မောင်စွမ်းရည် ● အမေ.. အမေ.. အမေ

May 19, 2018

မောင်စွမ်းရည် ● အမေ.. အမေ.. အမေ
(မိုးမခ) မေ ၁၉၊ ၂၀၁၈

ကျွန်တော်ရဲ့စာအုပ်စင်မျာ ”ဂေါ်ကီ” ရေးတဲ့ ”အမေ” စာအုပ်နဲ့အတူ တခြားစာရေးဆရာတစ်ယောက်ရေးတဲ့ ”အမေ” စာအုပ်တအုပ်လည်း ရှိတယ်လို့ထင်တယ်။

”လူ” ဆိုတာ ဘယ်သူမဆို သမ္မတဖြစ်ဖြစ်၊ စစ်ဗိုလ်ချုပ်ဖြစ်ဖြစ်၊ သူတောင်းစားဖြစ်ဖြစ်၊ လူမိခင်၊ လူအမေက မွေးတာချည်းပဲ မဟုတ်လား။ အမေ့ရင်ခွင်မှာ အမေ့နို့ချိုကိုစို့ပြီး လူဖြစ်လာကြတာတွေ။ အမေကတော့ မေတ္တာနို့ချိုတိုက်ကျွေးပြီး လူလေး တွေကို လူဖြစ်အောင် မွေးလိုက်တာပဲ။ ပြီးမှ လူမမဖြစ်ဘဲ ဖြစ်ချင်ရာဖြစ်သွားကြတာတွေလည်းရှိမှာပေါ့။ အမေကတော့ အမေပဲ။

ဒီလ မေလလေ။ မေလကိုဝင်လာတော့ အမေရိကန်စာနယ် ဇင်းတွေမှာ အမေ့အတွက် လက်ဆောင်ဝယ်ပေးကြပါဆို့ပြီး လက် ကိုင်အိတ်၊ စိန်၊ ရွှေလက်ဝတ်ရတနာ၊ ဆွယ်တာ၊ ဒေါက်ဖိနပ်၊ ရှူးဖိနပ်စတဲ့ ကုန်ပစ္စည်းကြော်ငြာတွေလည်း ပလူပျံလာ တော့တာပဲ။ ကျွန်တော်လည်း အမေ့ကို အထူးသတိရမိတယ်။ ကျွန်တော့်အမေဟာ အသက် ၉ဝ ကျော်နေသွားရပေမဲ့ သားဖြစ်သူက အမေကို ထိုက်ထိုက်တန်တန်လုပ်ကျွေးသမှု မပြုလိုက်ရဘူးဆိုပြီး အမြဲစိတ် ညှိုးငယ်ခဲ့ရတယ်။ ”အမေနေ့” ဆိုတဲ့ အသံဗလံတွေကြားလာတော့ ယောင်တောင်ပေါင်တောင်နဲ့ စာအုပ်စင်ထဲက ”အမေ” ကိုပဲ လှမ်းပြီး ဆွဲထုတ်ယူ လိုက်မိပါတယ်။ ဆွဲလိုက်တဲ့စာအုပ်က ”အမေ” စာအုပ်ဟုတ်မဟုတ် မသေချာလှဘူး။ မှန်းဆွဲလိုက်တာ။ အခန်းက မှောင်နေ လို့။ ဆွဲလိုက်မိတဲ့စာအုပ်ရဲ့ဘေးက ညှပ်နေတဲ့စာအုပ်ပါးလေးတအုပ် ဖုတ်ခနဲထွက်ကျသွားလို့ ငုံ့ကောက်လိုက်ရတယ်။

ဗုဒ္ဓေါ၊ အဖုံးပြာပေါ်မှာ ချိုးဖြူငှက်ကလေးတွေ ပျံနေတဲ့ပုံနဲ့ စာအုပ်ပါးပါးလေးတစ်အုပ်။ စာလုံးဖြူဖြူလေးကလည်း ”ထောင်နှင့် မိခင်” တဲ့။ မိခင်တယောက်ပုံကတော့ မင်အနက်နဲ့ ဘေးတိုက်ပုံ တကြောင်းဆွဲ။ မိခင်ရဲ့ပုံအလယ်လောက်မှာ သံတိုက် နောက်က လူတယောက်။ ‘သား’ တယောက်ပုံကလေးပါ။ စာအုပ်ရေးသူက ”လူထုဒေါ်အမာ” တဲ့။ အမေ၊ ဖိုးသံချောင်းရဲ့ အမေ၊ ညီပုလေးရဲ့ အမေ၊ ကိုစိုးဝင်းရဲ့အမေ၊ ငါတို့အမေ။ ဗမာနိုင်ငံသူ နိုင်ငံသားတို့က ”အမေ” လို့ တသသခေါ်ခဲ့ကြရတဲ့အမေ။ လူထုအမေ ကျုပ်တို့ အမေ။

မူလက ဆွဲလိုက်မိတဲ့စာအုပ်ဟာ ကိုယ်လိုချင်တဲ့စာအုပ် ဟုတ် မဟုတ် မကြည့်တော့ဘဲ ပြန်ဖိသွင်းလိုက်မိတယ်။ တော်ပြီ။ ဒီအမေပဲ ပြန်ဖတ်မယ်။ ဖတ်မယ်လို့ စာအုပ်ကိုကိုင်ပြီး မီးတိုင်ဘေးမှာ ထိုင်လိုက်တော့ စာအုပ်ကိုရင်မှာအပ်ပြီး ငေးငိုင်သွားမိ တယ်။ လူထု အမေရော၊ ကျွန်တော့အမေရော၊ လူထုအမေရဲ့သားတွေရော၊ ကျွန်တော့်အမေရဲ့သားတွေရော၊ ဗမာတစ်နိုင်ငံ လုံးက ဘဝတူ သားတွေ သားတွေကို တမျှော်တခေါ်ငေးမျှော် တွေးမျှော်မြင် ယောင်ပြီး၊ ငူငူငိုင်ငိုင်နဲ့ မျက်ရည်ဝိုင်းလာမိတယ်။ ဘယ်လိုဖြစ်တာပါလိမ့်။

ကျွန်တော်ဆိုရင် ခု အသက် ၈ဝ ကျော်ပြီ။ ကမ္ဘာစစ်၊ ပြည် တွင်းစစ်၊ ဖဆပလခေတ်၊ မဆလ၊ စစ်အာဏာရှင်စတဲ့ခေတ်တွေ ကို ကဖြစ်ကညစ်ဖြတ်သန်းရင်းနဲ့ လူဖြစ်လာခဲ့ရတာ ဘာလိုလိုနဲ့ နှစ်ပေါင်း ၈ဝ ကျော်လာခဲ့ပြီ။ ညီတွေ၊ အစ်ကိုတွေ၊ မောင်နှမ တွေ၊ သူငယ်တွေကို မျက်စိရှေ့မှာ ရုပ်ရှင်ဖလင်အမြန်ဆွဲလိုက်သလို တရိပ်ရိပ်ဖြတ်သန်းသွားကြတာ မြင်ယောင်နေ တယ်။ ကိုဝင်းတင်၊ ကိုသာနိုး၊ ကိုတင်ရွှေ (မုံရွာ)၊ ကိုစောလွင် (မန္တလေး)၊ မောင်မိုးသူ၊ တင်မိုး၊ မောင်သိန်းနိုင်၊ ကိုစိုးဝင်း၊ မိုးသံချောင်း၊ ညီပုလေး၊ ကျော် ဆွေ၊ ကျော်စိုး၊ အောင်သောင်းမောင်းစတဲ့ညီတွေ၊ အစ်မ စန်းခင် စုလှိုင်၊ ခင်မေးမွန်စတဲ့ ရဲဘော်မတွေ။ အဖမ်းခံ၊ အဆီးခံ၊ အချုပ်ခံ၊ ထောင်ချခံ၊ အရိုက်ခံ၊ အသတ်ခံကြရ။ ကျောင်းထုတ်ခံကြရတာ အနည်းဆုံး။ စစ်အာဏာရှင်ခေတ်ဆိုတာကလည်း အကြာကြီး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အားလုံးအောက် တန်း၊ နောက်တန်းကြောက်ခမန်းလိလိပါပဲ။ ဗမာပြည်လွတ်လပ် ရေးရပြီဆိုကတည်းက ခံလိုက်ကြရတဲ့ ဒုက္ခတွေ၊ နိုင်ငံထူထောင် ရေးကိုလည်း ဘာမှမလုပ်နိုင်ခဲ့ကြဘဲ နိုင်ငံဖြိုလှဲရေးပဲ လုပ်နိုင်ခဲ့ကြတာပါကလား။ ”နိုင်ငံ” ထူထောင်တာနဲ့ ”အာဏာ” ထူ ထောင်တာ လွှဲမှားသွားကြလေရဲ့။

အရှေ့တောင်အာရှမှာ သယံဇာတအမျိုးမျိုးကြွယ်ဝလှချေရဲ့ဆိုတဲ့နိုင်ငံဟာ နောက်ဆုံးတော့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝနဲ့ အဆုံးသတ်ခဲ့ရပါပကော့။ တို့ခေတ်ကျမှ ညံ့ကြတော့မှာလားလို့ ပြောလိုက်ရင်တော့ ညံ့တဲ့အထဲမှာ တို့လည်းပါသဟေ့လို့ပဲ အမြန်ဝန်ခံပြီး မျက်နှာတောက်ချနေရုံကလွဲပြီး ဘာများတတ်နိုင်ဦးမှာတဲ့လဲ။ ရှေ့ဆက်ပြီး ညံ့နေကြဦးမှာလား။ ညံ့သူခံတမ်း ပေါ့။

ဂေါ်ကီတို့အမေက ဝတ္ထုထဲကအမေပါ။ စာမတတ်ပေမတတ် အမေပါ။ ကျွန်တော်တို့အမေက စာတတ်လိုက်တာမှ စာမျိုးစုံ ရေးပြီး ဗမာနိုင်ငံကြီးကို နှစ်ပေါင်း ၅ဝ ရာစုနှစ်တဝက်လောက် ကိုင်လှုပ်သွားခဲ့တဲ့ တကယ့်အမေ။ လူလောကမြေမှာ တ ကယ်ရှိခဲ့တဲ့အမေပါ။ အမေ့မွေးနေ့ဆိုပြီး နှစ်စဉ်နိုဝင်ဘာ ၂၉ နေ့တိုင်း၊ ဗမာ နိုင်ငံတောင်စွန်း၊ မြောက်စွန်း၊ အရှေ့စွန်း၊ အနောက်စွန်း၊ တောင်ပေါ်မြေပြန့် အရပ်ရပ်ကလာပြီး မန္တလေး၊ တောင်သံမန်အင်းစောင်းမှာ ဖိတ်စာမရိုက်ဘဲ လူထုက ကျင်းပတဲ့ မွေးနေ့။ အမေဒေါ်အမာရဲ့ သားတယောက်ဖြစ်သူ ကျော်ရင်မြင့်က နိုင်ငံခြားသူတဦးကို ”အမေ့မွေးနေ့ပွဲ” ခေါ် သွားဖူးသတဲ့။ ကမ္ဘာမှာ မတွေ့ဘူးတဲ့ မွေးနေ့မျိုးကို တွေ့သွားရလို့ အံ့သြလိုက်တာတဲ့။ ဒီလိုအဘွားအိုကြီးတစ် ယောက်ကို ဒီလောက်လူတွေအများကြီးက ဒီလိုချစ်ခင်လေးစားကြတာမျိုးကို ဘယ်မှာများတွေ့နိုင်ပါသလဲ။

ထားလိုက်ပါတော့။ ဒီအမေ့အကြောင်းကို ဒီနိုင်ငံကသိပြီးသားမှ အထူးထပ်ပြီး မရေးလိုတော့ပါ။ ထူးခြားတဲ့အမေစာအုပ် ကလေးအကြောင်းကိုပဲ ခံစားမိသလိုရေးလိုက်ပါရစေဦး။ ဒီစာအုပ်ကလေးကို ကိုင်လိုက်ရင်ကိုပဲ ဘယ်အချိန်မဆို ရင်တုန် ပန်းတုန်ဖြစ်ရတာပါ။ တကယ်က အမေအကြောင်းမဟုတ်ပါ။ အမေတယောက်ကရေးတဲ့ သားအကြောင်းပါ။ အမေ့ခံစားမှု တော့  အရင်းခံပေါ့လေ။ ဒီအမေကလည်း ဒီစာတွေကို သားဆီပေးဖို့ရေးခဲ့တာ မဟုတ်ပါ။ ရေးခွင့်ပေးခွင့်လည်းမရှိ။ ရေးဖို့ ပေးဖို့မဟုတ်ဘဲ ကိုယ့်ဘာသာတယောက်တည်းထိုင်ပြီး အလွမ်းပြေ ဟိုခြစ်ဒီခြစ် ရေးတဲ့စာပါ။ အမေကိုယ်တိုင်က ဘယ်သူ့ ကိုမှလည်း မပြခဲ့ပါ။ ရေးထားတာတွေ့ရှိလေရဲ့လို့လည်း ဘယ်သူ့ကိုမှ မပြောခဲ့ပါ။ ရေးပြီးလို့ နှစ်ပေါင်း အများကြီးကြာမှ သူ့စာတွေကိုစုပြီး သူ့သားဆီသို့ပေးပို့ လိုက်ခဲ့တာပါ။ နှစ်ပေါင်း ၂ဝ ကြာမှ ဒီစာတွေကို ရေးတုန်းက သူ့သားဖိုးသံချောင်းက ကိုကိုးကျွန်းမှာ လေထီးဦးဘုန်းမောင်တို့ကို လက်နက်ကိုင်သူပုန်ကြီးတွေနဲ့တန်းတူ ဖမ်းဆီးထောင်ချ၊ ကျွန်းပို့ ခံရခဲ့ရတာ။ အဲဒီတော့ သူ့သား (သားအလတ်) ဖိုးသံချောင်းက ကျောင်းသားကလေး ပညာတပိုင်းတစနဲ့ အသက် ၁၉ နှစ် အရွယ် အသက် ၂ဝ မှ မရှိသေးတဲ့ ကျောင်းသားလေးကို မိုင် ၃ဝဝ ကျော်ဝေးတဲ့ ပင်လယ်သမုဒ္ဒရာထဲက ကျွန်းမှာ ရှေးက လူသတ်မှု ကျူးလွန်တဲ့ ရာဇဝတ်သားမိုက်တွေကို အပြစ်ပေးဖို့ ဆောင်လေ့ရှိတဲ့နေရာ။ မုန်းတိုင်ထဲကကျွန်း။ ရာဇဝတ်သားတွေ ထက်ဆိုးတဲ့ အငြိုးနဲ့ပစ်ဒဏ်ခတ်ခဲ့တာပါ။

စပြီးဖမ်းကတည်းက အသက် ၁၉ နှစ်ရွယ် ကျောင်းသားငယ်ကို သေနတ်နဲ့ချိန် အိမ်တံခါးကို ခြေထောက်နဲ့ကန်ဖွင့်ပြီး ခေါ်သွား ခဲ့ကြသတဲ့။ နေ့ခင်းကြောင်းတောင် မိဘရှေ့၊ လူတကာရှေ့ပေါ့။ ပြီးတော့ စစ်ဆေးတဲ့အခါ ရိုက်နှက်ညှဉ်းပန်းလိုက်ကြတာကလည်း ဖက်ဆစ်ဂျပန်မယားပါသားတွေရယ်လို့ တင်စားခေါ်ဝေါ်လောက် အောင်ကိုပဲ ရိုင်းစိုင်းရက်စက်၊ ယုတ် မာလိုက်ကြပုံကတော့ ပြောမယုံ၊ ကြုံဖူးမှ သိနိုင်တဲ့ ရက်စက်ပုံ၊ ယုတ်မာပုံ၊ ကမ္ဘာ့သမိုင်းမှာ ဗမာ့သမိုင်းမှာ ”ရာဇဝင်တွင်ရော” ဆိုတဲ့ လုပ်ပုံမျိုး။ ရိုက်နှက်နှိပ် စက်ပြီး ကျွန်းကိုပို့။ ကျွန်းပေါ်မှာ ကမ္ဘာဦးလူသားလိုထားပြီး ဒဏ် ခတ်၊ ဒဏ် ၏ခတ်လို့ ‘အားရ’တော့ လူကြားမကောင်းလို့ပြန်ပို့။ ခံနိုင် ရင်ခံ၊ မခံနိုင်ရင်သေ၊ မသေမှ လွှတ်လိုက်တာ။ မသေသူဟာ အာဇာနည်။

အိမ်မှာ ကျန်ရစ်ခဲ့ရတဲ့မိဘ၊ မျှော်လင့်စောင့်စားရတဲ့ မိဘက တော့ ဗေဒင်မေးကြ၊ နတ်မေးသူလည်းမေးကြ၊ ယတြာချေကြ၊ ဘုရားထံဆုတောင်းကြ၊ ယုံကြည်ချက်နဲ့ ခံယူချက်နဲ့ဆိုတော့ ”သားသိက္ခာကိုလေးစား”လို့တဲ့ ဗိုလ်နေဝင်းလို မိတ်ဟောင်းဆွေ ဟောင်းကြီးဆီကို တောင်းပန်တိုးလျှိုကာမလုပ်ခဲ့။ သားလုပ်သူ အကျဉ်းသားကလည်း ဘခက်ကိုဘိုမြတို့ကို သူတို့ပါတီသစ္စာ ဖောက် တွေက ဆွေးနွေးတာကိုပါ ခါလွှတ်ခဲ့သတဲ့။ ယုံကြည်ချက်နဲ့ ဂုဏ်သိက္ခာကို အစွန်းအထင်းမခံခဲ့။

လူထုဦးလှ၊ လူထုဒေါ်အမာဆိုတာ ကမ္ဘာကျော်သတင်းစာ ဆရာကြီးတွေ၊ သတင်းစာနဲ့ပြည်သူ့ဘက်ကသာရပ်ခဲ့ပြီး အစိုးရ ဘက်ကရော၊ ဘယ်ပါတီရဲ့တစ်ပါတီအဖွဲ့အစည်းရုံးရဲ့ဘက်က မရပ်ခဲ့။ အမှန်တရားဘက် ဒီမိုကရေစီဘက်ငြိမ်းချမ်းရေးဘက်၊ ပြည်သူ့အကျိုးဘက်ကသာ ထာဝရရပ်တည်ခဲ့သူတွေ။ သံရုံးတွေက ကြော်ငြာလည်းမထည့်။ ဘယ်အစိုးရကမှလည်း ကြော်ငြာမပေး။ ပြည်သူလူထု၊ စာဖတ်ပရိသတ်ရဲ့ ယုံကြည်အားပေးမှုနဲ့သာ တသက်လုံး ရပ်တည်သွားသူတွေ။ လူထုဦးလှ ဆိုတာ အင်္ဂလိပ်လက် ထက်ကစပြီး အဖမ်းခံခဲ့ရရှာတာ။ လွတ်လပ်ရေးရတော့လည်း ပုဒ်မ ၅ ဆိုတာမျိုးကို ဈေးဦးဖောက်ခံ ရတာ။ ဇနီးမောင်နှံနှစ်ယောက်လုံး သာမက ဖမ်းဆီးရသမျှသားတွေကိုလည်း ထောင်ချ၊ ကျွန်းပို့၊ အယ်ဒီတာချုပ်အဘိုးအိုကြီးရွှေဥဒေါင်း၊ လူထုစိန်ဝင်း၊ လူထုစောလွင်၊ လူထုမြညွန့် ဖမ်းဖြစ်သမျှ အကုန်ဖမ်းရုံမက သတင်းစာတိုက်ကိုပါ နန်းတွင်း စစ်တပ်က ဗုံးနဲ့ခွဲခဲ့တာ။ လူတွေကိုကို လမ်းမထုတ် တန်းစီပြီး လူထုရှေ့သတ်ဦးမလို့တဲ့။ ဒီကြားထဲက ကံဆိုးမိုးမှောင် ကျပြီး ရပ်ကွက်နဲ့အတူ အိမ်ရော၊ ပုံနှိပ်တိုက်ရော၊ မီးလောင်ခံ လိုက်ရသေးတယ်။ တကယ်ပဲ မီးလောင်ပြင်က ထပျံတဲ့ ဖီးနှစ်ငှက်၊ ဇာမနီငှက်။

လူထုဦးလှအဖမ်းခံရတာက ၅ ခါတဲ့။ ဆရာကြီးရွှေဥဒေါင်းက  တခါ။ ကျွန်းပို့ခံရသူက လူထုစိန်ဝင်း၊ ဖိုးသံချောင်း၊ ကိုမြ ညွန့် သုံးဦးတောင်။ အငယ်ဆုံးသားကိုလည်း အရွယ်ရောက်ရောက်ခြင်း ဖမ်းဆီးထောင်ချခဲ့သေးတယ်။ အကြီးဆုံးသားကတော့ ရန်ကုန် ခုနစ်ရက် ဇူလိုင် စာကြည့်အသင်းမှာ သေနတ်ပြောင်းရှေ့က ထွက်ပြေးရင်းတောထဲရောက်သွားခဲ့ရရှာတာ။ သားက သုံးယောက်။ အကြီးဆုံးက အလိမ္မာဆုံးတဲ့။ သားလတ်က စာအတော်ဆုံးနဲ့အချောဆုံး၊ ဉာဏ်အကောင်းဆုံးတဲ့။ သားငယ် ကတော့ သူ့အဖေနဲ့အတူဆုံးတဲ့။ အစိုးရအဆက်ဆက်ကတော့ ဒီသားသုံးယောက်လုံးဟာ ”အဆိုးဆုံး” ကွ။ အရွယ်မရောက် ခင်က သေကြောင်းကြံတာခံရသူတွေ။ ဒီအမေအဖို့ကတော့ မယ်ပဋာထက်ဆိုးတဲ့ ကံကြမ္မာကို ခံစားရရှာတာ။ ပညာနဲ့ နိုင်ငံရေးအသိနဲ့ ဘာသာရေးနဲ့ အမျိုးမျိုး ဉာဏ်အင်အားသုံးပြီး ကြိတ်ခံရရှာတာ။ ကြိတ်မခံနိုင်ရင် ရူးရုံပဲကျန်တော့တာ။

လူထုဦးလှနဲ့ ကျောင်းသားဘဝ ဘောလုံးကန်ဘက် ဗိုလ်ချုပ် ကြီးက မန္တလေးနန်းတွင်းရောက်ရင်း အကျဉ်းသားမိဘနှစ်ဦးကို ခေါ်တွေ့သေးတာ သားကို လွှတ်ပေးမယ်တဲ့ပြောပြီး ပြည်တွင်း ပြည်ပခရီးစဉ်တွေမဆုံးမခြင်း မေ့ထားလိုက်တာ။ အာဏာရှင် စစ် ဘုရင်ကို ”မုန်းပါ မေ့ပါ ရက်စပ်ပါ”လို့ပဲပြောရုံပ။ ဒါ့ကြောင့် သူသေတော့ သူ့တပည့်ရင်းတွေတောင် လိုက်ပို့မခံရတဲ့ ”သေမလွမ်းကြီး” ဖြစ်ခဲ့ရပြီး ဦးလှ ဒေါ်အမာတို့ကွယ်လွန်တော့ မန္တလေးလူထုက တမြို့လုံး တနယ်လုံးလိုက်ပို့ကြသတဲ့ ”ပြည်သူချစ်သော အနုပညာရှင်နဲ့” ”ပြည်သူမုန်းသော အကြမ်းအာဏာရှင်”ကွာခြားချက်ပေါ့။

ဘာပဲဖြစ်ဖြစ် လူထုဒေါ်အမာဆိုတာ ဒီလိုသားမျိုးတွေမွေးမှ မွေးတတ်ပလေတို့ ရန်သူကသြချရတဲ့မိခင် ”ထောင်နှင့်မိခင်” ဆိုတာ ဒီမိခင်ကြီးရဲ့ဥဒါန်းကျူးသံ။ ကမ္ဘာမှာ ဒီစာအုပ်မျိုးတစ်အုပ် တည်းသာရှိနိုင်တဲ့စာအုပ်မျိုး။ အမေကိုယ်တိုင်ရေးတဲ့ ”အမေ” အမေကိုယ်တိုင်ရေးတဲ့ ”သား”မျက်ရည်နဲ့နှလုံးသွေးနဲ့ရေးတဲ့ ”မာ တောပါဒပျို့”။  ဒီအမေရဲ့ အရံသားမျှဖြစ်ရတာကိုပဲ ကျွန်တော်တို့ ဂုဏ်ယူမဆုံးပါ။ အမေဆုံးခဲ့ပြီ။ အမေသက်တော်ထောင်ကျော် ရှည်စေသော်။  ။

မောင်စွမ်းရည်
၂ဝ၁၈ အမေနေ့


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments