ဇင်လင်း ● ပြည်သူ့ရေစီးထဲတွင် ပျော်ဝင်နိုင်စွမ်းရှိသူများ

June 26, 2018
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဇင်လင်း ● ပြည်သူ့ရေစီးထဲတွင် ပျော်ဝင်နိုင်စွမ်းရှိသူများ
(မိုးမခ) ဇွန် ၂၆၊ ၂ဝ၁၈

မမေ့ကောင်းစရာ မမေ့နိုင်စရာ အတိတ်ကာလ ရက်စွဲများအနက် ၁၉၈၉ ခုနှစ် ဇွန် (၁၉) ရက်နေ့သည် မိမိအဖို့ ထူးထူးခြား ခြား သတိရစရာ ဖြစ်သည်။ ထိုနေ့က မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သင်္ဃန်းကျွန်းမြို့နယ်ရုံး၌ ဒေါ်အောင်ဆန်းစု ကြည်၏ (၄၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အခန်းအနား ကျင်းပခဲ့ကြသည်။ ၎င်းအခမ်းအနားတွင် အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်သမားရေးရာအဖွဲ့မှ ဗဟိုဦးစီးအဖွဲ့ဝင်ဖြစ်သူ ဆရာဦးမောင်ကို (၁၉၉ဝ နိုဝင်ဘာ ၉  ရေကြည်အိုင် စစ်ကြောရေးစခန်း၌ ကွယ်လွန်ခဲ့သူ) နှင့် ကဗျာဆရာကြီး ‘ဆရာဂျမ်း’ ခေါ် ဆရာတင်မိုး (၂ဝဝ၇ ခုနှစ်၊ ဇန္နဝါရီလ (၂၂) ရက် နေ့က လော့စ်အင်ဂျလိစ်၌ကွယ်လွန်ခဲ့သူ) တို့နှစ်ဦး ဟောပြောရန် ညှိနှိုင်း စီစဉ်ဖိတ်ကြားထားခဲ့သည်။ အခမ်းအနားကျင်းပ ရသည့် ရည်ရွယ်ချက်မှာ မြို့နယ်လူငယ်ပရိသတ်အား နိုင်ငံရေးရေချိန် မြှင့်တင်ပေးရေးအတွက် ဖြစ်သည်။ ထိုစဉ်က ဟော ပြောပွဲများကျင်းပရသည်မှာ မလွယ်ကူလှ။ အဓိကပြဿနာမှာ စစ်ထောက်လှမ်းရေး၊ ရဲထောက်လှမ်းရေးနှင့် သတင်းပေးများ စွာက မြို့နယ်အတွင်း နိုင်ငံရေးလှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေကြ၍ ဖြစ်သည်။ သို့သော် ထိုစဉ်က လူထု၏ နိုင်ငံ ရေးနိုးကြားမှု အကောင်းဆုံးအချိန်ဖြစ်နေသဖြင့် ဆရာနှစ်ဦး၏ဟောပြောပွဲကို  သင်္ဃန်းကျွန်းမြို့နယ် လူငယ်ပရိသတ်အပြင် အိမ်နီး မြို့နယ်မှ ပရိသတ်များပါ စိတ်ဝင်စားပါလာရောက်အားပေး ခဲ့ကြသည်။ ပရိသတ်များလွန်းသဖြင့် လေးထောင့်ကန် လမ်းမကြီးပင်လျှင် ပိတ်လုမတတ်ဖြစ်ခဲ့သည်ကို မှတ်မိနေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ (၄၄) နှစ်မြောက်မွေးနေ့အခန်းအနားတွင် ‘အရေးတော်ပုံ အောင်မြင်ရေးအတွက် အရေးအကြီး ဆုံးအချက်မှာ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ လူထုလူတန်းစားအချင်းချင်း ညီညွတ်ရေး၊ ဒီမိုကရက်တစ်ပါတီ အ ချင်းချင်းညီညွတ်ရေးတို့ကို တည်ဆောက်နိုင်ရန် အရေးကြီးသည်။ ထို့ကြောင့်  ‘ညီညွတ်ရေး’ ကျစ်လစ်ခိုင်မာမှု ဖြစ်သည်’ ဟု ခေတ်အခြေအနေအပေါ်သုံးသပ်၍ ဦးမောင်ကိုက ဟောပြောခဲ့သည်။

၁၉၈၉ – ၉ဝ ကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းရုံးတွင် စာရေးသူက ရုံးအဖွဲ့မှူးတာဝန်ထမ်းခဲ့စဉ်က ဖြစ် သည်။ တိုင်းစည်းရုံးရေးအဖွဲ့ဝင်များဖြစ်ကြသော ဦးထွန်းတင် (တရားရုံးချုပ်ရှေ့နေ)၊ ဦးတင်မောင်ဝင်း(ခရမ်း)၊ ဦးသိန်းတင် တို့နှင့် ပုံမှန်လာရောက်တွေ့ဆုံကာ၊ နိုင်ငံရေး စည်းရုံးရေးကိစ္စများကို မျက်ခြေမပြတ် ဆွေးနွေးကြသူများအနက် ‘ဆရာ ဦး မောင်ကို’ က အချိန်အမှန်ဆုံးနှင့် အလေးအနက်အရှိဆုံးဟု မိမိ ထင်မြင်ခဲ့သည်။ မိမိ သတိထားမိသည့် အချက်မှာ ‘ဆရာကို’ သည် အလွန် အလုပ်သူ တဦးဖြစ်သည်။ သံတမန်များနှင့် တွေ့သည်။ ကျောင်းသားလူငယ်များနှင့် ထိတွေ့ဆွေးနွေးသည်။ အလုပ်သမားများ၏ အရေးကိစ္စကိုလည်း ဂရုတစိုက်လေ့လာသည်၊ ဆွေးနွေးသည်။ အဖွဲ့ချုပ် တာဝန်အရလည်း ဗဟိုအလုပ် သမားရေးရာအဖွဲ့၏ ဗဟိုဦးစီးအဖွဲ့ဝင်ဖြစ်သည်။ မနက်စောစော အိမ်မှထွက် မိုးစုန်းစုန်းချုပ်သည်အထိ နိုင်ငံရေးတာဝန်များ ကို မမောနိုင် မပမ်းနိုင် ထမ်းရွက်သူဖြစ်သည်။ ‘ဆရာကို’ ထမ်းဆောင်နေသော နိုင်ငံရေးတာဝန်များသည် မိမိထင်ထားသည် ထက် အပုံကြီးများကြောင်း နောင်မှသိခဲ့ရသည်။

‘ဆရာကို’ သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သန္ဓေတည်စ ၁၉၈၉ ခုနှစ်ကာလအတွင်း ရပ်ကွက် ကျေးရွာ မြို့နယ် အသီး သီးရှိ အဖွဲ့ချုပ် စည်းရုံးရေးကော်မတီများအတွင်း ကြုံတွေ့နေရသော လူကြီးလူငယ် အဆင်မပြေမှုများကို  ကျေလည်စေရေး အတွက် လူကြီးလူငယ်ညီညွတ်ရေးကိစ္စကို အလေးထားပြောဟောခဲ့သည်ဟု သိရသည်။ ရှစ်လေးလုံး လူထုအရေးတော်ပုံ တွင် ကျောင်းသားလူငယ်များ၏ အသက်သွေးချွေးများဖြင့် စတင်ခဲ့ကြသဖြင့် အရေးတော်ပုံ၏ အသီးအပွင့်ကို လူကြီးများက အမြတ်မထုတ်သင့်ဆိုသော ယေဘုယျသဘောထားမျိုး လူငယ်အစုအဖွဲ့အချို့အတွင်း ပြန့်နှံ့နေချိန်ဖြစ်သည်။ ‘ဆရာကို’ က လူကြီးများသည်လည်း တချိန်က လူငယ်များဖြစ်ခဲ့ဖူးကြောင်း၊ သူတို့လူငယ်ဘဝတုန်းကလည်း အခြေအနေပေါ်မူတည်၍ စွန့်လွှတ်စွန့်စားမှု အနစ်နာခံမှုများ ရှိခဲ့ဖူးကြောင်း၊ အခြေအနေ အခါအခွင့်မသင့်သောကြောင့် ရှစ်ဆယ်ရှစ် လူငယ်များကဲ့သို့ အောင်မြင်မှု ကြီးကြီးမားမား မရခဲ့သော်လည်း၊ ခေတ်အခါအလျောက် ထောင်ကျ တန်းကျ အသက်စတေးရသူများအထိ ရှိဖူးကြောင်း၊ လက်ရှိခေတ်လူငယ်များကိုယ်တိုင်လည်း အမြဲတစေ လူငယ်ဘဝတွင် ရပ်တန့်နေမည်မဟုတ်ကြောင်း၊ အရေး တော်ပုံ အောင်မြင်ရေးအတွက် အရေးအကြီးဆုံးအချက်သည် ညီညွတ်ရေးခိုင်မာရန် ဖြစ်ကြောင်း၊  တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ လူထုလူတန်းစားအချင်းချင်းညီညွတ်ရေး၊ ဒီမိုကရက်တစ်ပါတီအချင်းချင်းညီညွတ်ရေး စသည်ဖြင့် ညီညွတ်ရေး အဆင့်ဆင့် တည်ဆောက်နိုင်ရန် လူငယ်ထုအတွင်း ညီညီညွတ်ညွတ် လက်တွဲအလုပ်လုပ်ကြရန်လည်း အရေးကြီးကြောင်း ‘ဆရာကို’ က နှိုးဆော်ဟောပြောခဲ့သည်ကို  မှတ်မိခဲ့သည်။ ဆရာဦးမောင်ကို၏ ထူးခြားချက်သည် လူငယ်များနှင့် ပြောဆို ဆွေးနွေးသည့်အခါ၊  တန်းတူရည်တူ ဆက်ဆံတတ်သည်။ ငါသိငါတတ် ဆရာကြီးဂိုက်ဖမ်း၍ လူငယ်များအပေါ် ပုဂ္ဂိုလ်ရေးသြဇာထူထောင်ခြင်းမျိုး ‘ဆရာကို’ လုပ်လေ့ မရှိရုံမက၊ ပုဂ္ဂိုလ်ရေး ဂိုဏ်းဂဏထောင်တာမျိုးကို လက်မခံဖို့လည်း သွန်သင် ပြောဆိုလေ့ရှိသည်။ ဗိုလ်နေဝင်းခေတ်တွင် ဆရာမွေး တပည့်မွေး အုပ်စုဂိုဏ်းဂဏဖွဲ့ကြသောကြောင့် တိုင်းပြည်ဆုတ်ယုတ်ကျဆင်းခဲ့ရကြောင်းလည်းဥပမာပေး ပြောကြားခဲ့သည်။ အချို့ကိစ္စများတွင် လူငယ်တွေက လူကြီးများထက် ပိုသိသည် များ ရှိကြောင်း၊ ထိုအခြေအနေမျိုးတွင် လူငယ်ကို ဆရာနေရာထားကာ လူငယ်တို့ထံမှသင်ယူရန် သူ့အနေဖြင့် ဝန်မလေး ကြောင်းလည်း ပြောသည်။ ထိုအချက်ကြောင့် လူငယ်များက ‘ဆရာကို’ အပေါ်ယုံကြည်ကြ အားကိုးကြ လေးစား ချစ် ခင်ကြခြင်း ဖြစ်ပေသည်။

ထို့နောက်တွင်  အဖွဲ့ချုပ်အတွင်း၌ လူကြီး – လူငယ် ညီညီညွတ်ညွတ် အလုပ်လုပ်နိုင်ရေး အထူးအရေးကြီးကြောင်း ‘ဆရာ ဦးမောင်ကို’ က နှိုးဆော်ခဲ့သည်။ လူကြီးမျာ၏ အတွေ့အကြုံ ပညာဗဟုသုတများကို လူငယ် များ၏  ရိုးရိုးသားသား စွန့်လွှတ် စွန့်စား အနစ်နာခံနိုင်သည့် စိတ်ဓါတ်နှင့် အချိုးညီညီ ပေါင်းစပ်နိုင်မှသာ အရေးတော်ပုံ အောင်မြင်မည်ဟု ပြောကြားခဲ့သည်။ အရေးတော်ပုံ စိတ်ဓါတ် မီးရှူးတိုင်ကို ‘မျိုးဆက်တဆက်မှ တဆက်’ သို့မဟုတ် ‘လူကြီးမှ လူငယ်သို့’ လက်ဆင့်ကမ်းသယ် ဆောင်နိုင်ခဲ့၍သာ အရေးတော်ပုံအဆင့်တခုသို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ‘ဆရာ ဦးမောင်ကို’ က ဟောပြောသွား ခဲ့သည်။

‘ဆရာ ဦးမောင်ကို’ ဟောပြောပြီးနောက်၊ လူထုကဗျာဆရာကြီး ‘ဆရာဂျမ်း’ က ဆက်လက်ဟောပြောသည်။ ထိုနေ့က ‘ဒို့ အရေး’ ‘ဒို့အရေး’ ဆိုသော လူထုကြွေးကြော်သံများကြောင့် ‘ရှစ်ဆယ့်ရှစ် အရေးတော်ပုံ’တွင် ကလောင်လက်နက်စွဲကာ လူထုဖက်ကပါဝင်ခဲ့ပုံကို ဆရာတင်မိုးက ပြုံးစရာ ဟာသကလေးများနှော၍ ဟောပြောခဲ့သည်။ ‘ဖန်မီးအိမ်ကဗျာများ’ ‘လှေ တစင်းနှင့် သီချင်းသည် ကဗျာများ’ ကို ရေးဖွဲ့သီကုံးခဲ့ရာမှ ‘အမေ့သား စကားတိုးတိုးပြောလှည့်ပါ’ ‘အမေ့လက်သို့ အောင် သပြေခက်’ အစရှိသော ‘လူထုအရေးတော်ပုံ’ ကိုထောက်ခံသည့် ကဗျာများရေးဖွဲ့ဖြစ်ခဲ့ပုံကို ဟောပြောခဲ့သည်။ ၎င်းဟော ပြောပွဲတွင် ဆရာဂျမ်း၏ ရိုးသားဖြူစင်သည့် စိတ်ရင်းနှင့် ရဲရင့်သည့်စိတ်ဓါတ်ကို ပေါ်လွင်စေသည့် ဖြစ်ရပ်လေး တခုရှိခဲ့သည်။ ထိုအချိန်အထိ နိုင်ငံတနံတလျားတွင် ‘ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများ’ ကဗျာ အထူးပြန့်နှံ့နေချိန် ဖြစ်သည်။ သို့သော် မည်သူရေးသည်ဟု တိတိကျကျ မသိကြသေးပါ။ အမည် မသိ စာဆိုဟုသာ သိနေကြသည်။ ထိုနေ့က ပွဲတွင် လူငယ်တဦးက ဆရာဂျမ်းအား မေးခွန်းတခု မေးခွင့်ပြုရန် ခွင့်တောင်းပါ သည်။ ‘ဆရာဂျမ်း’ က မေးပါဟုဆို၍ ထိုလူငယ်က ယခု နိုင်ငံအနှန့် လူကြိုက်များ ထင်ရှားနေသော ‘ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများ’ ကဗျာသည် ရေးသူမသိဖြစ်နေပါသည်။ လူငယ် အများစုက ဤမျှအားရှိသောကဗျာကို ရေးသူမှာ ဆရာဖြစ်မည်ဟု ထင်နေကြပါသည်။ ဟုတ်/မဟုတ် ဆရာဖြေနိုင်လျှင် ဖြေပေးပါရန်၊ မဖြေလိုကလည်း မဖြေပဲနေနိုင်ပါသည်ဟု မေးမြန်းခဲ့သည်။ ထိုမေးခွန်းကြောင့် ပရိသတ်ငြိမ်ကျသွားပါသည်။ စစ်ထောက်လှမ်းရေးက မျက်ခြေမပြတ်စောင့်ကြည့်ကာ ပြဿနာရှာနေချိန်မျိုးတွင် လူငယ်အနေဖြင့် ထိုမေးခွန်းကို မမေး သင့်ဟု ဝေဖန်သူအချို့ကဆိုသည်။ ‘ဆရာဂျမ်း’ က သူ့ထုံးစံအတိုင်း အပြုံးမပျက်ဘဲ နေရာမှထလိုက်သည်။

‘အမေးရှိတော့လည်း ဖြေရမှာပေါ့နော်’ ဟု ဆရာက စကားခံလိုက်သည်။ “တကယ်တော့ ရေးသူမသိဘဲ လူထုကြားမှာ ဒီ ကဗျာ ပြန့်နှံ့နေတာက ပိုကောင်းမယ်ထင်ပါတယ်။ ဒါပေမယ့် မေးတဲ့လူကလည်း မေးနေပြီဆိုတော့ ဖြေရမယ့်တာဝန်က လည်းရှိနေပြန်တယ်။ ဒီမေးခွန်းမျိုးမေးလိမ့်မယ်လို့လည်း မျှော်လင့်မထားတော့ နည်းနည်းတော့ အံ့ဩရတာပေါ့လေ။ ဟုတ်ပါတယ်၊ အမှန်အတိုင်းဖြောင့်ချက်ပေးရရင် ကွန်မြူနစ်ဆန့်ကျင်ရေး လူကြီးမင်းများကဗျာကို ကျနော်ရေးခဲ့တာပါ” ဟု ဆရာက ပြုံးရွှင်စွာဖြေပါသည်။

လူငယ်က တဆင့်တက်၍ ထိုကဗျာကို ရွတ်ပြပါဟုတောင်းဆိုလိုက်သောအခါ ကျန်လူငယ်များကလည်း ဝိုင်းဝန်း၍ ထောက် ခံတောင်းဆိုကြသဖြင့် ဆရာက ‘ကွန်မြူနစ်ဆန့်ကျင်ရေး လူကြီးမင်းများ’ ကဗျာရှည်ကို အထစ်အငေါ့မရှိ သူ့ဟန် သူ့ဌာန်နှင့် ကျကျနန ရွတ်ဆိုပြခဲ့သည်။

“တခါလာ ဗကပ၊
တခါလာ ဗကပနဲ့၊
ဟာသရသတောင်မြောက်ကုန်ပြီ၊  ဗကပကို လက်ညှိုးထိုး၊
ကိုယ်ကျိုးကို အရနှိုက်၊ ဓါးပြတိုက်နေသူတွေပါတကား။
စဉ်းစဉ်းစားစားလဲ လုပ်ကြပါဦး၊
အမှန်ကိုချစ်တာနဲ့၊
ကွန်မြူနစ်ဖြစ်ရရောလားဗျာ။ ” —
အစရှိသော ‘ကွန်မြူနစ်ဆန့် ကျင်ရေးလူကြီးမင်းများ’ ကဗျာရှည်ကို ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုပြခဲ့ပုံမှာ မမေ့နိုင်စရာ ဖြစ် သည်။

ထိုအခမ်းအနားသို့ ဆရာနှင့်အတူ သမီးဖြစ်သူ ‘မိုးချိုသင်း’ လည်း လိုက်ပါလာသည်ကို မိမိသတိပြုမိသည်။ အခမ်းအနား တွင် လူငယ်များ၏ ကျပန်းစကားပြောပွဲကိုပါ ပူးတွဲပြုလုပ်သဖြင့် ‘ဆရာဂျမ်း’ နှင့် ‘ဆရာဦးမောင်ကို’ တို့ကပင် အကဲဖြတ်ဒိုင် တာဝန်ယူခဲ့ကြသည်။ ဆုရသူလူငယ်များကို ဆရာနှစ်ဦးကပင် ဆုများ ချီးမြှင့်ပေးခဲ့သည်။ ထိုနေ့က အခမ်းအနားတက်ခဲ့ကြ သူ လူငယ်များအား ဆရာနှစ်ဦး၏ အမှတ်တရ လက်မှတ်များရေးထိုးထားသည့် “ဒေါ်အောင်ဆန်းစုကြည် (၄၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ” ပို့စ်ကဒ်များကို လက်ဆောင်အဖြစ် ဝေပေးခဲ့သည်။ ထိုနေ့က ဟောပြောပွဲအပြီး၌ လူငယ်များ မေး သမျှမေးခွန်းအများအပြားကို ကြည်လင်ရွှင်ပြစွာ ပြန်လည်ဖြေကြားလျှက်ရှိသော ဆရာဂျမ်း၏ပုံရိပ်ကို ယခုတိုင် ပြန်လည်မြင် ယောင်မိသည်။

ဆရာသည် လူငယ်များကို အလွန် နေရာပေး အလေးထားသည်။ ဆရာသည် လူငယ်များနှင့် စကားပြောခွင့်ရတိုင်း ထမင်း မေ့ ဟင်းမေ့ ပြောဆိုဆွေးနွေးတတ်သည်။ စာအကြောင်း ကဗျာအကြောင်း မေးချင်ဆွေးနွေးချင်သူများအတွက်လည်း သူ့အိမ်တံခါးကို ဆရာက အမြဲဖွင့်ထားလေ့ရှိသူ ဖြစ်သည်။ လူငယ်ကဗျာဝါသနာရှင်များကို သူတို့သိလိုသမျှ မြန်မာကဗျာ နှင့်စပ်ဆိုင်သော အကြောင်းအရာများကို စနစ်တကျရှင်းပြတတ်သည်။ ရှေးခေတ်ကဗျာနှင့် ခေတ်ပေါ်ကဗျာ အများအပြား ကို လိုအပ်လျှင် လိုအပ်သလို ဥပမာပေးကာ ရွတ်ဆိုပြသတတ်သည်။  လူငယ်ကဗျာဆရာများသည် ဆရာ့ကို သေချာပေါက် တွေ့နိုင်သည့် ‘သောကြာဝိုင်း’ သို့ မကြာခဏ ရောက်လာတတ်ကြသည်။ သူတို့ပုံနှိပ်လိုသည့် ကဗျာစာအုပ် စာမူများကို ဆရာ့အား ဖတ်ရှု၍ ဝေဖန် အမှာစာရေးပေးပါရန် ပြောကြသည်ကို ရံဖန်ရံခါတွေ့ဖူးသည်။ ဆရာသည် ထိုလူငယ်တို့၏ ကဗျာစာမူတိုင်းကို တလေးတစားဖတ်ရှု၍ တလေးတစား အမှာစာရေးပေးလေ့ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ (၄၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် လူငယ်များနှင့်စပ်လျဉ်း၍ ဆရာပြော သွားသောစကားများထဲမှ မိမိမှတ်သားထားမိသည့် အချက်တခုရှိသည်။ ခေတ်လူငယ်တို့၏ အတွေးအမြင်ကို နားလည် အောင်ကြိုးစားကြဖို့ အရေးကြီးသည်ဟု ဆရာကဆိုသည်။ လူငယ်များနှင့် အသားကျအောင်နေထိုင်ဆက်ဆံနိုင်ကြဖို့ အ ရေးကြီးသည်ဟု ဆရာက ဆိုသည်။ လူငယ်များကို နားလည်ခြင်းသည် ခေတ်မီခြင်း ဖြစ်သည်။ လူငယ်တို့နှင့် အညီအညွတ် လက်တွဲနိုင်ခြင်းသည် နိုင်ငံ့ရှေ့ရေးအတွက် ‘အား’ ဖြစ်သည်ဟု ဆရာက သူ့အမြင်ကို ပြောဆိုသွားခဲ့သည်။

ထိုသို့သော အမြင် အယူအဆကို လက်ကိုင်ထား၍လားမသိ၊ ဆရာသည် လူငယ်များအကြားတွင် အမြဲရွှင်လန်း တက်ကြွစွာ ရှိနေတတ်သည်။ ထို့ကြောင့်လည်း ၁၉၈၈ အရေးတော်ပုံကြီးတွင် ဆရာသည် လူငယ်များနှင့် သဘောထား တထပ်တည်းကျခဲ့ သည်။ လူငယ်ကျောင်းသားထုနှင့်အတူ ကလောင်ကိုင်ကာ အရေးတော်ပုံတပ်သားဖြစ်လာခဲ့သည်။ အရေးတော်ပုံတပ်သား တိုင်း ရှောင်မလွတ်နိုင်သည့် ‘ထောင်’ အတွေ့အကြုံကိုလည်း ဆရာဂျမ်းရင်ဆိုင်ခဲ့ရသည်။ သို့သော် ဆရာသည် ယုံကြည် ချက် သန္နိဋ္ဌာန်ခိုင်မာသူဖြစ်သည့်အလျောက် ထောင်ဆိုသော လောကဓံကိုလည်း အပြုံးမပျက် ရင်ဆိုင်နိုင်ခဲ့ကြောင်း ဆရာ့ ကဗျာတပိုဒ်တွင် တွေ့ရသည်။

ဂျူးလီယော့ဖူးချစ်ရဲ့၊ ကြိုးစဉ်ပေါ်ကမှတ်တမ်း၊ ထောင်ထဲမှာ တလွမ်းတည်း လွမ်းမိရဲ့၊ ဖြတ်သန်းခဲ့ရတဲ့ ကာလများ၊ ရဲဘော်တွေအများနဲ့၊ အားရှိလို့မဆုံး ငါ့နှလုံးသန်မာ၊ ဒဏ်ရာကို အပြန်တရာခံနိုင်ပြီ။ ငါအရေးမကြီး၊  ပြည်သူတွေ အရေးကြီး၊ ပြည်သူ့ရေစီးထဲက ကျွန်တော်၊ ပျော်ဝင်နိုင်စွမ်းရှိခဲ့ပြီ။  (တင်မိုး ကဗျာပေါင်းချုပ် ၁၉၉၉၊ စာ-၁၆၂)

ယခုဆိုလျှင် ဆရာတင်မိုးနှင့် ဆရာဦးမောင်ကိုတို့နှစ်ဦးသည် မရဏတရားကို မလွန်ဆန်နိုင်သည့်အလျှောက် ကွယ်လွန် ခဲ့ကြပြီ။ သို့သော် ဆရာနှစ်ဦးသည် နောက်မျိုးဆက်သစ် လူငယ်များအတွက် စေတနာ အမွေကောင်းများ ချန်ထားရစ်ခဲ့ သည်။ ဆရာနှစ်ဦးကား တိုင်းပြည်အကျိုး လူထုအကျိုးကို ကောင်းစွာထမ်းရွက်ခဲ့ကြပြီ။ ယနေ့ လူငယ်များအနေဖြင့် ဆရာ နှစ်ဦး၏ စေတနာကို တန်းဖိုးထားတတ်လျှင် အကျိုးများပေမည်။ ယခုကဲ့သို့ ဇွန်လရာသီရောက်တိုင်း ဒေါ်အောင်ဆန်းစု ကြည်၏ (၄၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားနှင့်အတူ ထိုဆရာနှစ်ဦး၏ စေတနာရှေးရှု အမှာစကားများ ကို ကြားရောင်နေမိသည်။

*ဒီလှိုင်းဂျာနယ်၊ အတွဲ (၇)၊ အမှတ် (၂၂)၊ တနင်္လာနေ့၊ ၂၅ – ၆ -၂ဝ၁၈ ၌ ဖေါ်ပြခဲ့သည့် ဆောင်းပါး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဇင်လင်း, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)