fbpx

မောင်အဉ္စန ● မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး – အပိုင်း (၄)

May 22, 2018

● မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး – အပိုင်း (၄)
(မိုးမခ) မေ ၂၂၊ ၂၀၁၈

● ဖက်ဒရယ်ဒီမိုကရေစီ နှင့် ဒီမိုကရေစီဖက်ဒရယ် ဘာကွာလဲ …
မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ဗိုလ်ချုပ်ဟောင်းဦးသိန်းစိန်ရဲ့ စစ်တပိုင်းအစိုးရလက်ထက် ငြိမ်းချမ်းရေးဖြစ် စဉ်ကို ၂၀၁၁ သြဂုတ်လမှာ စတင်ဖော်ဆောင်ခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ မိမိတို့လိုသလိုခင်းကျင်းပြီး တက်လာခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီအစိုးရဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ပဲ ဖွဲ့စည်းထားတာဖြစ်သလို နိုင်ငံတကာရဲ့ ဒဏ်ခတ်အရေးယူ ပိတ် ဆို့မှုတွေကို ခံနေရဆဲအချိန်မှာ လူထုထောက်ခံမှုနဲ့ နိုင်ငံတကာထောက်ခံမှုတို့ကနေတဆင့် ၎င်းတို့ရဲ့ တရားဝင်မှုကို ပိုမိုခိုင် မာစေအောင် လုပ်ဆောင်တဲ့အခါ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လက်နက်ကောင်းတခုသဖွယ် အသုံးချသွားခဲ့ကြပါတယ်။

အဲ့ဒီမှာ တိုင်းရင်းသားတွေ တစိုက်မတ်မတ်တောင်းဆိုနေတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရအဖြေရှာဖို့ ကိစ္စကို လိုက်လျောသလိုလိုပြပြီး နိုင်ငံတကာကို မျက်လှည့်ပြကာ နိုင်ငံတကာရဲ့ထောက်ခံမှုပံ့ပိုးမှုတွေကို ရယူသွားနိုင် ခဲ့ကြပါတယ်။ နိုင်ငံတကာထောက်ခံမှုနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေအပေါ် ရုတ်သိမ်းဖြေလျော့မှုတွေ ရရှိပြီးနောက်မှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဦးစားပေးမှာမရှိတော့ဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်း အရ အဖြေရှာရေးကို ရှောင်လွှဲပြီး အင်အားသုံးဖြေရှင်းပါတော့တယ်။

အဲ့ဒီမှာ နိုင်ငံရေးပြဿနာလို့ပြောလိုက်တာနဲ့ ၁၉၆၁ တောင်ကြီးညီလာခံကတည်းက ချမှတ်ခဲ့တဲ့ ဖက်ဒရယ်မူဆိုတာ ရှိပြီး သားပါ။ အဲ့ဒါကြောင့် ဖက်ဒရယ်ကို အခြေခံအားဖြင့် လက်ခံသလိုလိုပြပြီး တိုင်းရင်းသားတွေကို သိမ်းသွင်း စည်းရုံးပါတယ်။ ဖက်ဒရယ်ကိုလက်ခံကြောင်း နှုတ်အားဖြင့် ပြောကြားခဲ့တဲ့နေရာမှာ သမ္မတလုပ်သူ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်နဲ့ လွှတ်တော် ဥက္ကဋ္ဌလုပ်သူ ဗိုလ်ချုပ်ဟောင်းဦးရွှေမန်းတို့က အဓိကအားဖြင့် လူသိရှင်ကြား စ,ပြောကြားခဲ့ ကြပါတယ်။ နောက်ဆုံးမှာ ဦးသိန်းစိန်သက်တမ်းသာကုန်ဆုံးမလိုဖြစ်လာတယ်၊ ဦးသိန်းစိန်တို့ စစ်ဗိုလ်ချုပ်ဟောင်း တွေဦးစီးတဲ့ ပြည်ခိုင်ဖြိုးပါတီအစိုးရဟာ ဖက်ဒရယ်မူကိုလည်းအဖြေမရှာသလို ဖက်ဒရယ်ပြည်ထောင်စုကိုလည်း ကတိပေးထားတဲ့အတိုင်း မလုပ်ခဲ့ဘဲ တိုင်းပြည်ရဲ့ ကာကွယ်အဆောက်အဦ (Defense Institution) ဖြစ်တဲ့ တပ်မတော်(Army) ကို နိုင်ငံရေးဓားစာခံအဖြစ် ဆက်ထားခဲ့ပါ တယ်။ အဲ့ဒီမှာ လူကြမ်းမင်းသားတွေအဖြစ် တိုင်းပြည်ရဲ့ ကယ်တင်ရှင်တွေအဖြစ် တပ်မတော်ကဗိုလ်ချုပ်ဟောင်းသစ်တအုပ်စုဟာ ၎င်းတို့ဗိုလ်ချုပ်မှူးကြီးဟောင်းတွေဖြစ်ကြတဲ့ ဦးနေ၀င်းနဲ့ ဦးသန်းရွှေတို့ ခင်းထားခဲ့တဲ့ လမ်းစဉ်အဟောင်းတိုင်းပဲ ဆက်လက်လျှောက်လှမ်းနေပါတော့တယ်။

၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD က ပြောင်းလဲချိန်တန်ပြီနဲ့ မဲအပြတ် အသတ် အနိုင်ရကာ အစိုးရဖြစ်လာပါတယ်။ NLD အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ အဓိကအာဏာရင်းမြစ်တွေ ဖြစ်ကြတဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာတွေမှာ တပ်မတော်က ကန့် သတ်ထားတာကြောင့် သူ့လုပ်ပိုင်ခွင့်မှာ အပြည့်အ၀မရှိရှာပါဘူး။ တိုင်းပြည်ရဲ့ အရင်းခံပြဿနာဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ အဖြေရှာဖို့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့သက်ဆိုင်နေပါတယ်။ ၂၀၁၅ နိုဝင်ဘာရွေးကောက် ပွဲကာလမှာ ပြည်သူကိုချပြခဲ့တဲ့ NLD ရဲ့ ရွေးကောက်ပွဲကျေညာစာတမ်းထဲမှာ တိုင်းပြည်ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး “ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု” တည်ဆောက်သွားမယ်လို့ အတိအလင်းဖော်ပြကာ လူထုကို ကတိပေး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ NLD အစိုးရအဖွဲ့ စတင်ဖွဲ့စည်းပြီးနောက် သမ္မတအဖြစ် ဦးထင်ကျော်က လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုပြီး နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားတဲ့အခါ “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု” ဟု မဲဆွယ်ကတိနဲ့ ပြောင်းပြန်သုံးနှုန်းသွားခဲ့ပါတယ်။

နောက်ပိုင်းမှာ သမ္မတရဲ့အထက်မှာနေမယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံရာထူးနဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူ လုပ်ဆောင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု” ၊ “ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု” ဆိုတာကို တပြေးညီမဟုတ်ပဲ ရှေ့နောက်ပြောင်းပြန်သုံးနှုံးပြီး မတင်မကျ လုပ်ထားပါတော့တယ်။ NLD အစိုးရယန္တရားအောက်က တရားဝင်ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်နဲ့ သတင်းဖော်ပြချက်တွေမှာလည်း အတည်တကျ မရှိဘဲ သုံးနှုံးလာပါတော့တယ်။ နောက်ပိုင်းမှာ “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု” ကိုပဲ ၂၁-ရာစုပင်လုံညီလာခံနဲ့ ယှဉ်တွဲကာ တရားဝင်အသုံးတွင်လာတာကို တွေ့ရပါတယ်။ ဒီတော့ တိုင်းရင်းသားများလိုလားတဲ့ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု” နဲ့ NLD အစိုးရအဖွဲ့အနေနဲ့ ပြောနေတဲ့ “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု” တို့ဟာ ဘာကွာခြားပါသလဲ မေးခွန်းရှိလာပါ တော့တယ်။

ဒီအသုံးအနှုန်းကိုနောက်ကြောင်းလိုက်ကြည့်ရင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ပေါင်းစုတစ်ခုဖြစ်တဲ့ UNFC အနေနဲ့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လမှာ ပြည်တွင်း ပြည်ပမှ တိုင်းရင်းသားနဲ့ ဒီမိုကရေစီအင်အားစုတွေပါဝင်တဲ့ တိုင်းရင်းသားညီလာခံ တရပ်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ “ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု” အသုံးအနှုန်း ကို သုံးစွဲ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲခြင်းမူကို ချမှတ်ခဲ့ကြပါတယ်။ ပြီးနောက် ၂၀၁၃ သြဂုတ် (၈)ရက်နေ့မှာ ကျရောက်တဲ့ ရန်ကုန်မြို့ ၈၈၈၈ လူထုအရေးတော်ပုံငွေရတုပွဲမှာ အဲ့ဒီဝေါဟာရကိုပဲ သုံးနှုံးခဲ့ကြပြီး၊ “ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု” တည်ဆောက်ရေးမူကို ဘုံမူဝါဒအဖြစ် ချမှတ်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်ဟောင်းဦးသိန်းစိန်တို့ ပြည်ခိုင်ဖြိုးပါတီ ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲမှာ မဲရှုံးပြီး၊ ဦးသိန်းစိန်လည်း အနားယူပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ပြည်ခိုင်ဖြိုးပါတီအနေနဲ့လည်း စိတ်ဝင်တစားမရှိဘဲ တပ်ကိုကျောထောက် နောက်ခံပြုပြီး တပ်လိုင်းနဲ့ဟန်ချက်ညီ ကစားနေပါတယ်။ NLD အစိုးရအနေနဲ့လည်း ဖက်ဒရယ် ပြည်ထောင်စုတည် ဆောက်ရေးမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကနေတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကို ပွင့်လင်းမြင်သာမှုမရှိဘဲ တပ်နဲ့အပေးအယူလုပ် ကစားနေပါတယ်။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရအနေနဲ့ “ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု” လို့ ကြွေးကြော်ပြီး ယနေ့အချိန်ထိ ဘာမှထူးခြားမလာတဲ့ အခါ “ဖက်ဒရယ်ဒီမိုကရေစီ” နဲ့ “ဒီမို ကရေစီဖက်ဒရယ်” ဟာ ရိုးရိုးသာမန် ရှေ့နောက်ပြောင်းပြန်ကွဲလွဲခြင်း မဟုတ်တော့ လက်တွေ့အရှိတရားအရ စဉ်းစားတွေး ခေါ်မှု အယူအဆပိုင်းဆိုင်ရာမှာ ပိုမိုလေးနက်လာပါတော့တယ်။

ဘာကြောင့် NLD အစိုးရက “ဒီမိုကရေစီဖက်ဒရယ်” ကိုရွေးချယ်ရသလဲ…။ ဗမာလူမျိုးနဲ့ ဒီမိုကရေစီအင်အားစု အများစုတွေ အနေနဲ့ ဒီမိုကရေစီရှိပြီးမှ ဖက်ဒရယ်ဆိုတာလာမယ်။ ဒီမိုကရေစီမရှိပဲ ဖက်ဒရယ်မရှိနိုင်ဘူး။ ဖက်ဒရယ်ရဖို့ ဒီမိုကရေစီစနစ် ကျအောင် ပြုပြင်ပြောင်းလဲရေး (Democratization) ကို ဦးစားပေးလုပ်မှ ဖြစ်နိုင်မယ်။ ဖက်ဒရယ်ကို အရင်လုပ်လိုက်ရင် ခွဲထွက်ရေးတို့ဘာတို့နဲ့ ကြုံတွေ့ရနိုင်တယ်။ ဒီမိုကရေစီအရ ထိန်းကျောင်းမှုမရှိဘဲ ဖက်ဒရယ်သွားလုပ်မိရင် ပြည်ထောင်စု ပြိုကွဲရေးဘက်ကို ဦးတည်သွားနိုင်တယ်…စသည်ဖြင့် အကြောင်းပြချက်တွေတည်ပြီး၊ ဖက်ဒရယ်စနစ်ကျအောင် ပြုပြင် ပြောင်းလဲမှု (Federation / Federalization) လုပ်ရေးမှာ ဦးစားပေးမှု မရှိတာကို တွေ့ရပါတယ်။

လက်ရှိ NLD အစိုးရ၊ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ Democratization ကို ဦးစားပေးဖြစ်ဖို့ အမြင့်ဆုံး မျှော်မှန်းနေသည်မှာ ….
▪ လွှတ်တော်ထဲက တပ်မတော်ကိုယ်စားလှယ် (၂၅ %) စစ်တန်းလျားသို့ ပြန်ပြီး နိုင်ငံရေးထဲက အပြီးအပိုင်ထွက်ခွာသွား ရေးပါပဲ။
▪ အဲ့ဒီနောက်မှ ဖက်ဒရယ်ကိစ္စကို ဗဟိုချုပ်ကိုင်မှုလျော့ချရေး (Decentralization) အခြေခံနဲ့ လုပ်သွားမယ်။ အခုလည်း အဲ့ဒီအတိုင်းပဲ ကြိုးပမ်းဆောင်ရွက်နေတာကို တွေ့နေရပါတယ်။

အဲ့ဒါကြောင့် ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေဘက်က …
▪ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအခြေခံကနေ ဖက်ဒရယ်စနစ်ကျအောင် လုပ်ဆောင်ရေးကို ချဉ်းကပ် နေကြတာဖြစ်ပါတယ်။
▪ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ရရှိရေးကို ဦးစားပေးဖော်ဆောင်ခြင်းဟာ ဖက်ဒရယ် စနစ်ကျအောင်လုပ် ဆောင်ခြင်းပဲ ဖြစ်ပါတယ်။
ဖက်ဒရယ်ကို ဒီမိုကရေစီရဲ့ ရှေ့မှာထားပြီး “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု” ဟု သုံးနှုန်းလိုက်ခြင်းဟာ ဦးစားပေး အစီ အစဉ် ရွေးချယ်မှုပိုင်းမှာ အခြေခံအားဖြင့် ကွာခြားသွားခြင်းပဲ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ Federalization နဲ့ Democratization တို့ဟာ တပြိုင်တည်း သွားနေရမှာတွေလည်း ရှိမှာပါ။

ဒီအရာတွေအားလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအပေါ် အဓိက မူတည်နေတာဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ထဲက ပြည်သူ့ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သားပါဝင်မှု (၂၅%) စစ်တန်းလျားကို ပြန်ရန်၊ နိုင်ငံရေးထဲက တပ်မတော်အနေနဲ့ အပြီးပိုင်ထွက်ခွာပြီး လူထုရွေးကောက်ခံအရပ်သားအစိုးရ ထိန်းချုပ်မှု အောက်မှာ ရှိနေဖို့ရန်တို့အတွက် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးကို လုပ်ရမှာဖြစ်သလို အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ဖော်ဆောင်၍ ဖက်ဒရယ်စနစ်ကျအောင်လုပ်ဆောင်ရေးတို့ဟာလည်း ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲ ရေးလုပ်မှသာ ရမှာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဘယ်ဟာကိုအရင်လုပ်၊ ဘယ်ဟာကိုနောက်လုပ်ဟူ၍ ခွဲခြားမရတဲ့ အရင်းခံကိစ္စရပ်တွေကို တပြိုင်တည်းလုပ် နေကြရင် “ဖက်ဒရယ်ဒီမိုကရေစီ” နဲ့ “ဒီမိုကရေစီဖက်ဒရယ်” ဝေါဟာရနှစ်ခုလုံးဟာ ရှေ့နောက် ပြောင်းသော်ငြားလည်း ပြဿနာမရှိနိုင်ပါ။ ဒါပေမဲ့ ပြည်ထောင်စုဖြစ်တည်ခဲ့တဲ့ ၁၉၄၇ ပင်လုံသဘောတူညီချက်ကနေ အလိမ်ခံခဲ့ရတဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေရဲ့ စိတ်နှလုံးထဲက ဒဏ်ရာဒဏ်ချက်တွေဟာ မျိုးဆက်အလိုက် ခံစားနေရတာပါ။ ဒါကို ကုစားနိုင်ဖို့ ယုံကြည်မှုတည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ ယုံကြည်မှုကိုလည်း လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲခြင်းကသာ ဖော်ဆောင် ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုသန္ဓေတည်ပေးခဲ့တဲ့ ပင်လုံစာချုပ်ကိုတောင် အုပ်ချုပ်သူလူတန်းစား အာဏာရှင် အဆက်ဆက်က ဖောက်ဖျက်ထားမှတော့ လက်တွေ့အားဖြင့် အကောင် အထည်ဖော်ခြင်းမရှိတဲ့ နောက်ထပ်ဘယ်စာချုပ်ကိုမှ ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေအနေနဲ့ စိတ်ဝင်စားမှု မရှိကြတာ အမှန်ပါ။

လက်ရှိအခြေအနေမှာ NLD အစိုးရနဲ့ တပ်မတော်တို့ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးစကားလုံးအောက်မှာ Democratization ရော Federalization ကိုရော ပီပီပြင်ပြင် လုပ်နေနိုင်တာကို မတွေ့ရပါ။ ဒါပေမယ့် ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးကိုပဲ ဦးစားပေးချဉ်းကပ်လုပ်ဆောင်နေကြတာတွေကြောင့် ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေ အနေနဲ့ “ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စု” တည်ဆောက်ရေးကိုသာ အခိုင်အမာရပ်တည်ပြီး ဖက်ဒရယ် စနစ်ကျအောင်ပြုပြင်ပြောင်းလဲရေး (Federation / Federalization) ကို ဦးစားပေးအနေနဲ့ အားထည့်ရွေးချယ် ဆောင်ရွက်ဖို့ရန် ဖြစ်လာပါတော့တယ်။

“ဖက်ဒရယ်ဒီမိုကရေစီ” ကို ယုံကြည်ကြသူတွေဟာ “ဖက်ဒရယ်ဒီမိုကရက်” တွေ ဖြစ်ကြပါတယ်။ ဒီနေရာမှာ ဖက်ဒရယ်ဒီမို ကရက်တွေအနေနဲ့ ဆုံရပ်၊ ရပ်ဝန်းတခုအဖြစ် အမှန်တကယ်ပြုပြင်ပြောင်းလဲဖို့ အတူတကွ လက်တွဲညီ ချီတက်သွားကြရမှာ ဖြစ်ပါတယ်။

ဆောင်းပါးရှင် မောင်အဉ္စနမှာ နယ်စပ်အခြေစိုက် မြန်မာ့အရေးလေ့လာသူတဦး ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)