မေဇွန်အေး ● သူစိမ်းတရံဆန် သစ်သီးများ (ဝတ္ထုတို)

May 21, 2018

● သူစိမ်းတရံဆန် သစ်သီးများ (ဝတ္ထုတို)
(မိုးမခ) မေ ၂၁၊ ၂၀၁၈

သိမ့်တယောက် ငိုရဖို့ပင် ငုတ်တုတ်မေ့နေသည်။
ငိုဖို့လည်း မျက်ရည်များပင် ကျန်ပါဦးမည်လား ….။
မကြာသေးမှီက သိမ့်တယောက် အမောတကော ဆေးသွားဝယ်ခဲ့တာပဲလေ။ တရှိန်းရှိန်းဘဲ လောင်ကျွမ်းနေသည့် နေကျဲကျဲ တောက်အောက်မှာ ထီးကမပါ။ လသာနေသည့်အလား ပူမှန်းပင်မသိတော့အောင်ပဲ ဆေးဆိုင် ကြီးတဆိုင်ဆီသို့ အသော့နှင် ခဲ့ရသည်လေ။ မတ်လအလယ်၏ အပူနွေကား သိမ့်ရင်ထဲက အပူနွေကို မီနိုင်မည်မထင်။ တဆိုင်ဆီသို့် အသော့နှင်ခဲ့ ရသည်လေ။

“အသက်ကယ်ဆေး နှစ်လုံးပေးပါ”

ဆရာဝန်၏ လက်ရေးသေးသေးလေးဖြင့် ရေးထားသော အင်္ဂလိပ်စာလုံးများကို သိမ့် ဖတ်မတတ်ပေ။ မြန်မာလို ပဲ မေးဝယ်ရသည်။

“ရော့…. ဒီမှာ”

ဆေးနှစ်လုံးကို အိတ်ဖြင့်ထုတ်ပေးတာကိုယူပြီး ငွေရှင်းပေးကာ သိမ့် ရှိန်းရှိန်းတောက်လောင်နေသော ကန္တာရ တောတန်း ကိုဖြတ်ကာ ဆေးရုံဆီ အမြန်ပြန်ပြေးလာသည်။ အသွားအပြန် နှစ်ခေါက်။ ဒါပေမယ့် သိမ့် မောရမှန်း မသိ။ ရောက်သည်နှင့် ဆရာဝန်အခန်းထဲ အမြန်ဝင်ပေးသည်။ ဆရာဝန်ညွှန်ကြားသည့်အတိုင်း ထဘီအပြာဝတ် နပ်စ်မက မေမေ့လက်ဖျားက သွေး ကြောများကို ရှာဖွေကာ အသက်ကယ်ဆေး ထိုးလိုက်သည်။ မေမေ့အ နားမှာရပ်ပြီး မေမေ့ကို ငေးကြည့်နေမိသည်။ နှာခေါင်းမှာလည်း အောက်ဆီဂျင်ပိုက်က တန်းလန်း။

“မေမေ”

သိမ့် ဖွဖွလေးခေါ်ကြည့်သည်။ မေမေက ကြားသွားသည်။ မျက်လုံးဖွင့်ပြီး သိမ့်ကို အကြာကြီးကြည့်နေသည်။ သိမ့်…မေမေ့ကို ခေါ်သာခေါ်သည်။ မေမေ့ကို ပြောစရာ စကားမရှိ။

“မေမေ”

ဒါပဲခေါ်နေမိသည်။ သိမ့်ရင်ထဲ ကြွေကွဲဝမ်းနည်းနေသည်။ မေမေက သိမ့်ကို ကြောင်တောင်ကြည့်နေဆဲ။

“မေမေ”

မေမေက သိမ့်ခေါ်လွန်းလို့လားမသိ။ ပါးစပ်ဟသည်။ ဒါပေမယ့် သိမ့်ထင်လို့လားမသိ။ မေမေ ပါးစပ်ဟပြီး အမောကို အံတု နေသလိုပဲ။ သုံးကြိမ်အထိ ပါးစပ်က အသက်ကို ခပ်ပြင်းပြင်းရှုပြီး နောက်ဆုံး မေမေတ ယောက် ငြိမ်ကျသွားသည်။ သိမ့် ဆရာဝန်အခန်းထဲပြေးဝင်ပြီး

“ဆရာ … မေမေ အသက်မရှုတော့သလိုဘဲ လာကြည့်ပေးပါဦး ဆရာ”

သိမ့် ကမန်းကတန်းပြေးပြော၍ ဆရာဝန်က ချက်ချင်းလိုက်လာပြီး မေမေ့ရင်ဘက်ကို လက်နှစ်ဖက်ဖြင့် အတင်းဖိချလိုက်၊ နားလိုက် သုံးခါလောက် ဆက်တိုက်လုပ်ပါသည်။  ပြီးတော့ ဘာစကားတခွန်းမှ မပြောတော့ဘဲ ထွက်သွားသည်။ နပ်စ်မက လည်း မေမေ့နှာခေါင်းမှာတပ်ထားသည့် အောက်ဆီဂျင်ပိုက်ကို ဖြုတ်လုက်သည်။ ပြီးတော့ မေမေခြုံထားသည့်စောင်ကို ခေါင်းအထိ တကိုလုံး ဆွဲဖုံးအုပ်သည်။ ဆက်၍ မနီးမဝေးမှာ ရှိ နေသော အဖြူရောင် လိုက်ကာခန်းဆီးကို ဆွဲယူကာ မေမေ့ကို ကာရံလိုက်သည်။ သိမ့်ကို စကားတလုံးမဆို ဘဲ ကျောခိုင်းထွက်ခွာသွား၏။

သိမ့် ဘာဆက်လုပ်ရမလဲ။
မေမေက … မေမေက…. သိမ့်ရင်တွေပူလိုက်တာ….။
သိမ့် မေမေ့ခုတင်စွန်း၌ ထိုင်ချလိုက်ပြီး မေမေ့လက်ကိုကိုင်လိုက်သည်။
မေမေ့လက်တွေ အေးစက်နေလိုက်တာ။
သိမ့်လေ….. သိမ့်… နားလည်လိုက်ပါပြီ။
မေမေက သိမ့်ကို ကျောင်းဆရာမတယောက် ဖြစ်စေချင်သည်။

သိမ့်က ဝါသနာမပါပေမယ့် မေမေ့စည်းဝါးနှင့်ကိုက်ညီအောင် သိမ့်ကပြခဲ့ပါသည်။ အဲဒီလိုပဲ သိမ့်ကို စိတ်မချဘူး။ ‘ အရွယ် လွန်နေပြီ’ ဆိုသောစကားများနှင့် မေမေသဘောတူသူနှင့် ခရီးဖော်အဖြစ် လက်တွဲစေပြန်သည်။ သိမ့် မေမေစိတ်ချမ်းသာ အောင် ခေါင်းညိတ်ခဲ့ပါသည်။ သိမ့်အိမ်ထောင်ပြုတော့ အသက်က ၂၇ နှစ်။

“သိမ်…… နင့်မှာ ရည်းစားရှိတာလည်း ငါတို့မသိလုက်ပါလား”

မင်္ဂလာဆောင်ဖိတ်စာဝေတော့ သိမ့်သူငယ်တွေက ပြေကြ ၊ ဆိုကြ ၊ မေးမြန်းကြ ၊ စပ်စုနေလိုက်ကြတာ။ သူတို့အားလုံးကို သိမ့် စကားတခွန်းပဲ မေးခဲ့သည်။

“ချစ်တဲ့သူနဲ့လက်ထပ်မှ အချစ်ဆိုတာဖြစ်သလား”

သိမ့်မေးတော့ သူတို့အားလုံး ……
“ဘာကြီးလဲဟ ….နင့်စကားက …. သိမ့် အူကြောင်ကြောင်နိုင်လိုက်တာဟယ်”

သိမ့် …… သူနှင့် လက်ထပ်ဖြစ်ပါသည်။ စိတ်ကူယဉ်တဲ့ ချစ်သူလည်းမဟုက်။ သိမ့် တိတ်တခိုးချစ်ခဲ့သူလည်း မဟုက်သည့် သူ့ အပေါ် သံယောဇဉ်ရှိပါသည်။ မေမေကတော့ တသက်လုံး နှစ်ယောက်တည်းနေခဲ့ရသည့် အိမ်ကလေးမှာ အားကိုးဖော် ယောက်ျားလေးတယောက်တိုးလာခြင်းအတွက် စိတ်ချမ်းသာနေပုံရသည်။ မေမေက သမီးတွေချည်း သုံးယောက်မွေးထား တော့ သားမက်ကို သားတယောက်သဖွယ် ချစ်ခင်သည်။ သိမ့်ထက်ပင် ဂရုစိုက်သည်။ သူကိုယ်တိုင် ချက်ပြုတ်သည်။ သိမ့် က အငယ်ဆုံးလည်းဖြစ်၊ မေမေနဲ့ မခွဲတမ်း အတူနေတာဖြစ်တော့ တနယ်တကျေးရောက် အစ်မများကလည်း စိတ်ချ လက်ချရှိနေပုံရသည်။ တနှစ်တခေါက် ရောက်လာဖို့မလွယ်။ ဝင်္ကဘာ ဘဝခရီးလမ်းထဲမှာ တဝဲလည်လည် လျှောက်လှမ်းနေ ရတော့ မေမေ့ဆီ မရောက်ဖြစ်တာ သိမ့် နားလည်ပေးလို့်ရပါသည်။

သမီးမိန်းကလေးတွေချည်းမွေးတာ မေမေကံကောင်းသည်ဟု ဆွေမျိုးတွေက ပြောလာကြသည့်အခါတိုင်း မေမေပြုံးနေတတ် သည်။

မမကြီး …. မေမေ့ဆီလာသည့်အခါတိုင်း
“ဒီပန်းသီးက နိုင်ငံခြားကလာတာ မေမေရဲ့ မွှေးပြီး ချိုအီနေတာ။ ဈေးလည်းကြီးတယ်။ ဒီစပျစ်သီးက ထိုင်ဝမ်ကလာတာ။ အလုံးကြီးမျိုး။ အသားကြီးပဲ။ ချိုသလားတော့ မမေးနဲ့။ ရှားလည်းရှားတယ်”

ဟုတ်တော့လည်း ဟုတ်ပါသည်။ ရန်ကုန်မြို့ဆိုတာ နိုင်ငံခြားဖြစ်တွေ စုံလင်အောင်ရတဲ့နေရာမျိုး။ သိမ့်တို့ နယ်မြို့မှာတော့ မတွေ့တာအမှန်ပါ။ ပန်းသီးငါးလုံး စပျစ်သီး အစိတ်သားနှင့်အတူ ပြန်လာသည့်နေ့ လက်စုံဆယ်ဖြာမိုး ကန်တော့ပန်းချိုး လုက်ရုံနှင့် မေမေ ကြည်နှုးပျော်ရွင်သည်။ မြေးလေးတွေကိုပင် မေမေ မုန့်ဖိုးပေးလိုက် သေးသည်။ သိမ့်ကတော့ တနေ့တမျိုး မရိုးအောင် အိတ်စိုက်ချက်ကျွေးသည်။ ဒါက နှစ်နှစ်တခါလာကြသည့် မမကြီးတို့၏ ပုံရိပ်များပဲဖြစ်သည်။ မေမေပီတိဖြစ်လျှင် သိမ့် ဝမ်းသာပါသည်။

မမလတ်ကတမျိုး။ လာလိုက်လျှင် သောကလက်ဆောင်များမှလွဲ၍ ပြန်လျှင် မေမေ့ကို လက်အုပ်ချီကန်တော့ဖို့ဆိုတာ သူနဲ့မဆိုင်သလိုဘဲ။ ဒါလည်း မေမေကျေနပ်နေသည်။ အပြစ်တင်တာမျိုးမရှိ။ မိဘကိုးလေ ……။

မမလတ်၏ခင်ပွန်းသည် အသောက်အစားခင်တွယ်သည့်အကြောင်း သိမ့် နားမဆန့်အောင် ကြားနေရသည်။ ကုန်ရှုံးလျှင် တခေါက် ၊ လင်ရှုံးတော့ တသက်လုံးမှောက်ဆိုသလိုပါပဲ။ မမလတ် မျက်ရည်မျက်ခွက်နှင့် တ ချက်မှ ရတက်မအေးရကြောင်း ရင်ဖွင့်သည်။ မူးလာလျှင် လက်ကပါလာသလို အဆိုးဆုံးက အိမ်ရှိပစ္စည်းတွေ ရိုက်ခွဲခြင်းပင်။ ရိုးရိုးဝန်ထန်းမို့ မိသားစုရပ် တည်ရန် ခဲယဉ်းသည်။ မမလတ် မနေနိုင်တော့ အိမ်ရှေ့မှာပဲ မုန့်ဟင်းခါးဆိုင် ထွက်ဖြစ်သည်။ ခဏခဏ ရုက်ခွဲပစ်၍ ရောင်းရန်ပန်းကန်မရှိ။ ချေးငှားက အိုးခွက်ပန်းကန်ဝယ်ရတော့ အကြွေးက ထပ်နေသည်။ သားသမီးနှစ်ယောက်ကလည်း လူမမယ်အရွယ်ကလေး။ မိဘဆိုတာ မနေနိုင်ပေ။ မမလတ်ပြန်သည့်အခါ မေမေ့ ရွှေတိုရွှေစနှင့် ငွေကြေးအသင့်အတင့် ပေးလိုက်စမြဲပါ။ သိမ့်ကကော ဘယ်လို စိတ်မျိုးနှင့် နေနိုင်ပါမည်နည်း။ သိမ့်စုငွေထဲက အဆစ်ပါသွားသေးသည်။

သိမ့်တို့နှစ်ယောက်က ပြည်သူ့ဝန်ထမ်း။ လစာအပြင် အပိုဝင်ငွေမရှိ။ မေမေ့အိမ်မှာပဲ ကပ်နေရတာဆိုတော့ အိမ်လခသက် သာသည်။ သူကလည်း အသောက်အစားကင်းသည်။ ဆေးလိပ်၊ ကွမ်းယာ ရှောင်သည်။ လက်ဖက်ရည်ဆိုင်ထိုင်ဖို့ မစဉ်း စား။ ရုံးဆင်းလျှင် အိမ်တန်းပြန်သည်။ မေမေချက်ပြုတ်ထားသော ထမင်းဟင်းကို မြိန်ရေယှက်ရေ စားသောက်သည်။ မေမေကတော့ လူအေးတယောက်ဟု ကြံဖန်ချီးမွမ်းသည်။ သိမ့်ကလည်း မေ မေမချီးမွမ်းလည်း သိမ့် ရင်ထဲမှာ အသိအမှတ် ပြုပြီးသားပါ။

ထိုနေ့ရက်တွေမှာ မေမေချူခြာနေသည်။ သိမ့် ခွင့်ယူလိုက်သည်။ အိမ်နှင့်ဝေးသော နာမည်ကြီး အထူးကုဆရာ ဝန်များထိုင် ရာ ဆေးခန်းဆီသို့ ပို့ရသည်။ တန်းစီစောင့်နေရသော အချိန်က မေမေ့ကို အလွန်ပင်ပန်းစေတာ အမှန်ပါပဲ။ မေမေ့အလှည့် ရောက်တော့ မေမေ တော်တော် ပင်ပန်းနွမ်းနယ်နေသည်။ ဆရာဝန်က စမ်းသပ်မှုများ ပြုလုပ် ဆီး၊ ဝမ်း၊ သွေး စစ်သည်။ ဝမ်းကိုတော့ နောက်တနေ့လာပေးရန်ပြောသည်။ ထိုရက်ချိန်းကို သိမ့်ခွင့်မရ၍ သူကခွင့်ယူပြီး ဝမ်းစစ်ဆေးချက်ကို သွားပို့ရ သည်။ ပြီးတော့ သူ ဈေးဝယ်လာသည်။ မီးဖိုချောင်ထဲ ချွေးတလုံးလုံးနှင့် မေမေ့အတွက် သီးသန့်နှင့် သိမ့်တို့နှစ်ယောက် အတွက်ပါ ချက်ပြုတ်သည်။ သိမ့်ပြန်လာတော့ မေမေက အားနာသည်ဟု တိုးတိုးပြောသည်။ မည်သို့ဆိုစေ …. ထိုနေ့က မေမေရော သိမ့်ပါ ထမင်းစား၍ ကောင်းသည်။

မေမေ့ဆေးစစ်ချက်ရတော့ မေမေ့အဆုတ်မကောင်း။ ရေဝင်နေသည်။ ငယ်ရွယ်သူဆိုလျှင် ကျော်ကဖောက်၍ သက်သာ ဖွယ်ရှိသော်လည်း မေမေက ရှစ်ဆယ်ကျော်အသက်ဆိုတော့ ဆေးသောက်ခြင်းဖြင့် သက်သာစေ၏။ နောက်ပြီး မေမေ့ အစာအိမ်ကလည်း မကောင်းဆိုတော့ မေမေ အစားအသောက် ဆင်ခြင်နေရပြီ။ စိတ်ဖိစိမှု ကြောင့်ထင်ပါရဲ့ မေမေ သွေးတိုး ပါ စတင်ဖြစ်လာသည်။

မေမေ ကျန်းမာရေးဖောက်လာသည့်အခါ သူနှင့်သိမ့် တလှည့်စီခွင့်ယူပြီး မေမေ့ကို ဆေးခန်းပို့ရသည်။ အစ်မ နှစ်ဦးကိုတော့ အခြေအနေအရ အကြောင်းကြားရသည်။ သို့သော် ဘဝဝင်္ကဘာလမ်းလေးထဲက ရုန်းထွက်ဖို့ အစ်မနှစ်ယောက်လုံး မစွမ်းသာနိုင်ခဲ့ပေ။ မေမေကတော့ မျှော်ရှာသည်။ သိမ့် မေမေ့ကို သနားလိုက်တာ။

တကယ်တမ်း မမလတ်ကိုတော့ ထားတော့။ မမကြီးသည် သိမ့်တို့နှစ်ယောက်နှင့်စာလျှင် ဝင်ငွေကောင်းကြသည်။ နှစ် ယောက်စလုံး အရာရှိတွေ။ မမကြီး၏သား အကြီးဆုံးက ကားပွဲစားဆိုလား ဝယ်ရောင်းဆိုလား။ အ လုပ်ဖြစ်သည့်အခါ သိန်း ကို ဆယ်ချီရသည်ဟု မေမေ့နောက်ကွယ်မှာ သိမ့်ကို ကြွားတတ်သော်လည်း သိမ့်က ကိုယ့်အစ်မတွေ ပြေလည်တာကြားရလျှင် ဝမ်းသာရပါသည်။

မေမေကတော့ တနေ့တခြား ကျန်းမာရေးဆုတ်ယုတ်လာသည်။ မေမေ့ကို ဆေးခန်းတခါပြလျှင် ကားငှားခ အသွားအပြန် စရိတ်က မသေးလှ။ မေမေ့ဆေးဖိုးကလည်း အတော်တာစားသည်။ သူနှင့်သိမ့် ခေါင်းချင်းဆိုင် တိုင်ပင်ကြရသည်။ သူ၏ရုံး ငွေစုငွေချေးအသင်းမှာ စုဆောင်းထားသည့် စုငွေရှိသည်။ အရေးပေါ်စုငွေ၏ သုံးဆ ချေးခွင့်ရသည်။ သိမ့်ကတော့ ဆွဲကြိုး သေးသေးလေး ချွတ်ရောင်းမည်။ မေမေ့ ဆေးဖိုးဝါးခကို အချေးအငှားများ မလုပ်ဘဲ ဤသို့ဖန်တီးခဲ့ကြသည်။

နောက်ဆုံးဆရာဝန်က ဆေးရုံတက်မှဖြစ်မည်တဲ့။ မေမေက အသက်ရှုမကောင်းဟုပြောတော့ ဆေးရုံမှာ အောက်ဆီဂျင် ဘူးရှု၍ရသည်။ ထိုအခါ မေမေသက်သာသည်။ မေမေ့ကို ဆေးရုံတင်လိုက်ရသည့်ကြောင်း သိမ့် အစ်မနှစ်ယောက်လုံးဆီ ကြေးနန်းရိုက်လိုက်သည်။ မမကြီးပေါက်ချလာသည်။ သူ့သား ကားဝယ်ရောင်းလုပ်သူလည်းပါလာသည်။ မေမေက ဆေးရုံ မှာဆိုတော့ မမကြီးသားက အိမ်မှမတည်း။ ဟိုတယ်မှာပဲ နှစ်ယောက်စလုံး တည်းသည်။ အချိန်သိပ်မရဘူးတဲ့။ မမကြီး၏ ပြောစကားများကို သိမ့် မကြားတချက် ကြားတချက်။ မမကြီးကတော့ မေမေ့အနားမှာ တရက်ပင် စောင့်အိပ်၍အားပေးဖို့ စိတ်ကူးမရှိပေ။ သိမ့်ကတော့ မေမေ့အနားမှာ ညပိုင်းစောင့်အိပ်ပြီး မေမေ၏ အညစ်အကြေးစွန့်မိထားသော အဝတ်အစား များကို အိမ်ပြန်လျှော်ပြီးတော့ ထပ်ယူသွားရသည်။ ထိုအချိန် မမကြီးတို့သားအမိ ရောက်လာခြင်းဖြစ်သည်။ ညကမိုးချုပ်၍ ဟိုတယ်မှာအိပ်ကြသည်။

“သိမ့်…. ဒါဆို…. မေမေ့ဆီ မမကြီးအရင်သွားလိုက်မယ်။ အခြေအနေကြည့်ပြီး ပြန်လိုက်မယ်။ သားကြီးက အချိန်မရ ဘူးဖြစ်နေတယ်။ ထူးခြားရင် ဟောဒီလက်ကိုင်ဖုန်းကို ဆက်လိုက်။ ရော့…. သိမ့်…. မေမေ့အတွက် ငွေငါးထောင်၊ ဆေးဖိုး လေးရတာပေါ့”

ထိုခေတ်အခါက သိမ့် လစာတထောင်ကျော်လေးရသည့်အချိန်မှာ မမကြီးပေးလိုက်သည့်ငွေက ငါးထောင်ဆိုတော့ မနည်း မနောပါပဲ။ သိမ့်ငါးလစာပေါ့။ ကျေးဇူးတင်လိုက်တာ မမကြီး။

သိမ့် ဆေးရုံရောက်တော့ မမကြီးမရှိတော့။ ပြန်သွားပြီတဲ့။ မေမေ့အနားမှာ လူစောင့်တယောက်ထားရသည်။ သိမ့်တို့မှာ လူပိုရှိတာမှမဟုတ်တာ။ သူကတော့ဒီနေ့ရုံးသွားသည်။ ရုံးမှ ဆန် ၊ သကြား ၊ ဖယောင်းတိုင်တွေ ထုတ်ရမည့်နေ့ရက်ဖြစ်သည်။ ထိုပစ္စည်းများဖျောရင်း ခွင့်လည်းယူမည်ဟုပြောကာ ထွက်သွားလေရဲ့။

“မေမေ…. သက်သာရဲ့လားဟင်…။ သိမ့် တရားစာတွေ ဖတ်ပြမယ်နော်”
မေမေက သိမ့်ကို ချည့်နဲ့စွာ ပြုံးပြသည်။

“မမကြီး လာသွားတယ်မဟုက်လား။ မေမေ့ဆေးဖိုးအတွက် သိမ့်ကို ငွေငါးထောင်ပေးသွားတယ်” မေမေ ခေါင်းညိတ်ပြပြီး မျက်စိပြန်မှိတ်သွားသည်။ သိမ့်က မေမေ့နားနားကပ်ပြီး တရားစာများ ရွတ်ပေးနေသည်။ ထိုအချိန်မှာ အပြာဝတ်နပ်စ် မတယောက် သိမ့်ကို လက်တို့ခေါ်ပြီး

“အဘွားအတွက် အသက်ကယ်ဆေးနှစ်လုံးဝယ်ဖို့ ဆရာဝန်က ဆေးစာရေးပေးလိုက်တယ်။ ..ရော့”

သိမ့် နေကျဲကျဲအောက်ထဲဝင်ပြီး အပူကိုအံတုကာ ဆေးဝယ်ထွက်ခဲ့သည်။ တော်ပါသေးရဲ့….မမကြီးပေးထားတဲ့ ငွေငါး ထောင်နဲ့ သိမ့်မှာ ငွေနည်းနည်းရှိနေလို့။ ဒါပေမယ့် အားလုံးနောက်ကျသွားခဲ့ပြီ။

သိမ့်….ဘာလုပ်ရမလဲ။
မေမေရယ်….. မေမေက…..မေမေက…။ သိမ့် ခေါင်းတွေချာချာလည်ကာ ငိုင်နေမိသည်။
သူရောက်လာသည်။ သူက သိမ့်ကို ကြင်နာစွာ တွဲထူလိုက်သည်။

“လုပ်စရာတွေ အများကြီးရှိသေးတယ်။ သိမ့် သတိထားနော်”

သိမ့်ကို မေမေ့အနားကခေါ်ထုတ်လာပြီး ဆေးရုံကော်ရစ်ဒါတခုက ခုံတန်လျားပေါ်မှာ ထိုင်စေပြီး သူ လုပ်စရာ ရှိသည့်အလုပ် များကို သွက်လက်စွာလုပ်နေသည်။ ပြီးတော့ မမကြီး၊ မမလတ်တို့ကို ကြောင်းကြားသည်။ မမကြီးပေးထားသည့် ဖုန်းနံပါတ်ကား ၂၅ သိန်းဈေးပေါက်နေသည့် လက်ကိုင်ဖုန်းနံပါတ်ဖြစ်သည်။ မမကြီးတို့ ကား အိမ်မရောက်ကြသေး။ ခရီး လမ်းတဆစ်မှာပဲဖြစ်နေသည်။

“အေး…အေး… ပြန်လှည့်လာခဲ့မယ်တဲ့”

မေမေ့ကို အအေးတိုက်၌ နှစ်ရက်ထားမည်ဟု ညှိနှိုင်းခဲ့သည်။ မေမေ့သမီး မမလတ်ကို စောင့်ရဦးမည်မဟုတ်လား။ လုပ်စရာ သိမ်းစရာတွေ သူတယာက်ထဲပဲ ဒိုင်ခံလုပ်ပြီး နှစ်ဦးသား အိမ်ပြန်လာကြသည်။ အိမ်ရောက်တော့ မေမေအိပ်ခဲ့သော ကုတင် ဘေးမှာထိုင်ပြီး သိမ့် ငူငိုင်နေသည်။ သူက သိမ့်ပုခုံးကို ကြင်နာစွာကိုင်ပြီးပြောသည်။

“သိမ့်…..ငိုချလိုက်လေ….သိမ့် ရင်ထဲမှာ ပေါ့သွားရအောင်”

“ဟင့်အင်း …သိမ့် ဘာလို့ငိုရမှာလဲ …. သိမ့် မေမေ့အပေါ် သားသမီးဝတ္တရား အားလုံးကျေခဲ့တာပဲ။ မေမေလည်း ခံစားနေရတဲ့ ဝေဒနာလဲ ကျွတ်သွားတာပေါ့။ ဒါပေမယ့်… မေမေ့ကို သနားတယ်။ သမီးသုံး ယောက်ရှိတာ မေမေ့နောက်ဆုံးအချိန်မှာ အားလုံးကို သူ့အနားမှာ နွေးနွေးထွေးထွေး နေစေချင်မှာပဲလေ…..။ ဒါကိုပဲ သိမ့် တွေးပြီး သနားနေမိတာပဲ”

“သိမ့် ဘာလို့ငိုရမှာလဲ” ဟု သိမ့်ပြောနေပေမယ့် သိမ့်ပါးပြင်ပေါ်မှာ မျက်ရည်တွေက စိုလိမ်းလို့။

“သြော် ….သိမ့်ရယ်….” တဲ့ ။ သူ ဖွဖွလေး ရေရွက်နေ၏။

မေမေဆုံးတာ နေ့လည် ၁၂ နာရီ။ သိမ့်တို့အိမ်ပြန်ရောက်တော့ ညနေစောင်းပြီ။ မမကြီးလည်း ညပိုင်းပြန် ရောက်လာသည်။

“အေးပါသိမ့်ရယ်….သေသွားပြီးတော့လည်း သိပ်တော့မထူးဘူး။ သြော် ဒါနဲ့သိမ့်ကို မမကြီးငွေငါးထောင်ပေးထားတာ ပြန် ပေးပါလား။ မေမေ့အတွက် ဆေးဖိုးပေးထားတာလေ။ နှစ်ခါပြန်လှည့်လာတော့ ဓာတ်ဆီက တော်တော်ကုန်သွားတယ်။ ထပ်ဖြည့်ရဦးမှာလေ။ သားကြီးက အရေးတကြီးချိန်းထာတာရှိတော့ ဒီညပဲ ပြန်ထွက်ရမယ်”

သိမ့် အံ့သြလိုက်တာ။ ပေးထားသည့် ငွေငါးထောင် ပြန်တောင်းရက်သည်။ မေမေ မြေကျရက်လည်အထိ မမကြီး နေလို့မရ ဘူးလား။ အရေးကြီးနေတဲ့သားကို ပြန်လွှတ်လိုက်ပေါ့။ မေမေက မမကြီး အမေပဲလေ။ အခုတော့ ဘာမှမဆိုင်သလို …။ နေနိုင်ရက်လိုက်တာ။

သိမ့်ရင်ထဲမှာ စကားလုံးစစ်ထိုးနေသည်။
ပြီးတော့ သိမ့်ကိုအပြစ်တင်သွားသေးတယ်။ ဘာဖြစ်လို့ နှစ်ရက်တောင်ထားရသလဲတဲ့။

“မမလတ်ကို စောင့်မလို့”
“အမယ်လေ။…သိမ့်… နင့်မမလတ်က လာမှာမဟုက်ဘူး။ သူ့အလုပ်နဲ့ သူတော်အနိုင်နိုင်”

သိမ့်မှာ ပြန်ပြောနိုင်မည့်စွမ်းအား ဘာတခုမှ မရှိတော့။ သူ့အိပ်ကပ်ထဲက နေ့လည်ကရလာသည့်ငွေစက္ကူထဲ က ငွေငါးထောင် ပြန်ပေးလုက်သည်။ ဒီတော့ မမကြီးက လေပြေထိုးကာ

“မမကြီးရှိလည်း မထူးပါဘူး။ မြေကျမယ့်ကိစ္စ သိမ့်တို့နှစ်ယောက်လုပ်လည်း ပြီးတာပဲမဟုက်လား။ တလပြည့် ဆွမ်းကိုတော့ မမကြီးအိမ်မှာပဲ မေမေ့ကိုရည်စူးပြီးကပ်လိုက်မယ်။ မမကြီး ….ပြန်မယ်နော်….သိမ့်”

သိမ့် ပြန်ပြောစရာစကား ဆွံ့အလျှက်….။
မေမေနှင့်နေသည့် သိမ့်အပေါ်မှာသာ တာဝန်အရှိဆုံးဟု မမကြီးတယောက် နှုတ်မှ ထုတ်မပြောရုံတမည်ပါပဲ။ အားလုံးပုံအပ်လုက်ပါသည်။ မေမေသာကြားသိခဲ့လျှင် မမကြီးကို ဘယ်လိုအကြည့်မျိုးနှင့် ကြည့်နေမည်လဲ။  ဒီအချိန်ကျကာမှ သိမ့်မျက်ဝန်းမှ မျက်ရည်များက ပါးပြင်ပေါ်သို့ တလိမ့်လိမ့်စီးကျလာသည်။ မမကြီးက မေမေ့အတွက် ဆေးဖိုးဆိုပြီးပေး ထားသည့် ငွေငါးထောင်ကိုပင် ပြန်တောင်းသည့်သူက သူ့အိမ်မှာ မေမေ့ကိုရည်စူပြီး ဆွမ်းကပ်ပေးဦးမယ်တဲ့…။

သိမ့် အသံထွက်အောင် ရယ်ပစ်လိုက်သည်။
သူလန့်သွားသည်။ သိမ့်ရူးသွားပြီးလားလို့ ……
သိမ့် သူ့ကို လက်ခါပြလိုက်သည်။ ဘာမှမဖြစ်ပါဘူးဆိုသည့်သဘော။

မေမေတယောက် သမီးမိန်းကလေး သုံးယောက်မွေးထားပေလို့သာ…… သားသမီးအများကြီး မွေးထားသော မိခင်များကို သိမ့် စာနာနေမိသည်။ ပြီးတော့ သိမ့်ဝမ်းဗိုက်ကို အသာအယာကလေး ပွတ်နေပါသည်။ ရင်ထဲလည်း …

“သမီးလေးပဲဖြစ်ဖြစ် သားလေးပဲဖြစ်ဖြစ် မေမေ့အပေါ် မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်ပြီး အပေါ်ယံသူစိမ်းဆန်တဲ့ မေမေ့ညီရင်း အစ်ကို၊ မောင်ရင်းနှမတွေလို မဖြစ်ကြပါစေနဲ့လို့” ဆန္ဒပြု ဆုတောင်းပါရစေကွယ်…။

နွမ်းလျကြေကွဲနေသည့် သိမ့်ပါးပြင်ပေါ်မှာတော့ ကြွေကွဲခြင်းမျက်ရည်စတွေက အလူးလူး ….အလိမ့်လိမ့် ……သူကတော့ သိမ့်ကို နားလည်စွာ ငေးရီကြည့်နေရင်း သိမ့်ကြေကွဲခြင်းတွေကို ကူးယူနေမှာပေါ့လေ…….။

မေဇွန်အေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်