မောင်စွမ်းရည် ● ဒဂုန်တာရာ ရာပြည့်ပွဲသို့

May 7, 2018

မောင်စွမ်းရည် ● ဒဂုန်တာရာ ရာပြည့်ပွဲသို့
(မိုးမခ) မေ ၇၊ ၂၀၁၈

ဆရာဒဂုန်တာရာဟာ ၁၉၁၉၊ မေ ၁၀ မှာ မွေးဖွားသူဖြစ်ပါတယ်။ ၂ဝ၁၉၊ မေ ၁၀ မှာဆိုရင် ဒဂုန်တာရာအသက် ၁ဝဝ ပြည့် ပွဲဆင်နွှဲရတော့မှာဖြစ်ပါတယ်။ ဆရာဟာ ၂ဝ၁၃ ကွယ်လွန်တာ ဆိုတော့ အသက် ၉၄ နှစ်ကြာအောင် နေသွားရတယ်လို့ဆိုနိုင် ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာကြီးမင်းသုဝဏ်၊ ဆရာဇော်ဂျီ၊ ဆရာဒဂုန်တာရာစတဲ့ ကဗျာဆရာကြီးတွေ အသက် ရှည်လှပါတယ်။ ကဗျာရေးတာနဲ့ အသက်ရှည်တာ၊ တိုတာတို့ဟာ ဘာမှတော့မဆိုင်ပါ။ ဆရာဇော်ဂျီ အသက်နည်း နည်းတိုသွားတာ ကတော့ ဆေးလိပ်အသောက်များခဲ့လွန်းလို့ ဖြစ်ဖို့ရှိပါတယ်။ ကဗျာ ဆရာတင်မိုးဟာ ကိုယ်ခံကျန်းမာရေးအလွန်ကောင်းသူပါ။ ဆေးလိပ်ကြောင့် အသက် ၇ဝ+၄ နှစ်သာနေသွားရရှာတာပါ။ ဆေးလိပ်မသောက်ရင် အသက် ၁ဝဝ တန်းနေရမယ့် ပုဂ္ဂိုလ်ပါ။

ဆရာတာရာ အသက် ၉၄ နှစ်ထိနေသွားရတာဟာ ဆေး လိပ်မသောက်လို့ဆိုတဲ့ အချက်တစ်ချက်ကို ထည့်တွက်ရမယ်ထင် ပါတယ်။ ဆေးလိပ်က လူအသက်ရဲ့အချက်အချာဖြစ်တဲ့ အဆုပ်၊  အသည်း၊ နှလုံးတို့တိုက်ရိုက်၊ ထိခိုက်စေတာအမှန်ပါ။ မီးခိုးတွေကို ရှူသွင်းတာဆိုတော့ အဆုပ်ကို မီးခိုးကမဖြတ်သန်းဘဲ ဘယ်မှဆက် မသွားပါ။ အရက်သေစာကတော့ များများမသောက်ရင်၊ စွဲ မသောက်ရင် အသက်ကို ရန်ရှာဖွယ်မရှိပါ။ အသက်မရှည်စေနိုင် တောင်မှ အသက်ကိုတော့ မတိုစေနိုင်ပါ။ ခုလို ဆေးလိပ်နဲ့ အရက် ကိုဒဲ့ပြောရတာက စာရေးဆရာအများစုဟာ ဆေးလိပ်၊ အရက်ကို စွဲတတ်ကြလို့ ပြောရတာပါ။ ကျွန်တော့် သူငယ်ချင်းတွေထဲက တင်မိုး၊ ကြည်အောင်၊ ညွန့်အေး(အင်းဝ)တို့ဟာ ဆေးလိပ်စွဲလို့သာ အသေစောကြတာလို့ ကျွန်တော်မှတ်ယူပါတယ်။ ပန်းချီဝင်းဖေ၊ မောင်သိန်းနိုင်၊ မောင်မိုးသူ၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ မောင်စွမ်း ရည်တို့ဟာ ခု ၈ဝ ကျော်တွေပါ။ ဆေးလိပ်မသောက်ကြပါ။ ဆရာ မောင်သာနိုးက ဆေးလိပ်ဖြတ်တာ နောက်ကျ လို့နဲ့တူပါရဲ့။ အသက်ရှည်ပေမဲ့ ကျွန်တော်တို့လောက် ကျန်းမာရေးမကောင်းပါ။ ဆရာဒဂုန်တာရာဟာ သက်တော်ရှည်ကဗျာ ဆရာကြီးဖြစ်ရတဲ့ အကြောင်းကို ဆင်ခြင်ကြည့်မိလို့။ ကျွန်တော် ဆင်ခြင်မိတာကို လူငယ်တွေ သင်ခန်းစာယူရအောင် ဖောက်သယ်ချတာပါ။

ဆရာဒဂုန်တာရာဟာ တစ်သက်တာလုံးလောက် စာတွေရေး သွားခဲ့ပါတယ်။ ဒါတောင် ငယ်စဉ်ကတည်းက ချူချာခဲ့ပြီး ငယ်စဉ် ကတည်းက မျက်စိမကောင်းခဲ့လို့ ဘဝနောက်ဆုံးပိုင်းအရွယ်မှာ စာကောင်းကောင်းမရေးနိုင်ခဲ့ပါ။ မျက်စိမကောင်းလို့ ပြေးခုန်လှုပ် ရှားတာတွေလည်း အလွန်နည်းခဲ့ဟန်ရှိပါတယ်။ ဆရာတာရဲ့ အပေါ် ပြောရေးဆိုခွင့်ရှိတဲ့ ဆရာပါရဂူရဲ့ မှတ်ချက်ကိုတော့ ဖောက်သယ်ချလိုက်ချင်ပါတယ်။ ဆရာတာကတော့ မကြိုက်ပေမဲ့ ပြုံးပြီး ငုံ့ခံရရှာပါတယ်။ ဆရာပါရဲ့ မှတ်ချက်က ”ခင်ဗျားက ရေသာခိုနေတာပါ”တဲ့။ ဘာမဆို ကိုယ်ထူကိုယ်ထမလုပ်လို့ ဆရာ ပါကက ဝေဖန်တာပါ။

ဘာပဲဖြစ်ဖြစ် ဆရာတာရာဟာ လူ့ဘဝမှာ လူဖြစ်ရကျိုးနပ် တယ်လို့ ဆိုနိုင်လောက်အောင် အလုပ်တွေလုပ်သွားနိုင်ခဲ့ပါတယ်။ ကဗျာဝတ္ထုတို၊ ဝတ္ထုရှည်၊ ဝေဖန်စာစု စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ စသည်တို့ကို ဝေဖန်စာ)၊ ရုပ်ပုံလွှာ၊ ခရီးသွားစတဲ့တွေရေးသားရင်း တာရာမဂ္ဂဇင်းကို တည်းဖြတ်ထုတ်ဝေပြီး စာပေသစ်ခေတ်တစ် ခေတ်ကို ထူထောင်နိုင်ခဲ့တဲ့အပြင် စာပေသစ် လူငယ်များကို အတော်အသင့် မွေးထုတ်နိုင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။

ဆရာတာရာဟာ တာရာမဂ္ဂဇင်းအပြင် စာပေသစ်မဂ္ဂဇင်းနဲ့ ဂန္ဓဝင်ဂျာနယ်၊ ရန်ကျော်ဂျာနယ် (သခင်အုန်းမြင့်) လင်းယုန်ဂျာ နယ် (ဗန်းမော်တင်အောင်) တို့မှာလည်း ပူးတွဲရှေ့ဆောင်ရေးသား ခဲ့ပါတယ်။ တကယ်တော့ တက္ကသိုလ်ကျောင်းသား ဘဝကတည်းက အိုးဝေမဂ္ဂဇင်းကို အယ်ဒီတာအဖြစ်နဲ့ ကိုအောင်ဆန်းတို့ကို ဆက်ခံ တည်းဖြတ်ထုတ်ဝေခဲ့တာပါ။

ဆရာတာရာဟာ ဂီတနဲ့ပန်းချီကိုယ်လည်း ဝါသနာပါထုံခဲ့ပါ တယ်။ ကျောင်းသားဘဝက တက္ကသိုလ်အဆောင်မှာ စန္ဒယားကို ပါယူလာပြီး တီးခဲ့သူဖြစ်ပါတယ်။ သူရဲ့စန္ဒယားလက်သံကို အသံ သွင်းထားသလားမသိပါ။ အသံသွင်းထားခဲ့ရင် ဓာတ်ပြား ပွားပြီး ဖြန့်ဝေသင့်ပါတယ်။ ပန်းချီကာများကိုလည်း မများလှပေမဲ့ ရိုရို သေသေ စုဆောင်းထားသင့်ပါတယ်။ ဆရာတာရာရဲ့ ရာပြည့် အကြိုပုံနဲ့ ရာပြည့်ပွဲတို့မှာ (၁) ဆရာကိုယ်တိုင်ရေးသားခဲ့တဲ့ ကဗျာ၊ ဝတ္ထုရှည်ပုံလွှာ ခရီးသားစာပေစတဲ့စာအုပ်တွေ၊ (၂) ဆရာတည်း ဖြတ်ထုတ်ဝေခဲ့တဲ့ အိုးဝေ၊ တာရာ၊ စာပေ၊ စာပေမဂ္ဂဇင်း၊ ဂန္ထဝင် ဂျာနယ်၊ မြန်မာနိုင်ငံစာရေးဆရာအသင်း မဂ္ဂဇင်းစတဲ့ စာအုပ် စာပေတွေကို ခင်းကျင်းပြသတဲ့အပြင် သူရဲ့ပန်းချီကား၊ စန္ဒရား စသည်များနဲ့ သူထူးထူးခြားခြား ဝတ်ဆင်လေ့ရှိတဲ့ အဝတ်အထည် များ၊ သူ့ရဲ့တုတ်ကောက်၊ ဖိနပ်စသည်တို့ကိုပါ ပြသသင့်ပါတယ်။ ဓာတ်ပုံတွေဆိုရင်လည်း နံရံမှာချိတ်ပြီးပြတဲ့အပြင် ဓာတ်ပုံအယ်လ် ဘမ်စာအုပ်ကလေးလုပ်ပြီး ရောင်းချရင်တောင် အမှတ်တရ ဝယ် ထားချင်ကြမှာပါ။ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်စာအုပ်တွေကိုလည်း မိသားစုကဖြစ်စေ၊ ထုတ်ဝေသူတွေကဖြစ်စေ ပုံနှိပ်ထုတ်ဝေရောင်း ချသင့်တယ်ထင်ပါတယ်။

ဆရာတာရာဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မြန်မာနိုင်ငံ စာရေးဆရာအသင်းမှာ ဥက္ကဋ္ဌအရွေးခံရသူဖြစ်ပါတယ်။ တက္က သိုလ်ဘက်က ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ကပါ ထိုက်တန်သူအဖြစ် ထောက်ခံအားပေးခဲ့လို့ဖြစ်ပါတယ်။ ဆရာ ဇော်ဂျီကဆိုရင် စာပေရုပ်ပုံလွှာဆိုတဲ့ စာပေပုံစံတစ်မျိုးဟာ မြန်မာစာပေ လောကမှာ ဆရာတာရာရဲ့ ထည့်ဝင်မှုအဖြစ် အသိ အမှတ်ပြု ရေးသားခဲ့ပါတယ်။

ဆရာတာရာဟာ တက္ကသိုလ်ကျောင်းသားဘဝကတည်းက ကိုနု၊ ကိုအောင်ဆန်းတို့ ကိုဗဟိန်း၊ ကိုဗဆွေတို့နဲ့အတူ ဆက် ခံပြီး ကျောင်းသားသမဂ္ဂနဲ့ အိုးဝေမဂ္ဂဇင်းထုတ်ဝေမှုတို့ကို တာဝန်ယူခဲ့ သူဖြစ်ပါတယ်။ ပြင်ပစာပေလောကရောက်တော့ ပါတီနိုင်ငံရေးသမားအဖြစ် ဆောင်ရွက်ခဲ့တာမရှိပေမဲ့ ဆရာကြီးသခင်ကိုယ်တော် မှိုင်းရဲ့အပါးမှာ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားသူတစ်ဦးအဖြစ် လည်း ပါဝင်လှုပ်ဆောင်ခဲ့ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးရော ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုများကိုပါ ဦးဆောင်ပါဝင်ဆင်နွှဲခဲ့ပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း၊ ဗိုလ် ဇေယျခေါ် ကိုလှမောင် စတဲ့နိုင်ငံရေးသမားများနဲ့ ရင်းနှီးကျွမ်း ဝင်ပေမဲ့ပါတီနိုင်ငံရေးကိုရော အစိုးရမှုထမ်းအဖြစ်ကိုရော လုံးဝ  မလှုပ်ဆောင်ခဲ့ဖူးပါ။ အသင်းအပင်ကိစ္စများမှာ ကျောင်းသားမဂ္ဂနဲ့ စာရေးဆရာအသင်း၊ စာရေးဆရာသမဂ္ဂတို့မှာသာ ပါဝင်ဆောင် ရွက်ခဲ့ဖူးပါ တယ်။ နိုင်ငံရေးသမား အကျော်အမော်တွေနဲ့ပေါင်းသင်းခဲ့လို့ အဖျားခက်ဖမ်းဆီးခံရတာမျိုးပဲရှိခဲ့ပါတယ်။ ဆိုရှယ်လစ် ဦးဗဆွေကလွဲလို့ သူပေါင်းသင်းခဲ့သူတွေဟာ ကွန်မြူနစ်အကျော် အမော်တွေချည်းဖြစ်ပါတယ်။

အသက်ကြီးလာတဲ့အခါ သူ့တူမ စာပေသမားဖြစ်သူ သခင်မြ စန္ဒီရဲ့အိမ်ထောင်ဘက်ရှိရာ ရှမ်းပြည်အောင်ပန်းကိုလိုက်ပြီး တစ် သက်လုံး မှီခိုနေထိုင်သွားခဲ့ပါတယ်။ အောင်ပန်းမှာ နှစ်စဉ်မွေးနေ့ ပွဲကျင်းပတဲ့အခါ ရန်ကုန်နဲ့အနယ်နယ်အရပ်ရပ်က စာရေးဆရာများနဲ့ စာပေဝါသနာရှင်များက နှစ်စဉ်သွားရောက်ခဲ့ကြပါတယ်။  အမေလူထုဒေါ်အမာမွေးနေ့ပွဲကိုပဲ စာရေးဆရာ များ၊ စာပေသမား များ၊ နိုင်ငံရေးသမားဟောင်းများက နှစ်စဉ်ဝတ်မပျက် သွားရောက် ကြပါတယ်။ လူငယ်စာပေသမားများအပြင် သခင်အုန်းမြင့်၊ လင်း ယုန်မောင်မောင်၊ ဦးအုန်းမောင်တို့လို လူကြီးများနှင့် ပန်းချီ၊ ဂီတသမားအချို့လည်း လိုက်ပါ သွားကြပါတယ်။

ဆရာတာရာ ရာပြည့်အကြိုပွဲနဲ့ ရာပြည့်ပွဲကိုလည်း လူငယ် လူကြီးစာပေသမားများက စိတ်ဝင်တစားပူးပေါင်း ပြင်ဆင်လျက် ရှိကြပါတယ်။ တကယ်တော့ တာရာခေတ်ပြိုင် လူကြီးစာပေသမား များမရှိကြတော့ပါ။ သူ့ထက်ငယ်တဲ့ ဗန်းမော်တင်မောင်၊ မြသန်း တင့်၊ လင်းယုန်မောင်မောင်တို့လို ပုဂ္ဂိုလ်တွေက သူ့ထက်အရင် ဦးစွာ ကွယ်လွန်ခဲ့ကြပြီဖြစ်ပါတယ်။ သူတို့ခဗျာ ကျန်းမာရေးလိုက် စားသူတွေဖြစ်ကြတဲ့ ခေတ်အဆက်ဆက်အစိုးရများက ဖမ်းဆီးနှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် အသေ စောခဲ့ကြတာဖြစ်ပါတယ်။ ဆရာရဲ့ရာပြည့်ပွဲမှာ ဆရာမင်းယုဝေနဲ့ ဆရာကိုလေးတို့ပဲ အသက် ဂုဏ်ဝါအကြီးဆုံး ကဗျာ ဆရာကြီးများဖြစ်ပါလိမ့်မယ်။ ဆရာကြီးများလည်း အသက်ရာကျော်ရှည်ကြပါစေသတည်း။

မောင်စွမ်းရည်
၁၇၊ ၄၊ ၁၈

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, မောင်စွမ်းရည်

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်