ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၁၂)

June 13, 2018

● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၁၂)
(မိုးမခ) ဇွန် ၁၃၊ ၂ဝ၁၈

ဒီနေ့မနက် ဝေလီဝေလင်းအချိန်မှာ နယူးဒေလီက ကိုထွန်းနောင်တယောက် ဓရံဆာလာကို ရောက်လာသည်။ ကိုထွန်း နောင်က ရန်ကုန် လှိုင်မြို့နယ်သားဖြစ်သည်။ အရေးအခင်းကာလမှာ ပါဝင်လှုပ်ရှားရင်း ပစ်ကြခတ်ကြတော့ ပြေးရင်းလွှား ရင်းနဲ့ နောက်ဆုံး အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကိုရောက်ရှိလာပြီး အဲဒီမှာ သောင်တင်နေခြင်းဖြစ်သည်။ သူငယ်ချင်းငနု ချောင်းသားကြီးရဲ့ အဆိုအရတော့ အဲဒီတုန်းက အိန္ဒိယမှာရှိတဲ့ မြန်မာရဟန်းတော်ရပ်ဝန်းမှာ ကွန်ပျူတာကျွမ်းကျွမ်းကျင်ကျင် တတ်တာဆိုလို့ သူနဲ့ ထွန်းနောင်နှစ်ယောက်ပဲ ရှိသည်ဟု ဆိုပါသည်။

ကိုထွန်းနောင်လာတော့ ကန်စွန်းရွက်တွေ၊ ချဉ်ပေါင်ရွက်တွေ တထုပ်ကြီးပါလာသည်။ နယူးဒေလီတက္ကသိုလ်မှာ ကျောင်း တက်နေသည့် သူငယ်ဖြစ်သူ အရှင်ဇဋိလာ လင်္ကာရက ယမုံနာမြစ်ဘေးက စိုက်ခင်းတွေထဲကိုယ်တိုင်သွားဝယ်ပြီး ထည့်ပေးလိုက်ခြင်းဖြစ်သည်။ ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက်က  ရွှေထက်ရှားတဲ့အရပ်မှာ စားစေချင်တဲ့ စေတနာနဲ့ အခုလို တခုတ်တရ ဝယ်ထည့်ပေးလိုက်တဲ့ သူငယ်ချင်းရဲ့ ကျေးဇူးတရားတွေကို ဘယ်တော့မှ မေ့လို့ရလိမ့်မည်မဟုတ်တော့။ သူထည့်ပေးလိုက်တဲ့ ကန်ဇွန်းရွက် ချဉ်ပေါင်ရွက်တွေက များလွန်းနေတော့ ကိုယ်တွေနဲ့ ခင်မင်ရင်းနှီးနေတဲ့ မိတ်ဆွေတိဗက် ကလေးတွေကိုလည်း တယောက်နည်းနည်းစီ မျှဝေပေးလိုက်သည်။ ကန်ဇွန်းရွက်စီးကလေးတွေကို ကိုယ်စီလက်ကကိုင်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ အခန်းထဲကနေ ထွက်သွားကြတဲ့ သူတို့ရဲ့ပုံရိပ်ကလေးတွေက  ကြည်နူးဖို့ ကောင်းသည်။ ဓရံဆာလာတွင် တညအိပ်ပြီးနောက် ထူးအိမ်သင်ရဲ့ အမေ့အိမ်သီချင်းထဲက “အိမ်ပြန်ချင် ဟူး ….” ဆိုသော စာသားကို တဖွဖွရွတ်ဆိုရင်း ကိုထွန်းနောင် တယောက် ဒေလီပြန်သွားပါတော့သည်။

သူပြန်သွားတော့မှ ဖတ်လက်စ စာအုပ်ကလေးကို ကောက်ကိုင်ဖြစ်သည်။ အာဏာဆိုတာ သေနတ်ပြောင်းဝကနေ လာတယ်လို့ မော်စီတုန်းက ဆိုပါသည်။ ဘယ်သူတွေ ဘာဖြစ်ဖြစ် ကိုယ်လိုချင်တာရရင် ပြီးရောတဲ့လား။ ရန်ုလိုတတ်ခြင်း၊ ကျူးကျော်လို စိတ်နှင့် နိမ့်ပါးသူတို့အား ဖိထောင်းချင်တတ်သည့် အတွေးအခေါ်များကို နှစ်ဆယ့် တရာစု လူသားအများစုက မက်မက်မောမော မရှိကြတော့။ သည်စနစ်တွေ ချုပ်ငြိမ်းဖို့ တနိုင်တပိုင်မှသည် စုပေါင်းအားဖြင့်ထိ ခုခံတွန်းလှန်နေကြပြီဖြစ်သည်။ တိဗက် အရေးနှင့်ပတ်သက်၍ မော်စီတုန်း၏ အယူအဆက မှန်ကောင်းမှန်ပါလိမ့်မည်။ သို့သော် နိုင်ငံရေးဂုဏ်သိက္ခာနှင့်ယှဉ်လျှင် ဘေဂျင်းရဲ့ဒဏ်ရာတွေက ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ရုပ်ဆိုးအကျည်းတန် လွန်းလှသည်။

တိဗက်ကို တိဗက်တို့ လက်လွှတ်ခဲ့ရပုံက နည်းနည်းအူလည်လည်နိုင်လွန်းသည်ဟု ကျနော်ထင်မြင်နေမိသည်။ တိဗက်တိုင်းပြည်ကျဆုံးသွားရခြင်း၏ အဓိကတရားခံ တဦးမှာ ငဘိုဟု အလွယ်ခေါ်ရမည့် Ngabo Ngawang Jigmeပင်ဖြစ်သည်။ သူက အရည်အချင်းနည်းပြည့်ဝသူမဟုတ်။ သတ္တိလည်း မရှိ။ အမျှော်အမြင်နည်းပြီး ကိုယ်ပိုင် အတွေးအခေါ် ညံ့ဖျင်းသူတယောက်ပင်ဖြစ်ကြောင်း Sonan Chada ဆိုသော တိဗက် အမျိုးသားကြီးက ပြောပါသည်။

ပြီးတော့သူက “ကျနော်လည်း အဲဒီတုန်းက တိဗက်အရှေ့ပိုင်း ချမ်ဒူပြည်နယ်ဘက်မှာ တာဝန်ကျနေတဲ့ အရာရှိတယောက်ပါ။ တရုတ်တပ်တွေက တိဗက်အရှေ့ပိုင်းပြည် နယ်တွေကနေ စပြီးသိမ်းနေပြီ။ ကျနော်က ဘယ်မှမခွါချင်ဘူး။ ဒါပေမယ့် ငဘိုက အဲဒီအချိန်ထိ အေးအေးဆေးဆေးပဲ။ အချိန်တန် ရင် တရုတ်စစ်တပ်တွေ နောက်ဆုတ်သွားလိမ့်မယ်၊ အချိန်တန်ရင် ပြီးသွားလိမ့်မယ် လို့ချည်းပဲ သူကပြောနေ တယ်။ အစစအရာရာ ငြိမ်းချမ်းရေးအတွက် သူကိုယ်တိုင် ကြိုးစားလုပ်ကိုင်ပြီးပြီလို့ ကျနော်တို့အားလုံးက ထင်ထားခဲ့တာလေ။ တကယ်လည်း တရုတ်တပ်တွေ သူ့နယ်ထဲ ရောက်လာတဲ့အခါကျတော့ သူက ကြောက်လန့်နေတဲ့ ယုံသူငယ်လေးလိုပဲ။ တရုတ် တပ်တွေ ဝင်လာပြီဆိုတဲ့ အသံကြားတော့ ပြည်သူပိုင် မျိုးစေ့ဂိုဒေါင်တွေ၊ ရိက္ခာဂို ဒေါင်တွေ၊ လက်နက်တိုက်တွေ အကုန်လုံးကို မီးရှို့ထားခဲ့ပြီး သူကလူလွတ်ထွက်ပြေး သွားတယ်ဟု အဆိုပါတိဗက်ကြီးက ပြောပါသည်။ အခုချိန်ထိ တိဗက်တွေ ကတော့ ငဘိုကို ကျေနပ်ကြပုံ မရသေး။  အဲဒီအချိန်တုန်းက တိဗက် စစ်သားတွေကို ရိက္ခာနဲ့ လက်နက်တွေ ထုတ်မပေးခဲ့ခြင်းအတွက် ငဘိုကို အခုချိန်ထိ အံကျိတ်နေကြ ခြင်းဖြစ်သည်။
ငဘိုတယောက် တိဗက်အနောက်ပိုင်းဆီကို ထွက်ပြေးသွားရင်း လမ်းမှာ တိဗက် ပြောက်ကျားတပ်တွေနဲ့တိုးတော့ လက်နက်တွေအားလုံးကို ချောက်ထဲပစ်ချပြီး သူနဲ့ အတူ ထွက်ပြေးဖို့ တိဗက်ပြောက်ကျားစစ်သည်များကို သူကစည်းရုံးလေသည်။  နယ်မြေဒေသကျွမ်းကျင်မှု၊ ရာသီဥတုအသားကျမှုမှာ တိဗက်တို့က တရုတ်စစ်သားတွေ ထက် နှာတဖျားသာပါသည်။ ထို့ကြောင့် တိဗက်ခေါင်းဆောင်တချို့က ပြောက်ကျား စနစ်ဖြင့် တိဘက်တောင်တန်းတွေ ပေါ်ကနေအခြေကုတ်ယူပြီး ဒီစစ်ပွဲကို နွှဲလိုက်ချင် သေးသည်။ နိုင်ခဲ့ရင် အမြတ်။ တကယ်လို့ မနိုင်ခဲ့ရင်တောင် တိဗက်ပြည်သူတွေဟာ လွတ်လပ်တဲ့ တိဗက်ပြည်ထူထောင်ရေးအတွက် ဒီလိုအသက်ပေးပြီး တိုက်ပွဲဝင်သွား ခဲ့ကြသည်ဆိုသည့်အကြောင်းကို ကမ္ဘာကြီးကို ပြသလိုက်ချင်သေးသည်။ သို့သော် ငဘိုကတော့ လက်နက်ချပြီး အညံ့ခံဖို့ချည်း အမိန့်ပေးနေပါတော့သည်။ ထို့ကြောင့် ၁၉၅၁-ခု အောက်တိုဘာ ၂ဝ-ရက်နေ့ တိဗက်တို့၏ လက်နက်ကိုင်တော်လှန်ရေးကြီး ကား နိဂုံးချုပ်သွားပါတော့သည်။ ငဘိုရဲ့ တိဗက်လက်နက်ကိုင်တော်လှန်ရေးကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ဘေဂျင်းလေဒီယိုကနေ အသံလွှင့်လိုက်သောအခါ တိဗက်တို့မှာ ဘုမသိဘမသိနှင့် ကိုယ်ကျိုးနည်းသွားရပါတော့သည်။

၈၈-ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရေးသည့် ‘နောက်ကြည့်မှန်‘ စာအုပ်ထဲတွင် လူတချို့က ကိုယ်လုပ်ချင်တာလုပ်သွားပြီးတဲ့နောက် နောက်ပြန်လှည့်မကြည့်တော့ဘဲ ထွက်ခွါသွားတဲ့အခါ ဘာဖြစ်လို့ဘာဖြစ်သွားမှန်းမသိဘဲ ကျန်ခဲ့ရမည့်သူတွေ အတွက် နောက်ကြည့်မှန်ကလေးတချပ်လောက် ဝယ်ပေးချင်ကြောင်း မင်းကိုနိုင်က ဆိုပါ သည်။ ဘာဖြစ်လို့ ဘာဖြစ်သွားမှန်း မသိဘဲ ကျန်ခဲ့ရသူတွေ ကျနော်တို့အဝန်းအဝိုင်းမှာ များစွာရှိပါသည်။ ကိုယ်လုပ်ချင်တာ လုပ်သွားပြီးတဲ့နောက် နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ခွါသွားသူတွေအတွက် ကျနော်ကတော့ဖြင့် ဦးမင်းကိုနိုင်ကြီးလို နောက်ကြည့်မှန် တချပ်တည်းမဟုတ်။ နောက်ကြည့်မှန်တွေချည်းပဲ အများကြီး ဝယ်ပေးချင်နေမိ ပါတော့သည်။

ဆက်လက်ဖော်ပြပါဦးမည်
ကိုသစ် (သီတဂူ)
၆၊ ၁၂၊၂ဝ၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်