်း ပန်ဆန်း၌ CPB တို့၏စည်းရုံးသိမ်းသွင်းမှုကြောင့် CPB တပ်ဖွဲ့အဖြစ်ပြောင်းလဲရပ်တည်ရန် သဘောတူခဲ့သည်။  ထိုသဘောတူညီချက်အား ၁၉ရရ ခုနှစ် အောက်တိုဘာလ (၁ဝ လပိုင်း) တွင် ရရှိခဲ့၍ တပ်ဖွဲ့အမည်အား ရရ၁ဝ တပ်ဖွဲ့ အမည်သတ်မှတ်ပေးခဲ့သည်။  ထိုအချိန်က CPB သည် KIA နှင့် တပ်ပေါင်းစုဖွဲ့ထားပြီဖြစ်ရာ ရှမ်းနီတပ်ဖွဲ့အား သီးခြားဖွဲ့စည်းပေးပါက ဖြစ်ပေါ်လာနိုင်သည့် KIA နှင့် ပဋိပက္ခအားလည်း ရှောင်လွှဲလို၍ဖြစ်ပုံရပါသည်။

သဘောတူညီချက်ရပြီးနောက် ကိုထွန်းခင်လည်း SSPP ဌာနချုပ်နယ်မြေတွင် ကျန်နေသည့် သူ့တပ်ဖွဲ့အား ပြန်လည်ခေါ်ယူခဲ့ သည်။  ရှမ်းနီလူငယ်နှစ်သုတ်ပေါင်း ၃၄ ဦးရှိသော်လည်း SSPP နယ်မြေ၌ ၄ ဦးပြန်လည်ထွက်ပြေးသွား၍ ပန်ဆန်းသို့အင်အား ၃ဝ ခန့်ရောက်ရှိသွားခဲ့သည်။  ကိုထွန်းခင်လည်း သူ့အမည်အား စိုင်းခမ်းလွယ်ဟု အမည်ပြောင်းခဲ့ပြီး စိုင်းခမ်းလွယ်ဦးစီးသည့် ရှမ်းနီလူငယ်များသည် ရရ၁ဝ တပ်ဖွဲ့အနေဖြင့် ပန်ဆန်းတွင် စတင်စုဖွဲ့လေ့ကျင့်ခဲ့ကြတော့သည်။  ရရ၁ဝ တပ်ဖွဲ့သည် အင်အားအရ သေးငယ်သော်လည်း နောက်ပိုင်းတွင် မြောက်ပိုင်းဗျူရို၏ မြစ်ဖျားဒေသထိုးဖေါက်ရေးတွင် ကျောရိုးအခန်းက ပါဝင်ခဲ့ပေသည်။

ဆက်လက်ဖေါ်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်