ဆောင်းယွန်းလ ● မသိစိတ်ထဲမှာ
(မိုးမခ) ဇွန် ၁၂၊ ၂၀၁၈
လွယ်မယ်ထင်လို့ ခြင်ရိုက်မိမှ
ဆင်ဖမ်းကျားဖမ်းနေရသလိုမျိုး
ရွှေထီးဆောင်းဖို့ မရည်ရွယ်ပေမယ့်
အသက်ဆက်ဖို့ ပျက်ပေးနေခဲ့ရတဲ့ဘဝနဲ့
ရာဇဝင်ထဲက ဂုဏ်ယူစရာအဖြစ်အပျက်တွေ
ပုံပြင်ဆန်ဆန် လေထဲအငွေ့ ပျံတက်သွားတဲ့ မစားရဝခမန်းများ
ဒွိဟကို အထက်ဆုံးဓါးတွေပေါ်တင်ဖြတ်ပေမယ့်
ဝမ်းရေးနဲ့ လွမ်းရေး နှစ်ရေးလုံးက မပြတ်နိုင်တဲ့ သံသရာပဲ
သဲထဲကိုသွန်မိတဲ့ရေမှာ
အပြစ်အနာအဆာပါကြောင်း စွပ်စွဲတတ်တဲ့ လက်ညှိုးတွေအောက်
ရင်ဘတ်တစ်ခြမ်းပျောက်ပြီး ကျောနှစ်ခြမ်းပေါက်ခဲ့တယ်
နောက်ကျခြင်းဟာ စောစောစီးစီးရောက်လာတတ်တဲ့ရာသီပဲ
မပြည့်စုံခြင်းဟာ အလျှံပယ်မပြတ်လည်နေတဲ့ နာရီတွေပဲ
မိတ်ဖွဲ့ဖို့ ရန်သူတွေများပြီး ရန်ဖြစ်စရာ မိတ်ဆွေတွေကရှားလာတယ်
အနာဂတ်ကိုပိုင်ဆိုင်ကြောင်း ဟစ်ကြွေးရင်း
ပစ္စုပ္ပန်ကိုမတန်မရာဈေးနဲ့ ချကြွေးခဲ့ရဖူးတဲ့ အတိတ်တွေ
ကြွေတလှည့်ဝေတလှည့်ဟာ မျက်ရည်နဲ့ အဆိပ်ပန်းများ
အဆိုးအပျက်အရေးအသားတွေကို ရှောင်ကြဉ်ဖို့ကြိုးစားခြင်းဟာ
မုသာဝါဒကံထိုက်မည်ဖြစ်ကြောင်း သဘောပေါက်လာပြီးနောက်
ဘုရားရှိခိုးအမျိုးမျိုးကို အသိစိတ်ထဲက မေ့ဖျောက်လိုက်ပါတယ်
မသိစိတ်က ကောင်းခန်းကိုရောက်နေတဲ့ ကမ္ဘာထဲမှာ။
ဆောင်းယွန်းလ
No tags for this post.
Recent Comments