Than WIn Hlaing – Women Behind Great Men ….

September 28, 2013

ပါရမီဖြည့်ဖက် အမျိုးသမီးကြီးများ
သန်းဝင်းလှိုင်၊ စက်တင်ဘာ ၂၉ ၊ ၂၀၁၃
            မြတ်စွာဘုရားရှင်၏ အလောင်းတော်ရင့်မာ တစ်ကျိပ်အပါအဝင်ဖြစ်သော ဝေသန္တရာမင်းကြီး ဘဝက သားသမီး၊ သားမယားပါမကျန် အလှူဒါနပြုရာ၌ ရက်ရောလွန်းမှုကို မင်းကြီး၏ မိဘုရားကြီး မဒ္ဒီဒေဝီသည် တစ်စုံတစ်ရာ ကန့်ကွက်ပြောဆိုခြင်း၊ စိတ်ခုခြင်းမပြုဘဲ မင်းကြီးဒါနပါရမီကို ကူညီ၍ ဖြည့်ဆည်းပေးခဲ့သည့် ရှာမှရှား မိန်းမကောင်း မိန်းမမြတ် ဖြစ်ပေသည်။


မဒမ်ဆွန်ချင်လင်း

            ယခုခေတ်၌ မိဘုရားကြီး မဒ္ဒီဒေဝီ၏ ပါရမီတော်ကို မမီသော်လည်း ပါရမီဖြည့်ဖက် ကမ္ဘာသိ အာရှအမျိုးသမီးတစ်ဦးကို ပြပါဆိုလျှင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မဒမ်ဆွန်ချင်လင်း (Soon Ching Ling – 1893 – 1981) ကို ပြရပေလိမ့်မည်။ သူသည် တရုတ်အမျိုးသားခေါင်းဆောင်ကြီးနှင့် ကွန်မင်တန်ပါတီ တည်ထောင်ခဲ့သူ ဒေါက်တာဆွန်ယက်ဆင် (Dr. Sun Yat Sen) (၁၈၆၆-၁၉၂၅) ၏ ဇနီး ဖြစ်သည်။ ဆွန်ယက်ဆင်သည် တောင်ပိုင်းတရုတ်သမ္မတနိုင်ငံ၏ သမ္မတအဖြစ် ၁၉၂၃ မှ ၁၉၂၅ ခုနှစ်ထိ ထမ်းရွက်ခဲ့သူ ဖြစ်သည်။ မဒမ်ဆွန်ချင်းလင်းသည် တရုတ်လူချမ်းသာ အသိုင်းအ၀ိုင်းမှ ပေါက်ဖွားလာခဲ့သူ ဖြစ်သည်။ သို့သော် စိတ်ကြီးမဝင်။ အလုပ်သမား လယ်သမား၊ နင်းပြား ဆင်းရဲသားတို့အတွက် မိမိတတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးခဲ့သည်။

            ခေါင်းဆောင်ကြီး ဆွန်ယက်ဆင်မှာ တရုတ်ပြည် တော်လှန်ရေးကြီးအတွင်း ထိပ်တန်းခေါင်းဆောင် အဖြစ် အခက်အခဲများကြားမှ တိုက်ပွဲဝင်နေရာ မဒမ်ဆွန်သည် ခင်ပွန်းသည်၏ နိုင်ငံရေး ရည်မှန်းချက် ပြည့်ဝရေးအတွက် နောက်ကွယ်မှ ကူညီပါရမီ ဖြည့်ပေးခဲ့သည်။ နိုင်ငံရေး အမြင်အားဖြင့် လွန်စွာ ခေတ်နောက်ကျခဲ့သော တရုတ်ပြည်ကြီးတွင် ထိုစဉ်က နိုင်ငံရေး လုပ်ဆောင်ရသည်မှာ အလွန်အန္တရယ်ကြီး၍ အခက်အခဲ ပြဿနာပေါင်းစုံဖြင့် ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်နေရချိန် ဖြစ်သည်။ ထိုတော်လှန်ရေး အခါသမယတွင် မဒမ်ဆွန်သည် ခင်ပွန်းသည်နှင့်အတူ မကြောက်မရွံ့ ပြည်သူတို့၏ အကျိုးကို မိမိတတ်နိုင်သည့်ဘက်မှ သယ်ပိုးဆောင်ရွက်ခဲ့သည်။ သို့သော် သူကိုယ်တိုင် မည်သို့ ဆောင်ရွက်ခဲ့သည် ကြိုးစားခဲ့သည်များကို လူသိမခံခဲ့ပေ။


            တရုတ်ပြည်တော်လှန်ရေး ကာလအတွင်းမှာပင် ၁၉၁၅ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဒေါက်တာဆွန်ယက်ဆင်နှင့် လက်ထပ်ခဲ့သည်။ လက်ထပ်စဉ်က သူ့အသက်သည် ၂၂ နှစ်သာ ရှိသေးသည်။  ခင်ပွန်းသည်၏ နိုင်ငံရေးလုပ်ငန်းများကို လုပ်ကိုင်ရင်း မဒမ်ဆွန်အား ကွန်မင်တန်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် အများက သဘောတူ ရွေးချယ်ခဲ့ကြသည်။ တရုတ်ပြည် အမျိုးသားခေါင်းဆောင်ကြီး ဒေါက်တာ ဆွန်ယက်ဆင် ၁၉၂၅ ခုနှစ်တွင် ကွယ်လွန်သွားပြီးနောက်လည်း တိုင်းပြည်အကျိုး ပါတီတာဝန်များကို ဆက်လက်ထမ်းရွက်ခဲ့သည်။ ထို့ကြောင့် မဒမ်ဆွန်ချင်လင်းအား တရုတ်ပြည်အမျိုးသမီး ထိပ်တန်းခေါင်းဆောင်အဖြစ် အသိအမှတ်ပြု လေးစားခြင်း ခံခဲ့ရသည်။ မဒမ်ဆွန်သည် ဗဟိုပြည်သူ့အစိုးရကောင်စီ၌ ဒုဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ တရုတ်- ရုရှား ချစ်ကြည်ရေးအသင်း၌လည်း ဒုတိယဥက္ကဌအဖြစ် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုကြောင့် ၁၉၅ဝ ပြည့်နှစ်တွင် ဆိုဗီယက်ပြည်ထောင်စု အစိုးရမှ ချီးမြှင့်သော စတာလင် ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သည်။ ထို့နောက် ၁၉၆ဝ တွင် အမျိုးသားပြည်သူ့ကွန်ဂရက်၌ ဒုဥက္ကဌအဖြစ် ထပ်မံရွေးချယ်ခံရသည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ဗဟိုအဖွဲ့၌လည်း  အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ၁၉၆၅ တွင် တရုတ်ကွန်မြူနစ်ပါတီ ဒုဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။ ၁၉၇ဝ ပြည့်နှစ်တွင် တတိယအကြိမ် ပါတီညီလာခံ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ၏ အမြဲတမ်း သဘာပတိအဖွဲ့၏ ဒုတိယ နာယက အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။

            သူသည် ၇ဝ ကျော်အထိ တရုတ်အမျိုးသမီးများ၏ လူမှုဘဝ တိုးတက်မြင့်မားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ရှေ့တန်းမှ ဦးစီးဦးကိုင် ဆောင်ရွက်ခဲ့သောကြောင့် မဒမ်ဆွန်အား တရုတ်ပြည်အမျိုးသမီးများအားလုံးက တရုတ်ပြည်၏ မိခင်ကြီးဟု တင်စားကာ ချစ်ခင်ကြည်ညို လေးစားကြသည်။ သို့ကလို ခင်ပွန်းသည်၏ နိုင်ငံရေး ရည်မှန်းချက်များကို ပါရမီဖြည့် ဆောင်ရွက်နေရင်း ၁၉၈၁ ခု မေလ ၂၉ ရက်နေ့တွင် ပီကင်းမြို့၌ ကွယ်လွန်သွားခဲ့လေသည်။


ကလီမင့်တင်းချာချီ

            စစ်ကြိုခေတ်နှင့် ဒုတိယကမ္ဘာစစ်ကြီး အတွင်းက ဗြိတိသျှနန်းရင်းဝန် ဝင်စတန်ချာချီ (၁၈၇၄ – ၁၉၆၅) ဆိုလျှင် မသိသူ ရှားလှလေသည်။ ထိုသို့ ချာချီထင်ပေါ်ကျော်ကြား သလောက် နောက်ပိုင်းမှ ခင်ပွန်းသည်အား ပါရမီဖြည့်ဆည်းပေးနေသူ ချစ်ဇနီးက လီမင့်တင်းချာချီ (Clementime Churchill – 1885 – 1977) ၏ အကြောင်းကိုကား သိသူအနည်းငယ်သာ ရှိသည်။ ချာချီသည် ကလီမင့်တင်းအား မမျှော်ဘဲ ညစာစားပွဲတစ်ခု၌ တွေ့ဆုံ၍ မေတ္တာမျှကာ ၁၉ဝ၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဝက်စ်မင်တာ ဘုရားကျောင်း၊ စိန့်မာဂရက်ခန်းမ နှစ်ဖက်ဆွေမျိုး အစုံအလင်ရှေ့တွင် ထိမ်းမြှားလက်ထပ် ခဲ့သည်။ ချာချီနှင့် ထိမ်းမြှားပြီးနောက် သားသမီးငါးဦး (ဒိုင်ယာနာ၊ ရန့်ဒေါ့ဖ်ချာချီ၊ ဘာရာ၊ မရီဂိုးလ်၊ မေရီ) ထွန်းကားခဲ့သည်။


            မစ္စက်ချာချီသည် ဝင်စတန်ချာချီနှင့် လက်ထပ်ခဲ့သည့်အချိန်မှစ၍ အိုမင်းမစွမ်း ဖြစ်ခဲ့သည်အထိ ခင်ပွန်းသည်၏ လုပ်ငန်းဆောင်တာများကို မည်သည့်အခါမှ အနှောင့်အယှက်မပေး၊ ဝင်ရောက် စွက်ဖက်ခြင်းလည်း မပြုခဲ့ပေ။ သို့သော် ခင်ပွန်းသည်၏ ကျန်းမာရေးကိုကား များစွာ ဂရုစိုက်လေသည်။ ခင်ပွန်းသည် အလုပ်ဒဏ် ပိမည်စိုး၍ အလုပ်ကို အတိုင်းအဆမရှိ အလွန်အမင်း မလုပ်စေလို။ နေ့စဉ် အအိပ်အစား မှန်ကန်အောင် ချက်ပြုတ်စီမံပေးရှာသည်။ တစ်ခါက ချာချီတို့ ဇနီးမောင်နှံနှင့် မိတ်ဆွေကြီး လွိုက်ဂျော့တို့ စကားလက်ဆုံကျနေစဉ် စကားစပ်မိရာမှ “ကျမဖြင့် သူ့အဖို့ အထူးလိုက်နာရမဲ့ စည်းကမ်းတွေကို စာရင်းတောင် လုပ်ထားရတယ်” ဟူ၍ ပြောဆိုခဲ့ဖူးသည်။


            ဤသည်ကို ထောက်ချင့်၍ သူသည် ခင်ပွန်းသည်အပေါ် မည်မျှ ဂရုတစိုက်ရှိကြောင်း သိသာလှပေသည်။ သူကိုယ်တိုင်လည်း ကျန်းမာရေးကို အထူးဂရုပြု လိုက်စားသည်ကို သူ့အသက် ၉၂ နှစ်အရွယ်တိုင် ကျန်းမာရေး ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့သည်ကို ကြည့်ချင်းဖြင့် သိသာလှပေသည်။ ၀င်စတန်ချာချီသည် အသက် ၆ဝ ကျော်အရွယ်တိုင် ကျန်းမာရေး ဒေါင်ဒေါင်မြည်၍ အသက် ၆၆ အရွယ်တွင် ဗြိတိသျှဝန်ကြီးချုပ်အဖြစ် ၁၉၄ဝ မှ ၁၉၄၅ အထိ ထမ်းရွက်ခဲ့သည်။ ထို့နောက် အသက် ၇ဝ ကျော်တွင်လည်း လူအိုတစ်ယောက်ကဲ့သို့  လေးလံထိုင်းမှိုင်းမနေဘဲ ဖြတ်လတ်သွက်လက် စိုပြေနေသည်သာမက အသက် ၇၇ နှစ်အရွယ်တွင် ၁၉၅၁ မှ ၁၉၅၅ ခုနှစ်အထိ ၀န်ကြီးချုပ် တာဝန်ကို ဒုတိယအကြိမ် ထမ်းရွက်နိုင်သည်ကို ကြည့်ချင်းဖြင့် နောက်ကွယ်မှ ဇနီးသည်၏ ပံ့ပိုးကူညီပါရမီ ဖြည့်တင်းကူမှု၏ အရေးပါပုံကို သိသာလှပေသည်။

            ဤသို့ ဇနီးသည်၏ ပါရမီဖြည့်ဆည်းမှုကိုသာ မရရှိပါက ချာချီသည် အသက်ရှည်ခြင်း၊ ဘုန်းတန်ခိုး အာဏာများရရှိခြင်း၊ အောင်မြင်မှု ရရှိခြင်းတို့သည် လုံးဝဖြစ်လာနိုင်စရာ မရှိပေ။ ကလီမင့်တင်းချာချီသည် နိုင်ငံတော်ဝန်ကြီးချုပ်၏်ကတော် ဖြစ်နေသော်လည်း မာနကြီးခြင်း၊ လျစ်လျူရှုခြင်း မရှိ။ သူ့ခင်ပွန်းသည် ရွေးကောက်ပွဲတွင်  အရွေးခံတိုင်း ကူညီပါဝင် မဲဆွယ်ပေးခဲ့သည်။ ပါတီ၏ မူဝါဒလမ်းစဉ်များကိုလည်း အိမ်ထောင်ရှင် အမျိုးသမီးများနားလည်အောင် ရှင်းလင်းဟောပြော ပေးခဲ့သည်။ ဖြေရှင်းစရာ ပြဿနာကြီးငယ်ကိုလည်း မိမိတတ်စွမ်းသမျှ ကူညီဖြေရှင်းပေးသည်။ ပထမ ကမ္ဘာစစ်ကြီး (၁၉၁၄-၁၉၁၅) အတွင်းကဆိုလျှင် ရုရှားတပ်နီတော်အတွက် စတာလင်ပေါင် ၂ သန်း ၁ သိန်းကို တစ်နှစ်အတွင်း ရရှိအောင် ကောက်ခံပေးခဲ့သည်။ ဆိုဗီယက်အစိုးရကပင် သူ၏ လုပ်ငန်းကို အသိအမှတ်ပြုကာ ချီးကျူးသောအားဖြင့် ၁၉၄၅ ခုနှစ်က ရုရှားခေါင်းဆောင်ကြီး ဂျိုးဇက်စတာလင် က မော်စကိုမြို့တော် ဖိတ်ခေါ်ဂုဏ်ပြုချီးကျူးခဲ့လေသည်။


            “တစ်နိုင်ငံနှင့် တစ်နိုင်ငံ ချစ်ကြည်ရေးဟူသည် မည်ကဲ့သို့သော အခက်အခဲပင်ရှိရှိ တဦးကိုတဦး ကူညီဖြေရှင်းခြင်းဖြင့် တည်မြဲနေလိမ့်မည်” ဟု အဆိုပါ ဂုဏ်ပြုပွဲတွင် ကလီမင့်တင်းချာချီက ပြောကြားခဲ့သည်။ ချာချီသည် အရေးကြီး မိန့်ခွန်းများကို ဧည့်ပရိတ်သတ် ရှေ့၌ မပြောကြားမီ အစဉ်သဖြင့် ဇနီးသည်၏ ရှေ့တွင် အစမ်းပြော လေ့ကျင့်ပြီးမှ ပြောကြားလေ့ရှိကြောင်း ချာချီအတ္ထုပ္ပတ္တိတစ်ခုတွင် ရေးသားထားလေသည်။ ချာချီကိုယ်တိုင်ရေးသားခဲ့သော ကိုယ်ရေးမှတ်တမ်းစာအုပ်တွင် “သူ၏ အိမ်ထောင်ရေးကား အလွန်ပင်ကျေနပ် နှစ်သိမ့်စရာကောင်း၍ တစ်သက်လုံး ပျော်ရွှင်စရာကောင်းခဲ့သည်။ တစ်ဦးအပေါ် တစ်ဦး မေတ္တာမပျက် သစ္စာဖက်ပြီး ကြင်နာ နားလည်စွာဖြင့် ခွင့်လွှတ်အနစ်နာခံကာ ချစ်ချစ်ခင်ခင် စည်းလုံးစွာနေရခြင်းကား အိမ်ထောင်ရေး၏ သာယာချမ်းမြေ့အောင်မြင်မှုတစ်ခု ဟု ဆိုလျှင် မလွှဲနိုင်ပေ” ဟူ၍ ပါရမီဖြည့်ဖက် ဇနီးသည်အား ကျေကျေကြီး ချီးကျူး ကမ္ပည်းတင်ထားခဲ့လေသည်။

အီဗာပီရွန်

            ပါရမီဖြည့်ဖက် အခြားသူတစ်ဦးမှာ တောင်အမေရိကတိုက် အာဂျင်တီးနား သမ္မတ ပီရွန် Juan Peron ၏ ဇနီးချော အီဗာပီရွန်ခေါ် အီဗီတာပီရွှန် ဖြစ်သည်။ သူသည် အာဂျင်တီးနား နိုင်ငံ၏ အမျိုးသမီး ခေါင်းဆောင်ကြီးလည်း ဖြစ်သည်။ မူလက သူသည် သာမန်ရုပ်ရှင်မင်းသမီး တစ်ဦးမျှသာ ဖြစ်သည်။ သို့သော် အာဂျင်တီးနား နိုင်ငံ၏ သမ္မတကတော်ကြီး ဖြစ်လာရသော အချိန်တွင် အချိန်ပြည့် အာဂျင်တီးနားနိုင်ငံ၏ အလုပ်သမားအကျိုးကို ထမ်းရွက်ခဲ့လေသည်။ ဇာတိအားဖြင့် ဆင်းရဲသည့် မိဘနှစ်ပါးမှ ဖွားမြင်လာသူဖြစ်၍ အရွယ်ရောက်သောအခါ ရုပ်ရှင်အနုပညာသည်အဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့ရသူဖြစ်သည်။

            အနုပညာလုပ်ငန်း လုပ်ကိုင်ရင်း မုဆိုးဖို ပီရွန်နှင့်တွေ့ဆုံကာ မေတ္တာမျှခဲ့သည်။ ပီရွန်က သူ၏ ရုပ်ဆင်းအင်္ဂါလက္ခဏာ၊ အပြောအဆို စသည်များကို စွဲမက်ခဲ့သလို သူကိုယ်တိုင်လည်း ယောက်ျားပီသသော အရည်အချင်းရှိသော ပီရွန်ကို စိတ်ဝင်စား ငြိတွယ်ခဲ့လေသည်။ ထိုစဉ်က ပီရွန်မှာ အာဂျင်တီးနား စစ်တပ်မှ တပ်ဗိုလ်မှူးကလေး တစ်ဦးမျှသာ ရှိသေးသည်။ လက်ထပ်ပြီးခါစက ပီရွန်၏ ဆွေမျိုးများက အီဗာပီရွန်အား ဆေးဘော်ကြောဘက်ပင် မပြုခဲ့ချေ။ 
ယင်းနောက် အာဂျင်တီးနားနိုင်ငံ၏ ထောက်လှန်းရေးကာလအတွင်း ပီရွန်သည် အာဏာရှင်တို့၏ နိုင်ငံရေး အကျဉ်းသားအဖြစ် မတရားဖမ်းဆီး အကျဉ်းချခြင်း ခံခဲ့ရသည်။ ထိုသို့ အကျဉ်းကျနေစဉ်အတွင်း အီဗာပီရွန်သည် ဘိုနိုးအေးရီးမြို့ လမ်းကြီး၊ လမ်းငယ်အသွယ်သွယ်၌ အလုပ်သမားထုကို လိုက်လံစည်းရုံး လှုံ့ဆော်ခဲ့သည်။ ထို့နောက် ထိုအလုပ်သမားထု အင်အားဖြင့် အီဗာပီရွန်သည် ၎င်း၏ ခင်ပွန်းအား ချုပ်နှောင်ထားသည့် အကျဉ်းထောင်တံခါးများ အတင်းရိုက်ချိုးကာ ပီရွန်အား အလုပ်သမားများ၏ ပခုံးထက်၌တင်ပြီး သမ္မတအိမ်တော်သို့ အရောက်ပို့ဆောင်ပေးခဲ့သည်။ သမ္မတအိမ်တော်၏ ဗိုလ်ရှုခံ အိမ်ဝင်တံခါးပေါက်၌ ရောက်ရှိနေသည့်တိုင်အောင် ပီရွန်သည် ဘာလုပ်၍ ဘာကိုင်ရမှန်း မသိဖြစ်နေ၏။ သမ္မတ အိမ်တော်အောက်မှလည်း လူထုပရိတ်သတ် ကြိတ်ကြိတ်တိုး ပြည့်နှက်လျက် ပီရွန်ပြောကြားမည့် မိန့်ခွန်းအား စောင့်မျှော်လျက်ရှိသည်။ ဤတွင် စိတ်မရှည်နိုင်သော အီဗာက နောက်မှ ခင်ပွန်းသည်အား ဆောင့်တွန်း၍ လူထုပရိတ်သတ်အား မိန့်ခွန်းပြောကြားစေသည်။ ဤသို့ဖြင့် လူထုပရိတ်သတ် မိန့်ခွန်းပြောကြားကာ သမ္မတအာဏာ ပြန်လည်ရရှိခဲ့လေသည်။

            အီဗာပီရွန်သည် ထည်ဝါဝင့်ကြွား မောက်မာမှု မရှိပေ။ သံတမန်အစ ဈေးသည်အဆုံး သူနှင့် အချိန်အခါမရွေး တွေ့ဆုံဆွေးနွေးနိုင်သည်။ ထို့ကြောင့်လည်း သမ္မတပီရွန်က ဇနီးသည်အား အလုပ်သမားရေးရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် တာဝန်ပေးအပ်ထားလေသည်။ အီဗာပီရွန်သည် အာဂျင်တီးနား နိုင်ငံရှိ မိန်းမသားတိုင်း လူ့အခွင့်အရေးနှင့်အညီ မဲပေးနိုင်ခွင့် ရရှိစေရန် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက် ခဲ့သည်။ ထိုစဉ် တောင်အမေရိကတိုက်နိုင်ငံများ၌ မိန်းမများ မဲဆန္ဒပေးခွင့်ကို ကန့်သတ်ထားသည်။ အီဗာပီရွန်သည် အလုပ်သမား လူတန်းစားတို့၏ အကျိုးကို လိုလားဆောင်ရွက်ခဲ့သူအဖြစ် ကျော်ကြားခဲ့သည်။ ယနေ့အာဂျင်တီးနားနိုင်ငံ၌ အလုပ်သမားများ ရသင့်ရထိုက်သည့် တရားမျှတသော အလုပ်သမား အခွင့်အရေး ရရှိနေသည်မှာ အီဗာပီရွန်၏ အကျိုးကျေးဇူး မကင်းပေ။ ယင်းသို့ ခင်ပွန်းသည်၏ နိုင်ငံရေးဆောင်ရွက်မှုများကို ပါရမီဖြည့်ဆောင်ရွက်ရင်း သမ္မတ ကတော် အီဗာပီရွန်သည် ၁၉၅၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ရာ တစ်နိုင်ငံလုံး ယူကျုံးမရဖြစ်ကာ သူ၏ ရုပ်ကလာပ်ကို လာရောက်ကြည့်ရှုသူပေါင်း ၁ သန်းနီးပါးမျှ ရှိလေသည်။ အီဗာ၏ နောက်ဆုံး ဈပန အခမ်းအနားသို့ လူထုပရိတ်သတ် ထောင်ပေါင်းများစွာ ပို့ဆောင်၍ လွမ်းသူ့ပန်းခွေပေါင်း တစ်သောင်းမျှ ပို့ဆောင်ပေးခဲ့ကြလေသည်။


သီရိသုဓမ္မ ဒေါ်ခင်ကြည်

            မြန်မာ့သမိုင်း၌ ပြည်သူတစ်ရပ်လုံး လေးစားကြည်ညိုခြင်းခံရသော အမျိုးသားခေါင်းဆောင်ကြီးမှာ ဗိုလ်ချုပ်အောင်ဆန်းပင် ဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီိး ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ အနာဂတ်ဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲရေးအတွက် အခြေခံဥပဒေ ကိစ္စရပ်များကို ဆောင်ရွက်နေဆဲ ဂဠုန်ဦးစော၏ စေခိုင်းချက်အရ မသမာသူတို့၏ လက်ချက်ဖြင့် အခြားဝန်ကြီး ခြောက်ဦး၊ အတွင်းဝန်တစ်ဦး၊ သက်တော်စောင့် တစ်ဦးတို့နှင့်အတူ လုပ်ကြံခြင်းခံရကာ ကျဆုံးသွားခဲ့ရလေသည်။ ဗိုလ်အောင်ဆန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးနောက် ဒေါ်ခင်ကြည်သည် ခင်ပွန်းသည် ချမှတ်ခဲ့သော တိုင်းပြုပြည်ပြု လုပ်ငန်းများကို အမျိုးသားရေး ရည်မှန်းချက်များကို ဆက်လက်ထိန်းသိမ်း စောင်ရွက်ခဲ့သည်။


            ခင်ပွန်းသည် ကျဆုံးသွားပြီးနောက် ရက်သတ္တပတ် တစ်ပတ်အကြာတွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်သည် ပြည်သူသို့ အမှာစကား ပြောကြားခဲ့လေသည်။ ဗိုလ်ချုပ်ကတော်က မိမိသည် တိုင်းပြည်နှင့် လူမျိုးအတွက် ခင်ပွန်းသည်နှင့်အတူ တာဝန်ကို နောက်မှ ပံ့ပိုးထမ်းဆောင်ပေးခဲ့ကြောင်း ခင်ပွန်းသည် ချမှတ်ခဲ့သော လမ်းစဉ်ကို လိုက်နာဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပါရှိ၍ အမှာစကား အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

“သေဆုံးတဲ့သူမှာ သေဆုံးပြီဖြစ်၍ ကျမ အထူးချဲ့ထွင်ပြီး မပြောလိုတော့ပါ။ သူ့ကို တကယ်လေးစားချစ်ခင်ကြလျှင် သူ့လိုလားတဲ့ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်အောင် သူချခဲ့တဲ့ လမ်းစဉ်အတိုင်း ဆထက်တံပိုး သယ်ပိုးဆောင်ရွက်ကြဖို့ လိုပါတယ်။

            ကျမအတွက် ပြောရမည်ဆိုလျှင် ကျမရဲ့ ခင်ပွန်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်ပြီး ရှေ့ဆောင်ရှေ့ရွက် လုပ်နေတဲ့အခါ ကျမဟာ တိုင်းပြည်ရဲ့တာဝန်ကို ခွဲထမ်းဆောင်ခဲ့တဲ့ သဘောဖြင့် နောက်မှနေပြီး သူ့အား အမျိုးမျိုး ပြုစုအားပေးခဲ့ပါတယ်။

            ယခု သူ ကွယ်လွန်သွားတော့ သူ့ကို ပြုစုရမည့်အစား သူချခဲ့တဲ့ လမ်းစဉ်တွင် ပါဝင်နိုင်တဲ့ဘက်တွင် ပါဝင်ထမ်းဆောင်ပြီးမှ သူချန်ခဲ့တဲ့ သူ့သွေး၊ သူ့သား မိမိရဲ့ ရင်သွေးကလေးများကို အဖေ့သားများပီပီ အဖေ့ခြေရာ နင်းနိုင်အောင် ပျိုးထောင်ပေးတော့မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

            ကျမနဲ့ ကံတူအကျိုးပေးများ ဖြစ်ကြတဲ့ အခြားကျဆုံးသော ခေါင်းဆောင်ကြီးများရဲ့ ဇနီးသည်များ ဟာလည်း ကျမလို ဝမ်းနည်းပက်လက် ဖြစ်ကြမှာပဲ၊ ဒါပေမဲ့ ကျမတို့ဟာ သူတို့ကို ချစ်ရိုးမှန်ရင် သူတို့ချခဲ့တဲ့ လမ်းစဉ်ကို လိုက်ကြမှ ချစ်ရာကျတော့မယ်။ သူတို့ရည်မှန်းခဲ့တဲ့ လုပ်ငန်းစဉ်ကို သူတို့ကိုယ်တိုင် မတွေ့မြင် လိုက်ကြပေမယ့် ကျမတို့က အကောင်အထည်ပေါ်အောင် ၀ိုင်းဝန်းအားပေးကြရမှာဘဲ။

            လူထုကို ကျမပြောလိုတာကတော့ မိမိတို့အားကိုး ယုံကြည်လေးစားသော ခေါင်းဆောင်ကြီးကို ရက်စက်စွာ လုပ်ကြံမှုကြောင့် ဒေါသထွက်ကာ စိတ်ဆိုး၍ စိတ်လိုက်မာန်ပါ လုပ်မှုကိုင်မှုကို ရှောင်ကြဉ်၍ သူချခဲ့သော လမ်းစဉ်အတိုင်း တသွေမတိမ်း လိုက်နာဆောင်ရွက်ကြပါ။ သူပျိုးထောင်ခဲ့သော ဖဆပလ အဖွဲ့ချုပ်ကြီးကို ဆထက်တံပိုး အားပေးထောက်ခံကြပါ။ သူရည်မှန်းခဲ့တဲ့ လုံးဝလွတ်လပ်ရေးကို မရမနေ ကြိုးပမ်းကြပါလို့ဘဲ နောက်ဆုံးမှာလိုပါတယ်။

            သို့ကလို ပြည်သူသို့ အမှာစကားပါးရုံသာမက မိမိဘဝတစ်လျှောက်လုံးတွင် တိုင်းပြည်အကျိုးကို ရည်စူး၍ မြင့်မြတ်သော အကျင့်သိက္ခာ၊ ကိုယ်ကျိုးစွန့်လွှတ်မှုနှင့် ရိုးသားတည်ကြည် ဖြောင့်မတ်မှုတို့ကို အမြဲတစေ ဦးထိပ်ထား အရေးပေးခဲ့သော ဒေါ်ခင်ကြည်ကို ဧရာဝတီတိုင်း မြောင်းမြမြို့၌ အဖ ပြည်သူ့လုပ်ငန်းဌာန ဝန်ထမ်းဦးဖိုးညှင်း၊ အမိ ဒေါ်ဖွားစုတို့မှ ၁၉၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ အင်္ဂါနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း ၉ ဦးအနက် သတ္တမမြောက် ဖြစ်သည်။ ဒေါ်ခင်ကြည်၏ မွေးချင်းမောင်နှမများမှာ –

            (၁) ဦးဘလွင်

            (၂) ဒေါ်ခင်သောင်း

            (၃) ဦးမောင်မောင် (ငယ်စဉ်က ကွယ်လွန်)

            (၄) ဦးဘကျော်

            (၅) ဒေါ်ခင်ကြီး (သခင်သန်းထွန်း၏ ဇနီး)

            (၆) ဒေါ်ခင်တင့် (ဦးသိန်းလှ၏ ဇနီး)

            (၇) ဒေါ်ခင်ကြည် (ဗိုလ်ချုပ်ကတော်)

            (၈) ဦးသိန်း (လူပျိုကြီး)

            (၉) ဒေါ်မမကြီး ခေါ် ဒေါ်အမာ (ကောက်ပဲသီးနှံမင်းကြီး ဦးတင်အောင် ခေါ် ဦးဂျော်နီ၏ ဇနီး)

တို့ဖြစ်ကြသည်။

            သို့သော် မောင်ရဲလွင် “သင့်ဘဝ” မဂ္ဂဇင်း အတွဲ ၇၊ အမှတ် ၁၁ (၁၉၆ဝ၊ ဇွန်လ) တွင် ရေးသားခဲ့သော “မြန်မာအမျိုးသမီးခေါင်းဆောင် မဟာသီရိသုဓမ္မဒေါ်ခင်ကြည်” ဆောင်းပါး၌ ဒေါ်ခင်ကြည်၏  မွေးချင်းမောင်နှမများကို အောက်ပါအတိုင်း မူကွဲ ဖော်ပြထားသည်ကို သုတေသီတို့ လေ့လာနိုင်ရန် ဖေါ်ပြလိုက်ပါသည်။

            (၁) ဦးမောင်

            (၂) ဦးဘကျော်

            (၃) ဒေါ်ခင်သောင်း

            (၄) ဦးဘလွင်

            (၅) ဒေါ်သိန်းရီ

            (၆) ဒေါ်ခင်ကြီး (သခင်သန်းထွန်း၏ ဇနီး)

            (၇) ဒေါ်ခင်တင့်

            (၈) ဒေါ်ခင်ကြည်

            (၉) ဦးသိန်း

            (၁၀) ဒေါ်မမကြီး  ဟူ၍ ဖြစ်သည်။

            ဒေါ်ခင်ကြည်သည် ငယ်စဉ်က မြောင်းမြမြို့တွင် သတ္တမတန်းအထိ ပညာသင်ကြားခဲ့သည်။ ယင်းနောက် ရန်ကုန်မြို့ ကြည့်မြင်တိုင် အေဘီအမ် (A.B.M) (အမေရိကန် သာသနာပြုကျောင်း) မိန်းကလေးကျောင်းတွင် ပညာဆည်းပူးခဲ့ပြီးနောက် မော်လမြိုင်မြို့ မော်တင်လိန်း ဆရာအတတ်သင် ကျောင်းသို့ တက်ရောက်ခဲ့သည်။ ထို့နောက် မြောင်းမြမြို့ အမျိုးသားကျောင်း၌ စေတနာ့ဝန်ထမ်း ဆရာမအဖြစ်နှင့် နှစ်အနည်းငယ်ကြာ အမှုထမ်းခဲ့ပြီး မိမိ၏ ဗီဇပါရမီနှင့် ကိုက်ညီသော သူနာပြုဆရာမ အလုပ်ကို လုပ်ကိုင်နိုင်ရန် ရန်ကုန်ဆေးရုံကြီးနှင့် ဒပ်ဖရင့်ဆေးရုံ (ယခု ဗဟိုအမျိုးသမီးဆေးရုံ) တို့တွင် သူနာပြုဆရာမ သင်တန်းကို တက်ရောက်သင်ကြားခဲ့သည်။

            သူနာပြုသင်တန်းဆင်းပြီး ရှေးဦးစွာ ရန်ကုန်ဆေးရုံကြီး၌ သူနာပြုဆရာမအဖြစ် တာဝန် ထမ်းဆောင်ခဲ့လေသည်။ ထိုစဉ်အတွင်း ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့ရာ ကာလကတ္တားသို့ လူနာအချို့အား ပြောင်းရွှေ့ပေးသော အဖွဲ့တွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ခဲ့ပြီး စစ်ကြီးမဖြစ်မီ အိန္ဒိယနိုင်ငံမှ နောက်ဆုံးသင်္ဘောဖြင့် ပြန်လည်လိုက်ပါခဲ့သည်။ ဒေါ်ခင်ကြည်သည် ၁၉၄၂ ခုနှစ် စစ်ကြီးအတွင်း ရန်ကုန်မြို့ ဂေါ်ရာကုန်း (ယခုမင်းဓမ္မကုန်း) ဒိုင်အိုစီဇင် မိန်းကလေးကျောင်း၌ ဒေါက်တာဘသန်း ဦးဆောင်၍ မြန်မာနိုင်ငံ၌ ပထမဆုံး ဆေးရုံကြီးကို ဖွင့်လှစ်ခဲ့သော ဘီအိုင်အေ ဆေးရုံကြီး၌ အမဖြစ်သူ ဒေါ်ခင်ကြီးနှင့်အတူ သူနာပြုအဖြစ် အစောဆုံး ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဂျပန်ခေတ် ဘီအိုင်အေ ဆေးရုံကြီး (နောင် စစ်ရုံးချုပ်၊ ယခု နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်) တွင် သူနာပြုချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် လူနာအဖြစ် ဆေးရုံတက်လာသော ဗိုလ်ချုပ် အောင်ဆန်းနှင့် တွေ့ဆုံ မေတ္တာမျှခဲ့သည်။

            ထို့နောက် ၁၉၄၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ တနင်္ဂနွေနေ့တွင် ဂျပန်ခေတ် ဘ်ီဒီအေ (ဘီအိုင်အေ ကို အမည်ပြောင်းထား) ဆေးရုံကြီး အရှေ့ဘက် အစွန်ဆုံးခန်းမဆောင်တွင် လက်ထပ် ထိမ်းမြှားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့ နဖူးစာဆုံခဲ့ပုံကို ပြည်သူ့ခေတ် ဂျာနယ် အတွဲ ၂၊ မှတ် ၇ (၂၀၁၁ ဒီဇင်ဘာလ) ထုတ်၌ ဒဂုန်တာရာက “ဆန်းနှင့်ကြည်”  ခေါင်းစဉ်ဖြင့် ဤသို့ ရေးသားထားလေသည်။

            တစ်ညနေတွင် ကိုအောင်ဆန်း ဆေးရုံတက်နေသည်ဆို၍ သွားကြည့်ရန် ကျွန်တော့်ကို လာခေါ်ကြသည်။ သူတို့ကတော့ သခင်သန်းထွန်း၊ ကိုဗဟိန်း၊ ဗိုလ်လက်ျာ၊ ကိုကျော်ငြိမ်း တို့ ဖြစ်ကြသည်။ အခန်းကျယ်ကြီးထဲတွင် ဗိုလ်ချုပ်အောင်ဆန်းကို ခုတင်တစ်လုံးနှင့် တွေ့ရသည်။ သူတို့က ကျွန်တော့်ကို “ခင်ဗျားလူကြီး ကြည့်လုပ်အုံးဗျ။ ‘ကြည်’ တိုက်မှ ဆေးသောက်မယ် ဖြစ်နေတယ်ဗျ” ဟု သူ့ဇာတ်လမ်းကို ပြောပြကြသည်။ ကိုအောင်ဆန်းကတော့ မထုံတက်တေး။ ကျွန်တော်ကတော့ ပြုံးလိုက်မိသည်။ “ခင်ဗျားနဲ့ မိတ်ဖွဲ့ပေးရမယ်ဗျ၊ လာ ၊ မခင်ကြည်နဲ့ မိတ်ဖွဲ့ပေးရမယ်၊ အပေါ်ဆုံးထပ်မှာနေတယ်၊ လာ” ဟု တစ်ယောက်က ပြော၍ ကျွန်တော်တို့လူစုသည် ဆေးရုံကြီး လုပ်ထားရာ အပေါ်ထပ်သို့ တက်သွားကြသည်။ (ဒိုင်အိုစီဇင် မိန်းကလေးကျောင်းကို စစ်အတွင်းက ပြည်သူ့ဆေးရုံအဖြစ် ပြုလုပ်ထားသည်) သုံးထပ်တွင် ဖြစ်မည်ထင်သည်။ အထဲရောက်သောအခါ ဆရာမ မခင်ကြည် နှင့် မိတ်ဆက်ပေးသည်။ ဧည့်ခန်းတွင် စန္ဒရားကြီး တစ်လုံးရှိသည်။ “တစ်ယောက်ကို သီချင်းဆိုခိုင်းရမယ်ဗျ၊ ခင်ဗျားတီး” ကျွန်တော့်ကို စန္ဒရားရှေ့သို့ ပို့လိုက်သည်။ မခင်ကြည်က အခန်ထဲ ပြန်ဝင်သွားသည်။ စန္ဒရား ခလုတ်များကို ကျွန်တော်စမ်းကြည့်လိုက်သည်။ ဘယ်လိုမှ တီး၍မရ။ ကျွန်တော်ကလည်း ဇီဇာကြောင်သည်။ စန္ဒရားအသံကောင်းကောင်းမှ တီးချင်သည်။

            “လုပ်လေဗျာ၊ သီချင်းတစ်ပုဒ်” တစ်ယောက်က ပြောလိုက်သည်။ “တီးလို့မရဘူးဗျ၊ ကြိုးကျနေတယ်၊ တီးရင် အသံကြောင်တယ်” သူတို့က နားမလည်။ ထို့နောက် ကော်ဖီများ ရောက်လာသည်။ ကိုအောင်ဆန်း၏ ချစ်သူ မခင်ကြည်က ပြန်ထွက်မလာ။ ကျွန်တော်ကောင်းစွာ မှတ်မိနေသည်။ ထို့နောက် ကျွန်တော်တို့ ပြန်ခဲ့ကြသည်။ သူတို့ အသိုင်းအ၀ိုင်းတွင် ကျွန်တော် တစ်ယောက်သာ စန္ဒရားတီးတတ်၍ ကျွန်တော့်ကို မကြာခဏ တီးခိုင်းသည်။ မခင်ကြည် ပြန်ထွက်မလာသည်ကို သတိပြုမိသည်။ ရှက်နေဟန် တူသည်။ ကျွန်တော်တို့ လူစုမှာ အသက်ပင် ၃ဝ မကျော်သေး။ ကျွန်တော်က သည်အသိုင်းအ၀ိုင်းထဲတွင် အသက် ၂၂၊ ကိုအောင်ဆန်းက  ၂၆ နှစ်၊ အခြားကိုကျော်ငြိမ်း၊ သခင်သန်းထွန်း၊ ကိုဗဟိန်းတို့ကလည်း ကျွန်တော့်ထက် ကြီးကြသူများ ဖြစ်သည်။ မခင်ကြည်ကို ကျွန်တော်က ကြည့်ကောင်းသူဟု ခံစားမိသည်။ မျက်ခုံးမွှေးထူထူ၊ မျက်နှာထားလည်း ချိုသည်။ ကြည်လင်ချိုမြ၊ လှေကားထစ်မှ ကျွန်တော်တို့ ဆင်းလာသောအခါ “ချောသားပဲဗျ၊ ကိုအောင်ဆန်း ရွေးတာမဆိုးဘူး” ဟု ကျွန်တော်က ပြောလိုက်သည်။ သူတို့ကလည်း တစ်ယောက်တစ်ပေါက် ပြောကြသည်။ ထိုအခါက ကျွန်တော်တို့သည် ငယ်ရွယ်သူများ ဖြစ်သည်။

            ကိုအောင်ဆန်း ပြည်သူ့ဆေးရုံကြီးမှ မခင်ကြည်ကို လက်ထပ်မည်ဟူသော သတင်းမှာ ကျွန်တော်တို့ အသိုင်းအ၀ိုင်းတွင် ပျံ့နှံ့သွားသည်။ ယင်းသို့ ဂျပန်ဝင်စက ကျွန်တော်တို့ အသိုင်းအ၀ိုင်းမှာ တစ်ယောက်ပြီးတစ်ယောက် လက်ထပ်သွားကြသည်။ ပထမဦးဆုံး လက်ထပ်သူက ကိုလှအောင်၊ သူက ဖျာပုံသူ သန်းသန်းနှင့် လက်ထပ်သည်။ မင်္ဂလာ လက်ထပ် ထမင်းစားပွဲတွင် ကျွန်တော် စန္ဒရားတီးသည်။ လူများများ မဟုတ်။ ကျွန်တော်တို့ အသိုင်းအ၀ိုင်းသာ။ ဗိုလ်လက်ျာ ရွှေတောင်ကြားရှိ ဧည့်ခန်းဆောင်တွင် ကျွန်တော်တို့ လူစုလူဝေးနေကြသည်။ ကျွန်တော်ရောက်သည့်အချိန်တွင်တော့ ထိုအခါက နာမည်ကျော်ကြားနေသော စန္ဒရား ဆရာစိန်ဝေလျှံက တီးနေသည်။ ကိုအောင်ဆန်းက ကျွန်တော်ရောက်ပြီး မကြာခင် စိန်ဝေလျှံ ရှိရာသို့ သွားကာ “ခဏနေဦးဗျ၊ ဌေးမြိုင်စန္ဒရားတီးမလို့” ဟု ပြောလိုက်သည်။ ကျွန်တော်အံ့သြသွားသည်။ ဘယ်နဲ့ဗျာ တစ်ယောက်တီးနေစဉ် သီချင်းမဆုံးခင် ရပ်ခိုင်းရသည်လို့။ ကျွန်တော်မအံ့သြတော့။ ကိုအောင်ဆန်းက သည်လိုလူမျိုး။

            လွန်ခဲ့သော တစ်ပတ်ခန့်ကပင် သခင်မြအိမ်ရှိ စန္ဒရားကို ကျွန်တော်တီးနေစဉ် ကိုအောင်ဆန်း စစ်ဝတ်စစ်စားနှင့် ဝင်လာသည်။ ကျွန်တော့်ဘေးတွင် ကိုထွန်းလှက သီချင်းဆိုနေသည်။ “သည်လိုအခါမျိုးမှာ ချစ်ကြမယ် ကြင်နာကြမယ် သီချင်းက မဟန်ဘူးဗျ” ဟု ကျွန်တော့်ကို ကြည့်ကာ ပြောလိုက်သည်။ ကျွန်တော်က ပထမတော့ သူ့ကို လှည့်ကြည့်ရင်း ဘယ်လိုလူပါလိမ့် ဟု တွေးမိသည်။ ကျွန်တော်ဆက်တီးသည်။ ကိုအောင်ဆန်းကလည်း ဆက်ပြောသည်မဟုတ်၊ ချက်ချင်းဒေါက်ဒေါက်နှင့် အပြင်သို့ ထွက်သွားသည်။ ဟော အခုကျတော့ ကျွန်တော့်ကို အတင်းတီးခိုင်းပြန်သည်။ ကျွန်တော်က မတီးချင်၊ မတီးချင်သည်မှာ အခြားမဟုတ်။ စိန်ဝေလျှံ တီးနေသည်ကို ရပ်ခိုင်း၍ ကျွန်တော့်ကို တီးခိုင်းသည်ကို ကျွန်တော်မကြိုက်။ သူကတော့ မရ။ ကျွန်တော်က ထိုင်နေရာမှ မထသည်ကို လက်နှင့် အတင်းခေါ်ပြီး လုပ်ပါဦးဗျ၊ ကဉ္စနသီချင်း ဟု ဆိုလိုက်သည်။ အားလုံးပျော်ပျော်ပါးပါး၊ ကျွန်တော် သီချင်း တီးလိုက်သည်။ ဖန်ခွက်ထဲတွင် ရွှေရောင်တဖျပ်ဖျပ် ဆာကေးနံ့ တသင်းသင်း။

            အပေါင်းအသင်းများမှာ ကသူက၊ ဦးဘဂျမ်းက ဖိုးဝရုပ်ကြီးကဲ့သို့ တလှုပ်လှုပ်၊ တစ်ယောက်ပြီး တစ်ယောက် လက်ထပ်သွားကြသည်ကို ကျွန်တော်အံ့သြနေသည်။ သခင်ချစ်၊ ကျောင်းဆရာ သခင်ချစ်က သူ့တပည့်မလေး ခင်သန်းညွှန့်နှင့် လက်ထပ်သည်။ သည်လူတွေ ဘယ်လိုလူတွေလဲ၊ ကျွန်တော် တွေးမိသည်။ သူတို့ကို ကောင်းစွာ နားမလည်။ ကျွန်တော့်ကိုလည်း တစ်ယောက်ယောက်နှင့် စနေကြသည်။ အဆိုးဆုံးက ဗိုလ်စင်္ကြာ။ သူက ကျွန်တော့်စန္ဒရားလက်သံကို သဘောကျနေသည်။ သူ့အိမ်ရှိ ပြင်သစ်ပလေရယ်သုံးချောင်းထောက် စန္ဒရားကြီး၊ ဂရင်းပီိယာနို ကျွန်တော်ပဲ တီးရသည်။ သူနှင့်အတူနေသူ ဂျော်ဂျီကိုတင်အောင်က အင်္ဂလိပ်သီချင်းကြီးများကို ကောင်းစွာ တီးတတ်သည်။ ဗမာသီချင်းတော့ သူမတီးတတ်။ ကိုတင်အောင်မှာ ၁၉၃၆ က အိုးဝေ မဂ္ဂဇင်းကော်မတီတွင် ပါသူ။ (နောက်ပိုင်းတွင် ကိုတင်အောင်သည် မခင်ကြည်၏ ညီမ အမာနှင့် လက်ထပ်သွားသည်) ကျွန်တော်ကတော့ ကိုအောင်ဆန်း လှော်တာဖြစ်မှာပဲ ဟု တွေးမိသည်။ ဟုတ်မဟုတ်တော့ မသိ။

            ထိုအခါက ကျွန်တော်သည် ရွှေတောင်ကြားရှိ ဗိုလ်လက်ျာအိမ်မှ စန္ဒရားကို တီးဖြစ်သည်။ ရွှေတောင်ကြားမှ ဗမာ့လွတ်လပ်ရေး တပ်မတော်အရာရှိကြီးများ နေထိုင်သော အိမ်တိုင်းလိုလို စန္ဒရားရှိသည်။ သို့သော် တီးသူက မရှိ။ ကျွန်တော့်ကို သူတို့က မျှော်တတ်သည်။ ကျွန်တော်တီးနေစဉ် ကိုအောင်ဆန်း ကားကြီးနှင့် ရောက်လာသည်။ ထိုအခါက ဗိုလ်လက်ျာအိမ်တွင် ကိုဗဟိန်းနေသည်။

            “ဗဟိန်း ဘယ်မလဲဗျ” ဟု ကျွန်တော့်ကို လှမ်းမေးမှ စန္ဒရားကိုရပ်ကာ “မရှိဘူး ကိုအောင်ဆန်း၊ ကိုဗဟိန်း အပြင်ထွက်သွားတယ်” “လာဗျာ ကျွန်တော်နဲ့ လိုက်ခဲ့စမ်းပါ၊ မဂိုလမ်းမှာ ပလာတာ သွားစားရအောင်” ဟု ရပ်ရင်း ပြောသည်။ “နေပါဦးဗျ၊ ဖြည်းဖြည်းပေါ့” ကျွန်တော်က မဂိုလမ်းကို ပလာတာ သွားစားမည်ကို သိပ်မကြိုက်၊ သူက ဗိုလ်ချုပ် ဖြစ်နေပြီ မဟုတ်လား။ သည်နေရာမျိုးကို တစ်ယောက်တည်း မသွားသင့် ဟု ထင်သည်။ ကျွန်တော် သိပ်မလိုက်ချင်။ သူထိုင်ပြီးနောက် ကျွန်တော်တို့နှစ်ယောက် စကားတပြောပြော သူက လက်ထပ်မည့်အကြောင်း ကျွန်တော့်ကိုပြောသည်။ “ကျွန်တော် သိနေတဲ့ ကိစ္စပဲ” ၊ “အိမ်ထောင်မှု ဆိုတာလည်း အနုပညာရှိတယ်ဗျ” ဟု သူက ကျွန်တော့်ကို အင်္ဂလိပ်ဘာသာဖြင့် ပြောလိုက်သည်။ ကိုအောင်ဆန်းက အင်္ဂလိပ်လို တစ်ခါတစ်ရံ ပြောတတ်သည်။ ကျွန်တော်က ပြုံးလိုက်သည်။ ကျွန်တော်က အနုပညာသမားဆို၍  ကျွန်တော့်ကို သည်စကားပြောခြင်း ဖြစ်မည်။ ကျွန်တော်တို့ စကားပြောလိုက်သည်မှာ အတော်ကြာသွားပြီ။ သူလည်း ပလာတာ စားချင်စိတ် ပျောက်သွားပြီလား မသိ။ ကျွန်တော့်ကို မခေါ်တော့။

            မကြာမီပင် ပြည်သူ့ဆေးရုံကြီး ဧည့်ခန်းအောက်ထပ်တွင် လက်ထပ်ပွဲ ကျင်းပသည်။ ထိုအခါကတော့ ဗိုလ်ချုပ်အောင်ဆန်း လက်ထပ်သည့် သတင်းမှာ ဟိုးဟိုးကျော်သွားသည်။ ကိုအောင်ဆန်း လက်ထပ်သွားသည်။ လက်မထပ်ခင် ၂ လလောက်ကလားမသိ။ သူနှင့် ကျွန်တော်တို့ အတူ နေကြသေးသည်။ သူက လက်ထပ်ခါစ အင်းလျားကန်ဘေးရှိ အိမ်တွင်နေသည်။ သခင်တင်ဦး(ဗိုလ်သခင်ဆရာ) နှင့် ကျွန်တော်တို့ သွားကြသည်။ မခင်ကြည်နှင့်အတူ တွဲ၍ အိမ်ပေါ်မှ ဆင်းလာကြသည်။ ကျွန်တော်တို့သည် ဆင်ဝင်မှနေ၍ အိမ်ထဲသို့ဝင်ပြီး စကားပြောကြသည်။ သူတို့နှစ်ယောက် ရွှင်ပျနေသည်ကို ကျွန်တော်သတိထားမိသည်။ ကိုအောင်ဆန်းသည် ယခင်လို ရှုသိုးသိုး မျက်နှာပေးမျိုး မဟုတ်တော့။ ယခုတော့ ပြုံးစစ၊ ချိုမြမြ၊ မခင်ကြည်လည်း ကျွန်တော်က ယခင်က ထင်ထားသည့်အတိုင်း ချောမောသူဟု နားလည်ထားသည်။ သခင်တင်ဦးနှင့် ကျွန်တော်တို့နှစ်ယောက်သည် ကိုအောင်ဆန်းတို့ လင်မယားအိမ်မှ ပြန်လာကြသည်။

            လက်ထပ်ခြင်းဆိုသည်မှာ မိမိတို့ဘဝ၏ အဆိုးအကောင်း အတွေ့အကြုံကို ဝေမျှခံစားခြင်းဟု ယနေ့တိုင် တွေးနေမိသည်။ တစ်ယောက်တည်း စိတ်ဆင်းရဲခြင်းထက် မိမိစိတ်ဆင်းရဲခြင်းကို ဝေမျှမည့် ချစ်သူနှင့်နေရခြင်းသည် စိတ်ချမ်းသာခြင်း ဖြစ်မည်။ ထို့ကြောင့်လည်း ကျွန်တော်တို့ အသိုင်းအ၀ိုင်းက သူတို့သည် လက်ထပ်ကြလေသလား။ သူတို့လက်ထပ်သွားကြသော်လည်း သူတို့၏ မူလ ယုံကြည်ချက်သည် ပြောင်းလဲမသွား။ ယင်းသည်ပင် ချစ်မေတ္တာစစ်မဟုတ်ပါလား။

            ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် သား အောင်ဆန်းဦး၊ အောင်ဆန်းလင်းနှင့် သမီး အောင်ဆန်းစုကြည် (ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) တို့ ထွန်းကားခဲ့သည်။ ၁၉၄၆ တွင် အထွေးဆုံး သမီးကလေးတစ်ယောက် ထပ်မံထွန်းကားခဲ့သော်လည်း  မွေးပြီး ငါးရက်မြောက်တွင် ကွယ်လွန်သွားခဲ့သည်။ သားလတ် အောင်ဆန်းလင်းမှာလည်း ဗဟန်းမြို့နယ် အမှတ် ၂၅ တာဝါလိန်းလမ်းနေအိမ် (ယခု ဗိုလ်ချုပ် ပြတိုက်) ရှိ ရေကန်အနားတွင် ဆော့ကစားနေရာ ဖိနပ်ရေထဲကျ၍ ဆင်းဆယ်ရာမှ ၁၉၅၃ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ရေနစ်သေဆုံးသွားခဲ့ရသည်။ အောင်ဆန်းလင်းကွယ်လွန်ခဲ့မှုနှင့် ပတ်သက်၍ ၁၉၅၃ ဇန်န၀ါရီလ ၁၇ ရက်ထုတ် သတင်းစာ၌ အောက်ပါအတိုင်း သတင်းဖေါ်ပြထားလေသည်။

            “ဗိုလ်ချုပ် အောင်ဆန်း၏ သားလတ် အသက် ၈ နှစ်အရွယ်ရှိ အောင်ဆန်းလင်းသည် ဇန်န၀ါရီလ ၁၆ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် တာဝါလိန်းအမှတ် ၂၅ (၎င်းတို့နေအိမ်) နေအိမ်ရှေ့ရှိ ရေကန်အတွင်းသို့ ကျသွားရာမှ အနီးရှိ ပရိတ်သတ်တို့က ၀ိုင်း၍ဆယ်ပြီး ဆေးရုံကြီးသို့ ပို့ကြသော်လည်း လမ်းခရီး၌ အသက်ပျောက်သွားရရှာလေသည်။ အောင်ဆန်းလင်းနှင့် နှမလေး အောင်ဆန်းစုကြည် (၇) နှစ်တို့သည် ညနေ ၅ နာရီ မထိုးမီက ရေကန်၏ လှေကားထိပ်နား၌ ကစားနေကြသည်ဆို၏။ အောင်ဆန်းလင်းသည် ရေထဲသို့ ဖိနပ်ကျသွားသည်မှအစ ဆယ်ရင်း ရေနစ်ရသည်ဟု ဆို၏။ အောင်ဆန်းလင်း ရေထဲသို့ ကျသွားသည့်အချိန်၌ အောင်ဆန်းစုကြည်က “အကိုရေထဲကျသွားပြီ” ဟု တကြော်ကြော် အော်သည်မှအစ အိမ်တွင်းရှိ အိမ်သားများကလည်း ဟစ်အော်ကြသည်တွင် တာဝါလိမ်း အမှတ် ၁ မှ သတင်းထောက်ဟောင်း ကိုသန်းညွှန့်၊ ပတ်လိန်းကားဝပ်ရှော့မှ ကိုပတန်နှင့် နေရှင်နယ် ကုမ္ပဏီမှ မစ္စတာ ချက်ချီ၏ ကားဒရိုင်ဘာ စောခွန်မြတို့က အပြေးအလွှား သွားကာ ဆယ်ကြ၏။

            ထိုအချိန်တွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်မှာ နေအိမ်တွင် မရှိပေ။ ပေ၅ဝ ပတ်လည်ခန့် ကျယ်ပြီး ၁၅ ပေခန့် နက်သော ကန်အတွင်းသို့ လူပေါင်း ၃ဝ ခန့် ဆင်းကာ ဆယ်ကြရာ၌ ၁ဝ မိနစ်ကြာမျှ ရှာမရဘဲ ဖြစ်နေ၏။ ဦးစွာ ပထမ လုံခြည်ပေါ်လာပြီးနောက် ၁၅ မိနစ်ခန့် အကြာတွင်မှ ကိုသိန်းလွင်ဆိုသူက အောင်ဆန်းလင်းကို ရေအောက်နွံများအတွင်းမှ ဆယ်ယူရရှိသည်။ ကိုသန်းညွှန့်နှင့်အဖော်များက အောင်ဆန်းလင်းအား နေအိမ်သို့ ယူသွားပြီး ရေထွက်အောင် စောက်ထိုးမွှေ့သေး၏။ သို့သော် ဒေါ်ခင်ကြည်၏ အမ ခေါ်ခင်တင့်က ဤသို့ မပြုလုပ်ရန်တားပြီး ဆေးရုံသို့ ပို့ရန် ပြောသဖြင့် စောခွန်မြ မောင်းနှင်သော ကားဖြင့် ဆေးရုံကြီးသို့ ပို့လေသည်။ အောင်ဆန်းလင်းမှာ ဆေးရုံမရောက်မီ လမ်းခရီး၌ပင် အသက်ပျောက်သွားလေသည်။

            ရန်ကုန်ဆေးရုံကြီးသို့ ရောက်သောအခါ တာဝန်ခံ ဆရာဝန်နှင့် ဆရာမများသည် အောင်ဆန်းလင်းအား မိန်းမလူနာစမ်းသပ်ရာ အခန်းအတွင်းရှိ ကုတင်ပေါ်၌တင်ကာ အသက်ရှင်လိုရှင်ငြား ကြိုးစားကြသေး၏။ သို့ရာတွင် အချည်းနှီးပင် ဖြစ်၏။ ထိုအချိန်တွင် ဒေါ်ခင်ကြည်အား အမ ဒေါ်ခင်တင့်နှင့် မိတ်ဆွေသင်္ဂဟများက ဒေါ်ခင်ကြည် သွားတတ် လာတတ်သော အိမ်များသို့  ဆက်ကာ စုံစမ်းကြ၏။ ထိုအချိန်က ဒေါ်ခင်ကြည်သည် မြို့တော်ခန်းမ အထက်ထပ်၌ ကျင်းပလျက်ရှိသော မစ္စတာ ကင်းစလေးမာတင်၏ ဟောပြောပွဲသို့ တက်ရောက် နားထောင်နေသည် ဆို၏။ ည ၈ နာရီခွဲလောက်မှ ဒေါ်ခင်ကြည်နေအိမ်သို့ ပြန်ရောက်လာရာ ချက်ခြင်းပင် ဆေးရုံသို့ လိုက်သွားသည်။

            ဒေါ်ခင်ကြည်သည် သားရှိရာ ကုတင်ဘေးသို့ ရောက်သောအခါ သားကလေးကို သေချာစွာကြည့်ပြီး မျက်စေ့တွင် မျက်ရည်များ ဝေ့လာသည်။ နောက် အသင့်ရှိနေသော ရှပ်အင်္ကျီအဖြူ လက်ရှည်နှင့် ပန်းရောင်အချိတ်ပိုး လုံခြည်ကလေးကို သူကိုယ်တိုင်ဝတ်ပေးသည်။ အောင်ဆန်းလင်းမှာ ထိုအချိန်က တောင့်နေပြီဖြစ်သဖြင့် အင်္ကျီလက်ကလေးများကို ဆုတ်ခွဲ၍ပင် ဝတ်ပေးရသည်။ အဝတ်အစားသစ်များ ဝတ်ဆင်ထားပြီးဖြစ်သော အောင်ဆန်းလင်းကို  ဒေါ်ခင်ကြည်သည် ဂွမ်းစောင်အဖြူ ကလေးခြုံလွှမ်းပေးပြီးနောက် သူကိုယ်တိုင် ပွေ့ချီကာ ဆေးရုံပေါ်မှ ကားပေါ်သို့ တင်ကာ အိမ်ပြန်လာခဲ့သည်။ အိမ်သို့ရောက်သောအခါ အောင်ဆန်းလင်းအား နေအိမ်အထက်ထပ်ရှိ အောင်ဆန်းလင်း၏ ကုတင်ပေါ်၌ စောင်ပါးအစိမ်း အနုကွက်ဖြင့် လွှမ်းကာ သိပ်ထားသည်။ အောင်ဆန်းဦး (၉နှစ်) က ဒေါ်ခင်ကြည်နှင့် ပါလာသော ကိုသန်းညွှန့်အား “ညီလေး ဘာဖြစ်သွားလဲ” ဟု မေးရာ ကိုသန်းညွှန့်က “မင်းညီလေး ဘာမှမဖြစ်ဘူး၊ အိပ်နေတယ်ကွ” ဟု ဖြေလိုက်ရသည်။ ထိုနေ့ညက အောင်ဆန်းဦးနှင့် အောင်ဆန်းစုကြည်တို့ကို အခြားအခန်းသို့ ပြောင်း၍ သိပ်လိုက်ကြရသည်။

            ဒေါ်ခင်ကြည်သည် သား၏ အလောင်းကို မတွေ့ရခင်က “လမ်းမှာပဲ အသက်ပျောက်မှာပဲ ထင်ပါရဲ့၊ သူ့အဖေတုန်းကလဲ ဒီလိုပဲ လမ်းမှာ အသက်ပျောက်ခဲ့တာပဲ” ဟု ကားပေါ်၌ တဖွဖွ ညည်းတွားခဲ့သည် ဆို၏။ သို့နှင့်ပင် အောင်ဆန်းလင်းကား သူ့ဖခင်နောက်သို့ လိုက်သွားလေပြီ။ အောင်ဆန်းလင်း၏ ဈာပနကို ဇန်န၀ါရီလ ၂ဝ နေ့က ညနေ ၂ နာရီအချိန်တွင် နေအိမ်မှ ကြံတောသုဿာန်သို့ ပို့ဆောင် သင်္ဂြိုဟ်ခဲ့လေသည်။ ဤသို့ ဒေါ်ခင်ကြည်သည် သူ့ဘဝတစ်လျှောက် ခင်ပွန်းသည်နှင့် သားလတ်တို့အား သေကွဲ ကွဲခဲ့ရမှုကြောင့် ပရိဒေဝမီး တောက်လောင်ခဲ့ရသော်လည်း တရားနှင့်ဖြေကာ  ခင်ပွန်းသည် ချမှတ်ခဲ့သော လမ်းစဉ်အတိုင်း တိုင်းပြုပြည်ပြုလုပ်ငန်းကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။

            ဒေါ်ခင်ကြည်သည် လူမှုရေးအဖွဲ့အစည်းများ၊ အများအကျိုးနှင့် ဆိုင်သော အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ ညွှန်ကြားရေးဝန် (၁၉၄၇-၁၉၅၃)၊ လူမှုရေးဝန်ထမ်းကော်မရှင် ဥက္ကဌ (၁၉၅၃ – ၁၉၅၉)၊  ပြည်ထောင်စုမြန်မာနိုင်ငံ လူမှုဝန်ထမ်းကော်မတီ ဥက္ကဌ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဥက္ကဌ၊ သူနာပြုနှင့် ဝမ်းဆွဲဆရာမအသင်း နာယက၊ ကလေးသူငယ်စောင့်ရှောက်ရေး ကောင်စီဥက္ကဌ၊ ကျန်းမာရေးနှင့် ပြည်ရေးပြည်ရာအဖွဲ့ ဥက္ကဌ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသမီးများအသင်း ကောင်စီဥက္ကဌ၊ ဒီမိုကရေစီသဘောတရားတိုးတက်ရေး ပြန့်ပွားရေးအသင်းဥက္ကဌ၊ မြန်မာနိုင်ငံအမျိုးသမီး ကင်းထောက်အသင်း၏ ကင်းထောက်ချုပ်နှင့် ကင်းထောက်မင်းကြီးချုပ်၊ ရာမခရစ်ရှိရာ သာသနာပြုဆေးရုံနှင့် စာကြည့်တိုက် ဒုတိယဥက္ကဌ ၊ မြန်မာနိုင်ငံ သူနာတင်ကားတပ်ဖွဲ့တွင် အုပ်ချုပ်ရေးမှူး စသည့် လူမှုဝန်ထမ်း လုပ်ငန်းများကို ထမ်းဆောင်ခဲ့သည်။

            မြန်မာနိုင်ငံတွင် သူနာပြုလုပ်ငန်းများကို မွန်မြတ်သော လုပ်ငန်းအဖြစ် အများက စိတ်ဝင်စားစွာ ခံယူလာစေရန် ရှေးဦးစွာ စည်းရုံးခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ဒေါ်ခင်ကြည်သည် နိုင်ငံတော်ကို ကိုယ်စားပြု၍ ပြည်ပနိုင်ငံများသို့လည်း လှည့်လည်သွားရောက်ခဲ့သည်။ ၁၉၄၉ ခုနှစ် နယူးဒေလီမြို့၌ လည်းကောင်း၊ ၁၉၅ဝ ပြည့်နှစ်တွင် ကိုလံဘိုမြို့၌လည်းကောင်း၊ ကျင်းပခဲ့သော ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းများ၏ ဒေသဆိုင်ရာ ညီလာခံများသို့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့ပြီး သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ကျင်းပခဲ့သော ကမ္ဘာ့ကျန်းမာရေး ညီလာခံတွင် သဘာပတိအဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ၁၉၅၀ – ၁၉၅၁ နှင့် ၁၉၅၂ ခုနှစ်တို့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသော ကမ္ဘာ့ကျန်းမာရေး ညီလာခံသို့လည်း မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ တက်ရောက်ခဲ့သည်။

            ထို့ပြင် အနောက်ဥရောပ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယ၊ ထိုင်းနှင့် ဆိုဗီယက်ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတနိုင်ငံ စသောနိုင်ငံများသို့ နိုင်ငံတကာ တာဝန်ဖြင့် သွားရောက်ခဲ့သည်။ ၁၉၅၈ တွင် ဖဆပလ အဖွဲ့ကြီး နှစ်ခြမ်းကွဲပြီးနောက် သန့်ရှင်း(နောင် ပြည်ထောင်စုပါတီ)၏ စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ ၁၉၅၉ – ၁၉၆ဝ ပြည့်နှစ်တွင် ဦးနု ဦးဆောင်သော ပြည်ထောင်စုပါတီ (ပထစ)စည်းရုံးရေးတာဝန်များကို ဖိဖိစီးစီး တာဝန်ယူ ဆောင်ရွက်ခဲ့မှုကြောင့် သန့်ရှင်းဖဆပလသည် အနိုင်ရရှိခဲ့လေသည်။  ၁၉၆ဝ ပြည့်နှစ် မေလ ၁၉ ရက်နေ့တွင် ပထစအစိုးရက ဒေါ်ခင်ကြည်အား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ထို့နောက် ဇွန်လအတွင်းမှာပင် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ခဲ့သည်။ ဒေါ်ခင်ကြည်သည် ယနေ့အချိန်အထိ မြန်မာအမျိုးသမီးလောကတွင် သံအမတ်ကြီးအဖြစ် တာဝန်ပေးအပ်ခံရသည့် တစ်ဦးတည်းသော အမျိုးသမီးကြီး ဖြစ်သည်။ 

အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် ရုံးထိုင်၍ သံအမတ်ကြီးအဖြစ် ၇ နှစ်တာမျှ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၆၇ တွင် အငြိမ်းစားယူခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ဒေါ်ခင်ကြည်သည် မျက်စိတိမ်ကို ခွဲစိတ်ကုသရန်အတွက် လန်ဒန်မြို့သို့ ရောက်ရှိလာသည်။ ခွဲစိတ်ကုသမှုများ အောင်အောင်မြင်မြင်ရှိသဖြင့် ဆေးကုသမှုကြောင့် ကျန်းမာရေး အနည်းငယ် မသက်မသာ ရှိရသော်လည်း သူ့အတွက် စိတ်ရွှင်လန်း ချမ်းမြေ့ဖွယ်အချိန် ဖြစ်ခဲ့သည်။ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံ ဆင်းမလားမြို့မှ သူ့အလုပ်ကို ရပ်ထားခဲ့ကာ မိခင်ကို ပြုစုရန် ရောက်လာခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သော သားကြီးဖြစ်သူ အောင်ဆန်းဦးကလည်း ၁ဝ ရက်ခန့် မိခင်ကြီးအား လာရောက်တွေ့ဆုံခဲ့သည်။ လန်ဒန်မြို့တွင် ရှိနေစဉ်အတွင်း ဒေါ်ခင်ကြသည် လန်ဒန်မြို့ရှိ မိတ်ဆွေဟောင်းများ မိတ်ဆွေသစ်များဖြင့် ရှေးဟောင်းနောက်ဖြစ်များ ပြောဆိုကာ ရွှင်လန်းချမ်းမြေ့ဖွယ် ဖြစ်ခဲ့ရသည်။ ဒေါ်ခင်ကြည်သည် သားမြေးများ ကြီးပြင်းလာသည်ကို မြင်တွေ့ခဲ့ရပြီး မျက်စိမခွဲမီနှစ်တွင် မိမိ၏ ရန်ကုန်နေအိမ်တွင် မြေးများ၏ ရှင်ပြုမင်္ဂလာပွဲကို ကိုယ်တိုင်ကြီးကြပ် ကျင်းပပေးနိုင်ခဲ့သည်။

            လန်ဒန်မြို့တွင် နှစ်လကြာနေပြီးနောက် ဒေါ်ခင်ကြည်သည် မျက်စိများ အတော်အခြေအနေ ကောင်းလာပြီဖြစ်၍ မြန်မာပြည်သို့ စိတ်ရွှင်လန်းစွာ ပြန်သွားနိုင်ခဲ့သည်။ သို့သော် ရန်ကုန်ရောက်၍ ၁ဝ လ မပြည့်မီ ၁၉၈၈ မတ်လ ၃၁ ရက်နေ့တွင် ပြင်းထန်သော လေဖြတ်ခြင်းဒဏ်ကို ခံရသည်။ ထို့နောက် တပ်မတော်ဖခင်ကြီးနှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၁၇ မိနစ်တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄၊ ၅၆ နေအိမ်၌ ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်၌ သား အောင်ဆန်းဦးနှင့် သမီး ဒေါ်အောင်ဆန်းစုကြည်တို့ ကျန်ရစ်ခဲ့သည်။ ဒေါ်ခင်ကြည်၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို ၁၉၈၉ ဇန်န၀ါရီလ ၂ ရက်နေ့တွင် နိုင်ငံတော်ဈာပန အခမ်းအနားဖြင့် ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်ခြေရင်း ကန်တော်မင်္ဂလာပန်းခြံရှိ ဆရာကြီး သခင်ကိုယ်တော်မှိုင်း နှင့် သီပေါမင်းတရား၏ မိဘုရားခေါင်ကြီး စုဘုရားလတ်၏ အုတ်ဂူပြဿဒ်ကြား၌ ဂူသွင်းသဂြိုဟ်ခဲ့သည်။

            ဒေါ်ခင်ကြည်သည် ၁၉၅ဝ ပြည့်နှစ် အမေရိကန် ပြည်ထောင်စုမှ အပ်နှင်းသော မြန်မာမိခင်အဖွဲ့ (Mother of Burma)ကိုလည်းကောင်း၊ ၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရမှ ပေးအပ်ချီးမြှင့်ပေးခဲ့သော မဟာသီရိသုဓမ္မဘွဲ့ကိုလည်းကောင်း၊ ၁၉၅၅ ခုနှစ်တွင်ယူဂိုစလားဗီးယားနိုင်ငံ သမ္မတကြီး မာရှယ်တီးတိုးက အပ်နှင်းသော ယူဂိုစလပ်ကြယ်တာရာဘွဲ့တံဆိပ် (ဒုတိယဆင့်) နှင့် ထိုင်းနိုင်ငံအစိုးရက အပ်နှင်းသော Noble Order ခေါ် မြင့်မြတ်သော ဘုရင့်သရဖူ ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်တို့ကို ရရှိခဲ့လေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်