ကိုအောင်မှိုင်း – ဒီမိုကရေစီစနစ်အတွက် မြန်မာ့တပ်မတော် အဆင်သင့်ဖြစ်ပြီလား

May 15, 2018

Daw Aung San Suu Kyi with military officials at the swearing-in of President U Htin Kyaw, 30 March 2016

ကိုအောင်မှိုင်း – ဒီမိုကရေစီစနစ်အတွက် မြန်မာ့တပ်မတော် အဆင်သင့်ဖြစ်ပြီလား
(မိုးမခ) မေ ၁၅၊ ၂၀၁၈

အပိုင်း (၁)

မြန်မာနိုင်ငံအတွက် သေရေးရှင်ရေးတမျှအရေးကြီးတဲ့ မေးခွန်းကတော့ “ဒီမိုကရေစီစနစ်အတွက် မြန်မာ့တပ်မတော် အဆင်သင့်ဖြစ်ပြီလား”ဆိုတဲ့ မေးခွန်းဘဲဖြစ်ပါတယ်။ ကြာလေလေ ထင်ထင်ရှားရှားဖြစ်လာလေ မြင်နေရတာကတော့ မြန်မာ့တပ်မတော်ဟာ ကနေ့နိုင်ငံရေးအပြောင်းအလဲမှာ ဘေးတိုက်ဖြစ်နေတာ အထင်အရှားဘဲဖြစ်နေပါတယ်။ ရှေ့ကသွားဘို့ ဆိုတာကတော့ လူထုရဲ့  ဆန့်ကျင်မှုကို ပြင်းပြင်းထန်ထန် ခံနေရသလို ကိုယ်ကိုယ်တိုင်ကလဲ လူထုဆန့်ကျင်ရေးကို အဆက်မပြတ် လုပ်နေပြန်တာကြောင့် မဖြစ်နိုင်တာသေချာတယ်လို့ ပြောရမှာပါ။ အရပ်သားအစိုးရနောက်ကနေ လိုက်ဘို့   ဆိုပြန်တော့ အတွေးအခေါ် ခံယူချက်ဟောင်းတွေက အတားအဆီးဖြစ်နေပြန်တာတွေ့ ရပြန်ပါတယ်။ ဒီတော့ ကနေ့ ဗမာ့တပ်မတော်ဟာ ဘေးတိုက်တွေလုပ်ပြီး ကိုယ်လုပ်တဲ့လုပ်ရပ်တွေ နိဂုံးချူပ်ဘို့ အတော်ခက်ခဲနေတယ်လို့ ကျနော် ထင်ပါတယ်။

မြန်မာ့တပ်မတော်ဟာ မြန်မာနိုင်ငံသားတွေနဲ့တည်ဆောက်ထားတဲ့ တပ်မတော်ဖြစ်ပါတယ်။ မြန်မာနိုင်ငံလွတ်မြောက်ရေး တိုက်ပွဲက ထွက်ပေါ်လာတဲ့ အသီးအပွင့်လဲ ဖြစ်ပါတယ်။ တကယ်ဆို မြန်မာနိုင်ငံသားတွေအနေနဲ့  ဖူးဖူးမှုတ် ချစ်မြတ်နိုးသင့် တဲ့ တပ်မတော်တရပ်လဲ ဖြစ်ပါတယ်။ ဘာကြောင့် လူထုဆန့်ကျင်ရေးကို ပြင်းပြင်းထန်ထန် ခံနေကြရတာလဲ။ လူထုမုန်းတီးမှုကို ပြင်းပြင်းထန်ထန် ခံနေရတာလဲ။ ကျနော့်အမြင်တော့ မြန်မာနိုင်ငံသားအားလုံး ဒီကိစ္စကို လေးလေးနက်နက် မှန်မှန်ကန်ကန် နိဂုံးချူပ်ဘို့ လိုမယ်လို့ထင်ပါတယ်။ အထူးသဖြင့်ကတော့ တိုက်ရိုက်ပါတ်သက်နေတဲ့ မြန်မာ့တပ်မတော်က ရဲဘော်လေးကစပြီး တပ်မတော်ကာကွယ်ရေးဦးစီးချူပ်အထိ ဘက်လိုက်မှုကင်းကင်း နိဂုံးချူပ်ဘို့ လိုမယ်ထင်ပါတယ်။

တပ်မတော်မရှိရင် ဘာဖြစ်သွားမလဲ ဆိုတာမျိုးမဟုတ်ဘဲ တပ်မတော်ကို တပ်မတော်တရပ်အဖြစ် ဘယ်လို ပြုပြင်ပြောင်းလဲမလဲ ဆိုတဲ့ အမြင်နဲ့ ချဉ်းကပ်ဘို့ လိုမယ်ထင်ပါတယ်။ တပ်မတော်မရှိရင် ဘာဖြစ်သွားမလဲဆိုတဲ့ မေးခွန်းနဲ့ ချဉ်းကပ်မယ် ဆိုရင်တော့ ဗိုလ်ချူပ်အောင်ဆန်းပြောခဲ့တဲ့ မိန့်ခွန်းလေးနဲ့ဘဲ ဖြေချင်ပါတယ်ဗျာ။ “တပ်မတော်သည် တိုင်းပြည်အတွက် တိုင်းပြည်သည် တပ်မတော်အတွက်မဟုတ်” ၊ “စည်းကမ်းမရှိတဲ့စစ်တပ် ရှိနေမယ့်အစား အဲဒီစစ်တပ်မရှိတာက တိုင်းပြည် အတွက် ပိုကောင်းတယ်” (ဗိုလ်ချူပ်အောင်ဆန်းရဲ့  စစ်တပ်နဲ့ တိုင်းပြည်အပေါ် ရှင်းရှင်းလင်းလင်းကြည့်မြင်မှုလို့ ပြောရမဲ့ သဘောထားပဲ ဖြစ်ပါတယ်။)

မြန်မာနိုင်ငံသမိုင်းမှာ မြန်မာ့တပ်မတော်ဟာ သမိုင်းမကောင်းခဲ့တာကတော့ ငြင်းလို့မရတဲ့ကိစ္စလို့ဘဲ ပြောရတော့မှာပါ။ ၁၉၅၈ ခုနှစ်မှာ ဦးနေ၀င်းဦးစီးတဲ့ အိမ်စောင့်အစိုးရခေါ်တဲ့ စစ်အစိုးရနဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေ စတင်တွေ့ဆုံခဲ့ကြရပါတယ်။ အိမ်စောင့်အစိုးရဆိုပြီး ၀န်ကြီးချူပ်ဦးနုက တရားဝင် အာဏာလွှဲခဲ့ရတာပါ။ မလွှဲရင်လဲ အာဏာသိမ်းမှာဖြစ်လို့ ၀န်ကြီးချူပ်ဦးနုအနေနဲ့ စစ်တပ်အာဏာသိမ်းတဲ့အဖြစ်ကို အရောက်မခံဘဲ အာဏာလွှဲပေးခဲ့တာလို့ သမိုင်းမှတ်တမ်းတွေက ဆိုပါတယ်။ ၁၉၅၈ ခုနှစ်က ၁၉၆၂ခုနှစ်ထိ ကာလကိုတော့ “စစ်အုပ်စုကြီးမွေးဖွားခြင်း၊ စစ်အာဏာရှင်စနစ်အတွက် ဇာတ်တိုက်ခြင်း သို့မဟုတ် အိမ်စောင့်အစိုးရခေတ်” လို့ ဆရာဝင်းတင့်ထွန်းက သူ့ရဲ့ အမှောင်ကြားကဗမာပြည်စာအုပ်မှာ ဖေါ်ပြတာ ဖတ်ရမိပါတယ်။ တကယ်လဲဟုတ်ပါတယ်။ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တယားကို ဗမာပြည်မှာ စတင် ဇာတ်တိုက်ခဲ့ကြတာပါ။

အိမ်စောင့်အစိုးရရဲ့  ပထမဦးဆုံးဆောင်ရွက်ချက်ကတော့ စစ်အုပ်စုမလိုလားတဲ့ နိုင်ငံရေးသမားတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးထောင်သွင်းအကျဉ်းချခြင်းဘဲဖြစ်ပါတယ်။ “ငြိမ်ဝပ်ပိပြားမှုညီလာခံ” ဆိုတာကြီးကို ၃ရက်လောက်လုပ်ပြီး “နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး အုပ်ချူပ်မှုစီမံကိန်း” ဆိုတာကြီးနဲ့ နိုင်ငံရေးသမားတွေကို ကိုကိုးကျွန်းအကျဉ်းစခန်းကို ပို့ တော့တာပါဘဲ။ အိမ်စောင့်အစိုးရက ၁၉၅၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၄ ရက်နေ့မှာ ကိုကိုးကျွန်းအကျဉ်းစခန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး၊ ဇန်န၀ါရီလ ၃၀ ရက်နေ့မှာ ပထမအသုတ် (၅၃) ဦး၊ ဒုတိယအသုတ် (၅၄) ဦးနဲ့ နောက်ဆုံးအသုတ် (၂၈)ဦး ပေါင်း (၁၃၅) ဦး ကို ကိုကိုးကျွန်းအကျဉ်းစခန်းကို ပို့ခဲ့ပါတယ်။ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ စာရေးဆရာတွေ၊ သတင်းစာဆရာ တွေတင်မကဘဲ ထင်ရှားတဲ့ကျောင်းသားခေါင်းဆောင်တွေလဲ ပါဝင်ခဲ့တာ တွေ့ ရပါတယ်။ သခင်မြသန်း၊ တိုးတက်ရေး ဦးအုန်းမြင့်၊ ဦးစောလွင်၊ ဦးအောင်သန်း (ဗိုလ်ချူပ်အကို)၊ ဗိုလ်မြသွေး၊ သခင်ဗမောင်၊ ဗိုလ်မျိုးမြင့်၊ ကိုကိုလေး၊ ကိုတင်စော၊ ရဲဘော်လှဝင်းနဲ့ ကျောင်းသားခေါင်းဆောင် ကိုလှဖေ (ဦးတင့်ဇော်)၊ ဗိုလ်အုန်းမောင်(လေထီး)၊ သခင်ဖေဌေးစတဲ့ ပုဂ္ဂိုလ်တွေ ပါဝင် အပို့ခံရတယ်လို့ဆိုပါတယ် ။ မြန်မာနိုင်ငံကို နိုင်ငံရေးသင်းသတ်ဘို့ စတင်ကြိုးပမ်းမှုလို့လဲ ကျနော်တို့ဆိုနိုင်မှာ ဖြစ် ပါတယ်။

အိမ်စောင့်အစိုးရလက်ထက်မှာ စစ်တပ်စီးပွါးရေးကို ဗိုလ်အောင်ကြီးတို့ အဲဒီကာလကထဲက သရဲမရဲစီး စတင်လက်ဝါးကြိးအုပ် လုပ်ကိုင်ခဲ့ကြသလို ကြံ့ခိုင်ရေးအသင်းဆိုတာကိုလဲ ဖွဲ့ စည်းခဲ့တာတွေတွေ့ ကြရမှာပါ။ အဲဒီအချိန်က မြန်မာနိုင်ငံမှာ ဘီအီးဒီစီ BEDC ဆိုရင် လူတိုင်းသိပါ။ စီးပွါးရေးလုပ်ငန်းတိုင်းမှာလိုလို ပါလေရာငပိ ဖြစ်ခဲ့တယ်လို့ ဆရာဝင်းတင့်ထွန်းက ကောက်ချက်ချခဲ့ပါတယ်။ ဘီအီးဒီစီအရက်ကို နှစ်အတန်ကြာ မြန်မာ့အရက်သမားတွေအတွက် တပ်မတော်ကြီးက အရက် ချက်ရောင်းခဲ့တာလဲ ဖြစ်ပါတယ်။ ကျနော်သတိထားမိတာကတော့ မြန်မာ့တပ်မတော်အတွက် အဆိုးဝါးဆုံးသောဆုံးရှုံးမှု က ဗိုလ်နေ၀င်းရဲ့  စစ်တပ်ကို တလက်ကိုင်တပ် ဖြစ်အောင် လုပ်ခဲ့ခြင်းဘဲဖြစ်ပါတယ်။ ဗိုလ်နေ၀င်းဟာ တပ်ထဲမှာ တပ်ထုက လေးစားပြီး ယုံကြည်ကိုးစားတဲ့ တပ်မှူးတွေကို နှိပ်ကွပ်ဖယ်ရှားတာတွေကို အစီအစဉ်တကျလုပ်ခဲ့ပါတယ်။ အထူးသဖြင့် တပ်က ယုံကြည်ကိုးစားတဲ့သူတွေ၊ စစ်တိုက်ကောင်းတဲ့တပ်မှူးတွေ၊ လူထုက ထောက်ခံတဲ့သူတွေကို ပစ်မှတ်ထားလေ့ရှိတာ တွေ့ရပါတယ်။ ဆိုလိုတာက သူနဲ့ ပခုံးချင်းယှဉ်နိုင်မဲ့သူတွေကို မြန်မြန်ဆန်ဆန်ဖယ်ထုပ်ပြီး သူ့ကိုသစ္စာခံသူတွေကို နေရာပေး သူကောင်းပြုခြင်းဘဲ ဖြစ်ကြပါတယ်။ ဒီလိုတပ်မှူးကောင်းတွေနေရာမှာ အဖါးကောင်းတဲ့သူတွေ သူကိုယ်တိုင် ယုံကြည်စိတ်ချတဲ့သူတွေ ခပ်ထုံထုံလူတွေရှေ့တန်း ရောက်လာပြီး၊ ဗမာ့တပ်မတော်မှာ နေရာဟာ အရည်အချင်းပေါ် မူမတည်တော့ဘဲ ဦးနေ၀င်းအပေါ်သစ္စာခံမှုပေါ် မူတည်သွားခဲ့ရပါတော့တယ်။ ဒါဟာ ဗမာ့တပ်မတော်အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးလို့ ပြောရမှာ ဖြစ်သလို တပ်မတော်တရပ်အဖြစ်ကနေ အာဏာရှင်လက်ကိုင်တုတ် စစ်တပ်အဖြစ် ပြောင်းလဲသွားခဲ့ရခြင်းရဲ့  အကြောင်းရင်းတခုလို့ ပြောရမှာဖြစ်ပါတယ်။

အိမ်စောင့်အစိုးရကဦးစီးပြီး ၁၉၆၀ ခုနှစ် ဖေဖေါ်ဝါရီလ ၆ ရက်မှာ ပြည်သူ့လွှတ်တော်အတွက် ပါလီမန်အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ်။ အဓိက ယှဉ်ပြိုင်ကြတဲ့ ပါတီကြီးတွေကတော့ သန့်ရှင်း (ဖဆပလ) ၊ တည်မြဲ (ဖဆပလ) နဲ့ ပမညတ တို့ဖြစ်ပါတယ်။ တကယ် အကြိတ်အနယ်ယှဉ်ပြိုင်ကြတာကတော့ သန့်ရှင်းနဲ့ တည်မြဲတို့ဘဲဖြစ်ပါတယ်။ ဗိုလ်နေ၀င်း က စစ်တပ်ကို ဘက်မလိုက်ဘို့ အမိန့်တွေထုတ်ခဲ့ပေမဲ့ အောက်ခြေမှာတော့ စစ်တပ်က ပြောင်ပြောင်တင်းတင်းဘဲ ဘက် လိုက်ခဲ့တာ တွေ့ရပါတယ်။ လူထုက တည်မြဲရဲ့ နောက်မှာ စစ်တပ်ရှိနေတဲ့အတွက် မဲတွေ ကွဲမသွားအောင် သန့်ရှင်းကို ဖိမဲပေးခဲ့ကြပါတယ်။ တပြည်လုံးမှာ သန့်ရှင်းက အနိုင်ရသွားခဲ့ပါတယ်။ လူထုက အဲဒီအချိန်ကထဲက အိမ်စောင့်အစိုးရ ၂ နှစ်တာ ကာလအတွင်း စစ်တပ်ရဲ့ ပက်ပက်စက်စက် အနိုင်ကျင့်တဲ့လုပ်ရပ်တွေကို မုန်းတီးခဲ့တာပါ။ ဒီရွေးကောက်ပွဲလှုပ်ရှားမှုကြီးကို ဗိုလ်မှုးချူပ်ကျော်ဇောက “အသံမထွက်သော တော်လှန်ရေးတရပ်” အဖြစ်နိဂုံးချူပ်ထားခဲ့ပါတယ်။ (ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိပေါင်းချူပ်)။

အပိုင်း (၂) ဆက်ရေးပါဦးမည်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုအောင်မှိုင်း, ဝေဖန်ရေးရာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်