ကိုသစ် (သီတဂူ) ● မုန်တိုင်းကြားက ဖယောင်းတိုင် – အပိုင်း (၁၀)

June 1, 2018

● မုန်တိုင်းကြားက ဖယောင်းတိုင် – အပိုင်း (၁၀)
(မိုးမခ) ဇွန် ၁၊ ၂၀၁၈


တိဗက်လူမျိုးများ အများအပြားရှိရာ ဓရံဆာလာမှာ နေခဲ့ရသည့်အချိန်တွေက သူ့ဘ၀ မှာ မှတ်မှတ်ရရရှိလွန်းလှသည်။ ဓရံဆာလာက လွတ်လပ်သည်။ အေးချမ်းမှု အပြည့်ရှိသည်။ ရာသီဥတုကလည်း ကိုယ့်ဘက်မှာရှိသည်။ အဲသည်အချိန်တွေ တုန်းကတော့ တိဗက်တွေနဲ့ တရုန်းရုန်း။ ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ သက်တော် ၇၈ နှစ်မွေးနေ့ပွဲတုန်းက တိဗက်တွေနဲ့အတူ လူတွေကြားထဲ တိုးဝှေ့ပြီး စတုဒိသာတွေ တိုးစားခဲ့ရတာကိုလည်း မှတ်မိနေသေးသည်။ ငယ်ငယ်တုန်းက သူငယ် တစ်ယောက်ရဲ့ ဒိုင်ယာရီထဲကလို “ဒီနေ့ ဘုရားသွားပြီး ဆွမ်းတော်ကြီးတင်စွန့်တာ သွားတိုး။ ငှက်ပျောသီးနှစ်လုံးရ။ တံတောင်နဲ့တွက်မိလို့ ထိပ်ကြီး ဖုသွား” ဆိုတာမျိုး တော့ ဘယ်ဟုတ်မလဲ။ တိဗက်လူမျိုးတို့၏ ဘာသာတရားအပေါ် ချစ်ခင်မြတ်နိုးမှုက စာဖွဲ့လောက်ပါသည်။

ရ-ရာစုအစောပိုင်းမှာ တိဗက်ပြည်သို့ ဗုဒ္ဓဘာသာရောက်ရှိခဲ့ခြင်းဖြစ်သည်။ တန်ဖိုးကြီး မားလှသည့် သစ်ပင်တစ်ပင်ကို ဂရုတစိုက် ပြုစုပျိုးထောင်စိုက်ပျိုးရလို တိဗက်တို့က လည်း သူတို့မြေပေါ် ရောက်ရှိလာသည့် ဗုဒ္ဓဘာသာကို တယုတယ စိုက်ပျိုးမွေးမြူ ခဲ့ပါသည်။ တိဗက်ဘုန်းတော်ကြီးများ အခွန်ကင်းလွှတ်ခွင့်ရပြီး နိုင်ငံ၏ သုံးပုံတစ်ပုံ အကျယ်ဝန်းရှိသည့် မြေနေရာများကိုလည်း တိဗက်သာသနာပြန့်ပွါးရေးအတွက် တိဗက်လားမားကြီးများကို လှူဒါန်းထားကြလေသည်။ တိဗက်ဘုန်းတော်ကြီးများ ရွှေ ထီးဆောင်းသော ကာလတစ်ခုပင်ဖြစ်သည်။ အားလုံးက ဘာသာတရားရဲ့ အဆုံးအမ အောက်မှာ တည်ငြိမ်အေးချမ်းစွာ။

၈၂၁-ခုနှစ်တုန်းက တိဗက်နဲ့ တရုတ်ပြည်ကြားမှာ နှစ်နိုင်ငံနယ်နိမိတ် သတ်မှတ်ခဲ့ ဖူးကြသည်။ အဲဒီတုန်းကတော့ မျဉ်းနှစ်ခုရဲ့ တဘက်တချက်စီမှာ တိဗက်ကလည်း တိဗက်ပြည်မှာ ပျော်ရွှင်အေးချမ်းစွာ။ တရုတ်ကလည်း တရုတ်ပြည်မကြီးဘက်မှာ ငြိမ်းချမ်းတည်ကြည်စွာ။ တစ်ဦးနဲ့တစ်ဦး ရန်လိုခြင်း မရှိ။ ကျူးကျော်လိုခြင်းလည်း အလျဉ်းမရှိ၊ အခုတော့…..။

ကျနော်တို့ ညနေခင်းဘက် ထိုင်လေ့ရှိသည့် တိဗက်လဘက်ရည်ဆိုင်ကလေးတွင် ထိုင်ရင်း တန်ဇန်ချိုဂျယ်ဆိုသော တိဘက်လားမားကြီးက တိဗက်ပြည် သာသနာ သမိုင်းကို အသေးစိပ်ရှင်းပြနေခြင်းဖြစ်သည်။ အခြားတိုင်းပြည်တွေမှာလိုပဲ ကျနော်တို့ တိဗက်ပြည်မှာလည်း သာသနာက အတက်အကျရှိတာပေါ့။ ၉-ရာစုမှာဆိုရင် တိဗက် ပြည်မှာ မင်းပြောင်းမင်းလွှဲဖြစ်သွားတယ်။ Lang Dharma က တိဗက်ပြည်ရဲ့ ဘုရင် ဖြစ်လာပြီးနောက်ပိုင်းမှာ သူက ဗုဒ္ဓဘာသာကို ချေမှုန်းဖျက်စီးပစ်လိုက်တယ်။ ဘုန်းကြီး တွေကို ဖိနှိပ်တယ်။ ဘာသာရေးပွဲတွေကို ပိတ်ပင်ပစ်လိုက်တယ်။ အဲဒီကတည်းက တိဗက်ပြည်မှာ သာသနာအဆက်ပြတ်သွားလိုက်တာ ၁၁-ရာစုကျမှပဲ တိဗက်ပြည်ကို သာသနာပြန်ရောက်လာတော့တယ်။ အာတိသျှဆိုတဲ့ အိန္ဒိယက ဘာသာရေးဆရာကြီး ရောက်လာပြီး အသက်ပြန်ဆက်ပေးသွားလို့သာ ဗုဒ္ဓဘာသာဟာ တိဗက်ပြည်မှာ လုံးဝ သေမသွားတာပေါ့။ သူရောက်လာပြီးတော့ တရားဟောတယ်။ ကျောင်းသစ်တွေ ထပ်ဆောက်တယ်။ ပျက်စီးသွားတဲ့ကျောင်းတွေ ပြန်ပြင်ဆောက်တယ်။

ဒီလိုနဲ့ သာသနာစည်ပင်လာရာကနေ ၁၃-ရာစုလည်း ရောက်ရော တိဗက်ပြည်လည်း ဂျင်ဂျစ်ခန်လက်အောက်ရောက်ခဲ့တယ်။ ဒီတော့ တိဗက်ပြည်ကလည်း အလိုလိုနေရင်း မွန်ဂိုအင်ပါယာရဲ့ တစိတ်တပိုင်းဖြစ် သွားတော့တာပေါ့လေ။ ဂျင်ဂျစ်ခန်ပြီးတော့ ကူဗလိုင်ခန် ဆက်အုပ်ချုပ်တယ်။ သူက တရုတ်ပြည်ကြီးကိုသိမ်းပိုက်ပြီး မွန်ဂို အင်ပါယာကြီးကို ချဲ့ထွင်လိုက်တယ်။ ပြီးတော့ တိဗက်ဗုဒ္ဓဘာသာကို တရားဝင် ဘာသာတစ်ခုအဖြစ် သတ်မှတ်ပေးခဲ့တယ်။  မွန်ဂိုလက်အောက်ကနေ တရုတ်က ၁၃၈၆-ခုနှစ်မှာ လွတ်လပ်ရေးရခဲ့တယ်။ ဘုရင် မွန်ဂိုခန် လက်ထက်မှာပေါ့။

ဒီမှာ တစ်ခုပြောရဦးမယ်။ အဲဒီတုန်းက ဒလိုင်းလားမား ဆိုတဲ့နာမည် မရှိသေးဘူးဗျ။ ဒီနာမည်က ၁၆-ရာစုကမှ ပေါ်လာတဲ့နာမည်ဖြစ်တယ်။  ၁၅၇၈-ခုနှစ်အရောက်မှာ အယ်လ်တန်ခန်ဆိုတဲ့ မွန်ဂိုဘုရင်ကနေ “ဒလိုင်းလားမား”ဆိုတဲ့ ဘွဲ့အမည်ကို တီထွင် သတ်မှတ်ပြီး အပ်နှင်းပေးခဲ့တာသာဖြစ်တယ်။ တိဗက်ဗုဒ္ဓဘာသာမှာ လားမားနှစ်မျိုး ရှိတယ်။ ဒလိုင်းလားမားနဲ့ ပန်ချန်းလားမားတို့ပေါ့။ ဒလိုင်းလားမားရဲ့ အဓိပ္ပါယ်ကတော့ ( Ocean of Wisdom) ပေါ့။ သူက ဥာဏ်ပညာကြီးကျယ်မြင့်မြတ်ခြင်းကို ကိုယ်စားပြု တယ်။ ပန်ချန်းလားမားဆိုတာကတော့  (Great Scholar) ပေါ့။ ပညာရှိသုခမိန်ကြီးပေါ့။ အဲဒီအချိန်ကတည်းက တိဗက်ကို လားမားကြီးနှစ်ပါးက ဦးဆောင်ခဲ့တာ။ အခု လာဆာမှာ တွေ့မြင်နေရတဲ့ ကြီးကျယ်ခန်းနားတဲ့ တိဗက်ကျောင်းဆောင်ကြီးတွေ အားလုံးနီးပါးက ၁၆-ရာစုနှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ တကယ့်ရှေးဟောင်းအမွေ အနှစ်တွေဖြစ်တယ်။ ၁၆၄၄-ခုနှစ်မှာ မန်ချူးတွေက တရုတ်ပြည်မှာ အင်ပါယာထောင် တော့ လားမားကြီးတွေကို မင်းဆရာအဖြစ် အလေးအမြတ်ထားပြီး  ကိုးကွယ်ခဲ့ကြ တယ်။ ဒါကြောင့်လည်း တိဗက်သာသနာက မှေးမှိန်ပျောက်ကွယ်မသွားတာပေါ့။ မန်ချူးတွေကိုလည်း ကျေးဇူးတင်ရမယ်ဗျ။ အေးဗျာ။ စကားကလည်း ပြောလို့ကောင်း တယ်။ မိုးလည်း ချုပ်တော့မယ်။ ဒီည ဘုန်းတော်ကြီးရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ တင်ဆက်မယ့် တိဗက်စတိတ်ရှိုးတွေ၊ တိဗက်ရိုးရာ ကပွဲတွေရှိတယ်ဗျ။ လာဗျာ ဒီညတော့ ကျနော်တို့ ပွဲသွားကြည့်လိုက်ကြရအောင်သေးလို့။  မနက်ဖြန်ကျမှပဲ ဆက်ပြောကြတာပေါ့ဗျာ။

နောက်တနေ့ပြန်ဆုံဖြစ်ကြတော့ တိဗက်ရှေ့ရေးက မှုံဝါးဝါးနိုင်လွန်းလှတယ်ဗျာ ဟူသောဝါကျဖြင့် လားမားကြီးက စကားဝိုင်းကို စဖွင့်လိုက်ပါသည်။ သူပြောတာတွေက စိတ်ဝင်စားစရာကောင်းသည်။ သူက လက်ရှိအနေအထားကို အမှန်အတိုင်း သုံးသပ်တတ်သူတစ်ယောက် ဖြစ်လိမ့် မည်ဟု သူယုံကြည်ထားသည်။ အကြိုက်ချင်း တူ၍လည်း သူ့အယူအဆကို လက်ခံမိတာ ဖြစ်ချင်ဖြစ်ပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် တိဗက်ပြည်မှာ မုန်တိုင်းတွေကတော့ ထန်နေတုန်း ပင်ရှိပါသေးသည်။

“လာဗျာ၊ အထဲမှာပဲ ထိုင်ရအောင်။ ဒီနေ့ ရာသီဥတုက တော်တော်အေးတယ်ဗျ’’ ဘုန်းတော်ကြီးအကြံပေးသည့်အတိုင်း  ထိုင်နေကျတိဗက်ဆိုင်ကလေးထဲမှာပဲ ထိုင်ဖြစ် ကြပါသည်။ သူပြောတာတွေကို နားထောင်ရတာ လေးလေးပင်ပင်ရှိလိုက်တာ။
၁၉-ရာစု အစောပိုင်းကစလို့ အင်အားပြင်းထန်သည့် မုန်တိုင်းတွေက တိဗက်ပြည်ကို ဦးတည်နေခဲ့သည်။ အိန္ဒိယမှာ အင်္ဂလိပ်တို့ တန်ခိုးထွားနေသည့်အချိန်။ ဟိုတုန်းက တော့ တိဗက်ရဲ့ အရေးပါမှုကို ဘယ်သူကမှ အလေးမမူမိခဲ့ကြ။ အခုတော့ဖြင့် တရုတ်ပြည်မကြီးက ခြေလှမ်းကျဲကျဲဖြင့် ကစားကွင်းထဲကို ၀င်ရောက်လာပြီဖြစ်သည်။ ရုရှားနှင့် အင်္ဂလိပ်တို့ကလည်း မျက်ခြေအပြတ်မခံကြတော့။ ပီကင်းရဲ့ခြေလှမ်းကို စောင့်ကြည့်နေပြီဖြစ်သည်။ တိဗက်ပြည်က တန်ဖိုးမဖြတ်နိုင်သည့် သဘာဝသယံဇာတ၊ ရေခဲတောင်ကြီးများနှင့် သဘာဝသစ်တောကြီးများကို ပိုင်ဆိုင်ထားသည့် တိုင်းပြည်။ မြင့်မားလှသည့် တောင်တန်းကြီးတွေပေါ်ကနေ ဘေဂျင်းကို ကောင်းကောင်းမြင် ရသည်။ ရုရှားဘက်ကိုလည်း မျှော်ကြည့်လို့ရသည်။ ပြီးတော့ အိန္ဒိယဘက်ကိုလည်း လှမ်းငေးလို့ရသေးသည်။  သုံးပွင့်ဆိုင် ကစားပွဲတွင် ပွဲစချိန်မှာတုန်းကတော့ တိဗက်တို့ က ခေါင်းမာနေခဲ့သေးသည်။

၁၉၀၄-ခုနှစ်တွင် အိန္ဒိယဘက်က  ဗြိတိသျှတပ်နှင့် တိဗက်တပ်တို့ ထိပ်တိုက်ရင်ဆိုင် တွေ့ခဲ့ဖူးသည်။ တိဗက်တို့ အထိနာခဲ့ရသည်မှာ မှန်သော်လည်း စစ်နိုင်သူတို့ထုံးစံ အတိုင်း ပစ္စည်းလုယက်ခြင်း၊ တိဗက်အမျိုးသမီးများကို ဗလက်ကာယပြုခြင်း၊ မတော် မတရားသိမ်းပိုက်ခြင်းမျိုးတော့ မရှိ။ ဘာသာတရားကို ထိပါးစော်ကားခြင်းမျိုးကိုပင် မပြုလုပ်ခဲ့။ သို့သော် ကျူးကျော်မှုနှင့် ပတ်သက်၍ ဗြိတိန်ဟာ တိဗက်အတွက် မိတ်ဆွေကောင်းမဟုတ်ကြောင်း တရုတ်က၀င်၍ အမြတ်ထုတ်ပါလေတော့သည်။ အဲဒီတုန်းက ယခုဘုန်းတော်ကြီး ဒလိုင်းလားမား မဟုတ်။ ၁၃-ယောက်မြောက် ဘုန်းတော်ကြီး ဒလိုင်းလားမားလက်ထက်ဖြစ်ပြီး ဘုန်းတော်ကြီးက မွန်ဂိုလီးယားတွင် ရောက်ရှိနေချိန်ဖြစ်သည်။

၁၉၁၀-ခုနှစ်တွင် တိဗက်ပြည်သို့ တရုတ်တို့ကျူးကျော်ဝင်ရောက်လာသောအခါ တိဗက်တို့ကလည်း အပြင်းအထန်ဆန့်ကျင်ပါတော့သည်။ တိဗက်ဘုန်းတော်ကြီးများနှင့် တိဗက်လူမျိုးများစွာ အသတ်ခံခဲ့ရပါသည်။ တိဗက်ဘုန်းတော်ကြီးကျောင်းများကို ဖျက်စီးပြီးနောက် မြို့တော်လာဆာကို ပီကင်းက သိမ်းပိုက်လိုက်ပါသည်။ တရုတ်က ဘုန်းတော်ကြီးဒလိုင်းလားမားကို တိဗက်ကနေ ထွက်ခွါဖို့ ဖိအားပေးလာသောအခါ ဘုန်းတော်ကြီးက အိန္ဒိယသို့သွား၍ အင်္ဂလိပ်အစိုးရနှင့် မဟာမိတ်ဖွဲ့ပြီး ငြိမ်းချမ်းရေး စကားဆိုပါသည်။

၁၉၁၁-ခုနှစ်တွင်  ဒေါက်တာဆွန်ယက်ဆင်က တရုတ်တော်လှန်ရေးကို စတင်ဆင်နွှဲ လိုက်သောအခါ တိဗက်တို့ နည်းနည်းအသက်ရှုပေါက်ရသွားသည်။ မန်ချူးမင်းဆက် ပျက်သုန်းခြင်းနှင့်အတူ တနိုင်ငံလုံး ဖရိုဖရဲဖြစ်နေသောအချိန်။ ၁၉၁၃-ခုနှစ်တွင် ဘုန်းတော်ကြီး ဒလိုင်းလားမား အိန္ဒိယကနေ လာဆာကို ပြန်ရောက်လာပြီးနောက်  လွတ်လပ်သော တိဗက်ပြည်အဖြစ်ကြေညာလိုက်သောအခါ  ပီကင်း၏ မျှော်လင့်ချက် မှာ မှုံဝါးသွားပါတော့သည်။ ပီကင်းက မကျေနပ်။
၁၉၁၄-ခုနှစ် အိန္ဒိယနိုင်ငံ ဆင်းမလားတွင် ထိပ်သီးအစည်းအဝေးတစ်ခု ကျင်းပသော အခါ တိဗက်ပြည်သည် တရုတ်၏အစိပ်အပိုင်းဖြစ်သည်မှာ နှစ်ပေါင်း ရာကျော်ပြီးဖြစ် ကြောင်း ပီကင်းက ကြေညာချက်ထုတ်သည်။  တိဗက်တို့က မဟုတ်မှန်ကြောင်း၊ တိဗက်သည် လွတ်လပ်သော တိုင်းပြည်တစ်ခုသာဖြစ်ကြောင်း သက်သေအထောက် အထားများပြ၍ ကန့်ကွက်ပါသည်။ နောင်ကိုလည်း တိဗက်ဟာ တရုတ်ရဲ့ အစိပ်အပိုင်း ဖြစ်တယ်ဆိုတဲ့စကားလုံးကို အသုံးအပြုဖို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်လေသည်။

သို့သော် ပီကင်းကတော့ တိဗက်ပြည်သည် တရုတ်ပြည်၏ အစိပ်အပိုင်းတစ်ခုမျှ သာဖြစ်ကြောင်း အပ်ကြောင်းထပ်၍ နေပါတော့သည်။ လွတ်လပ်သောတိဗက်ပြည် အဖြစ် သက်သေထူဖို့ တိဗက်တို့ အမျိုးမျိုးကြိုးပမ်းခဲ့ဖူးပါသည်။ ဆာလောင်မွတ် သိပ်နေသော အသားစားသတ္တ၀ါ၏လက်အောက်တွင် ရောက်ရှိနေသည့် သားကောင် ကို အသာတကြည် လွှတ်ပေးဖို့ဆိုသည်မှာ စိတ်ကူးယဉ်ဆန်လွန်းလှသည်။ ရှန်ကေရှိတ် က ဒေါက်တာဆွန်ယက်ဆင်ရဲ့အမွေကို အမွေဆက်ခံလိုက်သောအခါ တိဗက်တို့ အတွက် မျှော်လင့်ချက်က ပို၍ဝေး၀ါးသွားရပြန်ပါတော့သည်။ ရှန်ကေရှိတ်သည် အမျိုးသား ရေးဝါဒီသမားတစ်ယောက်ဖြစ်ပြီး ရလိုမှုအားကြီးသူဖြစ်သည်။ ရှန်ကေရှိတ်နှင့် မော်စီတုန်းတို့၏ အားပြိုင်ပွဲတွင် တိဗက်တို့၏အနေအထားက အားရစရာမရှိလှ။ ပြိုင်ပွဲက လောင်းကြေးမြင့်လွန်းသည်။ ဒီကစားပွဲမှာ ဘယ်သူပဲနိုင်နိုင် တိဗက်ကတော့ ရှုံးဖို့ သေချာနေပါသည်။

လားမားကြီးက “လဘက်ရည်တွေ အေးတော့မယ်။ သောက်လိုက်ပါဦးဗျာ”’ဟုဆိုကာ ပြောပြောဆိုဆို သူကလည်း ကောက်မော့လိုက်ပါသည်။

ဒီဆိုင်ကလေးရဲ့ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ ရေခဲတောင်ကြီးတွေပေါ် မှာ မြူခိုးတွေ ဝေနေပြီ။ ဘုန်းတော်ကြီးကတော့ သူသိစေချင်တာတွေကို ပြောပြီး သည်ရေခဲတောင်ကြီးတွေကိုပဲ ငေးကြည့်နေပါတော့သည်။ မြင်ကွင်းတွေက မပီဝိုး တ၀ါး။ တိဗက်ပြည်ရဲ့ အနာဂတ်ကတဲ့ကော..။

ကိုသစ် (သီတဂူ)
၅၊၂၈၊၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်