ကျော်မောင်(တိုင်းတာရေး) – အကြောင်းညီညွတ်ရင် 

June 10, 2018


ကျော်မောင်(တိုင်းတာရေး) – အကြောင်းညီညွတ်ရင် 

(မိုးမခ) ဇွန် ၁၀၊ ၂၀၁၈နွေညတစ်ညတွင် ပူအိုက်သောကြောင့် အိပ်ရာမ၀င်နိုင်ကြသေးဘဲ သံပရာဖျော်ရည်သောက်ရင်း အောက်ပါအတိုင်း စကားစမြည် ပြောဖြစ်ကြလေသည်။

အဖေ။ ။ သားရဲ့ညီလေးက ပုဆိုးမ၀တ်ဘူးကွ။ ပြောလို့လည်း မရပါဘူးကွာ။ ပွဲလေးဘာလေးရှိမှပဲ ပုဆိုးအတင်းဝတ်ခိုင်းလို့ ရတယ်။ ဘောင်းဘီပဲ ၀တ်နေတာကြည့်ပြီး သား အမေက အိုက်လိုက်တာ သားလေးရယ်လို့ ပြောပြောနေတာ ကြားရတယ်။

သား။ ။ ဒါ သူတို့လူငယ်တွေအတွက် လွတ်လပ်ခွင့်ပဲ။ ၀တ်ချင်တာကို ၀တ်နေရရင် စိတ်ချမ်းသာနေတဲ့အတွက် ခန္ဓာကိုယ်မှာလည်း အအေးဓာတ်တွေနဲ့ လွှမ်းခြုံသွားပုံပေါ်ပါတယ်။ ဒါနဲ့ အဖေက လူငယ်တွေကို ပုဆိုးဝတ်တာကြိုက်သလား၊ ဘောင်းဘီဝတ်တာကို သဘောကျသလား။

အဖေ။ ။ ဒို့ငယ်ငယ်တုန်းက နယ်မှာ ညနေဖက် ပြေးပြေးလွှားလွှား ကစားကြတော့ ပုဆိုးခါးတောင်းကျိုက်ပြီး ကစားကြတာပေါ့။ ဘောလီဘောပုတ်လည်း ခါးတောင်းကျိုက်နဲ့ပဲ။ ကျည်းသားရိုက်လည်း ခါးတောင်းကျိုက်နဲ့ပဲ။ ခြင်းခတ်လည်း ခါးတောင်းကျိုက်နဲ့ပဲ။ ဟော .. အလုပ်ဝင်တဲ့နေ့မှာ ဘောင်းဘီဝတ်ရတာပဲလေ။ အဲဒီမတိုင်ခင်က အတန်းကျောင်းတက်လည်း ပုဆိုးနဲ့၊ တက္ကသိုလ်တက်လည်း ပုဆိုးနဲ့။ တက္ကသိုလ်မှာတော့ မြို့ကြီးသားထဲက တစ်ချို့သာ ကောင်မလေးတွေ ပိုးပန်းဖို့ ဘောင်းဘီဝတ်ရင်း ရှိုးထုတ်ကြတာ။ ဒါမျိုး မြင်ရဖူးပြီး သိပ်သဘောမတွေ့ပေမယ့် အလုပ်ထဲရောက်တဲ့အခါ ဘောင်းဘီဝတ်ရတာပါပဲ။ အဲဒီအခါမှ ဘောင်းဘီဝတ်တဲ့ အကျိုးကို ခံစားရတာပါပဲ။ အိမ်နေရင်းတော့ ၀တ်မနေပါဘူး။

သား။ ။ အဲဒီတော့ ဘောင်းဘီနဲ့ ပတ်သက်ပြီး အဖေ ဘယ်လိုမြင်မိသလဲ ဆိုတာလေး ပြောပြပေးပါဦး။

အဖေ။ ။ ပြောင်းသင့်တယ်။ ပုဆိုးတွေ ထဘီတွေ ၀တ်နေတာကနေ ဘောင်းဘီပြောင်းဝတ်သင့်တယ်။ နေရာ ဒေသလိုက်ပြီး ပြောင်းသင့်တယ်။

သား။ ။ အဖေပြောတာ လွယ်ပုံရပေမယ့် ဘောင်းဘီက ပုဆိုးတို့ ထဘီတို့နဲ့ စာရင် ဈေးက ကွာတယ်လေ။ ပြီးတော့ ၀တ်ရတာက ဘောင်းဘီလောက် ကရိကထ မများတာတော့ အမှန်ပဲ။ ပုဆိုးကို ခါးပတ်ပတ်ဝတ်ကြတာ မရှိသလောက် နည်းသွားပေမဲ့ ဘောင်းဘီဝတ်ရင်တော့ စမတ်ကျတယ် ပြောလို့ရအောင် ခါးပတ်ကလေး ပတ်ဝတ်ကြတာကိုး အဖေရ။

အဖေ။ ။ ဈေးကြီးတဲ့ အမျိုးအစားတွေ ၀ယ်ဝတ်ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ အလုပ်ဖြစ်တဲ့ ဘောင်းဘီတွေ ၀တ်ကြရမယ်။ ပုဆိုးရောင်းတဲ့သူ ထဘီရောင်းတဲ့သူတွေ ဘောင်းဘီပြောင်းရောင်းကြလိမ့်မယ်။ အဲဒီအခါ ဘောင်းဘီဈေးကွက်လည်း ကျယ်ပြန့်လာပြီး အပြိုင်အဆိုင်ရှိလာမယ်၊ ဈေးနှုန်းတွေလည်း သင့်တင့်လာရမှာပေါ့။ တချို့ပုဆိုးတွေ ထဘီတွေဆိုရင် ဘောင်းဘီဈေးထက်တောင် အဖိုးနှုန်းကြီးသေးတယ် မဟုတ်လား။

သား။ ။ ဒါပေမယ့် ဘောင်းဘီဝတ်ဖို့ကို ဘယ်သူက သဘောကျမှာလဲ။

အဖေ။ ။ သား အခု အလုပ်လုပ်တော့ ပုဆိုးဝတ်ပြီး လုပ်သလား။ ဘောင်းဘီဝတ်နေရတာပဲ။ ပုဆိုးဝတ်ပြီး အလုပ်လုပ်တာထက် ပိုပြီး ထိရောက်တယ် မဟုတ်လား။ တနည်းပြောရရင် ပြေးလွှားသွားလာရမယ့် လုပ်ငန်းဆောင်တာတွေ လုပ်ရာမှာ ပုဆိုးခါးတောင်းကျိုက်နေစရာမလိုတော့ဘူး၊ အမျိုးသမီးတွေ ဆိုရင်လည်း ထဘီ ခဏ ခဏ ပြင်ဝတ်နေစရာမလိုတော့ဘူးပေါ့။ ဒါက အလုပ်တွေမှာ မဖြစ်မနေ ၀တ်ဖို့ လိုလာပြီဆိုရင် သဘောမကျလည်း ၀တ်ကို ၀တ်ရမှာဖြစ်လို့ပဲ။ နောက်တစ်ခုက နိုင်ငံတကာအားကစားပြိုင်ပွဲတွေ ၀င်ပြိုင်ပြီဆိုရင် အားကစားဘောင်းဘီတို ဘောင်းဘီရှည်တွေဝတ်ပြီး ပြိုင်ကြရတာမဟုတ်လား။

သား။ ။ အခုတလောတွေ့နေရတာ စာသင်ကျောင်းတွေမှာ ပုဆိုးဝတ် ထဘီဝတ်ရတဲ့ ကာလဆိုတာ ရှိနေသေးတယ်လို့ တွေ့ရတယ်။ အတန်းငယ်စဉ်မှာတော့ ဘောင်းဘီတွေ စကပ်တွေ ဂါဝန်တွေ ၀တ်တာ လက်ခံကြပြီး အတန်းကြီးလာတဲ့အခါ အင်း .. အလယ်တန်းဆိုပါစို့ အဖေ၊ အဲဒီအတန်းလောက် ရောက်တဲ့အခါမှာတော့ ဘောင်းဘီတွေ စကပ်တွေ မ၀တ်ရတော့ဘဲ ပုဆိုးတွေ ထဘီတွေပြန်ဝတ်ရသတဲ့။ အဲ .. အဲဒီ ကျောင်းသား ကျောင်းသူလေးတွေ တက္ကသိုလ်ရောက်တဲ့အခါမှာလည်း တချို့တက္ကသိုလ်တွေမှာ ဘောင်းဘီတွေ စကပ်တွေ ၀တ်လို့ မရပြန်သေးဘူး။ ဒါပေမဲ့ အဖေတို့ ကာလတုန်းကလိုပါပဲ၊ လုပ်ငန်းခွင်ဝင်တဲ့အခါမှ လုပ်ငန်းမှာ လိုအပ်လို့ ဘောင်းဘီတွေပြန်ဝတ်ကြတာကို လေ့လာမိတာပါပဲ။

အဖေ။ ။ ဆက်ပါဦးကွ။

သား။ ။ အဲဒီ တက္ကသိုလ်တွေက ကျောင်းသူ ကျောင်းသားတွေ နိုင်ငံခြားကို ကျောင်းကလွှတ်လို့ သွားကြပြန်တော့ ရောမရောက်တော့ ရောမလိုကျင့်ဆိုလား။ ဘောင်းဘီတွေနဲ့ ဖြစ်ကြပြန်ရော။ ပုဆိုးတရွှမ်းရွှမ်းလုပ် ဘာဖြစ်လဲ၊ ထဘီ တရွှတ်ရွှတ်လုပ် ဘာဖြစ်လဲ။ ပုဆိုးကောင်းတွေ အဖိုးတန်ထဘီတွေ နိုင်ငံခြားမှာ ဂုဏ်ယူပြီး ၀တ်ကြတာလည်း တချို့သူတွေရဲ့ ဓာတ်ပုံတွေမှာ မြင်ဖူးတွေ့ဖူးတယ်။ ဘောင်းဘီဝတ်ခဲ့တဲ့ သူတွေမှာတော့ ကိုယ့်ပြည်ပြန်ရောက်တာနဲ့ ပုဆိုးတွေ ထဘီတွေ ပြန်ဝတ်ရနဲ့။ ပတ်ချာလည်နေတာပါပဲ။ သူတို့ခမျာ ဟိုမှာလည်း ၀တ်တာပဲ၊ ဒီရောက်မှ ဘာကြောင့် မ၀တ်ရတာလဲလို့ စဉ်းစားမိကြမယ် ထင်တာပဲ။

အဖေ။ ။ အဲဒီတော့ ..

သား။ ။ အဲဒီတော့ ပုဆိုးမ၀တ်ကြနဲ့၊ ထဘီမ၀တ်ကြနဲ့၊ ဘောင်းဘီသာဝတ်ကြပါလို့ တိုက်တွန်းရင် ဘယ်သူက လိုက်ပြီး ၀တ်ကြမှာလဲ။

အဖေ။ ။ သား ပြောဆိုပုံ နားထောင်ရတာ ဒေါသံအနည်းငယ်ပါသလိုလိုတောင် ရှိနေပုံပေါက်တယ်။ ပုဆိုးကိုပဲ အရင်တုန်းက စွဲစွဲမြဲမြဲဝတ်တတ်တဲ့ သားတို့တောင် လက်ခံနေပြီပဲ။ ဒို့လည်း ဘောင်းဘီဝတ်ခြင်းရဲ့ ကောင်းကျိုးနဲ့ အလုပ်တွေ များစွာလုပ်ဆောင်ခဲ့ပြီးပြီပဲ။ မင်းရဲ့ညီလေးတွေ ဘောင်းဘီဝတ်နေကြပြီ။ ဒါကလည်း သူတို့အရွယ်တွေအားလုံးနီးပါးကို ကြည့်လိုက်။ ဘောင်းဘီဝတ်လူငယ်တွေ များလာတာ တွေ့နေရတာပဲ။ သူတို့နောက်ပိုင်းက လူငယ်တွေရဲ့ ၀တ်စားဆင်ယင်မှုကိုလည်း သတိထားမိလိမ့်မယ်။ ပြောရရင် သားနဲ့ တန်းတူဖြစ်တဲ့ လူလတ်ပိုင်းတွေအထိ လက်မခံဘူးထားဦး၊ သားတို့ရဲ့ သားသမီးတွေ တူ တူမတွေကနေ ဘောင်းဘီဝတ်တာကို လက်ခံနေကြတာတွေ့ရလိမ့်မယ်။ အခုနေမှာ လက်မခံနိုင်တာတွေ ရှိတာကိုတော့ လက်ခံရလိမ့်မယ်။ သားတို့ အခု တီးနေတဲ့ ဂီတာလိုပေါ့။ သားတို့အဖိုးအဖွားတွေဆိုရင် သူ့သားငယ် သားတို့ဦးလေး ဂီတာတီးတတ်တာ သိပေမယ့် အိမ်မှာ ၀ယ်ပေးထားရင် နားငြီးလို့ဆိုတဲ့ ကာလကနေ ဟော အခု ဂီတာဆိုတာကို တဒေါင်ဒေါင် တဒင်ဒင်ကြီးတွေလို့ ဘယ်သူမှ စောဒကမတက်ကြတော့ဘူး။ မိဘတွေကတောင် သူတို့ သားသမီးတွေ ဂီတာတွေ လွယ်ပြီး အဆိုပြိုင်တဲ့အခါမှာ ကိုယ်တိုင်တက်ရောက် အားပေးနေကြတာ တွေ့တယ် မဟုတ်လား။ ကမ္ဘာ့ဂီတကို ဒို့တတွေလည်း အဆင့်မီမီ တီးခတ်နိုင်ကြတာပဲဆိုတာ ပြနေကြပြီ။

သား။ ။ ဟုတ်ကဲ့ အဖေ။ ဒါပေမဲ့ ဘောင်းဘီနဲ့ပတ်သက်လို့ ခုနက ပြောခဲ့တဲ့ စာသင်ကျောင်းတွေမှာ တက္ကသိုလ်တွေမှာ …

အဖေ။ ။ အေး .. နိုင်ငံခြားက စာသင်ကျောင်းတွေ တက္ကသိုလ်တွေမှာ အ၀တ်အစားနဲ့ ပတ်သက်လို့ ဘယ်လိုသတ်မှတ်ထားကြသလဲ။ သူတို့က အအေးတိုင်းပြည်တွေဖြစ်လို့ ဘောင်းဘီ အမြဲတမ်းဝတ်ရတာလို့တော့ အပြောမစောနဲ့ဦးပေါ့။

သား။ ။ အခြေခံစာသင်ကျောင်းတွေမှာ ကျောင်းသားတွေက ဘောင်းဘီဝတ်ရတယ်။ ကျောင်းသူတွေက ဂါဝန်တွေ ၀တ်ရတယ်။ အားကစားလုပ်ရမယ့် နေ့မျိုးဆိုရင် အားကစားဘောင်းဘီတခါတည်း ၀တ်လာကြတာတွေ့ဖူးတယ်။ လေ့လာရသလောက်က သူတို့မှာ ၀တ်စားဆင်ယင်မှုပုံစံ (Dress Code) ဆိုတာမျိုး ထုတ်ပြန်ထားတာ ရှိတယ်။ တက္ကသိုလ်တွေမှာပေါ့။ အတင်းအကျပ်ကြီးတော့ ဒါ မ၀တ်ရဘူး ဒါ ၀တ်ရမယ်လို့ မရှိဘူး။ တက္ကသိုလ်တွေအနေနဲ့ကလည်း ကြည့်လိုက်ရုံနဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူမှန်းသိအောင် သပ်သပ်ရပ်ရပ်ဝတ်စားလာကြတာမျိုးရှိသလို၊ Dress Code ကို မသိလို့ဘဲ ဖြစ်ဖြစ်၊ သိရဲ့သားနဲ့ မလိုက်နာချင်လို့ပဲဖြစ်ဖြစ် ဘောင်းဘီအတိုတွေ ရာဘာခြေညှပ်ဖိနပ်တွေနဲ့ ဖြစ်ကတတ်ဆန်း ၀တ်ပြီး အတန်းလာတက်သူတွေရှိတာမျိုးလည်း တွေ့ရဖူးတယ်။ ဒီလိုလူမျိုးတွေကိုတော့ သင်တန်းပို့ချတဲ့ ကထိက ဆရာ၊ ဆရာမတွေ ပါမောက္ခတွေအနေနဲ့ မြင်တဲ့အခါ ကြုံရင်ကြုံသလို သတိပေး ပြောဆိုကြတာလည်း ရှိပါတယ်။ စာကြည့်တိုက်ကို သွားလို့ အ၀တ်အစားအမြင်မတော်တာမျိုးဆိုရင်လည်း သက်ဆိုင်ရာစာကြည့်တိုက်ဝန်ထမ်းက အေးအေးဆေးဆေးခေါ်ပြောလေ့ရှိတယ်။ အများအားဖြင့်တော့ ပြောစရာမလိုအောင် အချင်း ထိန်းသွားတာမျိုး တွေ့ရတာပါပဲ။

အဖေ။ ။ သားအနေနဲ့ ဘောင်းဘီပြောင်းဝတ်တာဟာ ဒို့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်နေတယ်ဆိုတဲ့ အတွေးမျိုးရော မမြင်မိဘူးလား။ ပြောတာ ကြားဖူးမှာပေါ့၊ ဘိုဆန်တယ်ဆိုတာ။

သား။ ။ ပုဆိုးဝတ်တာ ထဘီဝတ်တာတွေဟာ နှစ်ကာလကြာရှည်လာလို့ ဒါဟာ ကျနော်တို့ရဲ့ ယဉ်ကျေးမှုပဲ၊ ကျနော်တို့ရဲ့ ၀တ်စားဆင်ယင်မှုပဲလို့ ဆိုရင် အဲဒီ ပုဆိုးတွေ ထဘီတွေ ချုပ်လုပ်ပုံ ချုပ်လုပ်နည်း ၀တ်ပုံဝတ်နည်း အဆင့်ဆင့်ပြောင်းလဲလာခဲ့ပုံတွေ တနည်းအားဖြင့် ရှေးရှေးတုန်းကအတိုင်း မဖြစ်တော့တာကို ဆုတ်ယုတ်တယ်လို့ ပြောရင် အဲဒါတွေကိုလည်း ကျနော်တို့အနေနဲ့ ပြန်ပြီး ဆန်းစစ်ကြည့်ရမှာပါပဲ။ ဘာဖြစ်လို့ ဒီကာလတွေမှာ ဟိုအရင်ကာလတွေတုန်းကအတိုင်း မ၀တ်စားကြတော့တာလဲ ဆိုတာကို လေ့လာဖို့ ဆိုလိုချင်တာပါ။ ယဉ်ကျေးမှုတစ်ခုဖြစ်ပေါ်လာတာက သူ့အရင်ရှိပြီးသား ယဉ်ကျေးမှုဆိုတာကို အခြေအနေအရပ်ရပ်ကြောင့် ပြောင်းလဲချင်မှုကနေ ဖြစ်ပေါ်လာတယ်လို့ မှတ်ယူပါတယ်။ ဘောင်းဘီဝတ်တာမှာလည်း သူ့နေရာနဲ့ သူပေါ့။ ဘိုဆန်တယ်ဆိုရင် အဲဒီ ဘိုတွေရဲ့ ပညာတွေကိုတတ်မှ သိပ္ပံခေတ်ကို ၀င်ဆန့်နိုင်မှာဖြစ်လို့ သူတို့ဆီက ဆင်းသက်လာတဲ့ ပညာရပ်တွေကိုတောင် သင်နေရတာပဲ။ ဘောင်းဘီပြောင်းဝတ်လို့ ဘိုဆန်တယ်လို့ ပြောတာဟာ မသင့်ပါဘူး အဖေ။ အမှန်က ဘောင်းဘီပြောင်းဝတ်တာဟာ ကမ္ဘာဆန်တယ်လို့တောင် ပြောဆိုသင့်တာပေါ့။

အဖေ။ ။ ဒါဆို ဘောင်းဘီဝတ်ချင်တဲ့သူက ၀တ်၊ ပုဆိုး ထဘီ ဆက်ဝတ်ချင်သူတွေက ဆက်ဝတ်ကြမယ်ဆိုရင်ကော။

သား။ ။ သားတို့ စကားဝိုင်း အစမှာ ပြောခဲ့သလိုပါပဲ။ လူငယ်တွေ ဘောင်းဘီဝတ်တာကို သူတို့ရဲ့ လွတ်လပ်ခွင့်လို့ သတ်မှတ်ပေးနိုင်ရင် ပုဆိုး ထဘီကိုပဲ စွဲစွဲမြဲမြဲ ၀တ်ချင်သူတွေကိုလည်း ခေတ်နောက်ပြန်ဆွဲသူတွေ၊ ပြတိုက်ထဲကသူတွေလို့ ပြောဆိုနေဖို့ ဘယ်သင့်ပါ့မလဲ။ သူတို့လည်း သူတို့ အခွင့်အရေး သူတို့ရပ်တည်ချက်နဲ့ သူတို့ ရှိကြတဲ့အတွက် လေးစားသမှု ပြုရမှာပါပဲ။ ပုဆိုး ထဘီဝတ်တာကို မြန်မာ့ယဉ်ကျေးမှုလို့ ကျနော်တို့ သတ်မှတ်ရင် ဒီယဉ်ကျေးမှုကို တန်ဖိုးထားထိန်းသိမ်းရပါမယ်။ ပွဲလမ်းသဘင်တွေ အခမ်းအနားတွေ ကျောင်းကန်ဘုရားသွားတာတွေမှာ ၀တ်ဆင်တာ ပြုလုပ်နေကြတာပါပဲ။ ရှေ့ဆက်ပြီးလည်း ဒီလို အစဉ်အလာကို ထိန်းသိမ်းဖို့ ကြိုးစားကြရမှာပဲ။ ကလေးသူငယ်တွေကိုလည်း သူတို့ ပုဆိုးနိုင်တဲ့အရွယ် ထဘီနိုင်တဲ့အရွယ်တွေမှာ သေသေချာချာ ၀တ်စားဆင်ယင်တတ်ဖို့ သင်ပြပေးနိုင်ရပါမယ်။ ဒီလိုလုပ်ခြင်းဟာ ကောင်းမွန်တဲ့ ထိန်းသိမ်းခြင်းပါ။ ဒါပေမဲ့ အလုပ်လုပ်တဲ့နေရာမှာ အလုပ်တွင်အောင်၊ ကျောင်းတက်တဲ့နေရာမှာ အဆင်ပြေအောင် ဘောင်းဘီမ၀တ်သင့်ဘူးလားဆိုတာကိုတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြဖို့ လိုပါတယ်။ အကြောင်းညီညွတ်ရင် ဘောင်းဘီဝတ်ရမယ်၊ ဘောင်းဘီဝတ်ခွင့်ရအောင် ပြုလုပ်ပေးနိုင်ကြရမယ်လို့ ပြောချင်တာပါ။

အဖေ။ ။ ကဲ သား .. ညဥ့်လည်း နက်ပြီ။ မင်းလည်း မနက်ဖြန် စောစောထရဦးမယ် မဟုတ်လား။ အိပ်တော့ အိပ်တော့။ မင်းမှာ ညအိပ်ဝတ်ဖို့ ဘောင်းဘီ မပါလာပြန်ဘူး ထင်တယ်။ အိုက်ကလဲ အတော်အိုက်တာ၊ ရှိတဲ့ပုဆိုးလေးနဲ့ လဲဝတ်ပြီးမှအိပ်။

သား။ ။ (လက်ဝါးကာ သမ်းဝေလျက်) ဟုတ်ကဲ့ အဖေ ။ ဒါလည်း အကြောင်းညီညွတ်လို့ ဆိုပြီး ပြောရင် မလွန်လောက်ဘူး ထင်တာပါပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments