ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၉)

May 28, 2018

● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၉)
(မိုးမခ) မေ ၂၈၊ ၂ဝ၁၈


တိဗက်လူမျိုး သုံးပုံတစ်ပုံက သာသနာ့ဝန်ထမ်း ရှင်ရဟန်းများသာဖြစ်ကြောင်း အထက်မှာဆိုခဲ့ပြီ။ တိဗက်လူမျိုးသုံးဦးမှာ တစ်ဦးက သာသနာ့ဝန်ထမ်းဖြစ်ပါသည်။ တိဗက်လူမျိုးများသည် မဟာယာနဗုဒ္ဓဘာသာကို ယုံကြည် သက်ဝင်ကြများဖြစ်ပြီး သူတပါးကို ဦးစားပေးတတ်ခြင်း၊ ကိုယ်ကျိုးမဖက်ခြင်း၊ ချစ်ခြင်းမေတ္တာတရားနှင့် ကိုယ်ချင်းစာတရားကို ယုံကြည်မြတ်နိုး တတ်ကြသူများဖြစ်သည်။ ဘဝမှာ အဆိုး လောကဓမ္မတွေနဲ့ ကြုံတွေ့ရသည့်အခါမှာပင် သူတပါးအပေါ် အပြစ်မတင်ရက် တတ်ကြ။ အတိတ်က မိမိရဲ့ အဆင်ခြင်မဲ့မှုတွေရဲ့ အကျိုးဆက်ဟုသာ ခံယူတတ်ကြသူများဖြစ်သည်။ သည်းခံခြင်း၊ စာနာ နားလည်ခြင်းနှင့် သူတပါးအပေါ် မေတ္တာကြီးမားစွာထားခြင်းဖြင့်သာလျှင် သံသရာကလွတ်မြောက်နိုင်သည်ဟု တိဗက် လူမျိုးများက အခိုင်အမာယုံကြည်ထားကြလေသည်။ လူဝင်စားလားမားကြီးများကို တိဗက်လူမျိုးတို့က ဘုရားအလောင်း တော်ကြီး များအဖြစ် ယုံကြည်ကိုးကွယ်ကြပါသည်။ တကိုယ်ကောင်း မဆန်တတ်သူများတွင် လူဝင်စားလားမားကြီးများသည် စံပြပုဂ္ဂိုလ်ထူးကြီး များဖြစ်ကြသည်။ သူတို့မှာ ကိုယ်လွတ်ရုန်းလိုစိတ်အလျဉ်းမရှိကြ။ ကိုယ်တိုင်သိသော သံသရာချုပ် ပြတ်ကြောင်းလမ်းကို သူတပါးတို့အား ညွှန်ပြရန်အလို့ငှာ လူ့လောကသို့ တဖန်ပြန်လာကြသည့် လားမားကြီးများ၏ မေတ္တာ တရားမှာ ထုထည်ကြီးမားလွန်းလှသည်။ တိဗက်လူမျိုးများအတွက် အထင်ရှားဆုံးသော ဘုရား အလောင်းမှာ ဘုန်းတော်ကြီး ဒလိုင်းလားမားပင်ဖြစ်သည်။

တရုတ်ပြည်မကြီးက တိဗက်ပြည်ကို ဝင်ရောက်မသိမ်းပိုင်မီ ၁၉၅ဝ ပြည့်နှစ်၊ အောက်တို ဘာလ (၇) ရက်မတိုင်မီ နေ့တွေ တုန်းကတော့ တိဗက်ပြည်ကလေးက ဆူညံသံကင်းပြီး အေးချမ်းတိတ်ဆိတ်လွန်းလှသည်။ သည်တုန်းကဆိုလျှင် ဘုန်း တော်ကြီး ဒလိုင်းလားမားသည်ပင် နိုင်ငံ့ခေါင်းဆောင် တိုင်းပြည်ရဲ့အရှင်သခင်ဖြစ်သလို သာသနာပိုင် ဘာသာရေးခေါင်း ဆောင်လည်း ဖြစ်သည်။ သူ့အနေအထားက တိဗက်နိုင်ငံအတွက် တိဗက်ပုပ်ရဟန်းမင်းကြီးတပါးပင်ဖြစ်သည်။ ဘုန်းတော် ကြီးကို တိဗက်လူမျိုးများက ဒီတဘဝအတွက်သာမက နောင်ဘဝသံသရာ ကောင်းကျိုး အတွက်ကိုပါကြည့်၍ ယုံကြည် လေးမြတ်စွာ ကိုးကွယ်လေ့ရှိပါသည်။ ထို့ကြောင့်ဖြစ်မည် ထင်ပါသည်။ တိဗက်လူမျိုးအများစု၏ အိမ်များ၊ ဆိုင်များတွင် မြန်မာဗုဒ္ဓဘာသာ အိမ်များကဲ့သို့ ဘုရားဝင်တွင် ဘုရားဆင်းတုတော်များကို သိပ်မြင်တွေ့ရလေ့မရှိပါ။ သို့သော် ဘုန်းတော် ကြီး ဒလိုင်းလားမားရုပ်ပုံတော်ကိုတော့ဖြင့် အိမ်တိုင်းဆိုင်တိုင်းနီးပါး တွေ့မြင်ရပါသည်။ ဘုန်းတော်ကြီးက သူတို့အတွက် သက်ရှိဘုရားပင်ဖြစ်သည်။ တိဗက် လူမျိုးများသည် ဘာသာတရားကို ဦးထပ်ပန်ဆင်တတ်ကြသူများဖြစ်သည်။ ဘာသာ ရေးနှင့် ယှဉ်လျှင် စီးပွါးရေး၊ ပညာရေး၊ နိုင်ငံရေးတို့က ဘာသာရေး၏နောက်တွင် ရှိပါသည်။

အေဒီ (၁၁ဝဝ-၁၄ဝဝ) ကို အလယ်ခေတ်ဟု သမိုင်းပညာရှင်တို့က ဆိုပါသည်။ သည်အလယ်ခေတ်မှာ ကံကျွေးချစနစ်ခေါ် ပဒေသရာဇ်လူ့အဖွဲ့အစည်းတခု အားကောင်းခဲ့ဖူးပါသည်။ မင်းမျိုးမင်းနွယ်နှင့် မြေပိုင်ရှင်တို့ အခွင့်ထူးခံခွင့်ရသော ကာလ တခုပင်ဖြစ်သည်။ တချိန်တုန်းကတော့ တိဗက်ပြည်ကြီးမှာလည်း ကံကျွေးချစနစ်ဆန်ဆန် ပင်ပင်ပန်းပန်း ဖြတ်သန်းခဲ့ရဖူး သည့် ခါးသီးသောအတိတ်သမိုင်းတို့ အမှန်တကယ်ပင် ရှိခဲ့ဖူးပါသည်။

ယနေ့ ဓရံဆာလာရဲ့ ညနေပိုင်းရှုခင်းက သာသာယာယာရှိပါသည်။ ဓရံဆာလာရဲ့ အဓိကပင်မလမ်းမကြီးပေါ်မှာ ဥဒဟို သွားလာနေကြသူများဖြင့် ပြည့်နှက်နေကြသည်။ အရောင်အသွေးမျိုးစုံ၊ အတွေးမျိုးစုံတို့ဖြင့် ကိုယ့်စိတ်စေစားရာအတိုင်း ခြေလှမ်းတွေ လှမ်းနေကြခြင်းဖြစ်သည်။ ဒီနေ့လည်း တိဘက်လ္ဘက်ရည်သောက်ဖို့ ထိုင်နေကြ တိဗက်ဆိုင်ကလေးမှာပဲ ထိုင် ဖြစ်ပါသည်။ ဒီဆိုင်ကလေးပေါ်ကနေ ရေခဲတောင်ကြီးတွေကို လှမ်းမျှော်ကြည့်ရင်း ပျားရည်အနည်းငယ်ရောပြီး သံပုရာခြမ်း ကလေး အကွင်းလိုက်ထည့်ထားသည့် ပူပူနွေးနွေး တိဘက်လဘက်ရည်ကလေးကို မှုတ် သောက်ရသည်မှာ ဓရံဆာလာ၏ ထူးခြားသည့်အရသာတစ်ခုပင်ဖြစ်ပါလိမ့်မည်။ တိဗက်လားမားတွေ၊ တိဗက်သီလရှင်ဆရာလေးတွေ၊ အမျိုးအမည်ရော ပြွမ်းထားသည့် လူတွေက လမ်းမတွေပေါ်မှာ လူးလာတုံ့ခေါက်။ လမ်းလျှောက်နေရခြင်း၌ သီးသန့် ဘာရည်ရွယ်ချက်မှမရှိပါဘဲ ခြေတောက်တွေရဲ့ သယ်ဆောင်ရာကို အလိုက်သင့် စီးပါမျောသွားနေကြသူများလည်း ရှိပါသည်။ ဘဝအမောတွေကို လမ်းလျှောက်ရင်း တခဏတာဖြေနေကြတာမျိုးလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မည်။

ကံကျွေးချစနစ်ထွန်းသောအချိန်တုန်းကတော့ သာမာန်တိဗက်လူမျိုးတစ်ဦး၏ နေ့စဉ်ဘဝဖြတ်သန်းမှုက ခက်ခဲပြင်းထန် လှသော်လည်း အများထင်သလို အနေအနေမဲ့မျိုးလည်းမဟုတ်။ ဟိမဝန္တာတောင်တန်းကြီးပေါ်ကနေ ကျော်ဖြတ် တိုက် ခတ်လာသည့် နှင်းမုန်တိုင်းတို့ကို ခုခံကာကွယ်ဖို့ ပြင်ဆင်ထားတတ်သည်။ တိဗက်ဘုန်းကြီးကျောင်းတွေမှာ အစိုးရရိက္ခာ သိုလှောင်ရုံတွေမှာ စားနပ်ရိက္ခာတွေကို ကြိုတင်ပြင်ဆင်ဖြည့်ဆီးထားတတ်ကြသည်။ လူတိုင်းက တဦးအပေါ်တဦး ရန်လို ခြင်း အလျဉ်းမရှိ။ တတ်နိုင်သရွေ့ ကူညီစောင့်မခြင်းဖြင့် တွဲခေါ်သွားတတ်ကြသည်။ လူတိုင်းရဲ့ရင်ထဲမှာ အမုန်းတရားတွေမရှိ။ စာနာမှုနှင့် ချစ်ခြင်းမေတ္တာတရားကို ယုံကြည်မြတ်နိုးတတ်သူများဖြစ်သည်။ အဝတ်အစားအတွက် အိမ်တွင်းဖြစ် ပြည် တွင်းဖြစ်တွေ လုံလုံလောက်လောက်ရှိသည်။ ပြင်ပကမ္ဘာနှင့် အချိတ်အဆက်ပြတ်နေသည်ကလွဲလို့ သူတို့မှာ နေစရာ စား စရာရှိသည်။ ကမ္ဘာကြီး ဘာဖြစ်နေသည်ကို တိဗက်တို့စိတ်မဝင်စား တတ်ကြသော်လည်း တရုတ်ပြည်မကြီးကတော့ဖြင့် သူ့ကိုစိတ်ဝင်စားပါသည်။ တောင်တန်းတွေပေါ်မှာ တိဗက်တို့က အေးအေးဆေးဆေး။ ရိုးရာပွဲလေးဆင်နွှဲလိုက်၊ မိတ်ဆွေ တွေဆီ သွားလည်လိုက်၊ ဘုရားဖူးထွက်လိုက်ဖြင့် ဘဝကို အရိုးခံအတိုင်း တည်ဆောက်ထားကြသူများဖြစ်သည်။

တိဗက်လူမျိုးများသည် ရေကြည်ရ မြက်နုရာ လှည့်လည်နေထိုင်ရခြင်း ခုံမင်နှစ်သက် သူများဖြစ်သည်။ အလွယ်ဆုံး ပြောရရင်တော့ ခြေသလုံးအိမ်တိုင်ဘဝကို နှစ်သက်သူ များဖြစ်သည်။ “တရုတ်ပြည်မကြီးက ဝင်မသိမ်းခင် အဲဒီအချိန်တုန်း ကတော့ တိဗက်ပြည်က သိပ်နေလို့ကောင်းတဲ့ တိုင်းပြည်ပေါ့ဗျာ။ တနိုင်ငံလုံး ဘယ်သွားသွား လွတ်လပ်တယ်။ စိုးရိမ်စရာ လည်း မရှိဘူး။ အမှန်အတိုင်းဝန်ခံရရင်တော့ ကျနော်တို့ အဲဒီတုန်းက ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွေကို လက်လှမ်းမမီခဲ့ တာလည်း ပါတာပေါ့ဗျာ။ ကျနော်တို့ သိလိုက်ရတဲ့အချိန်ကျတော့ အရမ်းကိုနောက်ကျသွားပြီလေ။ ခေတ်စနစ်နဲ့ ကြည့် မယ်ဆိုရင် ကျနော်တို့က အရမ်းကို အထီးကျန် အကျည်းတန်ဆန်ပြီး ခေတ်ပညာနဲ့ အလှမ်းဝေးသူတွေပဲဖြစ်တယ်။  ကျနော် ဆိုရင် ကျောင်းမနေခဲ့ဖူးဘူး။ ငယ်ငယ်တုန်းကတော့ တိဗက်နွားနောက်ကလေးတွေ၊ ဆိတ်သားပေါက်ကလေးတွေနဲ့ ဆော့ ခဲ့ရတာကို ပျော်တာပေါ့။ မြစ်တွေ ချောင်းတွေထဲမှာ ငါးမျှားခဲ့ရ တာတွေကိုလည်း သတိရနေမိတယ်။ စာမတတ်ဘူးလေ။ ဒီလိုဘဲ တောထဲတောင်ထဲ ရေခဲပြင်တွေကြားထဲမှာ ကြီးပြင်းလာခဲ့ရတာပဲ။ လားမားတွေကတော့ မကြာမကြာ ရွာကိုလာပြီး ဘာသာရေးတရားတွေ ဟောကြတယ်။ မိဘတွေကလည်း ကျနော်တို့ ဘဝဟာ ဘယ်လောက်က့ကောင်းကြောင်း ဒီလိုဘဲ ထပ်တလဲလဲ ပြောခဲ့ကြတာပဲလေ။ ဒီလိုပဲပေါ့။ ကိုယ့်ဘဝနဲ့ကိုယ်ဆိုတော့ ကျေနပ်နေရတော့ တာပေါ့ဗျာ” ဟု ခြေသလုံး အိမ်တိုင်ဘဝသမားကြီး အာဂျန်နိုဘုက ပြောပါသည်။

ယေဘုယျအားဖြင့် တိဗက်လူမျိုးအများစုက ရရှိထားသော သူတို့ဘဝကို ကျေနပ် နှစ်သက်ကြနေကြသူတွေဖြစ်သည်။ သို့သော် ၁၇၈၉ ခုနှစ်မှာ စတင်လိုက်သည့် ပြင်သစ်တော်လှန်ရေးအကြောင်းကို စိတ်ဝင်စားသူတွေလည်း အများအပြားပင် ရှိနေပြန်ပါတော့သည်။ အမှောင်ထုက ဓရံဆာလာရဲ့ ညနေခင်းကို မိမိရရလွှမ်းခြုံမိလိုက်ချိန်မှာပဲ ကျနော်တို့ တိဗက်လဘက် ရည်ဆိုင်ကလေးထဲကနေထွက်ပြီး လူချင်းခွဲခဲ့ကြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်