ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင်း – အပိုင်း (၁၄)

June 30, 2018

● မုန်တိုင်းထဲက ဖယောင်းတိုင်း – အပိုင်း (၁၄)
(မိုးမခ) ဇွန် ၃၀၊ ၂၀၁၈

တိဗက်ကိုယ်စားလှယ်အဖွဲ့ ဘေဂျင်းသို့ရောက်သောအခါ အခြေအနေက မျှော်လင့် ထားတာထက်ပင် ပိုဆိုးနေပါသေးသည်။ ပုဂ္ဂိုလ်ရေး ထိပါးစော်ကားခြင်းအပါအ၀င် ငဘိုဦးဆောင်သော တိဗက်ကိုယ်စားလှယ်များကို အချက်ပေါင်း ၁၇-ချက်ပါ စာချုပ်ကို လက်မှတ်ရေးထိုးဖို့ အမျိုးမျိုးဖိအားပေးပါလေတော့သည်။ တိဗက်ကိုယ်စားလှယ်အဖွဲ့တွေဟာ ဘယ်လို့မှရှောင် လွှဲမရသည့်အဆုံး သူတို့ကိုယ်စားလှယ်အဖွဲ့ကို ဆုံးဖြတ်ချက်ချပိုင်ခွင့်အာဏာကို လားမားဘုန်းတော်လေးက မပေးလိုက် ကြောင်း  ချေပသောအခါ ဘေဂျင်းက အသင့်လုပ်ထားသော စာချုပ်ကော်ပီများကိုချပြပြီး လက်မှတ်ရေးထိုးဖို့ ဖိတွန်းလေ သည်။ နောက်ဆုံးတော့ ငဘိုဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က စာချုပ်ကို လက်မှတ်ထိုးပေးလိုက်ရပါတော့သည်။ ၁၉၅၁ ခု မေလ ၂၃ ရက်နေ့။

အစတုန်းကတော့ တိဗက်ယဉ်ကျေးမှု၊ တိဗက်စာပေနှင့် ဘာသာရေးကို အလေးထားပါ မည်ဟု ဘေဂျင်းက ကတိပေးခဲ့ဘူးပါ သည်။ သို့သော်လည်း တကယ့်လက်တွေ့မှာတော့ ထိုသို့ဖြစ်မလာခဲ့။ တဖြည်းဖြည်းနှင့် တိဗက်လူမျိုးများအပေါ် ထိန်းချုပ် တင်းကျပ်လာခဲ့သည်။ လာဆာတွင် တရုတ်စစ်စခန်းများ၊ ဆေးရုံနှင့် စာသင်ကျောင်းများ တည်ဆောက်လာခဲ့သည်။ စီးပွါး ရေး၊ ပညာရေးစသည့် တိဗက်ပြည်တိုးတက်ရေး အတွက် လုပ်ဆောင်ချက်ကား ဘာမျှမည်မည်ရရ မရှိ။ ၁၉၅၂-ခုနှစ် နှစ်ကုန်ပိုင်းတွင် တိဗက် အခြေအနေက ပိုမိုဆိုးရွားလာခဲ့သည်။ ယဉ်ကျေးမှုနှင့် ဘာသာတရားကို ထိပါးလာ သောအခါ တိဗက်တို့မှာ သည်းခံနိုင်စွမ်း မရှိတော့။  လာဆာမြို့ရဲ့ လမ်းမတွေ ပေါ်ထွက်ပြီး တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဆင်နွှဲခဲ့ကြ ပါတော့သည်။ တိဗက် လက်သုံးစကားတစ်ခုရှိပါသည်။ ‘လူတယောက်ကို ခေါင်းရိုက်ခွဲပြီးပြီဆိုရင် သင်ဟာ အဲဒီလူနဲ့ မိတ်ဆွေဖြစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး“ တဲ့။

“တရုတ်လူမျိုးများ တရုတ်ပြည်ပြန်သွား”ဟူသော ကြွေးကြော်သံများက မြို့တော် လာဆာရဲ့ ကောင်းကင်ယံမှာ နေ့နေ့ညည လွင့်ပျံနေပါတော့သည်။ ဒီတော့ မော်စီတုန်း အစိုးရက ဒလိုင်းလားမားလေးကို ဖိအားပေးပါသည်။ လမ်းမပေါ်ထွက်ပြီး တရုတ် ဆန့်ကျင်ရေးတွေ ဆက်လက်ဆင်နွှဲနေကြသည့် တိဗက်လူမျိုးများကို အချိန်မီ မထိန်းသိမ်းဘူးဆိုလျှင် စစ်တပ်ဖြင့် အင်အားသုံးပြီး အကြမ်းဖက်ဖြေရှင်းရပါလိမ့်မည် ဟူသော မော်စီတုန်း၏သတင်းစကားကိုကြားလိုက်ရသောအခါ လာမားဘုန်းကြီး လေးခဗျာ ငိုင်ကျသွားပါတော့သည်။

တချိန်က အပူအပင်မရှိ အေးချမ်းစွာလျှောက်လှမ်းခဲ့သည့် မြို့တော်လာဆာရဲ့ လမ်းမတွေပေါ်မှာ တိဗက်ပြည်သူတွေ ရဲ့သွေးတွေ စီဆင်းရလိမ့်မည်ဟုလည်း သူ ဘယ်တုန်းကမှ မျှော်လင့်မထားမိခဲ့။ သူ့ပြည်သူတွေ လမ်းမတွေပေါ်မှာ သွေးချောင်း စီးရမည့်အဖြစ်ကို သူမမြင်တွေ့လို။ လက်နက်ရှိသူနှင့် လက်နက်မဲ့သူတို့ ထိပ်တိုက်ရင် ဆိုင်တိုက်ခိုက်ရာမှာတော့ လက်နက်ရှိသူကသာလျှင် အားသာပါလိမ့်မည်။ သို့သော် အမှန်တရားကို ဆုပ်ကိုင်ထားမည်ဆိုလျှင် အကြမ်းမဖက်သော နည်းက လက်နက်များ ကိုသာမက စကြာစဠာကြီးကိုအောင်နိုင်စွမ်းရှိကြောင်း လားမားဘုန်းတော်လေးက နာလည်ထား သည်။ လက်နက်မဲ့တိဗက်က အင်အားကြီးပြီး လက်နက်အပြည့်ကိုင် ထားသည့် တရုတ်ပြည်ကြီးကို ရရာလက်နက်ဖြင့် ထိပ်တိုက်ရင်ဆိုင်ဖို့ဆိုသည်မှာ မိုက်ရူးရဲဆန်လွန်းသည်။ သူ့ကိုတစ်ချက်ထိုးမိလိုက်တိုင်း  ကိုယ့်ကိုဆယ်ချက်ပြန် အထိုးခံရမည့်အခြေအနေမျိုးကို သူရွေးချယ်လို့ မဖြစ်။ ထို့ကြောင့် အကြမ်းဖက်သော နည်းကိုစွန့်ပြီး အကြမ်းမဖက်သော နည်းဖြင့်သာလျှင် ရင်ဆိုင်ဖြေရှင်းဖို့ ဘုန်းကြီးလေး ဒလိုင်းလားမားက အခိုင်အမာဆုံးဖြတ်ချက်ချထားပြီးဖြစ်သည်။

ဘယ်တိုင်းပြည် လူမျိုးပဲဖြစ်ဖြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးဆုံးလက်နက်မှာ ပညာရေးပင်ဖြစ်သည်ဆိုသော အချက်ကို အသက်ငယ်ငယ်ရွယ်ရွယ် ဒလိုင်းလားမား ဘုန်းကြီးလေးက ရှင်းရှင်းလင်းလင်း သိမြင်နားလည်ထားနိုင်တာ ကတော့ သူရဲ့အတွေး အမြင် စူးရှမှုတစ်ခုပင်ဖြစ်ပါလိမ့်သည်။ မော်စီတုန်းကလည်း လူလည်ကွန်မြူနစ် တစ်ယောက်။ သူလည်း ဒီအချက်ကို မြင်ပြီးဖြစ်သည်။  ဒလိုင်းလားမားဘုန်းကြီးလေးက တိဗက်လူမျိုးများအတွက် ပညာရေး လမ်းကြောင်း တွေဖွင့်ဖို့ ခြေလှမ်းတွေစတင်လိုက် ချိန်မှာပဲ ဘုန်းတော်ကြီးရဲ့ ခြေလှမ်းတွေကို ဖမ်းချုပ်လိုက်ပါတော့သည်။

အခုတော့ တိဗက်ပြည်မှာ တိဗက်စာ တိဗက်ဘာသာစကားကို တရားဝင်သင်ကြားခွင့် မရှိတော့။ ကျနော်အကြိမ်ကြိမ်ပြောခဲ့ဘူးပါသည်။ သစ်ပင်တပင်ဟာ အမြစ်ကနေ ခုတ်ဖြတ်ခံလိုက်ရမှ အဲဒီသစ်ပင်သေသွားတာမျိုး မဟုတ်။ သင်းသပ်ခံရရုံ မျှဖြင့်လည်း အဲဒီအပင်သေသွားနိုင်သည်။ သင်းသပ်ခံရပြီး သေသွားတဲ့သစ်ပင်တွေ ကျနော်တို့ ရပ်ဝန်းမှာ များစွာရှိပါသည်။

တိဗက်ပြည်ဟာ သင်းသပ်ခံရတဲ့ သစ်ပင်တစ်ပင်နှင့် တူလား မတူလား ကျနော် မတွေး တတ်တော့။  တိဗက်ပြည်ရဲ့ လေနုအေးက တိဗက်ပြည်သူတွေကို မနွေးစေတော့ဘူး တဲ့ဗျာ။

“တော်လှန်ရေးလုပ်တယ်ဆိုတာ ညစာစားပွဲတစ်ခုကျင်းပသလိုမျိုး မဟုတ်ဘူး။ အက်ဆေးတပုဒ်ရေးသလိုမျိုးလည်း မဟုတ်ဘူး။ ပိတ်ကားပေါ်မှာ ပန်းချီဆွဲတာနဲ့လည်း မတူဘူး။ ဒီတော့ တော်လှန်ရေးဆိုတာ ဘယ်လိုလုပ်ပြီး နူးညံ့နိုင်ပါတော့မလဲ။ ဘယ်လိုလုပ်ပြီး သဘောထားကြီးနိုင်ပါတော့မလဲ။ ဘယ်လိုလုပ်ပြီး ကြင်နာသနား နေနိုင်ပါတော့မလဲ။ တကယ်တော့ တော်လှန်ရေးဆိုတာ တည်ရှိနေတဲ့စနစ်တစ်ခုကို ဖြိုဖျက်ပြီး အခြားစနစ်တစ်ခုနဲ့ အစားထိုးလိုက်တဲ့ အကြမ်းဖက်မှုတစ်ခုပဲဖြစ်တယ်။” ဤကား တိဗက်အရေးနှင့်ပတ်သက်၍ မော်စီတုန်း၏ လက်သုံးစကားတစ်ခုပင်ဖြစ် သည်။
ယမ်စီမြစ်ကနေ အထက်ကိုဆန်တက်သွားလျှင် တိဗက်ပြည်၏ အရှေ့ဘက် အကျဆုံးဖြစ်သော ခမ်ပြည်နယ်ကလေးသို့ရောက်ပါသည်။ နယ်စပ်ဖြစ်သော သည် ပြည်နယ်ကလေးက  ပြည်မကြီး၏ အထုအထောင်းကို အကြိမ်ကြိမ်ခံခဲ့ရဖူးသည်။ ၁၉၁၀၊ ၁၉၃၄ ခုနှစ်များတွင် တိဗက်လူမျိုးများ၊ တိဗက်ဘုန်းတော်ကြီးများ အစုလိုက် အပြုံလိုက် အသတ်ခံရတာတွေ ရှိခဲ့ဖူးသည်။

တိဗက်အမျိုးသားကြီး လော့ဆန်ရင်ရှုတ်က “ကျနော် ငယ်ငယ်တုန်းက အဖြစ်အပျက် ကလေးတစ်ခုကို မှတ်မိနေသေးတယ်ဗျ။ တနေ့မှာ ဘေဂျင်းက အရာရှိကြီးတွေ ကျနော် တို့ ရွာကလေးကို ရောက်လာကြတယ်။ လားမားကိုယ်တော်ကြီးအချို့လည်း ပါလာပြီး စကားပြောတယ်။ မော်စီတုန်းကို သစ္စာခံသင့်တယ်။ သူဟာ ဘယ်လိုတော်ကြောင်း တတ်ကြောင်း ချီးမွမ်းခန်းတွေဖွင့်ကြတယ်။ သူ့ကိုဆန့်ကျင်နေဦးမယ်ဆိုရင် တနေ့မှာ ဒီထက်ပိုပြီး ဒုက္ခရောက်ကြရလိမ့်မယ်လို့ လားမားကြီးက ပြောတယ်။ ခဏနေတော့ ကျနော်တို့လည်း မော်စီတုန်း သက်တော်ရာကျော်ရှည်ပါစေ ဖြစ်ကုန်တော့တာပေါ့ဗျာ” ဟုပြောပါသည်။

ဘယ်အရာမှာဘဲဖြစ်ဖြစ် မျက်စိကြီး နားကြီးတွေကသာ ကမ္ဘာကြီးကို ခြယ်လှယ်နေ ကြခြင်းဖြစ်သည်။ တိဗက်တို့ နားမျက်စိတွေ သေးနေသေးကြောင်း မော်စီတုန်းက ကောင်းကောင်းသိပါသည်။ တိဗက်လို ရေမြေအသစ်တွင် ကွန်မြူနစ်စနစ်ကို စိုက်ပျိုး ဖို့ဆိုသည်မှာ သတိရှိဖို့လိုကြောင်း မော်စီတုန်းက နားလည်ပြီးဖြစ်သည်။ တိဗက်ပြည် သူတွေအပေါ် ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံဖို့ သူ့စစ်သားတွေကို ညွှန်ကြားသည်။ တရုတ်ပြည်ကနေ လာဆာအထိ လမ်းသစ်ဖောက်မည်။ ဒါမှသာလျှင် သူ့ရဲ့ တင့်ကား တွေ၊ သံချပ်ကာကားတွေ၊ လက်နက်ခဲယမ်းသယ်ယူမည့်ကားတွေ အလွယ်တကူ သွားလာနိုင်မည်ဖြစ်သည်။ သည်အစီအစဉ်တွေ ရုပ်လုံးမပေါ်သေးခင် တိဗက်လူမျိုး တွေအပေါ် စိတ်ရှည်သည်းခံဖို့လိုသည်။ သူ့အစီအစဉ်တွေ ပြီးမြောက်သွားတဲ့တနေ့ ရောက်လျှင်..။ မော်စီတုန်းရဲ့ နားမျက်စိတွေက ထင်ထားတာထက်ကို ပိုကြီးနေသေး သည်ဟု ပြောရတာကပင် အားနာဖို့ကောင်းပါသည်။

မော်စီတုန်း၏ မဟာဗျူဟာက အောင်မြင်ပါသည်။ အစတုန်းကတော့ တိဗက်တို့ သည်ပင် ဇဝေဇ၀ါဖြစ်သွားသည်။ သူတို့ အစဉ်အဆက်ကြားဖူးခဲ့သည်မှာ ပြည်မကြီး၏ ဆိုးသွမ်းရက်စက်မှုများသာ။ အခုတော့ သူတို့ကြားဖူးတာတွေနှင့် တခြားစီဖြစ်နေသည်။ သို့သော် ကြောင်ကြာကြာ ရေမငုတ်ပါလေတော့။ တိဗက်တို့ခမျာ ဒယ်ပိုင်းထဲထည့်ပြီး အပူပေးခံရသည့် ဖားနှင့်ပင် တူနေပါတော့သည်။ ၁၉၅၁-ခုနှစ်ကစပြီး နဂါးကြီးက အမောက်ထောင်ပြလိုက်သောအခါ တိဗက်တို့မှာ ဗျာများရပါတော့သည်။ တိဗက် လူငယ်တွေ၊ တိဗက်ကလေးငယ်တွေကို ပြည်မကြီးဘက်ပို့သည်ဟူသောသတင်းစကား က တိဗက်မိဘတွေကို ငိုကျွေးစေခဲ့ပြီ။ ဘိုးမွေဘွားမွေအဖြစ် မြတ်နိုးခဲ့ရသည့် ယဉ်ကျေးမှုနှင့် ဘာသာတရားကို ထိပါးလာသောအခါ တိဗက်တို့ခမျာ အံကျိတ် နေကြရလေပြီ။ စာနာမှုနှင့် ချစ်ခြင်းမေတ္တာတရားတို့ဖြင့် ထုံမွှမ်းခဲ့သည့်နှလုံးသားတွေက အခုတော့ တစုံတယောက်ကို နာကျည်းမုန်းတီးတတ်ခဲ့ပြီပဲ။

၁၉၅၄-ခုနှစ်တွင် လာဆာကို အရောက်ကပို့မည့်လမ်းမကြီးပြီးဆုံးသွားလေပြီ။ ပင်လယ် ရေမျက်နှာပြင်ထက် ပေပေါင်း တသောင်းသုံးထောင်ကျော်မြင့်သောအရပ်တွင် တောင် ပေါင်းတစ်ဆယ့်လေးလုံးကိုဖြတ်ကျော်ပြီး ဖောက်ခဲ့ရသည့်လမ်းမကြီးဖြစ်သည်။ သည်လမ်းမကြီး ပွင့်သွားသောအခါ တိဗက်စီးပွါးရေးက နယ်ကျဉ်းသွားပါတော့သည်။ အခါတိုင်း တင်ပို့နေကျဖြစ်သည့် ဘူတန်၊ နီပေါ၊ အိန္ဒိယတို့နှင့် ဈေးကွက်ပျက်သွားပြီး တိဗက်၏ ဈေးကွက်ကို ဘေဂျင်းက ထိန်းချုပ်လိုက်ပြီဖြစ်သည်။ တိဗက်စီးပွါးရေး ဈေးကွက် ပျက်လေပြီ။

ကျနော်တို့  တိုင်းပြည်ရှိ ကျေးလက်ဒေသများတွင် ယခင်အသုံးပြုနေကြဖြစ်သည့် ကျွဲတွေ နွားတွေက အခုတော့ တနေ့တခြား ရှားပါးလာပြီဖြစ်သည်။ တရုတ်က ကျွဲတကောင် တစ်ဆယ့်ငါးသိန်း၊ နွားတကောင် သိန်းနှစ်ဆယ်၊ သိန်းအစိတ်ပေး၍ ၀ယ်သောအခါ ကျနော်တို့ တောသူတောင်သားတွေရဲ့ အိမ်အောက်မှာ နှစ်ပေါင်းများစွာ ချည်နှောင်ထားခဲ့ကြသည့် ကျွဲတွေ နွားတွေခမျာ ကျနော်တို့ ကျေးလက်ကနေ အလိုလို ပျောက်ကွယ်သွားကြရပါတော့သည်။ တရုတ်ပြည်က ကျနော်တို့ရဲ့ ကျွဲတွေ၊နွားတွေကို ဈေးကြီးကြီးပေးဝယ်ပြီးနောက် သိပ်မကြာခင်မှာပဲ သူတို့ကလည်း ကျနော်တို့ ကျေး လက်ဒေသတွေကို တရုတ်ပြည်ဖြစ် လယ်ယာသုံးထွန်စက်တွေ၊ တောကျွဲဟု အများခေါ် နေကြသည့် လက်တွန်းထွန်စက်ကလေးတွေကို ပြန်၍ရောင်းချပေးနေပါတော့သည်။ ပေါက်ဈေးက တရုတ်ဖြစ် တောကျွဲလယ်ထွန်စက်တစ်စင်းကို တစ်ဆယ့်ငါးသိန်း၊ သိန်းနှစ်ဆယ်။ ကျနော်တို့ မျက်စိကြီး နားကြီးဖို့ အများကြီးလိုပါသည်။
ခေတ်ကာလပေါက်ဈေး သိန်းငါးရာခန့်တန်သော မြို့ထဲကမြေကွက်ကို လူမျိုးခြားတို့က သိန်းခုနှစ်ရာ၊ သိန်းရှစ်ရာ၊ သိန်းတစ်ထောင်စသည်ပေးဝယ်လိုက်သောအခါ ကျနော်တို့ လူမျိုးတွေက မြို့ထဲကမြေကွက်ကလေးကိုရောင်းပြီး မြို့သစ်ဘက်တွေဆီသို့ ဦးတည်လိုက်ပါသည်။ ဘယ်သူ့ကိုမှ အပြစ်မတင်ရက်တော့။ စွမ်းနိုင်တတ်နိုင်သူများကို ၀ိုင်းဝန်းကူညီဖေးမပေးစေလိုသည့်အတွက်ကြောင့် ကိုယ့်ဥာဏ်လေးတထွာတမိုက်နဲ့ မြင်မိတွေးမိတာလေးတွေကို ရေးခြစ်နေမိခြင်းဖြစ်သည်။ သည်လိုပြောမိလို့ မလိုမုန်း ထားသူတွေရဲ့ အငြိုအညင်ကို ခံရမည်ဆိုလျှင်လည်း အငြိုညင်ခံရကျိုး နပ်ပါသည်။ ကျနော်က အမုန်းတရားကို အခြေခံ၍ ပြောနေခြင်းမဟုတ်။ ကျနော်တို့ရဲ့ မျက်စိတွေ၊ နားတွေ ဒီထက် ပိုကြီးကြရအောင်ဗျာ။

ဆက်လက်ဖော်ပြပါဦးမည်။

ကိုသစ် (သီတဂူ)
၆၊၂၉၊၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments