စိုးခိုင်ညိန်း ● မြို့ပြရန်ကုန်

June 21, 2018

● မြို့ပြရန်ကုန်
(မိုးမခ) ဇွန် ၁၉၊ ၂ဝ၁၈

နာဂစ်လေမုန်တိုင်းကြီး တိုက်ပြီးလို့ နောက်တရက်မှာပင် ကျွန်တော် ရန်ကုန်ကို နေထိုင်ဖို့အတွက် ရောက်ခဲ့ရသည်။ လမ်းမ တွေပေါ်မှာ လဲကျနေသော သစ်ပင်တွေ၊ ပြတ်ကျနေသော သစ်ကိုင်းတွေနှင့် တချို့လမ်းတွေက ပိတ်ဆို့နေသည်။ ရထား လမ်းတွေပေါ်မှာလည်း သစ်ပင်တွေက လဲကျနေတာ တွေ့ရသည်။ တချို့အိမ်တွေက သွပ်မိုးတွေ လန်ကာ ကွာကျနေသည်။ ဓါတ်တိုင်တွေက လဲတဲ့တိုင်က လဲ၊ ဖုန်းကြိုးတွေကလည်း ပြတ်တဲ့ နေရာက ပြတ်နဲ့ တနေရာနဲ့ တနေရာ အဆက်အသွယ် လုပ်ဖို့ပင် ခပ်ခက်ခက်ဖြစ်နေသည့်အခြေအနေ ဖြစ်သည်။ အဲဒီတုန်းက လမ်းဘေး P.C.O ကြိုးဖုန်းတွေကိုပဲ အားကိုးနေရသည့် အချိန်ပဲ ဖြစ်သည်။ သိပ်မကြာခင်မှာပင် ရန်ကုန်သည် ရန်ကုန်အတိုင်း ပုံမှန် ပြန်ဖြစ်သွားပါသည်။

ရန်ကုန်ရောက်ခါစ တောသားတယောက်အဖို့ မြင်ရသမျှ အရာရာသည် အံ့သြဖွယ်ရာချည်း ဖြစ်နေသည်။ မိုးမျှော်တိုက်ကြီး တွေကို တအံ့တသြ မော့ကြည့်ရသည်။ အထပ်မြင့် တိုက်တန်း အခန်းတွေ၊ ဝရံတာကနေ တွဲလောင်းချထားတဲ့ လူခေါ် ခေါင်းလောင်းကြိုးတွေ၊ မနက်လင်းတာနဲ့ တွဲလောင်းကျနေတဲ့ ကြိုးအသီးသီးမှာ ပဲပြုပ်အထုတ်နဲ့။ လက်ဖက်ရည်နဲ့ အီကြာကွေးနဲ့။ သတင်းစာအလိပ်ကလေးနဲ့၊ လူကြပ်ကြပ်၊ နေရာကြပ်ကြပ်၊ အချိန်ကြပ်ကြပ်နဲ့ မလောက်မငဖြစ်နေတဲ့ ရပ် ဝန်းတခုမှာ အချိန်ကို ကြိုးတချောင်းနဲ့ အတင်အချလုပ်ပြီး ဘဝတွေကို အထပ်မြင့်မြင့်နဲ့ တည်ဆောက်ထားကြရတာပဲဟု ကျွန်တော်က တွေးနေမိသည်။

နေရောင်ခြည်ကို ရသလောက် ဇကာပေါက်နဲ့ ခံယူထားရသည်။ ဝရံတာ သံဇကာတွေမှာ လူမပါတဲ့ အဝတ်တွေကို ချိတ်ဆွဲ ထားကြရသည်။ ရွာမှာဆို တရွာလုံး တယောက်နဲ့ တယောက် မသိသူ မရှိခဲ့။ အခုတော့ အခန်း ကပ်လျှက်က နေနေတဲ့ သူတွေသည် ဘယ်သူတွေမှန်းမသိ။ လှေကားအတက်အဆင်း ဆုံမိပြန်တော့လည်း သူစိမ်းလို အကြည့်တွေနဲ့ အော် ရန်ကုန် ဟာ ကျွန်တော့်အဖို့ သင်ယူစရာတွေ အများကြီးပဲလို့ မြင်မြင်သမျှ မှင်သက်နေရတော့လေသည်။

ရုံးသွား ရုံးပြန်အချိန်တွေမှာ၊ ဘတ်စ်ကားမှတ်တိုင်တွေမှာ၊ ပန်းခြံတွေထဲမှာ၊ ဘတ်စ်ကားပေါ်မှာ၊ မြို့ပတ်ရထားတွေပေါ်မှာ ကောင်ကလေးတွေက ကောင်မလေးရဲ့ ထမင်းချိုင့်၊ ဆွဲခြင်းတွေကို ယူလို့။ တယောက်နဲ့ တယောက် ခေါင်းချင်းပူးလို့ နေကြ သည်။ သူတို့သည် လူကြပ်သည့် ဘတ်စ်ကားပေါ်မှာပင် သူတို့နှစ်ယောက်တည်း ရှိသည်လို့ပင် ထင်နေသည်လားမသိ၊ တခါတရံတွင် နမ်းပင်နမ်းနေလိုက်ကြသေးသည်။ စစချင်း၊ မြင်မြင်ချင်းမှာတော့ ကျွန်တော့်မှာ မျက်နှာတွေဘာတွေပင် ပူလိုက်ရသည်။ နောက် မြင်ပါများလာတော့ ရိုးသွားရသည်။ အော် ရန်ကုန်ဆိုတာ ဒီလိုပါလားပေါ့။

နောက် နေလာတာကြာလာတော့ ရန်ကုန်သည် ကိုယ့်အိမ်ကိုယ့်ယာလို ဖြစ်လာသည်။ နေရသည့် နှစ်အနည်းငယ်အတွင်း မှာပင် ကျွန်တော့်အဖို့ ရန်ကုန်သည် သွားရေးလာရေးကအစ ကျွမ်းကျွမ်းကျင်ကျင် ဖြစ်သွားပါသည်။ မကျွမ်းပဲ နေနိုင်ရိုးလား၊ တပတ်တကြိမ် အပြင်ထွက်သည်။ မြို့ထဲသွားသည်။ မဂ္ဂဇင်းတိုက်တွေရှိရာသွားပြီး ကဗျာတွေ၊ စာမူတွေ ပတ်ပို့သည်။ မြို့ ထဲဆို တနေရာနှင့် တနေရာသွားသည့်အခါ ခြေကျင်လမ်းလျှောက်သည်။ အတော်အတန်ဝေးသည့် နေရာသွားချင်မှ ဘတ်စ်ကား စီးသည်။ ရန်ကုနှ်မှာ နေသည့် တနှစ်လောက် အတွင်းမှာပင် ဘယ်နေရာမှာ ဘာရှိသည်၊ ဘယ်နေရာကို ဘယ် လိုင်းကား ရောက်သည် စသည်ဖြင့် အတော်လေးသိလာသည်။ သူငယ်ချင်းတွေက သူတို့တနေရာရာသွားချင်သည့်အခါ အဲဒီနေရာ ဘယ်လိုင်းကား ရောက်သလဲ၊ ဘယ်လိုသွားရလဲစသည်ဖြင့် ကျွန်တော့်ကို ဆရာတင်ကြသည့်အထိပင် ကျွန် တော်က ရန်ကုန်နှင့် အသားကျသွားပါသည်။

အဲဒီတုန်းက ကျွန်တော်က မြောက်ဥက္ကလာက ဘုန်းကြီးလမ်းမှတ်တိုင်နားမှာ နေသည်။ အဲဒီတုန်းက အဲဒီနေရာမှာ အခု လောက် မရှုပ်ထွေးသေး။ ကားတွေလည်း အခုလောက်မပေါသေး။ ဆိုင်တွေလည်း အခုလောက်မများသေး။ လမ်းဆုံမှာ မီးပွိုင့်ပင် မရှိသေးပေ။

ရန်ကုန်သည် ကျွန်တော် ဆယ်နှစ်လောက်နေသည့် အတောအတွင်းမှာ အများကြီးပြောင်းလဲသွားပေပြီ။ အရင်က ဘာမှ မရှိသည့် ကွင်းပြင်၊ လယ်ကွင်းပြင်နေရာတွေမှာ မိုးမျှော်တိုက်တန်းတွေ မှိုလို ရုတ်တရက် ပေါက်လာကြသည်။ တချို့တဲ အိမ်ပုပုလေးတွေက တိုက်မြင့်မြင့်ကြီးတွေ ဖြစ်ကုန်ကြသည်။ ကားအရောင်းပြခန်းတွေကလည်း နေရာအနှံ့၊ တတ်နိုင်သည့် မိသားစုတွေကလည်း အိမ်ရှိလူအကုန် တယောက်တစီး ဝယ်စီးကြလေသည်။ မတတ်နိုင်သည့် လူတွေကတော့ နှစ်ရာတန် ဘတ်စ်ကားကိုပဲ အလုအယက်တိုးစီးနေရလေသည်။

ကြပ်ပါသည့်ဆိုသည့် ရန်ကုန်မှာ နေစရာလေးတခုရှိရင် ဘဝရှင်သန်ရတာ မခက်ပါဘူးလို့ပြောသူတွေက ပြောနေပြန်သေး သည်။ ဒါကြောင့်ပဲလား မသိ၊ တချို့ နေရာကျဉ်းကျဉ်းလေးမှာ မိသားစုလိုက် ကုပ်ကပ်နေကြသည်။ အိပ်လည်း ဒီအခန်း၊ စားလည်းဒီအခန်းထဲ၊ ချက်တော့လည်း ဒီအခန်းထဲ၊ မနက်လင်းတာနဲ့ အလုပ်ခွင်ဆီ အလျှိုလျှို ထွက်သွားကြတော့သည်။ သူတို့ကိုကြည့်ပြီး ကျွန်တော်က တိုက်အစွန်အဖျားတွေမှာ ရတဲ့နေရာ ကပ်ပေါက်နေတဲ့ ညောင်ပင်တွေလို့ပဲ တွေးထင်နေမိ သည်။

ဘာပဲဖြစ်ဖြစ် ကျွန်တော် ရန်ကုန်မှာနေရတာပျော်ပါသည်။ ရန်ကုန်ကို သဘောကျပါသည်။ ရန်ကုန်မှာ ထာဝရနေသွား ချင်ပါသည်။ သို့သော်လည်း ကံကြမ္မာအလှည့်အပြောင်းနဲ့ မိန်းမရလိုက်၍ နေချင်သည့်ရန်ကုန်ကို စွန့်ခွာခဲ့ရပြန်သည်။ မယားမျက်နှာ တမြို့ထင်ကာ မိန်းမရှိရာလိုက်နေခဲ့ရသည်။ ရန်ကုန်မှာ တနေ့တော့ ပြန်နေမယ်ဆိုသည့်စိတ်ကူးက ကူး လျှက်နေဆဲမို့ မိန်းမဖြစ်သူက ကျွန်တော့်ကို မြိုကို ခင်လွန်းသူကြီးဟု မကြာခဏပြောလေ့ ရှိသည်။ မြို့ကို ခင်လွန်းတော့လည်း မနေနိုင်သေးပေမဲ့ နှစ်လ တကြိမ်လောက်တော့ ရန်ကုန်ကို သွားဖြစ်ပါသည်။ တွေ့ချင်သည့် စာပေမိတ်ဆွေ၊ ကဗျာဆရာတွေနဲ့ တွေ့၊ စာမူပေးစရာရှိတာပေး၊ စာမူခထုတ်စရာရှိတာထုတ်ကာ ရန်ကုန်ကို အလစ်မပေးပဲ စောင့်ကြည့်ရပါသည်။

ရန်ကုန်ကို တခေါက်တခေါက်သွားတိုင်း အပြောင်းအလဲတွေကို မြင်နေရသည်။ ရန်ုကုန်သည် တခေါက်နဲ့တခေါက် မတူချင်။ ဒီတခေါက် ရန်ကုန် အောင်မင်္ဂလာအဝေးပြေးဝင်းထဲ ကားဆိုက်တော့ မနက်ငါးနာရီခွဲကျော်ကျော် ကားပေါ်ကဆင်းပြီး ကျောပိုးအိတ်လွယ်ကာ ကားဝင်းအပြင်ဘက်ကိုထွက်ဖို့ လမ်းလျှောက်ခဲ့လိုက်သည်။ တနေရာအရောက်မှာတော့ ကောင် လေးတယောက်က အစ်ကို သွားမလား၊ ဒီမှာ တည်းခိုးခန်း မာဆတ်၊ အနှိပ်ခန်းတွေရှိတယ်။ ကောင်မလေးတွေလည်း အလန်းပဲ၊ အစ်ကို စိတ်ကြိုက်ရွေးလို့ရတယ်လို့ လာပြောတော့ ကျွန်တော့်စိတ်ထဲ အံ့သြမှုနဲ့အတူ မသွားတော့ပါဘူးကွာလို့ ပြောပြီး ထွက်ခဲ့ရသည်။ ရန်ကုန်ရဲ့ဖျော်ဖြေမှုဟာ တခေါက်နဲ့ တခေါက် မရိုးရပါလားဟု စိတ်ထဲကတွေးလိုက်မိသည်။

ကားဝင်အပြင်ဘက်ရောက်၍ မှတ်တိုင်နားမှာတော့ တက္ကစီသမားတွေနဲ့ လူလေးငါးခြောက်ယောက်လောက်အုံနေတာ တွေ့ရလို့ ဘာပါလိမ့်ဆိုပြီး စနည်းနာလိုက်မိသည်။ အလောင်းအစားတခုလုပ်နေတာ တွေ့လိုက်ရသည်။ အမှန်အကန်တော့ မဟုတ်၊ သူတို့အချင်းချင်း အကြံအဖန်ထုနေခြင်းဖြစ်ပြီး တချို့နားမလည်တဲ့သူတွေမှာ ငွေကြေးအချို့ပါသွားကာ ခံလိုက်ရ တာ တွေ ရှိသည်။ ထိုလောင်းကစားဝိုင်းကြည့်ပြီး နောက်နှစ်ပတ်လောက်အကြာမှာ ရဲကဝိုင်းဖမ်းလိုက်သည့်သတင်းပင် ဖတ်လိုက်ရတာ ဖြစ်သည်။

ရန်ကုန်ကို အဆက်မပြတ် အလစ်မပေးသည့်ကြားမှပင် ရန်ကုန်သည် အလစ်ငိုက်ချောင်းကာ ပညာပြတတ်သေးသည်။ ဒါ ကြောင့်ပဲ ဖြစ်မည်ထင်သည်။ ရန်ကုန်မှာနေသည့် ကဗျာဆရာကိုရွေးက ရန်ကုန်ကို အလစ်မပေးနဲ့ ခေါင်းစဉ်ဖြင့် ကဗျာတွေ ရေးခဲ့တာ ဖြစ်ပေလိမ့်မည်။ ရန်ကုန်မှာ အမြဲနေသည့် လူတွေကိုသည်ပင် ရန်ကုန်ကို အလစ်ပေးလို့မရ၊ နည်းနည်းလေး အလစ်ပေးလိုက်တာနဲ့ ရန်ကုန်က အပြောင်းအလဲများနဲ့ ပညာပြတတ်သည်။ ကဗျာဆရာကိုရွေးရဲ့ ကဗျာကို ဖတ်ကြည့်ပါ လေ။

ရန်ကုန်ကို အလစ်မပေးနဲ့ (၂)

ရန်ကုန်ကို ဖြတ်ရတာ ငါတို့ဟာ
စစ်အတွင်းက ခရီးသည်တွေ
မကျိုးမကြေ အိမ်ပြန်ရောက်ဖို့ မကျိန်းသေ
ချထားတဲ့ခြေ မရွှေ့လိုက်နဲ့ ကိုင်ထားတဲ့ တန်းမလွှတ်လိုက်နဲ့
နောက်တခါ ပြန်ရဖို့ဟာ မသေချာ
သတိထားတဲ့ကြားက ရန်ကုန်ဟာ သတိလွတ်လွတ်သွားတယ်
အများပိုင်ကွက်လပ်တွေ ပျောက်ပျောက်သွားတယ်
မီးတားမြေတွေ စိမ်းလန်းစိုပြေဧရိယာတွေ ပျောက်ပျောက်သွားတယ်
အမှိုက်ပုံတွေ၊ ပန်းခြံတွေ ပျောက်ပျောက်သွားတယ်
အိမ်မရှိတဲ့လူတွေ များများလာတယ်
လူမရှိတဲ့ အိမ်တွေ များများးလာတယ်
ကားလမ်းပေါ်ကားတွေ မဆံ့တော့သလို
ဦးခေါင်းထဲ သောကတွေလျှံတက်လာ
မြို့ပြစီမံကိန်းမှာ လယ်ကွက်တွေက ရွှေထွက်သတဲ့
ရွှံ့တွေ ဗွက်တွေ လယ်ကွက်တွေကြား
ပေါက်ဖော်တွေ ရှော့ပင်းထွက်သတဲ့
နှစ်စဉ်ဝင်လာတဲ့ ငွေမည်းတွေက ရွှေခဲတွေဖြစ်သွားသတဲ့
လယ်မြေမရှိတဲ့ လယ်သမားတွေ များများလာတယ်
လယ်သမားမရှိတဲ့ လယ်မြေတွေ များများလာတယ်
သတိထားတဲ့ ကြားက ရန်ကုန်ဟာ သတိလွတ်လွတ်သွားတယ်
ရောင်းလို့ရတာ အကုန်ရောင်းပြီး
စားလို့ရတာ အကုန်စားတဲ့ စီမံကိန်းမှာ
ရန်ကုန်ဟာ
မျက်လှည့်ဆရာရဲ့ ဗုံပေါ်က ဖုန်တွေလို တုန်ခါနေရှာပေါ့။

(ကိုရွေး)


ရန်ကုန်သည် တခေါက်နဲ့ တခေါက် ရေးစရာမကုန်နိုင်လောက်အောင် အပြောင်းအလဲတွေက မြန်သည်။ ကဗျာဆရာတွေ ကလည်း ရန်ကုန်အကြောင်းကို အမျိုးမျိုး ဖွဲ့ကြသည်။ ကဗျာဆရာစိုင်းဝင်းမြင့်က ရန်ကုန်ဟာ စစ်မြေပြင်ဟု ဆိုသည်။ ကဗျာဆရာကြည်ဇော်အေးကတော့ ရန်ကုန်ကို သစ်ရွက်ခြောက်က လေးတွေတောင် ခ စရာမြေမရှိလေတဲ့ အရပ်ဟု ဆိုပါသည်။ ရန်ကုန်မှာ ဒီနေ့လည်း တနေ့လုံး အသက်ကို ဘယ်နား သွားဖွက်ထားရဦးမှာလဲ လို့ ကဗျာဆရာမိုဃ်းဇက်သော်က ရေးပါသည်။ ကျွန်တော့်အဖို့မှာတော့ ရန်ကုန်သည် ဘယ်တော့မှစိတ်ကုန်လို့မရနိုင်သေးသော နေရာတခု ဖြစ်နေပါသေး သည်။ ရင်ဘတ်မှာ ဆူးဒဏ်ရာတွေအပြည့်နဲ့ တောက တောင်သူလယ်သမားတွေကတော့ မြို့လယ်က ဆူးလေဘုရားကို မကြာခဏ ရောက်ရောက်လာနေဆဲပဲ ဖြစ်ပါသည်။

စိုးခိုင်ညိန်း
၇၊ ၆၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments