ကိုသန်းလွင် ● အိုမင်းရင့်ရော်ခြင်း

May 30, 2018

ကိုသန်းလွင် ● အိုမင်းရင့်ရော်ခြင်း
(မိုးမခ) မေ ၃၀၊ ၂၀၁၈

(၁)
မမျှော်လင့်ဘဲ ကျွန်တော်ကြီးပြင်းခဲ့ရာ ကျွန်တော့်ဇာတိအရပ်မှ အိမ်သို့ ပြန်လည်ရောက်ရှိသွားပါသည်။ သည် အိမ်ကို မရောက်ဖြစ်သည်မှာ လေး ငါးနှစ်ရှိတော့မည်။ သည်အိမ်ကို ၁၉၈၆ ခုနှစ်က အမေဆောက်ခဲ့ခြင်းဖြစ်သည်။ အိမ်မှာနေသူ မရှိ၊ အဖက်ဖက်က ပျက်စီးနေသည်။ အိမ်ကိုစောင့်ရှောက်ဖို့ တူမတယောက်ကို တာဝန်ပေးထားသော်လည်း သူ့အိမ်ထောင် တဖက်နှင့် အချိန်အားမရနိုင်ဘဲ အိမ်ကိုသေချာ မကြည့်ရှုနိုင်ပါ၊ အိမ်က သစ်သားတိုင်နှင့် အုတ်နှင့် ဆောက်ထားခြင်းဖြစ်ရာ ကျွန်တော်တို့အညာရပ်က ဤအိမ်မျိုးကို နံကပ်တိုက်ဟုခေါ်ကြသည်။ အိမ်မှာဆေးသုတ်ထားသော်လည်း ဆေးတွေက အလိပ်လိုက်ကွာကျနေသည်။ တချို့နေရာတွေ မှာ ဆေးရောင်မရှိတော့။

အိမ်ရှေ့က ကျွန်တော်ကိုယ်တိုင်စိုက်ခဲ့သောသီးပင်မှာ အုပ်အုပ်ညို့ညို့နှင့် အရွက်တွေ ဖားဖားကျနေသည်။ ကျွန်တော်ငယ် ငယ်က စိုက်ပျိုးခဲ့သော အပင်ဖြစ်ပြီး ပဌမဆုံးပေါက်လာသည့် သစ်ရွက်များကို ကျွန်တော်မြင် တွေ့ခဲ့ရပါသည်။

အိမ်ကိုမြင်တော့ ကျွန်တော်လည်း အသက်ကြီးပြီဖြစ်ကြောင်း သတိရလာပါသည်။ အသက် ၆၃ နှစ်ဆိုသော အရွယ်သည် ဤအိမ်အိုကြီးလိုပင် အိုမင်းနေပြီး ကျွန်တော့ဇနီးဖြစ်သူက ဆိုင်ကလေးဖွင့်ထားသောကြောင့် ထိုဆိုင်မှာ ကူဖော်လောင်ဖက် ကျွန်တော်ကလုပ်ရပါသည်။ ဆိုင်ဖွင့်ချိန်၊ ပိတ်ချိန်တွေမှာ အမြဲရှိရသည်။ ထို့ကြောင့် အလုပ်လုပ်နေဆဲ ပင်စင်မယူသေးဟု ပြောနိုင်ပါသည်။

ဟိုးတစ်နေ့က အိမ်က မိုဒမ် (Modem) ပျက်သဖြင့် အမ်ပီတီ (MPT) က အကူအညီခေါ်ရသည်။ ထိုစက်ပြင်သူ က ခဏ သာကြည့်ပြီး အသစ်လဲပေးပါသည်။ စက်မီးခလုတ် ဖွင့်တိုင်းလာချင်မှလာသည်။ ခလုတ် ပိတ်လိုက် ဖွင့်လိုက် အကြိမ်ကြိမ် လုပ်ရသည်။ ဘာဖြစ်တာလဲဆိုတော့ “စက်ကအိုနေပြီ၊ အိုတဲ့ရောဂါပေါ့” ဟု ဖြေသည်။

သူကပြောတော့လဲ အိုမင်းခြင်းဆိုသည်မှာရောဂါတမျိုးလိုဘဲလား၊ အခုခေတ်တွင် အသက် ၁၀၀ နေရသည်ဆိုသည်မှာ ဘာမှမဆန်းတော့ပါ။ ယခင်ကတော့ အသက် ၁၀၀ နေရခြင်းသည် ချွင်းချက်တခုလိုဖြစ်သည်။ အခုအခါမှာတော့ အသက် ကြီးတယ်ဆိုတာ အစဉ်အလာ (Trend) တခုလို ဖြစ်နေပါပြီ။ ရောမဘုရင်တွေခေတ်က အသက် ၄၅ နှစ်ဆိုလျင် စစ်မှုထမ်းက အငြိမ်းစားယူရသည်။ ယခုခေတ်မှာ အသက် ၆ဝ ပြည့်တာ အငြိမ်းစားယူရန်မဟုတ်၊ အသက် ၆၇ ၊ ၇ဝ နှစ် စသည်ဖြင့် အငြိမ်းစားယူသည့်နှစ်တွေက ပြောင်းလဲကုန်ပါပြီ။

ကျွန်တော်သည် ကျွန်တော်အိမ်အိုကြီးကိုကြည့်ပြီး အရပ်ရပ်ကြည့်လေရာမှာ အိုမင်းဟောင်းနွမ်းနေတာတွေကို မြင်မိပါ သည်။ လူတွေသည် အိုမင်းရင့်ရော်ခြင်းကို မလွဲမသွေ ရင်ဆိုင်ကြရပါသည်။ အိုမင်းရင့်ရော်ခြင်းမှာ စိတ်ချမ်းမြေ့ကြည်လင် စရာတွေ အများကြီးရှိပါသည်။ ထိုအရာများကို မြင်အောင်ကြည့်တတ်ဖို့သာလိုပါသည်။ ပန်းသီးသည် အခွံများရှုံ့ကျ၍ အမှည့်လွန်နေသောအခါ အချိုဆုံးဖြစ်ပါသည်။ လူငယ်တို့၏ အလှဆုံးအချိန်သည် လူငယ်တို့၏ ဘဝကုန်ဆုံးချိန်မှာ ဖြစ်ပါ သည်။ ဝိုင်အရက်ကိုမြည်းသူတို့သည် နောက်ဆုံးသောက်လိုက်သည့်ဝိုင်အရက် ကုန်ဆုံးချိန်မှာ သောက်ရသည့်အရက်က အချိုမြိန်ဆုံးဖြစ်ပါသည်။ နောက်ဆုံး မူးပြီဆိုသည့်အသိကိုပေးသော အရက်တခွက်သည် အကောင်းဆုံးဖြစ်ပါ၏၊ မိတ်ဆွေ အချင်း ကောင်းသည်ဟုသိလိုက်ရသောကျွမ်းဝင်မှုကို နောက်ဆုံးမှ မြင်ရသည်။ မိတ်ဆွေသူငယ်ချင်းတို့အတွက် အ ကောင်းဆုံးကာလမှာ ခွဲခွာရပြီဟု သိလိုက်ရသည့် နောက်ဆုံးအချိန်မှာဖြစ်ပါသည်။

ထို့ကြောင့်လူတစ်ဦး၏ဘဝတွင် တောင်ထိပ်ရောက်ပြီး အဆင်းမှာသာ အကောင်းဆုံးတွေကို တွေ့ရပါသည်။ အမြင့်ဆုံးမှ ပြန်လည်လျှောကျရပြီဆိုပြီး လျှောကျချိန်သည် ထိုသူ့ဘဝအတွက် အကောင်းဆုံးအချိန်များဖြစ်ပါသည်။ အဆောက်အဦး တစ်ခု ပြိုကျမည်ကို သိလိုက်ရသောအချိန်သည် ထိုအဆောက်အဦး၏ အလှဆုံးအချိန် ဖြစ်ပါသည်။

လူ့ဘဝမှာ “ဘာမှမလိုတော့ပါဘူး” ဟု သိလိုက်ရသောအချိန်သည် အကောင်းဆုံးအချိန်များ ဖြစ်ကြပါသည်။ လူတို့၏ လိုအင်ဆန္ဒများကို ပိတ်သိမ်းနိုင်သောအချိန်၊ လိုချင်တာမရှိတော့ပါဘူးဟူသော အချိန်ကိုဆိုလိုပါသည်။ ကျွန်တော်တို့၏ တာဝန်မှာ ထိုအလိုဆန္ဒများ တော်လောက်ပြီ၊ လုံလောက်ပြီဟုယူဆနိုင်သော အချိန်ကိုရှာဖွေရန်ပင်ဖြစ်ပါသည်။

လူတို့၏ဘဝများသည် သေခြင်းတရားကိုရင်ဆိုင်ရန် အခက်အခဲဆုံးဖြစ်သည်။ အသက်အရွယ် နုပျိုနေဆဲမှာလည်း သေခြင်း တရားကိုရင်ဆိုင်ကြရပါသည်။ အသက်အရွယ်နှင့်မဆိုင်ပါ။ ထိုနည်းတူစွာ အိုလွန်းသည်ဟူသော လူသည်မရှိ၊ အရွယ်အို လွန်သောကြောင့် နက်ဖြန်သည် မရောက်လာတော့ပါဘူးဟု ငြင်းပယ်ခံရသူသည်မရှိပါ၊ တစ်ရက်စီသည် လူသားတိုင်း အတွက် လှမ်းတက်ရသော အဆင့်တဆင့်သာဖြစ်ကြပါသည်။

လူဆိုသည်မှာ အသက်အရွယ်ကြီးရင့်ခြင်းကိုရင်ဆိုင်ရစမြဲဖြစ်သည်။ စိတ်ထားတတ်သောသူအဖို့ဆိုလျင် အရွယ်အိုခြင်းဆို သောကာလကို နောက်ချန်ထားခဲ့စမြဲသာဖြစ်သည်။ အသက်အရွယ်က စိတ်ဓါတ်ကိုမထိခိုက်နိုင၊် ကိုယ်ခန္ဓာကြီှးကိုမှု ဇရာက ဖိစီးတိုက်ခိုက်နိုင်ပါသည်။ လူသည် ဇရာ၏ထုထောင်းမှုဒဏ်ကိုခံရသည်ဆိုစေ စိတ်ဓါတ်ခွန်အားကိုမူ မထိခိုက်နိုင်ပါ၊ ကိုယ်ခန္ဓာကြီးကို ကြီးပြီဟူ၍လည်းကောင်း၊ အချို့သောဝန်တာများကို မထမ်းဆောင်နိုင်တော့ပါဟူ၍လည်းကောင်း၊ ဝန်ခံ စေကာမူ စိတ်ဓါတ်အင်အားကို မထိခိုက်စေနိုင်ပါ၊ မိမိစိတ် ဓါတ်အင်အားကို ယုံကြည်မှုအပြည့်ရှိသည်ဆိုလျင် ဇရာက ခေတ္တ ဖြစ်စေ၊ ထာဝရဖြစ်စေ မေ့ထားထားနိုင်ပါသည်။ အသက်အရွယ်ကြီး သူတို့ကစိတ်ငြိမ်အေးချမ်းမှုသဘောကို ငယ်ရွယ်သူတို့ ထက် ပိုမိုခံစားနိုင်စွမ်းရှိသည်ကို တွေ့နိုင်ပါသည်။

အသက်အရွယ်ကြီးရင့်သူတို့သည် တနေ့ထက်တနေ့ အင်အားဆုပ်ယုတ်လာခြင်းကို ခံစားရနိုင်ပါသည်။ ကျုံ့သွားခြင်း၊ တဖြေးဖြေးမှေးမှိန်ပျောက်ကွယ်သွားခြင်း၊ အရည်ပျော်သွားသလို အင်အားချိနဲ့သောအဖြစ်ကို မြင်တွေ့ရပါလိမ့်မည်၊ တနေ့လျင် တမျိုး ပိုင်ဆိုင်မှုကို စွန့်လွတ်ရသည်များကို ကြုံတွေ့ရနိုင်ပါသည်။ သို့မဟုတ် မမျှော်လင့်ဘဲ နှလုံးသွေးရပ်၍ သေဆုံးရခြင်းကို ကြုံတွေ့ရနိုင်ပါသည်။

ထိုကဲ့သို့ မမျှော်လင့်ဘဲ အသက်ဆုံးရှုံးရပြီဆိုပါကအားလုံးအပြီးတိုင်တော့သည်။ ထိုအခြေအနေမျိုးတွင် အသက်က ဘယ် လောက်ဘဲရှိရှိ ပြီးဆုံးသွားတော့သည်။ သေခြင်းတရားသည် မမျှော်လင့်ထားသော အချိန်တွင်ရောက် လာလေ့ရှိသည်။

(၃)
အပြစ်ဖို့သူတို့က သဘာဝကြီးသည်လူ့ဘဝကိုသက်တမ်းပေးရာ၌ တွန့်တိုသည်ဟု ဆိုကြသည်။ သူတို့ရသောဘဝသက် တမ်းမှာ တိုတောင်းပြီး၊ အချိန်ကာလမှာမြန်ဆန်လှသောကြောင့် ဘာမှလုပ်ချိန်ကိုင်ချိန်မရှိဟု စောဒကတက်ကြသည်။ အတွေ့အကြုံများရှိပြီးဘဝကိုရင်ဆိုင်ဘို့ အသင့်ဖြစ်ပြီ ဆိုသည်နှင့်အချိန်မှာ အိုမင်းရင့်ရော်သွားတော့သည်။ အဲရစ္စတိုတယ်ကမူ လူတို့သက်တမ်းထက် ငါးဆ ဆယ်ဆပိုသော တိရိစ္ဆာန်များ၏ ဘဝနှင့်နှိုင်းယှဉ်ပြီး ငြီးတွားခဲ့သည်။ သူတို့ထက် ရည်ရွယ် ချက်မြင့်မားပြီး လားရာကောင်းသောလူသားတို့က သက်တန်းက ဘာမှလုပ်မရအောင် တိုနေသည်။

ကျွန်တော်တို့မှာ အချိန်တိုတောင်းပြီး မလုံလောက်ခြင်းမဟုတ်ဘဲ ရသမျှအချိန်ကို ဖြုန်းတီးပစ်နေခြင်းများသာရှိသည်။ ဘဝ သည်အချိန်ကို လုံလောက်စွာပေးထားပါသည်။ လုံလည်းလုံလောက်ပါသည်။ ထိုအချိန်တိုကလေး အတွင်းမျာပင် မြင့်မား သောအလုပ်အကိုင်မျာကို ပြီးစီးသွားသည်များကိုမြင်တွေ့နိုင်ပါသည်။ အချိန်ရှိခိုက်က ဘာမှမလုပ်ဖဲ ပျော်ပါးမြူးတူး နေသူ များအဖို့ အချိန်သည် တိုတောင်းလှပါသည်။

ကျွန်တော်တို့ဘဝသည် အချိန်တိုကလေးရခြင်းမဟုတ်၊ ကျွန်တော်တို့ကသာ ဘဝကို တိုတောင်းအောင်လုပ်နေကြခြင်းဖြစ် သည်။ ကုန်နိုင်ခမန်းမရှိ သောချမ်းသာကြွယ်ဝမှုများမှာ လူမိုက်တို့၏လက်ထဲဝယ် မသုံးတတ် မကိုင်တတ်နှင့် ဆုံးပါးကုန်ရပါ သည်။ သို့သော်ပညာရှိသူ၏လက်ဝယ်သို့ရောက်ရှိသော စည်းစိမ်တို့မှာအချိန်နှင့်အမျှ တိုးပွးလာနေကြပါသည်။

အိမ်အိုကြီးကို ပြုပြင်ရန်မဟုတ်၊ ရှိသမျှကလေးနှင့် သာယာနာပျော်ဘွယ်ဖြစ်သော ဘဝကိုထူထောင်ရန်သာ ဖြစ်သည်။ ဘဝ၏နောက်ဆုံးအချိန်များရောက်သည့်တိုင် အချိန်ကိုဦးတည်ရာမရှိ ဖြုန်းတီးပစ်နေသူများကို တွေ့ရှိနေရပါသည်။ အချိန် ကုန်သွားသည်နှင့် မိမိအဖို့ ဘာမျှမကျန်ရစ်သော အဖြစ်ကိုကြုံကြရပါသည်။ တရားဓမ္မ ရှာဖွေ၍ဖြစ်စေ၊ ဖီလိုဆိုဖီကိုလေ့လာ ၍ဖြစ်စေ၊ ငြိမ်ငြိမ်သက်သက်ကလေးနေ၍ ဘဝ၏အဖြစ်အပျက်များကို သုံးသပ်၍ဖြစ်စေ အချိန်ကို ကုန်ဆုံးစေသင့်ပါသည်။

ကိုသန်းလွင်
Ref: Seneca: On the shortness of our life


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်