ဌေးဝင်း (ဂျာမဏီ) ● မှတ်မိသမျှ အညာ (သို့မဟုတ်) တောင်သာ

July 6, 2018

● မှတ်မိသမျှ အညာ (သို့မဟုတ်) တောင်သာ
(မိုးမခ) ဇူလိုင် ၆၊ ၂၀၁၈

မိုးမခကို အင်တာနက်မှာ အမြဲဖတ်ဖြစ်တော့ ဆရာမောင်စွမ်းရည်ရဲ့ ဆောင်းပါးများကို အမြဲဖတ်ဖြစ် တယ်။ သူ့ရဲ့ ဆောင်းပါးတွေမှာ သူ့ဇာတိ မြင်းခြံ အကြောင်းနဲ့ သူအမြဲရေးတဲ့ ဆရာတင်မိုးရဲ့ဇာတိ တောင်သာ အကြောင်းတွေ အမြဲဖတ်ရတော့ ကျနော်ငယ်စဉ်အခါက သုံးနှစ်လောက် နေခဲ့ဘူးတဲ့ တောင်သာမြို့လေးကို အမှတ်ရလာမိတယ်။ မြင်းခြံ၊ တောင်သာဆိုတာ အညာဒေသ စစ်စစ်ဆို တော့ အညာဓလေ့၊ အညာအငွေ့အသက်လေးတွေလဲ မမေ့နိုင်စရာ စိတ်စေတသိက် မြင်ကွင်းမှာ ကွက်ကွက်ကွင်းကွင်း ပြန်ပေါ်လာတယ်။ ကြာတော့ကြာခဲ့ပါပီ။ ကျနော့်ဖခင်က အစိုးရဝန်ထမ်း ဆိုတော့ သုံးနှစ်တကြိမ်လောက် တမြို့နယ်ကနေ တမြို့နယ်ကို ပြောင်းရွှေ့နေရစဉ်မှာ ၁၉၆၆ ကနေ ၁၉၆၉ လောက်ထိ ကျနော်တို့ မြင်းခြံခရိုင် တောင်သာမြို့မှာနေခဲ့ရပါတယ်။ ကျနော် ၄တန်း နှစ်မှာ တောင်သာကိုပြောင်းရတာဆိုတော့ ပထမဆုံး မင်းစုရပ် မူလတန်းကျောင်းမှာ ၄တန်းစတက် ခဲ့ရတယ်။ နောက် ၅တန်းကနေ ၇တန်းနှစ်ဝက်လောက်အထိ တောင်သာ အ.ထ.ကမှာ တက်ခဲ့တယ်။

တိုက်တိုက်ဆိုင်ဆိုင် တလောလေးကဘဲ တောင်သာက ငယ်သူငယ် တယောက်နဲ့ ဖဘမှာ အဆက်အသွယ်ပြန်ရတယ်။ သားကြီးမောင်ဇေယျက သူ့ရဲ့ ထောင်အတွေ့အကြုံ ဆောင်းပါးတပုဒ် (မိုးကိုမျှော်နေပါပြီ) မှာ ကျနော့်နာမည်ပါထည့်ရေးလာတော့ သူ့ post မှာ ကျနော်က comment လေးတခုရေးလိုက်တယ်။ ကိုဇေယျရဲ့ ဖဘမိတ်ဆွေ ဒီသူငယ်ချင်းက ကျနော့် comment ကို တွေ့လို့ ကျနော့်ကို ပြန်လည်ဆက်သွယ်လာတာ။ ဖဘကျေးဇူးကြောင့် ငယ်သူငယ်တွေ အဆက်အသွယ်ပြန်ရလို့ နှစ်ဦးစလုံး ဝမ်းသာမိကြတယ်။ ရှေးဟောင်းနှောင်းဖြစ်လေးတွေ ဖဘ messenger မှာ ပြန်ပြောဖြစ်ကြတယ်။

အဲဒီမှာ မှတ်မှတ်ရရ သူ့ကိုမေးဖြစ်တာက ကျနော်တို့ရဲ့ ငယ်သူငယ်ချင်းတွေ အကြောင်းဘဲ။ ဒီအထဲ မှာ ကိုချစ်တင်၊ ကိုဌေးမြင့်စတဲ့ ကျနော်တို့ထက် အသက်နဲနဲပိုကြီးတဲ့ အတန်းတူသူငယ်ချင်းတွေလဲ အပါအဝင်ဘဲ။ ကိုချစ်တင်ဆိုတာ တွံတေးသိန်းတန်သီချင်းတွေကို ပီပီပြင်ပြင်ကိုဆိုနိုင်တာ။ “အသီးတရာ အညှာတခု” တို့၊ “မြသီတာ အကြိုထောက်ပေမဲ့” စတဲ့ သီချင်းတွေကို သူအဆို ကောင်းခဲ့လို့ ကျနော်ခုထိမှတ်မိနေတုန်းဘဲ။ နောက် တောင်သာမှာ ကျနော်တို့နေခဲ့တဲ့အိမ်က ရုပ်ရှင်ရုံနဲ့နီးတယ်။ ရုပ်ရှင်ရုံက တဲရုံကြီးဘဲ။ နေ့စဉ် ရုပ်ရှင်မပြခင်မှာ လော်စပီကာနဲ့ သီချင်းတွေ ဖွင့်ရာမှာ ဒီတွံတေးသိန်းတန်သီချင်းတွေကို ကျနော် နေ့စဉ်ကြားခဲ့ရတယ်။ ရုပ်ရှင်ရုံရှေ့က ဈေးတန်းမှာ ဇီးယိုအမြဲတန်းဝယ်စားဖြစ်တာလဲ သတိရတမ်းတစရာပါဘဲ။ အညာဇီးသီး လတ်လတ် ဆတ်ဆတ်ကို ထန်းလျက်နဲ့ ယိုထိုးတာဆိုတော့ ဒီချိုချဉ်အရသာကို ခုထိမှတ်မိနေတုန်းဘဲ။ သန့်သန့်ပြန့်ပြန့် ကြွေရည်သုတ် ဇလုံဖြူဖြူ အကြီးကြီးထဲမှာ ဇီးယိုထည့်ရောင်းတဲ့ အဖွားကြီး တယောက်ရဲ့ ပုံရိပ်ကိုတောင် ခုထိမြင်ယောင်နေမိတယ်။ ကိုဌေးမြင့်ဆိုသူကတော့ ဆယ်ပြားရွာက၊ ထူးဆန်းတဲ့ နာမည်ပိုင်ဆိုင်တဲ့ ဆယ်ပြားရွာမို့လို့ ခုချိန်ထိ မှတ်မိနေတာပါ။ သူ့ရွာကိုလဲ ကျနော်တို့ သူငယ်ချင်းတွေ လိုက်လည်ဘူးတယ်။

ကျနော်တို့အိမ်ကို နေ့စဉ် နွားနို့ပို့တဲ့ အုန်းပင်တောရွာက မစောကြည်ဆိုတာလဲ ခုထိမှတ်မိ နေတုန်းဘဲ။ အုန်းပင်တောရွာဆိုတာ တောင်သာမြို့နဲ့ မှတ်မိသလောက်တော့ ငါးမိုင်လောက် ဝေးတယ်။ အသွားငါးမိုင်၊ အပြန်ငါးမိုင်ခရီးကို နွားနို့အိုးကို ခေါင်းပေါ်ရွက်၊ နေ့စဉ်လမ်းလျှောက်ပီး သူက နွားနို့ပို့တာ။ သူ့ နွားနို့လာပီးတာနဲ့ ကျနော်တို့ နွားနို့အိုးထဲမှာ နွားနို့ကိုကြို၊ တက်လာတဲ့ မလိုင်ဖတ်ကို စားရတာ အရသာရှိချက်၊ မပြောပါနဲ့တော့။ အိမ်မွေးနွားတွေကနေ နေ့စဉ် လတ်လတ် ဆတ်ဆတ်ရတဲ့ နွားနို့ကို သောက်သုံးခဲ့ရတာ ဒီအညာသူ မစောကြည်ရဲ့ ကျေးဇူးပါဘဲ။

ဒီဂျာမဏီ၊ ဥရောပမှာ နွားမွေးမြူရေး လယ်သမားတွေက ဆန္ဒပြပီး သူတို့ရဲ့ နွားနို့တွေ လမ်းမပေါ် သွန်ပစ်တဲ့ မြင်ကွင်းတွေနဲ့ နှိုင်းယှဉ်မိတယ်။ ဒီလိုပါ။ နွားနို့ဝယ်ယူတဲ့ ကုမ္ပဏီကြီးတွေ (ဥပမာ Aldi, Lidl စတဲ့ super market ကုမ္ပဏီများ) က သူတို့ရဲ့ နွားနို့တွေကို အဆမတန် ဈေးနှိမ်ပီးဝယ်ယူလို့ ဆန္ဒပြပီး နွားနို့တွေကို လမ်းမပေါ် သွန်ပစ်တာပါ။ အဲဒီတုန်းက နွားနို့ထုတ်ကုန်ကလဲ လိုအပ်တာ ထက် ပိုများ၊ super market ကုမ္ပဏီများကလဲ စားသုံးသူကို ဈေးပေါပေါနဲ့ ရောင်းချင်တော့ ဒီလို လယ်သမားတွေ ဆန္ဒပြတာမျိုး ပေါ်ပေါက်လာတာပါဘဲ။ ဒီဂျာမဏီမှာ နွားနို့ထုတ်လုပ်မှုနဲ့ အဲဒီ အချိန်က တောင်သာက မစောကြည်ရဲ့ နွားနို့အိုးလေးကို နှိုင်းယှဉ်မြင်ယောင်မိတာပါ။

မစောကြည်တို့ အုန်းပင်တောရွာကို ကျနော်တို့ လိုက်လည်ဘူးတယ်။ ကျနော်တို့ လိုက်လည်မယ် ဆိုတော့ သူက ကျနော်တို့ကို နွားလှည်းနဲ့ လာခေါ်တယ်။ ဘယ်လိုက ဘယ်လို အုန်းပင်တောဆိုတဲ့ နာမည်ရလာသလဲ မသိ၊ အညာမှာ ဘယ်ကလာ အုန်းပင်ရှိပါမလဲ၊ ထန်းတောကတော့ ပေါမှပေါ။ ရွာထဲ ဝင်သွားတာနဲ့ နွားချေး၊ ဆိတ်ချေးနံ့တွေနဲ့ မွှေးကြိုင်နေတာဘဲ။ ဒီအနံ့ကို ခုထိ အမှတ်တရ ရှိနေတုန်းဘဲ။ အိမ်ဝင်းထဲပြေးလွှားနေတဲ့ ကြက်တွေလည်း မနည်းမှ မနည်းဘဲ။ ကျနော်တို့ ခလေး တွေ အပျော်ဆုံးကတော့ ရေစည်လှည်းသွားတိုက်ရတာဘဲ။ ချောင်းဆီကို ရေစည်လှည်းနဲ့ သွားရာ မှာ ရေစည်ပိုင်းပေါ်မှာ ထိုင်လိုက်သွားလို့ရတယ်။ ချောင်းရောက်တော့ ချောင်းရေနဲ့ ဆော့ကစား၊ ရေစည်ပိုင်းထဲ ချောင်းရေဖြည့်၊ စည်ပိုင်းပေါ်မှာ ထိုင်လိုက်ပီး ရွာကိုပြန်ခဲ့ကြတာပေါ့။ ရွာမှာ ညအိပ် ညနေ နေခဲ့တာဆိုတော့ နွားချေး၊ ဆိတ်ချေးနံ့က နှာခေါင်းထဲမှာ စွဲနေခဲ့တာပါဘဲ။

တောင်သာမှာ အဲဒီတုန်းက ငါးရက်တပတ်ဈေး။ အခုတော့ မပြောတတ်တော့ဘူး။ ဈေးနေ့မှာ ဘယ်လောက်စည်သလဲ၊ ဘယ်လောက်ပစ္စည်းစုံသလဲ ဆိုတာတော့ ရေးမပြနိုင်လောက်အောင် ပါဘဲ။ ကားတွေ၊ နွားလှည်းတွေနဲ့ ဈေးပတ်ပတ်လည်မှာ ရှုတ်ယှက်ခတ်နေတားတည့်ချိန် ၁၂ နာရီလောက်ထိဘဲ။ ဈေးရှေ့မှာရောင်းတဲ့ မုန့်ပစ်သလက် အရသာကိုလဲ ဘယ်လိုမှ မမေ့နိုင် တော့ပါဘူး။ ဆန်နှစ်ဖြူဖြူ၊ ထူထူ မုန့်ပစ်သလက်ပေါ်မှာ ကြက်သွန်မြိတ်၊ နှမ်းစေ့လေးတွေလောက် ဘဲ ဖြူးပေးတဲ့ မုန့်ပစ်သလက်အဖြူ၊ ထန်းလျက်ရည်လောင်းပေးတဲ့ မုန့်ပစ်သလက်အညို ချိုချို ဆိုပီးတော့ မှတ်မိနေတယ်။

အမှတ်အရဆုံးကတော့ အညာသူကြီးတွေရဲ့ အံ့မခန်းဘွယ်ရာ လုပ်ရပ်ပါဘဲ။ ကျနော်တို့ နေခဲ့တဲ့ အိမ်က ဈေးကြီးနဲ့ မနီးမဝေး လမ်းသွယ်တခုထဲမှာပါ။ မနက် ၁၁နာရီနဲ့ ၁၂နာရီကြား ဈေးကွဲခါနီးမှာ ရွာနီးချုပ်စပ်က ဈေးလာရောင်းတဲ့၊ သူတို့လိုအပ်တဲ့ပစ္စည်းတွေကို ဈေးနေ့မှာ ဝယ်ယူသွားတဲ့ အညာသူကြီးတွေ ဈေးဗန်းကြီးတွေခေါင်းပေါ်ရွက်ပီး ကျနော်တို့လမ်းသွယ်ထဲ ဝင်လာပါလေရော။ ဈေးဗန်းကြီးတွေကို ခေါင်းပေါ်မှာရွက်လျက်၊ ခြေထောက်နှစ်ဖက်ကို နဲနဲကားပီး၊ ထမီတွေ ဘာတွေ မ ဘို့ မလိုဘဲ အပေါ့သွားကြတာဘဲ။ ကျနော်ထင်တယ်၊ ထမီတွေ ဘာတွေလဲ ဘာမှ မစိုသွားဘူးလို့ ထင်တယ်။ ကျနော်တို့ကတော့ ဗျန်း ဗျန်း ဗျန်း ဗျန်း ဆိုတဲ့ အသံဘဲကြားရတယ်။ သူတို့ကတော့ အိနြေ္ဒမပျက်၊ စကားပြော မပျက်၊ မတ်တတ်ရပ်လျက် အပေါ့သွားခြင်းပါဘဲ။ သူတို့ ကိစ္စပီးတော့ အပြုံးမပျက် လမ်းမတန်းပေါ် ပြန်တက်သွားကြတာဘဲ။
အခု ဂျာမဏီမှာက သတ်မှတ်ထားတဲ့ နေရာမဟုတ်ရင်၊ လူမြင်ကွင်း၊ သစ်ပင်ကွယ်၊ ချုံပုတ်ကွယ်မှာ အပေါ့သွားမိလို့ ရဲတွေ့ရင် ရဲကဖမ်းနိုင်တယ်၊ ဒဏ်ရိုက်နိုင်တယ်။ မနှစ်ကလဲ သတင်းတပုဒ်မှာ ဖတ်လိုက်ရတယ်။ စင်္ကာပူက ပန်းခြံတခုထဲမှာ တရုတ်နိုင်ငံသားနှစ်ဦး အပေါ့သွားလို့ ရဲကမြင်သွား လို့ လိုက်ဖမ်းတာ သူတို့ကထွက်ပြေးကြတယ်တဲ့။ ဒီလူတွေ ဒဏ်ငွေဘယ်လောက်တောင် ထိသွားသလဲမသိ၊ စင်္ကာပူမှာက ဒဏ်ငွေများပါဘိသနဲ့။ တောင်သာက ဒီအညာသူကြီးတွေကတော့ သက်တောင့်သက်သာ အေးအေးဆေးဆေးဘဲ။ အဲဒီတုန်းက အများသုံး အိမ်သာတို့ ဘာတို့ ဆိုတာလဲ မရှိတော့ သူတို့ ဒီလိုဘဲ သွားရမှာပေါ့။ အဲဒီအချိန်က တောင်သာမှာ ရဲဆိုတာလဲ မြင်ရခဲ ပါတယ်။ ခိုးဆိုးလုယက် အမှုကြီးငယ်လဲ သိပ်မကြားဘူးပါ။ နွေရာသီဆို အလွန်ပူပြင်းလှတဲ့ တောင်သာမြို့လေးပါ။

မြင်းခြံဈေးထဲက ပဲမှုန့်နိုင်နိုင်နဲ့ သုတ်ပေးတဲ့ ပလာတာသုတ် အကြောင်းလေးကိုတော့ မပါမဖြစ် ထည့်ရေးပါရစေ။ ထပ်တရာ ပလာတာကို ပဲမှုန့်နိုင်နိုင်၊ ငရုတ်ဆီနိုင်နိုင်နဲ့ ပြန်သုတ်ထား တာပါ။ ကျနော်တော့ ဒီလို ပလာတာသုတ်ကို မြင်းခြံဈေးထဲမှာဘဲ စားဘူးပါတယ်။ ခုတော့ အိပ်မက်တောင် ပြန်မမက်နိုင်တော့ပါ။ ။

ဌေးဝင်း (ဂျာမဏီ)
၀၅.၀၇.၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်