fbpx

လောအယ်စိုး ● ဆရာမ ဒေါ်ခင်ထားရွှေ – အပိုင်း (၃)

June 30, 2018

● ဆရာမ ဒေါ်ခင်ထားရွှေ – အပိုင်း (၃)
(မိုးမခ) ဇွန် ၃၀၊ ၂၀၁၈

(၁၉၆၂) ခုနှစ် မတ်လ (၂) ရက်နေ့မှ စတင်ကာ ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော စစ်တပ်သည် တိုင်းပြည်၏ အချူပ်အခြား အာဏာကို သိမ်းပိုက်၍ မြန်မာနည်း မြန်မာဟန် ဆိုရှယ်လစ်ခရီးစဉ်ကြီးကို စတင်ပါတော့သည်။

ပြောင်းလည်မှုကြီးအတော်မျာများကို တိုင်းသူလူထုတို့ ရင်ဆိုင်ရပါတော့သည်။

ထိုအပြောင်အလည်းများထဲတွင် ပညာရေးဆိုင်ရာ အပြောင်အလည်းများကိုလည်း ပြုလုပ်လေ့ရှိပါသည်။

မကြာခဏ ပြုလုပ်သော အပြောင်းအလည်များတွင် ပညာရေး၏ အခန်းကဏ္ဍလည်းပါဝင်ပါသည်။ ဒုတိယ အစမ်းစာမေးပွဲကြီးပြီးဆုံးပြီနောက် မကြာမှီကာလအတွင်း နောက်ဆုံးသော အစိုးရစစ်ဆေးသည့် စာမေးပွဲကို ကျွန်တော်တို့ ရင်ဆိုင်ကြရတော့ပေမည်။

ပြင်ဆင်ထားကြသော သူများကလည်း ပို၍ ပြည့်စုံအောင် စာကို အချိန်ပို ယူ၍ ဖတ်ကြတော့သည်၊ မြန်မာနိုင်ငံ၏ ထုံးစံအတိုင်း ကျေးရွာ ရပ်ကွက်များတို့တွင် စာကျက်သံများတညံညံ ဖြစ်နေသော ကာလလည်းဖြစ်သည်။

စနစ်သစ်၏ စာမေးပွဲကို ကျွန်တော်တို့ ရင်ခုံကြသည် စိုးရွံ့ကြသည်။ စိတ်ကြိုက်မြန်မာစာ အတွဲကို ယူထားသော ကျွန်တော်တို့အတန်းသားများလည် စာမေးပွဲအတွက် ပြင်ဆင်ကြတော့သည်၊ ညဘက် အိပ်မငိုက်ရလေအောင် အလွန်ကျသည့် လ္ဘက်ရည်ဂိတ်ဆုံးကိုလည်းကောင်း အခါးဆုံးကော်ဖီကို ချစ်ကောင်း ဟူ၍ မှာယူသောက်သုံးပြီး ညဘက်တွင် စာကျက်ကြပါတော့သည်။

“ကဲ ကဲ မင်းတို့ မင်းလုပ်ချင်တာတွေလည်း လုပ်ပြီးကြပြီးပြီး စာမေးပွဲသာအောင်အောင် လုပ်ကြတော့၊ မင်းတို့ စာမေးပွဲမအောင်ရင် ငါလည်း နာမည်ပျက်မယ်” ဟူ၍ ဆရာမကလည်း ကျွန်တော်တို့အား သတိပေးပါသည်။

ကျွန်တော်တို့ အတန်းတွင် စာအတော်ဆုံးမှာ ဥမ္မာအေး ဖြစ်သည်။ လူမှုရေး ကိစ္စရပ်များတွင် အားတတ်သရော၊ လုပ်ဆောင် ကူညီတတ်ပြီး စာဘက်တွင်လည်း ဝီရိယထား၍ အထူးကြိုးစားတတ်သူတဦးလည်းဖြစ်ပါသည်။ လပတ်နှင့် အစမ်းစာမေးပွဲကြီးများတို့တွင် သူက အမြဲအဆင့်တရသူဖြစ်ပါသည်။

အမျိုးမည် ကျွန်တော် မမှတ်မိပါ၊ စာမေးပွဲကာလမရောက်မှီတွင် ကျွန်တော်တို့ကျောင်းသားများ သုံးစွဲခဲ့ဘူးသော မအိပ်ဆေးဆိုသော ဆေးတမျိုးရှိသည်။ ဆေးမှာ အဖြူရောက်ဖြစ်ပြီး မည်သည့် နိုင်ငံမှ ထုပ်လုပ်မှန်းလည်း ကျွန်တော်တို့ မသိပါ။ ဆေးပြားတပြားလျှင် သုံးကျပ်ပေးရသည်၊ ညရှစ်နာရီခန့် ဆေးကို သောက်ပြီး၊ စာကျက်ပါက အထူးစိတ်ပါဝင်းစားမှုအားကြီးလာသည်။ သန်းခေါင်ယံ ကျော်ကျော်ထိ အိပ်မငိုက်တော့ပဲ စာကို ဖတ်နိုင်သည်။ သို့သော် ကျန်းမာရေးကို အထူးထိခိုက်စေသော ဆေးလည်းဖြစ်သည်။ စိတ်ကို ပုံမှန် မဟုတ်စေပဲ၊ ထူးခြားစွာ တတ်ကြွစေသည်။ သို့သော်ဆေး အရှိန်ကုန်သွားသည်အခါ စိုးရိမ်အားငယ်သော ခံစားချက်များကို ခံစားရပါသည်။

ဥသြငှက်၏ တွန်ကျူးသံများ လွှမ်းနေသော မတ်လ၏ အလယ်ပိုင်တွင် ကျန်တော်တို့အစိုးရစစ် ဆယ်တန်း စာမေးပွဲကြီးကို ဖြေဆိုကြတော့သည်။ ကျောင်းသူ ကျောင်းသားများတို့ အတွက်လည်း တနှစ်ပတ်လုံး မိမိတို့ စိုက်ခဲ့သည်အတိုင်း ရိတ်သိမ်းကြရတော့မည့် ကာလလည်းဖြစ်သည်။ ပုံမှန်တနှစ်လုံးကြိုးကြိုးစားစား ဝီရိယနှင့် ကျောင်းစားများကို ကျက်မှတ်ခဲ့သော သူများတို့က အပြုံးများဝေလျှက်နှင့် စာမေးပွဲခန်းသို့ဝင်ကြသည်။

လူမှုရေးနှင့် ကျောင်းစာနှင့် မဆိုင်ပဲ အခြားဗဟုသုတဖြစ်ဘွယ် စာအုပ်များတို့နှင့် ပျော်မွေ့နေတတ်သော ကျွန်တော်အတွက် စာမေးပွဲကြီးသည် အတော်ကြောက်စရာကောင်းလှသော သတ္တဝါကြီး တကောင်နှင့်တူနေပါသည်။ အချိန်တန်လျှင်လည်း သူများနည်းတူ စာမေးပွဲလည်း အောင်ချင်သည်။ စာမေးပွဲကြီးသို့ မရောက်မှီ နှစ်လခန့် အလိုတွင် မီးကုန်ယမ်းကုန် ကျက်မှတ်ပါတော့သည်။

ဘာရယ်ကြောင့်မှန်းမသိပါ ကျွန်တော်သည် လူခြေတိတ်သော အချိန်မှ ကျောင်းစာကို ကျက်မှတ်၍ရသော အကျင့်ရှိသည်။ ထို့ကြောင့် ညရှစ်နာရီခွဲ သို့မဟုတ် ကိုးနာရီခန့်မှ စာကြည့်စာပွဲထိုင်သည်၊ နံနက်တနာရီခန့်မှ အိပ်ယာသို့ဝင်သည်။

သို့နှင့် စာမေးပွဲဖြေသောရက်သို့ရောက်သောအခါ အိပ်ရေးကလည်းမဝ ပူပင်သောကလည်း ကြီးမား လွန်သောကြောင့် ပထမဆုံးမြန်မာစာဖြေသည့်နေ့တွင်ပင် မူးဝေသကဲ့သို့ ခံစားရပြီး အာရုံကိုစုစည်း၍ မရသော ဝေဒနာတမျိုးကို ခံစားခဲ့ရသည်။
စာလုံးကိုပင် ကောင်းစွာ ရေးနိုင်ခြင်းမရှိတော့ပါ၊ စာစီစာကုံးကိုလည်း မရေနိုင်တော့ပဲ ကျွန်တော် စာမေးပွဲအခန်းထဲမှ ထွက်ခဲ့ပါသည်။ မည်သူမပြု မိမိ၏ တာဝန်ပင် မဟုတ်ပါလား။ မြန်မာစာဖြေသည့်နေ့တွင်ပင် ကျွန်တော်တယောက်စိတ်ဓာတ်အတော်ကျသွားပေသည်။

ကျွန်တော်၏ အတန်းမှ သူငယ်ချင်းများတို့သည် ဒုတိယနေ့ဖြစ်သော အင်္ဂလိပ်ဘာသာရပ်ကို ကောင်းမွန်စွာမဖြေဆိုနိုင်ခဲ့ကြပါ၊ တော်တော်များများလည်း စိတ်ဓာတ်ကျသွာကြပါသည်။ ကျန်သောဘာသာရပ်များကိုတော့ အားလုံးနီးပါးအထိုက်အလျှောက်ဖြေဆိုနိုင်ခဲ့ကြပါသည်။

မည့်သို့ပင်ဖြစ်စေကာမူ ဖြေဆိုရမည့် တာဝန်ကိုတော့ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်ခဲ့ကြပေပြီ လာမည့် ဇွန်လ အတွင်း ထွက်လာမည့် အောင်စာရင်းကို ရင်ခုံစွာနှင့် စောင့်မျှော် ရုံသာရှိတော့သည်။

“ဒီနှစ် မအောင်ရင်လည်း နောက်နှစ်ပေါ့ အတော်များများက ဆယ်တန်းကို တနှစ်တည်းနဲ့ အောင်မြင်တာမှမဟုတ်” ဟူ၍ ကျွန်တော်တယောက် မိမိကိုယ်ကို အားပေးမိသည်။ နွေရာသီကျောင်းပိတ်ရက်ကို ဘာသာရေး သင်တန်းတတ်ခြင်းနှင့် စာအုပ်များဖတ်ခြင်းဖြင့် ကျွန်တော်တန်းဘိုးရှိအောင် အသုံးချခဲ့ပါသည်။ မိုးများတဖွဲဖွဲ သွန်း၍ ရွာနေသော မိုးဦးကာလ၏ တခုသော နံက်ခင်းတွင် ဆယ်တန်းအောင်စာရင်ထွက်ပါပြီ။ စိုးရိမ်စိတ်များနှင့် အောင်စာရင်း ကပ်ထားသော အစိုးရအဆောက်အဦးကြီးတခုရှိရာသို့ရောက်သွားခဲ့ပါသည်။ ကျွန်တော် အောင်မြင်ခြင်းမရှိခဲ့ပါ။ တတန်းလုံတွင် စာအတော်ဆုံးဖြစ်သည့် ဥမ္မာအေး တယောက်သာ အောင်မြင်သွားခြင်းဖြစ်သည်။

မိမိမအောင်နိုင်မှန်ကို သိလျှက်နှင့် ကျွန်တော် အနည်းငယ်သော မျော်လင့်ချက်လေးတော့ရှိခဲ့သေးသည်။ သို့သော် တတန်းလုံးတွင်တယောက်သာလျှင် အောင်သွားသည့် အခြေအနေကြောင့် မိမိကိုယ်ကို မိမိဖြေသိမ့်နိုင်ခဲ့လေးသည်။

“အေးလေ မင့်တို့လည်း အစွမ်းရှိသလောက် ကြိုးစားကြတာပဲလေ နောင်နှစ်မှာဆက်ကြိုးစားကြ”ဟူ၍ ဆရာမကျွန်တော်တို့ကိုအားပေးပါသည်။

အောင်စာရင်းထွက်ပြီး မကြာမှီ အတူတူ စာမေးပွဲကျကြသည့်သူငယ်ချင်များစု၍ ဆရာမထံ ကျွန်တော်တို့ချီတတ်သွားကြသည်။ ရည်ရွယ်ချက်လည်းတခုတည်းသော ရည်ရွယ်ချက် ဒီနှစ်လည်း ကျွန်တော်တို့ အတန်းကို ဆရာပြန်၍ အတန်းပိုင်အဖြစ် ကိုယ်တွယ်ပါရန် မေတ္တာရပ်ခံကြသည်။

“ဒီနှစ်တော့ တခြားလူမှုရေး ကိစ္စတွေကို မင်းတို့လျော့ကြ စာဘက်ကို ပိုဦးစားပေးကြပါ” ဟူ၍ ဒုတိယအကြိမ် ကျွန်တော်တို့၏ အတန်းကို ဆရာမ အတန်းပိုင် အဖြစ် ပြန်လည်တာဝန်ယူစဉ်ပြောသော စကားဖြစ်သည်။

ဒုတိယနှစ် ဆယ်တန်းကျောင်သားဘဝကို တတန်းလုံးနီးပါး ပြန်လည်းရရှိသည်အတွက် ကျွန်တော် ကြေကြေကွဲကွဲကြီး မခံစားရပါ။ သိပ္ပံတွဲဘာသာရပ်ကို ရယူထားကြသော သူများက အတော်များများ အောင်မြင်ကြသည်။ တက္ကသိုလ်များ ဖွင့်ချိန်တွင် ရန်ကုန် စက်မှုတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ပျဉ်းမနား ရေးဆင်းရှိ တက္ကသိုလ်အသိးသီးသို့ စာတော်၍ ထူးချွန်ကြသည့် သူများ ရောက်ရှိသွားကြသည်။ အချို့မှာ မော်လမြိုင် တက္ကသိုလ်နှင့် ဘားအံ ကောလိပ်များသို့လည်း မိမိတို့ရရှိထားသော အမှတ် အသီးသီးတို့ဖြင် ဝင်ခွင့်ရသွားကြသည်။

တဦးတည်းသော ကျွန်တော်တို့ အတန်းမှ အောင်မြင်သွားသော ဥမ္မာအေး တယောက် ဥပဒေဘာသာတွဲဖြင့် ရန်ကုန် တက္ကသိုလ်၌ သင်ကြားခွင့်ရရှိကြောင်းသိရသဖြင့် တတန်းလုံး မုဒိတာပွားက ဝမ်းသာကြသည်၊ အားကျလိုက်လေသည်ဖြစ်ခြင်း မိမိတို့ကား ယခုစာသင်နှစ် ခရီးရှည်ကြီးကို ဆက်လက် ချီတတ်ကြရအုံးပေမည်။

ဒုတိယအကြိမ်မြောက်သော ဆယ်တန်းကျောင်းသား ဘဝတွင် ကျွန်တော်တို့ တဦးနှင့် တဦး ပို၍ ရင်းနှီးလာကြသည်။ ဝီရိယထား၍လည်း ကျောင်းစာများကို ကျွန်တော်တို့ကျက်မှတ်ကြသည်။ ကျောင်းတော်ကြီး၏ ကထိန်အလှူမင်္ဂလာကြီးတွင်လည်း ကျွန်တော်တို့ အတန်းပိုင် ဆရာမနှင့်အတူ မုန့်ဟင်းခါး ချက်သည် ည၌ စွမ်းအားရှိသမျှ လုပ်အားပေးခဲ့ကြသည်။

သို့သော် ထူးထူးခြားခြား လူမှုရေး လုပ်ဆောင်မှုများနှင့် ရံပုံငွေရှာဖွေသော ဈေးရောင်းရမည့် ကိစ္စများကို ကျွန်တော်တို့အား ဆရာမမှ ခွင့်မပြုတော့ပါ။ စာကိုသာပို၍ ကြီးစားကြရန် ဆရာမ ကျွန်တော်တို့အား တွန်းအားပေးပါတော့သည်။ စာသင်နှစ် စလျှင်စချင်း”ဒီနှစ်တော့ ငါအပြတ်ကို ကြိုးစားမယ် အနည်းဆုံး ဂုဏ်ထူး လေးဘာလေးပါအောင်လုပ်ရမယ်” ဟူ၍ မောင်းတင်ခဲ့သော ကျွန်တော် စာသင်နှစ်လယ်သို့ ရောက်သောအခါ အနည်းငယ် စိတ်ဓာတ်ကျစပြုလာသည်။

မိမိမှန်းထားသည့်အတိုင်း ဒုတိယအစမ်းစာမေးပွဲပြီးသည့်တိုင် စာများကို ပိုင်နိုင်အောင် မှတ်မိနိုင်စွမ်းလည်းမရှိသေးပါ။ အလွတ်ကျက်မှတ်ရသော ပညာရေး၏ ဘေးထွက်ဆိုးကျိုးတခုလေပဲလား ဟူ၍ သာမှတ်ယူရမည်။ မိမိ၏ အခြေအနေက ဂုဏ်ထူးထွက်မည့် အနေအထားထက် အောင်မှတ်ကိုသာ မနည်းရအောင် ကြိုးစားရမည့် အနေအထားတွင်ရှိနေသည်။

စိတ်ကိုတည်ငြိမ်အောင်ထားပြီး စာကို ညစဉ်ပုံမှန်ကျက်မှတ်သည်။ အိပ်ရေးကို ထိခိုက်မှုမရှိအောင်လည်း အထူးသတိထားရသည်။ ကျန်းမာရေးကလည်း အလွန်အရေးကြီးသည့် ကိစ္စတခုပင် မဟုတ်ပါလား၊ စိတ်ကြိုက်မြန်မာစာတွဲဖြစ်သောကြောင့် သင်္ချာဘာသာရပ်လုံဝမပါဝင်ခြင်းကြောင့်သာ ကျွန်တော်အတွက် ကောင်းကြီး မင်္ဂလာတခုပင်ဖြစ်၍နေလေသည်။ သမိုင်းနှင့် ပထဝီဝင်ဘာသာရပ်နှစ်ခုကာ ကျက်မှန်ရန် ခုနှစ် သက္ကရာဇ်နှင့် နေရာများ၏ အမည်များကား တခါတရံရှုပ်ထွေး၍ နေတတ်သည်။

စိုးရိမ်သောစိတ်၊ အကောင်းဘက်ကို မြင်သော အပြုစိတ်ထား တခါတရံ အလိုလိုနေရင်”ငါ ဒီနှစ်လည်း အောင်ဘို့ မလွယ်တော့ပါလား” ဟူသော သိမ်ငယ်သော စိတ်တို့နှင့် နပမ်းလုံရင်း စာမေးပွဲရာသီသို့ ရောက်ရှိပါတော့သည်။

အဆင်သင့်ရှိသည့်ဖြစ်စေ အသင့်မရှိသည်ဖြစ်စေ မုချရင်ဆိုင်ရတော့မည့် အရာတခုကိုတော့ ဘဝတွင် ကျွန်တော်တို့ ရှောင်လွဲ၍ မည်သို့မှရမည်မဟုတ်ချေ။

သည်လိုနှင့် ဒုတိယအကြိမ်မြောက် ဆယ်တန်း စာမေးပွဲကြီးကို ကျွန်တော်ဖြေဆိုခဲ့သည်။ အိပ်ရေးကို ဝအောင် အိပ်ပြီး ရွှင်လန်းစွာနှင့် စာမေးပွဲခန်းကြီးကို ရဲဝံ့စွာနှင့် ဝင်ခဲ့သည်။ စိတ်ထဲတွင်လည်း”ငါ အကောင်းဆုံး ပြင်ဆင်နိုင်သလောက်တော့ ပြင်ဆင်ခဲ့ပြီးပြီး ကြိုးစားပြီရသလောက်ဖြေမယ်” ဟူ၍ ခံစားမိခဲ့သည်။

မိမိကျက်မှတ်ထားနိုင်သမျှ နားလည်းမှုရှိသည်အတိုင်း အတန်းတင် စာမေးပွဲကြီးကို ဖြေဆိုခဲ့သည်။  သို့သော် ယနေ့တိုင် အသက်လေးဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်နေသည့်အချိန်ထိ တခါတရံ အိက်မက်သည့် အခါတိုင်း ဆယ်တန်းစာမေးပွဲကြီးကို အောင်မြင်ခြင်းမရှိသေးပါ။ အိပ်မက်ထဲတွင် စာမေးပွဲခန်းသို့ နောက်ကျမှ ရောက်ရှိသွားခြင်း၊ ဖြေဆိုနေသည့် အချိန်အတွင် အချိန်စေ့သွားခြင်းတို့ကို မြင်မက်ခြင်းဖြစ်သည်။

ကျွန်တော်၏ မသိစိတ်ထဲတွင် ယနေ့တိုင် စာမေးပွဲကို ကြောက်လန့်နေဆဲဖြစ်သည်။ မနှစ်က မိမိနှင့်အတူ သိပ္ပံတွဲ၊ ဝိဇ္ဇာတွဲ ဘာသာမှ ဆယ်တန်းကို အောင်မြင်သွားကြသူတို့ အသီးသီးသော တက္ကသိုလ် ကောလိပ်သို့တတ်၍ နေကြပေပြီး။ စာမေးပွဲရာသီပြီး၍ သူတို့တတွေ ဘားအံမြို့သို့ ပြန်ရောက်ရှိသောအခါ ရန်ကုန် တက္ကသိုလ်ကျောင်းတော်ကြီး၏ အတွေ့အကြုံများကိုလည်း အားပါးတရ ကျွန်တော်နားထောင်ရပါသည်။

ကျွန်တော်ဘဝ၏ ကြီးမားသော အိပ်မက်တခုမှာ ရန်ကုန်တက္ကသိုလ်ကြီးကို အလွန်တတ်ချင်ခဲ့သော ပြင်းပြသော ဆန္ဒဖြစ်သည်။  မည်သည့် ဘာသာတွဲနှင့် တတ်ရ တတ်ရ ရန်ကုန်တက္ကသိုလ်ကြီးကို ရအောင် တတ်မည်ဟု စိတ်ပိုင်းဖြတ်ထားပါသည်။

မြန်မာနိုင်ငံ၏ သမိုင်းစဉ် ခရီးတလျှောက်တွင် ရန်ကုန်တက္ကသိုလ်သည် အဓိက အရေးကြီးသော အခန်းကဏ္ဍတခုတွင် ပါဝင်ခဲ့သည်မဟုတ်ပါလော။

နယ်ချဲ့ဆန့်ကျင်ရေး၊ တိုင်းရင်းသားအသီးသီးတို့၏ အမျိုးသားရေး လွတ်မြောက်မှုကို ဦးဆောင်ခဲ့ကြသည့် ခေါင်းဆောင်အများဆုံးကို ရန်ကုန် တက္ကသိုလ်မှ မွေးထုတ်ပေးခဲ့သည်။ ထိုကြောင့် ကျွန်တော်သည် သမိုင်းဖြတ်သန်းမှု အစဉ်အလာကြီးမားခဲ့သော ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားတယောက် ဖြစ်ချင်ခဲ့ခြင်းဖြစ်ပါသည်။

ထို့အပြင် ရန်ကုန်တက္ကသိုလ်ကြီးနှင့် ပတ်သတ်၍ ခံစားရေးဖွဲ့ထားသော တေးသီချင်းများ ကဗျာများတို့သည်လည်း ကျွန်တော်၏ နှလုံးသားအား ရန်ကုန်တက္ကသိုလ်ကြီးကို တန်ဘိုးထားခင်တွယ်မြတ်နိုင်မှုကို ပို၍ အမြစ်တွယ်စေခဲ့ပါသည်။

ဆယ်ကျော်သက်ရွယ်ဦးကာလတွင်လည်း ကျောင်းဆရာနှင့် ဆရာမများတို့၏ စကားဝိုင်းများတွင်သော် လည်းကောင်း၊ တက္ကသိုလ်ကျောင်းသားကြီးများတို့၏ လက်ဖက်ရည်ဆိုင် စကားဝိုင်းများတို့တွင် အာဏာရှင် တပါတီ အစိုးရကို ဆန့်ကျင်ခဲ့သော တက္ကသိုလ်များတို့၏ ကျောင်းသား အရေးတော်ပုံများကိုလည်း တခါတရံ ကျွန်တော်ကြားဘူးပါသည်။

ဦးနေဝင်းအုပ်ချုပ်သော တပါတီအာဏာရှင်၏ စစ်ဘိနပ်အောက်တွင် လှူပ်၍ မရအောင် နေရသော အချိန်၌ပင် ကိုယ်ကျိုးစွန့် အသက်စွန့်၍ အမှန်တရားအတွက်ရဲရင်စွာ တိုက်ပွဲဝင်ခဲ့သော နေရာသည် ရန်ကုန် တက္ကသိုလ်ပင်ဖြစ်ခဲ့ကြောင်း ကျွန်တော်ဉာဏ်မှီသလောက် လေ့လာသိရှိခဲ့ရပါသည်။

တခါတရံ လူမျိုးရေးကို အခြေခံသော လူကြီးတို့၏ စကားဝိုင်းများတို့တွင်လည်း ဘဝတွင် မိမိ၏ လူမျိုးလွတ်မြောက်ရေးသည် သမိုင်းပေးတာဝန်ကြီးတခုဖြစ်သည် ဟူသော အတွေးအခေါ်များလည်း ကျွန်တော်၏ ခံစားမှုနှင့် အသိတရားများအတွင်သို့ စီးဆင်းနေတတ်ပါသည်။

သမ္မာကျမ်းစာသင်တန်းများနှင့် ဓမ္မဆရာကြီးတို့၏ အဆုံးအမများတွင်မတော့ လူသားအချင်း ချစ်ခင်၊ ကြင်နာရမည်။ မိမိ၏ ရန်သူကိုပင် ချစ်ရမည်ဆိုသော ခရစ်တော်၏ ဆုံးမသွန်သင်ချက်များတို့သည် စနစ်ဆိုကြီးကို နာကျည်း ရွံမုန်းသော ကျွန်တော်၏ ခံစားချက်တံတိုင်ကြီးကို ကျော်လွှား၍ မရနိုင်ခဲ့သော အချိန်ကာလလည်း ဖြစ်ခဲ့ပါသည်။

ပူပြင်းသော နွေရာသီနေ့ ရက်များ လွန်ကာ သင်္ကြန်မိုး၏ ပက်ဖြန်းလိုက်သောအချိန်ကာလတခုကို ကျော်ဖြတ်၍ အပြီး မိုးဦးကာလသို့ ရောက်လာပါတော့သည်။ ဝဿန်ဦးကာလ၏ မိုးရေစက်များကြောင့် ပတ်ဝန်းကျင်၏ အေးမြသော အရသာကို ခံစားနေရပေပြီး။

သို့သော် ကျွန်တော်၏ နှလုံးသားထဲဝယ် တနွေးနွေး လောင်ကျွမ်း၍ နေသော အပူငွေ့ကိုကား အေးငြိမ်းသွားအောင် မလုပ်ဆောင် နိုင်ခဲ့ပေ၊ ထိုပူလောင်မှုအား မိမိတယောက် သည်ဆယ်တန်း စာမေးပွဲကြီးကို အောင်မြင်ပါမလားဟူသော ပူလောင်မှုခံစားချက်ကြီးပင်ဖြစ်ပါသည်။

ဘားအံမြို့၏ တဘက်ကမ်း ဘိလပ်မြေစက်ရုံကြီးတည်ဆောက်ထားသော မြိုင်ကလေး ကျေးရွာနှင့် မိုင်အနည်းငယ်မျှသာဝေးသော အောက်ကော့ရင်းကျေးရွာတွင် ကျွန်တော်၏ မိခင်သည် နိုင်ငံတော် အစိုးရ၏ ကျန်းမာရေး ဝန်ထမ်းအဖြစ် ထိုအချိန်က တာဝန်ထမ်းဆောင်နေသော အချိန်လည်းဖြစ်ပါသည်။ မိခင်ကြီးလည်း သူမ၏ နှုတ်ဖျားမှ ပြော၍ မထွက်စေကာမူ စာမေးပွဲကို ထပ်၍ ကျွန်တော်အား အဘယ်သို့ ကျရှုံးစေခြင်းပါမည်နည်း။ သူမသည်လည်း ကျွန်တော်အား စိုးရိမ်၍ နေပေလိမ့်ပေမည်။

သင်္ကြန်ကာလလွန်မြောက်သွားပြီးသည့်အချိန်မှာ ကျွန်တော်တို့ ညီအစ်ကိုများသည် မိခင်ကြီးတာဝန်ထမ်းဆောင်နေသော ကော့ရင်းကျေးရွာသို့ ရောက်ရှိ၍နေပါသည်။ အလွန်ခင်မင်ရင်နှီးသော မိတ်ဆွေတဦးအား အောင်စာရင်းထွက်ပါက မိမိအောင်သည် သို့မဟုတ် ကျရှုံးသည့်အဖြေကို ရွာသို့ သတင်းပို့ပေးပါရန်မေတ္တာရပ်ခံခဲ့ပါသည်။

ကျေးလက်၏ ဓလေ့၊ ကျေးလက်၏ သဘာဝ၊ ကျေးလက်၏ ညများတို့ကို ဖြတ်သန်းရင် ကျွန်တော်အောင်စာရင်းထွက်မည့် နေ့ကိုသာ မျှော်၍ နေမိပါသည်။

ထိုစဉ်အခါက ကျေးလက်၏ ဝင်းဝင်းထိန်ထိန်သာ၍နေသော လပြည့်ည၏ အရသာ တန်ဘိုးကို ယနေ့တိုင်း ကျွန်တော်သည် တမ်းတစွာနှင့် လွမ်းနေမိပါသည်။

သည်လိုနှင့် ဆယ်တန်း စာမေးပွဲကြီးကို ကျွန်တော် အောင်မြင်ခဲ့ပါပြီး၊ ပျော်လိုက်သည်ဖြစ်ခြင်း မျော်လင့်ချက်ရောင်ခြည်များအပြည့်နှင့် မိမိဘဝတခုလုံး လင်းလတ်၍သွားသည်ဟု ပင်ခံစားမိခဲ့ပါသည်။

ခေါင်းငိုက်စိုက်ကျ၍ ကျရှုံးသွားသော သူငယ်ချင်းများနှင့် ဆုံရသောအခါ ကျွန်တော် ကြေကွဲဝမ်းနည်းမိသည်။ မိမိသည်လည်း ကျရှုံးခဲ့ဘူးသော သူတဦးဖြစ်ခဲ့သည် မဟုတ်ပါလား။

ကျွန်တော်တို့ အတန်းမှ ခုနှစ်ဆယ်ရာခိုင်နှုန်းကျော်ကျော် အောင်မြင်သွားကြသည်။ ပြုံး၍ ကြည်နူးနေသော ဆရာမကို ကျွန်တော်တို့ အတန်းဖော်များ ကန်တော့သောအခါ မြင်တွေ့ခဲ့ရသည်။ ဆရာမ ကျွန်တော်တို့၏ အောင်မြင်မှုအတွက်ကြည်နူးသလို ဆရာမ၏ ကြည်နူး ဝမ်းမြောက်မှုကို မြင်ရ၍ ကျွန်တော်တို့ပျော်ရွှင်ကြသည်။

လူဘဝသည် ချောင်းမှမြစ်၊ မြစ်မှသည် ပင်လယ်သို့ စီးဆင်း၍၊ ထိုမှတဖန် သမုဒ္ဒယာသို့လာသည် မဟုတ်ပါလော။ ငယ်စဉ်မူလတန်းမှ တဆင့် အလယ်တန်းကျောင်းသားဘဝ၊ ထိုမှသည် အထက်တန်းကျောင်းသားကြီး တဦးအဖြစ်ကျွန်တော်ဖြတ်သန်းခဲ့သည်။ မဖြစ်နိုင်ဘူး ဟု မက်ခဲ့သော အိပ်မက်တခု ဘုရားစောင်မမှုဖြင့် ကျွန်တော်ရရှိခဲ့သည်။ ကျွန်တော် တန်ဘိုးထား မှန်ဆခဲ့သည့် ရန်ကုန် တက္ကသိုလ်ကျောင်းသားတဦးဖြစ်ခဲ့ရသည်။

သူငယ်ချင်းများနှင့် လယ်ကွင်းထဲ ကျေးလက်၏ လမ်းမပေါ်တောစပ်နှင့် တောင်ခြေများတို့တွင် ကစား ပျော်မြူးခဲ့သော ကျွန်တော်သည် ထိုစဉ် အချိန်က မြန်မြန်ဆန်ဆန် လူကြီးတယောက်ဖြစ်ချင်ခဲ့သည်။ အချိန်မတိုင်မှီပင် မိဘနှင့် ဆရာသမားတို့၏ လောင်းရိပ်အောက်မှ လွတ်မြောက်လိုပြီး မှန်းဆရန် ခက်ခဲလှသော အနာဂတ် အာကာသကြီးထဲဝယ် လွတ်လွတ်လပ်လပ် ပျံသန်းချင်းခဲ့သည်။

လူလားမြောက်၍ မိမိခြေပေါ် မိမိရပ်တည်နိုင်သောအချိန်၌ လူကြီးသူမတို့၏ စိုးရိမ်စိတ်ဖြင့် နားထဲဝယ် အစဉ်ပြောနေသောစကားများတို့ကို မကြားရတော့ဟု ထင်မှတ်ခဲ့သည်။ ကျွန်တော်တို့သည် ထိုစဉ်က လေဟုန်နှင့် မုန်းတိုင်ကို မသိ နားလည်ခဲ့ကြသော အပျံသင်စ ငှက်ငယ်များဖြစ်ခဲ့ကြသည်။

တပ်မတော်အစိုးရ ၁၉၉၁ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာကာလအတွင်း ထော်ပိုင် စစ်ဆင်ရေးဖြင့် တကျော့ပြန် အမျိုးသားများ၏ မြစ်ဝကျွန်ပေါ် လက်နက်ကိုင်လှူပ်ရှားမှုကို ပြင်းပြင်းထန်ထန် စစ်ဆင်ရေး ပြုလုပ်နေသည် အချိန်၌ ပထမနှစ် ဥပဒေကျောင်းသား တဦးအနေနှင့် ရန်ကုန် တက္ကသိုလ်ကြီးထဲသို့ ကျွန်တော် ခြေချခွင့်ရရှိခဲ့သည်။ မင်္ဂလာရှိလိုက်လေခြင်း ကျောင်းက တတ်နေပြီ အဆောင်က မရရှိသေး။

တတ်ကြွမှု၊ လွန်ကဲနေသည် ကရင်ပြည်နယ်သား ကျောင်းသားသစ်တဦးကို အခြေအနေနှင့် လုံခြုံရေးအရ ရင်းနှီးပါသည်ဟု ဆိုသော ရန်ကုန်မြို့နေ ကရင်အမျိုးသား သူငယ်ချင်းများက ညအိပ် ညနေ ဧည့်သည်တဦးအနေနှင့် လက်မခံရဲကြပေ။

ကျွန်တော် အခြေအနေကို ကောင်းစွာ နားလည်သော သူတို့တတွေ၏ စိုရိမ်မှုကိုလည်း စာနာပါ၏၊ တပ်မတော် ထောက်လှမ်းရေး၏ သံသယရှိသော သူများအပေါ်ခေါ်ယူ စစ်ဆေးညှင်းပန်းမှုများကလည်း ကျောချမ်းလောက်ပေ၏။

နေစရာမရှိသည့် နောက်ဆုံး ဂျက်စင်အသင်း၏ သင်းအုပ်ဆရာကြီး ဦးအာသာကိုလေးကို မေတ္တာရပ်ခံပြီး၊ သာသနာ၏ အရိပ်ခိုလှုံကာ ယုဒဿန်ရိပ်သာ၌ အဆောင်မရမှီအထိ ကျွန်တော်နေထိုင်ခွင့်ရခဲ့သည်။ လူငယ်တဦး၏ နာကျင်မှုနှင့်မှီခိုမဲ့နေသော ဘဝကို စာနာခဲ့သည် ဆရာတော် ဦးအာသာကိုလေးအား ယနေ့တိုင်ရင်ထဲမှ ကျွန်တော်ကျေးဇူးတင်လျှက်ရှိပါ၏။

ဥပဒေပညာတော်သင်ကျောင်းသားတဦးအနေနှင့် စာသင်နှစ်ကားငါးနှစ်ရှိသည်။ လှိုင်တက္ကသိုလ် နယ်မြေ၌  ကျွန်တော်တို့ စာသင်တန်း သုံးတန်းကို ဖြတ်သန်းရသည်။ မြန်မာနိုင်ငံ ဒေသချင်းမတူညီသော အရပ်မှ ကျောင်းသား ကျောင်းသူများတို့ ဥပဒေပညာကို သင်ယူလိုပါက ကျွန်တော်စာသင်သောနှစ် ၁၉၉၁ ခုနှစ် အထိရန်ကုန် တက္ကသိုလ်တခုသာရှိခဲ့သည်။

ဒေသမတူညီကြသော ဗမာလူမျိုးများ၊ တိုင်းရင်းသားစုံစုံလင်လင်နှင့်ကျွန်တော်တို့ စာသင်ခန်းသည် ပြည်ထောင်စုသားသ္မီးများ၏ စာသင်ခန်းလည်းဖြစ်ပါသည်။

ဓလေ့၊ ယဉ်ကျေးမှု သမိုင်းနောက်ခံအချင်းအချင်း မတူညီကြသော်လည်း တဦးနှင့် တဦး လေးစားတန်ဘိုးထားမှု ရင်းနှီးခင်မင်မှုများအပြည့်နှင့် တဦးကို တဦးဆက်ဆံကြသည်။

ရန်ကုန်မြို့တွင် ပညာသင်ကြားရခြင်းကြောင့်လည်း လေးနက်မှုတိမ်သော အပေါ်ယံဆန်လှသည့် လူမှုရေး အမျိုးမျိုးတို့ စုဝေးရာမြို့ပြ၏ သဘော သဘာဝများကိုလည်း ကျွန်တော်လေ့လာခံစားခဲ့ရပါသည်။ အတန်းတူ သူငယ်ချင်းအတော်များများတို့မှာလည်း ကျွန်တော်ကဲ့သို့ပင် အခြေခံလူတန်းစား မိသားစုဝင်းများမှ မွေးဖွား ကြီးပြင်းလာကြသူများဖြစ်သည်။

ရန်ကုန်တက္ကသိုလ်ဝင် အဆောင်ပေါ်မှနေ၍ ကျွန်တော်သည် တခါတရံ မိမိ၏ အထက်တန်းကျောင်းသားဘဝကို ဘာရယ်မှန်းမသိ တမ်းတစွာနှင့် လွမ်းမိပါသည်။ တက္ကသိုလ်ဆရာ ဆရာမများတို့သည် တပည့်စာသင်သားများလွန်းသောကြောင့် ကျွန်တော်တို့ တဦးစီကို ထိတွေ့ အချိန်ပေးနိုင်မှုနည်းပါးတတ်သည်မှာ သဘာဝပင်မဟုတ်ပါလား။

နုနယ်သော စာသင်သားတဦးအနေနှင့် တခါတရံ အခက်အခဲများနှင့်ကြုံတွေ့တိုင်း ကျွန်တော်သည် ဘားအံမြို့မှ ကျွန်တော်၏ ဆရာမ ဖြစ်သော ဒေါ်ခင်ထားရွှေကို သတိရနေတတ်ပါသည်။”အသေးလေး” ဟု ကျွန်တော်အား အမြဲခေါ်တတ်သော ဆရာမ၏ အသံကိုလည်း နားထဲတွင် တခါတရံ ကြားနေတတ်ပါသည်။ ကျွန်တော်နှင့် အတန်းတူခဲ့သော ဆရာမ၏သ္မီး မိဟံသာ တယောက်အသက်ရှင်နေပါက သူသည်လည်း တက္ကသိုလ်ကျောင်သူတဦးဖြစ်နေလိမ့်မည် မဟုတ်ပါလား။

ဆရာမလည်း ထိုအတွေးမျိုး တွေးနေလိမ်မည် ဟု ကျွန်တော်ခံစားမိပါသည်။ ကျွန်တော် ရန်ကုန် တက္ကသိုလ်ကျောင်းသားအဖြစ် စာသင်နေစဉ်အတွင်း ဆရာမ၏ ခင်ပွန်လည်း ကွယ်လွန်သွားသည် ဟူသော သတင်းဆိုးကို ကျွန်တော်ကြားရပြန်ပါသည်။ ဆရာမအတွက် လောကဓံ ထိုးနက်ချက် အသစ်တခုလည်းဖြစ်သည်။ ဆရာမနှင့် သူမ၏ သ္မီးငယ်သာလျှင် မိသာစုဝင်အဖြစ် လူလောကကြီးတွင် ကျန်ရစ်ခဲ့ပါသည်။

ကြိုတင်၍ မသိနိုင်သော လောကဓံလှိုင်းလုံးကြီးများ အလယ်တွင် ကျွန်တော်တို့၏ ဘဝလှေငယ်လေးကို လှော်ခပ်ရသည်အချိန် လူသားတိုင်းတို့ကြုံတွေ့ရတတ်ပါသည်။ အသိတရာ ဆင်ခြင်းမှု ခံယူထားသော တရားသဘောများကသာလျှင် ထိုသို့သော အချိန်တွင် ကျွန်တော်တို့၏ ဘဝကို တစစီ မပျက်စီးပြိုကွဲ၍ မသွားအောင် ထိမ်းပေးတတ်ပါသည်။

ဆောင်းကာလကျောင်းပိတ်ရက်ရှည်  မြဝတီမြို့သို့ အပြန် ကျွန်တော်သည် ဘားအံတွင် ခရီးတထောက်အနေနှင့် နားရသည်၊ တိုင်တိုက်ဆိုင်ဆိုင်  အ.ထ.က (၁)၏ ဘုံကထိန်အလှူပွဲနှင့်လည်း ကြုံနေပါသည်။ ညဦးယံ အချိန် ကျွန်တော်သည် ဆရာမနှင့် သူမ၏ တပည့်သစ်များ အလှူအတွက် မုန့်ဟင်းခါးချက်၍ နေပေလိမ့်မည် ဟူသော အသိကြောင့် ကျောင်းသို့ရောက်ခဲ့ပါသည်။

တပည့်အသစ် အဟောင်းများတို့၏ အလယ်တွင် ချက်ပြုတ်နေသော ဆရာမကို ကျွန်တော် ဂါရဝပြုခွင့်ရသည်။ ဘယ်သောအခါမျှ မဟောင်းနွမ်းသွားသော နွေးထွေးလှသည့် အပြုံးနှင့် ဆရာမအရှေ့သို့ ရောက်တိုင်း ဆယ်တန်းကျောင်းသားဘဝသို့ ကျွန်တော် ပြန်ရောက်ရှိသွားသည်။ ဆရာမ၏ တပည့်အသစ်လေးများကို ကြည့်ရင် ကျွန်တော်တို့၏ အတန်းဖော်များတို့ကို ရင်ထဲမှ နွမ်းလျစွာနှင့် တမ်းတမိပါသည်။

သူတို့တတွေသည်လည်း ယခုလို အချိန်တွင် လောကဓံ၏ ခရီး ရှည်ကြီးထဲတွင် ဘယ်သောင်ကမ်းသို့ ရောက်၍ နေလိမ့်မည်နည်းဟူ၍ ကျွန်တော်တွေးနေမိသည်။

ကြုံတွေ့ရသော လောကဓံတရားတို့ကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း တပည့်အသစ်လေးများတို့အား ကြွေးအသစ်ချနေသော ဆရာမကို ကြည့်၍ ကျွန်တော်ကြည်နူးမိသည်။ ဘားအံမြို့၏ ကောင်းကင်ယံ၌ လမင်းကြီးကား ရွှန်းရွှန်းပြည့်ပြည့်ကြီးထိန်ထိန်သာနေ၏။

ဆရာမ၏ ချစ်မေတ္တာသည်လည်း ကျွန်တော်တို့အပေါ် လမင်းကြီးကဲ့သို့ ထာဝရ အေးမြ၍ နေ၏။

လောအယ်စိုး
ဇွန်လ ၁၃ရက် ၂ဝ၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)