ဝင်းအောင်ကြီး (မောင်အောင်မွန်) – သတင်းစာပီသာလျှင် စာတတ်သူတိုင်းဖတ်ကြသည်

May 16, 2018

ဝင်းအောင်ကြီး (မောင်အောင်) – သတင်းစာပီသာလျှင် စာတတ်သူတိုင်းဖတ်ကြသည်
ကျွန်တော်တွေးမိသလိုရေးပါမည် (၃၃၅)
(မိုးမခ) မေ ၁၆၊ ၂၀၁၈


(၁)
အမေရိကန်သမ္မတာ ဂျက်ဖာဆန်က သူ့အား အစိုးရသာရှိပြီး သတင်းစာမရှိသည့်တိုင်းပြည်နှင့် သတင်းစာများသာရှိပြီး အစိုးရမရှိသည့်တိုင်းပြည် ဘယ်သင်းကို ယူမည်နည်ဟု မေးလာလျှင် ဒုတိယကိုယူမည်၊ အဘယ့်ကြောင့်ဆိုသော် တိုင်းပြည်အတွက် သတင်းစာက အစိုးရထက် ပိုအရေးပါ ပိုသစ္စာရှိသောကြောင့်ဟု ရေးသားဖူး၏။

(၂)

မြန်မာပြည်တွင် သတင်းစာကောင်းများရှိခဲ့ဖူး၍ ဖတ်ကြပုံရေးပါမည်။
ကျွန်တော့်အဖွားသည် စာမဖတ်တတ်ပါ။ ရွာ၏ဈေးထဲက ဆိုင်များ၊ ပျံကျဈေးသည်များထံမှ အခွန်ကောက်ခွင့် ကန်ထရိုက်၊ ရွာနှင့်ငါးမိုင်ခန့်ဝေးသော ကျောက်ထုစခန်းရှိ အကျဉ်းထောင်သို့ စားနပ်ရိက္ခာ တင်သွင်းခွင့် ကန်ထရိုက်များကို အခြားအမျိုးသားကြီးများနှင့် အပြိုင်လေလံစွဲရသောကြောင့်၊ အင်္ဂလိပ်အရေးပိုင်နှင့် ပြောဆိုဆက်ဆံရ၏။ တော်ပါသေးသည် အဲဒီမျက်နှာဖြူကြီးတွေက ဗမာလိုပြောတတ် ဆိုတတ်လို့။
ကကြီးခခွေး မတတ်သောအဖွား သူ့နာမည်တော့ ရေးတတ်သည်။ မရေးတတ်လို့မဖြစ်၊ ကန်ထရိုက်စာချုပ်သည့်အခါ လက်မှတ်ထိုးရမည်မဟုတ်ပါလား။
အဲဒါက အင်္ဂလိပ်ခေတ်ကပါ။

(၃)
ဒုတိယကမ္ဘာစစ်ကြီးပြီးသွားပြီ။
ရွာမှာ ခရမ်းချဉ်သီးတွေ လှိုင်လှိုင်ပေါ်ပြီဆို တပိဿာ ၂၅ ပြားလောက်အထိသာရှိ၊ အကုန်သိမ်းဝယ် မီးရထားနှင့် ရန်ကုန်ပို့၏။ မချစ်စုသရက်သီး မစိမ်းတစိမ်း အလုံးလှလှများ သရက်သီးတုံးသွားပြီဖြစ်သော မော်လမြိုင်ကို ရောက်တော့ ၀ါဝါ၀င်း ဈေးကောင်းလည်းရ၊ အဲဒါအဖွားလုပ်နေကျ။
ထိုသို့အကွက်မြင်၊ ပါးနပ်သည့် ကျနော့အဖွား စာမတတ်ဟုမသိကြ၊ သိလျှင်လည်း မယုံချင်ကြ။ ထိုသို့ မယုံသည့်ထဲ ကျွန်တော်လည်းပါပြီး သိရသည်က ဒီလိုပါ။ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ထွက်ပြေးကြပြီး ရွာကိုပြန်ရောက်လာသည့် ၁၉၄၆ ခုနှစ်၊ ကျနော်က ဒုတိယတန်းကျောင်းသား။

(၄)
အဖွားက ရန်ကုန်သတင်းစာကို လပေးနှင့်ဝယ်သည်၊ သတင်းစာပို့သမားလေး သံချောင်းအား အပိုမုန့်ဖိုးပေးထား၍၊ မီးရထားဆိုက်၍ သတင်းစာထုပ်ကြီး သွားယူပြီး အိမ်ကိုအရင်ဆုံး ရောက်လာ၏။ စာတော်ဖတ်က အဖွား၏မောင်အငယ် အဖိုးလေးဦးအောင်ရွှေ။ အဖွားကပက်လက်ကုလားးထိုင်ပေါ် ဇီမ်ကျကျ ထိုင်ကာနားထောင်သည်၊ အဲဒါမဖတ်နဲ့ဆို အဖိုးလေးက ကျော်သွား၊ ဟဲ့ မြို့မမောင် ပြောတာ ပြန်ဖတ်စမ်း၊ အင်း စပ်စုကတော့ နာမည်နဲ့လိုက်အောင် နှိုက်နှိုက်ချွတ်ချွတ်ပဲဟု အဖွားပြောသံလည်း ကျွန်တော်ကြားနေကျ။ ကျေနပ်သွားလျှင် ကျပ်ပြားတစ်ပြားပေး၊ အဖိုးလေးပြန်သွား၊ အဲဒါနေ့စဉ်နေ့တိုင်း တစ်ရက်မှမနား။ ရွာထဲ တခြားဘယ်အိမ် ဘာသတင်းစာဝယ်သည်ကို ကျွန်တော်မသိ၊

ကျွန်တော့်အဒေါ်ကတော့ ဟံသာဝတီ သတင်းစာလပေးနှင့်ယူ၏။ အဖွားသည် ဖဆပလ ကိုလည်းသိ၊ ဗိုလ်ချုပ်အောင်ဆန်း ကိုလည်းနားလည်၊ နိုင်ငံရေးကိုလည်း တီးမိခေါက်မိ၏။ ကြည့်ပါ၊ ရွာထဲက အဖွားရဲ့ တူလိုခင်မင်သော ဦးလေးသန်းက သူ့ကိုယ်သူကွန်မြူနစ်လို့ ပြောပြောနေ၍၊ နင့်ကိုယ်နင် သခင်စိုး များမှတ်နေလားဟု ပြောတတ်သည်အထိ။

စာမတတ်ဘဲ လူရည်လည် သြဇာကြီးမား၊ အာဂအမျိုးသမီးကြီး သတင်းစာဖတ်၍ တော်ခြင်းလော သို့တည်းမဟုတ် တော်၍သတင်းစာဖတ်ခြင်းလော။


(၅)
၁၉၄၉ ခု၊ ကျနော်တို့ရွာကို KNDO တပ်များသိမ်းလိုက်၍ ပဲခူးသို့ ထွက်ပြေးကြရသည်။ ကျွန်တော်တို့ငှါးနေသောအိမ်တွင် မြန်မာ့အလင်းသတင်းစာဝယ် သောကြောင့် ဖတ်ရ၏။ အဖိုးလေးကိုယ်စား အဖွားအား ကျွန်တ်ေဖတ်ပြရသော်လည်း တစ်ကျပ်မရ။ ကိစ္စမရှိ၊ မြန်မာ့အလင်းသည် ကျွန်တော်ပထမဆုံး ပုံမှန်ဖတ်သည့် သတင်းစာဖြစ်လာပြီ။

၁၉၅၃ ခု၊ ကျွန်တော် ရန်ကုန်တက္ကသိုလ်ရောက်တော့ သထုံဆောင်မှာနေရ၏။ သဟာယနှင့်စာဖတ်အသင်းက မြန်မာသတင်းစာ ၄ စောင်နှင့် အင်္ဂလိပ်သတင်းစာ ၂ စောင်ဝယ်၍၊ပိုစုံစွာ ဖတ်ကြရသည်။ မနက်စောစော သတင်းစအလာကို အဆောင်ဆင်ဝင်အောက်ကနေ သွားတိုက်ရင်း စောင့်ဖတ်ကြသူများကို တွေ့သောအခါ၊ ပထမတော့ အံ့သြသလိုဖြစ်မိသား၊ နောက်တော့ ကျွန်တော်လည်း အဲဒီထဲပါလာပြီ။


ကျွန်တော်တို့ခေတ်က မြန်မာပြည်မှာ သတင်းစာတွေက စုံလှပါဘိ၊ များလှပါ၏။
တကသ စာကြည့်တိုက်ကို သွားလျှင်မူ မန္တလေးကထုတ်သည့် လူထု သတင်းစာလို အဆောင်တွေမှာ မတွေ့ရသော သတင်းစာများဖတ်ရသည်။ ဗန်းမော်တင်အောင်ရဲ့ လင်းယုန်သတင်းစာပင် ဖတ်ဖူးလိုက်သည်။ ကျွန်တော်က ဘောလုံးပွဲ ၀ါသနာပါသောကြောင့်၊ ဘောလုံးသတင်း အလွန်အရေးကောင်းသော The Nation ကို ကြိုးစားးဖတ်ရင်း အင်္ဂလိပ်သတင်းစာနှင့် နီးစပ်လာပြီ။

စာသင်ခန်းသို့အသွား စင်္ကြန်ဘေးမှာ သတင်းစာအထပ်လိုက်ပုံထား၊ တစောင် ၂၅ ပြား၊ ချထားသည့် ပိုက်ဆံခွက်ထဲ ပိုက်ဆံထည့်သွားစနစ်နှင့် သတင်းစာရောင်းသည်ကို ၀ယ်ဖတ်ကြသူတွေကလည်းမရှား။ လက်ဖက်ရည်ဆိုင်မှာ သတင်းစာထား၊ ဆိုက်ကာသမားကလည်း ခရီးသည်စောင့်ရင်း သတင်းစာဖတ်လို့။

(၆)
၁၉၆၅ ခု၊ Radio Moscow မှာအလုပ်လုပ်ဖို့အသွား လေယာဉ်မယ်က သတင်းစာများလိုက်ပေး၍ ကာရာချီလေဆိပ်၌ ခဏရပ်နားချိန်လေးမှာပင် ခရီးသည်အချို့ သတင်းစာဖတ်နေလိုက်ကြသေး။ မော်စကိုမြို့သို့ ရောက်သွားတော့လည်း သတင်းစာဝယ်ဖို့ တန်းစီနေကြသူသည်မှာ အရှည်ကြီး။ ကျွန်တော်က ရုရှလိုမဖတ်တတ်၊ ပညာသင်ကျောင်းသားများ သင်းပေးထားလို့ ရာသီဥတုနှင့်ဘောလုံးပွဲ သတင်းကို၊ လမ်းထိပ်တိုင်းမှာ ကပ်ပေးထားသည့် Isveztia သတင်းစာထဲဖတ်ရသည်။

၁၉၆၈ ခု၊ လန်ဒန်ကိုရောက်သွားတော့ ဘိလပ်သားများနည်းတူ Time သတင်းစာကို Height Park ပန်းခြံထိုင်ခုံမှာ စတိုင်ကျကျဖတ်နေစဉ် သံရုံးမှ ဦးဖေမြင့်အောင် ရိုက်ပေးသည့် ကျနော့ဓာတ်ပုံ တမြတ်တနိုးသိမ်းထားသည်မှာ ယခုတိုင်ရှိသေး၏။

(၇)

ကောက်ချက်ချမိသည်က ဒီလိုပါ။

လူရှိလျှင် သတင်းရှိ၏။ လူသည်လူ့သတင်း သိချင်၏။ စာတတ်သူသည် စာဖတ်၏။ လူ့သတင်းဖတ်ချင်၏။ သည်လိုနှင့်သတင်းစာ ပေါ်လာခြင်းဖြစ်ပေလိမ့်မည်။ လူတယောက် အသက်ရှင်ရန် စားဖို့ထမင်း သောက်ဖို့ရေ၊ ရှူဖို့လေ တို့မရှိလို့မဖြစ်။

ထို့ကြောင့် စာတတ်သူများ သတင်းစာဖတ်ကြခြင်းဖြစ်သည်။

သို့သော် သတင်းစာဟူသည် သတင်စာအင်္ဂါရပ်နှင့်ညီ သတင်းစာပီသဖို့တော့ လိုသည်ဟုလည်း တွေးမိကြောင်းပါ။

၂၀၁၈ ခု၊ မေလ(၁၅) ရက်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀င်းအောင်ကြီး, မောင်အောင်မွန်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်