မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈၀) – အပိုင်း (၇၂)

May 15, 2018

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈၀) – အပိုင်း (၇၂)
(မိုးမခ) မေ ၁၅၊ ၂၀၁၈


● အစိုးရတပ်ဖွဲ့များ အင်အားအခြေအနေ (၁၉၇၇ ခုနှစ်)
၁၉၇၇ ခုနှစ်ပိုင်းတွင် ဦးနေဝင်းသည် မဆလပါတီနှင့် အစိုးရပိုင်းတွင် ပြောင်းလဲတာဝန်ယူထားသော်လည်း တပ်အားကောင်း စွာထိမ်းချုပ်ကိုင်တွယ်ထားနိုင်ဆဲဖြစ်သည်။ ထိုစဉ် တပ်၏ကာကွယ်ရေးဦးစီးချုပ်မှ ဗိုလ်ချုပ်ကြီးကျော်ထင်၊ ဒုဦးစီးချုပ်မှာ ဗိုလ်ချုပ်အေးကိုဖြစ်သည်။ CPB အပါ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ခိုက်ရန် ၁၉၇၂ ခုနှစ် ဇူလိုင် နှင့်သြဂုတ်လအတွင်းက စတင်ဖွဲ့စည်းခဲ့သော စစ်တိုင်းဌာနချုပ် ၉ ခုရှိပြီး တိုင်းမှူးများမှာ ဗိုလ်မှူးချုပ်များဖြစ်သည်။

အဆိုပါ စစ်တိုင်းဌာနချုပ် ၉ ခုမှာ
၁။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)၊ မြစ်ကြီးနား။
၂။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)၊ လားရှိုး။
၃။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)၊ တောင်ကြီး။
၎။ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)၊ မော်လမြိုင်။
၅။ ရန်ကုန်တိုင်းစစ်ဌာနချုပ် (ရကတ)၊ မင်္ဂလာဒုံ။
၆။ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)၊ ပုသိမ်။
၇။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၊ စစ်တွေ။
၈။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)၊ မန္တလေး။
၉။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)၊ တောင်ငူတို့ ဖြစ်ကြသည်။

တိုင်းစစ်ဌာနချုပ်များအောက်တွင် အများဆုံး တပ်ရင်း ၁၀ ရင်းအထိရှိပြီး ၎င်းတပ်ရင်းများအား အခြေချ စစ်ဗျူဟာ၊ လှုပ်ရှားစစ်ဗျူဟာများမှတဆင့်တိုင်းစစ်ဌာနချုပ်က ကွပ်ကဲသည်။ တိုင်းတတိုင်းတွင် ဗျူဟာ ၂ ခုမှ ၃ ခုထိရှိပြီး ဗျူဟာမှူးမှာ ဗိုလ် မှူးကြီးအဆင့်ရှိသည်။ တိုင်းတပ်များအပြင် တပ်မ ၄ ခုဖွဲ့စည်းထားခဲ့ပြီဖြစ်သည်။ ၁၉၆၆ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် တပ်မ ၇၇ ဌာန ချုပ်အား မှော်ဘီတွင်၎င်း၊ ၁၉၆၇ ခုနှစ် မေလ ၁ ရက်နေ့တွင် တပ်မ ၈၈ ဌာနချုပ်အား မကွေးတွင်၎င်း၊ ၁၉၆၈ ခုနှစ် မေလ ၂၀ ရက်နေ့တွင် တပ်မ ၉၉ ဌာနချုပ်အား မိတ္ထီလာတွင်၎င်း၊ ၁၉၇၆ ခုနှစ် သြဂုတ်လ ၂၈ ရက်တွင် တပ်မ ၆၆ဌာနချုပ်အား ပြည်မြို့တွင် ဖွဲ့စည်းထားရှိခဲ့သည်။ တပ်မမှူးမှာ ဗိုလ်မှူးကြီးအဆင့်ဖြစ်သည်။ ထိုစဉ်က ဒုတပ်မမှူးသီးခြားမရှိသေးဘဲ နည်း ဗျူဟာမှူးများသည် ဒုတပ်မမှူးများလည်းဖြစ်သည်။ တပ်မတခုတွင် နည်းဗျူဟာ ၃ ခု၊ ဗျူဟာမှူး ၃ ယောက်ရှိသည်။ ဗျူ ဟာ မှူးများသည်လည်း ဗိုလ်မှူးကြီးများပင်ဖြစ်သည်။ တာဝန် ဝါစဉ်သာကွာခြားသည်။ တပ်မတခုတွင် တပ်ရင်း ၁၀ ရင်းရှိပြီး ရင်းမှူးများမှာ ဒုဗိုလ်မှူးကြီးများဖြစ်ကြသည်။

စစ်တိုင်းဌာနချုပ်များအောက်ရှိ ခြေလျင်/ခြေမြန်/သနက တပ်ရင်းများသည် မိမိစစ်တိုင်းဧရိယာအတွင်း တာဝန်ယူရပြီး တိုင်းတပ်နှင့် ထိမ်းမနိုင်သော ဒေသများသို့ လှုပ်ရှားတပ်မများစေလွှတ်၍ စစ်ဆင်ရေးလုပ်ခဲ့သည်။ ထိုစဉ်ကာလ တပြည် လုံးတွင် တိုက်ခိုက်ရေးတပ်ရင်းအနေနှင့် ခြေလျင်တပ်ရင်း (ခလရ)၊ ခြေမြန်တပ်ရင်း (ခမရ)၊ သေနတ်ကိုင်တပ်ရင်း (သနက) စုစုပေါင်း ၁၀၀ ဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းရသည်။ ကြည်းရေလေစစ်အင်အား တသိန်းမှ တသိန်း ခွဲကြားတွင်ရှိမည်ဟု ခန့်မှန်းရပါသည်။

တိုက်ခိုက်ရေးတပ်ရင်းများတွင် ရင်းဌာနချုပ်၊ တပ်ခွဲ ၅ ခွဲ၊ လက်နက်ကြီးတပ်ခွဲတို့ပါဝင်ပြီး စစ်ကြောင်း ၂ ကြောင်းခွဲ၍ လှု ပ် ရှားပါက ရင်းမှူးဦးစီးစစ်ကြောင်း ၁ (စက ၁) တွင် ခွဲ ၃ ခွဲ၊ ဒုရင်းမှူးဦးစီး စစ်ကြောင်း ၂ (စက ၂) တွင် တပ်ခွဲ ၂ ခွဲပါဝင် လေ့ရှိသည်။ တပ်ရင်းများ၏အင်အားဖွဲ့စည်းပုံမှာ ပုံမှန် ၇၀၀ ကျော်ရှိပြီး မှန်တမ်းစစ်ထွက်အင်အားမှာ ၅၀၀ ခန့်ရှိပါသည်။ ထိုစဉ်ကလက်နက်တပ်ဆင်မှုမှာ ဂျီ ၃၊ ဂျီ ၄ ဟု လူသိများသော BA ၆၃၊ BA ၆၄ နှင့် BA ၆၂ တို့အား ချေမှုန်းရေးရိုင်ဖယ် အဖြစ်တပ်ဆင်ထားပြီး တပ်စုအဆင့်တွင် ၄၀ မမ လက်ထောက်မော်တာ၊ ၂ လက်မစိန်ပြောင်းတို့ တပ်ဆင်ထားသည်။ တပ်ခွဲအဆင့်တွင် စက်လတ်တပ်ဆင်သည်။ တပ်ရင်းလက်နက်ကြီး တပ်ခွဲတွင် ၇၅ မမ နောက်ပွင့်၊ ၈၁ မမ မော်တာ၊ ၃ လက်မ စိန်ပြောင်းတို့ တပ်ဆင်ထားသည်။

တိုင်းဌာနချုပ်တွင် ၁၀၅ မမ၊ ၁၂၀ မမ တို့တပ်ဆင်ထားသည့် အမြောက်တပ်ရင်း၊ သံချပ်ကာကားတပ်ဖွဲ့တို့ထားရှိပြီး တိုင်း ဌာနချုပ်စစ်နယ်မြေ အလိုက်ဖြန့်ခွဲသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ်နှင့်တွဲ၍ ထောက်ပို့၊ ဆက်သွယ်ရေး၊ စစ်မြေပြင်အင်ဂျ င် နီယာတပ်ဖွဲ့၊ ဝန်တင်လားတပ်၊ မော်တော်ယဉ်တပ်၊ ဆေးတပ်၊ တပ်ထိန်းစသည့် စစ်လက်ရုံးတပ်ဖွဲ့များ ကောင်းစွာဖွဲ့ စည်းထားပြီး စစ်မြေပြင်တိုက်ခိုက်ရေးတပ်ရင်းများ၏ စစ်ဆင်ရေးများကို ကောင်းစွာ ထောက်ပံ့ပေးနိုင်သည့်အခြေအနေရှိသည်။ ထို့ပြင် ထိုစဉ်က တပြည်လုံးတွင် စစ်ထောက်လှမ်းရေးတပ် ၇ တပ်ဖွဲ့စည်းထားရှိပြီး တိုင်းစစ်ဌာနချုပ်နယ်မြေ ၉ ခု တွင် ဖြန့်ခွဲထားရှိသည်။

တပ်မများအား ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တိုက်ရိုက်ကိုင်တွယ်သည်။ စစ်ဆင်ရေးဝင်ချိန်၌ တိုင်းစစ်ဌာနချုပ်လက်အောက်ခံဖြစ်သည်ဆိုသော်လည်း တပ်မ၏စစ်ဆင်ရေးကို ကကကြည်းခေါ် ကာကွယ်ရေးဦးစီးချုပ် ကြည်းရုံး ကတိုက်ရိုက်ကွပ်ကဲ လေ့ရှိသည်။

ခြေလျင်ကြည်းတပ်ဖွဲ့အပြင် တပ်မတော် လေ အားလည်း ကြည်းတပ်စစ်ဆင်ရေးများကို ထောက်ကူပြု ရန်ဖွဲ့စည်းထားရှိနိုင်ခဲ့ သည်။ ၁၉၆၇ ခုနှစ်ခန့်ကပင် မင်္ဂလာဒုံ၊ မှော်ဘီ၊ မိတ္ထီလာတို့တွင် ၅၀၁/၅၀၂/၅၀၃ လေတပ်စခန်းများဖွင့်လှစ်ထားရှိခဲ့ပြီးဖြစ်သည်။ ထိုအတူ နမ့်စမ်၊ လွယ်မွေ၊ ကွတ်ခိုင်၊ မှော်ဘီတို့တွင် အမှတ် ၇၁/၇၂/၇၃/၇၄ အုပ်စသည့် ရေဒါစခန်းများလည်း ဖွင့် လှစ်ထားရှိပြီးဖြစ်သည်။ ထို့ပြင် ၁၉၇၀ နှစ်မှစ၍ လားရှိုးတွင် လေတပ်ဆွယ်တခု ဖွင့်လှစ်ခဲ့သည်။ အလားတူပင် မြစ်ကြီးနား တွင်လည်း လေတပ်ဆွယ် (သို့မဟုတ်) လေ့ကျင့်ရေးသင်တန်းကျောင်း ဖွင့်လှစ်ထားရှိသည်။

တပ်မတော်လေအနေနှင့် စစ်မြေပြင်တွင် ပစ်ကူပေးရာ၌ ဗုံးကြဲခြင်း၊စက်သေနတ်နှင့်ပစ်ခြင်း၊ ဒုံးကျည်နှင့်ပစ်ခြင်းတို့အား အဓိကအားဖြင့် တီ ၃၃၊ ပီစီ ၆၊ ပီစီ ၇ လေယာဉ်အမျိုးအစားများကို အသုံးပြု၍ တိုက်ခိုက်ကြသည်။ထို့ပြင် ဘဲလ် ၂၀၅ အေ ၁ နှင့် အဲလူးဝက်အမျိုးအစားရဟတ်ယဉ်များအပါရဟတ်များကို အသုံးပြု၍ ရိက္ခာခဲယမ်းထောက်ပံ့ခြင်း၊ လူနာသယ်ပို့ခြင်းတို့ ပြုလုပ်ပေးနိုင်ခဲ့ကြသည်။

တပ်မတော်ရေဖွဲ့စည်းထားသော်လည်း တောင်တန်းဒေသတိုက်ပွဲများတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိပါ။ ယခင် မြစ်ဝကျွန်းပေါ်နှင့် ပြည်နယ်စစ်ဆင်ရေးများတွင် တစုံတရာပါဝင်ခြင်းရှိခဲ့သည်။ သို့သော် အစိုးရတပ်များအတွက်အရေးပါသော အခြား အဖွဲ့မှာ ပြည်သူ့စစ်၊ သောင်ကျန်းသူဆန့်ကျင်ရေးအဖွဲ့၊ ကာကွယ်ရေးစသည့် အမည်မျိုးစုံနှင့် ဖွဲ့စည်းထားသော ပြည်သူ့ စစ်များ ဖြစ်သည်။ ပြည်သူ့စစ်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ၁၉၆၄ တပ်မှူးများညီလာခံကအစပြု၍ ဖွဲ့စည်းခဲ့သည်။ ပြည်သူ့စစ် အင်အား၏ သုံးချိုးတချိုးအား လက်နက်တပ်ဆင်ပေးသည့် မူဝါဒချမှတ်ထားခဲ့သည်။ မြစ်ဝကျွန်းပေါ်၊ ပဲခူးရိုးမစသည့်ဒေ သများ၌ ဖြတ်လေးဖြတ်ဆင်နွှဲရာတွင် ပြည်သူ့စစ်များကို ဝိုင်းပတ်ပိတ်ဆို့ရာတွင် အဓိကထား၍ သုံးစွဲခဲ့သည်။ မြန်မာစစ်ဖက်၏ တရားဝင်ထုတ်ပြန်သည့် မှတ်တမ်းများအရ ၁၉၇၄ အထိ မြို့နယ် ၂၀၂ မြို့နယ်ရှိ ကျေးရွာ ၁၈၃၁ ရွာတွင် ပြည်သူ့စစ်အဖွဲ့ ဝင်ပေါင်း ၆၇၇၃၆ ဦးရှိပြီး ရိုင်ဖယ်၊ စတင်း၊ နှစ်လုံးပြူး စသည့်လက်နက်မျိုးစုံ ၁၅၂၂၇ လက် တပ်ဆင်ထားနိုင်ခဲ့သည်ဟု ဆိုပါသည်။

အစိုးရတပ်ဖွဲ့၏ စိတ်ဓါတ်နှင့်တည်ဆောက်မှုအခြေအနေထိုစဉ်ကာလက တပ်ကို ခေါင်းဆောင်ထိမ်းချုပ်ထားသူမှာ ဗိုလ်နေ ဝင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဗိုလ်နေဝင်းသည် စစ်မတိုင်မီက သခင်နိုင်ငံရေးသမားတယောက်၊ ဗမာ့တပ်မတော် စတင်ဖွဲ့စည်းသည့် ရဲဘော်သုံးကျိပ်ဝင်တယောက်ဖြစ်သည့်ပြင် တပ်တွင် သူနှင့် ခေတ်ပြိုင်မရှိသောသူဖြစ်နေသည်။ တပ် တွင်း၌ အစဉ်အလာနှင့်သြဇာရှိသည်။ ပြည်မဒေသများဖြစ်သောပဲခူးရိုးမ၊ မြစ်ဝကျွန်းပေါ်၊ မသုံးလုံးဒေသ၊ မြစ်ဖျားတိုင်း (ပင်လယ်ဗူး၊ ဗန်းမောက်ဒေသ) တို့တွင် လက်နက်ကိုင်ပုန်ကန်မှုများကို အောင်နိုင်ထားသည်။ သို့ဖြစ်ရာ တပ်ထဲတွင် အရှိန် သြဇာရှိသည်။ သူ၏အရှိန်သြဇာနှင့် တပ်တွင်းရှိအရာရှိအဆင့်ဆင့်အား စည်းကမ်းတင်းကြပ်စွာ ကိုင်ထားနိုင်သည်။ အလား တူပင် သူ၏စစ်တပ်သည်လည်း ပဲခူးရိုးမ၊ မြစ်ဝကျွန်းပေါ်ဒေသ၊ မြစ်ဖျားတိုင်း၊ မသုံးလုံးဒေသတို့တွင် ကွန်မြူနစ်တို့အား အောင်နိုင်ထားသည့်အပေါ်တွင် စစ်ရေးအရ မာန်ရှိနေသည်ကလည်း လက်တွေ့ကျသည့်အခြေအနေပင်ဖြစ်ပါသည်။

အစိုးရ တပ်အတွင်း ထိုစဉ်ကာလက အရာရှိဖြစ်နေသူများ ဗိုလ်သင်တန်းတက်၍ စစ်ထဲဝင်သူအများစုမှာ အမျိုးသားရေးစိတ်၊ ကွန်မြူနစ်ဆန့်ကျင်ရေးစိတ်၊ ပြည်တွင်းပုန်ကန်ထကြွမှုများကို ဆန့်ကျင်သည့်စိတ်၊ စစ်တိုက်ချင်သည့် စစ်သားစိတ်ဖြင့် ဝင် လာကြသူများဖြစ်သည်။ သို့ဖြစ်ရာ ထိုစစ်ဗိုလ်များတွင် တိုက်စိတ်ခိုက်စိတ်ရှိနေသည်။ ကရင်လက်နက်ကိုင်များ၏ တိုက် ခိုက်မှုအား တုန့်ပြန်သည့် အင်းစိန်တိုက်ပွဲတွင် တက္ကသိုလ်အရံတပ်ရင်းမှ ကျောင်းသားဝင်ရောက်တိုက်ခိုက်ခြင်းတွင် ဗမာ အမျိုးသားစိတ်ကို တွေ့ရသကဲ့သို့ ၁၉၆၈ ခုနှစ် CPB အရှေ့မြောက်ဒေသအား တရုတ်တို့ကူညီအားပေးခြင်း၊ တရုတ်ပြည်သား များဝင်ရောက်ကူညီတိုက်ခိုက်ခြင်းတို့ကြောင့် အစိုးရတပ်အတွင် အမျိုးသားစိတ်သည် မြင့်တက်နေသည်။ ဤသို့အမျိုးသားစိတ်မြင့်တက်နေခြင်းသည်ပင် တပ်၏တိုက်စိတ်ခိုက်စိတ်ကို မြင့်တက်စေသည်။

ထိုစဉ်က အစိုးရတပ်တွင်းသို့ဝင်ရောက်လာသသည့် အောက်ခြေတပ်သားများမှာ ဗမာကျေးလက်လူငယ်များဖြစ်သည်။ ထို စဉ်ကာလက မြန်မာပြည်စီးပွားရေးမှာ ဆိုရှယ်လစ်စနစ်ဖြစ်သဖြင့် ကျေးလက်လူငယ်များ မြို့ပေါ်တက်လာပါက အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည်။ လဘက်ရည်ဆိုင်နှင့် မော်တော်ယဉ်ပြင်အလုပ်ရုံမျှသာ အလုပ်အကိုင်ရှိသည်။ အိမ်နီးချင်း နိုင်ငံများမှာလည်း ဖွံ့ဖြိုးတိုးတက်ခြင်းမရှိသေးသဖြင့် နိုင်ငံခြားအလုပ် အကိုင်အခွင့်အလမ်းမှာလည်း မရှိသေးပေ။ သို့ဖြစ်ရာ ကျေးလက်လူငယ်များ အတွက် စစ်မှုထမ်းခြင်းသည် အကောင်းဆုံးထွက်ပေါက်ဖြစ်နေသည်။ ထိုကာလက တပ်တွင်းရိက္ခာ၊ ထောက်ပံ့မှုစနစ်၊ အိုးအိမ်အဆောက်အအုံ၊ ကျန်းမာရေးကုသမှုတို့မှာ စစ်မှုထမ်းတို့အတွက် ကျေနပ်ဖွယ်အနေအထားတွင် ရှိနေသေးသည်ဖြစ်ရာ စစ်တပ်အတွက် စစ်သားရေသောက်မြစ် ပေါများသည့်ကာလဖြစ်သည်။ ထို့ပြင် ကျေးလက်မှလူငယ်များ သည် မူလကထဲက အဆင်းရဲအပင်ပမ်းခံနိုင်သူများဖြစ်ကြရာ စစ်သင်တန်းတွင် လေ့ကျင့်ပေးပြီး နောက်ပိုင်း တောတောင်များ အတွင် အကြမ်းပတမ်းခံနိုင်ရည်ရှိသည့် စစ်သားများ ဖြစ်လာတော့သည်။

သို့ဖြစ်ရာ မြန်မာအစိုးရစစ်တပ်တွင် အရာရှိများကလည်း တိုက်စိတ်ခိုက် စိတ်ရှိနေသည့်ပြင် တပ်သားများကလည်း အပင် ပမ်းခံနိုင်သည့်အနေအထား ရှိသည်။ ထို့ပြင် အရာရှိနှင့်တပ်သားများကြားတွင် ဆင်းရဲချမ်းသာ ကွာဟမှုမကြီးပေ။ ဗိုလ်နေ ဝင်း၏အရှိန်သြဇာနှင့် စည်းကမ်းပိုင်းအရ ကိုင်တွယ်နိုင်သေးရာ တပ်တွင်းအရာရှိများအတွင်း လာဘ်စားမှုနှင့် လွန်စွာချမ်းသာ ကြွယ်ဝမှု မရှိသေးပေ။ သို့ဖြစ်ရာ အစိုးရတပ်အတွင်း တပ်မှူးတပ်သားဆက်ဆရေးကောင်းမွန်သေးသည့်ကာလဖြစ်သည်။ တပ်တွင်းစည်းလုံးမှုကောင်းသည်ဟု ဆိုရမည်။ ထို့ပြင် CPB အား တရုတ်က ကူညီနေသည့်အခြေအနေနှင့် CPB တွင် တရုတ်ပြန်များနှင့် တရုတ်ပြည်သားအချို့ ဝင်ရောက်တိုက်ခိုက်နေသည် ပကတိအခြေအနေပေါ်ထောက်ပြ၍ တပ်အား အမျိုးသားရေးအရ လှုံ့ဆော်ပေးထားနိုင်သည်။ (လွန်ကြူးသည့်လှုံ့ဆော်မှုများ ပါကောင်းပါမည်ဖြစ်သော်လည်း) အမျိုးသား ရေးလှုံ့ဆော်မှုသည် လူမျိုးတိုင်းအတွက် သွေးဆူလွယ်စေသည့် လှုံ့ဆော်မှုဖြစ်သကဲ့သို့ စိတ်ဓါတ်အဟုန်ကိုလည်း လွန်စွာ တက်ကြွစေသည်ဆိုသည်ကတော့ ငြင်းပယ်၍ မရနိုင်ပေ။

တပ်မတော်တွင် ရှိသည့်အားနည်းတခုမှာ စစ်တပ်အတွင်း အရာရှိအဆင့်ဖြစ်စေ၊ အခြားအဆင့်ဖြစ်စေတွင် တိုင်းရင်းသား လူငယ်များ ပါဝင်နှုန်း လျော့ကျ လာနေခြင်းဖြစ်သည်။ သို့သော်ထိုစဉ်ကာလက အခြားအဆင့်ဟုဆိုသည့် တပ်သားများ အတွင်း ချင်းက အများဆုံးပါဝင်နေဆဲဖြစ်ပြီး ရခိုင်က ဒုတိယနေရာတွင်ရှိနေသေးသည်။ အခြားတိုင်းရင်းသားများ ပါဝင်မှု ကတော့အတော်လေးလျော့ကျ သွားပြီဖြစ်သည်။ ဤသို့လျော့ကျမှုသည် ပဲခူးရိုးမ၊ မြစ်ဝကျွန်းပေါ်ဒေသများ၊ ဗမာစကားပြော ၍ရသေးသည့် ပြဿနာမရှိသော်လည်း ဗမာစကားမတတ်သည့် တိုင်းရင်းသားဒေသများတွင် အခက်အခဲရှိသည်။ လူထု စည်းရုံးရေး၊ မြေပြင်သတင်းထောက်လှမ်းရေးတို့တွင် အခက်အခဲရှိသည်။ ၎င်းဟာကွက်ကို ဌာနေတိုင်းရင်းသား ပြည်သူ့ စစ်အဖွဲ့များ ဖွဲ့စည်း၍ အစားထိုးထားသည်ကို တွေ့ရသည်။

ထို့ပြင်စစ်တပ်သည် လေ့ကျင့်သားပြည့်ဝအောင် စစ်ကျောင်းများဖွင့်လှစ်၍ စစ်သင်တန်းများပေးထားနိုင်ပြီဖြစ်သည်။ အခြား အဆင့်များအတွက် အခြေခံစစ်သင်တန်းအား ၆ လခန့်ပေးထားသကဲ့သို့ အကြပ်ငယ်၊ အကြပ်ကြီးစသဖြင့် အဆင့်ဆင့် သင်တန်းများ၊ မွမ်းမံသင်တန်းများဖွင့်လှစ်ထားရှိနိုင်သည်။ အရာရှိများအတွက် စစ်တက္ကသိုလ်၊ ဗိုလ်သင်တန်းကျောင်း၊ တပ်စုမှူးတပ်ခွဲမှူးသင်တန်းများမှသည် စစ်ဦးစီးတက္ကသိုလ်အထိ အဆင့်ဆင့် လေ့ကျင့်သင်တန်းပေးထားပြီး စစ်ရေးအရ လေ့ကျင့်သားပြည့်ဝအောင် စစ်တပ်အားတည်ဆောက်ထားရှိသည်။ အရှေ့မြောက် CPB တပ်ဖွဲ့များ၊ တိုင်းရင်း သားလက် နက်ကိုင်များထက် အစိုးရစစ်တပ်က အားသာသည်မှာ လေကျင့်ရေး၊ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတို့ အပြင် လက်ရုံးတပ်များ ဖွဲ့စည်းထားရှိခြင်းနှင့် ခေတ်မှီနည်းပညာပိုင်းတို့တွင် ဖြစ်ပေသည်။

တပ်သည်သူ၏ရည်မှန်းချက်ပေါက်မြောက်အောင်မြင်အောင် လက်နက်ကိုင်အဖွဲ့များအားဖြိုခွဲနိုင်ရန် စိတ်ဓါတ်စစ်ဆင်ရေးတပ်ဖွဲ့ကိုဖွဲ့စည်းထားရှိသည်။ စစ်ရေးအရသာမက စိတ်ဓါတ်ရေးရာအရပါ စစ်ဆင်ခဲ့သည်။

စစ်တပ်၏အဓိကခေါင်းဆောင်ဖြစ်သည့် ဗိုလ်နေဝင်းမှာ စစ်ကြိုခေတ်က သခင်တယောက်ဖြစ်သည့်အားလျော်စွာ မြို့ပေါ် နိုင်ငံရေးသမားအချို့အား သူ့ဘက်ပါအောင် သိမ်းသွင်းထားနိုင်သည်။ တဖက်တွင်လည်း အရှေ့မြောက်တွင် တရုတ်၏ အကူအညီနှင့် ကွန်မြူနစ်တို့ အင်ကြီးအားကြီး ဖြစ်လာသည့်အခြေအနေအားတန်ပြန်နိုင်ရန်အတွက် အမေရိကန်နှင့် အနောက်အုပ်စုကလည်း ဗိုလ်နေဝင်းအား စစ်လက်နက်ခဲယမ်းများ လေယဉ်များရောင်းချ ပေးခဲ့သကဲ့သို့ မူးယစ်ဆေးဝါးနှိမ် နင်းရေးဟူသော ခေါင်းစဉ်အောက်တွင် ရဟတ်ယဉ်များအပါအကူအညီများရရှိခဲ့သည်။

ဆိုလိုချင်သည်မှာ မိမိတို့က နိုင်ငံရေးအရ ဗိုလ်နေဝင်းသည် စစ်အာဏာရှင်ဖြစ်သည် လူထုကလည်းဆန့်ကျင်သည်။ ဗိုလ် နေဝင်းအစိုးရအား လက်နက်ကိုင်တော်လှန်မည်ဟု ဆုံးဖြတ်လုပ်ကိုင်ခဲ့ကြသည်။ လက်တွေ့အရဗိုလ်နေဝင်း၏ ကျော ထောက်နောက်ခံဖြစ်သည် စစ်တပ်သည် အင်အားတစုံတရာတောင့်တင်းသည်ဆိုသည်ကတော့ ရှောင်လွှဲ၍မရသည့် လက် တွေ့အခြေအနေဖြစ်သည်။ ယခင် မော်စီတုန်းက အမေရိကန်နယ်ချဲ့ဆန့်ကျင်ရေးကြွေးကြော်စဉ်က ဆိုခဲ့ဘူးသည်။ အမေ ရိကန်နယ်ချဲ့သမားသည် စက္ကူကျားလည်းဖြစ်သည်။ တကယ့်ကျားလည်းဖြစ်သည်ဟု ဆိုခဲ့ဘူးသည်။ နိုင်ငံရေးအရ စိတ် ဓါတ်ခွန်အားအရ ရန်သူ သို့မဟုတ် ပြိုင်ဘက်အား စက္ကူကျားအဖြစ် သဘောထားနိုင်သော်လည်း လက်တွေ့ရင် ဆိုင်ရာတွင် အထင်မြင်မသေးဘဲ တကယ့်ကျားဖြစ်သည်ဆိုသည်ကို ဂရုပြုနိုင်ရန်ဆိုလိုခြင်းဖြစ်သည်။ အလားတူပင် မိမိတို့ ယခုရင် ဆိုင်ရမည့် ပြိုင်ဘက်သည့် လျှော့တွက်၍မရသည့် တကယ့်ကျားလည်းဖြစ်သည်ဟု ဆိုရပါမည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်