စိုးခိုင်ညိန်း ● ဘုရားကုန်းတော်

June 12, 2018

● ဘုရားကုန်းတော်
(မိုးမခ) ဇွန် ၁၂၊ ၂ဝ၁၈

အနည်းငယ် အိုဟောင်းသလိုဖြစ်နေတဲ့ စောင်းတန်းကနေ တလှမ်း ဖြေးဖြေးအေးအေးနဲ့ ဘုရားကုန်းတော်ပေါ်ကို ကျွန် တော်တယောက်တည်း တက်ခဲ့လိုက်တယ်။ အုတ်လှေခါးထစ်တွေဟာ ဖုန်တွေ သဲတွေနဲ့ တချို့လှေကားထစ်တွေကတော့ အင်္ဂတေတွေကွာပြီး ကွဲအက်နေတာတွေ့ရတယ်။ တူနှစ်ကိုယ် တောင်ဘက်မုခ်က လှေခါးထစ်တွေတက်ရင်းနဲ့လေ ရေကြည့် ကြတာပေါ့ဆိုတဲ့ ခင်မောင်တိုးရဲ့သီလေးကို သတိရလိုက်မိပေမဲ့ ကျွန်တော်ကတော့ လှေခါးထစ်တွေကိုတော့ ရေမ ကြည့်မိပါဘူး။ ပြီးတော့ ဒီဘုရားလေးမှာက တောင်ဘက်မုခ်ဆိုတာလည်း မရှိပါဘူး။ ကားလမ်းဘေးကနေတက်ရတဲ့ ဒီ မြောက်ဘက်မုခ်တခုတည်းပဲ ရှိပါတယ်။ ကျန်တာက ကားနဲ့ကွေ့ပတ်တက်ရတဲ့ ကားလမ်းလေးပဲရှိပြီး တောင်ဘက်နဲ့ အရှေ့ဘက်မှာက သစ်ပင်ခြုံနွယ်တွေနဲ့ ပြည့်နေပြီး လမ်းရယ်ဘာရယ်လို့ မရှိဘူး။ ဒီမြို့လေးကို ရောက်တာကြာပေမဲ့ ဒီဘု ရားလေးပေါ်ကိုတက်ဖို့ စိတ်ကူးရှိပေမဲ့ တော်တော်နဲ့ မတက်ဖြစ်ခဲ့ဘူး။ ဒီဘုရားလေးပေါ်ကို အခါကြီးရက်ကြီးတွေလောက်ပဲ လူသွားလူလာ ဘုရားဖူးတွေရှိပေမဲ့ ဒီလိုကျန်တဲ့ သာမန်ရက်တွေမှာတော့ လူက ဘုရားပေါ်မှာမရှိတာ များပါတယ်။

အခုလည်း ဘုရားပေါ်ရောက်တော့ ကျွန်တော်တယောက်တည်း ခြောက်ခြောက်သွေ့သွေ့ပါပဲ။ အာရုံခံတန်းဆောင်း တခုရှိ ပြီး ဘုရားပတ်ပတ်လည် ကျယ်ကျယ်ဝန်းဝန်း ရင်ပြင်တော်ရယ်လို့ မရှိပါဘူး။ တန်ဆောင်းထဲမှာ ဘုရားလူကြီးလို့ ထင်ရတဲ့ အဖိုးကြီးတယောက်ကို တွေ့ရတယ်။ ကျွန်တော်က ဘုရားဝတ်ပြုပြီး ဘုရားကို လက်ယာရစ်ပတ်လိုက်တယ်။ လေက တဟူး ဟူး တိုက်နေတယ်။ ကုန်းတော်ပေါ်ကနေ ဟိုးအရှေ့ဘက်ကို မျှော်ကြည့်လိုက်တော့ ရေနည်းနည်းပဲရှိတော့တဲ့ ချောင်းပြင် ကျယ်ကြီးကို တွေ့ရတယ်။ ချောင်းတဖက်တချက်မှာ စိမ်းစိုနေတဲ့ စိုက်ခင်းတွေ၊ ကြက်သွန်းခင်းတွေ ဖြစ်မယ်။ လက်ထဲက ပါလာတဲ့ ဖုန်းနဲ့ ရှုခင်းကို ဓါတ်ပုံရိုက်လိုက်မိတယ်။ ဘုရားကိုနောက်ခံထားပြီး ဆယ်ဖီတပုံ ဆွဲလိုက်တယ်။ facebook ပေါ် တင်လိုက်ရမလားလို့ စိတ်ကူးမိပေမဲ့ မတင်ဖြစ်ပါဘူး။

ကျွန်တော်က ရန်ကုန်မှာ နှစ်ပေါင်း ၂ဝ နီးပါးလောက် နေခဲ့တုန်းကလည်း ဘုရားကို အရောက်အပေါက်နည်းခဲ့တာ သတိရ မိတယ်။ ရွှေတိဂုံဘုရားကို တနှစ်နေလို့မှ တခေါက် မရောက်ဖြစ်ပါဘူး။ နယ်က အသိမိတ်ဆွေ ဧည့်သည်လာမှပဲ သူတို့ကို လိုက်ပို့မှပဲ ရောက်ဖြစ်တာများပါတယ်။ ဘုရားပေါ်ရောက်ရင်လည်း ဘုရားဝတ်ပြုတာလောက်ပဲ လုပ်ဖြစ်တယ်။ အမွှေး တိုင်ထွန်းတာ၊ ဖယောင်တိုင်ထွန်းတာ၊ ပန်းကပ်လှူတာ၊ ရေသပ္ပယ်တာမျိုးတွေ တခါမှမလုပ်မိဘူး။ သင့်တော်ရာ တန် ဆောင်းတခုထဲမှာ ထိုင်ပြီး သွားလာနေတဲ့ ဘုရားဖူးတွေကိုပဲ ငေးကြည့်လိုက်၊ ဘုရားကိုမော့ကြည့်လိုက် လုပ်နေမိတာပဲ။

ဘုရားရင်ပြင်တော်မှာ သွားလာနေကြတဲ့ လူတွေကိုကြည့်ရတာတော့ အေးချမ်းငြိမ်းအေးနေတဲ့ပုံစံမျိုးတွေ များပါတယ်။ သေချာတာက ရင်ပြင်တော်ပေါ်မှာသွားလာနေတဲ့လူတွေဟာ လမ်းမတွေပေါ်မှာ၊ ဈေးထဲမှာ၊ လမ်းဘေးပလက်ဖောင်း တွေ ပေါ်မှာသွားလာနေတဲ့ လူတွေရဲ့ပုံစံနဲ့ မတူတာတော့ သေချာပါတယ်။ အဲဒီအချိန်မှာတွေ့ရတဲ့ သူတို့ပုံစံတွေဟာ အပူရိပ်တွေ ဟတ်နေသလိုပဲ။ သူတို့စိတ်တွေထဲမှာ လုပ်စရာကိစ္စတွေ၊ အချိန်းအချက်တွေ့စရာတွေ၊ တာဝန်ဝတ္တရားတွေ၊ လိုချင်တပ် မက်မှုတွေနဲ့ သူတို့ရဲ့မျက်နှာတွေဟာ အပူတွေနဲ့ ရှုပ်ထွေးနေတဲ့ ပုံစံမျိုးတွေများတယ်။

ဘုရားပေါ်ကို ရောက်လာကြတဲ့ သူတွေကတော့ လုပ်စရာကိစ္စတွေ တာဝန်ဝတ္တရားတွေ ခဏတာပစ်ထားခဲ့ပြီး လွတ်လပ် ပေါ့ပါးသောစိတ်နဲ့ ဘုရားရိပ်လေးမှာ ပင်းပန်းမှုတွေဖြေဖျောက်ပြီး စိတ်ကို အတတ်နိုင်ဆုံး ငြိမ်းငြိမ်းအေးအေးနဲ့ ကုသိုလ်စိတ် လေးဖြစ်အောင် နေမယ်ဆိုတဲ့စိတ်နဲ့လာကြတာများလေတော့ သူတို့ရဲ့ မျက်နှာလေးတွေဟာ ငြိမ်းအေးနေတဲ့ ပုံစံပေါ်နေတာ များပါတယ်။

ကျွန်တော်ကတော့ သူတို့လိုမျိုးမဟုတ်ပါဘူး။ အားလို့ လမ်းကြုံလို့ ဘုရားမှာ ခဏဝင်ဖူးတဲ့သဘောပါပဲ။ ဘုရားပေါ်ရောက် တော့လည်း စိတ်ထဲမှာ ကုသိုလ်စိတ်တွေ ထုံမွှမ်းနေတဲ့ စိတ်မျိုးနဲ့ ပန်းကပ်၊ ရေသပ္ပါယ်လမျိုး မလုပ်မိဘူး။ ပုံစံအမျိုးမျိုးနဲ့ ကုသိုလ်ယူနေကြတဲ့ သူတွေကိုပဲ လိုက်ငေးကြည့်နေမိတာပဲ။ ကိုယ်ကိုယ်တိုင် ဘာမှမလုပ်မိပေမဲ့ ကုသိုလ်တခုခု ပြုလုပ်နေ တဲ့ သူတို့ကို ကြည့်ပြီး ကိုယ်တိုင်သတိမထားမိပဲ စိတ်က ကြည်နူးနေမိတဲ့ စိတ်တော့ ဖြစ်မိတယ်။ ဘုရားကုန်းတော်ပေါ်မှာတော့ ဘယ်ကိုပဲ ကြည့်ကြည့် မျက်စိအမြင်မှာတော့ ငြိမ်းအေးစရာချည်းပါပဲ။ အပူတွေနဲ့ ခက်ထန်ကြမ်းထမ်းနေတဲ့ ပုံစံမျိုး မတွေ့ရပါဘူး။ ချစ်သူနှစ်ဦး လက်ချင်းတွဲပြီး လျှောက်နေတာကို မြင်ရတာလည်း ပန်းခြံထဲမှာလို မဟုတ်ပဲ ကြည်နူးချမ်း မြေ့ စရာတခုလို ဖြစ်နေတာပဲ။

သူတို့ဟာ ပျော်ရွှင်ချမ်းမြေ့ကြည်နူးနေတဲ့ စိတ်အစဉ်နဲ့ ရေသပ္ပါယ်တယ်၊ ဘုရားပန်းကပ်တယ်။ ဘုရားရှိခိုးတယ်။ ပြီးတာနဲ့ ဖုန်းနဲ့ ဓါတ်ပုံရိုက်တယ်။ ဆယ်ဖီဆွဲတယ်။ facebook မှာ ဘုရားရောက် အမှတ်တရအဖြစ် သက်ဆိုင်တဲ့သူတွေနဲ့ တဂ်တွဲပြီး ပိုစ်တင်တယ်။ သူတို့တွေကို ကြည့်ရင်း ကိုယ်ပါပျော်ရွှင်ကြည်နူးရတယ်။ ကဗျာဆရာ ဖိုးခွားရဲ့ကဗျာတပုဒ်က အတွေးထဲ ရောက်လာတယ်။ ကဗျာက ဘုရားမှာတဲ့။

ဘုရားမှာ
ရေလောင်းတယ်၊ မီးထွန်းတယ်၊ ပန်းလှူတယ်။
ရှိခိုးတယ်၊ ဆုတောင်းတယ်၊ ကြေးစည်တီးတယ်
လက်ယာရစ်ပတ်တယ်၊ စိန်ဖူးတော်ကို မှန်ပြောင်းနဲ့ ကြည့်တယ်။
ရွှေသင်္ကန်ကပ်တယ်၊ ပိုက်ဆံလှူတယ်၊ ဖြတ်ပိုင်းယူတယ်။
ဘုရားသမိုင်းစာအုပ်ဝယ်တယ်၊ ဘုရားပုံတော်ဝယ်တယ်။
ဘုရားကိုနောက်ခံထားပြီး ဆယ်ဖီရိုက်တယ်။
ခက်တာက ဘုရားကို တဂ်တွဲလို့ မရဘူး။
ဖရန်းမှ မဟုတ်ပဲ။ ။

ကျွန်တော်က ရွှေတိဂုံဘုရားကိုလာတိုင်း တခါပဲ စိတ်လိုလက်ရနဲ့ ဘုရားပန်း ကပ်လှူဘူးတယ်။ မှတ်မှတ်ရရ အဲဒီတုန်းက ကျွန်တော်အသည်းကွဲပြီး စိတ်ထဲကျွတ်ကျဲနေတဲ့ အချိန်ပေါ့။ အပူသည်အဖြစ်နဲ့ ဘုရားကို ရောက်လာတယ်လို့ ပြောရမှာပဲ။ အရာရာ ကျရှုံးပြီး စိတ်ပျက်အားငယ်နေသူတယောက် ဘုရားထံလာပြီး အားကိုးတကြီးနဲ့ တိုင်တည် ငြိမ်းအေးမှုကို လာရှာသူ တယောက်လိုပေါ့။ အဲဒီအခေါက်က စိတ်ပါလက်ပါ၊ ဘုရားပန်းကပ်တယ်။ ရေချမ်းကပ်တယ်။ အကြာကြီး ဘုရားရှိခိုးတယ်။ တခါမှမရောက်ဘူးတဲ့ ဘုရားရဲ့ အထက်ပစ္စယံအထိတောင်တက်ပြီး ရှိခိုးပြီး ဆုတောင်းလိုက်သေးတယ်။ အဲဒီတုန်းက သူ သိပါစေတော့ရယ်လို့ ဓါတ်ပုံရိုက်ပြီး facebook မှာ ကဗျာတပုဒ်နဲ့အတူ တင်ခဲ့သေးတယ်။ ကဗျာလေးက ဘုရားကုန်းတော် ဆိုတဲ့ ကဗျာလေးပါပဲ။

လေဟာ တဖြူးဖြူးနဲ့
ဆည်းလည်းလေးတွေရဲ့ အသံကို
တပွင့်ချင်း ခြွေချနေတယ်
ရင်ပြင်တော်ပေါ်
ရင်မပြင်နိုင်သေးသူတယောက်
တပတ်ပြီး တပတ်လျှောက်
တပတ်ပြီး တပတ်စိပ်
တပတ်ပြီး တပတ်နဲ့
သံသရာကို ဘာနဲ့ ရပ်မလဲ
ရေချမ်းသက်စေ့၊ ပန်းသက်စေ့ကို
ကိုယ့်အသက်ထဲ ပေါင်းထည့်လို့
ထိုးစိုက်လိုက်တဲ့ ကြာပန်းဟာ
ဘယ်လောက်ကြာကြာခံမလဲ
သစ္စာပန်းတွေဟာ ဘယ်လောက်သစ္စာရှိနိုင်မလဲ
ထွန်းညှိလိုက်တဲ့ ဖယောင်တိုင်မီးဟာ
တငွေ့ငွေ့ကျွမ်းလောင်
အပူသည်တယောက်လို
ထိုခတ်လိုက်တဲ့ ခေါင်းလောင်းသံထဲ
သူ့အမျှဝေသံကို လိုက်ရှာမိဆဲ။

ဒီကဗျာကို သူဖတ်ရ မဖတ်ရ မသိပေမဲ့ ကိုယ်ပြုလုပ်မိတဲ့ကုသိုလ်လေးကို ခေါင်းလောင်းထိုး အမျှဝေပြီး ဘုရားပေါ်က ဆင်း လာတဲ့အချိန်မှာ စိတ်ထဲ အတော်လေးငြိမ်းချမ်းသွားတယ်။ မုခ်ဝမှာတွေ့တဲ့ ခြင်းနဲ့ လွှတ်ဖို့ရောင်းနေတဲ့ စာကလေး ငါး ကောင်ကိုလည်း ဝယ်ပြီးလွှတ်လိုက်တော့ စိတ်က ပိုပြီးလွတ်လပ်ပေါ့ပါးသွားတော့တယ်။

သူနဲ့ အဆင်ပြေ ချစ်သူဘဝတုန်းက တနေ့နေ့မှာ ဘုရားအတူတူသွားကြမယ်လို့ စိတ်ကူးထားခဲ့ကြပေမဲ့ တခါမှ ဘုရားကို မရောက်ခဲ့ဘူး။ ဘုရားသွားမယ်ကြံတိုင်း ရုပ်ရှင်ရုံဆီပဲ ရောက်သွားဖြစ်တာပဲ။ အခုမှ အသည်းကွဲတော့မှပဲ တကိုယ်တည်း အပူသည်အဖြစ်နဲ့ ဘုရားကိုရောက်ဖြစ်တော့တာပဲ။ ဘုရားသက်တော်ထင်ရှား ရှိစဉ်တုန်းကလည်း ဒီလိုအပူသည်တွေ ဘုရားဆီကိုရောက်လာပြီး အေးငြိမ်းရာ ရှာခဲ့ကြဘူးတာပဲလေ။ အမှားကြီးလုပ်မိလို့ ပူဆွေးသောကတွေနဲ့ အပူသည်ကြီး ဖြစ်တဲ့ အဇာတသတ်လည်း မြတ်စွာဘုရားဆီရောက်လာပြီး မြတ်စွာဘုရားရဲ့ တရားတော်နဲ့စိတ်ရဲ့ ငြိမ်းအေးမှုကို ရသွားခဲ့ တာပဲ။

ဘုရားရိပ် တရားရိပ်၊ ဘုရားကျောင်းကန် ဆိုတာမျိုးက တရားနာတာ၊ တရားထိုင်တာကို မလုပ်ပဲနဲ့တောင် ဒီအတိုင်း အပူထဲ ကနေ ဝင်ရောက်ခိုနား လိုက်ရင်ပဲ ငြိမ်းအေးတဲ့ အရသာကို ခံစားရတယ်။ ဘုရားကျောင်းကန်အများစုက သစ်ရိပ်ဝါးရိပ်တွေနဲ့ အေးချမ်းပြီး ဆူညံမှုသိပ်မရှိတတ်တော့ ဝင်လိုက်တာနဲ့ အေးချမ်းတဲ့အရသာကို ခံစားမိတာပဲ။

ဒေါင် ဒေါင် ဆိုတဲ့ ခေါင်းလောင်းထိုးသံ ကြားလိုက်ရမှ ကျွန်တော့်ရဲ့ အတွေးတွေဟာ ရပ်တန့်သွားတော့တယ်။ အသံကြားရာ လှမ်းကြည့်လိုက်တော့ ကောင်လေးတယောက်နဲ့ ကောင်မလေးတယောက်။ ကောင်မလေး ခေါင်းလောင်းထိုးနေတာကို ကောင်လေးက ဓါတ်ပုံရိုက်ပေးနေလေရဲ့။ သူတို့ကြည့်ပြီး ကြည်နူးစိတ်နဲ့ သာဓုခေါ်လိုက်မိတယ်။

ကျွန်တော်က တပတ်ပတ်ပြီး ဘုရားကို ဝတ်ပြုဆုတောင်းလိုက်တယ်။ လိုအင်ဆန္ဒတလုံး တဝကြီး ပြည့်ရပါလို၏လို့။ ရှေ့က အလှူခံပုံးထဲကို ဝတ္ထုငွေထည့်ပြီး ဘုရားကုန်းတော်ပေါ်ကနေ ပြန်ဆင်းခဲ့လိုက်တယ်။ လမ်းပေါ်ရောက်တာနဲ့ ပူတဲ့ဒဏ်ကို သိသိသာသာ ခံစားလိုက်ရတယ်လို့ ထင်လိုက်မိတယ်။

စိုးခိုင်ညိန်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments