ကျော်ထင် ● အရည်အသွေးများဖြင့် ဖြတ်သန်းခြင်း

June 7, 2018

● အရည်အသွေးများဖြင့် ဖြတ်သန်းခြင်း
(မိုးမခ) ဇွန် ၊ ၂၀၁၈

● လောကအဓိပ္ပါယ်၊ ရသအနက်
လောကရဲ့အဓိပ္ပါယ်က လူပါ။ လူ့ပြည် လူ့ရွာလို့ဆိုရင်လည်း ရပါတယ်။ သတ္တ၊ သင်္ခါရ၊ သြကာသဆိုတဲ့ ဘုံသုံးပါးဆိုတာကတော့ အများအသိပါ။ ဒါကြောင့် လည်း လူသားဆိုတာကို လောကသားလို့ခေါ်ကြတာပါ။ ဒီအခေါ်အဝေါ်ဟာ လူကို လောကသုံးပါးနဲ့ ပတ်သက်ဆက်စပ်နေလို့ ခေါ်ဝေါ်ကြတာမဟုတ်ပါဘူး။ လောကဆိုတာ လူလို့လည်း အဓိပ္ပါယ်ထွက်နေသေးတာကြောင့်ဖြစ်ပါတယ်။

ရသရဲ့အနက်ကတော့ အရည်၊ အရည်အသွေးနဲ့ အကျင့်တို့ကို ဆိုလိုပါတယ်။ ဒါ့အပြင် သာယာတယ်ဆိုပြီးတော့လည်း အဓိပ္ပါယ်ရပါတယ်။ ဒီကြားထဲမှာ ကိစ္စနဲ့ ပြဒါးဆိုတဲ့ အနက်တွေလည်း ရှိပါသေးတယ်။ အရသာနဲ့ ခံစားမှုဆိုတာကတော့ အများစုသိတဲ့ အနက်အဓိပ္ပါယ်တွေပါ။ ကျနော်ကတော့ ရသဆိုတာ ခံစားနားလည်တာ၊ အဲ့ဒီ့ ခံစားနားလည်မှုကို အခြားသူ အပေါ် သက်ရောက်စေတာ၊ ဒါ့အပြင် ရှင်သန်သက်ဝင်စေတာလို့လည်း ယူလိုက်ချင်ပါတယ်။

ဒီအထဲက လောကရဲ့အဓိပ္ပါယ် လူရယ်၊ ရသရဲ့အဓိပ္ပါယ်ခံစားနားလည်တာ၊ သက်ရောက်စေတာ၊ ရှင်သန် သက်ဝင်တာတွေကို ယှဉ်တွဲထားနိုင်မှသာ လူက လူအားလုံးကို စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယား ကားယား မဖြစ်ကြမှာပါ။

အသိနဲ့အကျင့် တထပ်တည်းကျနေတဲ့လူကသာ သူနေထိုင်ရှင်သန်ရာ လူ့ပြည် လူ့ရွာကို ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ အ သိနဲ့အကျင့်တထပ်တည်း ကျဖို့၊ လူနဲ့ရသကို တွဲဆက်ပေးဖို့ လိုပါတယ်။ လောကရသပဲဖြစ်ဖြစ်၊ ရသလောကပဲဖြစ်ဖြစ်တည်ဆောက်နိုင်မယ်ဆိုရင် တတိုင်းတပြည်ထဲ ကောင်းမှာမဟုတ်ပါဘူး။ တ လောကလုံး ကောင်းရာ ကောင်းကြောင်းပါ။

ဒါကြောင့် လောကနဲ့ရသကို ပူးတွဲပေးဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ပူတွဲပေးလိုက်နိုင်ပြီဆိုရင် ဒါဟာ ကျနော်တို့အားလုံး အ ရည်အသွေးနဲ့ နေထိုင်တယ်မည်သွားတာပါပဲ။  ဒါပေမဲ့ လောကသဘောမှာက ရသနဲ့တွဲဖို့နေနေသာသာ ရသတွေကျဆုံး ကုန်လို့ အနှစ်သာရကင်းမဲ့တဲ့ ဗလာလောကတွေ သာဖြစ်နေပါတယ်။

ဗလာလောကဆိုတာက  ဗဟုသုတတွေသာ တလူလူလွှင့်ထူတတ်တဲ့လောကပဲဖြစ်ပါတယ်။ ဗဟုသုတဆိုတာကတော့ အ ကြား အမြင်များတာဖြစ်လို့ မကောင်းဘူးလို့ မဆိုလိုပါဘူး။

ကောင်းပါတယ်။ မင်္ဂလတရားတော်မှာလည်း ဗာဟုဿစ္စဉ္စဆိုပြီး အကြားအမြင်များခြင်း၊ ဗဟုသုတများခြင်းတွေကို မင်္ဂလာ တပါးအဖြစ်နဲ့ ဟောကြားထားပါသေးတယ်။ တကယ်တမ်းမှာလည်း နိုင်ငံ့ကြောင်းရာတွေမှာ အကြားအမြင်များတာ၊ စီး ပွားခြင်းရာတွေမှာ အကြားအမြင်များတာ၊ စစ်ရေးစစ်ရာတွေမှာ အကြားအမြင်များတာ၊ ဘာသာရေးအကြောင်းခြင်းရာ တွေမှာလည်း အသိအမြင်များကြတာဟာ ကောင်းပါတယ်။

ကောင်းလွန်းလို့လည်း ဗာဟုဿစ္စဉ္စသိပ္ပဉ္စဆိုပြီး သိပ္ပံအတတ်ပညာတွေနဲ့အတူ တွဲဖက်တတ်ထားရင် ဧတံ မင်္ဂလ မုတ္တမံ မြတ်တဲ့မင်္ဂလာမည်တယ်လို့တောင် ဟောကြားခဲ့ပါသေးတယ်။

● ဗဟုသုတအစွန်း
ဒါပေမဲ့ မကောင်းတာက အလယ်မကျဘဲ အစွန်းတဘက်ကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ယနေ့ခေတ် ကျွန်တော်တို့ဟာ အကြားအမြင်တွေ များကြပါတယ်။ လက်လုပ်စက်လုပ်ဆိုတဲ့ သိပ္ပအတတ်တွေကို သူ့ထက်ငါဦး စွမ်းဆောင်နိုင်ကြလို့ မြေ ကြောကိုလည်း ကျုံ့နိုင်သွားတယ်။ အချိန်ကိုလည်း ချုံ့နိုင်သွားပါတယ်။ ဒီအကျိုးဆက်အရ ယခုဖြစ်တာနဲ့ ယခုပဲသိနေ နိုင်ကြပြီဖြစ်ပါတယ်။

အကြားအမြင်များကို လျင်လျင်မြန်မြန်လည်းသိရသလို များများစားစားလည်း ကြားသိခွင့်တို့ ရကြပါတယ်။ အံ့မခမ်း သိပ္ပ အတတ်တွေကြောင့် သိချင့်ကြောင်းရာမှန်သမျှကို သိမြင်နိုင်ပါတယ်။ ဘာသာရေး ဗဟုသုတ၊ နိုင်ငံရေးဗဟုသုတမှအစ၊လူမှုရေးဗဟုသုတ၊ ပညာရေးဗဟုသုတ၊ စီးပွားရေးဗဟုသုတအဆုံး၊ ဘုရားပေါင်းများစွာရဲ့ သမိုင်းအစကနေ၊ နာနိုနည်းပညာနဲ့စူပါလျှပ်ကြိုးမျှင်သီအိုရီတွေအဆုံးကို တနေရာတည်း၊ တထိုင်တည်းမှာပဲ မြေဆုံးရေဆုံး ရှာဖွေသိရှိနိုင်ကြတယ်။

ဒါပေမဲ့ ဒီအကြားအမြင်တွေဟာ ကြားခြင်း၊ မြင်ခြင်း၊ သိခြင်းတွေလောက်မှာသာ ရပ်တန့်နေပြီး ရသနဲ့မထုံကူးမိဘူးဆိုရင် လောကကောင်းကျိုး မဖြစ်ပေါ်နိုင်ပါဘူး။ အကြားအမြင်တွေကို ရသဆိုတဲ့အရည်၊ အရည်အသွေး၊ အကျင့်တွေနဲ့ပေါင်းစပ် မှသာ အနှစ်သာရရှိတဲ့ တည်ဆောက်မှုကို ဖြစ်ပေါ်စေမှာပါ။ အဲ့ဒီ့အနှစ်သာရရှိတဲ့ တည်ဆောက်ခြင်းတွေနဲ့သာ လောကကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

လောကဆိုတာက လူနဲ့ လူ့ပြည်လူ့ရွာလို့ အာဂမယုတ္တိတွေကဆိုထားတဲ့အတွက် လူနဲ့လူ့ပတ်ဝန်းကျင်၊ လူနဲ့လူနေထိုင်ရာအရပ်တွေပဲလို့ဆိုရင်လည်း ရပါတယ်။ အဲ့ဒီ့ လူနဲ့လူ့ ပတ်ဝန်းကျင်ကြီးကို ဗဟုသုတနဲ့ရသပေါင်းပြီး တည်ဆောက်ခြင်းကသာ ကောင်းမွန်တဲ့လူနဲ့ ကောင်းမွန်တဲ့ဝန်းကျင် အဆောက်အဦတွေကို ဖန်တီးတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဘာလို့လဲဆို တော့ ဗဟုဿုတဆိုတာ သိရုံသက်သက်သာဖြစ်တဲ့အတွက် ခံစားမှုမပါပါဘူး။ ခံစားမှုမပါတော့ မေတ္တာမသက်ပါဘူး။ မေတ္တာမသက်တော့ ကိုယ်ချင်းစာစိတ် မဖြစ်ပေါ်ပါဘူး။

ဟိုတုန်းက ဟီရိုရှီးမားနဲ့ နာဂါစကီကို ကြဲချလိုက်တဲ့ အနုမြူဗုံးဟာ အကြားအမြင်နဲ့ သိပ္ပအတတ်တွေရဲ့ အံ့သြမကုန်တွေပါ။ ဒါပေမဲ့လို့ လူသား ဆိုတဲ့ ကိုယ်ချင်းစာတရားရှုထောင့်ကတော့ နည်းနည်းလေးမှ ပါဝင်မှ မဟုတ်ပါဘူး။ ဒီလိုမှမလုပ်ရင် ဂျပန်ဟာ လက်နက်ချမှာမဟုတ်ဘူးဆိုတဲ့ စစ်ရေးအမြင်ကသာ သြဇာတိက္ကမကြီးနေတာပါ။ ကိုယ့်တိုင်းသူပြည်သားကျ စစ်ဘေးစစ်ဒဏ်က လွတ်စေ၊  သူ့ပြည်သူ့ရွာသားကျတော့ သေချင် သေပါစေဆိုတာမျိုးဟာ သူတော်ကောင်းတွေ အတွက် တော့ လက်ခုပ်လက်ဝါးတီးပြီး ကြိုဆိုရမယ့်ကိစ္စမဟုတ်ပါဘူး။

● ဂေဟအိမ်စိတ်
ဒါကို ဂေဟ (အိမ်) အမြင်ကင်းမဲ့တယ်လို့လည်း ဝိဂြိုဟ်ပြုနိုင်ပါသေးတယ်။ တကယ်တော့ ကျနော်တို့ဟာ လောကအိမ်ကြီး တခုတည်းမှာ စုပေါင်းနေထိုင်ကြတာပါ။ အမိုးကောင်းရင်ပြီးရော အခြင်ဘာဖြစ်ဖြစ်ဆိုတာမျိုး၊ အကာကောင်းရင်ပြီးရော အခင်းဘာဖြစ်ဖြစ်ဆိုတာမျိုး လုပ်လို့မရပါဘူး။ အားလုံး ကောင်းမှဖြစ်မှာပါ။ ကိုယ်အကောင်းရသလို သူများကိုလည်း အ ကောင်းရသွားစေချင်တဲ့ ကိုယ်ချင်းစာတရား ရှိထားရပါ့မယ်။ ကိုယ်ချင်းစာစိတ်ကင်းမဲ့နေတဲ့ လူ့အဖွဲ့အအုံဆိုတာ ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်ပါဘူး။ အကြားအမြင်တွေအရ သိပေမြင်ပေမယ့် ရင်ထဲမှာ မနက်ရှိုင်းရင် အလကားပါပဲ။ ဒါနဲ့ပတ် သက်ပြီး သာဓကလေး နည်းနည်းပြောချင်ပါတယ်။

ရှေးတုန်းက မြန်မာ့တရားစီရင်ရေးစနစ်ဟာ ဖျန်ဖြေရေးသာဖြစ်ပြီး နှစ်ဦး နှစ်ဘက် လက်ဖက်အတူ မစားမချင်း ဘယ်အဆုံးအဖြတ်မှအတည်မဖြစ်ခဲ့ပါဘူး။ ဒါဟာ ချစ်ကြည်မှုကို အခြေတည်ပေးပြီး တရားစီရင်ပေးခဲ့တာပဲဖြစ်ပါတယ်။ သာတယ် နာတယ်သဘောမပါဘဲ ကိုယ်ချင်းစာတရားနဲ့ဆုံးဖြတ်ပေးတဲ့ တိုင်းရင်းသား တရားစီရင်ရေးစနစ်ပါပဲ။ အဲ့ဒီ့တုန်းက တရားစွဲ ဆိုမှုတွေဆိုတာလည်း နည်းပါးခဲ့ပါတယ်။

ဒါပေမဲ့ အင်္ဂလိပ် အုပ်စိုးပြီးနောက်မှာ တရားဥပဒေစနစ်တွေ ပြောင်းလာတယ်။ ဥပဒေကြောင်းအရ အကြားအမြင်ဗဟုသုတတွေ
တိုးလာတယ်။ ဥပဒေပညာရပ်တွေကို လေ့လာလိုက်စားခွင့်ရလာတယ်။  သင်ကြားလာနိုင်တယ်။ ဥပဒေနဲ့အသက်မွေးတဲ့သူ တွေလည်း တိုးပွားလာတယ်။ အဲ့ဒီ့အခါမှာ တရားဥပဒေအကြောင်းအရာတွေကို ဗဟုသုတများတဲ့သူတွေကတရားစွဲဖို့ သွေးထိုးလာတယ်။ အမှုပွဲစားလုပ်ပြီး အမှုရှာကြတယ်။

အကျိုးဆက်အရတော့ အဲ့ဒီ့တုန်းက သိပ်ဝေးတဲ့ ရခိုင်တောင်တန်းလို ဒေသတွေမှာတောင် ဒေသဆိုင်ရာ အကြီးအကဲရဲ့ ဖျန် ဖြေတာကိုလက်မခံတော့ဘဲ တရားစွဲဆိုတာတွေ များပြားလာပါတယ်။ မှတ်တမ်းအရ ပညာတတ်ပိုများတဲ့ဒေသတွေမှာ တရားတဘောင်ဖြစ်တာပိုများတယ်လို့ ဆိုပါတယ်။
ဒါဟာ အကြားအမြင်တွေများ ပြားပေမယ့် ကိုယ်ချင်းစာတရား ရသအရည်အသွေး ကင်းမဲ့ကုန်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် မိဘဆရာကို ကြည်ညိုတာကအစ၊ နိုင်ငံရေး အလယ်၊ ဘာသာရေးကို ယုံကြည်တာအဆုံးမှာ အကြားအမြင်များရုံနဲ့ မပြီး ပြည့်စုံနိုင်ပါဘူး။ ဒီအထဲက တခုက ဆရာပူဇော်တာကို အကြားအမြင်တွေအရ အာစရိယဆိုတာ အစဉ်အဆက်ပူဇော်လာတဲ့ ဓလေ့ထုံးတမ်းပဲလို့ သိရှိမှတ်သားပြီး ပူဇော်နေတာနဲ့ဆရာသမားတွေရဲ့ သွန်သင်လမ်းညွှန်တာကို လိုက်နာဆောင်ရွက်ခဲ့လို့  အောင်မြင်ထင်းပတဲ့ တနေ့ကြောင့် ရရှိခံစားခဲ့ရတဲ့ချမ်းမြေ့မှုအရသာကို ကျေနပ်ပီတိဖြစ်ပြီးပူဇော်တာဟာ မတူပါဘူး။

ဘုရားအသီးသီးကို ပူဇော်ဝတ်တွားရာမှာလည်း ဒီလိုပါပဲ။ ဘုရားရှင်တွေရဲ့ ကျေးဇူးတော်တွေကို တဆင့်စကား၊ တဆင့်နားနဲ့ ကြားသိရုံပူဇော်တာ ဟာ ဗဟုသုတအရ ပူဇော်တာပဲဖြစ်ပါတယ်။ဘုရားဟောကြားခဲ့တဲ့အတိုင်း လိုက်နာကျင့်ကြံအားထုတ်ပြီးဘဝချမ်းသာအရသာကို ရရှိခံစားခဲ့ရတာကြောင့် ဘုရားရဲ့ကျေးဇူးဟာ ကြီးမားပါပေတယ်။ ဘုရားရဲ့ အရည်အသွေးဟာ ပူဇော်မကုန်၊ ပူဇော်မခမ်း ရှိပါပေတယ်ဆိုပြီး ပူဇော်တာဟာ ရသအရ ပူဇော်တာပဲဖြစ်ပါတယ်။ ဒီနှစ်ခုဟာ ကွာခြားပါတယ်။ အနှစ်သာရအရ လုံးဝမတူပါဘူး။ ပြောရရင် အဲ့ဒီ့အကြားအမြင်တွေအရ ပူဇော်တာနဲ့ ရသအရ ပူဇော်တာဟာ မိုးနဲ့မြေလို ကွာပါတယ်။

ဒါဟာ ခေတ်ပညာရေးစနစ်တွေကြောင့်လည်းတကြောင်း  ပါဝင်ပါတယ်။ ခေတ်ပညာရေးစနစ်တွေမှာ အကြားအမြင်များတာနဲ့ လက်လုပ်၊ စက်လုပ်၊ နည်းပညာ အတတ်တွေကိုသာ ဦးစားပေးသင်ကြားနေတာဖြစ်တဲ့အတွက် ရသအရည်အသွေးဟာ ကျဆုံးပျောက်ပျက်သွားပါတယ်။

ဗဟုသုတများမှ လူ့အရေးအရာ ယှဉ်ပြိုင်မှုတွေမှာ ကျော်လွှားနိုင်တာဖြစ်တဲ့အတွက် အခြေပြုစအရွယ်မှာကတည်းက ငါသာ ပထမ၊ ငါသာရဆိုတဲ့ အတ္တသန္ဓေ တည်နေစေခဲ့ပါတယ်။ ဒီသန္ဓေကိုပဲ ထပ်ဆင့်ရင့်ဖြိုးအောင် ဗဟုသုတဆိုတဲ့ အကြားအမြင် တွေနဲ့ ထပ်ပြီးအဟာရပြုကြပါတယ်။ ဒါကြောင့်လည်း ဦးနှောက်ဖွံ့ဖြိုးတဲ့ လောကသားတွေ ဖြစ်နေဦးတောင် နှလုံးသားမှာက ခံစားနိုင်စွမ်းကင်းမဲ့နေပါတယ်။ နှလုံးသားမှာ ခံစားနိုင်တဲ့ ရသစွမ်းရည်ပျောက်ဆုံးနေတဲ့အတွက် လူဟာ လူအချင်းချင်း အပေါ်မှာ တန်ဖိုးထားဖို့ ပျက်ကွက်ခဲ့တယ်။ တခါတလေ ကိုယ့်ကိုယ်ကိုယ်တောင် တန်ဖိုးထားဖို့  ပျက်ကွက်ခဲ့ကြတာတွေတွေ့ နေရပါတယ်။ ကိုယ့်ကိုယ်တောင် တန်ဖိုးမထားဘူးဆိုတော့ အခြားသူတွေကို လေးစားဖို့  တန်ဖိုးထားဖို့ ဆိုတာတွေဟာလည်း ဖြစ်ပေါ်မလာနိုင်တော့ပါဘူး။ လူနဲ့လူ့ပတ်ဝန်းကျင်ကို အကျိုးဖြစ်ပေါ်စေမယ့် စွမ်းအားတွေလည်း ထွက်ပေါ် မလာတော့ပါဘူး။ ဒါဟာ ရသ မပါဝင်တော့လို့ပါ။

● သတ်ပုံပျက်တဲ့လူ

အကြားအမြင်ဗဟုဿုတတွေကိုသာ ဇောင်းပေးအခြေပြုပေးလိုက်တဲ့အခါ လူရဲ့သတ်ပုံပျက်သွားတာကတော့ ဆန်းတော့ လည်း မဆန်းပါဘူး။လူဟာ လု ဖြစ်သွားတယ်။ကိုယ့်ကျိုးအတွက်ဆို အခြားဆီကနေ ဘာကိုပဲဖြစ်ဖြစ် လုယူတတ်လာတယ်။  ဘယ်လိုပဲဖြစ်ဖြစ် လုဖို့ ကြံရွယ်လာတယ်။ ဘယ်လောက်ထိအောင်များလဲဆိုရင် အသက်ကိုတောင် လုယူဖို့  ကြံစည်စိတ်ကူး နေကြတယ်။ လုပ်လည်း လုပ်ကိုင်နေကြတယ်။ ဥပမာပြောရရင် ဗဟုဿုတအကြားအမြင်တွေအရ ငါးပိမြန်မြန်နပ် အောင်၊ အရက် မြန်မြန်ချက်လို့ရအောင်၊ လက်ဖက်တွေ၊ ငရုတ်တွေအရောင်လှအောင်၊ မုန့်ဖတ်၊ ခေါက်ဆွဲဖတ်နဲ့ပဲပြားတွေကို ကြာရှည်အထားခံအောင်၊ အသီးချိုအောင်၊ ပိုသီးအောင်၊ အရွက်အထွက်ကောင်းအောင်၊ ပဲဆီ နှမ်းဆီမဟုတ်ဘဲနဲ့ ပဲဆီ၊ နှမ်းဆီဖြစ်အောင် လုပ်တတ်လာကြတယ်။ တကယ်တော့ ဒါမျိုးတွေဟာ လောကမှာ အများကြီးပါ။ ဒီလောက်ကတော့ ကျနော့်ခေါင်းထဲ ရောက်လာသလောက်ရေးလိုက်တာပါ။ ဒါတွေဟာ ကိုယ်ချင်းစာစိတ်တွေ ပျောက်ကွယ်ကုန်လို့ ပေါ်ပေါက် လာတဲ့ ဖြစ်စဉ်တွေပါ။ အကြားအမြင်များပြီး ရသကင်းမဲ့နေတဲ့ လူ့အဖွဲ့အအုံမှာ တွေ့ရမြင်ကြရတဲ့ ရက်စက်မှုတွေပါ။ ကိုယ် ကျိုးအတွက် အားလုံးပျက်ဆိုတာမျိုးပါ။

● ငြိမ်းချမ်းရေးရဖို့၊ အရည်အသွေးလိုတယ်

ယခုကြားသိနေရတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာလည်း ဒီလိုပါပဲ။ အခြားတိုင်းပြည်တွေမှာ ဖက်ဒရယ်ဖြစ်လို့၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရလို့၊ လူ့အခွင့်အရေးကို ပြည့်ပြည့်ဝဝ ရရှိခံစားကြရလို့ဆိုတဲ့ အကြားအမြင်တွေလောက်နဲ့ အခြေအတင် လုပ်မ နေကြဘဲ တကယ့်ငြိမ်းချမ်းရေး ရသရောက်အောင် လုပ်ဆောင်ကြဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးကို အကြားအမြင် အရသိ ပေမယ့် တကယ့်တကယ်ငြိမ်းချမ်းရေးလုပ်ဖို့ဆိုတော့ ကလယ် ကလယ် လုပ်နေကြတယ်။ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြ ဖြစ်နေကြတယ်။

ဟိုလူ့လွှဲချ၊ ဒီလူ့လွှဲချလုပ်နေကြတယ်။  ဘယ်လိုလဲဆိုတော့ ဗုဒ္ဓဘာသာလည်း ဟုတ်တယ်၊  ငါးပါးသီလကို ဗဟုဿုတ အရလည်း ကြားသိထားတယ်။ ဒါပေမဲ့ စောင့်ထိန်းဖို ကျတော့ ဟိုအပါးလျှော့ချင်၊ ဒီအပါးလျှော့ချင် ဖြစ်နေကြတယ်။ ဒါမျိုးကို ကျနော်ကတော့ ရသကင်းမဲ့တယ်လို့ပဲ ဆိုချင်ပါတယ်။ တကယ်ဆို ကိုယ်တိုင်ကလည်း ယုံကြည်တယ်၊ အကြားအမြင် အရလည်း ပေါက်ရောက်ထားတယ်ဆိုရင် ငါးပါးသီလလောက်ဟာ စောင့်ကို စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေပဲဖြစ်ပါတယ်။

ဒီလိုပါပဲ။ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာမှာလည်း ငြိမ်းချမ်းရေးကို အလိုရှိတယ်ဆိုရင် ဘယ်ဘက်ကပဲဖြစ်ဖြစ် ဘယ်လိုအခက် အခဲပဲရှိရှိ ဟိုအပါးလျှော့၊ ဒီအပါးလျှော့မလုပ်ဘဲ မရရအောင် ဖော်ဆောင်သင့်ကြပါတယ်။ ဒါမှသာ နိုင်ငံရေးလောကသား တွေဟာ ဗဟုဿုတတခုတည်းအရ လုပ်ဆောင်နေတာမျိုး မဟုတ်ဘဲ၊ ရသသဘောပါ ပါဝင်ဖြည့်စွက်ပြီး အဆင့်အတန်း မြင့်မြင့် ဦးဆောင်နိုင်တဲ့သူတွေ ဖြစ်ကြပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင်တော့ ကိုယ့်ရှေ့သူလို၊ ဟိုလိုလို ဒီလိုလိုပဲ ဖြစ်နေဦးမှာပါ။ ဒါကို အားလုံးဆင်ခြင်စေချင်ပါတယ်။

ကျနော်တို့တိုင်းပြည်အနေနဲ့ဆို လုပ်စရာတွေက တပုံတပင်ကြီးကို ရှိနေပါတယ်။ ပြုပြင်စရာတွေဆိုတာကလည်း အားလုံး သိကြတဲ့ အတိုင်းပါပဲ။ ဒါပေမဲ့ ကျနော်တို့ဟာ လွတ်လပ်ရေးရစက တွက်ထုတ်ခဲ့ကြတဲ့ မူလတန်းပုစ္ဆာတပုဒ်ကို အခုလို ကြီးတောင့်ကြီးမားရောက်တဲ့ထိ အဖြေမထုတ်နိုင်သေးတာကတော့ တွက်ထုတ်တဲ့သူတွေညံ့လို့ဆိုတာ ရှင်းနေပါတယ်။

ဒီလိုပုံစံ ဗဟုဿုတဟန်နဲ့ တစ်ခွဲသားလျှောက်နေကြမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးလည်းဝေး၊ အခြားသော တိုင်းရေးပြည်ရာတွေကိုလည်းခြင်းကြားကြီးနဲ့ ရေခပ်ဆင်းနေသလိုပဲ ရှိနေပါလိမ့်မယ်။ ဖက်ဒရယ်ဗဟုဿုတ၊ ငြိမ်းချမ်းရေးဗဟုသုတတွေ အင်အားကောင်းကောင်းနဲ့တင်မဟုတ်ဘဲ ဖက်ဒရယ်အကျင့်ကို ကျင့်နိုင်အောင်၊ ငြိမ်းချမ်းတဲ့အရသာကို ခံစားနိုင်အောင် လုပ်ဆောင်ကြဖို့  အားလုံးသောအမျိုးကောင်းသားများ ရှေးရှုတော်မူကြပါစေကြောင်း …. ကိုယ့်ခေတ်ကို ကိုယ့်အရည်အ သွေးနဲ့ဖြတ်သန်းစေချင်ကြောင်း… ကြေညာမောင်းခတ်လိုက်ပါတယ်ဗျို့။

ကျော်ထင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်