fbpx

သွန်းခ – ဇာတ်ညွှန်းခွဲမထား

May 31, 2018

– ဇာတ်ညွှန်းခွဲမထား

(မိုးမခ) မေ ၃၁၊ ၂၀၁၈

မေ၂၉၊ ညနေ။ မြောက်ဥက္ကလာကနေ ဝိုင်ဘီအက်စ် ၃၆ စီးပြီး ဆူးလေကိုထွက်ခဲ့တယ်။ ကလေးတွေအတွက် ကဗျာရွတ်ပွဲသွားနားထောင်မယ်ဆိုတဲ့စိတ်ကူးနဲ့ပေါ့။ စိတ်သာကူးတာ၊ စိတ်ရှုပ်စရာက ကားပေါ်မှာပါလာတယ်။ ပေစုတ်စုတ်နဲ့ ၁ဝ နှစ်သားလောက်ကောင်လေးက ပိုက်ဆံလာတောင်းလို့။ ဘယ့်နှယ်ကားပေါ်မှာ ကွယ်။

သကောင့်သားလေးက မြောက်ဥက္ကလာအဝိုင်းမှတ်တိုင်ကတည်းကတက်လာတာ။ ကားခပေးစီးတယ်။ သံဖြူပုံးခပ်ရှည်ရှည်ထဲ နှစ်ရာတန်အသစ်ကလေး ထည့်လိုက်တာမြင်သားပဲ။ သူကိုင်ထားတဲ့ ကိုလာပလတ်စတစ်ပုလင်းထဲကထုတ်ပေးလိုက်တာ။ ပုလင်းခွံကိုပိုက်ဆံဗူးလုပ်ထားတာကမှ မိုးလုံဦးမယ်။ အဲဒီနေ့ရန်ကုန်က မုန်တိုင်းအရှိန်နဲ့ မိုးသည်းသည်းမှာလူတွေက ခပ်ရွှဲရွှဲကိုး။

ကောင်လေးကိုယ်ကနံလိုက်တာ ဖိနပ်လည်းမပါဘူး။ တကယ့် ပေစုတ်စုတ်။ ဆိုးတာကကားပေါ်ကလူတွေဆီ လက်လိုက်တို့ပြီး ပိုက်ဆံတောင်းနေလိုက်တာ။ မိုးသည်းသည်းမို့ထင်တယ်။ ကားကလည်းချောင်ပါ့။ ကောင်လေးက ထီးဂေါက်နဲ့။ ကလေးကိုး၊ ဆော့နေတာပေါ့။ မှတ်တိုင်ကလူတွေတက်လာတဲ့အခါ ခဏနားတယ်။ ပိုက်ဆံလိုက်တောင်းပြီ။ သူ့ထီးဂေါက်ကို ဝိုင်ဘီအက်စ်လက်ကိုင်ကွင်းမှာတွဲလောင်းချိတ်ထားတယ်။ ကားရဲ့ဘေးမှန်တွေကို ခိုက်မိနိုင်တာပေါ့။ ကားမှန်မခိုက်မိခင် ဖုန်းကိုသူ့ထီးနဲ့လာရိုက်မိမှာစိုးလို့ လွယ်အိတ်ထဲမြန်မြန်ထည့်သိမ်းထားလိုက်ရပါလေရော။ မျက်စိကိုနောက်လို့။

ခရီးသည်တွေအားလုံးစိတ်ရှုပ်နေကြပြီ။ ဘာမှသာမပြောကြတာ။ မနှစ်မြို့ကြတာမျက်နှာပေးတွေကြည့်သိသာတာကိုး။ လူလည်လေးက သိပ်နပ်တာ။ ပိုက်ဆံတောင်းကြည့်တယ်။ မပေးတဲ့စူပွစူပွတွေကို သိပ်အချိန်မပေးဘူး။သူ့ဟာသူ ပြန်ဆော့နေလိုက်တယ်။ ကားချောင်ချောင်ပေါ်မှာ ဟိုပြေဒီပြေး။

သူ့ကိုခပ်ရွံ့ရွံ့ကြည့်နေကြတဲ့သူတွေကို ဥပေက္ခာထားပြီး မျက်နှာထားမတင်းဘဲ ခပ်မှန်မှန်နေတဲ့ မိန်းမပျိုလေးနား သွားကပ်ထိုင်လိုက်တယ်။ တွန်းတွန်းတိုက်တိုက် ဝင်ထိုင်ပစ်လိုက်တာများ မနာလိုချင်စရာ။ မိန်းမပျိုလေးကဖြူဖွေးဖွေးလေး၊ ဆံပင်ကကျောလည်လောက်ထိ ရှည်တယ်။ နှာတံပေါ်ပြီး မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့။ ဖိနင်းထားတဲ့ဖိနပ်ဖြူဖြူလေးက သူ့ခြေခုံဖြူဖြူလေးတွေနဲ့ သိပ်လှတာ။

အဲဒီမိန်းမပျိုလေးဘက်က ကာကာဆီးဆီးပြောပေးချင်သလိုလို။ ငနဲသားလေးကိုပဲ ဟန့်ချင်သလိုလို မာန်ချင်သလိုလို။ ကွက်ကြည့်ကွက်ကြည့်လုပ်ဖြစ်ရင်း မိန်းကလေးကိုပါကြည့်မိတာ ခဏခဏပါပဲ။ လှပြီးချစ်စရာ ကောင်းလိုက်ပါဘိ။ မြန်မာဆန်ဆန်နဲ့ တယ်လှတာကိုး။

ရွှေဂုံတိုင်၊ ဗဟန်း ၃ လမ်းနားရောက်တော့ ဘသားချောနဲ့မိန်းမပျိုစကားတွေပြောနေလိုက်ကြတာ။ မနာလိုချင်စရာပါပဲလား။ ချာတိတ်တော့ချာတိတ်ပေါ့။ ဒါပေတဲ့ ဒီကောင့်ကိုအရေးတယူလုပ်နေတာကိုပဲ မနာလိုချင်သလိုလိုဖြစ်လာသလားလို့။ အမယ်၊ ငနဲသားလေးက သူ့လုပ်ငန်းခွင်သဘာဝကို ရှင်းပြနေလိုက်တာ။ ဘယ်လို တောင်းတတ်ရင် ဘယ်လောက်အထိရတာတို့၊ ဘာတို့။ မိန်းကလေးကပြုံးပြီးနားထောင်နေလိုက်တာများ။ မနာလိုပါ့။

အဲဒီနောက် မိန်းကလေးက ခေါ်လိုက်တာ”မောင်လေး” တဲ့။ ဒီလိုပေစုတ်စုတ်ကောင်လေးကိုများ။ ဆက်နားထောင်ကြည့်တော့ ကျောင်းနေဖို့၊ စာသင်ဖို့၊ ဒီလို တောင်းရမ်းစားနေတိုင်း ဘဝကပြီးမသွားဘူးဆိုတာတို့။ အို၊ သူနဲ့ဘာဆိုင်တာလိုက်လို့။ ကိုယ့်ဟာကိုယ် လှတပတနေတာမဟုတ်ဖူး။ ဒီလိုနလပိန်းတုံး၊ ဝဲစား၊ ပေစုတ်စုတ်ငနဲလေးကိုများ လူရေးလူရာလုပ်လို့။

ဟော၊ ဟော။ ဆူးလေရောက်ပြီ။ ဟိုငနဲသားလေးက သမ္မတရုံရှေ့မှာဆင်းသွားတာ။ မိန်းမပျိုလေးက မတ်တပ်ရပ်လိုက်ပါမှလှလိုက်တာ။ ဝိုင်ဘီအက်စ်ပေါ်က ဆင်းဖို့ သူ့နောက်နားသွားကပ်ရပ်လိုက်ရင်းကားပေါ်က လေအေးပေးစက် အအေးငွေ့နဲ့ တထပ်တည်းငြိပါလာတဲ့ သူ့ကိုယ်သင်းနံ့လေးများ။ အင်း၊ ဒါကြောင့် ဟိုငနဲသားငတိလေး တချိန်လုံးကပ်နေတာနေမှာပေါ့။

မုန်တိုင်းက ပြည်နယ်ဘက်ကနေမြန်မာနိုင်ငံရဲ့ကုန်းတွင်းပိုင်းကိုဝင်မယ်။ ပြည်နယ်ဘက်ကနေဝင်လိမ့်မယ် ဘာညာပေါ့။ တော်နေကြာလိမ္မော်ရောင်။ နောက်ခဏနေ အနီရောင်။ အဲဒါတွေကြောင့် “ကလေးသူငယ်အကြမ်းဖက်ခံရခြင်းမှ ကာကွယ်ရေးပညာပေးကာတွန်းပြပွဲနဲ့ ကဗျာရွတ်ဆိုပွဲ” လုပ်နေကြတဲ့ ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံထဲ လူက တယ်မစည်ချင်ဘူး။

ကဗျာဆရာတွေက ကဗျာတွေရွတ်ကြ။ ပါဖောမဲန့်စ် လုပ်တဲ့သူတွေကလုပ်ကြ။ မိုးထဲလေထဲမှာ။ ဘယ်သူတွေအတွက်လဲ၊ ဘာအတွက်လဲ။ ကလေးလေးတွေ အတွက်။ ကလေးသူငယ်တွေအတွက်။ အနာဂတ်ကို သူတို့ပိုင်စိုးကြမှာ။ ဘာတဲ့၊ ကဗျာဆရာတယောက်နဲ့ အောက်က ပရိသတ်အလှည့်ကျအော်နေ၊ ရွတ်နေ လိုက်ကြတာ “ကလေးသူငယ်တွေဟာ တိုင်းပြည်ရဲ့သယံဇာတလေးတွေပါ” တဲ့။ အင်း။

မိုးလည်းမတိတ်ဖူး။ အိမ်ပြန်ဖို့ လမ်း ၃ဝ မှတ်တိုင်မှာ ဝိုင်ဘီအက်စ်စောင့်နေတုန်း။ အသက် ၂ဝ လောက်ရှိမယ့် ကိုယ်ဝန်ဆောင်မိန်းကလေးနဲ့ သူ့အဖော်လည်း ကားစောင့်နေကြတာတွေ့တယ်။ သူတို့ကြည့်ရတာ နွမ်းနွမ်းဖတ်ဖတ်။ မိုးထဲလေထဲထီးလည်းမပါကြဘူး။ ကလေးမွေးပြီးရင်ကော သူတို့ကလေးကို ကောင်း ကောင်းမွန်မွန်မှထားနိုင်ကြပါ့မလား။

ကလေးသူငယ်အကြမ်းဖက်ခံရခြင်းမှကာကွယ်ရေးပညာပေးကာတွန်းပြပွဲနဲ့ ကဗျာရွတ်ဆိုပွဲမှာတော့ ကလေးသူငယ်တွေနဲ့ ပတ်သက်လို့သတိထားကြရမယ့် ကိစ္စတွေပြောကြသား။ လက်တွေ့မှာ သတိထားမိကြလို့လား၊ စာနာကြလို့လား၊ သနားကြလို့လား၊ ကြင်နာကြလို့လား၊ ဖေးဖေးမမ ဘယ်လောက်ရှိကြလို့လဲ။ လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်ပါလို့ပြောတတ်ကြတဲ့လူတွေက ခပ်များများမှာ။ အင်း၊ ကိုယ်ကိုယ်တိုင်ရော။ ဘတ်စ်ကားပေါ်က ကလေးလေးအပေါ် ဘယ်လို အကောင်းမြင်ပေးနိုင်ခဲ့လို့လဲ။ ပွဲကရော ဘာကိုမှတ်မှတ်သားသားရလာခဲ့လဲ။ လမ်း ၃ဝ မှတ်တိုင်ကကိုယ်ဝန်ဆောင်အတွက်ရော။

ဘာလို့တွေးပူနေလိုက်ရသေးတာလဲ။ အဲဒီမေ ၂၉ တညနေကအဖြစ်ကလေးကိုပဲ စာရေးဆရာတွေလို လှလှပပဇာတ်အိမ်လေးတည်ပြီး ရေးကြည့်ချင်လိုက်တာ။ ကြောင်ကကြောင်လိုက်သေးတာကိုး။ ကြောင်တာကိုလည်း လှလှပပရေးမှာပေါ့။ အဲဒီကျရင် ဇာတ်ညွှန်းခွဲရတော့မှာ။ အခုတော့ ဇာတ်ညွှန်းမှခွဲမထားသေးပဲ။

(ကျန်းမာချမ်းသာကြပါစေ။ ကျနော် “သွန်းခ”ပါ)
ဓာတ်ပုံ-ဦးမင်းထွဏ်း(လျှပ်တစ်ပြက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)