စိုးခိုင်ညိန်း ● အထီးကျန်သူတယောက်၏ နေ့များ

June 27, 2018

● အထီးကျန်သူတယောက်၏ နေ့များ
(မိုးမခ) ဇွန် ၂၇၊ ၂၀၁၈

(၁)
မကြာခင် နွေရာသီ ရောက်လာတော့မှာဆိုတော့ ပန်းတွေ အညှိုးမြန်တော့မှာပဲလို့တွေးမိပြီး မြို့ကလေးဆီက ထွက်ပြေး လာတဲ့ နှင်းမှုံလေးတွေကို နေရာထိုင်ခင်း ပြင်မပေးမိဘူး။ နှင်းမှုံလေးတွေဟာ ဧည့်ခန်းထဲက မီးလင်းဖိုက မီးရောင်ကို မြင် တာနဲ့ ခြံထဲက ပန်းခင်းတွေရှိရာဆီ ပြေးထွက်သွားကြတယ်။ လေရဲ့ တရွှီရွှီအော်သံနဲ့အတူ နှင်းမှုံလေးတွေဟာ နေ ရောင်ခြည်ကို ပုန်းကွယ်ဖို့ ပွင့်ဖတ်တွေရဲ့ အလွှာအထပ်တွေကြား အတင်းလုယက်တိုးဝင်နေကြတယ်။ ဒါကို ပွင့်ဖတ်တွေက တဖြေးဖြေးပွင့်အာလာပြီး နှင်းမှုံလေးတွေ ပုန်းကွယ်နေတဲ့အကြောင်း နေရောင်ခြည်ကို ဖွင့်ပြောလိုက်လေတော့ နှင်းမှုံလေး တွေဟာ မျက်ရည်အဖြစ်နဲ့ ပွင့်ဖတ်တွေပေါ်ကနေ လျှောဆင်းသွားလေတော့တယ်။ အို ဒီမှာတော့ ပန်းတခင်းလုံး စိုရွှဲလို့ ပါလားကွယ်။

အခုချိန်ဆို ဥသြငှက်ဟာ နွေရာသီကိုကိုက်ချီပြီး မြို့ကလေးပေါ်မှာ ပျံဝဲနေလောက်ပြီ။ လူတွေ တောင်ပေါ်ကို ဝါးသွား ခုတ်ကြပြီလား၊ တောင်ပေါ်မှာ မီးခိုးတွေ အူထွက်နေတယ်။ ညမှာ တောင်ခြေဆီက ချေဟောက်သံတွေ မကြားရတာ ကြာပြီ။ ခြံရှေ့ လမ်းကလေးဆီက ဖြတ်မောင်းသွားတဲ့ မြင်းလှည်းခွာသံတွေ ကြားရတယ်။ မြင်းလှည်းပေါ်မှာ ဘာတွေ တင်ဆောင် သွားတာပါလိမ့်၊ ပန်းစည်းတွေလား၊ ဒါမှမဟုတ် ဆတ်ချိုတွေလား။ မြို့လေးထဲမှာ သစ်ပင်ပေါ်က သစ်ရွက်တွေဟာ မြေပြင်ပေါ် ထိုးဆင်းနေလို့ လူတွေဟာ ထီးကိုယ်စီနဲ့ လမ်းသလားနေကြရတယ် လို့ သတင်းတွေ ကြားရတယ်။ လူတွေရဲ့ ဆူညံသံတွေနဲ့ ဈေးထဲက ပန်းတွေဟာ ပွင့်အာရတာ ပန်းလှရော့မယ်လို့ တွေးရင်း မီးဖိုပေါ်က ပိန်းဥပြုတ်ထားတဲ့ အိုးကို ချလိုက်တယ်။ ရာသီစာ ဆိုတာ စားပေးရတယ်တဲ့ အဲဒီလိုနဲ့ ပိန်းဥတွေဟာ သူ့ဆီ ရောက်ရှိလာတာ ဖြစ်တယ်။ ပိုနေတဲ့ ဥနှစ်ဥကို တော့ ခြံထောင့်က ရေတွင်းဘေးမှာ မြုပ်ထားလိုက်တယ်။ ရေချိုးတိုင်း အညှောက်ကလေး ထွက် ထွက်လာတာကို နေ့စဉ် စောင့်ကြည့်ရတဲ့ အလုပ်တခု လုပ်ခွင့် ရသွားတာပေါ့။ ပျော်စရာပဲလေ။

တကယ်တော့ သူဟာ အထီးကျန် တယောက်တည်း နေရမှာကို ကြောက်ရွံ့ ထိပ်လန့်သူပါ။ ဒါပေမဲ့ သူ အခု တယောက် တည်းပါပဲ။ အထီးကျန်တယ်လို့ မထင်ပါဘူး။ တိတ်ဆိတ်အေး စက်လှတယ်လို့လည်း မအောက်မေ့ပါဘူး။ နားစွင့်ကြည့် လိုက်ရင် ပန်းတွေရဲ့ ပွင့်အာသံတွေ ကြားနေရတာပဲ။ ပျားပိတုံးတွေရဲ့ ငြီးညူသံတွေ ကြားနေရတာပဲ။ တယောက်တည်းဆို ပေမဲ့ ပန်းခင်းကြီးရဲ့ အလယ်မှာဆိုတော့ ဘာလိုသေးလဲ။ မွှေးရနံ့တွေက သူ့ရဲ့ ထွက်သက် ၀င်သက်အစဉ်ကို ပျော်မွေ့စေ တယ်လေ။ ဘ၀မှာ ရှင်သန်နေထိုင်ခြင်းဟာ မွှေးမြနေဖို့ပဲ မဟုတ်လား။

(၂)
တစုံတရာကို စောင့်မျှော်နေတယ်လို့ ကိုယ့်ဟာကိုယ် သတိမထားမိပဲ လမ်းမပေါ်ကို အချိန်ပြည့် ငေးကြည့်နေမိတယ်။ လမ်းမပေါ်က မှတ်တိုင်မှာ စောင့်မျှော်နေကြသူတွေဟာ ဘာကို စောင့်မျှော်နေကြတာ လဲ ဆိုတာကိုလည်း မတွေးမိပါဘူး။ မြင်နေရတဲ့ သူတို့ရဲ့ စောင့်မျှော်ခြင်းဟာ သူ့ရဲ့ စောင့်မျှော်ခြင်း မဟုတ်သလို မြင်နေရတဲ့ ပုံရိပ်တွေဟာလည်း သူ တကယ်မြင်နေရတဲ့ အရာတွေ မဟုတ်ပြန်ပါဘူး။ ကားပေါ်က ဆင်းလာတဲ့ အရာတွေဟာ သူ့ရဲ့ လိုအင်ဆန္ဒကို မပြည့်စေနိုင်ပါဘူး။ သူ ဘာဖြစ်နေသလဲ ဆိုတာကို သူမကို မေးကြည့်ရပါတယ်။ သူ့အကြောင်းကို သူမလောက် သူ မသိပါဘူး။ သူ ဆံပင်တွေ ရှည်လာတာ၊ သူ နည်းနည်း ၀လာတာ၊ သူ ပြောခဲ့ဘူးတဲ့ စကားတွေဟာ သူပြန်ပြောမှ သိရတာပါ။ သူဟာ လေထဲက မမြင်ရတဲ့ အရာကို အတင်း လိုက်ရှာဖွေနေသလိုဖြစ်နေတယ်။ ဆောင်းရာသီ ကုန်တော့မယ်လို့ ပြောမှ နွေရာသီရဲ့ အပူကို သတိထားမိပြီး သစ်ရွက်တွေက တဖွဲဖွဲ ကြွေကျလာတယ်။ မွှေးရနံ့တွေလည်း တွန့်လိမ်ခြောက် သွေ့လာတယ်။ လေ့ကျင့်ခန်း လုပ်တယ်၊ မေတ္တာပို့တယ်၊ ရေဖြန်းတယ်၊ ဘုရားပန်းလဲတယ်၊ နွေကတော့ ပူမြဲပါပဲ။ မွှေးရနံ့က လည်း ခြောက်သွေ့မြဲပါပဲ။  လေထဲမှာ ဖုန်မှုံ့တွေ ရှိတယ်လို့ ဘယ်သူမှ စကားထဲ ထည့်မပြောကြပါ ဘူး။ ကျီးကန်းက သူ မ အ တဲ့ အကြောင်း တအအနဲ့ အော်နေတော့ သူ့မှာ နှုတ်ဆိတ်နေရပါတယ်။ ဖြတ်သွားတဲ့ ကားမှန်ကနေ နေရောင်ခြည်က ဖြတ်ခနဲ့ လက်သွားတော့ အသိစိတ်မှာ သူမရဲ့ ပုံရိပ်တွေ ပေါ်လာတယ်။ မီးဖိုချောင်ထဲက ညှော်နံ့ ရလာတယ် ဘယ်သူ ချက်ပြုတ်နေသလဲ၊ နောက်ဖေးဘက်က ရေကန်မှာ အ၀တ်လျှော်သံ ကြားရတယ်။ သွားကြည့်တော့ အသံကိုလည်း မမြင်ရဘူး၊ အနံ့ကိုလည်း ရှာမတွေ့ဘူး။ အခန်းထဲမှာ ခေါက်တွန့် ခေါက်ပြန် လျှောက်လို့။ ခြေထောက်လှုပ်တဲ့ အကျင့်၊ ဒူးနံ့တဲ့ အကျင့်ကို ဖျောက်နော်။ ရေခဲမုန့် ၊ သစ်သီးဖျော်ရည်၊ အအေး ၊ စိတ်ကူးထဲမှာပဲ ဆိုတော့ ဘာတခုမှ မအေး ဘူး။ မီးသတ်ဥသြသံလား၊ အသံမှာ မီးစွဲလောင်လို့၊ ကားတွေ တစီးပြီး တစီး ပြေးသွားလို့၊ လိုက်မလား လိုက်မလား စိတ်ကျန်းမာရေး ဆေးရုံကို တဲ့ ၊ ကားပေါ်ကနေ အော်သွားတယ်။ လူတွေဟာ ပြေးလွှား တိုးဝှေ့ ချိတ်ပါသွားတယ်။ နေရောင်ခြည်ဟာ လမ်းတလျှောက် ကားဘီးအောက်မှာ ညက်ညက်ကြေမွလို့။ မီးခိုးနဲ့ အိတ်ဇောနံ့ဟာ ဒရွတ်တိုက်လို့။

(၃)
အခန်းဟာ ထုံးစံအတိုင်း တိတ်ဆိတ် ခြောက်သွေ့လို့ နေတယ်။ အပြင်ဘက်မှာ နေရောင်ခြည်ဟာ ငြီးငွေ့ဖွယ် လမ်းမပေါ်မှာ တွန့်လိမ်နေတယ်။ လမ်းမပေါ်မှာ စီဒီချပ်တွေ ၀ယ်တယ်။ ဘတ္တရီအိုးပျက်တွေ ၀ယ်တယ် အသံဟာ တံလျပ်တွေ ထနေတယ်။ အချဉ်ပေါင်းသည်ဟာ တမောင်မောင် တနောင်နောင်နဲ့ သူ့ရဲ့ နေ့လယ်ခင်းကို အချက်ပေးနေတယ်။ အခန်းထဲက ပြတင်းပေါက်ကနေ ငေးကြည့်နေတဲ့ မျက်ဝန်း တစုံက သူ့ရဲ့ နေ့တွေကို တရွက်ပြီး တရွက် မိတ္တူလှည့်ထုတ်နေတယ်။ အခန်းမျက်နှာကြက်ဆီက အိမ်မြောင်စုတ်ထိုးသံဟာ သူ့ရဲ့ စိတ်ထဲကို လာပြီး ဆူးစူးသလို ဖြစ်နေတယ်။ ခြေသုပ်ခုံပေါ်က ကြောင်တကောင်ဟာ ပါးစပ်ကို ဖြဲပြီး သန်းဝေနေတယ်။ ဒီအချိန်မှာပဲ မြောက်ကိုးရီးယားကို သံတမန်နည်း လမ်းဖြင့် မဖြေရှင်းပါက ကမ္ဘာလုံးဆိုင်ရာ ကပ်ဆိုးကြီး ဖြစ်ပေါ်လာမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးလိုက်တဲ့ သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ အိမ်ရှေ့ တံစက်မြိတ်မှာ စာကလေးတွေကတော့ အသိုက်လုပ်နေဆဲပါပဲ။ လမ်းမပေါ်မှာလည်း လူသွားလူလာ မပျက်ပါဘူး။ သူဟာ အခန်းလေးထဲမှာ ပျော့ညံ့ခြင်း၊ေ၀၀ါးခြင်း စိုးထိပ်ခြင်း စတဲ့ အတိတ်က စိတ်ကူးတွေရဲ့ ပေါက်ကွဲမှုမှာ တဖြေးဖြေး ခန်းခြောက်လာနေတာကို စိမ်းမြသော သစ်ရွက်တွေကို ငေးကြည့်ရင်း အစားထိုး ဖြေဖျောက် နေရတယ်။ ဘ၀ရဲ့ အာမခံချက်က ကုန်းခေါင်ခေါင်မှာ ပေါက်ရောက်ဖူးပွင့်လာသော ပန်းတပွင့်၏ ရနံ့ပဲ လို့ သူက ထင်မြင်ယူဆထားတယ်။ ပန်းပွင့်ဟာ ရနံ့မွှေးတယ်။ လှပတယ်။ ဒါပေမဲ့ အရွက်မပါတဲ့ ရိုးတံထီးတည်း မှာ တပွင့်တည်း ပွင့်နေရတာကို အဝေးက မွှေးရနံ့ကို ရှူရှိုက်နေသူတွေက သတိမပြုမိကြပါဘူး။ ဒါတွေဟာ သူ့အဖို့ ကြောင်ကို ရေချိုးပေးမိတဲ့ အတွေးသက်သက်မျှပါပဲ။ အမှန်တော့ သူ့မှာ ပြာယာခတ်ရ တဲ့ အခြေအနေတွေ ရှိပါတယ်။ မထိုင်ချင်လည်း ဘက်ဖက်ရည်ဆိုင်ဆီပဲ စိတ်ရောက်နေတဲ့ ကိစ္စ၊ ဦးတည်ချက် မရှိ လမ်းမပေါ် ကိုယ့်ကိုယ့်ကို မောင်းနှင်နေမိတဲ့ ကိစ္စ၊ စသဖြင့် သူ့မှာ သူရဲ့ ဖြစ်တည်နေမှုနဲ့ အကျပ်အတည်းဆိုတာ ရှိပါတယ်။ နေ့စဉ်နဲ့ အမျှပါပဲ၊ စက်ရုံခေါင်တိုင်က တလူလူတက်နေတဲ့ မီးခိုးတွေကို ငေးရီကြည့်နေမိပါတယ်။ သူ့လိုပဲ လွတ်လပ်ပေါ့ပါးတဲ့ တိမ်တွေ ဖြစ်လာလေမလားပေါ့။

(၄)
ဆောင်းနေဟာ အဆောင်လေးပေါ်သို့ စောင်းကျကာ တောက်လောင်လျှက် ရှိတယ်။ အဆောင်သွပ်မိုးပေါ်ကို ပြုတ်ကျလာတဲ့ ဗာဒံသီးကြွေကျသံသာ စိတ်ထဲမှာ ဒိုင်း ခနဲ့ မြည်ဟီးသွားတယ်။ လေတိုက်တိုင်း သွပ်မိုးကို တဂျစ်ဂျစ် ဆွဲခြစ်နေတဲ့ စိန်ပန်းကိုင်းတွေရဲ့ ဆွဲခြစ်မှုဟာ စိတ်နှလုံးထဲ နစ်သထက်နစ်ကာ အစင်းကြောင်းများ ဖြစ်နေတယ်။ အဆောင်ဘေး လမ်းမပေါ်မှ ကားတစီးက ရေးကြီးသုတ်ပြာနဲ့ ငြီးငွေ့မှုကို ဖြတ်ကြိတ်သွားလေတယ်။ ပင်စည်ကနေ ကြွေကျလာတဲ့ ပိတောက်ရွက်ဝါတွေဟာ လူ့အဖွဲ့အစည်းကနေ စင်ထွက်နေမှုကို တရားပြပြီး ညှိုးရော် ခြောက်သွေ့သွားတယ်။ လူအုပ်ကြီးထဲ နစ်မြုပ်ဝင်ရောက်ကာမှ တယောက်တည်းရဲ့ အဖြစ်ကို မျက်ဝါးထင်ထင် တွေ့ရတော့တယ်။ သူ့အတွက် တကိုယ်စာ အိပ်ယာကလေးဟာ ပင်လယ်ကြီးပမာ ကျယ်ပြောလှပါပြီ။ ကော်ဖီ ခါးခါးလေးတခွက်က သူ့ဘ၀အတွက် ခန်းနားလှပါပြီ။ တခွန်းတည်းသော ကျန်းမာရေး ဂရုစိုက်ပါ စကားက သူ့အဖို့ တသက်စာ ကျန်းမာရေး ဆောင်ပုဒ် တခု ဖြစပေတယ်။ သူ၏ စိမ်းလန်းမှုကို သစ်ပင်များဆီမှ ရရှိနိုင်ကာ ကျေးငှက်များဆီမှ သတင်းစကား ရနိုင်ပါတယ်။ ငြီးငွေ့မှုကို ညီးညူလျှက်ရှိသော ခိုငြီးသံများဟာ သူ့ရဲ့ ဖျော်ဖြေရေး ဖြစ်ပါတယ်။ နာရီလက်တံက ခြောက်သွေ့မှုကို တဂျစ်ဂျစ်တိုက်စားပြီး နုပျိုခြင်းကို လောင်မြိုက်နေတယ်။ ပျော်ရွှင်မှုဆိုသော အရာက အရည်ပျော်ကာ သူ့အပါးက ကွာကျကာ စီးဆင်း ခမ်းခြောက်သွားပေပြီ။ နွေရာသီထဲမှ အပြိုင်းပြိုင်းသော သစ်ခြောက်ပင်တွေဟာ ပူလောင်ခြောက်သွေ့မှုရဲ့ အလှတရား ဖြစ်တယ်။ အဲဒီအလှတရားမှာ သူက ရှင်သန်နေတယ်လို့ ဆိုပြန်တယ်။ သူက ဖုန်မှုံ့ကလေး တမှုံ့ ဖြစ်မယ်ဆိုရင်တောင် ဘယ်မျက်စိထဲတွင်မှ အမှိုက်တစလို မ၀င်ရောက်လိုပဲ လေထဲတွင် ဦးတည်ရာမဲ့ လွင့်မျောနေချင်ပါသတဲ့။ သူရဲ့ ဘယ်အရာကိုမှ မခုတ်ထစ်ပဲ လွတ်လပ်ပေါ့ပါးစွာ ဖြစ်တည် ရှင်သန်မှုဟာ ကမ္ဘာမြေအတွက် သူတတ်စွမ်းသမျှ အလှဆင်ထားသော အလှတရားဖြစ်တယ်။ သူဆိုတာ ကလေးငယ်လေး တယောက်ရဲ့ လက်ထဲမှ မိုးပျံ ပူဖောင်း တလုံးသာ ဖြစ်ပါတယ်။

(၅)
ညနေခင်းဟာ လွမ်းစရာပဲ။ လူတွေဟာ အိမ်မပြန်ကြသေးဘူး။ ရှော့ပင်းမောတွေ ရှေ့မှာ၊ စင်တာတွေထဲမှာ တယောက်နဲ့ တယောက် လက်ချင်းချိတ်ထားတယ်။ ဖုန်းပြောပြီး ဖုန်းမဆက်တဲ့အကြောင်းပြော စိတ်ကောက် တယ်။ လှေကားထစ်တွေမှာ ထိုင်ပြီး ဘယ်ကိုမှ မကြည့် ဖုန်းကိုပဲ ကြည့်နေတယ်။ မြန်မြန်သွားလို့ မရ ရှေ့မှာ လူတွေနဲ့ ပိတ်နေတယ်။ လူတွေဟာ များလှပါလား၊ ပွဲဈေးတန်းကြီးလိုပါလားလို့ ပါးစပ်က ထွက်သွားတယ်။ လူတွေအများကြီးမြင်မှ ကိုယ်ဟာ တယောက်တည်းပါလားလို့ သတိထားမိလာ တယ်။ လူကူးတံတားပေါ်မှာ ၊ လမ်းဘေး ၀က်သားဒုတ်ထိုးဆိုင်မှာ၊ လူတိုင်းဟာ ပြောစရာ စကားတွေနဲ့၊ အရေးကြီးတဲ့ အကြောင်းအရာတွေနဲ့။ လမ်းဘေး ပလက်ဖောင်းပေါ်မှာ ကိုယ်က ဘယ်ထဲမှ မပါဖြစ်နေတယ်။ တံတားအောက်ကို လှမ်းကြည့်လိုက်တော့ ချော်ရည်တွေ စီးဆင်းသွားသလို ကားမီးရောင်တွေဟာ လမ်းတလျှောက် စီးဝင် သွားတယ်။ ကောင်ကလေးနဲ့ ကောင်မလေးက တံတားထောင့်ချိုးမှာ မျက်နှာချင်းဆိုင်ရပ်ပြီး လက်ချင်းကိုင်ဆုပ်ပြီး တစုံတရာကို စိုးရိမ်နေကြတယ်။ လမ်းဘေး ပလက်ဖောင်းပေါ်က ၀က်သားဒုတ်ထိုးဆိုင်မှာ လူတွေ စုပြုံထိုင်နေကြ တယ်။ ကောင်မလေးက ကောင်းကလေးကို အသဲတဖတ်ကို ခွံ့ကျွေးလို့။ အသားကင်ဆိုင်ရှေ့က ဖြတ်လျှောက်မိမှ သိသိသာသာ ဗိုက်ဆာနေမှန်းကို သတိထားမိပြန်တယ်။ အရာအားလုံးထဲမှာ ကိုယ်ဟာ တသီးတခြား ဖြစ်နေတယ်။ ဘယ်အရာနဲ့မှ ချိတ်ဆက် ပျော်ဝင်လို့ မရဘူး။ ခွက်ထဲကနေ အပြင်ဖက်ကို ထွက်ကျ နေတဲ့ ရေတစက်လို ဖြစ်နေတယ်။ အိမ်ပြန်မှ ဖြစ်တော့မယ်။ တဖြည်းဖြည်းနဲ့ မှောင်လာပြီ။ ကောင်းကင်ကို မော့ကြည့်မိတယ်။ လမင်းကြီးက တခုတည်းပေမဲ့ သူ့ကြည့်ရတာ အေးချမ်းပါတယ်။ ဒါပေမဲ့ ကိုယ်က အလင်းလက်ဆုံး ကြယ်တပွင့်ပဲ ဖြစ်ချင်နေတယ်။

စိုးခိုင်ညိန်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)