မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၇၁)

May 7, 2018

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၇၁)
(မိုးမခ) မေ ၇၊ ၂၀၁၈

● CPB မြေအောက်လုပ်ငန်း
CPB ၏ မြေအောက် (UG ) စည်းရုံးရေးလုပ်ငန်းသည် တောတွင်းနှင့်နယ်စပ်၌ အခြေခံစခန်းဖွင့်လှစ်တိုက်ခိုက်နေသော အ ဖွဲ့အစည်းတခုအနေနှင့် မြို့ပေါ်စည်းရုံးရေးနှင့်ပတ်သက်ပြီး အရေးပါသောလုပ်ငန်းဖြစ်သည်။  ၁၉၇၅ ခုနှစ် ပဲခူးရိုးမပါတီဗဟို မကျမီအထိ CPB ၏မြေအောက်တာဝန်ခံမှာ သခင်ချစ်ဖြစ်သည်။  ၁၉ရ၅ ခုနှစ် မတ်လတွင်း ပဲခူးရိုမပါတီဗဟိုကျဆုံးပြီး နောက်တွင် အသစ်ဖွဲ့သော ဗဟိုကော်မတီမှ မြေအောက်လုပ်ငန်းတာဝန်ခံမှာ ရဲဘော်ထွန်း ခေါ် ဗိုလ်ကျင်မောင်ဖြစ်သည်။  သူ၏လက်ထောက်ကတော့ အစောပိုင်းတွင် ဦးဇော်ဝင်း (စစ်ချွမ်းရဲဘော်ဟောင်း – ၂ဝ၂ စစ်ဒေသ ဒုနိုင်ငံရေးမှူးဟောင်း)   က ဆောင်ရွက်သည်။

၁၉ရ၅ ခုနှစ် ပါတီဗဟိုကျပြီးနောက် မြေအောက်လုပ်ငန်းအား အသစ်မှ ပြန်လည်စတင်မတည်ရသည်။  အရှေ့မြောက်နှင့် ၁ဝ၈ စစ်ဒေသတို့မှ သီးခြားမြေအောက်အဆက်သွယ်များရှိသော်လည်း ပါတီဗဟို၏ မြေအောက်လုပ်ငန်းနှင့်မတူပေ။  တ ဖက်ကလည်း မြို့ပေါ်တွင်လှုပ်ရှားနေသော မြေအောက်ရဲဘော်များမှာလည်း ပဲခူးရိုးမကျ ပြီးနောက် အရှေ့မြောက်ပါတီဗဟိုနှင့် ဆက်သွယ်ရန် ကြိုးစားနေကြရသည့်ကာလဖြစ်သည်။  အရှေ့မြောက်ပါတီဗဟိုကလည်း ၁၉၇ဝ ခုနှစ်ဝန်းကျင်ကတည်းက အရှေ့မြောက်ရောက်နေကြသည့် မန္တလေး ပုလင်းဝင်းမှ ကိုသက်ခိုင်၊  ကိုအောင်ငွေ၊  ကိုကျော်ရတို့အား ဆက်သား အဖြစ် အသုံးပြုပြီး မြေပေါ်အဆက်အသွယ်များရယူနေသည့်ကာလဖြစ်သည်။

ပြည်မရှိမြို့ကြီးများတွင် မြေအောက်အစုအဖွဲ့များသည် ၁၉၇၁ – ၇၂ ခုနှစ်အတွင်း ကိုးကိုးကျွန်းနှင့် အခြားထောင်များမှ နိုင်ငံရေးအကျဉ်းသမားများပြန်လွှတ်လာပြီးနောက် ပြန်လည်စုဖွဲ့လာခဲ့သည်။  အထက်ဗမာပြည်တွင်ပျဉ်းမနား၊  ရမည်းသင်း၊  ကျောက်ဆည်၊  မန္တလေး၊  မြင်းခြံ၊  မုံရွာ၊  ရွှေဘိုစသည့်မြို့ CPB ပါတီလိုလားသည့် မြေအောက်အစုအဖွဲ့များ စတင်ပေါ်ပေါက် လာခဲ့သည်။  စတင်ခါစက CPB နှင့်တိုက်ရိုက်အဆက်အသွယ်မရှိသေးပေ။ မတ်ဝါဒလေ့လာရေးအစု၊  CPB ပါတီလိုလားသူအစုအဖွဲ့များအနေဖြင့် လျှို့ဝှက်စုဖွဲ့ကြပြီး တဖွဲ့နှင့်တဖွဲ့ ချိတ်ဆက်ထားခဲ့ကြသည်။

၁၉ရ၃ ခုနှစ်တွင် မုံရွာအစုအဖွဲ့မှ ကိုအေးကိုသည် သူ့အစီအစဉ်နှင့်သူအဆက်အသွယ်ရှာ၍ ပဲခူးရိုးမသို့ တောခိုသွားခဲ့ပြီး ပဲခူးရိုးမ တိုက်တိုင်းအောင် ၄ သို့ ရောက်ရှိသွားခဲ့သည်။  သူ၏အစီရင်ခံမှုအရ ပဲခူးရိုးမပါတီဗဟိုမှမုန်းနယ်မြေတာဝန်ခံ ဗိုလ် ရဲအောင် ခေါ် ရဲဘော်အေးငွေမှ မြို့ပေါ်သို့ ပြန်လည်ဆက်သွယ်ခဲ့သည်။  ရဲဘော်အေးငွေမှာ ကိုးကိုးကျွန်းသို့ နိုင်ငံရေးအကျဉ်း သားအဖြစ်ရောက်ရှိစဉ် ဖေါင်လုပ်ပြီး ထွက်ပြေးလာနိုင်ခဲ့သူ ၃ ဦးထဲမှ တဦးဖြစ်သည်။  နောက်တဦးကတော့ KNU မှ ဖဒိုမန်း ငြိမ်းမောင် ဖြစ်ပေသည်။  ရဲဘော်အေးငွေမှ ကိုအေးကို၏စာနှင့်အတူ ဆက်သားတဦးကို မြို့ပေါ်စေလွှတ်ဆက်သွယ်ခဲ့ရာ မန္တလေးအစုနှင့် ပဲခူးရိုးမပါတီဗဟိုတို့ တိုက်ရိုက်အဆက်အသွယ်ရရှိခဲ့သည်။  မန္တလေးအစုအဖွဲ့မှ ကိုခင်မောင်သိန်းအား ပဲခူးရိုးမသို့စေလွှတ်ပြီး ပါတီနှင့်ချိတ်ဆက်ခဲ့တော့သည်။

မူလမြို့ ပေါ်အစုအဖွဲ့များ၏ ရည်မှန်းချက်မှာ လက်နက်ကိုင်တော်လှန်ရေးသို့ သွားရောက်ကြရန် ရည်ရွယ်ထားကြသည်။  ပဲခူးရိုးမပါတီဗဟိုမှ မြေအောက်လုပ်ငန်းပေါ်လစီကိုချပြခဲ့သည်။  မြေအောက်လုပ်ငန်း၏မူဖြစ်သော “ရေရှည်မြှုပ်နှံ၊  အခွင့် အခါကောင်းစောင့်” ဆိုသည်ကို မြေအောက်ရဲဘော်များအားချပြခဲ့သည်။  မြို့ပေါ်တွင် စည်းရုံးလှုပ်ရှားဖွဲ့စည်းပြီး လက်နက် ကိုင်တိုက်ပွဲနှင့် အခြားတိုက်ပွဲသဏ္ဌာန်များကို ပေါင်းစပ်ရမည်ဟု ညွှန်ကြားခဲ့သည်။  ထို့ပြင် မြေပေါ်တွင် တိုက်ပွဲသဏ္ဌာန်  မျိုးစုံကြုံနိုင်သည်ဖြစ်ရာ “က” သုံးလုံးပေါ်လစီကျင့်သုံးရန် လမ်းညွှန်ခဲ့သည်။  “က” သုံးလုံးပေါ်လစီဆိုသည်မှာ မြေပေါ်တိုက် ပွဲဆင်နွှဲရာတွင် …
၁။ အကျိုးအကြောင်းဆီလျော်မှု ရှိရမည်။
၂။ အကန့်အသတ်ရှိရမည်။
၃။  အကျိုးအမြတ်ရှိရမည်ဟူ၍ ဖြစ်သည်။

မြေပေါ်ဆန္ဒပြပွဲတရပ် သပိတ်တိုက်ပွဲတရပ်ဆင်နွှဲမည်ဆိုရာတွင် အခြေအနေအချိန်အခါအရ အကျိုးအကြောင်းဆီလျော် မှသာ လူထု၏ထောက်ခံမှုကို ရနိုင်မည်ဖြစ်သည်။  ထို့ပြင် မြေပေါ် အစိုးရယန္တယားများတောင့်တင်းအားအားကောင်းသည် ဖြစ်ရာ တိုက်ပွဲအား အကန့်အသတ်နှင့် ဆင်နွှဲရန်လိုအပ်သည်။  သို့မှာ မိမိအင်အားများ ပြုန်းတီးခြင်းကို ကာကွယ်နိုင်မည် ဖြစ်သည်။  နောက်ဆုံးအချက်အနေနှင့် အကျိုးအမြတ်ရှိရမည်ဆိုခြင်းမှာ သပိတ်တိုက်ပွဲ ဆန္ဒပြမှုတခုမှနေ၍ လူထုအတွက် အကျိုးအမြတ်ရနိုင်ရရှိနိုင်မှုကို တွက်ဆရန်ဖြစ်သည်။ ဤသို့ CPB ၏ပါတီပေါ်လစီရှိသော်လည်း လက်တွေ့ကျင့်သုံးကြရာ တွင်တော့ အငြင်းပွားဖွယ်ရာများစွာရှိခဲ့ပေသည်။

မြေအောက်အဖွဲ့အစည်းများ ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ဒေါင်လိုက်စနစ်ကို ကျင့်သုံးရန်ဖြစ်သည်။  အစုအဖွဲ့တခုစီ၏တာဝန်ခံ သည် မိမိအောက် သို့မဟုတ် မိမိအထက်အစုအဖွဲ့မှ တာဝန်ခံတဦးနှင့် ဆက်စပ်ဆောင်ရွက်ရန်၊ အစုအဖွဲ့အသီးသီးမှ သူ များအားလုံး တွေ့ဆုံဆက်သွယ်ခြင်းကို တားမြစ်ထားသည်။  ထို့ပြင် အစုအဖွဲ့အသီးသီးတို့ ဘေးတိုက်ဆက်သွယ်ခြင်းအားလည်းတားမြစ်ထားသည်။  မြေပေါ်တွင် တစုံတဦးကဖေါ်၍ အားလုံးအဖမ်းခံရမည့်အန္တရာယ်ကို ရှောင်ရှားနိုင်ရန်ဖြစ်သည်။

ပဲခူးရိုးမနှင့်အဆက်အသွယ်ရပြီးနောက် မန္တလေး၌ မြေအောက်လုပ်ငန်းဦးဆောင်ဆဲလ်တခု ဖွဲ့စည်းခဲ့သည်။  ထိုဆဲလ်၏ အ တွင်းရေးမှူးမှာ ဖိုသံချောင်း (လူထုဦးလှ၊  ဒေါ်အမာ၏သား)  ဖြစ်ပြီး အဖွဲ့ဝင်များမှာ ကိုမောင်မောင်ခေါ်ကိုကျော်စိုး (စာရေး ဆရာ နေဦးဝေ) ၊  ခင်မောင်သိန်း၊  ကိုရန်နိုင် (ဘုရားကြီး)၊  ကိုကျော်ဇံလှ (စာရေးဆရာ ညီစေမင်း- ကိုးကိုးကျွန်းအစာငတ်ခံ တိုက်ပွဲတွင် ကျဆုံးသွားသော မြင်းခြံကိုလေးမောင်၏ညီ)၊  ကိုမြင့်လွင် (ကွယ်လွန်)၊ ကိုမြစိုး၊  ကိုကျော်မင်း ခေါ် ကိုအောင် မင်းတို့ဖြစ်ကြသည်။

ထိုမန္တလေးဆဲလ်မှ ကိုရန်နိုင်က ဦးစွာ အရှေ့မြောက်သို့တက်၍ ပါတီဗဟိုအသစ်နှင့် အဆက်အသွယ်ရယူခဲ့သည်။  ဒုတိယ အနေနှင့် ကိုမောင်မောင်က ၁၉ရ၅/၇၆ ခန့်တွင် အရှေ့မြောက်သို့ သွားရောက်ခဲ့သည်။  မန္တလေးသို့ ပြန်အဆင်းတွင် မူစယ်၊  နမ့်ခမ်းမှ ပြန်ဆင်းရန် အဆင်မပြေဖြစ်နေခဲ့သည်။  ထိုစဉ်ကာလက မူစယ်ကားလမ်းသို့ ပြည်မမှ သာမန်လူများ အသွားအလာ မရှိဖြစ်သည်။ ဗမာဆို၍ ဝန်ထမ်းများသာ အသွားအလာရှိသည်။  ထို့ပြင် ကိုမောင်မောင်တို့ ပြန်ဆင်းမည့်ကာလက အရှေ့ မြောက်သို့ ကျောင်းသားများ တဖွဲဖွဲတောခိုလာနေ၍ ထောက်လှမ်းရေးနှင့်တပ်က အထူးသတိထားနေချိန်ဖြစ်သည်။  တိုက် တိုက်ဆိုင်ဆိုင် တပ်မဟာ ၂ အမြောက်တပ်သို့ ရောက်နေသည့်ကိုမောင်နိုင်၊  ကိုတိုက်မောင်တို့ ၄ ယောက်အား စစ်တပ်က တားပြီး မန္တလေးပြန်လွှတ်ရာ မပြန်ဘဲ မူစယ်အနီးနယ်စပ်ကျောက်တိုင်ဖြတ်၍ ဝင်ပြေးသွားသဖြင့် တပ်မှ အထူးသတိထား နေချိန်ဖြစ်သည်။  သို့ဖြစ်ရာ မန္တလေးဆဲလ်မှကိုမောင်မောင်၊  ဗဟိုဆက်သား ကိုကျော်ရတို့သည် ၂ဝ၂ စစ်ဒေသတပ်များနှင့် လိုက်ပါပြီး ရွှေလီချိုင့်ဝှမ်းဂွင်မှတဆင့် မိုးမိတ်ဘက်မှဖြတ်ပြန်ရန် စီစဉ်ခဲ့သည်။  သို့နှင့် ဤသို့အဆင်းတွင် နာအော်ကြီး၊  နားအော်လေး အနီး မန်ဂျယ်ပလောင်ရွာတွင် KIA နှင့် တိုက်ပွဲဖြစ်ပွားရာ ကိုမောင်မောင်မှ ခြေထောက်အားသေနတ်မှန်ခဲ့ပြီး နောက်တန်းပြန်ပို့ခဲ့ရသည့်ပြင် ခြေထောက်ပါဖြတ်လိုက်ရ၍ မန္တလေးသို့ ပြန်မသွားနိုင်တော့ပေ။

ထို့ပြင် ၁၉ရ၆ ခုနှစ်နှောင်းပိုင်းတွင် ဖိုးသံချောင်းအားလည်း ထောက်လှမ်းရေးမှအိမ်သို့လာဖမ်းစဉ် ထွက်ပြေးခဲ့ရပြန်သည်။  ထိုအချိန်မှစ၍ မန္တလေးမြေအောက်ဆဲလ်အား ခင်မောင်သိန်းနှင့်ကျန်သူများက တာဝန်ယူခဲ့ကြသည်။  ထိုမြေအောက်ဆဲလ် တွင် ပါဝင်သူများက မန္တလေးတဝိုက်ရှိ ကုန်းလမ်း သယ်ယူပို့ဆောင်ရေး (ကပရ) ၊  မီးခြစ်စက်၊  သစ်စက်၊  ရွှေပျားစောင်စက်၊  သစ်စက်၊  ဖယောင်းစက်ရုံစက်ရုံတို့မှ အလုပ်သမားများကို စည်းရုံး၍ ပါတီမြေအောက်ကလပ်စည်းများဖွဲ့စည်းခဲ့ကြသည်။  ပုသိမ်ကြီးဘက်ရှိ လယ်သမားများအား ကိုအောင်မြင့်၊ ကိုဇော်ဝင်းတို့က တာဝန်ယူစည်းရုံးမှု များပြု လုပ်ခဲ့ကြသည်။

အလားတူပင် ပျ ဉ်းမနားတွင် ကျားကြီး၊  မြင်းခြံတွင် ကိုအောင်ငြိမ်း (ကိုးကိုးကျွန်းပြန်) ၊  မောင်လှဝင်း (မြင်းခြံ)၊  ကိုအောင်လွင် (မောင်စွမ်းရည်၏ညီ)၊  မမေစီ ခေါ် မမြင့်မြင့်၊  မုံရွာတွင် ကိုချစ်ခင် (ပွဲစားကြီး) ၊  ကိုကျော်မြင့် (တရုတ်ကြီး)၊  မောင်ရဲခိုင်  (ယခုစာရေးဆရာ)   တို့အပြင် ရမည်းသင်း၊  ကျောက်ဆည်၊  ရွှေဘို အစရှိသည့်မြို့ များတွင်လည်း ပါတီလိုလားထောက်ခံသူများ အသီးသီးအသက လှု ပ်ရှားစည်းရုံးနေကြသည်။  ထို့ပြင် မန္တလေးမြေအောက်ကလပ်စည်းသည် ရန်ကုန်မှ ကိုကြည်တင်ဦး ခေါ် ဘဲဥ  (စာအုပ်အဟောင်းတန်း)၊  ကိုဝင်းမြင့်အောင်တို့နှင့် ဆက်စပ်လှုပ်ရှားမိနေသည်။

မန္တလေးတွင် အရှေ့မြောက်နှင့် တိုက်ရိုက်ချိတ်ဆက်လှုပ်ရှားနေသည့် မြေအောက်ကလပ်စည်းအပြင် တက္ကသိုလ်ကျောင်းသားအုပ်စုများကလည်း မိမိအစုနှင့် မိမိ လှုပ်ရှားနေကြသည်။  မန္တလေးဆေးတက္ကသိုလ်မှ ကိုကျော်ဝင်း (ယခုစာရေးဆရာ)  ၊  ကိုသိန်းသန်းဦး (ယခုရှေ့နေ)၊  ရန်ကုန်စက်မှု တက္ကသိုလ်သို့တက်ရောက်နေသည့် မန္တလေးသားများဖြစ်သည့် ကိုတင် အေးကြူ  (မောင်မှိုင်းလွင်-အင်းဝ)၊  စိုးထွဋ ခေါ် ဇင်ထက် စသူများကလည်း ချိတ်ဆက်၍ သီးခြားလှုပ်ရှားနေကြသည်။  မန္တလေး ရေတမာစာအုပ်ဆိုင်တွင် စုလေ့ရှိသဖြင့် သူတို့အား ရေတမာအုပ်စုဟု ခေါ်ကြသည်။

အလားတူပင် ရန်ကုန်တွင်လည်း အလားတူ သူ့အစုနှင့်သူစုမိကြသည်။ ရန်ကုန်မြေအောက်လုပ်ငန်းတွင် တက်တက်ကြွကြွ လှုပ်ရှားနေသူက ကျွန်းပြန်တဦးဖြစ်သူ ကိုထွန်းအောင်ကျော် (လိပ်ကလေး)   ဖြစ်သည်။  သူနှင့်အတူ အောင်ကျော်ဇော၊ ကျော်ဇောဦးစသည့် ဗိုလ်ကျော်ဇော (ရဲဘော်သုံးကျိပ်) ၏သားများ ပါဝင်ကြသည်။  သူတို့အစုအဖွဲ့သည် မန္တလေးက ခင် မောင်သိန်းတို့နှင့် ချိတ်ဆက်မိကြသည်။  သို့သော် ၁၉၇၆ ခုနှစ်တွင် ဗိုလ်ကျော်ဇောမိသားစုအား ပါတီက အရှေ့မြောက်သို့ ခေါ်ယူခဲ့သည်။  ဗဟိုဆက်သားများဖြစ်သည့် ကိုကျော်ရနှင့် ရှောက်လီခေါ်ဝင်းအောင် (ကွယ်လွန်)  တို့ သွားရောက်ခေါ်ယူ ခဲ့ကြသည်။ ကိုထွန်းအောင်ကျော်ကတော့ မီးမောင်စာစောင်ထုတ်ဝေမှုနှင့်ညှိစွန်း ပြန်လည်အဖမ်းခံခဲ့ရသည်။

ထိုစဉ်ကာလက ဗိုလ်ကျော်ဇောအားခေါ်ယူခြင်းမှာ ဗမာပြည်နိုင်ငံရေးလောကတွင်ရော၊  စစ်တပ်တွင်းပါ ဂယက်ထစေခဲ့သည်။  ရဲဘော်သုံးကျိပ်ဝင်လည်းဖြစ် တပ်ထဲတွင်လည်း တိုင်းမှူးတာဝန်ယူခဲ့သော ဗိုလ်မှူးချုပ်ဟောင်းတယောက်ဖြစ်၍ လှုပ်လှုပ် ခတ်ခတ်ဖြစ်စေသည်။  အလားတူပင် ပါတီဗဟိုကော်မတီဝင်ဟောင်းများဖြစ်ပြီး ကိုးကိုးကျွန်းပြန်များဖြစ်သည့် ဆရာ ရာဂျာ (ကွယ်လွန်) နှင့် လေထီးဗိုလ်အုန်းမောင် (ကွယ်လွန်) တို့လည်း အရှေ့မြောက်သို့လာရန် ပါတီ၏သဘောထားတောင်းသေး သည်။ သူတို့နှစ်ဦးကိုတော့ ခေါ်ယူခဲ့ခြင်းမရှိပေ။

ကိုငြိမ်းမြင့် (ယခု မှိုင်းကွန်ယက်)၊  RIT ကျောင်းသား ကိုဇော်ဖေဝင်းတို့ကတော့ အရှေ့လေအုပ်စုဟု အမည်တွင်သည်။  သူတို့လည်း ၁၉ရ၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အဖမ်စခံရမည့်အန္တရာယ်ကြောင့် အရှေ့မြောက်သို့ ထွက်ခွာခဲ့ကြသည်။  မိမိတို့ ဆေး ၂ မှ မိမိနှင့်တွဲဖက် ကိုသိန်းမြင့်၊  ကိုဝေမင်းတို့ကတော့ဇော်ဦး ခေါ် စိုးမြတ် ဦးဆောင်နေသည့် မြစ်ဝကျွန်းပေါ် (ဧရာ ဝတီတိုင်း)  အစုအဖွဲ့နှင့် ချိတ်ဆက်မိနေပုံရသည်။

ပြည်တွင် ကျွန်းပြန် ကိုချို (ကွယ်လွန်)  ၊  ကိုတင်ရွှေ (ကွယ်လွန်)   စသူ တို့စုဖွဲ့လှုပ်ရှားနေကြသည်။  ယခင်စီးပွားရေးတက္ကသိုလ်မှ ကိုချစ်ဆောင်ဦး၊ ကိုတင်မောင်သန်း၊  ကိုခင်မောင်လေးတို့သည်လည်း အလားတူပင် သူ့အစု အဖွဲ့နှင့် သူချိတ်ဆက်လှုပ် ရှားနေကြသည်။  မိမိ မသိသူများလည်း များစွာရှိပါသေးသည်။  သို့နှင့် ရန်ကုန်အပါ ဗမာပြည် တပြည်လုံးရှိ မြို့ရွာများတွင် CPB အားလိုလားသူ၊  ယုံကြည်သူအစုအဖွဲ့များ ပျံ့နှံ့နေသည့်ကာလဟု ဆိုနိုင်သည်။

ပဲခူးရိုးမဗဟိုကျပြီးနောက် ဗဟိုကော်မတီသစ်လက်ထက်တွင် တပြည်လုံးရှိ မြေအောက်လုပ်ငန်းကို ပြန်လည်ချိတ်ဆက်ရာ ၁၉၇၇ ခုနှစ်တွင် အတော်လေးစုစည်းမိလာသည်ဟုဆိုရမည်။  ၁၉၇၁/၇၂ နှစ်များတွင် ထောင်နှင့် ကိုးကိုးကျွန်းမှ ပြန်လည် လွတ်လာသူများ၊  ၁၉၇၄/၁၉၇၅ သပိတ်တိုက်ပွဲများတွင် ပါဝင်ခဲ့သူအတော်များများသည် CPB ပါတီမြေအောက်လုပ်ငန်းနှင့်ယှက်နွယ်ပတ်သက်နေသည့်ကာလဟု ဆိုရမည်။  ထိုအစုအဖွဲ့များကို အချင်း ချိတ်ဆက်မပေးဘဲ CPB ဗဟိုမှ သီးခြား ချိတ်ဆက်လှုပ်ရှားနေပါသည်။ ပါတီဗဟိုဆက်သားများလည်း အရှေ့မြောက်နှင့် မြို့ပေါ်ကြားတွင် ပုံမှန်ကူးလူးသွားလာနိုင်သည့်အခြေအနေသို့ တဖြေးဖြေးရောက်ရှိလာသည်ဟု ဆိုရပါမည်။

● CPB ၏မဟာမိတ် တပ်ပေါင်းစုများ

၁၉ရရ ခုနှစ်ကာလပိုင်းတွင် မြောက်ပိုင်းတွင် KIO/KIA နှင့် မဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းထာသည်။  KIA တပ်ပေါင်းစုဖွဲ့ပြီး နောက် KIA ၏မဟာမိတ်ဖြစ်သူ ပလောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် PSLO/PSLA  (ပလောင်ပြည်နယ်လွတ် မြောက်ရေးအဖွဲ့/ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်)   နှင့်လည်း ဆက်ဆံရေးကောင်းလာခဲ့သည်။  ထိုစဉ်က PSLO ဥက္ကဌမှာ တာခွန်သောင်းဖြစ်သည်။  အတွင်းရေးမှူးနှင့် စစ်ဦးစီးချုပ်တို့ကိုတော့ ကောင်းစွာမမှတ်မိတော့။  CPB ပါတီ အနေနှင့် KIA နှင့် တပ်ပေါင်းစု ဆက်ဆံရေးကိုအလေးထား တည်ဆောက်ခဲ့သော်လည်း PSLO/PSLA နှင့် တပ်ပေါင်းစုအား ပါတီဗဟိုမှ တိုက်ရိုက်ကိုင်တွယ်မှု အားနည်းသည်။  PSLAနှင့် နယ်မြေခြင်းထိစပ်နေသည့် ၂ဝ၂ စစ်ဒေသကသာ ဆွေးနွေး လုပ်ကိုင်ခဲ့သည်ကို တွေ့ရသည်။

အရှေ့မြောက်စစ်ဒေသ ပန်ဆန်းတွင် တပ်ပေါင်းစုအဖွဲ့များ ပို၍များသည်။  SSPP/SSA  (ပြည်တိုးတက်ရေးပါတီ/ ပြည်တပ်မတော်)   နှင့်CPB အထက်ဗမာပြည်ဗဟိုဌာနခွဲတို့သည် မူလကထဲက ထိတွေ့ဆက်ဆံမှုရှိကြသည်။ CPB တို့လှုပ် ရှားရာ ပြည်အလယ်ပိုင်းရှိ ကျောက်ဂူ၊  နောင်ဝိုး၊  နောင်လုံဒေသမှာ SSPP လှု ပ်ရှားရာဒေသနှင့် နမ့်လန်ချောင်းသာခြားပြီး အပြန်အလှန်မဟာမိတ်ပြု ဆက်ဆံခဲ့ကြသည်။  SSPP သည် အရှေ့မြောက်စစ်ဒေသနှင့် ၁၉၇၃ ခုနှစ်တွင် စတင်ဆက်ဆံခဲ့ သည်။  SSPP တွဲဖက်အတွင်းရေးမှူးစဝ်ဆေထင်ခေါင်းဆောင်သော အင်အား ၂ဝဝ ခန့်သည် ၁၉ရ၃ ခုနှစ်တွင် ပန်ဆန်းသို့ စတင်ရောက်ရှိသည်။  CPB ခေါင်းဆောင်များနှင့်ဆွေးနွေးပြီး နိုင်ငံရေး၊  စစ်ရေးတပ်ပေါင်းစုဖွဲ့ရန်သဘောတူခဲ့ကြသည်။  သဘောတူညီချက်ရရှိပြီးနောက် အဆိုပါ SSPP တပ်ဖွဲ့အား CPB မှ လေ့ကျင့်လက်နက်တပ်ဆင်ပေးခဲ့ပြီး SSPP တပ်ဖွဲ့ များသည် ၁၉ရ၃ နှစ်ကုန်ပိုင်းတွင် ပန်ဆန်းမှပြန်လည်ထွက်ခွာသည်။  ထိုအချိန်မှစ၍ SSPP နှင့် CPB တို့ နိုင်ငံရေး၊  စစ်ရေးတပ်ပေါင်းစုစတင်ခဲ့တော့သည်။

အလားတူပင် ဥက္ကဌ စောတာကလယ်၊  အတွင်းရေးမှူးဦးစိန်ရွှေ၊  တပ်မှူးစောဖါးမူတို့ခေါင်းဆောင်သည့် ရလလဖ  (ရှမ်းပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့)  နှင့် နိုင်ငံရေး စစ်ရေး တပ်ပေါင်းစုဖွဲ့စည်းထားနိုင်ခဲ့သည်။ ရလလဖမှတဆင့် ပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များအား ထိုးဖေါက်စည်းရုံးရန် ကြံရွယ်နေသည့်ကာလဖြစ်ပေသည်။

ဤအချက်အလက်အခြေအနေများကို ဖေါ်ပြနေခြင်းမှာ ထိုစဉ်ကာလကနိုင်ငံရေး၊  စစ်ရေးအခြေအနေများပေါ် မိမိတို့၏ အိပ်မက်များ မည်သို့ရှင်သန်ခဲ့သည် မိမိမိတို့ မည်သို့စဉ်းစားဆုံးဖြတ်လုပ်ကိုင်ခဲ့ကြသည်ကို ရှင်းရှင်းလင်းလင်းတွေ့မြင်စေလို၍ဖြစ်သည်။  ထို့အတူ မိမိတို့ အမှားများ အမှန်များအားလည်း နှောင်းလူတို့ ဝေဖန်ပိုင်းခြားသုံးသပ်နိုင်စေလို၍လည်းဖြစ်သည်။  ထို့ပြင် ယနေ့ခေတ်ကာလတိုင် ဖြေရှင်း၍မရနိုင်သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်တည်လာပုံအား လည်း ဆက်စပ်စဉ်စားနိုင်စေလို၍ဖြစ်သည်။  သို့ဖြစ်ရာ ဤအကြောင်းအရာများကို ဖေါ်ပြသောအခန်းအချို့ကား စာလေးနိုင် ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်